Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 


 min kyaw khine's drawing(၁) 

နိုင်လွန် လမ်းမပေါ်မှာ ဖိနပ်မပါတဲလေဟာ ဦးတည်ရာမဲ့ ရှပ်တိုက်ပြေးလွှားနေလေရဲ့ ဝါကြန့်ကြန့် သစ်ရွက်အိုတို့ ဘဝကို အရှုံးနဲ့ စွန့်ခွာခဲ့ရသူမို့ ရွှေရင်တဆို့ဆို့ မြေပေါ်မှာ လူးလှိမ့်လို့ပေါ့။ ရန်ကုန်ရဲ့ မေလ အပူလှိုင်းလုံးတွေ ထ (မောင်လေးအောင်…) မင်းအတွက် မင်းအတွက် ပင့်သက် ချီနေတာများလား။ ပူပြင်းရက်စက်တဲ့ နွေရဲ့ရင်ခွင်မှာ မင်းဟာ မင်းချစ်တဲ့ ငါတို့ကို ရက်စက်စိမ်းကားစွာနဲ့ စွန့်ခွာသွားခဲ့တယ်လေ။ ၁၉၇၇ မေလ ဟော ကြည့်စမ်းပါ ဆယ်စုတစ်ခေတ်ဆိုတဲ့ကာလ မနေ့တစ်နေကလို အလျားတိုတိုကလေးပါလား။ မောင်ယဉ်မွန် ကွယ်လွန်ခဲ့တုန်းက မင်းရေးဖွဲ့တဲ့ ကဗျာမျက်ရည်ကို အင်အားအဖြစ် ပြောင်းပစ်လိုက်တဲ့ ကဗျာ မင်းမှတ်မိနေဦးမှာပေါ့။

“ပန်းတွေ

ကြွေနေဆဲပါ သူငယ်ချင်း

ဒါပေမယ့်

ပန်းတွေ ဝေနေဦးမှာပဲ

သူငယ်ချင်း”        …. တဲ့ 

ဟုတ်ပေရဲ့

မင်းမရှိတော့တဲ့ နောက်ပိုင်းမှာ ကဗျာမုန်တိုင်းတွေ ထန်လာတယ် ကဗျာရေစီးတွေ သန်လာတယ် ဒါပေမယ့် မင်းပြောခဲ့သလို ပန်းတွေ ဝေနေဆဲပါ သူငယ်ချင်း ….။ ဖြစ်တည်မှုရဲ့ ကြောင်လိမ်လှေကားပေါ်မှာ မင်းချစ်ခဲ့တဲ့ ကဗျာ ၂၁ ရာစုမှာ ပိုပြီး ကျန်းမာလာဦးမှာပါ။

 

(၂)

မြင့်မြတ်တဲ့၊ ခေါင်းပုံမဖြတ်တဲ့၊ သွေးစုတ် မခြယ်လှယ်တတ်တဲ့၊ ရိုးသားဖြောင့်မတ်တဲ့ ကဗျာဆရာတစ်ယောက် ထာဝရ အိပ်စက်နားခိုဖို့ မြေဝသုန်ဟာ နွေးထွေးယုယစွာနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ တယ်မဟုတ်လား။ ရေနဲ့ နာမည်ရေးသူ လဲလျောင်းရာ” ကဗျာဆရာ ဂျွန်ကိရဲ့ အုတ်ဂူပေါ်က စာတန်းဟာ သိပ်ပြီးတော့ ရိုးသားပါတယ်။ တကယ်တော့ ရေနဲ့ နာမည်ကို ကမ္ပည်းထိုးခဲ့သူတွေဟာ ကက်ပလင်းလို၊ အိုက်စတာပေါင်းလို လူစားတွေ ဖြစ်တယ်။ သူငယ်ချင်းလို၊ ညီအစ်ကိုလို၊ ရဲဘော်လို၊ ချစ်ရတဲ့ မောင်လေးအောင်ရေ မင်းနာမည်ကို မင်းဟာရေနဲ့ ရေးသွားခဲ့တာ မဟုတ်ဘူး နှလုံးသွေးနဲ့၊ နှလုံးသွေးနဲ့ ရေးသွားခဲ့တာပါ။ ဆွေးနေတဲ့ နံရံပေါ်မှာ မင်းကဗျာ ရေးခဲ့တာမဟုတ်ဘူး။ သံမဏိနံရံပေါ်မှာ မင်း ကဗျာရေးခဲ့တာ ဖြစ်တယ်။ ရဲဘောကြီးရေ ပန်းတွေ ဝေလိုက် ကြွေလိုက်၊ နေဝင်လိုက် ထွက်လိုက်၊ နေ့ဖြစ်လိုက် ညဖြစ်လိုက်၊ မိုးရွာလိုက် နေပူလိုက်၊ အမူးပြေလိုက် မပြေလိုက်နဲ့ မင်းမရှိတော့တဲ့ ဆယ်စုနှစ်ရဲ့ လွမ်းမောဖွယ် အကာလ ပုဇွန်တောင်ရဲ့ ညနေခင်း မသင်းပျံ့တော့ဘူးလေ။

