Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

(၁)

မျက်စိရှေ့ စားပွဲပေါ်တွင် ရှိနေသော ဂျာနယ်နှစ်စောင်ထဲမှ တစ်စောင်၏ မျက်နှာဖုံး သတင်းခေါင်းစဉ်တချို့ကို ကြည့်သည်။ “လျှပ်စစ် ဓာတ်အားခ နှုန်းထားများ တိုးမြှင့်သတ်မှတ် ဆိုသော ခေါင်းစဉ်က အတွင်းဘက် စာမျက်နှာဆီသို့ ညွှန်းထား၍ သူ့အညွှန်းအတိုင်း လှန်ဖတ်ကြည့်သည်။ ၂၀၁၂၊ ဇန်န၀ါရီ (၁) ရက်မှစ၍ တိုးမြှင့် ကောက်ခံ သွားမည့်နှုန်းထားများကို ဖော်ပြထားသည်။ ဤသတင်းကို ဖတ်နေရင်းမှာ စိတ်ဝင်စားစရာ တွေ့လိုက်ရသဖြင့် ဂရုစိုက်ပြီး ဖတ်ကြည့်မိသည်။

           

“… တစ်နှစ်မှာ မြန်မာငွေကျပ် ဘီလီယံ ၂၆၀ လောက် အရှုံးပြနေပါတယ်။ လျှပ်စစ်တစ် ယူနစ်အတွက် ကျပ် ၃၀ လောက် အရှုံးပြပါတယ်။ ဒီနှစ်မှာ ဘီလီယံ ၂၅၀ လောက် ရှုံးမယ် ဟု အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ဒီဇင်ဘာလ ဆန်းပိုင်းက ပြောကြားခဲ့သည်။

(မြန်မာသမာဓိဂျာနယ်၊ ၂၃၊ဒီဇင်ဘာ၊ ၂၀၁၁)

 

သတင်းကိုဖတ်ပြီး “အော် .. အတော့်ကို အရှုံးပေါ်နေပါလား၊ တစ်ယူနစ်ကို ကျပ် ၃၀ လောက် ရှုံးနေတာတောင်မှ ငါတို့ဆီက တစ်ဆယ်ပဲ တိုးကောက်တာဆိုတော့ ပေးရမှာပေါ့လေ ဟု ခပ်ဖျော့ဖျော့လေးပဲ တွေးလိုက်မိသည်။ “သူတို့ခမြာ သနားစရာ ဟုပင် အဆစ်ကလေး တွေးလိုက်သေးသည်။ ဟိုရက်ပိုင်းတုန်းက ကြားရတဲ့ သတင်းက မှန်သွားပြီးပေါ့ဟုပါ စဉ်းစားမိလိုက်ပြန်သေးသည်။

 

 

picture

 

            နောက်ဂျာနယ်တစ်စောင်၏ မျက်နှာဖုံးပေါ်မှ သတင်းခေါင်းစဉ်များကို ဖတ်ကြည့်သော အခါတွင်လည်း ထိုအကြောင်း သတင်းကို တွေ့ရပြန်သည်။ “အိမ်သုံးလျှပ်စစ် တစ်ယူနစ် ၃၅ ကျပ် ကောက်ခံရန် နိုင်ငံတော်အကြီးအကဲထံ တင်ပြထား ဟူသော ခေါင်းစဉ်ဖြင့် ထိုသတင်း နေရာတွင် ဤသို့ရေးထားသည်။

 

            “… ကျွန်တော်တို့ လုပ်လို့ရတဲ့ နည်းလမ်း တစ်ခုက မီတာခ တိုးမြှင့်ကောက်ခံဖို့ပဲရှိတယ်။ အခုတောင် နှစ်စဉ် မြန်မာငွေကျပ် ၂၉၄ ဘီလီယံ ရှုံးနေတယ်။ အဲဒါကို တစ်နည်းအားဖြင့် နိုင်ငံတော်က ၂၉၄ ဘီလီယံ ပေးနေရတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ဆီက ဒီငွေမတောင်းရင် နိုင်ငံတော်မှာ ဒီငွေတွေ ပိုလာပြီး တခြား ကဏ္ဍတွေမှာ သုံးလို့ရတယ်

(Popular News Journal, December 22, 2011)

 

