User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

                                                    

မနေ့ ညနေက ထမင်းစားအပြီး အပြင်ကို ခဏ လမ်းထွက်လျှောက်တယ် ။ ဗမာပြည်မှာ သင်္ကြန် အတက်နေ့ ဆိုတော့ ရေပက်ကြ တီးကြ ဆိုကြ ကကြနဲ့  ပျော်လို့ ဆူလို့  ရှိကြလိမ့်မယ်လို့ စိတ်က သတိရနေမိတယ် ။

ဒါပေမယ့် ကျနော်နေတဲ့ ဝေလနယ်က တောမြို့ ကလေးကတော့ ဗမာပြည်သင်္ကြန်ပွဲက သူနဲ့ ဘာမှ မဆိုင်သလို တိတ်တိတ်ဆိတ်ဆိတ် ကလေးပါဘဲ။ ရာသီဥတုကလည်း ဗမာပြည်က တန်ခူးလဆိုတာ အလွန်ပူတာမိုလား ၊ ဒီမှာတော့ ဧပြီ လက တော်တော် အေးတာဘဲ၊ ၈ ဒီဂရီ ( C ) လောက်ဘဲ ဆိုတော့ ကလော ဆောင်း တွင်းလောက်တော့ အေးသေးတာဘဲ။ အချမ်းလုံအောင် ဂျာကင်ဝတ်ပြီးထွက်ရတယ် ။

အိမ်ကထွက်လာပြီး မကြာခင်ဘဲ မြို့ လည် ပန်းခြံလေးနားရောက်လာတယ်။ ညနေ ရနာရီခွဲလောက် ဆိုတော့ နေ၀င်လထွက် ကလေးပေါ့ ။ လျှောက်သွားရင်းဘဲ ပန်းခြံကွင်း အစပ်က ၀က်သစ်ချပင်တွေ ထင်းရူး ပင်တွေရဲ့ အပေါ်မှာ လမင်းကြီး တဖြေးဖြေး ထွက်လာတာကို မြင်နေရတယ် ၊ လေထုထဲမှာ လည်း နွေဦးပန်းရနံ့ လေးတွေက ခပ်သင်းသင်းလေး မွှေးလို့ ။ ဖုံ တို့ မြူ တို့ မီးခိုးတို့ မရှိတော့ လေကလည်း သန့် လို့  ။ တောမြို့ လေး ညနေပိုင်း ဆိုတော့ ကားအသွားအလာ တိတ်ဆိတ်လို့ ၊ တစ်စီးတလေလောက်ဘဲ ဖြတ်သွားတာ ရှိတယ် ။ ခပ်လှမ်းလှမ်းက ဘုရားရှိခိုးကျောင်းက ထိုးနေတဲ့ ခေါင်းလောင်းသံသဲ့သဲ့ လေးကိုလည်း ကြားနေရတယ် ။

 

ညနေစာ စားချိန်မို့ အိမ်တအိမ်က မီးဖိုထဲမှာ သားအမိနဲ့ တူတဲ့အမျိုးသမီး ၂ယောက် ညစာချက်ပြုတ်ပြင်ဆင်နေတာ ကိုလည်း လမ်းပေါ်ကနေလှမ်းမြင်ရတယ် ။ခါးကုန်းကုန်း အဘိုးကြီးတစ်ယောက် ကတော့ ခွေးလေး ၂ ကောင်ကို ဆွဲပြီး လမ်းလျှောက်ထွက်လာတယ် ။ ကျနော်နဲ့ မသိပေမယ့် ပြုံး ပြပြီး Good evening !လို့ နှုတ်ဆက်သွားလိုက်သေးရဲ့  ။ ကားရှင်းတဲ့ လမ်းပေါ်မှာလည်း ၇ နှစ်အရွယ်လောက် ကလေး ၂ယောက် roller blades လေးတွေ စီးရင်း စကားတပြောပြောနဲ့  လာနေကြလေရဲ့  ။ သူတို့ ကတော့ ချမ်းပုံမရပါဘူး တီရှပ်လေးတွေဘဲ ၀တ်ထားကြတယ် ။

ကျနော်က လမ်းလျှောက်ရင်း မိုဘိုင်းဖုန်းထဲမှာ ထည့်ထားတဲ့ ဗမာသင်္ကြန်သီချင်းတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် နားကြပ်နဲ့ နားထောင်နေမိတယ် ။

အဲဒီအချိန်မှာကြည်လင်ပြာလဲ့နေတဲ့ ကောင်းကင် နောက်ခံမှာ ဖြူ ဖွေးဝိုင်းစက်ပြီး
တောက်ပနေတဲ့ လမင်းကြီးကို ကြည့်ရင်း ရင်မှာမဖော်ပြနိုင် တဲ့ အလွမ်းဝေဒနာတရပ် ပေါ်လာတာကို ကျနော် သတိထားလိုက်မိပါတယ် ။ ဗမာပြည်ကိုလွမ်းတာလား ၊ သင်္ကြန်ကိုလွမ်းတာလား ၊ ချစ်သူကို လွမ်းတာလား မခွဲခြားနိုင်အောင်ပါဘဲ ။ ရင်ထဲမှာ နင့်ပြီး နာကျင်လာပါတယ် ။ အားလုံးကို လွမ်းတာပါဘဲ ။

ဆရာဇော်ဂျီရဲ့  "တပေါင်းမိုး" ကဗျာထဲက အချပိုဒ်ကလေးကို သွားသတိရလိုက်မိတယ် ။ " ရှုရင်းငါ့ဝယ် ၊ အသွယ်သွယ်သည် ၊ ဘယ်ဆီလွမ်းမိ ၊ တတ်မသိ " တဲ့ ။ ။

                                                                                                                                                     ဒေါက်တာ လှဘူး