Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

picture

 

ကျွန်တော့်မှာ နေ့တစ်ခုရှိသည်။ မာတင် လူသာကင်းမှာ အိပ်မက်တစ်ခု ရှိခဲ့သည်။ ထိုအိပ်မက်သည်ပင် အမေရိက၏ အတွင်းသားထဲမှတစ်ဆင့် ကမ္ဘာကြီး၏ လူ့အခွင့်အရေး၊ တန်းတူ ညီမျှရေးနှင့် ငြိမ်းချမ်းရေးများဆီသို့ ပျံသန်းဆိုက် ရောက်ခဲ့ပြန်ပါသည်။ သို့သော် ကျွန်တော့်တွင် နေ့တစ်နေ့ ရှိခဲ့ပါသည်။ ကျွန်တော့်တွင် သာမန် နေ့ပေါင်းများစွာ ရှိတဲ့အနက် ထိုသာမန်နေ့လေး တစ်နေ့ကိုသာ သပ်သပ်ရပ်ရပ် သိမ်းထားနေရပါသည်။ ထို့ကြောင့် ကျွန်တော့်မှာ နေ့တစ်ခုရှိ သည်ဟု ပြောခဲ့ရပါသည်။ ထိုတစ်ခုသော နေ့တစ်နေ့သည် ကျွန်တော့် သူငယ်ချင်းအချို့၏ နေ့တစ်နေ့လည်း ဖြစ်ပါ၏။ နေ့ပေါင်းများစွာသည် ထိုနေ့ဆီသို့ ဆိုက်လာခဲ့ပြီး ထိုနေ့ဆီမှလည်း နေ့ပေါင်း များစွာဟာ ဆင့်ကဲ ထွက်ခွာလာခဲ့ရပါသည်။ နေ့တိုင်းသည် ထိုနေ့အတိုင်းပင် ဆိုက်ရောက်၊ ထွက်ခွာ၊ ကျန်ရစ်ခဲ့ရစမြဲပင်။

 