            ဤစကားကို ရှင်းလင်းပြောကြားခဲ့သူက အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးဖြစ်ကြောင်းကိုလည်း သတင်းထဲတွင် ဖော်ပြထားသည်။ သတင်းနှစ်ပုဒ်တွင် အရှုံးပေါ်နေသော ဂဏန်းက နည်းနည်းလောက် ကွာနေသော်လည်း အရှုံးပေါ် နေတာက သေချာသည်။ နိုင်ငံတော်က အရှုံးပေါ် နေတာတဲ့။ နိုင်ငံတော်က စိုက်ထုတ်ပေးနေရတာတဲ့။ ကျွန်တော် စိတ်မကောင်းဖြစ်သွားသည်။ နိုင်ငံတော်ခမြာ အရှုံးပေါ်နေတဲ့ငွေကို စိုက်ထုတ်ပေး နေရပါလား။ အတော်စေတနာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပါလားဟု တွေးမိနေချိန်မှာပဲ ဖျတ်ခနဲ ကြားဖောက်ဝင်လာသော သိချင်စိတ်က အတွေးအလျဉ်ကို ၀င်ဖျက်သည်။ နိုင်ငံတော်ဆိုတာ ဘယ်သူလဲ။ ဘယ်သူလဲ နိုင်ငံတော်ဆိုတာ။

 

            ကျွန်တော့်ထုံးစံကတော့ နားမလည်သော၊ မရှင်းလင်းသော၊ အတိအကျသိချင်သော သိထားတာထက် ပိုပြည့်စုံအောင် သိချင်သော အခါမျိုးတွင် မြန်မာအဘိဓာန်ကို လှန်ကြည့်လေ့ ရှိသည်။ ယခုလည်း နိုင်ငံတော်ဆိုသော စကားလုံးကို သိချင်လာသည်။ ထို့ကြောင့် မြန်မာအဘိ ဓာန်ကိုယူပြီး လှန်လှောကြည့်သည်။ “နိုင်ငံတော်ဆိုသော စကားလုံးချည်းသက်သက်ကို မတွေ့ရ။ နိုင်ငံတော်သီချင်း၊ နိုင်ငံတော်အလံ ဆိုသော စကားလုံးတွေကိုပဲ တွေ့ရသည်။ ထို့ကြောင့် နိုင်ငံတော်ဆိုတာနှင့် နိုင်ငံဆိုသော  စကားလုံးက အဓိပ္ပာယ်ချင်း နီးစပ်နိုင်သည်ဟု တွေးမိပြီး “နိုင်ငံ ၏ အဓိပ္ပာယ်ကို ဖတ်ကြည့် သည်။

 

            နိုင်ငံ/နိုင်ငန်၊ နိုင်ဂန်/န-၁၊ ဘုရင်တစ်ဦးတည်း သို့မဟုတ် အစိုးရတစ်ဖွဲ့တည်း၏ အုပ်ချုပ်မှုအောက်တွင်ရှိသော နယ်မြေအပိုင်းအခြား။ ၂။ (ဥပစာ) တစ်စုံတစ်ဦး၊ တစ်စုံတစ်ရာ၏ လွှမ်းမိုးရာနယ်ပယ်။ “မိန်းမနိုင်ငံ၊ လောဘနိုင်ငံ

            (စာ-၁၉၈)

 

            အဘိဓာန်၏ ဖွင့်ဆိုချက်က နယ်မြေ အပိုင်းအခြားနှင့် နယ်ပယ်ကို ရည်ညွှန်းသည်။ သတင်းထဲမှ ၀န်ကြီး၏ ပြောစကားထဲတွင် “နိုင်ငံတော်က၊ “နိုင်ငံတော်ဆီက၊ “နိုင်ငံတော်မှာ ဆိုသော အသုံးအနှုန်းတွေပါသည်။ ဤသို့ဆို လျှင် အဘိဓာန်မှာ ဖွင့်ဆိုထားသော “နိုင်ငံ ဆိုသောစကားလုံး၏ အဓိပ္ပာယ်နှင့် မပတ်သက်တော့တာ သေချာသွားပြီ။ မြင့်မြတ်ခြင်း အဓိပ္ပာယ်နှင့် တွဲသုံးသော “သံဃာတော်၊ နန်းတော် ဆိုသော စကားလုံးများကဲ့သို့ “နိုင်ငံ ဆိုတာကို “တော် နှင့်တွဲပြီး နိုင်ငံတော်ဟု သုံးတာများလားဟု တွေးကြည့်သေးသည်။ အဖြေက မဟုတ်သေး။ ဆက်စဉ်းစားကြည့်သည်။

