Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

chaw ei thein's art

 

(၁)

စကားထဲမှာကျ တောင်တွေ တစ်တောင်ပြီး တစ်တောင် ချီမနေသည်။ လက်ကတော့ မြေတဆုပ်တောင် သယ်ခဲ့ဖူးသလား မသေချာ။

သစ်စေ့ကလေးတစ်စေ့ ကြဲဖူးရုံသာရှိ၏။ ဒါပေမယ့် မျက်နှာပေးနှင့် အိုင်တင်ကတော့ တောကြီးတတောလုံး ကိုယ်ပဲစိုက်ထားခဲ့သယောင်ယောင်။

တစ်လှိမ့်နှစ်လိမ့် လောက်သာသွားခဲ့ဘူးသော ဘီးက မိုင်ထောင်ချီ ခရီးအကြောင်းပြောလျက်။ ထိုဘီး၏ ပန်းများက ပွန်းပင် မပွန်းသေး။

စစ်ပြန် ဓါးမြှောင်က မိုးဖိုချောင်သုံး ဓါးများကြား၌ လူတွင်ကျယ်လုပ်လွန်း၏။ တကယ့် တကယ်ကျ တိုက်ပွဲမှာ အမှန်တကယ်ပါခဲ့သလားဆိုတာ ဘယ်သူမှ မသိ။

အမှန်ပြောရလျှင်တော့ ဘာပန်းမှ မပွင့်သည့် ဥယျာဉ်ထဲတွင် အရွက်လှနေရုံဖြင့် လူရာဝင်နေခြင်းဖြစ်၏။ နည်းနည်းပါးပါး စာတတ်လျှင်တော့ အရွက်အလှများကို အဆုပ်အခဲပြုလျက် အပွင့်ပုံဖမ်းကာ စွာကျယ်စွာကျယ် လုပ်နိုင်ကြသေးသည် မဟုတ်လော။


 

(၂)

အညံ့တွေချည်း လာစုနေသည့် နေရာတွင် အညံ့ပြိုင်ပွဲသာရှိလိမ့်မပေါ့။

အခွံအခေါင်းသက်သက် အနှစ်အသားမဲ့ အုန်းမောင်းအချင်းချင်း အသံအကျယ်ပြိုင်မည်။ ဖွတ်ဖွတ်ချင်း သူ့အမြီးရှည်သည် ငါ့ အမြီးရှည်သည် ငြင်းခုံမည်။ ကုန်မပါသောလှေများ တစ်စီးနှင့် တစ်စီး အလူးပြိုင်မည်။ ရေကို ရေသန့်ဗူးထဲ ထည့်လိုက်ရုံမျှဖြင့် ရေသန့်ဖြစ်သွားပါမည်တဲ့လား။ ဒါပေမယ် PH7 အဆင့်မရှိပါပဲ ကိုယ့်ကိုယ်ကို ရေသန့်အဖြစ် ခံယူနေသူများလည်း အရောင်းအဝယ်တော့ သွက်နေပါပြီ။

ခြင်္သေ့ထားသောလှောင်အိမ်ထဲ ထည့်မွေးခံရသော ဝံပုလွေသည် ခြင်္သေ့စိတ်ကလေး ဝင်ကောင်းဝင်လာနိုင်သည်။ သို့သော်လည်း ခြင်္သေ့လို ဟိန်း၍ ရမည်တော့ မဟုတ်ပေ။ အချိန်ရင်တန်တော့ သူ့သဘာဝ အတိုင်း မအူဘဲ ဘယ်နေနိုင်ပါမည်နည်း။ တစ်ခုရှိတာက အနှီဝံပုလွေသည် ဒီပြင်ခွေးအုပ်ထဲမှာကျ ဗိုလ်လုပ်ချင်လည်း လုပ်ပေမပေါ့။

 

(၃)

 

ယုန်သူငယ်ပုံ ဖမ်းထားပေမယ့်လည်း ကျားငစဉ်းလဲ စိတ်ကိုကား မဖျောက်ဖျက်နိုင်သေး။

ဘောလုံးစကားနှင့် ပြောရလျှင်တော့ လူလူချင်း ဆက်ဆံရေးတွင် အလိမ်အခေါက်တွေ များသလောက် ခြေယောင်ပြလွန်း၏။ ပြီးတော့ နေရာတကာမှာ ဘာကြောင့်များ ကိုယ်တစ်ယောက်တည်း ဂိုးတတ်သွင်းချင်နေရပါသနည်း။

