User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active
 

ear

 

 

မနက် အိပ်ယာက နိုးချိန်မှာ အဆင်မပြေစရာ တစ်ခုခု ရှိနေတာကို သတိထားလိုက်မိတယ်။ ဘာရယ် ညာရယ် ရေရေရာရာ မသိသေး။ စိတ်အာရုံဝင်စားပြီး ပြဿနာကို အဖြေရှာ ကြည့်လိုက်တော့ ဘယ်ဘက်ခေါင်း တစ်ခြမ်း ထူပိန်းပိန်း ဖြစ်နေတယ်လို့ ထင်လိုက်မိတယ်။

ခေါင်းကို ဖြည်းဖြည်းချင်း ထူပြီး ထလိုက်တယ်။ နားထဲမှာ ဆစ်ကနဲ ကိုက်သွားတယ်။ ခေါင်းကို ငြိမ်ငြိမ်လေးထားပြီး နာတဲ့နေရာကို သေသေချာချာ အရသာ ခံကြည့်လိုက်တဲ့အခါ တစိမ့်စိမ့်နဲ့ ပိုပိုပြီး နာလာတယ်။ ညတုန်းက အကောင်းကြီးပါ။ ခုကျမှ ဒီနားက ဘာဖြစ်လာတယ် မသိ။

အိပ်ယာထဲ ပြန်လှဲပြီး အနားက စာအုပ်တစ်အုပ်ကို ဆွဲယူ ဖတ်နေလိုက်တယ်။ စာအုပ်က ဗြိတိသျှရာဇဝင် အကြောင်း ရေးထားတဲ့ စာအုပ်။ ဂျော့ခ်ျ ဘုရင်တို့၊ စတူးဝပ် ဘုရင်တို့ အကြောင်း၊ ဆိုဖီယာ မင်းသမီး၊ မေရီ မိဘုရား ….. အား …. နားကပိုကိုက်လာပါလား။

မတတ်နိုင်တော့ဘူး။ အိပ်ယာက ထလိုက်ရတယ်။ မျက်နှာသစ်၊ သွားတိုက် ဆိုတဲ့ ခန္ဒာကိုယ်ရဲ့ အရေး ကိစ္စတချို့ကို ဆောင်ရွက်ချိန်မှာ နားကပိုနာလာတယ်။


မတတ်သာတဲ့အဆုံး ဆရာဝန်ကို ပြကြည့်တော့ နားထဲကို အစက်ချတဲ့ ဆေး တစ်ဗူး ပေးလိုက်တယ်။ စားဆေး တချို့ ပေးလိုက်တယ်။ တစ်ရက်လောက် အေးအေး ဆေးဆေး အနားယူဖို့ လိုတယ် ဆိုပါလား။ ခက်တာက နေမကောင်းဘူး ဆိုပေမယ့် ဖျားနာနေတာလည်း မဟုတ်။ အလုပ်တစ်ခုခု လုပ်ဖို့ရာ ကျတော့လည်း နားက အနာက မခံသာပြန်ဘူး။ ပျင်းပျင်းန့ပဲ အိပ်ယာထဲလှဲ နေရတော့တယ်။ လှဲနေ ပြန်တော့လည်း ဇိမ်ကျတာ မဟုတ်နဲ့ ခက်ပဲ ခက်ရ ချည်သေးတော့။

လူ့ခေါင်းမှာ ဒီ နားရွက် ဆိုတဲ့ အရွက်နှစ်ခုက ဘာလို့များ ပါလာ ရတာပါလိမ့်။ နား ဆိုတာက ကြားဖို့ ဆိုတာတော့ ဟုတ်ပါပြီ။ နားရွက် ဆိုတာက လိုရော လိုအပ်ရဲ့လား။ မပါရင်လည်း ဖြစ်တာပဲ မဟုတ်လား။ ဥပမာ ကြက်၊ ငှက်၊ ဆိုတဲ့ အတောင်ပါတဲ့ အကောင်တွေမှာ နားပါပေမယ့် နားရွက်မပါဘူး မဟုတ်လား။ နားပေါက်ကလေးတွေ ပေါ်မှာအမွေးလေးတွေ ဖုံးလို့ ….။ လူတွေလည်း နားပေါက်လေးတွေ ပေါ်မှာ ဆံပင်လေးတွေ ဖုံးလို့ ဆိုရင် ဘယ်လို နေမလဲ မသိ။