 

“နိုင်ငံတော်အစိုးရ ဆိုသော စကားလုံးကို အတို ချုပ်၍ သုံးတာမျိုးများလားဟာ စဉ်းစားမိသည်။ ဖြစ်နိုင်ချေရှိသည်။ နီးစပ်သော အဖြေဟုလည်း တွေးမိသည်။ ဒါဆိုရင် နိုင်ငံတော်ဆိုတာ အစိုးရကို ပြောတာဖြစ်မည်။ နိုင်ငံတော်ဆိုသည်မှာ အစိုးရ၊ ဒီလိုဆိုရင် အစိုးရဆိုတာ ဘာလဲဟူသော မေးခွန်းက ထပ်လာသည်။ ကိုယ့်ပြဿနာကိုယ် ရှာမိသော မေးခွန်းမျိုးဖြစ်သည်။ ဘာမျှမတတ်နိုင်၊ ကိုယ့်မေးခွန်းကိုယ်ဖြေဖို့ အဘိဓာန်ကို လှန်ကြည့်ရပြန်သည်။ “တိုင်းနိုင်ငံကို အုပ်ချုပ်သော အဖွဲ့အစည်း ဟု အဓိပ္ပာယ် ဖွင့်ပေးထားသည်။  ထို့ကြောင့် နိုင်ငံတော်ဟူသည်မှာ တိုင်းနိုင်ငံကို အုပ်ချုပ်သော အဖွဲ့အစည်းဟု ဘာသာပြန်၍ ရသွားပြီ။

 

ဤသို့ဆိုလျှင် အစိုးရဆိုသည်မှာ ဘယ်လိုလူမျိုးတွေကို ခေါ်သနည်းဟူသော ပြဿနာ မေးခွန်းက အတွေးထဲ ၀င်လာပြန်သည်။ ကိုယ့် အမှုကိုယ် လိုက်နေရသော ရှေ့နေဘ၀သို့ ရောက်နေပြီလား။ တရားခံဖြစ်သွားသော ရှေ့နေ ဆိုသည့် စာအုပ်တစ်အုပ်၏ နာမည်ကို သတိရ ပြန်သည်။ တစ်ချိန်တည်းမှာပင် ဇော်ဇော်အောင်၏ “ရွာကလူတွေ ဖတ်စေချင်တဲ့ နိုင်ငံရေးအကြောင်း ဆောင်းပါးတွေကို သတိရမိသည်။

 

            “အစိုးရဆိုတာ ပြည်လူထူထုဆန္ဒနဲ့ ကိုက်ညီရမယ်ဆိုတာ ပြည်သူလူထုက အများသဘောတူ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရလို့ အဓိပ္ပာယ်ရတယ်။ လူထုကစေခိုင်းတာ (၀ါ) ခိုင်းစေတာ။ အဲဒီ အခိုင်းအစေခံရတာက အစိုးရ။ အဲဒီတော့ စကားကုန်ပြောရင် အစိုးရဆိုတာ ပြည်သူလူထုရဲ့ အစေခံဖြစ်တယ်။

(အစိုးရ = လူထုအစေခံ)

(စာ-၁၀၊ နွယ်နီမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၁၁)

 

            ဤသို့သော ဖွင့်ဆိုရှင်းလင်းချက်တွေ လိုက်လျှောက်ဖတ်ရင်း ကျွန်တော့်ခေါင်းထဲမှာ ချာချာလည်ချင်သလိုလိုတောင် ဖြစ်သွားသည်။ စာဖတ်သူတွေရော ဦးနှောက် ခြောက်သွားကြမည် ထင်သည်။ ဤအကြောင်းကို ဒီနေရာမှာပဲ ချန်ထားခဲ့ပြီး ပြောလက်စဖြစ်သော လျှပ်စစ် ဓာတ်အားခ တိုးမြင့်သတ်မှတ်သည့် ကိစ္စဆီသို့ ပြန်သွားကြရအောင်။

