Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

 painting

 

သည်မှာဘက်ဆီတွင် တိမ်တို့ မှိုင်းပြန်လေပြီ။ လေငွေ့အေး၍ အမှောင်လည်း စောပြန်လေပြီ။ နွေကုန်၍ ဆောင်းကူးပြန်အုံးတော့မည်။ ဟိုဘက်မှာရော မီးတွေထိန်နေပါရဲ့ လား။

အချို့မှာ လေးထောင့်လေးတွေ၊ အချို့က အဝိုင်းလေးတွေ၊ အချို့က စကြာပန်းပုံ အတွန့် အတွန့်လေးတွေ၊ အချို့များ ဖရဲသီး အခြမ်းကဲ့သို့ပင် ရှိသေးသည်။ ဖေဖေလုပ်သော မီးပုံးလေးတွေ ဖြစ်ပါသည်။ သီတင်းကျွတ် ရာသီချိန်နီးတိုင်း ဖေဖေ့မှာ အလုပ်များတော့သည်။ တစ်အိမ်လုံးလည်း ဆေးတွေပေလျက်။ စက္ကူတွေ ပွလျက်။ ထိုအခါတိုင်းလည်း မေမေ့ ဆူသံကြားရလျက် အိမ်ပွလှချည့်၊ အလုပ်ပိုလှချည့်၊ စသည်ဖြင့်။ ထိုအခါများပြီးလျှင်တော့ မီးပုံးလေးတွေ ဝေခြမ်းရေး “စ” ရသည်။

ဘယ်သူ့ကို ဘယ်နှစ်ပုံး၊  ဘာအရောင်။ ဘာပုံ။ ကျွန်မတို့ မောင်နှစ်မတွေကလည်း အပြိုင်အဆိုင် လုကြသည်။ ဘယ်သူငယ်ချင်းအတွက် ဘယ်ဆရာမအတွက်၊ တချို့မိတ်ဆွေတွေက အော်ဒါပင် မှာကြသည်။ မနှစ်က ဘာအရောင်ရထားတာဆိုတော့ ဒီနှစ်တော တခြားအရောင်ဆိုတာမျိုးဖြင့် မှာကြသည်။ ထွန်းချိန်တန်လျှင် လျှက်စစ် မီးလုံးရော ဖယောင်းတိုင်ပါ ဆောင်ထားရသည်။ မီးလာရင် မီးလုံးနဲ့ မီးပျက်ရင်တော့ ဖယောင်းတိုင်လေးတွေနဲ့ပေါ။့ မီးပုံးလေးတွေ ဟိုအိမ်မှာလည်း တထိန်ထိန်နှင့် သည်အိမ်မှာလည်း တဝါဝါနှင့်။ ဖေဖေ့ စိတ်ကြိုက်ပုံဖော်ထားသော ပန်းချီပုံလေးတွေနှင့် ဆေးရောင်ကွက်လေးတွေနှင့် မီးပုံးလေးများကို ကြည့်တိုင်း အေးချမ်းမှု၊ နွေးထွေးမှု၊ လုံခြုံမှုများ ခံစားရမြဲဖြစ်ပါသည်။

