Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

(ပြည်တွင်းထုတ် ချင်းတွင်းမဂ္ဂဇင်းတွင် ဖေါ်ပြထားသည့် မင်းဇင်ရဲ့ "လွမ်းစရာ့ ဘုရားစာင်းတန်း" အက်ဆေးကို ကောင်းကင်မှ စာဖတ်သူများအား ပြန်လည် တင်ဆက်လိုက်ပါသည်။)

  picture

 

တလောက ငယ်သူငယ်ချင်းတစ်ယောက် အလည်လာလို့ ဘေးဧရိယာတ၀ိုက် လိုက်ပို့ဖြစ်ရင်း “ဆန်တာခရုဇ်” ရှိ တောင်ပုလု ဘုန်းကြီးကျောင်းကို ရောက်ခဲ့သည်။ ဘုန်းတော်ကြီးတွေကို ဦးချနှုတ်ဆက်ပြီး ကျောင်းဝင်းကျယ်ကြီးအတွင်းက စေတီနှစ်ဆူကို ဖူးခဲ့သည်။

 

ဘေးဧရိယာတ၀ိုက်မှာ မြန်မာအစားအသောက်တွေစား၊ မြန်မာပြည်က ဂျာနယ်မဂ္ဂဇင်းတွေ ဖတ်၊ ရှေးဟောင်းနှောင်းဖြစ်တွေကို မြန်မာလို ဖောင်ဖောင်ပြော။ ခုတခါ သပ္ပါယ်လှတဲ့ မြန်မာ့ဗိသုကာဟန် စေတီတော်တွေကို ဖူးမြင်ရပြန်တယ်ဆိုတော့ သူငယ်ချင်းက “နေတတ်မယ်ဆိုရင် ဒီမှာလည်း မြန်မာပြည်နဲ့မခြား အတော်ပြည့်စုံပါတယ်” လို့ မှတ်ချက်ချသည်။

 

သူ့ စကားကို စဉ်းစားမိတော့လည်း “ဟုတ်ပေသားပဲ၊ ဒီမှာက ဘုန်းကြီးကျောင်းပွဲတွေ၊ ဈေးရောင်းပွဲတွေကလည်း အပတ်စဉ်လိုလို ရှိသည်။ မြန်မာအစာ စားမလား၊ တိုင်းရင်းသားအစာ စားမလား အစုံရသည်။ ဖာလူဒါတောင် ရသေးသည်။ မြန်မာနဲ့ ကပ်နေတဲ့ ထိုင်းမှာတောင် ဖာလူဒါ မသောက်ခဲ့ရဘူး” လို့ ဆိုမိသည်။

 

ဒါပေမယ့် ဆိုသာဆိုရတယ်၊ တောင်ပုလုစေတီတော်ပေါ်က ပြန်အဆင်း စိတ်ထဲမှာ တခုခုလိုနေသလို ခံစားရသည်။ ဆိတ်ငြိမ်တဲ့ စေတီဝန်းကျင်မှာ တခုခုလစ်ဟာနေသလို ခံစားရသည်။ စေတီတော်ပေါ်ကပြန်အဆင်း ခြေလှမ်းအနည်းငယ်အတွင်း ၀ဲယာ ဘေးဘီကို ကြည့်မိတော့မှ လိုနေတဲ့ကွက်လပ်ကို တရေးရေးသတိပြုမိလာသည်။ လွမ်းစရာ့ ဘုရားစောင်းတန်းဈေး။

 

ဟုတ်သည်။ ဒီနေရာမှာ လိုနေတာက ဘုရားစောင်းတန်းနဲ့ ဘုရားစောင်းတန်းဈေး၊ စေတီဆီကို သွယ်ထားတဲ့စောင်းတန်းနဲ့ အထင်ကရစေတီတော်တိုင်းမှာ စည်ကားနေတတ်တဲ့ မြန်မာပြည်က စောင်းတန်းဈေးကို လွမ်းမိသည်။