 

(၃)

 ဟိုးနှစ်ပေါင်းသုံးဆယ် ပန်းမြိုင်လယ်ကို အလည်တစ်ခေါက် ငါရောက်သွားတဲ့အခါ ဟင်းလင်းပြင်ပေါ်မှာ လမ်းလျှောက်ရသလို ပစ္စုပ္ပန်ကို မေ့သွားတယ်။ ရန်ကုန်အရှေ့ပိုင်း ပုဇွန်တောင်တစ်ဝိုက် ကဗျာအလံတွေ စိုက်ခဲ့တဲ့နေရာ အနာဂတ် ကဗျာမြစ်တစ်စင်း လှလှပပစီးဆင်းဖို့၊ ငြိမ်းအေးမြမြ စီးဆင်းဖို့၊ မင်းတို့ ငါတို့ရဲ့ အနှစ်သုံးဆယ်ကျော်က စိတ်ကူးနွေဦးပန်းဖူးတွေ ဝေဖို့ ဥယျာဉ်မှုးပန်းခူးစေဖို့ ရေကျော်မောင်အေးကဖေးမှာ အညာက ကဗျာဆရာ၊ ရန်ကုန်က ကဗျာဆရာ မင်းလဲပါ၊ ငါလဲပါ၊ ကဗျာဆရာတွေ ဝိုင်းဖွဲ့ ထုနဲ့ထည်တွေ အင်အားနဲ့ ဆွေးနွေးခဲ့ ဝေဖန်ခဲ့ ပြန်မရတဲ့ နှစ်ကာလတွေ။ စန္ဒရားချစ်ဆွေရဲ့ “ချစ်အားငယ်ရသူမယ်” သီချင်းတို့ နှလုံးသားတွေထဲ ခုန်ဆင်း မောင်အေးကဖေးမှာ မင်းတို့၊ ငါတို့ နားထောင်ရင်း မင့်မျက်နှာရင့်ရော်အိုမင်း အရက်ပြင်းပြင်း သောက်လိုက်ရသလိုပဲ သူငယ်ချင်းတဲ့ မင်းရဲ့ ခံစားမှု ငါအသိအမှတ်ပြုတယ် တကယ်တော့ မင်းလဲ ချစ်အားငယ်ခဲ့ ဖူးတာပဲ…..။

 

(၄)

ရဂုံစံ ချစ်စရာ တပည့်တို့မှာဖြင့် ဥုံအရဟံ သစ္စာကတိတွေနှင့် ဂဠုန် သရဏံ ဂစ္ဆာမိကြပေတော့ မဟာမှိုင်း ကဗျာကို တတွတ်တွတ် ရွတ်ဆိုရင်း မဟာမှိုင်း ကဗျာလမ်းတလျှောက် မင်းတို့၊ ငါတို့ ဆက်လျှောက်ရမယ် သူငယ်ချင်း ….. တဲ့။ မင်းရဲ့ အလေးအနက်စကား ငါ့နှလုံးသားထဲမှာ တစ်လုံးတစ်ပါဒ အက္ခရာမပျက် ကျီးပေါင်းတက်နေပေါ့။ ဗန်းမော်တင်အောင်ရဲ့ အညတရ ကြက်တောနဲ့ ပြည်တော်သာ ခင်ခင်ဦးတို့ နှလုံးသားတွေထဲ စူးခဲ့ဖူးပါတယ်။ မူးခဲ့ဖူးပါတယ်။ နန္ဒမိတ်ရဲ့ နန္ဒပုလဲ၊ ဒဂုန်တာရာရဲ့ ညိုမီကုမ္ဘဏ် တော်လှန်တဲ့ ဇာတ်ကောင်စရိုက် မင်းတို့၊ ငါတို့ သိပ်ကြိုက်ခဲ့ကြတယ်။ မြတ်လေးရဲ့ ပင်လုံထိပ်ထားဦး၊ မြသန်း(တင့်)ရဲ့ လိုက်ခဲ့တော့ မြနန္ဒာ၊ ရှမ်းရိုးမရဲ့ ကဗျာ တို့ သွေးကြောထဲစိမ့်ဝင်လာ မြေပြန့်ကိုသာ ဆင်းခဲ့ပါ ရှမ်း၊ မြန်မာ ချစ်ကြည်သွေးစည်းရေး ပဒေသရာဇ် ဆန့်ကျင်ရေး ငါတို့ သွေးတွေ ဆူလာတယ်။