ကျွန်တော့်မှာ နေ့တစ်ခုရှိသည်။ ထိုနေ့ ဆီသို့ ထွက်ခွာလာသော ရထားတစ်စင်းသည် သို့မဟုတ် လော်ကယ်ရထားတွဲ တစ်တွဲသည် ရန်ကုန်ဘူတာကြီး၏ ချောင်ကျလှသော စင်္ကြန်တစ်ခု၌ တိတ်တဆိတ် ဆိုက်ကပ်ထား၏။ မိုးတို့ အမှတ်မထင် တဖွဲဖွဲကျနေခဲ့ပါသလား။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့သော လမ်းတစ်ဖက် တစ်ချက်၌ ရွှေတိဂုံဘုရားကြီး ထီးတင်ပွဲနှင့် ကြုံကြိုက်နေခဲ့ရပါသလား။ ထိုနေ့ရက်များသည် ဧပြီ လဆန်းရက်များ ဖြစ်၏။ ကျွန်တော့် ခြေကျင်းဝတ်မှ သံကွင်းဖြင့် ရှနေရာ အရေပြားကို အ၀တ်ဖြင့် စီးနေရသည်။ တာလပတ်စိမ်းများဖြင့် အုပ်ဆောင်းလာသော အလုံပိတ် ဟီးနိုးကားကြီး အတွင်းဝယ် တချို့ စိတ်လှုပ်ရှားနေဖွယ်၊ တချို့ အိပ်ငိုက်နေကြဖွယ် ရှိသည်။ ရန်ကုန်ဘူတာကြီး အရောက်တွင် အိပ်ယာလိပ်ကိုယ်စီ၊ ကြုံသလို ထုပ်ပိုးလာခဲ့ကြရသော အထုပ်လေးတွေ ကိုယ်စီဖြင့် တာလပတ်ကားကြီးပေါ်မှ ဆင်းလာကြသော သူများသည် သံထည်သံကွင်း ကိုယ်စီဆွဲလျက် ရထားတွဲတစ်ခုပေါ်သို့ တက်ရောက်ကြရ၏။ ရထားတွဲသည် ငှက်လှောင်အိမ်ကဲ့သို့ သံဇကာကွက်များဖြင့် ကာရံထားလျက် အခြားသော ပြင်ပလူများနှင့် အဆက်အသွယ်ပြတ်နေသည်။ ရထားတွဲအတွင်း၌ ကျွန်တော်တို့ ချွေးဒီးဒီး ကျနေခဲ့သည်။ ညနေသည် သူစိမ်းဆန်လှ၏။ သံလမ်းများ၊ အကာအရံများ၏ တခြားတစ်ဘက်တွင် ရန်ကုန်သည် လှုပ်ရှားလူးလွန့် နေပေလိမ့်မည်။ ချိတ်ထားသောအတွဲမှ ဆောင့်ဆွဲလိုက်ရာ ကျွန်တော်တို့ ငှက်အိမ်လေးလည်း ငြိမ့်ခနဲ စတင်၍ လိုက်ပါရတော့သည်။ အိုက်လှောင်နေသော မျက်နှာများ၊ ချွေးများဖြင့် ပေကျံ ညစ်ထေးနေသော ဖြူညိုညို