လူ့နားရွက်ကဘာများလုပ်လို့ရသလဲ။

ကျနော့်မိန်းမကတော့နားကိုအပေါက်ဖေါက်ပြီးနားဋောင်းဝတ်ပါတယ်။

လူ့ အသားကို အပေါက်ဖေါက်ပြီး သတ္တုတစ်ခုခုကို တပ်ဆင် အလှပြင်တာဟာ ခေတ်နောက်ကျတဲ့ ဓလေ့ စရိုက်ပဲလို့ ကျနော်ပြောတော့ ကျွန်တော့် မိန်းမက သဘော မတူဘူး။ တကယ်တော့ ကျနော် ပြောတာ အမှန်တရားပဲ မဟုတ်လား။ ခက်တာက ဒီနေ့အထိ ဒီအကြောင်းကို ကျနော်ပြောတဲ့ အခါတိုင်းမှာ ဘယ်သူမှ ကျနော်နဲ့ သဘော မတူကြဘူး။ ရယ်ပဲ ရယ်ကြတယ်။ ဘာများ ရယ်စရာပါလို့လဲ မသိဘူး။


တကယ်တော့ လူ့ နားရွက်ဟာဘာမှ သိပ် အသုံးမဝင်ဘူး မဟုတ်လား။ ဝက် နားရွက်ဆိုရင်လည်း သုပ်စားလို့ ရသေးတယ်။ ဒါလည်း စကားစပ်မိလို့သာ ပြောရတာ ….။ သိပ်တော့ မကောင်းလှဘူး။ ကမ္ဘာမြေပေါ် အတူနေတဲ့ သတ္တဝါ အချင်းချင်း သူ့ ခေါင်းက နားရွက်ကိုဖြတ်၊ ရေနွေးဖျော၊ ကြက်သွန်လေး နံနံပင်လေးနဲ့ သုပ်စားရင်တော်တော် ကောင်းတယ်လို့ ပြောရတာ မယဉ်ကျေးရာ ရောက်သလားလို့ အတွေးဝင်မိတယ်။

ဒါပေမယ့် ဒီနေ့ခေတ်ကြီးမှာ လူလူချင်းတောင် အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား လုပ်နေကြတာ ဆိုတော့ တိရစ္ဆာန်တွေအပေါ် ညှာတာ စကားပြောနေတာဟာလည်း ကြောင်သူတော် လုပ်နေသလိုပါပဲ။ လူလူချင်း အရေးမှာတောင် ကျနော်တို့၊ အင်း .. သေချာတာက ကျနော်ပေါ့လေ၊ တာဝန် မကျေနိုင်တာတွေ အများသား မဟုတ်လား။ ဥပမာ နာဂစ်မုန်တိုင်း ကိစ္စ၊ စက်တင်ဘာမှာ သံဃာတော်တွေ ကျောင်းသားတွေ အရပ်သားတွေ အသတ်ဖြတ် ခံရတဲ့ကိစ္စ၊ ပြီးတော့ ဆူဒန်ဒါဖောကိစ္စ၊ ဇင်ဘာဘွေကိစ္စ …. ထားပါတော့ .. ထားပါတော့ ….။

ကိစ္စဝိစ္စတွေက နည်းမှ မနည်းပဲလေ။

မနည်းမနော ထူပြော ပေါများလှတဲ့ ကျနော်တို့ခေတ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေနဲ့ ဒီလိုနေ့မျိုးမှာ ထပ်ပြီး အဖိစီး မခံချင်လို့ နံရံပေါ်က ပန်းချီကား တစ်ချပ်ကို ငေးကြည့်မိတယ်။ နာမည်ကျော် ပန်းချီကား တစ်ချပ်ရဲ့ မိတ္တူ ကိုယ်ပွား တစ်ခုပါ။ ဒတ်ခ်ျ လူမျိုး ပန်းချီအကျော်မော် ဗင်းဆင့်ဗန်ဂိုးရဲ့ ရုန်းမြစ်ပေါ်က ကြယ်စုံည ပန်းချီကားပါ။ ဒတ်ခ်ျ အသံထွက်နဲ့ဆိုရင် ဇစ်ချန်သ်ဖန်ဂိုးလို့ ခေါ်တဲ့ အဲဒီ ပန်းချီဆရာကြီးဟာ သူ့ဘဝရဲ့ နောက်ဆုံး ကာလတွေကို စိတ်ဝေဒနာသည် တစ်ယောက်အဖြစ်နဲ့ ဖြတ်သန်း ကျော်လွှားခဲ့တယ်လို့ ဆိုကြပါရောလား။ အရသာ ရှိလှတဲ့ သူ့ ပန်းချီကားတွေဟာ ဘာကြောင့်များ သူ့ကို ငြိမ်းချမ်း အေးမြအောင် မစွမ်းဆောင်ခဲ့ပါလိမ့်။


