Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

    (သရုပ်ဖေါ် ဒီဂျစ်တယ်အနုပညာကိုထိုက်)   

မသိစိတ်ရှာပုံတော်။ အစက ဒီစာအုပ် လက်ထဲရောက်လာတောစ ဆုံးဖတ်မလို့ပဲ။ သုံးမျက်နှာလောက် ဖတ်ပြီးတော့ ဆယ်စုနှစ်တစ်ခုလုံးဖြစ်ခဲ့တဲ့ မသိစိတ်ရောဂါစေညွှန်ရာအတိုင်း ငါ့အတွက် အရေးကြီးတာက ကဗျာနှင့်ကဗျာရေးရာဆိုပြီး ဒီတစ်ခေါက်လည်း ရောက်ရှိရာ စာမျက်နှာကို ခဏခေါက်၊ တစ်နေနှစ်ကြိမ် ထမင်းအိုးအဖုံး ဖွင့်သလို Equalsignpoetryetics.com  ကို အလောတကြီး ဖွင့်လိုက်တယ်။ အဲဒီ့ဆိုဒ်က ဆွဲချလာပြီး ပြန်စုပေါင်းထားတဲ့  မိုက်ခရိုဆော့ဖ်ဝါ့ခ်ဖိုင် ကျွန်ုပ်၏ ကွန်ပြူတာထဲမှာ ရှိပါတယ်။ အပြန်ပြန်အလှန်လှန် ဖတ်ပါတယ်။ ရည်ရွယ်တာက နိုးကြားရေးပဲ။ ဒါပေမယ့် ရှော့ခ်များသွားတော့လည်း မရည်ရွယ်ပဲ သတိလစ်ချင်လာတယ်၊ ကျွန်ုပ်၏ ကွန်ပြူတာ အပျော့ထည်ပိုင်း လေးလံလာတယ်။ ဒါဖြင့် မူလအသံ ဆိုတာဘာလဲ ဦးအောင်ချိမ့်ကိုယ်တိုင် ကိုယ်တွေ့ ပြောတာက ပေါ့လတိစ် တဲ့၊ ကဗျာမှာ သရုပ်မှန်ပြီး ဆယ်ရီလစ်၊ ဆယ်ရီလစ်ပြီး သရုပ်မှန်၊ ဒါပေမယ့် အရင်ဆယ်ရီလစ်ရော အရင်သရုပ်မှန်ရော မဟုတ်တော့ဘူးဆိုတဲ့ သူ့ ထုံးစံအတိုင်း တိုထိပြတ်သား မှတ်သားဖွယ်ရာ အသည်းစွဲ ကဗျာဆရာ။ ကျွန်တော်ကတော့ ၉၇ လက်ရွေးစင်ကို ပြန်လှန်တယ်၊ ဂျွန်လကို ပြန်လှန်တယ်၊ သစ်ရွက်အသေကို ပြန်လှန်တယ်၊ တော်လှန်ကို ပြန်လှန်တယ်။ အချိုး၊ တေးထပ်၊ လေးလုံးစပ်၊ ပကိဏ္ဏက၊ သီချင်းကြီး၊ ကြောက်မက်ဖွယ် ကဗျာသုတ် ဝိနည်း အဘိဓမ္မာ ဖြစ်နိုင်ရင် အကုန်ပြန်လှန်ထား။ သျှင်ဥတ္တမကျော်၊ မောင်ကျဘမ်းကအစ ဆီးဘန်းနီနှင့် မန်လည်ဆရာတော်များအလယ်၊ တာရာ၊ သိန်းဖေမြင့်၊ မြသန်းတင့် အဆုံး အပြန်ပြန်လှန်လှန်ထား၊ မျက်မှောက်ကာလကြီးရဲ့ နှလုံး သွေးတိုး ဆီးချို သွက်ချာပါဒ ကိုးဆယ့်ခြောက်ပါး ရမ်သမ်ကိုလည်း မျက်စိဖွင့် နားစွင့်ထားပေါ့။ ကျမ်းစာလာဥပဒေ စည်းကမ်းတို  ပြန်လှန်ကြည့်ရမယ်၊ တော်လှန်ကြည့်ရမယ်၊ ကျော်လှန်ကြည့်ရမယ်။ မြင့်သန်း၊ မင်းခက်ရဲ စသဖြင့် အထောက်အကူ ရှိပါတယ်။ စာအုပ်စင် အပေါ်ဆုံးထပ် ခေတ်စမ်းမှသည် ခေတ်ပေါ် ယနေ့ နှောင်းခေတ်ပေါ်တွေတော့ သင်ရိုးကုန် အာဂုံဆောင်ပြီးသားပဲ။ လူတစ်ယောက်ရဲ့ ကဗျာပြောရေးဆိုခွင့်ဟာ ဒီအပေါ်မှာ မူတည်တယ်လို့ ကျုပ်ဘက်က ယုံကြည်တယ်။ ကဗျာရေးသက်တို့ ကဗျာပါရမီရှင်တို့ ငါရေးမှကဗျာတို့ နဖူးချွေးပြန် သင်္ချာကဗျာတို့ ကမ္ဘာလုံးထဲဆိုင်ကယ်စီး သိပ္ပံကဗျာတို့ ပို့စ်_ပို့စ်_ပို့စ်မော်ဒန်ကဗျာတို့ နာ့လောက်တော်သူမရှိ နာ့ လောက်တတ်သူမရှိ ဆရာတကာ့ဆရာမှာ နာ့ ဆရာအတော်ဆုံး တပည့်တကာ့တပည့်မှာ နာ့ တပည့်အတတ်ဆုံး အွန်လိုင်းပေါ်က သားသား မီးမီး ကိုကို မမ ဦးဦး ဒေါ်ဒေါ်တို့ရဲ့ အပြန်အလှန်ရှယ်ကြ ရှယ်ကဗျာတို့ …. အိုဘယ့် ကဗျာမဟာယာနအပေါင်းတို့၊ သင်္ကြန်အမြောက်သံဆိုတာ အခုမှကြားဖူးတာမဟုတ် ခေတ်အဆက်ဆက် ကဗျာဖွဲမီးပေါင်း သောင်းခြောက်ထောင်မက လောင်ကျွမ်းပြီးစီးခဲ့လေပြီ။ ဒေသမဂ္ဂဇင်းသည်လည်း ဖွဲမီးနှင့်ရေပွက်ပမာ ဆိုသည့်အဖြစ်ကို မမြင် လူတို့၌ရှိတတ်သည့် အတ္တဘဝအမှန်ဝါဒ အစွန်းအတိုင်း တိုင်းမ်နှင့် ဒိုင်ဂျစ် မဂ္ဂဇင်းနှစ်ပတ်လည်အလား ထင်မှတ်ကြီးကျယ်နေကြရာ ငါနှုတ်ထွက်ပေးမှ အေးတော့မယ်။ သင်တို့ ဆယ့်လေးငါးယောက်ပေါင်းမှ ရန်သူငါ့တစ်ယောက်ကို အောင်နိုင်မယ်ဆိုလည်း ပေါင်းကြပေါ့။ ငါ့မှာ ရန်သူမျိုးငါးပါးမက၊ ညမီးကင်းစောင့်ရန်၊ ည သူမဆီ တစ်ခေါက် ချစ်ခင်သနား ကြင်နာလွမ်းဆွတ်အံ့သြရန်၊ အချိန်နှင့် ဇယားနှင့် အလုပ်သင်နှင့် ဝန်ထမ်းဘဝ ဝင်ရောက်ရန်(မဝင်ရန်) ကိုယ်ပိုင်ကွန်ပြူတာမှာပဲ လက်ဖက်ရည်ဖိုးရရုံ ခိုးကူးသွင်းပေးရန်၊ ရန်အသွယ်သွယ်နဲ့ ကျွန်ုပ်၏ ကွန်ပြူတာ လောလောဆယ် ယူပီအက်စ်ထဲက ဘက်ထရီတစ်လုံးလဲရန်။ Please Give ဆိုတဲ့ ရုပ်ရှင်က အခုမှ ထွက်လာတာပါကွာ။ မှတ်တမ်းမှတ်ရာတွေထဲ ပြန်ကြည့်လို့ ဓါတ်ပုံအယ်လ်ဘမ်တွေထဲ ပြန်ကြည့်လို့ ငါမင်းအပေါ်မှာ ခေတ်အဆက်ဆက် ဘဝအကွေ့ကွေ့ လူမျိုးဘာသာမရွေး ရာထောင်ချီ အသိမိတ်ဆွေတွေအပေါ်မှာ ငါ့ဘက်က မိတ်ဆွေတို့ ဝတ္တရားပျက်ကွက်ခဲ့တာရှိရင် ထောက်ပြနိုင်ပါတယ် အချစ်ရယ်။ ဒီနေ့မှာ အဲဒီကောင်ကြီး ပြန်ရလိုက်တာက အိမ်မှာနေ့ လည်နေ့ခင်းဆို တစ်ယောက်တည်း  S.O.A.D ရဲ့  lonely day ကို Repeat လုပ်ပြီး အသံကုန်ဖွင့် နားထောင်နေရတာပါပဲကွယ်။

မှတ်ဉာဏ်၊ ဆက်စပ်တွေးခေါ်ဉာဏ်၊ စိတ်ကူးယဉ်ဉာဏ် အိုက်ကျူသုံးခန်းရှိတဲ့အနက် ငါ့မှာ ဘယ်အခန်း မသန်စွမ်းပြီး ဘယ်အခန်း ကျန်းမာသလဲ ငါမပြောနိုင်ပေမယ့် ငါ့အသည်းနှလုံးကိုတော့ နိုင်ငံတကာအဆင့်မီ အရည်သွေးများနှင့် ပြည့်စုံကြောင်း အာမခံပါရဲ့။ အသည်းက ပြောသောစကားကို နားထောင်ပြီး လူ့ပတ်ဝန်းကျင်ကြား ကျင်လည်ခဲ့ရုံပါပဲ။ ဒီ”ထဲသိုသိုလှောင်ထားသမျှ လေးငါးခြောက်နှစ်စာ ရာနဲ့ချီ ဓာတ်ပုံဖိုင်တွေထဲက ဗင်နိုင်းနဲ့ဖြစ်ဖြစ် အလှဘောင်သွင်းလို့ ဖြစ်ဖြစ် ပလတ်စတစ်လောင်းပြီး ဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ အသိမိတ်ဆွေနှင့် အမျိုးများအား အမှတ်တရ အချောင်ကူးပေးချင် နေမိပြန်။ အဖေခရီးသွားနေစဉ်က တောက်လျှောက်ရိုက်ကူးခဲ့သမျှ သဘာဝနဲ့ တိုင်းရင်းသား အလှပုံများအပါအဝင် ကျွန်ုပ်ကိုယ်တိုင်ရဲ့  လျှပ်တပြက်ရိုက်ချက်များရော ပေါင်းစုပြီး မြို့မှာ ဒီအတိုင်း အသက်ရလာတာနဲ့စာရင် ဓာတ်ပုံပြပွဲလေးတစ်ပွဲလောက် လုပ်ပြချင်သေးသော်ငြားလည်း အတွေ့အကြုံအရ အဖေ့ဆီက လိုအပ်သမျှ ဘတ်ဂျက်ကို တစ်ချိန်တည်းမှာ တပြိုင်နက်ထုတ်လို့ မရနိုင်မှန်း သိနားလည်ထားလေတော့ နှစ်ကုန် ရန်ကုန်လေ့လားရေးနှင့် အလည်ပတ်ခရီးစဉ်ကိုပဲ Cancel လုပ်ရမလား၊ ဟဒစ် နှစ်ထောင်ဂစ်ပီစီ တစ်စုံပဲ အရင်တပ်ဆင်ရမလား၊ မြို့တော်ရန်ကုန်မှာပဲ ငါ့အတွက် အံ့ဖွယ်သုတ ဆပ်ကပ်အဖွဲ့ပမာ မြို့တော်ရန်ကုန်သူ ရန်ကုန်သားများ နည်းတူ ကြိုးတန်းပေါ် လမ်းလျှောက်ရင်း တစ်နေ့နေ့ တစ်ချိန်ချိန် အိမ်နီးချင်းနိုင်ငံတစ်ခုခုမှာ အကောင်းဆုံးမှတ်တမ်း ရုပ်ရှင်တိုဆုလေး ရလိုရငြား သွားနေရမလား။ အိမ်ထောင်ဦး ဇနီးမောင်နှံဘဝ စမယ်ဆို သုညက စ ရမယ့် သူမနဲ့ မင်္ဂလာရှိအောင် ဆောင်ယူလာရေး စီမံကိန်းကို ဘယ်ကြားမှ ထိုးထည့်ထားလို့မရ၊ ဘယ်နားမှ ဖုံးဖိထားလို့မရ၊ ထိုးထိုးထောင်ထောင်၊ ဘာသာရေး၊ ဂန္ဓဝင်၊ စာတမ်း၊ ဘာသာပြန်၊ ဝတ္တုတို၊ အက်ဆေး၊ ဆောင်းပါး အခန်းထဲမှာ ဖတ်လက်စ စာအုပ်တွေ ဟိုတစ်အုပ် ဒီတစ်အုပ်၊ ကြည့်ရန်ကျန်နေသေးသော ရုပ်ရှင်အချပ်တွေ အထပ်လိုက်၊ နားထောင်ရအုံးမယ့် အမျိုးစားစုံ အော်ဒီယိုတွေ ၅၀၀ ဂစ် ဟဒစ် တစ်လုံးနဲ့ အပြည့်။ စားပွဲပေါ်မှာ ရုပ်ရှင်/တေး/ကဗျာနဲ့ ပတ်သက်လို့ လေ့လာမှတ်သား မှတ်စုထုတ်ရန် စာရွက်စာတမ်းဖိုင်တစ်ထပ်။ ပေးပို့ ရန် စာမူမိတ္တူတစ်ထပ်။ ဆယ်စုနှစ်တစ်ခု လွန်လေပြီးသည့်တိုင် လက်စမသပ်နိုင်သေးသည့် Jigsaw ဉာဏ်စမ်း အရုပ်ဆက် ကဒ်ထူပြားတစ်ခု။ လမ်းစပျောက် အိပ်ခ်မျိုးဆက်တွေနဲ့ရော အနီကြောင်တွေနဲ့ရော မတူတာက ငါက ပီဇာအရသာကို သိတယ်။ ငါက လေဒီဂါဂါ အရသာကိုသိတယ်။ ငါက ဝိကိလိခ် အရသာကို သိတယ်။ ငါက ဒါရိုက်တာ အယ်လ်ဂျန်ဒရိုဂွန်ဇာလစ်ဇ်အိနာရစ်တူးရဲ့ အရသာကိုသိတယ်။ ငါက ဆဲဗင်းစတားဟိုတယ်ရဲ့ အရသာကို အာရုံငါးပါးစလုံး သိတယ်။ ငါက မတူကွဲပြားတဲ့ လူတွေဆီမှာ မတူကွဲပြားတဲ့ အရသာကိုယ်စီရှိတာ သိတယ်။ ထို့အတူ မိဘနှစ်ပါးရဲ့ သားအပေါ် စိတ်တိုင်းမကျမှုနဲ့ စိတ်မချိနိုင်မှုကို သိတယ်။ မိန်းကလေးထဲက မိန်းကလေး သူမရဲ့ ဆန္ဒနဲ့ဘဝကို သိတယ်။ အချိန်ကိုက်ဗုံးနဲ့ တူသည့် ခန္ဓာရရှိထားသော အကြောင်းကို သိတယ်။ ကျိန်စာနဲ့ သီးခြား လက်ရာဆန်သည့် ဘဝကံကြမ္မာတို့၏ အကြောင်းရယ်လို့ အသိရှိတယ်။ ယုံကြည်တယ်။ အယူသီးတယ်။ အယူပွင့်တယ်။

၂၀၁၀ ဒီဇင်ဘာရဲ့ နောက်ဆုံးနေ့ ရက်တွေမှာ ကျွန်တော်တို့မြို့ဟာ အလွန်ချမ်းအေးနေတယ်။ ကျွန်တော်က ဘေးဘက်လေးတန် အခန်းတစ်ခန်းထဲမှာ ထိုင်နေတယ်။ ခြင်လုံဇကာတပ် ပြတင်းပေါက်ကနေ လေအေးတချို့ ဝင်လာနေတယ်။ ကျွန်တော်က တိတ်ဆိတ်အေးမြတဲ့ ညရဲ့အရသာကို ခံစားနေတယ်။ ဒါပေမယ့် ခံစားမှုဆိုတာ အကြားအလပ်မရှိ ဖြစ်နေတာမဟုတ်သလို သေချာခိုင်မာနေတဲ့ အစိုင်အခဲတစ်ခုမှ မဟုတ်တာ။ စိတ်ကျန်းမာရေး ရှုထောင့်အရဆို ဟုတ်သလိုလိုရှိပြီး လူမှုရေးရှု့ထောင့်ကကြည့်ရင် ပြဿနာရှိတဲ့ လူတွေရဲ့ မရှိမဖြစ် အတ္တဟာ ထူးဆန်းတဲ့ နာမ်ပိုင်းဆိုင်ရာ ဝိဉာဉ်လိပ်ပြာ အစရှိသည်တို့လို လူတွင်တွယ်ကပ်နေပြီး ကိုယ့်ဘဝတလျှောက်လုံး ပိုးမွေးသလို ရင်နင့်သည်းချာ မွေးမြူခဲ့ တာကြောင့်လည်း လူ့အသက်အရွယ်နဲ့ အလိုက် ဒါမှမဟုတ် တချို့ အတွက်ဆို လူ့ အသက်အရွယ်နဲ့ မမျှအောင် ကြီးထွားနေတတ်တယ်။ လောကအမြင်(ဝါ)တလောကလုံး အမြင်တို့ အမှန်အမှားတို့ ဆိုတာတောင် ကိုယ့်အတ္တနဲ့ ယှဉ်ပြီး ဖြစ်ပေါ်တည်ရှိနေတာပါပဲ။ ဒါကြောင့်မို့ပျော့ လွယ်ပြောင်းလွယ်တဲ့ အတ္တရှိသူ ရောယှက်ဖလှယ်မှုပြုလို့ရတဲ့ အတ္တရှိသူတွေကလွဲရင် လူတွေဟာ အတ္တချင်း ထိပ်တိုက်တွေ့ ပဋ္ဋိပက္ခတွေဖြစ်ပြီး နောက်ဆုံးမှာ ကိုယ့်အတ္တကိုယ် ကာကွယ်ဖက်တွယ်ပြီး နေလိုက်ကြ သေလိုက်ကြတာပါပဲ။ အရာရာကို စွန့်လွှတ်ချင် စွန့်လွှတ်လိုက်မယ်၊ ငါ့အတ္တလေးတော့ အထိမခံနိုင်ဘူးပေါ့။ အဲဒီလို။ အခု