 

ငယ်ငယ်က ရွှေတိဂုံစေတီတော်ကို သွားဖူးတိုင်း ဘုရားမုခ်ဦးက ခြင်္သေ့ကြီးတွေကြည့်ပြီး လုံခြုံ ခန့်ညားအားရခဲ့ဖူးတာ၊ စောင်းတန်းလှေကားတွေပေါ် ပြေးတက် ပြေးဆင်းခဲ့ဖူးတာ၊ စောင်းတန်းတလျှောက် ဈေးဆိုင်ကနားတွေမှာ တင်ရောင်းတာတွေကိုကြည့်ပြီး အမေ့ကို ၀ယ်ပေးဖို့ ပူဆာခဲ့ဖူးတာတွေကို အမှတ်ရမိသည်။

 

စက္ကူနဲ့ အ၀တ်စုတ်နဲ့လုပ်ပြီး အရောင်တွေ တောက်တောက်လွင်လွင်ခြယ်ထားတဲ့ ဇီးကွက်ရုပ်၊ သူငယ်တော်ရုပ်၊ ပစ်တိုင်းထောင်ရုပ်၊ ယမင်းရုပ်လေးတွေကို မျက်စိထဲက မထွက်။ ဗုံ လင်းကွင်းနဲ့ ကလေးကစားစရာ ဂစ်တာသေးသေးလေးတွေ ချိတ်ဆွဲထားတာကို အလိုချင်ကြီး လိုချင်ခဲ့ဖူးတာ မှတ်မိနေသည်။

 

စောင်းတန်းလှေကားတလျှောက် ပြေးရင်းလွှားရင်း ရှင်ပြု ရှင်လောင်းလှည့်တာ၊ နားသမယ့် ကောင်မလေးတွေ မင်းသမီးလို လှလှပပ ဆင်ထားတာတွေ့တော့ ဆိုင်းသံဗုံသံနဲ့အတူ ရောယောင် ခုန်ပေါက်ခဲ့တာ ပျော်စရာကောင်းလှသည်။

 

အရွယ်ရောက်လာတော့လည်း အနယ်နယ်အရပ်ရပ် ဘုရားတွေ ဖူးဖြစ်တိုင်း ဘုရားစောင်းတန်းဈေးတလျှောက် ဖြတ်လျှောက်ခဲ့သည်ချည်းသာ၊ ဓာတ်လှေကားနဲ့ တက်ရဆင်းရတာထက် “မောင်မယ်တူ တောင်ဘက်မုခ်က လှေကားထစ်တွေ တက်ရင်းနဲ့လေ ရေကြည့်ကြတာပေါ့” ဆိုတာမျိုးကို ပိုနှစ်သက်မိသည်။ ကံ့ကော်ပန်းကို စောင်းတန်းဈေးဆိုင်ကပဲ ရွေးဝယ်ပြီး ဘုရားရှင်ကို ပူဇော်ခဲ့သည်။

 

ကိုမွန်းအောင်ရဲ့  “ရိုးရိုးလေး” သီချင်းက ဘုရားစောင်းတန်းကို ပိုပြီးစိတ်ကူးယဉ်ချင်စရာ ဖြစ်စေခဲ့သည်။

 

ကစားစရာကိုပဲ စုံမက်တဲ့ ဟိုးအရင် ငယ်ရွယ်စဉ်ကထက်ပိုပြီး ပတ်ဝန်းကျင်ကို ကျယ်ကျယ်ပြန့်ပြန့် သတိပြုမိလာသည်။ မြန်မာ့ရိုးရာ ပန်းပုတွေ၊ ဘုရားဆင်းတုတော်တွေ၊ ပရိက္ခရာပစ္စည်းတွေ၊ နတ်ပုံကားချပ်၊ နတ်ရုပ်၊ ရုပ်သေးရုပ်၊ ရွှေချည်ထိုး ငွေချည်ထိုး၊ ကြေးစည်၊ ပုတီး၊ ယပ်တောင်၊ ဘီး၊ မှန်၊ ပြက္ခဒိန်၊ ဖိနပ်၊ မြန်မာဆေး၊ အလှကုန်၊ စာအုပ်ကစလို့ မြန်မာ့ရိုးရာ စုံစီနဖာ အကုန်တင်ရောင်းသည့် စောင်းတန်းဈေးဆိုင်တွေတလျှောက် ရပ်လိုက်၊ ငေးလိုက်၊ လျှောက်လိုက်နဲ့ ဘုရားဖူးခဲ့ရတာကို သဘောအကျကြီးကျမိသည်။