အင်္ကျီများ၊ လုံချည်များ၊ ကိုယ်နှင့်မကွာ ပူးတွယ်ထားသော သံထည်ခြေကျင်းများ၊ ထိုဇာတ်ဝင်ခန်းမှာ ရုတ်ချည်း တိတ်ဆိတ်သွားပြီး သံဇကာကွက် ပြတင်းပေါက်ဆီ အားလုံးအကြည့်ရောက် နေကြရသည်။ သွားပြီ။ ရန်ကုန်ကို ထားရစ်ခဲ့ရပြီ။ ခရီးစဉ်မသိသော ခရီးသည်များအဖြစ် စတင်  ထွက်ခွာရပြီ။  ရင်ထဲမှာ ဟာလာဟင်းလင်း။ အယောက် ၄၀ ကျော်သော လူများ ခဏတာ တိတ်ဆိတ်သွားရခြင်းရဲ့ နောက်ကွယ်တွင် ဘယ်လိုအရသာများ ရှိနေပါမည်လဲ။ ရထားကတော့ ဖြည်းဖြည်းလေးလေး ရွေ့နေဆဲ။ တစ်ယောက်က စတင်၍ သံခြေကျင်းစီးချက် စ ပေးလိုက်သည်။ သူ့စည်းချက်၌ အားလုံးက လိုက်ပါတီးခတ် ကြသည်။

 

နှုတ်ဆက်ခဲ့ပါတယ် xxx ကျွန်တော် သွားတော့မယ် xxx လမ်းရဲ့ခေါ်ဆောင်ရာ ဟို အဝေးကို xxx အဝေးကို xxx ” ။ ပုဇွန်တောင်၊ မလွှကုန်း၊ တိုးချောင်လေးများကို ခင်ဝမ်းသီချင်း တစ်ပုဒ်တည်းနှင့်ပင် ဆွေးဆွေးမြေ့မြေ့ ဖြတ် ကျော်မိခဲ့လေသည်။ “ကံကြုံရင်လည်း xxx ပြန် ဆုံကြဦးမယ် xxx ကျွန်တော်သွားတော့မယ် xxx ပျော်ရွှင်ပါစေလို့ဆုတောင်းပါတယ် xxx ငိုကြွေး ခြင်းကို စွန့်လွှတ်ထားခဲ့ပြီ xxx ”။

 

ထို့နောက်တွင် ရထား၏ အရှိန်နှုန်းမှာ လယ်ကွင်းသစ်ရိပ်များကို အလျင်အမြန် ဖြတ်ကျော်ချိန်၌ ကျွန်တော်တို့ ပြန်လည် အားယူ တက်ကြွလာရပြန်ပါသည်။ သမဂ္ဂ သီချင်းများမှသည် ခွန်အားဖြင့် မိငယ်များအထိ မြန်နှုန်း မြင့်နေခဲ့ကြသည်။ မြို့များကို ဖြတ်သန်းခဲ့၏။ အမှောင်များကို ဖြတ်သန်းခဲ့၏။ အိပ်ပျော်နေ သောမြို့များ။ ကျွဲအော်သံကဲ့သို့ ရထား၏ အချက်ပေးအော်သံကြောင့် လန့်လှုပ်သွားသော အမှောင်များ။