နိုင်ငံရေး နယ်ပယ်၌သာမက အခြားဘယ်ကဏ္ဍတွင်မဆို ဇွတ်ရော၊ အတင်းရော အိမ်ဦးခန်းမှာ ဝင်ထိုင်မည်။ အမှန်တကယ်လိုအပ်နေသော ပန်းကန်ဆေး၊ ခွက်ဆေးသည့် နေရာများသို့ တွန်းထိုးပို့၍ပင် မရ။


လုပ်သမျှ ဘယ်အလုပ်မှာ မဆို ဗွီဒီယို ကင်မရာနှင့် တည့်တည့်မှာသာ ကိုယ့်ကိုယ်ကို နေရာချထားလေ့ရှိမြဲ။ ကင်မရာကို ကျောပေးပြီးတောင်မှ ဘယ်အခါမျှ မထိုင်တတ်။ ပြီးတော့ နှစ်လိုဖွယ် အပြုံးတွေအောက်မှာ ဓါးသွားများကို မြှုပ်ထားလိုက်သေး၏။

ဖေါ်မြူလာကတော့ လောကတ္ထစရိယ တံဆိပ်ကပ်ပြီး ကိုယ့်ကိုယ်ကို ဈေးကွက်ဝင်အောင် လုပ်မည်။ သူတပါးအား အကူအညီပေးရေးနည်းနာဖြင့် ကိုယ့်ကိုယ်ကို အရောင်းမြှင့်တင်မည်။ ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် မိမိ၏ လုပ်ဆောင်ချက်များအား ပါကင်လှလှ ထုတ်ပိုးဖို့ကိုတော့ မေ့လျော့သည် မရှိပေ။

တခါတရံ နိုင်ငံခြားဖြစ် မုန့်ထုတ်များလို အထဲမှာ မဖြစ်စလောက် မုန့်ကလေး ထည့်သွင်းလျက် လေအပြည့်ဖြည့်ကာ အရွယ်အစားကြီးအောင် တမင်လုပ်ထားတတ်၏။ တခါတရံမှာ နာမည်ရ အလှကုန်လို ပစ္စည်းစား အပေါ်ယံ ပါသည်မျှ ထည့်၍ အောက်ခံ ဗူးကို ဗလာ အခါင်းအတိုင်း အပြင်ပန်းကြည့်လျှင် အပြည့်ရှိလေဟန် အသွင်ယူထားတတ်၏။ တခါတရံ ငပိနှင့် လက္ဘက်လို အန္တရာယ်ရှိသော ဆေးဆိုးထားမှန်းမသိစေရဘဲ ဖောက်သည်ကို ဆွဲဆောင်ရန် ရည်ရွယ်ချက်ဖြင့် အရောင် အဆင်းကောင်းရုံ ကြိုးစားထားတတ်။ တခါတရံ တရုတ် နို့မှုန့်ထုတ်လို အစစ်အမှန် နို့မှုန့် နည်းနည်း၌ ဥပါဒ် ဖြစ်စေမည့် ဈေးပေါပေါ မယ်လမင်းများများ ရောနှောလျက် လျော့ဈေးဖြင့် အစွံထုတ်သည်များလည်း ရှိ၏။

မရိုးသားမှုဆိုသည်မှာ သွေးဖောက်စစ်ရုံမျှဖြင့် သိနိုင်သော A (H1 N1) လူတုတ်ကွေးရောဂါပိုး မဟုတ်။ မုန်တိုင်းသတင်းလို ကြိုတင် သတိပေးချက်လည်း မထုတ်ပြန်နိုင်။

မသေဆေးကတော့ တနေ့နေ့ တချိန်ချိန် ပေါ်ကောင်း ပေါ်လာမည်။ မရိုးသားမှု အတွက်မှာမူ ဘယ်တော့မှ ဆေးမရှိ။

 


(၄)

 