 

(၅)

ကြီးတစ်နှစ်၊ ငယ်တစ်နှစ် မောင်ဆိုတဲ့ ကလောင်နာမည် ခေတ်ပြိုင်ခေတ် ကဗျာစစ်မျက်နှာပေါ် ရောက်ခဲ့ကြတာ နှစ်သုံးဆယ် ကျော်ပြီ။ မောင်ဆွေတင့်၊ မောင်မြင့်မြတ် ခုထိ ကဗျာစပ်နေတုန်း။ မောင်ကြည်မွန် ဆရာဝန်တစ်ဖြစ်လဲ ကဗျာရေးနေတုန်းပါပဲ။ မောင်ယဉ်မွန် မရှိတော့၊ မင်းလဲ မရှိတော့။ တစ်အားလျော့သွားပြီပေါ့။ တိုင်းရင်းမေ ကဗျာလှေကားထစ် တစ်ထစ်ချင်း တက်ခဲ့ကြ။ လတ်ဆတ်နုပျိုတဲ့ ဘဝ၊ ကဗျာ ဓားတွေ သွေးခဲ့ကြ။ တမ်းမိတိုင်း ရင်လှိုင်းထ။ လူထုဂျာနယ်၊ ပြည်သူ့ ဂျာနယ်၊ ပြည်တော်သစ်ဂျာနယ်၊ ကဗျာပင်လယ် မုန်ယိုထ ကဗျာငါးမန်းတောင် ချွန်မြမြ။ မင်းတို့၊ ငါတို့ ရှေ့တန်းက။ လွမ်းမောဖွယ် နှစ် “၇၀” ကာလ ခဏလောက် ပြန်လိုချင်တယ်။ ကဗျာတစ်ပုဒ် တစ်ဆယ်၊ အရက်တစ်ပက် ပြားသုံးဆယ်၊ အံ့သြကုန်နိုင်ဖွယ်။ တမ်းတမိတယ် ရဲဘော်ရယ်။ ထမင်းတစ်ပွဲ တစ်ကျပ်ခွဲလေ ရေခဲရေ အဝသောက် ငါးပြား၊ ဒူးယားတစ်လိပ် ဆယ့်ငါးပြား၊ ဆင်ဖြူစီးမလား၊ ဆင်မည်းစီးမလား၊ မြင်းဖြူစီးမလား၊ မြင်းနီစီးမလား၊ နဂါးစီးမလား၊ ငါးပြားခရီး ပေါပါဘိ။ နှစ် ၇၀” ရဲ့ ကဗျာလှိုင်းလုံး တဝုန်းဝုန်း ရိုက်ပုတ် အဟောင်းတွေ မြေမြုပ် အစဉ်အလာ ကဗျာကျောက်ရုပ်တွေ ပြိုကျ။ လွတ်လပ်ကဗျာ “အော်ရိုလာ” အမြောက် ပစ်ဖောက်လိုက်တဲ့အသံ ပဲ့တင်ထန် မြည်ဟိန်း၊ ပတ်စာခွာ ဖျာသိမ်းခဲ့ပြီ။ အားနှင့်မာန်နှင့် နိုင်ငံတကာ တို့ကဗျာတွေ ဝေဝေဖူးမြိုက် ခက်ချင်းကြိုက်သည် အမှိုက်စုတ်ဟု နှုတ်ညစ်ဆိုမဲ စွပ်စွဲရဲသည် ဆိုဆဲရုံမျှ တို့အလှကို သင်ကဖျက်ဆီးနိုင်အံ့ လော။ ခေတ်ကဗျာကို မျက်နှာမသစ် မျက်ချေးညစ်နှင့် ဗဗျစ်ရှောက်တောက် ဝေဖန်ကောက်သည် ကြောက်ရွံ့နေသော အသင်။ ထိုကဗျာကို လုရန်အားပြင် အို အသင် ဆင်ခြင်မဲ့ လေပြီ။ လွတ်လပ်ကဗျာ နိုင်ငံတကာ ကဗျာဘက်က လှလှပပ မင်းခုခံခဲ့တယ် မင်းတာဝန်ကျေခဲ့တယ်။