 

ကျွန်တော့်မှာ နေ့တစ်ခု ရှိသည်။ ထိုနေ့ကို ဖြတ်သန်းရန် ရထားတစ်စင်းသည် ဒုက္ခသည်များကို တင်ဆောင်လာခဲ့၏။ နာဇီရထားတစ်စင်းသည် ဂျူးများကို တင်ဆောင်လာခဲ့၏။ ရေနွေးငွေ့ရထား၏ အထက်တန်းတွဲသည် ရှေ့နေလေး ဂန္ဓီကို ကန်ချခဲ့၏။ ထို့အတူ လော်ကယ်ရထား တစ်တွဲသည် ငှက်လှောင်အိမ်ကဲ့သို့ ကျွန်တော်တို့အား တင်ဆောင်လာခဲ့ပြီး မန္တလေးမြို့ကြီး၌ချ ထားခဲ့ပါသည်။ ညစ်ပတ် ပေကျံနေသော ရာဇ၀တ်သားများအဖြစ် အားလုံးက ကြည့်ရှုခဲ့ကြရာ ကျွန်တော်တို့ထဲက တစ်ယောက်က “ကျွန်တော်တို့ ရန်ကုန်က ကျောင်းသားတွေပါ ဆိုပြီး အော် သံကြားလိုက်ရ၏။ ပရိသတ်များ၏ တီးတိုးစကား သံများ ထွက်လာကြ။ မျက်နှာများမှာလည်း အရောင်အမျိုးမျိုး ပြောင်းလဲပေကြပေမည်။ ကျွန်တော်တို့ဘေးမှ လုံခြုံရေး ၀န်ထမ်းများကတော့ ထပ်မံတင်ဆောင်ရန် အဆင်သင့်ရှိနေကြသော ကားများရှိရာသို့ ခေါ်ဆောင်နေကြသည်။ မမျှော်လင့်သော မန္တလေး။ နေသည် ပူပြင်းလှ၏။ သင်္ကြန်ကားများကဲ့သို့ အမိုးမပါသော ကားများဖြင့် ကျုံးဘေးမှ ပတ်ခဲ့ကြရသည်။ မန္တလေးကျုံး တစ်လျှောက် ဧပြီလဆန်းရက်များ။ လူဖြူများ၊ လူညိုများ။ ကားများ၊ စက်ဘီးများ၊ ဆိုင်ကယ်များ။ ယာယီဖြတ်ကျော်ခဲ့ရသော ကျွန်တော်တို့၏ အပြင်ကမ္ဘာ အရသာများ။ နေရောင်သည် ဒုက္ခများကို လျက်နေ၏။ အိုးဘိုထောင်ဝင်းကြီးသည် ကျွန်တော်တို့အတွက် သူ၏ ခံတွင်းကြီးအား နွေးထွေးစွာ ဖြဲဟထား၏။ ဗူးဝနားအရောက် ကားပေါ်မှဆင်းခါနီး လူစုကွဲတော့မည်ဖြစ်သော ကျွန်တော်တို့ ကျောင်းတော်သူ၊ ကျောင်းတော်သား အမှုတွဲများအချင်းချင်း အပြန်အလှန် နှုတ်ဆက်ကြ။ ဘယ်ရောက်မည်မှန်းမသိ။ ဘယ်လောက် ကြာမည်မှန်းမသိ။ သေမလား၊ ရှင်မလားမသိ။ ကျွန်တော်တို့အိမ်က ထွက်ခွာလာရသည်မှာ (၇) လ နီးပါးရှိပြီ။ ပုဒ်မ ၅ (ည) သည် သေသပ်ကျန လွန်းပေစွ။ ၂၁၊ ၂၈၊ ၄၂၊ ၅၆ ပြစ်ဒဏ် အသီးသီးတို့။ သခင်ပေါက်စ ထောင်ခြောက်လသည် တစ်ချိန်က အူမြူးစရာ ဟာသ။ ဗူးဝထဲ ငုံ့ဝင်လိုက်ရ ချိန်၌ အမှောင်ဘက်ခြမ်းသည် ဘွားခနဲပေါ်လာခဲ့၏။ ကျွန်တော်တို့ဆီက သိမ်းဆည်းစရာများကို သိမ်းဆည်းသွားကြသည်။ ခြေကျင်းများကို ဒရွတ်ဆွဲလျက် တစ်ကိုယ်စာ တိုက်ခန်းများဆီသို့  ချီတက်ကြရပြန်ပေပြီ။ (၂) တိုက်။ အခန်းအတွင်းရောက်မှ ဘယ်သူတွေ ဘယ်အခန်းရောက်နေ ကြသလဲ၊ အပြန်အလှန် အသံပေးကြရသည်။ မန္တလေးညသည် သံတိုင်တံခါးကြားမှ ခမ်းနားစွာ ငြိမ်သက်၏။ အနက်ရောင် ကောင်းကင်နောက် ခံနှင့် မန္တလေးတောင်ကို လှမ်းမြင်နေရသည်။ ဘုရားစေတီတချို့မှ မီးရောင်များ၊ မှိတ်တုတ်၊ မှိတ်တုတ် ရွေ့လျားနေသော မီးစက်မီးပြောက်များ။ ကျွန်တော် အပေါက်ဝမှာ ထိုင်ငေးနေသကဲ့သို့ အခြားအခန်းများမှလည်း မန္တလေးညကို စိတ်ပန်းလူပန်းဖြင့် မျှော်ငေးနေကြပေလိမ့်မည်။