ဗန်ဂိုးဟာ သူ့မိတ်ဆွေ ပန်းချီဆရာ ပေါလ်ဂူဂင်နဲ့အတူ ပန်းချီပညာအကြောင်း ဆွေးနွေးခဲ့ကြတယ်။ တခါတလေမှာ မြင်ကွင်း တစ်ခုတည်းကို တစ်ယောက် ပန်းချီကား တစ်ချပ်ဆီ ပြိုင်တူ ရေးဆွဲခဲ့ကြတယ်။ ဒါပေမယ့် ပါရမီရှင် နှစ်ယောက်ရဲ့ လေးစားမြတ်နိုးမှုက မခိုင်မြဲခဲ့ကြဘူး။ ခရစ်စမတ် ကာလတစ်ခုမှာ ဗန်ဂိုးက ဂူဂင်ရဲ့ မျက်နှာကို အရက်နဲ့ ပက်ပြီး သူ့ ဘယ်ဘက် နားရွက်ဖျားကို သူ့ဘာသာဒါးနဲ့ ဖြတ်ပစ်ခဲ့တယ်။ မိတ်ဆွေနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ ဘာ့ကြောင့်များ နားရွက်နဲ့ အဆုံးသတ်ခဲ့ပါလိမ့်။

ရုပ်မြင်သံကြားကို ဖွင့်လိုက်တော့ လက်ဝှေ့ပွဲတစ်ပွဲ ပြနေတာကို တွေ့ရတယ်။ လူအများကို ဖျော်ဖြေမှုပေးတဲ့ အားကစားတစ်ခုမှာ ရက်စက် ကြမ်းကြုတ်မှုတွေ ပါနေတာဟာ သင့်တော်ပါစ။ ပွဲကြည့် ပရိသတ် အပေါင်းက ရင်တဖိုဖိုနဲ့ အားပေးကြတယ်။ ချက်ကောင်းကို ချလိုက်တယ်ဆိုရင် အလိုလိုနေရင်း အားရကြတယ်။ အရသာ တွေ့ကြတယ်။ ဆော်လိုက်ကွ ချလိုက်ကွနဲ့ … ရော် …. ဘာကိုများ အားကျ နေကြပါလိမ့်နော်။ ဒီ အားကစား ဒီ အနုပညာဟာ သန့်ရှင်း စင်ကြယ်မှုမှ ရှိပါရဲ့လား။ ငါသာ တန်ခိုးရှင်ဖြစ်ရင် လက်ဝှေ့ပွဲတွေကို ပိတ်ပစ်လိုက်မယ်။ လူအချင်းချင်း ညှင်းပန်း နှိပ်စက်မှု၊ ရန်ပြု တိုက်ခိုက်မှု မှန်သမျှကို ဘယ်လို နည်းလမ်းမျိုးနဲ့မှ ခွင့်မပြု။ အကျဉ်းထောင် မှန်သမျှ စစ်တပ်မှန်သမျှ ဖျက်သိမ်းကြစေ။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က နာမည်ကျော် လက်ဝှေ့ပွဲတစ်ပွဲကို ဖျတ်ကနဲ သတိရမိတယ်။ ဟိုလီးဖီးနဲ့ မိုက်တိုင်စန်တို့ ပုဝါမကူ ရေမရှုကြတဲ့ ဟဲဗီးဝိတ် ဗိုလ်လုပွဲ။ အကြိတ်အနယ် ယှဉ်ပြိုင်ကြတဲ့ ဗိုလ်လုပွဲကြီး ဇာတ်ရှိန်တက်နေချိန်မှာ မိုက်တိုင်စန်က ဟိုလီးဖီးကို နားရွက် ကိုက်ပစ်လိုက်တယ်။ ရန်ကုန်မြို့မှာ စကားတစ်ခွန်း တော်တော် ခေတ်စားခဲ့သေးတာပေါ့။ အသည်းကောင်းလို့ ပွဲတောင်းပြီးမှတော့ နားရွက် မကိုက်ကြေး …….။


အော် … နားရွက်ကို အကြောင်းပြုပြီး ပြဿနာတက်ကြတာ ပြဿနာကို နားရွက်နဲ့ ဖြေဖြရှင်းကြတာတွေလည်း မနည်းကြပါလား။ နားက နားဋောင်းကို ဖြတ်လုသွားလို့ နားပဲ့ကျန်ရစ်ခဲ့တယ် ဆိုတာမျိုးကတော့ မကြားချင်အဆုံး။