သီတင်းကျွတ်နှင့် ပတ်သက်၍ ကျွန်မ အစောဆုံး မှတ်မိသည်မှာ ပလတ်စတစ် အကြည်နှင့် လုပ်ထားသည်  ယုန်ရုပ်၊ ခွေးရုပ် စသည့် တွန်းလှည်းကလေးများ ဖြစ်သည်။ အထဲတွင် ဖယောင်းတိုင်ထွန်းကာ တွန်းလည်းရသည်။ တောက်တောက်၊ တောက်တောက်နှင့်လည်း မြည်သေးသော ထိုတွန်းလှည်းလေးကို ကျွန်မ နှစ်သက်လှသည်။ ညနေစောင်း နေမဝင့်တဝင်တွင် တွန်းလှည်းကို မီးထွန်းလျက်၊ အဝတ်သစ်ဝတ်လျက် လူကြီးတစ်ယောက်ယောက်နှင့် လမ်းထဲတွင် တောက်တောက် တောက်တောက်နှင့် တွန်းရသည်မှာ အမော။ တွန်းရင်းကလည်း သူများ တွန်းလှည်းတွေ ကြည့်ရသေးသည်။ လှလား။ ဘာအရောင်လဲ၊ ဘာကောင်လဲပေါ့။ လူကြီးတွေကတော့ တဟဲ့ဟဲ့ အော်ရင်း မီးငြိမ်းရင် ထွန်းပေးရင်းဖြင့် တကောက်ကောက်လိုက်ရသည်။ အသက် သုံး၊ လေးနှစ် ဝန်းကျင် ထိုစဉ်က ကျွန်မ၏ သီတင်းကျွတ်တွင် ထိုတွန်းလှည်းလေးများကို ရင်အခုန်ဆုံး ဖြစ်မည်ထင်ပါသည်။ သီတင်းကျွတ်ပြီးလျှင် တွန်းလှည်းအား ကျွန်မအဖိုးက အိမ်အမြင့် တနေရာတွင် သိမ်းလေ့ရှိသည်။ လအတန်ကြာလျှင် တွန်းလှည်းပေါ်၌ ပင့်ကူအိမ်များ၊ ဖုန်များ၊ အမှိုက်များ ပြည့်လေပြီ။ နောက်တစ်နှစ် သီတင်းကျွတ်တွင် အဖိုးက ထိုတွန်းလှည်းကို ဖုံသုတ်ကာ ပြန်ချပေးသည်။ အသစ်မဝယ်နဲ့ ဒါပဲတွန်းပေါ့ ကျွန်မက အသစ်မရ၍ ငိုရသည်။ စိတ်ကောက်ရသည်။ ထိုသို့ ဆန္ဒမျိုးစုံပြကာ နောက်ဆုံးမတော့ အသစ်ရ၏။ အဖိုးကလည်းမလျှော့။ အဟောင်းလည်း ကောင်းသေးတယ်။ အဲဒါပါတွန်းဆိုသဖြင့် နှစ်ခုပြိုင်တူ တွန်းရသည်။ ကျွန်မအရပ် တစ်တောင်ခန့်နှင့် တွန်းလှည်းနှစ်ခု။

နောက်တစ်ကြိမ် အမှတ်ရမိသည့် သီတင်းကျွတ်သည်ကား ကျွန်မ ၁၀ တန်းစာမေးပွဲ ဖြေပြီးသော နှစ်က ဖြစ်သည်။ မီးပျက်နေသော ရပ်ကွက်ထဲမှာ မှုံကုတ်ကုတ်အိမ်လေးတွင် မီးပုံးလေးများ၏ ယိမ်းနွဲ့နေသော အလင်းရောင်အောက်၌ ကျွန်မယောင်ချာချာ ဖြစ်နေခိုက် ရပ်ကွက်ထဲမှ သူငယ်ချင်းများ ကျွန်မကို လာခေါ်ကြသည်။ ချမ်းသာသူ နည်းပါးလှသော ကျွန်မတို့ ရပ်ကွက်တွင်းတွင် သီတင်းကျွတ်မို့ တောက်ပခြင်း၊ ပျော်ရွှင်ခြင်းများလည်း သိပ်မရှိပါ။ ကျွန်မတို့ သူငယ်ချင်းမတသိုက် ဘာလုပ်ရမည်မသ။ တခြားသွားဖို့ရာလည်း လူကြီးတွေ ခွင့်မပြုသဖြင့် ကျွန်မတို့ထဲမှ တစ်ယောက်၏ အိမ်ရှေ့ မြေပြန့်တလင်းတွင် ကြိုးခုန်တန်း ကစားကြတော့သည်။ ဘယ်သူ စပေးသော အကြံမှန်းလည်း မမှတ်မိ။ ခုန်လိုက်ကြသည်မှာ အတော်ကို ဉာဥ့်နက်သည်အထိပင်..။

သီတင်းကျွတ်တွင် ကျွန်မ နှစ်သက်ခုံမင်သည့် နောက်တစ်ခုကား ပွဲဈေးတန်းဖြစ်သည်။ ကျွန်မတို့ အသက်နှင့် ခေတ်သာပြောင်းသော်လည်း မပြောင်းနိုင်ရှာသည့် မြန်မာ့ပွဲဈေးတန်းများ။ ပလတ်စတစ်ကား၊ ရထားကလေးများ၊ မိန်းခလေးကစားစရာ အရုပ်မလေးများနှင့် အသံမြည်သော သေနတ်ကလေးများ စသည်တို့ကို နှစ်တိုင်းပင် မပြောင်းမလဲတွေ့ရပါသည်။ ဆော့စရာအဖြစ်မှာလည်း ချားရဟတ်များနှင့် ကလေးလေးများအတွက် ပတ်ချာလှည့်သော ကားရဟတ်၊ မြင်းရဟတ်တို့အပြင် တခါတရံပါလာတတ်သည့် မျောက်ပွဲ၊ စသည်အပြင် သိပ်အဆန်းအပြား မတိုးလှပါ။ ကျွန်မနိုင်ငံပြင်ပ မရောက်မီအထိတော့ ဤအတိုင်းပင်။ ယခုတော့ မပြောတတ်ပါ။

