Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဦးကိုယု ဆိုရင် ရှေ့နေလောက မှာအလွန် ရဲရင့်ပြီး၊ ဥပဒေကိုချစ်မြတ်နိုးတဲ့ ရှေ့နေကြီး၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ အမျိုးသားဒီမိုကရစီ အဖွဲ့ချူပ်ကို စတင် တည်ထောင်သူတွေထဲက တစ်ဦးအဖြစ် သိရှိကြသလို ဘ၀သရုပ်ဖေါ် ၀တ္ထုတွေ၊ ဥပဒေလောက နောက်ခံဝတ္ထုတွေကို မောင်ကိုယု ကလောင်အမည်နဲ့ ရေးခဲ့သလို မောင်သစ် ဆိုတဲ့ ကလောင်အမည်နဲ့ အလွန်ပြောင်မြောက်တဲ့ သရော်စာတွေ ရေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ယနေ့ထိ မှတ်မိနေကြပါတယ်။

သူ အကျဉ်းထောင်က လွတ်မြောက်လာပြီးနောက် မော်ဒန်၊ ပို့စ်မော်ဒန် အနုပညာမဂ္ဂဇင်းဖြစ်တဲ့ သရဖူမဂ္ဂဇင်းမှာ သရော်စာများစွာ ရေးသား ပေးပို့ခဲတဲ့အထဲက၊ စာပေစိစစ်ရေး ပေါ်လစီကြောင့် အဲဒီခေတ်က ဖေါ်ပြခွင့် မရခဲ့ပေမဲ့ သရော်စာကောင်းတစ်ပုဒ် ဖြစ်နေတာမို့ ကောင်းကင် ပရိတ်သတ်အတွက် တင်ဆက်လိုက်ပါတယ်။


စာတည်းအဖွဲ့

 

 

Than htay maung's painting

 

မော်ဒန်တို့၏ မာယာ

အကုသိုလ် စိတ်တို့သည် နည်းပေါင်း ထောင်ချီ၍ ပုထုဇဉ်လူသားတို့၏ အာရုံအတွင်းသို့ ဝင်ရောက်တတ်ကြပါသည်။

အချို့သော ပညာရှိ ဝေဖန်ရေး လူကြီးမင်းတို့သည် စာပေတံခါးကို ပိတ်လိုက်လျှင် လူ့ဘောင်ကြီး၌ အကုသိုလ်များ ကင်းသွားလိမ့်မည်ဟု မျှော်လင့်နေကြ၏။

မိုက်မဲ့လှစွာတကား။

ပန်းခြံတံခါးကို ပိတ်ထားလိုက်ရုံမျှဖြင့် ကျီးကန်းများကို မဝင်အောင် တားနိုင်လိမ့်မည်ဟု ယုံကြည်သကဲ့သို့ပင်။

 ♣    ♣    ♣    ♣    ♣

 


စာပေ ခရီးတစ်လျှောက် ရေးစား ဖန်တီးခဲ့ကြသော ဝတ္ထုတို၊ ဝတ္ထုရှည်များ အားလုံးသည် နိတိများ မဟုတ်ကြပါ။ နိပါတ်များ မဟုတ်ကြပါ။ လောကသာရ ဆုံးမစာများ မဟုတ်ကြပါ။ ဒေါင်းဖတ်စာတွင် ထည့်သွင်းရန် မသင့်ကြပါ။

ဝန်ခံပါ။

လောက၌ ဤသို့သော လူ့သဘာဝတို့သည် အမှန်တကယ် ရှိသလား၊ သို့မဟုတ် ရှိသင့်သလား။

♣    ♣    ♣    ♣    ♣

လောကလူဘုံ၌ ဤလူ့သဘာဝတို့ အမှန်တကယ်ရှိကြောင်းကိုသာ ခေတ်ပေါ်ဝတ္ထုတို့ကို ဖန်တီးသူတို့က အရေးထားပါသည်။

ယုံပါ။

ရှိနေသော လူ့သဘာဝကို ခြယ်မှုန်းဖေါ်ပြခြင်းကို ခွင့်လွှတ်ကြပါ။

ရှိသင့်သည်များကိုတော့ ဆရာတို့ ဟောပြောကြပါ။

ဆရာ ရွှေလင်းယုန်သည် “သူ့” ဝတ္ထုကို နီတိအဖြစ် မဖန်တီးခဲ့ပါ။

ကိုမြင့်မောင်နောက် တကောက်ကောက် လိုက်ကြသော ထိုမိန်းမများ အကြောင်းကိုသာ ဆရာဘာကြောင့် ဖန်တီးခဲ့ပါသလဲ။

♣    ♣    ♣    ♣    ♣

ဆရာအိုသည် ပုဂံလမ်းတွင် မိန်းမငယ်၏ အလှကို မြင်ရသဖြင့် လှုပ်ရှားသော စိတ်တို့ ဖြစ်ပေါ်ခဲ့ကြောင်း ဆရာသိန်းဖေမြင့်က ဝတ္ထုဖန်တီးခဲ့ပါသည်။