 

ကျွန်တော့်မှာ နေ့တစ်နေ့ရှိသည်။ နေ့   တစ်ခုနှင့်တစ်ခုကြား ခြားထားသော အရာမှာ မည်သည့်အရာနည်း။ အောင်မြင်မှုနှင့် ခြားထားသလား၊ ရှုံးနိမ့်မှုနှင့် ခြားထားပါသလား။ အိပ်မက်များဖြင့် ခြားထားသလား။ စိတ်ကျရောဂါဖြင့် ခြားထားပါသလား။ အချို့ကတော့ဖြင့် အနာဂတ်ဖြင့် ခြားထားသည်။ အချို့ အတိတ်အရိပ်ဆိုးများဖြင့် ခြားထားသည်။ ဓမ္မဖြင့် ခြားထားနိုင်ရန် ကျွန်တော်တို့ အပြည့်အ၀ မသိမ်မွေ့နိုင်ခဲ့။ အမျှင်မပြတ် ကဗျာဖြင့် ခြားထားသော နေ့ရက်များ။ ထို့အတွက် ကျွန်တော့်မှာ နေ့တစ်ခုရှိသည်။ ထိုနေ့ ည် အမှောင်တစ်ခြမ်း၊ အလင်းတစ်ခြမ်း ပြတ်သားသော နေ့ဖြစ်သည်။ ဧပြီလ (၁၁) ရက်၊ မနက် ပိုင်းမှစ၍ ကျွန်တော်တို့ ခရီးဆက်ရန် ပြင်ရပြန်သည်။ ရှိတာလေးတွေ ထုပ်သိမ်း၊ ခြေနင်းသံ တညံညံဖြင့် အပြင်ဘက် ရောက်နေကြရပြီ။ မန္တလေး၏ (၃) ညတာ ကုန်ဆုံးမှုအတွက် အဆုံးသတ်ပင်။ ငှက်လှောင်အိမ် အချုပ်ကားပေါ် ပြန် တက်ကြရသည်။ ကျွန်တော်တို့ ဘယ်နှယောက် ပြန်ပါလာသလဲ ရေကြည့်သည်။ ကျွန်တော်၊ တင်အောင်မြင့်၊ ဆွေဝင်း၊ ဂျပန်ကြီး၊ ဇော်မင်းလတ်၊ ၀ဏ္ဏ၊ ဘိုဘို (ခ) ဘီလား၊ ထွန်းမြင့်အောင်၊ ရာဂူ နေမြင့်။ ပြီးတော့ ကျွန်တော်တို့နှင့် ခြားထားသော ကားနောက်မြီး အကန့်ထဲ၌ နှင်းမေအောင် (ခ) နိုဘယ်အေး။ ကျွန်တော်တို့ လေးပုံတစ်ပုံ လောက်ပဲ ပြန်ပါလာခဲ့သည်။ ကျန်ခဲ့ပေးဦးတော့ သူငယ်ချင်းအပေါင်းတို့။ ခရီးစဉ်နဲ့ ပတ်သက်ပြီး တာဝန်ကျပါလာသော ၀န်ထမ်းတွေ မေးမရ။ သူတို့ ကားအမိုးပေါ်တွင် လိုက်ပါလာကြ၏။ ကျွန်တော်တို့ကားလေး မန္တလေးကျုံးဘက်မှနေ၍ ဖြတ်သန်းချိန်၌ သင်္ကြန်မဏ္ဍပ်တချို့ပင် ဆောက် လုပ်ပြီးစီးနေပေပြီ။ သင်္ကြန်သီချင်းများပင် စမ်း ဖွင့်နေကြပြီ။ အလင်းရောင်ဘက် အခြမ်းများဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ စိတ်ရွှင်လန်းမှုများ ထကြွလာပြန်၏။ ရာဂူနေမြင့်မှ စကားများ အဆက်မပြတ် ပြောနေပြန်သည်။ ကိုထွန်းမြင့် အောင်က ပုတီးစိပ်လျက်။ ဆွေဝင်းက ငြိမ်သက် ငေးမောကာဖြင့်။ တင်အောင်မြင့်နှင့် ကျွန်တော် စကားတချို့ပြောပြီး လိုက်ပါလာခဲ့သည်။ ထို့နောက် မြစ်သားဘက်နား အရောက်တွင် ဖြစ်ပေလိမ့်မည်။ ဘီလား ဘိုဘိုကြီးက “ဟေ့ကောင်တွေ၊ တို့တွေ မြင်းခြံဘက်ကို သွားနေတာကွ၊ သေချာတယ်။ သူ့စကားကို သာမန်ပဲ ခေါင်းငြိမ့် ကြသည်။ ဘီလား ပြန်တိတ်သွားသည်။ ကိုထွန်းမြင့်အောင်မှ အပေါ့သွားချင်လွန်း၍ ဘာလုပ်ရ မှန်းမသိ။ ဘီလားက ၀င်ဖောက်သည်။ “ခင်ဗျား ကလည်း ခရီးထွက်လာခါမှ မနက်က ရေဘယ် လောက်တောင် သောက်ခဲ့ရတာလဲ။ မတတ် နိုင်တော့ပါ။ ရေသန့်ဘူးအလွတ်ထဲလည်း ပေါက်ထည့်၍မရ။ လမ်းကြမ်း၊ ကားလူးဖြစ်နေပြန်သည်။ ထို့ကြောင့် ကျွပ်ကျွပ်အိတ်အလွတ်ထဲ ပေါက်ရသည်။ ပြီးမှ အိပ်ထုတ်စရာ အပေါက် ကျယ်ကျယ်မရှိတဲ့အတွက် အမိုးပေါက်ကနေ အပေါ်ကို လှမ်းပေးရသည်။ အပေါ်က ၀န်ထမ်းက ဘာတုန်းလှမ်းမေးတော့ “ရေနွေးထုပ်ပါဗျာ။ အပေါ်က လှမ်းယူပြီးတော့မှ “အပေါ့သွားထား တာပါ၊ အပြင်ကို ပစ်ချင်လို့ ဆိုတော့ ယောင်ယမ်းပြီး ပစ်ချလိုက်သံ ကြားလိုက်ရသည်။ ကျွန်တော်တို့အားလုံး ရယ်မောကြလျက်။ အလင်းရောင် ဘက်ခြမ်းများ။ မကြာလိုက် ထိုအနီးအနားမှာပင် ကားရပ်လိုက်သည်။ ၀န်ထမ်းများ ကွမ်းဝယ်ကြသည်။ ကျွန်တော်တို့ဆီကို ဘာဝယ်ကြဦးမလဲ လှမ်းမေးတော့ ကျွန်တော်တို့တွေ ဈေးကြီးကြီး အစားအစာများ ပေါက်တတ်ကရ ပြန်ပြောကြသည်။ အကြောင်းကတော့ ကျွန်တော်တို့တွင် ပိုက်ဆံ တစ်ပြားမှမပါ။ ကိုင်ဆောင်ခွင့်လည်း မရှိတာကို ၀န်ထမ်များလည်း သိနေကြတာကြောင့် ဖြစ်၏။ ထိုအခိုက် အမျိုးသမီးကြီးတစ်ဦး ကားနား ရောက်လာပြီး ကွမ်းနဲ့ရေဘူး၊ အချိုရည်ထုပ်တွေ ယူလာပေးသည်။ ကျွန်တော်တို့က ကျေးဇူးတင်ကြောင်းနဲ့ ရန်ကုန်က ကျောင်းသားတွေဖြစ်ကြောင်း ပြောလိုက်သည့်အခါ ထိုအမျိုးသမီးကြီးက “ဖြစ်ရလေ သားတို့ရယ် ဆိုပြီး ဆိုင်အတွင်းဘက်ကို အချိုရည်နဲ့ စားစရာတွေ ထုပ်လာဖို့ လှမ်းပြောလိုက်၏။ သူက ရာဇ၀တ်အကျဉ်းသား တွေသာဖြစ်မယ်လို့ ထင်ခဲ့ကြောင်း တတွတ်တွတ်ပြောပြီး “သားတို့ကျန်းမာကြပါစေ၊ ဘေးကင်းကြပါစေ ဆိုပြီး မျက်ရည်တစမ်းစမ်းဖြင့် ပြောရှာ၏။ ၀န်ထမ်းက လက်သင့်ခံသလောက် အစားအစာနဲ့ အထုပ်လေးများ ကားထဲသို့ရောက် လာသည်။ ဆိုင်ထဲမှ မိသားစုများလည်း ကျွန်တော်တို့ကို ငေးကြည့်နေကြသည်။ ကျွန်တော်တို့က ကျေးဇူးတင်ကြောင်းနဲ့ ထိုအမျိုးသမီးကြီးကို လက်အုပ်ချီ ဂါရ၀ပြုဖြစ်သည်။ ကားလေးပြန် ထွက်ခွာလာပြီးမှ ကြည့်ဖြစ်သည်။ ထိုတစ်ဆိုင်လုံး ပိတောက်ပန်းတွေ ဝေနေသည်။ “ပြည်မြန်မာ ထမင်းဆိုင်ဟု ဆိုင်းဘုတ်တင်ထားသည်ဟု လည်းထင်ပါသည်။ ဆိုင်ပေါ်မှလူများ ကျွန်တော်တို့ကားလေးကို မျက်စိတဆုံး လှမ်း၍ ကြည့်နေကြပြန်သည်။ ကျွန်တော်တို့၏ အလင်းရောင် ဘက်ခြမ်းများ။