ကျနော်တို့ ဗမာရာဇဝင်မှာတောင်မှ နားရွက်ပြဿနာ ရှိသေးပါသော်ကော။ ဘုရင်နဲ့ အိမ်ရှေ့မင်းသား ညီအစ်ကိုဗျာ။ နေပါဦး။ ဘယ်သူတွေပါလိမ့်။ ခက်တာပဲ။ ဘုတ်အုပ်ကြီး လှန်ကြည့်ရဦးတော့မယ်။ ဟုတ်ပြီ။ ဟုတ်ပြီ။

မင်းယဉ် နရသိင်္ခနဲ့ ညီတော် နရပတိစည်သူတို့ လက်ထက်မှာပေါ့။ မြင်စိုင်းအရပ်က ဝါးတောထဲမှာ ကောင်မလေးတစ်ယောက် ဝါးလုံးခေါင်းထဲကနေ သံသေဒဇ ဖွားမြင်တယ်လို့ ဆိုပါရောလား။ ရာဇဝင်မှာတော့ အဲသလိုပဲ စာတင်ပါတယ်။ ယုံတာ မယုံတာတော့ ကိုယ့်သဘောပေါ့လေ။ အဲဒီ ကလေးမက ကြီးတော့ တော်တော်လှသတဲ့ဗျ။ ရွှေအဆင်းလို ဝင်းဝင်းပပလို့ စာထဲမှာ ညွှန်းပါတယ်။ သိပ်လှတော့ ပဒေသရာဇ်ခေတ် ထုံးစံအတိုင်း ကောင်းပေ့ ညွန့်ပေ့ဆိုတာကို ဘုရင်ကို ဆက်ရတာပေါ့။ ဘုရင်ဆိုတာ အကောင်းကြိုက်တတ်တယ် မဟုတ်လား။ ဒါပေမယ့် ရွှေကိုယ်တော်က အလကားရတာကို ချေးထူသေးတယ်။ မကြိုက်ဘူးတဲ့ဗျာ။ နားရွက်ပြဲကြီးနဲ့မို့ အန်တောင်အန် ချင်သတဲ့။ လာပါပြီ … နား ရွက်ပြဿနာ။ နားရွက်ပြဲမကို ညီတော် နရပတိစည်သူယူစေ ဆိုပြီး ကလေးမကို ဟင်းရွက် ကန်စွန်းရွက်လို စွန့် ကြဲလိုက်ပါတယ်။

ဖြစ်ချင်တော့ မယ်တော်က ကလေးမရဲ့ နားရွက်ကို လိုသလို ပြုပြင် လှီးဖြတ် မွမ်းမံလိုက်တဲ့အခါ ကလေးမဟာ ဘယ်မိန်းမမှ မယှဉ်သာအောင် လှသွားပါလေရောတဲ့။ ဗမာ အဘွားကြီးတွေလည်း ပလပ်စတစ်ဆာဂျရီတို့ ကော့စမက်တစ်ဆာဂျရီတို့ တတ်ခဲ့သလား မပြောတတ်ပါဘူး။ အဲဒီမှာ ပြဿနာတက်တာပါပဲ။ ဘုရင်ဆိုတော့ အလှဆုံး မိန်းမ သူပဲရချင်တာကိုး။ တတိုင်းတပြည်လုံးက အပျိုတွေကို ခေါင်းခေါက် ရွေးနိုင်ပါရက်ကယ်နဲ့ ခယ်မကိုမှ လိုချင်ရပြန်ပြီလေ။ ဒါနဲ့ ညီကို အကြောင်းရှာ ရှေ့တန်းလွှတ် စစ်တိုက်ခိုင်းပြီး၊ ခယ်မကို အပိုင်ကြံရော ဆိုပါတော့။ ညီကလည်း ရိပ်မိလေတော့ တပည့်ကို လွှတ်ပြီး နောင်တော်ကို လုပ်ကြံခိုင်းပါတယ်။ ကြည့်။ နားရွက် ပြဿနာကြောင့် ထီးပြောင်း နန်းပြောင်းတွေတောင် ဖြစ်ခဲ့သေးတာလေ။ ဒါတင် ဘယ်ကမလဲ။ ကမ္ဘာမှာလည်း နားရွက် ပြဿနာ ရှိသေးတာပေါ့။ စောစောကဖတ်တဲ့ ဗြိတိသျှ ရာဇဝင်ထဲမှာတောင် နားရွက်ပြဿနာ ပါသေးတာကလား။