ပွဲဈေးတန်းများကို ကျွန်မကြိုက်ရသည်ထဲတွင် ကျွန်မကြိုက်သည့် မြန်မာမုန့်များကို တစုတဝေးထဲ တွေ့ရသောကြောင့်လည်းပါသည်။ မုန့်ပေါင်း၊ မုန့်ပျားသလက်၊ မုန့်သိုင်းချုံ၊ မုန့်လေပွေ၊ အာပုံ၊ ရေမုန့်၊ ခေါက်မုန့်၊ မုန့်လိပ်ပြာ၊ အကြော်စုံများနှင့် စသည့် ရှာရခက်သော မြန်မာမုန့်အစုံကို တနေရာထဲတွင် တပြိုင်တည်း စားရသဖြင့် အလွန်ပျော်စရာကောင်းလှပါသည်။ ပွဲဈေးဆိုပြန်သောအခါ တစ်ခုသော သီတင်းကျွတ်၏ ပွဲဈေးတွင် ကျွန်မကြုံခဲ့သည်ကိုလည်း ပြန်အမှတ်ရမိပြန်ပါသည်။

ကျွန်မတက္ကသိုလ်ပြီး၍ ယောင်ခြောက်ဆယ် ဖြစ်နေသော ထိုနှစ် သတင်းကျွတ်တွင် ကျွန်မညီမလေးနှင့် သူ့သူငယ်ချင်းမတစ်ယောက်၊ ကျွန်မနှင့် သူငယ်ချင်းမ နှစ်ယောက်ပေါင်း (၅) ယောက်တို့ ရပ်ကွက်တွင်းရှိ ပွဲဈေးလျှောက်ကြသည်။ ဗျောက်အိုး တစ်ဖောင်းဖောင်းကို လွတ်အောင်ရှောင်ရင်း စားစရာများကို စားရင်းဖြင့် ချားရဟတ်နားရောက်သော် ကျွန်မ ညီမလေးနှင့် သူ့သူငယ်ချင်းက ရဟတ်စီးရန် အကြောင်းစ၏။ ကျွန်မ၏ သူငယ်ချင်း နှစ်ယောက်မှာလည်း စီးရကောင်းနိုးနိုး တိုင်ပင်လျက်ရှိစဉ် အမြင့်ကြောက်လှသော ကျွန်မကတော့ သူတို့ပစ္စည်းတွေနဲ့အတူ အောက်မှာပဲ စောင့်နေရန် စိတ်ကူးမိသည်။ သို့သော်သူတို့ စီးရန်အတွဲအသင့် ဖြစ်သောအခါ အားလုံးက ကျွန်မကို ဆွဲသူဆွဲ ပြောသူပြောမို့ ကျွန်မပါ တွဲပေါ်စွေ့ကနဲ ရောက်သွားသည်။ လူပြည့်အောင် စောင့်ရင်းက အောက်ကလူအုပ်ကိုကြည့်ရင်း ပျော်သလိုလိုမို့ သိပ်မကြောက်လှတော့။ ကျွန်မညီမလေးနှင့် သူငယ်ချင်းများကလည်း မကြောက်ရန်၊ သူတို့ကိုဖတ်ထားရန် စသည်ဖြင့် ပြောနေသဖြင့် စောစောကလောက် အကြောက်ပင် ပျောက်နေလေပြီ။ မိန်းခလေးချည်း (၅) ယောက်၊ ကျွန်မသူငယ်ချင်းမ တစ်ယောက်မှာ မြင်သူငေးလောက်အောင် လှသောသူ၊ စသည်တို့ကြောင့် လူများမှာလည်း ကျွန်မတို့တွဲကို ကွက်ကြည့် ကွက်ကြည့်နှင့်ပင်။ ရဟတ်လည်လေသောအခါ ကျွန်မအား မကြောက်ရန် အတန်တန်တားသော ကျွန်မ သူငယ်ချင်းမ နှစ်ယောက်သည် သူတို့ခေါင်းများကို ပေါင်ပေါ်မှောက်ကာ ငယ်သံပါအောင် အော်ကြလေသည်။ ကျွန်မကား ရင်တွေနှလုံးတွေ တုန်လျက် သူတို့ကဲ့သို့ပင် ခေါင်းမှောက်ကာ အော်နေရတော့သည်။ ဆိုးလှသည်ကား ကျွန်မဝတ်ထားသည့် ထီးဂါဝန်ဖားဖား၊ ရဟတ်၏ အတက်အကျတွင် ကားခနဲ ကားခနဲ။ မဖုံးနိုင် မဖိနိုင်ဆိုသည်မှာ ဒါမျိုးလေလားမသိ။ ကျွန်မညီမနှင့် သူငယ်ချင်းခမျာ ရဟတ်ကို ဇိမ်ဖြင့် မစီးရရှာကြပဲ။ လေထီးကဲ့သို့ ဝဲနေသော ကျွန်မဂါဝန်အား သူတို့လက် (၄) ဖက်ဖြင့် ဖုံးကြ၊ ဖိကြလေသည်။ ရဟတ်က နိမ့်တုံ မြင့်တုံ၊ ကျွန်မဂါဝန်က ဖောင်းတုံ၊ ပိန်တုံဖြင့်။ အောက်က လူများ၏ ဝါးကနဲ အော်ရီသံသည်လည်း ဘာကိုဘယ်သူ့ကိုရီသည် မသိ။ ပြန်ဆင်းသောအခါ ခြေကုတ်သုတ်ကာ လူအုပ်ထံမှ ထွက်ပြေးကြရလေတော့သည်။