 

(၆)

မင်းရဲ့ နောက်ဆုံးနေ့ကို လိုက်ပို့တုန်းက အံတကြိတ်ကြိတ်၊ မျက်ရည်တဖိတ်ဖိတ်၊ ဒေါသကို မျိုသိပ်ထားခဲ့ တို့ရဲ့ အချစ်ဆုံး လင်းယုန်ကြီး ဗန်းမောင်တင်အောင် ပြည်သူ့ ကလောင်တစ်ချောင်း မြေမှာ ထာဝရ လဲလျောင်းစက် တို့ကို နှုတ်ဆက်သွားခဲပြီ .. ။ ရဲဘော်ကြီးရဲ့ နောက်ဆုံးနေ့ ပြည်သူတွေ မျက်ရည်ဝေ့ကြ နှင်းဆီထုံတဲ့ ညနေခင်း လူသားတစ်ယောက် ဆုံးရှုံးခြင်းထက် အတိုင်း အဆမရှိ အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်တယ်။ ဒေါင်းကြီး။ လေးအောင် ဒေါင်းတွေ ထောင်တော့ မောင်သင်းခိုင်က ဒေါတွေပွပြီး ဘဝဆိုတာ။ ဘာညာတာနဲ့ ဝေဖန်လေကန်ခဲ့ပါသည်။ တို့ အစ်ကို နေသွေးနီရဲ့ ကဗျာတစ်ပုဒ် ငါ့ရင်ကို ကိုင်လှုပ်သွားတယ်။ သြော် …… ငါ့ညီရယ် သင့်ရယ်သံများ ငါ ကြားယောင်သေး ဘဝကြွေးဆပ်၊ မကျေနပ်သမျှ လောကဦးမခိုက်၊ အရွဲ့တိုက်ခဲ့ လမိုက်ညမှာ၊ သင့်ကဗျာကို ဖတ်ကာသေမင်း၊ သက်ပြင်းချသံ စောင်းသံထင်မိ သင့်အဘိဓမ္မာ ငါအသိဆုံး သင့်အပြုံးကို နောက်ဆုံးဂုဏ်ပြု ဤစာစုဖြင့် လွမ်းသူပန်းခွေပို့ လိုက်သတည်း။ မင်းကွယ်လွန်ခဲ့တုန်းက မင့်အတွက် ရေးလိုက်တဲ့ကဗျာ တို့ အစ်ကိုဒေါင်းရဲ့ ကဗျာ မင်းရောက်လေရာအရပ်က အခေါက်ခေါက်အခါခါ ဖတ်ကြည့်စမ်းပါ။ ဆေးရုံပေါ်မှာ နောက်ဆုံးနာရီ နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့် နောက်ဆုံး ထွက်သက်အထိ ကဗျာကို နှလုံးသွေးနဲ့ ရေးသွားခဲ့တဲ့ အစ်ကိုဒေါင်းတစ်ယောက် မင်းရှိတဲ့နေရာ ရောက်နေပြီ မဟုတ်လား။ တလေတစား ကြိုဆိုလိုက်စမ်းပါ။ မင်းချစ်တဲ့ ဒဂုန်တာရာ ငါတို့ ချစ်နေသေးတဲ့ ဒဂုန်တာရာ၊ ငါတို့ရဲ့ မီးရှူးတန်ဆောင် စာပေသစ်ခေါင်းဆောင် ပန်းနုရောင် ရုပ်ပုံလွှာ စက်ရုံကျေးလက် မဲဇာမှာ စိမ်းမြ လတ်ဆတ်နေတုန်းပါ။ အလင်္ကာလေသင်တုန်း။ တဝုန်းဝုန်း တိုက်နေတုန်း။

 

(၇)