 

(၂)

 

            လျှပ်စစ်ဓာတ်အားခကိစ္စ ခေါင်းထဲရောက် လာသောအခါ မီတာစာရွက် (ဓာတ်အားခ တောင်းခံလွှာ)တွင် အမြဲတမ်း ပုံမှန်ပါလာလေ့ရှိသော “မီတာထိန်းသိမ်းစောင့်ရှောက်ခ ဆိုသော စကားလုံးနှင့် ငွေကျပ်တစ်ထောင်ကိစ္စကို ဖျတ်ခနဲ သတိရသည်။ မီတာထိန်းသိမ်းစောင့်ရှောက်ခ ဆိုတာနှင့် ပတ်သက်၍ ၁၉၉၀ လွန်နှစ်တွေ တုန်းက မြန်မာ့ဓနမဂ္ဂဇင်း (ဟုထင်သည်) တွင် ကွယ်လွန်သူ စာရေးဆရာ အီကြာကွေး ရေးသားခဲ့သော “အသောအထေ့ စာတစ်ပုဒ်ကို သတိရ သွားပြန်သည်။

 

မီတာစာရွက်တွင် ထိန်းသိမ်း စောင့်ရှောက်ခဆိုတာ ပါလာသောကြောင့် ဤ အဖိုးအခ သက်သာအောင်ဆိုပြီး အိမ်ရှေ့က မီတာပုံးနားတွင် ပက်လက်ကုလားထိုင်တစ်လုံးချကာ ဂုရုကွေးကြီးက နေ့ရောညပါ စောင့်ကြည့်ပြီး စောင့်ရှောက်ခဲ့သည်။ ချေးပါသေးပေါက် သွားချိန်တွင်ပင်လျှင် စိတ်ကမဖြောင့်၊ ခပ်သုတ်သုတ်သွား၊ ခပ်သုတ်သုတ်ပြန်လာ။ ထမင်းစားတော့လည်း အဲဒီ ပက်လက်ကုထားထိုင်ပေါ်မှာပဲ ထမင်းပန်းကန်ထဲတွင် ဟင်းကိုပုံပြီး ဇွန်းနှင့်စားသည်။ သို့သော် အချိန်တန်၍ မီတာစာရွက် ရောက်လာသောအခါ မီတာထိန်းသိမ်းစောင့် ရှောက်ခက ထုံးစံအတိုင်း ပါလာသည်။ ဆရာကြီး ဂုရုကွေးက ဒေါသဖြင့် ပေါက်ကွဲတော့သည်။

 

            “ဒီမီတာပုံးကို ငါကိုယ်တိုင် နေ့ရော၊ ညပါ  စောင့်ရှောက်ခဲ့တာကွ။ ဒီတစ်လလုံးမှာ ဘယ်သူမှ လာကြည့်တာ၊ လာစစ်ဆေးတာ မရှိဘူး။ ဒါကို မီတာထိန်းသိမ်းစောင့်ရှောက်ခဆိုပြီး လာတောင်းနေသေးတယ်။ ငါ့မီတာပုံးကို ငါကိုယ်တိုင် စောင့်ရှောက်နေခဲ့တာကွ၊ သိလား

 

            ဂုရုကွေးကြီးက ပြောတော့ မီတာစာရွက် လာပေးသော ၀န်ထမ်းလေးက မျက်စိပေကလပ်၊ ပေကလပ် လုပ်နေသည်။ ဘာမှမပြောနိုင်။ ဂုရု ကွေးကြီးက နောက်ဆုံးမှာ မီတာစောင့်ရှောက်ခ ပေးလိုက်ရသလား၊ မပေးဘဲ နေလို့ရသွားသလားဆိုတာ ကျွန်တော်မမှတ်မိ။ ဖတ်ခဲ့တာလည်း ကြာခဲ့ပြီကိုး။ ခုတောင်မှ နည်းနည်းလေးလွဲနေဦး မည်ထင်သည်။ ဆိုလိုချက်ကတော့မလွဲ။

           

