Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 aung latt picture

 

မိုးကီး လေကီး လာချေပြီကို အတန်းကျောင်းဘ၀ အားပါးတရ အော်ခဲ့ပြီး ဖြစ်သည်။ အရေးအသား တစ်ခုဖြစ်သော ယခုစာကို ကြိုက်ရာ နာမည်တပ်နိုင်ကြောင်း ကြိုပြောထားပါရစေ။ အမှောင်ထဲတွင် ထိုင်နေပါ၏။ အကြောင်းရင်းသည် အမှောင်ကို ကြိုက်၍လည်း ဖြစ်နိုင်ပါသေးသည်။ မောင်ဝဏ္ဏက လို၍ မရသော ဆင်းရဲဟူ၍ စာရေးသည်။ တရားတော်အတိုင်း ဖြစ်သင့်သည်မဟုတ်လား။

များမကြာသေးမီကပင် ချက်ကော့၏ ၀တ္ထုတိုများကို မနေမနား တဖန် ဖတ်ပစ်လိုက်သည်။ ကျွန်တော်၏ အခန်းနံရံတွင် သေနတ်တစ်လက် ချိတ်ဆွဲထားခြင်း မရှိသည့်နည်းတူ ဤအရေးအသား၏ အစတွင်လည်း လက်နက်တစ်စုံတရာ ထည့်သွင်း မထားပါ။ ထို့ကြောင့် ယခုအရေးအသားသည် တစ်စုံတရာကို တိုက်ခိုက်ထားခြင်း မဟုတ်ကြောင်း ခင်ဗျားဖြစ်ဖြစ် ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင်က သိသားသင့်သည် မဟုတ်ပါလား။
 


အရှည် ဖွံ့ဖြိုးမှု ဆိုသည်ကို ပေတစ်သောင်းကျော်အောင် ပြောဖို့ရည်ရွယ်ထားက ရုပ်ရှင် ဇာတ်ကား တစ်ကားလောက် ရိုက်ကူးကြည့်ရန် တိုက်တွန်းလိုပါသည်။ ဆင်ဆာ ခွင့်ပြုချက် လို၊ မလို၊ ဆိုသည်ကိုတော့ မှတ်ချက် တစ်စုံတစ်ရာ မပေးလိုပါ။
 
သူတောင်စား တစ်ယောက်၏ ၀င်ငွေမှာ တစ်နေ့ ငါးထောင်နီးပါးရှိပါသည်။ ဆိုက်က္ကားသမား တစ်ယောက်၏ ၀င်ငွေသည်တစ်နေ့ သုံးလေးထောင်ရှိသည်။ အဆင်မသင့်၍ နေ့ခင်းပိုင်းအရိပ်အောက် တောင်းရမ်း ရှာဖွေရန် ကြံစည်နေသူများနှင့် နေ့၊ ညအချိန်မရွေး ဆိုက်က္ကားနင်းရန် ကြံစည်နေသူများကို ဆုတစ်ဆုလောက်တော့ ပေးသင့်သည်။ စဉ်းစားကြည့်စေလိုသည်။ အတုံးအတစ်လိုက်စားရန်မလိုပါ။ စဉ်းပြီးစားရုံသာ လိုပါသည်။


ဘိုဘိုဆိုသော လူရှုပ်တစ်ယောက်နှင့် ရေဝေးသို့ မသာပို့သွားတိုင်း ဆုံတတ်သည်။ သူသည် ပေါက်တတ်ကရ မေးခွန်းများကို မသာပို့သွားသော ဘတ်စ်ကားပေါ်တွင်ဖြစ်စေ၊ ရေဝေး မသာခန်းမထဲ၌ ဖြစ်စေ မသာမျက်နှာ မထောက်ပဲ အလွန်မေးတတ်သူ ဖြစ်သည်။ သူ၏ ပေါက်တတ်ကရ မေးခွန်းများကို ကျွန်တော်ကတော့ မရေမရာပင် ဖြေတတ်သည်။ ဒီအရပ်မှာ ရူးနေသူများနှင့် ရူးချင်ယောင် ဆောင်သူများ ပြည့်နှက်နေပါ၏။


ဟိုမရောက်၊ ဒီမရောက် ဖြစ်နေသူတိုင်း မြင့်သန်း၏ မြစ်ကိုဖတ်ကြည့်သင့်သည်။ ကမ်းမရှိသော မြစ်ဟူ၍မကြားဖူးပါ။ လမ်းမမြင်သော မြစ်ဟူ၍ မကြားဖူးပါ။ မြန်မာလိုရေးသောစာကို မြန်မာလို နားလည်ရန်အတွက် မြန်မာစာတတ်ရန်သာ လိုမည်လား။ ကျွန်တော်သည် ဟိုမရောက် ဒီမရောက် မြို့အနှံ့ ရောက်သော လူတစ်ယောက်ဖြစ်၏။

 
နေသည် လည်းကောင်း၊ လသည် လည်းကောင်း၊ ကမ္ဘာကြီးသည် လည်းကောင်း၊ ခင်ဗျားသည် လည်းကောင်း၊ ကျွန်တော်သည် လည်းကောင်း၊ နေအတိုင်းပင်၊ လအတိုင်းပင်၊ ကမ္ဘာ အတိုင်းပင်၊ ခင်ဗျား အတိုင်းပင်၊ ကျွန်တော် အတိုင်းပင် ဖြစ်ပျက်နေသည် မဟုတ်ပါလား။ ကျွန်တော်တို့ ကမ္ဘာကြီး ဖျားနာနေသည်ဟု ဆိုပါသည်။ ခင်ဗျားရော ကျန်းမာပါစ။ အရေးအသားတစ်ခုဖြစ်သော ယခုစာကို ကြိုက်ရာ နာမည်တပ်နိုင်ကြောင်း  ပြောထားခဲ့ပြီး ဖြစ်သည်။


တောကျောင်းဆရာ