၁၇၃၈ ခု ဝန်းကျင်ကာလ၊ အင်္ဂလိပ်တို့ စပိန်တို့ အကြီးအကျယ် ကုန်သွယ်ကြတဲ့ အရင်းရှင် စနစ်ခေတ်ဦးပိုင်းတုံးကပေါ့။ အင်္ဂလိပ်က စပိန်ပိုင် ပေါ်တိုဘယ်လို ဆိပ်ကမ်းကို သင်္ဘောတစ်စီးစာ ကုန်တင်သွင်း ရောင်းချခွင့် ရတယ်။ ဒါပေမယ့် အင်္ဂလိပ်တွေက သင်္ဘောတစ်စီးစာ မကဘဲ ကုန်တွေကို အများအပြား ခိုးသွင်းရောင်းချကြတယ်။ ဒါကို သိတော့ စပိန်ကလည်း အင်္ဂလိပ်သင်္ဘောတွေပေါ် တက်ပြီးရှာ ဖွေစစ်ဆေးတယ်။ အင်္ဂလိပ်ကလည်း နိုင်ငံတကာ ဥပဒေအရ ပင်လယ်ထဲ သွားလာနေတဲ့ သင်္ဘောကို ရပ်တန့်ရှာဖွေခွင့် မရှိဘူးလို့ဆိုတယ်။ ဒီလိုနဲ့ ငြင်းခုန်ကြရာကနေ တိုက်ကြ ခိုက်ကြ ရန်ဖြစ်ကြပါရော။

တရက်မှာ အင်္ဂလိပ်အသင်း သင်္ဘောမာလိန်မှုး ကက်ပတိန် ဂျင်းကင်း ဆိုတဲ့လူက ကိုယ့်နားရွက်ပြတ် ကိုယ်လက်ထဲဆုပ်ပြီး အင်္ဂလိပ် လွှတ်တော်ထဲ ရောက်လာပါတယ်။ စပိန်တွေဒါးနဲ့ခုတ်လို့ နားရွက်ပြတ်ရတဲ့ အကြောင်းကို နတ်သံနှော ပြီးပြောလိုက်တာ စပိန် အင်္ဂလန်စစ်ပွဲ ဖြစ်ခဲ့ရပါရောလား။ ကုန်သည်ကြီးတို့ရဲ့ အကျိုးစီးပွားနဲ့ အရင်းရှင် အစိုးရတို့ရဲ့ အာဏာပြိုင်ပွဲမှာ ပြည်သူတွေ မြေဇာပင်ဖြစ်ခဲ့ရတဲ့ ဂျင်းကင်း နားရွက် စစ်ပွဲအကြောင်းပါ။

တကယ်တော့ စစ်ပွဲမှန်သမျှ အသက်သွေးနဲ့ စတေးကြရတာချည့်ပါပဲ။ မလွဲမရှောင်သာ ဆင်နွဲရတဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့ စစ်ပွဲကလွဲပြီး ဘယ်စစ်ပွဲမှ မကောင်းပါဘူး။ ကိုယ့်ကိုယ် ခုခံကာကွယ်ဖို့ကလွဲပြီး လက်နက်မှန်သမျှ ဘယ်လက်နက်မ မကောင်းပါဘူး။ ခုခံကာကွယ်တဲ့ လက်နက်ကလွဲပြီးကျန်တဲ့ လက်နက်ဟာ လူသတ်ကိရိယာပါ။ နိုင်ငံတော် စစ်တပ်ဆိုတာလည်း အစိုးရတို့ရဲ့ အသုံးချစရာ ကိရိယာ တန်ဆာပလာသာဖြစ်ပြီး စစ်သားဆိုတာကတော့ အုပ်ချုပ်သူ လူတန်းစားရဲ့ ကျေးကျွန်သက်သက်ပါပဲ။ ထားပါတော့။ ကျနော်ပြောချင်တာက နိုင်ငံအချင်းချင်း စစ်ခင်းတဲ့အထိဖြစ်ခဲ့ ရတဲ့နားရွက်အကြောင်းပါ။


အော် .. နား …. နား … နား …. တော်တော် ပြဿနာ တက်ခဲ့ကြတဲ့ နားပါလား။ ဗန်ဂိုးရဲ့နား၊ ဟိုလီးဖီးလ်ရဲ့နား၊ ဝေဠုဝတီ မင်းသမီးရဲ့နား၊ ဂျင်းကင်းရဲ့နား …အော်… ရာဇဝင် စာတင်ခဲ့ရတဲ့ နားတွေ။

ဒါပေမယ့် ကျနော့်နားကို သတိရလို့ စမ်းကြည့်လိုက်တဲ့အခါမှာတော့ နားကိုက်တဲ့ ဝေဒနာ တော်တော်သက်သာ သွားတာကို ဝမ်းမြောက် ဝမ်းသာတွေ့ လိုက်ရပါတယ်။

ကိုရင်ကြက်တော