 

ဒါတင်မက စောင်းတန်းတလျှောက် ဆိုင်ခန်းနဲ့ပဲဖြစ်ဖြစ်၊ စားပွဲလေးတွေ ကိုယ်စီနဲ့ပဲဖြစ်ဖြစ် ဖွင့်ထားတဲ့ ဗေဒင်လက္ခဏာဟောဆိုင်တွေကလည်း ဘုရားစောင်းတန်းဈေးကို ဈေးပီသစေသည်ဟုပင် ဆိုရမည်ထင်သည်။ အထူးသဖြင့် ဗေဒင်ဆရာတွေရဲ့ ကြော်ငြာဆိုင်းဘုတ်တွေမှာ တွေ့ရတတ်တဲ့ ဆရာကြီးဘယ်သူ့ မြစ်၊ မြေး၊ သား၊ တပည့် စသဖြင့် အဆက်အနွယ်ချီပြီးကာမှ နိုင်ငံကျော် ဒါမှမဟုတ် နိုင်ငံခြားပြန် ဆရာဘယ်သူဘယ်ဝါ စသဖြင့် တက္ကသိုလ်ဘွဲ့ပါမကျန် ထည့်ကြော်ငြာပုံ မြင်ကွင်းကိုတော့ အနှစ်သက်မိဆုံးပင်။

 

ဆရာမကြီး လူထုဒေါ်အမာရဲ့ “၁၂ ပွဲဈေးသည်နှင့် ကျွန်မတို့အညာ” စာအုပ်ကို ဖတ်ရတော့ ဘုရားစောင်းတန်းဈေးသာမက ဘုရားပွဲဈေးတွေအကြောင်းပါ အသိအမြင်တိုးရသည်။ နယ်ဘုရားပွဲဈေးတွေမှာ ကုန်ရောင်းကုန်ဝယ် ဈေးခင်းကြပုံအမျိုးမျိုးကို စုံလင်အောင်ဖတ်ရတော့ ဘုရားစောင်းတန်းနဲ့ ပွဲဈေးတွေဟာ မြန်မာ့စီးပွားရေး ဆုံချက်တစ်ခုလို ဖြစ်နေပါလားလို့ တွေးမိသည်။

 

တကယ်တော့ ယဉ်ကျေးမှု၊ လူမှုဆက်ဆံရေးနဲ့ စီးပွားရေးနယ်ပယ်တွေမှာသာမက အမျိုးသားရေး တိုင်းရေးပြည်ရေး လူပ်ရှားမှုတွေမှာ ဘုရားစောင်းတန်းနဲ့ ဈေးတန်းတွေက သက်သေဖြစ်ခဲ့သည်။ ၁၉၂၀ နယ်ချဲ့ ဆန့်ကျင်ရေး ပထမကျောင်းသားသပိတ် ကာလတုန်းက ရွှေတိဂုံဘုရား အနောက်တောင်ထောင့်မှာ စုဝေးခဲ့ကြတဲ့ ကောလိပ်ကျောင်းသား ၁၁ ဦးကစလို့ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံနဲ့ ၂၀၀၇ ခုနှစ် “ရွှေဝါရောင် တော်လှန်ရေး” အထိ အရေးတော်ပုံသမားတွေဟာ ဒီရွှေတိဂုံဘုရား စောင်းတန်းတလျှောက် ဖြတ်ပြီးတော့ပဲ အောင်မြေနင်းတာ၊ သစ္စာဆိုတာတွေ လုပ်ခဲ့ကြတာဖြစ်သည်။ ဘုရားစောင်းတန်းတွေဟာ ယဉ်ကျေးမှုနဲ့ မြန်မာ့ရိုးရာ စီးပွားရေးလုပ်ငန်းတွေကိုသာမက အမျိုးသားရေး ခြေရာတွေကိုပါ မှတ်တမ်းတင်ခဲ့သည်ဆိုရင် လွန်မည်မထင်ပေ။