 

ကျွန်တော့်တွင် နေ့တစ်ခုရှိသည်။ ထိုနေ့သည် အမှောင်ဘက်ခြမ်းသို့ တဖြည်းဖြည်းချင်း တိုးဝင်နေပေသည်။ နေ့လည်ဘက် နေပူပြင်း ပြင်းအောက်မှ အမှောင်ဘက်သို့ တွားသွား၍ ချဉ်းကပ်လာကြသည်။ မြင်းခြံဘက်သို့အ၀င်၌ ဘိုဘိုဘီလားက စပြောသည်။ “ကိုယ့်လူတို့ စိတ်တော့မရှိနဲ့ မြင်းခြံက အခြေအနေ ကောင်းမှာ မဟုတ်ဘူး၊ ကြည့်နေ ကြည့်စားကြပေတော့ ဟူ၏။ ဘိုဘိုသည် မြင်းခြံက ထွက်လာဖူးသော လူဟောင်း ဖြစ်တာကြောင့် သူ့စကား၌ အားလုံးက ခေါင်းငြိမ့် လက်ခံလိုက်ကြသည်။ အားလုံးက အရယ်တစ်ဝက် အတွေးတစ်ဝက်ဖြင့် ငြိမ်သက် ခြောက်ကပ်သွားကြရပြန်သည်။ စိမ်းကား၍ ဒုစရိုက်နံ့ ရနေသော ထောင်စည်းရိုးကို ကျော်ပြီးသည်နှင့် သူစိမ်းဆန်ခြင်းများ ကျွန်တော်တို့ကို ရစ်ပတ်လာကြသည်။ ကျယ်လောင်သော သတင်းပို့မှုများ၊ စူးရှသော အမိန့်ပေးမှုများ၊ အလင်းရောင် အားနည်းသော နံရံထူထူ အတွင်းပိုင်းများ၊ အထုပ်များ လက်ထဲမှ ဆွဲချလိုက်ကြသည်။ မျက်နှာစီးများ တပ်ဆင်လိုက်ကြသည်။ ဒရွတ်ဆွဲသွား ကြသောသူတွေက ဘယ်သူများလဲ။ ကျွန်တော်တို့ သံခြေကျင်းများက ခြေကျင်းဝတ်များကနေ ဖြစ်သလို လိုက်ပါကြရသဖြင့် ဆူညံကုန်သည်။ ခြေထောက်တွေ ပူလောင်ကုန်သည်။ စုတ်ပြဲကုန်သည်။ အာဖရိကဗုံတွေလို ခန္ဓာကိုယ်မှ အသံတွေ မြည်ကုန်သည်။ အဆက်မပြတ် တီးခတ်ခံရသော ကျွန်တော်တို့ ခန္ဓာများ။ လမ်းတစ်လျှောက် တန်းစီ ညာသံပေးနေကြသော အမျိုးအမည်မသိ လူတွေ၏ အသံများကို ကြားနေရသည်။ မျက်လုံးများ မှောင်မည်းနေကြသည်။ ထို့အတူ နာကျင်မှုများလည်း မှောင်မည်းနေပေလိမ့်မည်။ ခွေးတစ်ကောင်လို ဒရွတ်တိုက် ပါလာရပြီး မကြာခင် ကြမ်းခင်းပြင်တစ်ခုဆီသို့ ပစ်ချခံရသည်။ မျက်နှာစည်းကို ဖြည်ပေးတော့ အခန်းသည် မှောင်၍ တိတ်ဆိတ်လွန်းနေသည်။ ကျွန်တော်၏ ကျောပြင်နှင့် အင်္ကျီမှာ စီးကပ်နေသည်။ အခန်းနောက် ကျောအလင်းပေါက်လေးမှ ခိုတစ်ကောင် ညည်းညူသံသာ ကြားနေရသည်။ တိတ်ဆိတ်စွာ၊ နာကျင်စွာ၊ မှောင်မိုက်စွာဖြင့် ကြမ်းပြင် သံမံတလင်းတွင် ပြန်လည် မှေးမှိတ်နေမိသည်။ နောက်ထပ် တံခါးတစ်ချပ်သည် သံထည်ပီသစွာဖြင့် ကျယ်လောင်စွာ မြည်ဟီးလျက် ပိတ်သွားလေသည်။ ကျွန်တော့်ပါးစပ်မှ တိုးတိုးသာရွတ်မိသည်။ “၇၆၂၈/စီ။ ထိုတစ်နေ့တာ၏ လူအဖြစ် အမှောင် ဘက်အခြမ်းက အမှတ်အသားဖြစ်ပါသည်။

 

ကျွန်တော့်တွင် နေ့တစ်ခုရှိသည်။ နေ့ပေါင်းများစွာသည် ထိုနေ့ဆီသို့ ဆိုက်ရောက်လာခဲ့ပြီး ထိုနေ့များဆီမှလည်း နေ့ပေါင်းများစွာဟာ ဆင့်ကဲ ထွက်ခွာလာခဲ့ရပါသည်။ ကျွန်တော်တို့တွင် နောက်ထပ်ဆက်ရန် နေ့တစ်ခုများစွာ ရှိနေကြပါသည်။ ထိုနေ့များသည် ကျွန်တော်တို့ဆီသို့ အလင်းအမှောင်များ ယူဆောင်၍ ရောက်ရှိခဲ့ပြီး ထပ်မံရောက်ရှိရန် တံခါးခေါက်နေကြပြန်ပါ သည်။

 

(ယခုရေးလိုက်သော နေ့တချို့သည် ၁၉၉၉ အစောပိုင်းကာလနှင့် သူငယ်ချင်းအချို့ ကို ရည်ညွှန်းပါသည်။)

 

ဇော်လူစိမ်း

နိုဝင်ဘာ ၊ ၂၀၁၁ ၊