ကျွန်တော်လည်း အတ္တကြီးနေတယ်။ ကျွန်တော့် အတ္တဟာ ဖောသွပ်အဆီအစ်ပြီး ဝဖိုင့်ဖိုင့်ကြီး ဖြစ်နေတယ်။ ရူးသွပ်မိုက်မဲပြီး အသက်မဲ့တဲ့ လူသားမျက်နှာနဲ့ ခြေလက်မဲ့ ဝိဉာဉ်ဆန်ဆန် အချိုးအစားနဲ့ ဧရာမရေသတ္တဝါ အသေကောင်ကြီး တစ်ကောင်လို ပုံပန်းသဏ္ဍာန်ရှိတဲ့ ခန္ဓာကိုယ်အလျားလိုက်ကြီးကို ဒေါက်တိုင်သေးသေးလေးတွေနဲ့ ထောက်ထားတဲ့ ဆာဗေဒါ ဒါလီရဲ့ ဆာရီရယ်လစ် ဓာတ်ပုံပန်းချီကားတစ်ချပ်ကို မြင်ယောင်မိတယ်။ အခု ကျွန်တော်က ကျွန်တော့်ရဲ့ လေးဘက်လေးတန် အခန်းကျဉ်းလေးကို ကမ္ဘာလို့ ထင်နေတယ်။ လောကကြီးဆိုတာ ကျွန်တော်ဖြတ်သန်းခဲ့သမျှ ကျွန်တော့်ဘဝလောက်ပဲလို့ ထင်နေတယ်။ သန်းပေါင်းခြောက်ထောင်ကျော်ရဲ့ ဘဝနဲ့ အနန္တစကြဝဋ္ဌာကို ကျွန်တော်မေ့ပြီး ဒီငါတကောကောနေတဲ့ အရေးအသားကို ပုံကြီးချဲ့ ရေးနေမိတာပဲ မဟုတ်လား။ ဒါဟာ ရယ်စရာကောင်းတဲ့ အဖြစ်ဆိုရင် သဘာဝတရားဆိုတာ ကြောက်မက်ဖွယ်ရာ ဟာသအမြောက်ဆုံး ပြဇာတ်တစ်ခုပဲပေါ့။ ကျွန်တော်က ဒီအဖြစ်ကို မနှစ်မြို့ဖြစ်လာလို့ ကျွန်တော့်အတ္တကို ကြီးသောအတ္တငယ်စေ ငယ်သောအတ္တပျောက်စေ ဒါမှမဟုတ် တခြားသော အတ္တတွေနဲ့ ဆက်သွယ်ရောယှက်ပြီး သီးခြားအတ္တကို မှေးမှိန်ဖျော့တော့စေဖို “ငါ့” အခန်းရဲ့ အပြင်ဘက်ကို ထွက်ဖို့ လုပ်လိုက်တယ်။ လျှပ်စစ်မီးချောင်းရဲ့ အလင်းရောင်နဲ့ လင်းနေတဲ့ ကျွန်တော်အခန်း အတွင်းဘက်ကနေရပ်ပြီး အခန်းတံခါးကို ဖွင့်လိုက်တော့ အခန်းရဲ့ တခြားတစ်ဖက်မှာ အေးစက်နက်မှောင်နေပြီး အရှေ့နောက်လည်းမရှိ အထက်အောက်လည်း မရှိ အဖြူအမည်းလည်းမရှိ အမှန်အမှားလည်းမရှိ အဓိပ္ပာယ်လည်း မရှိ ရှိလိုရှိရင်လည်း အဓိပ္ပာယ်တစ်ခုရှိလာအောင် ကြိုးစားစုဖွဲ့ တည်ဆောက်နေရဆဲ အခြေအနေမှာပဲ ရှိနေတဲ့ အာကာသ တစ်ခုကို တွေ့ လိုက်ရတော့တယ်။

 မောင်ယုပိုင်

၂၀၁၀ ဒီဇင်ဘာ