မင်းမှတ်မိသေးသလား တို့အစ်ကို နေသွေးရဲ့ တာမွေ အိုးသူလမ်းကြား၊ မြို့နေဆင်းရဲသားရပ်ကွက် ဗွက်တောရွံ့ တောထဲမှာ မင်းရယ်၊ ငါရယ်၊ ရွှေရရယ်၊ သံသေးသံညောင် ကျယ်လောင် .. ကျယ်လောင် မူးကြောင်မူးကြောင်နဲ့ သီချင်းဟစ်ခဲ့တဲ့ ညများ၊ အမူးလွန်ခဲ့တဲ့ ညများ၊ မင်းသတိရသေးရဲ့လား။ မောင်လေးအောင်ရေ အကိုနေသွေးရဲ့ ရပ်ကွက်၊ မင်းနာမည်ပေးထားတဲ့ (ဂေါ်ကီ ရပ်ကွက်) ပဉ္စလက်ပြလိုက်သလို ခုဆို ဟင်းလင်းပြင်တစ်ဖြစ်လဲ ပြာပုံပဲ ကြွင်းကျန်ခဲ့။ အစ်ကိုနေသွေးရဲ့ ဘဝပန်းချီကား ဆေးရောင်တွေ လွင့်ပြယ်သွား “ဂျွန်မီတန်”ကဗျာ ဖြစ်လို့သွား။

 

(၈)

ဒုက္ခဆိုတဲ့ ဆင်းရဲမှုတရား။ မောင်လေးအောင်ရေ မင်းမခံစားရတော့ဘူး။ လွတ်ရိပ်သာဦးဆီ မင်းပျံသန်းလို့ သွားပြီလေ …။ တို့တစ်တွေသာ မင်းနောက်ဆုံးရေးသွားတဲ့ ကျွန်တော်တို့ရဲ့ အနှစ်နှစ်ဆယ်ကျော် ကဗျာထဲကလို ကဗျာကို ချစ်နေဆဲပါ။ ဘာတဲ့ မင်းရဲ့ ကဗျာ နေသွေးနီ မောင်သင်းခိုင် အခိုင်အမာ ကဗျာကို ချစ်သူတွေ။ ကဗျာဆိုတဲ့ အချစ်ဦး ငါဘယ်တော့မှ မခွဲဘူးမှတ် ကဗျာနဲ့ ပတ်သက်လာရင် ဆင်ခြင်တုံတရား ထားသင့်မှထားမှာပဲ။ နှလုံးအိမ်ထဲက တမ်းတရတဲ့ .. မောင်လေးအောင်ရေ ငါ ပျဉ်းမနားမှာ ရှိနေတယ် … မောင်လေးမွန်လဲ ရှိနေတယ်။ ပျဉ်းမနား အစိမ်း ထူပိန်းပိန်းထဲမှာ ကဗျာတွေရှိနေတယ် ပျဉ်းမနားရဲ့ တောနဲ့ တောင်က ငါကိုပွေ့ ဖက်တားကြသမို့ ငါရုန်းထွက်လို့ မရဘူး။

 

(၉)

မောင်လေးအောင်ရေ

နွေနှောင်းမေလ

မှိုင်းတပျပျအုံ့ဆိုင်း

အနောက်တောင်အရပ်က

မိုးကြိုမယ့်မုန်တိုင်း

ကဆုန်စိုင်းလို့လာတော့မယ်။

မောင်သင်းခိုင်

(၁)John Keats (1795-1821)

(၂)Ruyard Kipling (1865-1936)

(၃)Eza Pound (1885-1973)

(၄)ကဗျာနှင့် သစ်ဆွေးခက် ၁၉၇၂ခု၊ ဧပြီ မိုးဝေ

(၅)နေသွေးနီ (နီလာ ကဗျာများ)

(၆)သူရာတေလေ၏ ယာယီအိမ်မှ ထာရ နိဗ္ဗာန်သို့၊ ဒေါင်းနွယ်ဆွေ၊ ၁၉၇၇ ဇွန်၊ ရှုမဝ။

(၇)John Milton (1608-1674)

မှတ်ချက်။            ။၁၉၈၈ သြဂုတ်လထုတ် ရင်ခုန်ပွင့်မဂ္ဂဇင်းမှာ ပုံနှိပ်ဖြစ်ခဲ့တဲ့ ကဗျာရှည်” ကို “စကားပြေ” ပုံစံ ပြန်လည် ပြုလုပ်ထားပါတယ် ….. ။