 

ခရီးသွားဆောင်းပါးရှင Joe Cummings တခါက ရေးခဲ့သလို “စေတီပရိဝုဒ်တွင်း စောင်းတန်းတလျှောက် လျောက်သွားရတာဟာ မြန်မာ့နှလုံးသားဆီ လျှောက်လှမ်းရတဲ့ လမ်းခရီးလိုပါပဲ” ဟုသာ ဆိုချင်တော့သည်။

 

မြန်မာတွေရဲ့ “မြန်မာဆန်ခြင်း” အစုအပေါင်း ပြယုဂ်ကို ပြပါဆိုရင် ဘုရားစောင်းတန်းဈေးကိုသာ ပြရမည်ထင်သည်။ ဆရာပါရဂူက သူ့ရဲ့ “ပုဂံခရီးသည်” စာအုပ်တွင် ဘုရားစင်ပေါ်မှာ ကိုးကွယ်ထားသောဘုရားနဲ့ ပြတိုက်ထဲတွင်ထားသောဘုရား ဆိုပြီး နှစ်မျိုးနှစ်စား ခွဲပြခဲ့ဖူးသည်။ ဘုရားစင်ပေါ်ကဘုရားမှာ ဘာသာတရားဆိုင်ရာ ကိုးကွယ်ဆည်းကပ်မှုအဓိပ္ပါယ်ရှိသည် ပြတိုက်ထဲတွင်ထားသောဘုရားမှာမူ သမိုင်းဆိုင်ရာထိန်းသိမ်းမှု အနက်အဓိပ္ပါယ်ကိုသာဆောင်သည်။ “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း” ထဲမှ ဘုရားအများအပြားမှာ ပြတိုက်ထဲက ဘုရားများပမာ သမိုင်းတန်းဖိုးမျှသာ ရှိနေကြသည်လို့ ဆရာပါရဂူက ရေးခဲ့သည်။ ဘုရားစင်ပေါ်က ဘုရားပမာ ကိုးကွယ်မှုကို ခံယူနေကြသော ဘုရားများမှာမူ ဆည်းကပ်သူတို့နှင့် အဆက်မပြတ်ထိတွေ့နေသည်။

 

ရွှေရောင်ဝင်းနေကြသည်။ ထုံးရောင် ဖွေးနေကြသည်။ ဆည်းလည်းသံ ညံနေကြသည်။ ပုဂံမှာတော့ ဘုရားစင်ပေါ်ကဘုရားပမာ အဓိက ပူဇော်မှုခံရသော ဘုရားများအနက် ရွှေစည်းခုံနှင့် အာနန္ဒာစေတီကို ဆရာက ဥပမာပြသည်။ ရွှေစည်းခုံစေတီတော်ကို ဖူးမြင်ဖို့သွားတဲ့ခရီးစဉ်မှာ ကြုံခဲ့ရတဲ့ စောင်းတန်းထိပ် ခြင်္သေ့ကြီး နှစ်ကောင်နဲ့ စည်ကားလှတဲ့ စောင်းတန်းဈေးအကြောင်းရေးသားပြီး ဆရာက ခုလို ဆက်သုံးသပ်ခဲ့သည်။

 