တစ်ခါက ကျွန်တော့်အိမ်မှာ မီတာပုံးက အလုပ်မလုပ် (မလည်) ခြင်းကို မီတာလာဖတ်သူ  တွေ့သွားသောအခါ မှတ်သွားပြီး နောက်ရက်တွင် လာဖြုတ်ယူသွားသည်။ မီတာပြင်ခ (ဘယ်နှထောင်လဲမမှတ်မိ) ပေးလိုက်ရသည်ဆိုတာကို  အိမ်သားတွေက ပြောပြကြသည်။ ကျွန်တော့် မိသားစုတွေက လျှပ်စစ်အကြောင်းဆိုလို့ ဘာမှ မသိကြသူတွေ။ ခလုတ်ဖွင့်လျှင် မီးလာခြင်းနှင့် ခလုတ်ပိတ်လျှင် မီးမလာတော့ဘူးဆိုတာကိုပဲ နားလည်သူတွေဖြစ်သည်။ တစ်ခါတလေ (ခဏ ခဏ) ခလုတ်ဖွင့်သော်လည်း မီးမလင်းလျှင် မီးပျက်နေတာဖြစ်မယ် ဟုတော့ သူတို့အတွေ့အကြုံအရ နားလည်နေကြတာတော့ရှိသည်။ လျှပ်စစ် ဗဟုသုတက အဲဒီလောက်ရှိနေသဖြင့် ခေသူတွေ မဟုတ်ဟုပြောလျှင် ဖြစ်နိုင်မည်လား။

 

(၃)

           

“မီတာခ တိုးကောက်မယ်ဆိုတာ အချိန်အားဖြင့် စောနေသေးတယ်။ စီးပွားရေးအဆင် ပြေပြီး ပြည်သူတွေဝင်ငွေတိုးမှ ကောက်သင့်တယ်။ ဒီလို တိုးကောက်တဲ့အတွက် အခုမှ ဖွံ့ဖြိုးရေး စလုပ်မယ့် SME စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်ကျရှုံးစေနိုင်သလို ပြည်သူတွေအနေနဲ့လည်း ကုန်ဈေးနှုန်းကြီးမြင့်လာမှု ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့လာဖို့ ရှိတယ် ဟု မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်အသင်း ဥက္ကဌဦးနှင်းဦးက ပြောသည်

(Popular News,  ၂၂-၁၂-၂၀၁၁ အချပ်ပို - F)

           

ဤမှတ်ချက်က စဉ်းစားရမည့် စကားဖြစ်သည်။ သူက စီးပွားရေးလုပ်ငန်းတစ်ခု၏ ဥက္ကဌ ဖြစ်သည်။ တစ်နေရာမှာ စရိတ်စက သက်သာလျှင် ကရွတ်ကင်းလျှောက် လိုက်တက်တတ်သော တောမီးလို ပျံ့နှံ့သွားတတ်သော ဘသာဝကို အတွေ့အကြုံရှိသူဖြစ်မည်။ ကိစ္စအတော်များများသည် “ညောင်ဦးကမ်းပါးပြို၍ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး” တာမျိုးမဟုတ်။ အဆက်အစပ်တွေ ရှိသည်။ အကြောင်းအကျိုးတွေရှိသည်။ အများနှင့်ဆိုင်သော ကျယ်ကျယ်ပြန့်ပြန့် ဆက်စပ်နေသော ကိစ္စမျိုးကို ဆောင်ရွက်မည်ဆိုလျှင် အသေးစိတ် တွက်ချက်ဖို့ လိုမည်။ သူများတိုင်းပြည်မှာ မီတာခ ဘယ်လောက်တောင် ယူနေတာဟု ပြောလျှင် ထိုတိုင်းပြည်၏ တစ်ဦးချင်း လုပ်ခ လစာတွေ၊ ၀င်ငွေတွေကိုပါ ထည့်ပြောဖို့ လိုအပ် ပါလိမ့်မည်။ ကျားကြီး၍ ခြေရာကြီးခြင်းကို ကြောင်က ကျားခြေရာမျိုး နင်းချင်၍၊ ဖြစ်ချင်၍ မရကြောင်း စဉ်းစားတတ်သူတိုင်း သတိပြုကြမည် ထင်ပါသည်။

 

(၄)

           