အခုတော့ ထိုပွဲဈေးများသည်လည်းကောင်း။ ဖေဖေ့ မီးပုံးလေးများသည်လည်းကောင်း၊ သူငယ်ချင်းများသည့်လည်းကောင်း ကျွန်မနှင့် ဟိုမှာ ဘက်ခြမ်းတွင် သီးခြားဖြစ်နေ ရှိနေခဲ့လေပြီ။ ပြက္ခဒိန်ကိုကြည့်ရင်းသာ သီတင်းကျွတ်ဟု မှန်းရသော ဤမှာဘက်တွင် စိတ်မှန်းဖြင့် သီတင်းကျွတ်ကို နွှဲရသည်။ ဒီအချိန်ဆို ဖေဖေ့ မီးပုံးလေးတွေ ဝေနေမှာပဲဟုသာ မှန်းဆရသည်။ သီတင်းမကျွတ်မီက အိမ်သို့လှမ်းပြီး မီးပုံးလေးများ စာတိုက်က ပို့ပေးဖို့ပြောရန် စိတ်ကူးမိ၏။ သို့သော်ဖေဖေ လက်ချောင်းများနှင့် တခုတ်တရ လုပ်ထားသော မီးပုံးကလေးများကို ကျွန်မထွန်းချိန်တွင် အနား၌ ဖေဖေရှိမနေ။ ဗျောက်အိုး တဖောင်းဖောင်းသံ ညံမနေ။ ပွဲဈေးဆီက အသံတွေ ဝေ့တက်မနေ။ ကျွန်မဆီက မီးပုံးလေးရော ကျွန်မပါ အထီးထီး ဖြစ်နေရော့မည်။ ကျွန်မ မီးပုံးလေးများ မမှာချင်တော့။ မေမေနှင့် ညီမလေးသာ မီးပုံးလေးတွေကို နေရာချလို့ အလှဆင်ကြပါစေတော့။ ကျွန်မအတွက်လို့ ဖေဖေရည်စူးလုပ်ခဲ့သော မီးပုံးလေးရှိခဲ့လျှင် အဝါရောင်လေး ဖြစ်ပါစေတော့။ သူသာမီးလင်းလို့ တထိန်ထိန် တဝင်းဝင်း ရှိပါစေတော့။

ဟိုမှာဘက်တွင် မီးတထိန်ထိန်ရှိပါစေတော့။ ကျွန်မ စိတ်မျက်စိတွင် မီးပုံးလေးများကား စီရရီ။ ချားရဟတ်ကြီးလည်း တလည်လည်ပါတကား