ယာညက်စေဖို့ အကြံဖြင့် အစာယက်ခွင့် ပေးခြင်းအပေါ် ကြက်က ကျေးဇူးတင်သင့်ပါရဲ့လား။

အခင်း၌ အရွက်ခူးခွင့် ပြုလိုက်ခြင်း၏ အဓိက အကြောင်းအရင်းသည် အပင် အညွန့်တတ်စေချင်သည့် အဓိက အကြောင်းအရင်း မဟုတ်ပါလော။

တချို့ကိစ္စတွေမှာ ဖိနပ် အသစ်ကျပ်ချွတ်ဆိုလျှင် သဲကြိုးပေါက်မှာ စိုးသဖြင့် သူတပါးအား ပေးစီးပြီး အသားကျသွားမှ ပြန်ယူတတ်သည့် သဘောတွေရှိ၏။

တချို့ကိစ္စတွေကျ အဆိပ်ပါ မပါ သိချင်သောကြောင့် သူတပါးအား ဦးဦးဖျားဖျား ကျွေးမွေးလေဟန် အရင်စားခိုင်းပုံမျိုးတွေလည်း များလှပြီ။

အပေါ်သို့ ဆွဲတတ်မည့် ငုတ်များအား မြဲမြံအောင် ရိုက်သွင်းနေသလိုမျိုး မိတ်ဆွေများကို အရေး တယူပြုမည်။ ခြေနင်းတတ်ရမည့် လှေခါးထစ်များကို ခိုင်ခံအောင် နှီးတုတ်သလိုမျိုး သူငယ်ချင်းများအား ပြုစုမည်။ တခါတရံ ထို အပေါင်းအသင်းတို့၏ ဒုက္ခကို ကုညီဖြေရှင်းသည်မှာလည်း စီးရမည့် လှေဝမ်းထဲ ဝင်လာသည့် ရေများအား ခပ်ထုတ်လိုရင်းသာဖြစ်၍ အခြားဘာအကြောင်းမှ မဟုတ်ချေ။

အရင်ဆုံး အစာကျွေးသည်။ ရေတိုက်သည်။ စကားအချိုကလေးတွေ သုံး၍ ချော့သည်။ ခေါင်းပွတ်၊ ပခုံးပုတ် လုပ်လာလျှင် သတိထား။ နောက်တဆင့် ကျော်ပေါ်မှာ ကုန်းနှီး အတင်ခံလိုက်ရသည်နှင့် တပြိုင်နက်သွားပြီ။ မြင်းတကောင်အဖြစ် အသုံးချလိုခြင်းဖြစ်မှန်း တတ်ခွ အစီးခံလိုက်ရမှ သိလိုက်ကြတာမျိုး မဟုတ်လား။

 


(၅)

 

“လျှာ” က “ လက်” များထက် အလုပ်ချိန် မပိုသင့်ပါ။ မိမိ၏ ပါးစပ်ကို အသား မပေးသမျှ ကာလပတ်လုံး မိမိ၏ နားများအား မိမိဘာသာ အဆုံးစီရင် မိပြီးသား ဖြစ်သွားနိုင်ပါသည်။

ဘယ်ငှက်မဆို အခြားတပါးသော ငှက်များ၏ တောင်ပံ ရိုက်သံကို မကြားချင်၍ မရပါ။ ဘယ်ငါးမဆို အခြားတပါးသော ငါး၏ အမြီးအလှကို မမြင်ချင်၍ မရပါ။ ဘယ် ဓါး မဆို အခြား တပါးသော ဓါး များ၏ အသွားထက်မြတ်မှုကိုလည်း အသိအမှတ်ပြုရပါလိမ့်မည်။

အကယ်၍ ငှက်တောင်ပွ တစုံက မုန်တိုင်းအပေါ် ထိန်းကွပ်ထားသည်ဟု လည်းကောင်း၊ ငါး အမြီး တစ်ချောင်းက လှိုင်းလုံးများအား ဖန်တီးခဲ့သည်ဟု လည်းကောင်း၊ ဓါးသွား တစ်ခုက စစ်ပွဲ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးမည်ဟုလည်းကောင်း သွေးနားထင်ရောက် ဘဝင်ကိုင်နေကြသည် ဆိုလျှင်တော့ ရယ်သွမ်းသွေးနေမိရုံမှ တပါး အခြားမရှိ။

 

မောင်နန်းဝေ (ဗန်းမော်)

၂၃ ဇူလိုင် ၂၀၀၉