မီးခဏခဏ ပျက်သဖြင့် မီးစက်မောင်းပြီး အလုပ်လုပ်နေရသူ တစ်ယောက်အတွက် မီတာခ တိုးတောင်ခြင်းအပေါ်မှာ သူ့လိုလားချက်က မီးပုံမှန် (မပျက်ဘဲ) လာနေလျှင် ပေးရကျိုး နပ်သည်ဟု သဘောထားပါလိမ့်မည်။ သူ့လုပ်ငန်းတွင် မီးစက်မောင်းပြီး လုပ်ရသည့်အတွက် သူ့လုပ်ငန်း၏ ပစ္စည်း (သို့မဟုတ်) ၀န်ဆောင်မှုကို ဈေးမြှင့်လိုက်ခြင်းကလွဲ၍ တခြားစဉ်းစားစရာ မလိုပါ။ ထို့အတူ မီးတာတိုးပေးရသဖြင့် သူ့လုပ် ငန်းလည်ပတ်မှုကို အရှုံးခံပြီးလုပ်ဖို့ စဉ်းစားလိမ့် မည်မဟုတ်ပါ။ “ပါးကိုက်လျှင် နားကိုက် ဆို သောစကားကိုပင်လျှင် သတိရမိသလိုလို။

           

သာမန်အိမ်သုံးဖို့ပဲ လျှပ်စစ်မီးကို ရယူ ထားသူကတော့ ၀ယ်ရခြမ်းရသည့် ကုန်ဈေးနှုန်း  တက်တာကိုရော၊ ကိုယ့်အိမ်မှ လျှပ်စစ်ဓာတ်အားခ ပို၍ ကုန်ကျလာတာကိုရော ခံရတော့မှာ သေချာသည်။ သို့သော် ၀င်ငွေကတော့ တိုးတက်ပြီး ရရှိလာစရာ အကြောင်းကို မမြင်ရသေး။ ကမ်းမမြင်၊ လမ်းမမြင်။

 

            ဒီအကြောင်းကို စဉ်းစားရင်း ငယ်ငယ်က ကြားခဲ့ဖူးသော သီချင်းတစ်ပုဒ်ကို သတိရသည်။ နာမည်က ဂျာအေး။

 

“ဂျာအေး၊ ဂျာအေး (ဟေဟေး၊ ဟေ ဟေး)

ဂျာအေးကို သူ့အမေရိုက်၊

မှောင်မိုက်မှာ ငို၊

ကိုလူပျို ထရံပေါက်က

ခြေထောက်ကိုဆွဲ (တွဲ လွဲ)၊

တွဲလွဲရယ်နေပါဦး

မိုးတောင်ကချုန်း (မုန့် လုံး)

မုန့်လုံးကို စက္ကူကပ်၊

ကြာကလပ်ပေါ်မှာ ဆွမ်းတော်တင်၊

ပလ္လင်ပေါ်က မျောက်ကလေး

ဆင်းတယ်လို့ပြေး (ဂျာအေး)၊

ဂျာအေး၊ ဂျာအေး (ဟေဟေး၊ ဟေဟေး)”

 

            အဲဒီသီချင်းစားသားက ဤမျှလောက်ပဲ ဖြစ်သည်။ သို့သော် ဆုံးသွားလိုက်၊ ပြန်စလိုက်၊ ဆုံးသွားတိုင်း အစက ပြန်ဆို၍ရသည့် သီချင်းဖြစ်သည်။ ကြိုက်သလောက်ဆို၍ရသည်။ မရပ်မချင်း ဆို၍ရသည်။ ဆိုဟန်ကလည်း မြူးသည်။ ကလေးဘ၀တုန်းကတော့ သဘောကျသည်။ ဓာတ်စက်က ဖွင့်သံကြားလျှင် လိုက်ဆိုပြီး ပျော်ခဲ့ဖူးသည်။ ဂျာအေး၊ ဂျာအေး (ဟေဟေး၊ ဟေ ဟေး)။

           

အခုကြီးလာတော့ ဂျာအေးသီချင်းကို မဆိုချင်တော့ပါ။ ဂျာအေးသီချင်းလို ဘ၀မျိုးလည်း မကြုံချင်တော့ပါ။

           

ကွယ်လွန်သူဆရာ အီကြာကွေးနှင့် အခုထိ စာရေးနေသော ဆရာဇော်ဇော်အောင်တို့ သဘောတူနိုင်ကြလိမ့်မည် ထင်ပါသည်။

နောင်ကျော်

(၂၅-၁၂-၂၀၁၁)