“ခြင်္သေ့ကြီးများနှင့် စောင်းတန်းများသည်လည်း ‘ဘုရားစင်ပေါ်က ဘုရား’ အသွင်အပြင်လက္ခဏာများ ဖြစ်ကြသည်။ ‘ပြတိုက်ထဲက ဘုရား’ မှာမူ ခြင်္သေ့လည်းမရှိ၊ စောင်းတန်းလည်း မရှိပေ။ ကိုယ့်ဖာသာကိုယ် ထီးထီးကြီး ရပ်တည်နေကြရသည်၊”

 

ဆရာ့သဘောအရတော့ ဘုရားပုထိုးမှာ စောင်းတန်းနဲ့ စည်စည်ကားကားရှိနေတာဟာ ကိုးကွယ်ဆည်းကပ်မှုတွေနဲ့ အသက်ဝင်နေတာမို့ ဘုရားစင်ပေါ်က ဘုရားလိုပဲလို့ တင်စားလိုက်ဟန်ရှိသည်၊ အလွန်ချက်ကျတဲ့ နိုင်းယှဉ်သုံးသပ်ချက်ပင် ဖြစ်သည်။

 

ဒါပေမယ့် ဘုရားစောင်းတန်းတွေအပေါ် ဘ၀င်မကျဘဲ ငြူစူသူလည်းရှိတာ ထူးထူးခြားခြားဖတ်ရဖူးသည်။ အင်္ဂလိပ်လက်အောက် မြန်မာပြည်မှာ အရာရှိကြီးဖြစ်ခဲ့သူ၊ မြန်မာမှုတွေကို စိတ်ဝင်စားသူ၊ မြန်မာတွေကို ဘောလုံးကစားနည်းနဲ့ မိတ်ဆက်ပေးခဲ့သူ Sir J. George Scott ဖြစ်သည်။ သူ့ကိုယ်သူ မြန်မာအမည် ‘ရွှေရိုး’ ဟု ပေးထားသည်။ စကော့(ရွှေရိုး) က ‘ဗမာ’ The Burman ဆိုသည့် စာအုပ်တွင် ဗမာတစ်ယောက်ရဲ့ မွေးရာက သေဆုံးချိန်အထိ အတွေ့ အကြုံတွေကို ရေးသားခဲ့သည်။ မြန်မာ့အရေး လေ့လာသူတိုင်း လက်စွဲထား လေ့လာရသောစာအုပ်ဖြစ်သည်။ စကော့က ရွှေတိဂုံဘုရား စောင်းတန်းတလျှောက် သစ်လုံးကြီးတွေနဲ့ ထောက်ခံထားတဲ့ ကဋ္ဌန်းမျက်နှာကြက်ရဲ့ လှပပုံနဲ့ ဗုဒ္ဓ၀င် နံရံဆေးရေးပန်းချီကားတွေအကြောင်း ပြောသည်။

 

စောင်းတန်းလှေကားက နှစ်ပရိစ္ဆေဒ ကြာနေပြီး မပြုမပြင် ပျက်စီးနေပုံတွေကို ရေးပြသည်။ ဖိနပ်မပါ ခြေဗလာနဲ့ အကြိမ်ကြိမ်အတက် အဆင်းလုပ်နေတဲ့ ဘုရားဖူး ဗမာတွေကြောင့် အုတ်လှေကားတွေ တိုက်စားပျက်စီးနေကြောင်း ပြောပြီး စကော့က ခုလိုဆက်ရေးသည်။

 

