Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

သရုပ်ဖေါ် ပန်းချီ မြတ်ကျော့

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


၁။


ကြေးရုပ်၏ နောက်ခံရှုခင်းမှာ ချယ်ရီတစ်ပင်၊ငုတစ်ပင် နှင့် ကြာပွင့်ဝေသော ကန်ရေပြင် ။

၂။


ကြေးရုပ်ကို ကြေးသတ္တုနှင့် သွန်းလုပ်ထားသည်ဟု ဆိုကြသည်။ ကြေးရုပ်သည် ရှေ့သို့တည့်တည့်ကြည့်နေသည်။ သို့သော် မျက်လုံးများသည် သူ့ရှေ့လမ်းပေါ်ရှိ လမ်းသွားလမ်းလာများ ဆီသို့ ခပ်ငိုက်ငိုက်ကြည့်နေပုံဖြစ်သည်။ ကြေးရုပ်ပေါ်တွင် ကြေးညှိများ ခပ်ပါးပါး၊ တချို့နေရာများတွင် ခပ် ထူထူ၊ ကြေးရုပ်၏ နှုတ်ခမ်းများက ပြုံးသလိုလို၊ သို့သော် ပြတ်သားမည့်အသွင်၊ တခါတရံ ခက်ထန်မည့်အသွင်ဆောင်နေသည်။ ကြေးရုပ်၏မျက်နှာပေးမှာ ခြုံပြောရလျှင် ဥာဏ်ပညာထက်မြက်ပြီး ခံစားမှုကို မျိုသိပ်ထားမည့်အသွင် ဆောင်နေသည်။ ကြေးရုပ်သည် တစ်ချိန်တစ်ခါက သက်ရှိထင်ရှား လူသားတစ်ယောက် ဖြစ်ခဲ့ဖူးလိမ့်မည်။ သူ့အမည်၊ သူ့အကြောင်း၊ သူမည်သို့မည်ပုံ ကြေးရုပ်ဖြစ်သွားကြောင်းကိုတော့ နှောင်းလူတို့ သိပ်မပြောကြတော့ပါ။ သို့သော် ကြေးရုပ်များ ရှိနေဆဲ ဖြစ်ပါသည်။ ကြေးရုပ်ရှိနေခြင်းကိုက ကြေးရုပ်သည် တစ်ခါက ရှင်သန်ခဲ့ဖူးကြောင်း ဖော်ပြနေခြင်းပင် ဖြစ်နိုင်သည်။ ကြေးရုပ်ရှိရာ မြို့ခံလူများသည် ကြေးရုပ်ရှေ့လမ်းပေါ်တွင် ကြေးရုပ်နှင့် ပတ်သက်ခြင်း မရှိသော ပွဲလမ်းသဘင်များ ကျင်းပလေ့ ရှိသည်။ ဆိုလိုသည်မှာ ကြေးရုပ်သည်ကိုးကွယ်ယုံကြည်မှု (သို့မဟုတ်) အမှတ်အသား အမှတ်တရတစ်ခုမဟုတ်တော့ဟု ပြောချင်သည့်သဘောဖြစ်သည်။ ပွဲလမ်းသဘင်များ သူ့ရှေ့မှ ဖြတ်သွားသည်ကိုကြေးရုပ်က ကြည့်နေပေလိမ့်မည်။ ကြေးရုပ်ကိုယ်တိုင်ရော တစ်ချိန်က ပွဲလမ်းသဘင်များ ဆင်နွှဲခဲ့ဘူးသလား။ ကြေးရုပ်သည် ပွဲကြိုက်သူလား။ ကြေးရုပ်သည် အလွန်ရှုပ်သော ကြေးရုပ်လား။ တစ်ခါက ကြေးရုပ်သည် ယခုလိုတိတ်တဆိတ် ကြေးရုပ်လား။ လွန်ခဲ့သော နှစ်အတော်ကြာကတော့ ကြေးရုပ်၏ခြေရင်းတွင် ကြေးရုပ်ဆီသွားရန် လှေခါးထစ်များ ရှိခဲ့ဘူးသည်။ လှေကားထစ်များကို စက်ဝိုင်းသဏ္ဍာန် ပြုလုပ်ထားသည်။ လှေခါးထစ်များဘေးတွင် ပန်းမျိုးစုံ ဖူးပွင့်နေဖူးသည်။ ကြေးရုပ်ရှိရာ နေရာ တ၀ိုက် မြက်ခင်းများစိမ်းနေခဲ့ဖူးသည်။ ကြေးရုပ်သည် ခပ်ငိုက်ငိုက် ရှေ့လမ်းပေါ်သို့ တည့်တည့်ရှုနေသည်။ ယခုလည်း ကြေးရုပ်သည် ထိုသို့ပင် ကြည့်နေတုန်းပင်။ သို့သော် ခေတ်ကာလ တိုက်စားမှုကြောင့် ဟုပင်ဆိုပါတော့။ ကြေးရုပ်ခြေရင်းမှ လှေကားများ ယခုမရှိတော့ပါ။ မြက်ခင်းများ စိမ်းဖျော့ဖျော့။ ပန်းပွင့်တို့ အသွေးအရောင်သိပ်မစုံတော့။  ကြေးရုပ်ကတော့ ရှေ့လမ်းပေါ်သို့ ကြည့်နေဆဲ။


၃။

ကြေးရုပ်၏ နောက်ခံရှုခင်းမှာ ချယ်ရီတစ်ပင်၊ ငုတစ်ပင်နှင့် ကြာပွင့်ဝေသော ကန်ရေပြင် ။

မျိုးတေဇာမောင်