ခဏတော့ ငြိမ်နေလိုက်အုန်းမယ်ပေါ့ သူ့အတွေးအကြံက ပါးပါးကလေးတွေ ရှပ်လှီးချလိုက်ပြီး ဘာမှ
စိတ်မပူနဲ့တော့ လေတချက်အဝေ့မှာ ကိစ္စများမြောင်လူတို့ဘောင်ဟာ လှုပ်ခါသွားတယ် ပေါင်မုန့်ပဲ
ခေါ်ခေါ် ဆင်းန်ဒဝစ်ခ်ျ ပဲဆိုဆို ပန်းကန်ထဲမှာ လက်ရာမြောက်နေ ခွက်တွေမြှောက်လိုက်ကြပြီး
ဆုမွန်ကောင်းတောင်းကြတယ် ပြီးပြီ ဒီတခါ လွှတ်ကြည့်အုန်းမယ် လူတိုင်းလူတိုင်း ဘယ်အချိန် ဘယ်အခါ
မဆို သတင်းမီဒီယာ ၅ ကုလားထိုင်များ အပြာရင့်ရင့်တအုပ်စု အနီရောင်ချည်းတအုပ်စု အဝါတအုပ်စု
သီချင်းတပုဒ်နဲ့ ပင်ပေါင်ဘောလုံးတလုံး တယ်လီဖုန်း အင်ကမ်းမင်း မြူးဇစ် မြူးတူးရွှင်ပျ မျက်နှာများ
အနီးကပ်ရိုက်ချက် လူမည်းဝဝကြီး တီရှပ်မှာ နိုင်တီးန်သာတီအိတ် အဝိုင်းတံဆိပ်တခု ဂီတာသံက
ထိုးခွဲလိုက်တဲ့အခါ တိမ်တိုက်ကြီးပါ နှစ်ခြမ်းကွဲသွား ဆက်သွားမယ် ဆက်သွားမယ် ဒီအတိုင်းဆက်
သွားမယ် ဟော… အီလင်း ပါလား g o o d m o r n i n g ! ဒီနေရာမှာ သဲလွန်စကို သဲထဲရေသွန်
မဖြစ်စေချင် အဟွတ် အဟွတ်..တနှစ်ပြည့်မြောက်သွားပြီ အစ ၂ ဖက်ကို တင်းတင်းကိုင်ပြီး ဒီနေရာ
မှာ ဆွဲချုပ် တဒီးဒီး အင်ဂျင်မောင်းသံ သူ့ဟာသ မှာ လူတွေ ပြူးပြူးပြာပြာဖြစ်ရ မင်းပါးစပ်ကို ပိတ်
စ တစ်စ ထီးပမာ မိုးနေတဲ့ အတွေးအခေါ် ပူဖောင်း ငရဲကလာတဲ့ ဟော့ကာတွေ ထပ်ပြန်တလဲ ဒီ
မေးခွန်းကို ရပ်လိုက်တော့ ကက်သေ ပစိဖိတ်နဲ့လား အောလ် နိပွန် နဲ့လား champagne lason
gold label 1999,$ 120 အန်ထော်နီ ဘော်ဒိန်းရဲ့ အစားအသောက် ဝေဖန်ချက် ငေးပါလေ့ တွေး
ပါလေ့ ရေးပါလေ့ ကိုးကားပါလေ့ ပြူတင်းပေါက်မှာ ခိုနေတဲ့ ခို ကိုယ့်ကို မြှူနေတဲ့ မြူဆိုင်းဆိုင်း
မြင်ကွင်း မျက်ရည်အီဝေ့ ဆုတောင်းရင်း ဒူးရင်းသီး big sale နောက်တော့မှ အသဲကွဲရလိမ့်မယ်
hand bag တစ်လုံးစီ ရတယ် ဘီ၊ အေ၊ အို၊ မီးရှူးမီးပန်း တဒိုင်းဒိုင်းပစ်ဖောက်လျက် ရှောင်ရင်းနဲ့
မလွတ်တော့တာ မှတ်သိလျက် အနာပေါက်တဲ့အခါ မတော်ရာနေရာလည်း ဖြစ်လေတော့ အနေရ
ခက်တဲ့ ဗင်းဆင့်ဟာ မိုက်ခရိုဖုန်းရှေ့မှာ ၁၉၆၀ ဝန်းကျင်ကသီချင်းနဲ့ ရစ်သမ်ခေါက်ရင်း ။ ။
ခင်အောင်အေး
၂၊ သြဂတ်စ်၊ ၂၀၁၀ စင်္ကာပူ ၁၁း၀၈ နာရီ