“စောင်းတန်းလှေကားထစ်တွေက အတော့်ကို အဆင်မပြေဖြစ်စေသည်။ မပြုမပြင် ပျက်စီးနေလို့ အဆင်မပြေဖြစ်ရသလို ဆောက်ကတည်းကိုက လူတွေ အလျင်စလို အတက်အဆင်းမလုပ်နိုင်အောင်  ရည်ရွယ်ချက်ရှိရှိ ဆောက်ထားတာမို့လည်း သက်သက်သာသာ မရှိလှတာဖြစ်သည်။ ခြေတစ်လှမ်းတည်းနဲ့ လှေကားနှစ်ထစ် လှမ်းတက်ရအောင်ကလည်း လှေကားတွေက ကျယ်လွန်းနေသည်။ ခြေတစ်လှမ်း လှေကားတစ်ထစ် တက်ဖို့ကျတော့လည်း လှေကားအဆင့်တွေက အနောက်တိုင်းသားတွေအတွက် နိမ့်လွန်းလှသည်။  ဒီလို လေးစားမှုကို အတင်းအကျပ်လုပ်ယူသည့် နည်းမျိုးသည် မြန်မာအမျိုးသားတိုင်းပြည် လက္ခဏာပင် ဖြစ်တော့သည်။”

 

လှေကား ဖွဲ့စည်းတည်ဆောက်ပုံကိုက လူတွေဆီက ကျိုးနွံလေးစားမှုရအောင် ဒီဇိုင်းလုပ် ရည်ရွယ်ဆောက်ထားတာဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီလိုလေးစားမှုကို အတင်းလုပ်ယူတာကိုက မြန်မာ့စရိုက်၊ မြန်မာ့အမျိုးသား လက္ခဏာလို့ ကောက်ချက်ဆွဲတာတွေကတော့ အံ့အားသင့်စရာဖြစ်သည်။ အခြေအမြစ်မရှိတဲ့ ငါ့စကားနွားရ ပြောပုံမျိုး ဆန်လွန်းလှသည်။ အနောက်တိုင်းသားတစ်ယောက်က ဗမာအကြောင်း သိလှပြီ ထင်တလုံးနဲ့ လက်လွတ်စပယ် စော်ကားမော်ကား ပြောရာရောက်လှပေသည်။ သမိုင်းအထောက်အထား မရှိ။ ယုတိႊၽညီညြတ္မႈမရွိ။ ပုံဖော်လိုရာ ပုံဖော်ပြောဆိုခြင်းပင်ဖြစ်သည်။ ဒီလို အဆင်အခြင်မဲ့ အရေးအသားမျိုးကို ဖတ်ရတော့ ရွှေတိဂုံစေတီတော် အကြောင်းကိုပဲ သမိုင်းအမြင်၊ သုတေသီအမြင်အပြည့်နဲ့ ဆရာဇော်ဂျီ သုံးသပ်ပြသွားခဲ့တာကို အမှတ်ရမိသည်။

 

“ရွှေတိဂုံ ပုံတော်သည် ပြေပြစ်သည်။ နွဲ့နှောင်းသည်။ စိတ်ချမ်းမြေ့ဖွယ် ဖြစ်သည်။ ရွှေတိဂုံကို မွမ်းမံတည်ဆောက်သော ခေတ်သည် အကြေအရပ်တွင် စစ်မက်မရှိသောခေတ်ဖြစ်သည်။ တိုင်းသူပြည်သားတို့ စိတ်အေးလက်အေးနေကြရသော ခေတ်ဖြစ်သည်။ ယခုခေတ် ဥာဏ်တော်နီးပါးအထိ ဦးဆောင် မွမ်းမံတည်ဆောက်ကြသောသူတို့သည် ဟံသာဝတီမင်း ဗညားကျန်းနှင့် ဟံသာဝတီထီးနန်းကို စွန့်ပြီးနောက်  ဟံသာဝတီနေပြည်မှ ဒဂုန်ကျေးသို့ ကြွလာပြီး တရားဘာဝနာနှင့် ငြိမ်းချမ်းစွာနေလိုသော ဘုရင်မ ရှင်စောပုတို့ ဖြစ်ကြသည်။ ရွှေတိဂုံစေတီတော်ကို ထိုသို့သောခေတ်တွင် ထိုသို့သောမင်းတို့က မွမ်းမံပြုပြင် တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ ရွှေတိဂုံ ပုံတော်ပြေပြစ်ခြင်း၊ နွဲ့နှောင်းခြင်း၊ စိတ်ချမ်းမြေ့ဖွယ်ဖြစ်ခြင်းတို့သည်  ထိုခေတ် သဘောကိုလည်းကောင်း၊ ထိုတိုင်းသူပြည်သားတို့ သဘောကိုလည်းကောင်း၊ ထိုမင်းတို့ သဘောကိုလည်းကောင်း၊ မလွန်ဆန်နိုင်သော ပန်းရံပျံတို့ လက်ရာကြောင့်ဟုဆိုနိုင်သည်။”