ဒေါင်းဖတ်စာတွင် ထည့်သွင်းရန် မရည်ရွယ်ခဲ့ပါ။

လောက၌ အာသဝေါ မကုန်ခန်းသေးသမျှ ဒွါရသုံးပါးတို့သည် ဖေါက်ပြန်ခြင်းသဘော ရှိလေသည်။

လူကြီးများ ဒေါသ အမြတ်ချောင်းချောင်း မထွက်ကြပါနှင့်။

ဆရာကိုရင်မောင်သည် သူ၏ တပည့်မဟောင်း(လက်ရှိ တပည့်မဟုတ်ပါ။)၏ ဆင်မယဉ်သာ လျှောက်လှမ်း၍ အခန်းတွင်းသို့ ဝင်သွားသည်ကို ကြည့်ရင်း အသက်ရှည်ဆေးကို တွေ့သွားပါသည်။

တကယ့်လူ့သဘာဝ၏ ခံစားချက်ဖြစ်ပါ၏။

ဤသို့ မခံစားသင့်ကြောင်းကို ဝန်ခံပါ၏။

ထို့ကြောင့် ဆရာကိုရင်မောင်သည် မနောကံ ပစ်မှားမိခဲ့သဖြင့် သံသရာ လွတ်ကြောင်း တရားနှင့် ဝေးကွာကောင်း ဝေးကွာပေလိမ့်မည်။

ကိလေသာ တရားတို့၏ သြဇာအောက်က မလွတ်ကင်းနိုင်သဖြင့် ဝေဖန်ဆရာကို ခွင့်လွှတ်ပါ။

ရှိခြင်းကို ရေးခြင်းဖြစ်ပါ၏။

ရှိသင့်သည်ကို ရေးခြင်း မဟုတ်ပါ။

♣    ♣    ♣    ♣    ♣

လင်ရှိ မိန်းမ တစ်ယောက်သည် သူ၏ ချစ်သူဟောင်းကို ပြန်လည်တမ်းတမိသဖြင့် ပါးမရိုက်ပါနှင့်။ (မြစ်တို့၏ မာယာ)

ဖေါက်ပြန်တတ်သော သဘောသဘာဝသည် လူ့ဘုံလောက၌ အမှန်တကယ်ရှိပါ၏။

ရိုးသားစွာ ဝန်ခံပါ လူကြီးမင်း။

ဥမ္မာဒန္တိပျို့ကို ဖန်တီးခဲ့သော ဆရာ မဟာမင်းလှ မင်းခေါင် ဦးရွှမ်းကို ဆရာတို့ ဝေဖန်ဦးမည်လော။

♣    ♣    ♣    ♣    ♣    

ပဒုမဇာတ်သည် ဘုရားဟောဖြစ်သည်။

♣    ♣    ♣    ♣    ♣

လူ့သဘာဝကို လွတ်လပ်စွာ ဖန်တီးခွင့်ပြုပါ။

♣    ♣    ♣    ♣    ♣ 

ပန်းများကို ရိုက်မချိုးကြပါနှင့်။

♣    ♣    ♣    ♣    ♣

ဖြစ်တည်မှု ဆရာတို့၊ သရုပ်မှန် ဆရာတို့ ခင်ဗျား၊ လူကြီးမင်းများကြိုက်နှစ်သက်သောစာပေများကို ရေးသားဖန်တီးကြပါ။

ကျွန်တော်တို့ကိုလည်း ကျွန်တော်တို့ ပုံစံဖြင့် ဖန်တီးခွင့်ပြုပါ။

လွတ်လပ်ခွင့်ကို ယုံကြည်ပါသလား။

♣    ♣    ♣    ♣    ♣

ကိုယ်မကြိုက်ရင် မရေးရဟု လူကြီးမင်းက ပြောချင်ပါလား။

♣    ♣    ♣    ♣    ♣

စာပေတံခါးဝမှာ ဓါးထမ်း၍ လာမစောင့်ပါနှင့်။

ဂန္တဝင်ဆရာတို့ သတိတရား ရပါ။

♣    ♣    ♣    ♣    ♣

မောင်သစ်သည် ငြင်းခုန်ခြင်းကို ဝါသနာပါ၏။

♣    ♣    ♣    ♣    ♣

မြှောက်ပေးခြင်းကိုလည်း ထက်သန်ပါ၏။

♣    ♣    ♣    ♣    ♣

လူတိုင်းသည် ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးကြသည်ဟု ပညာရှိတို့၏ အဆိုအမိန့် ရှိခဲ့သည်။

ရာနှုန်းပြည့် မမှန်ပါ။

လင်းယုန်မောင်မောင်သည် သူများသမိုင်းကို ရေးသားနေသူဖြစ်သည်။

♣    ♣    ♣    ♣    ♣

မောင်သစ်