 

လို့ မြန်မာ့စာပေကျေးဇူးရှင်ကြီး ဆရာဇော်ဂျီက ရေးသားခဲ့တာဖြစ်သည်။

 

ဒီလို ငြိမ်းအေးတဲ့ သမိုင်းနောက်ခံနဲ့ ညွှတ်နူးစိတ်ချမ်းမြေ့စရာ ဗိသုကာလက်ရာတွေမှာ စကော့ စွပ်စွဲသလို အတင်းအကျပ် လေးစားအောင်လုပ်ယူခြင်းဆိုတာမျိုးကို ကျနော်တော့ဖြင့် ရှာမတွေ့ခဲ့ပေ။ ငြိမ်းချမ်းခြင်းနဲ့ အတူတွဲဖက်နေတဲ့ အိနြေ္ဒတို့ ရင့်ကျက်ခြင်းသဘောကို ရိပ်စားမိရင်တောင် စောင်းတန်းလှေကားတွေအပေါ် တက်သုတ်ရိုက် အဆင်းအတက်မလုပ်နိုင်လို့ ငြူစူနေတဲ့ စကော့ရဲ့ စိတ်တွေ အတန်ငယ် သိမ်မွေ့သွားခဲ့ကောင်းပါသည်။

 

ကျနော်ကတော့ ဘုရားစောင်းတန်းနဲ့ စောင်းတန်းဈေးတွေအပေါ် ငြူစူစိတ် ဖြစ်ဖို့ဝေးစွ၊ ပြန်တွေးရုံနဲ့ပင် ကြည်နူးမိသည်။ ရွှင်လန်းလာမိသည်။ ကိုးကွယ်ဆည်းကပ်မှုသာမက၊ မြန်မာ့ယဉ်ကျေးမှု သည်းပွတ်တည်ရာ၊ လုပ်ငန်းကိုင်ငန်း အစီးအပွားရှိရာ၊ အမျိုးသားရေးစိတ်ဓာတ်တွေ နိုးကြားရာဆီကို ဦးတည်မြင့်တက်သွားနေတဲ့ စောင်းတန်း လှေကားထစ်လေးတွေအပေါ် ခြေချ လှမ်းတက်လိုက်တိုင်း ပန်းတိုင်ရှိရာ နီးနီးလာသလို ခံစားယုံကြည်မိသည်။

 

မှန်ပါသည်။ အမေရိကားမှာ၊ ဘေးဧရိယာမှာ နေတတ်ရင် အလွန်ပြည့်စုံပါသည်။ ဒါပေမယ့် စောင်းတန်းလှေကားထစ်လေးတွေပေါ် ခြေချမလှမ်းနိုင်သရွေ့ စောင်းတန်းဈေးသည်တွေရဲ့ ဈေးခင်း ဈေးခေါ်သံတွေကို မကြားရသေးသရွေ့ ပန်းတိုင်နဲ့ဝေးနေသေးသလို ခံစားမိပါသည်။ ပန်းတိုင်ဘက် ဦးမလှည့်နိုင်သေးသလို ခံစားရပါသည်။

 

ဆန်တာခရုဇ်ရှိ တောင်ပုလုစေတီပေါ်ကပြန်အဆင်း ရင်ထဲမှာ ကွက်လပ်ပမာဖြစ်နေသည့် လစ်ဟာမှုလို့သာ ဆိုချင်ပါတော့သည်။

မင်းဇင်