Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

human with monkeys head

တိရစ္ဆာန်များတွင်သာ ဆုံးဖြတ်နိုင်သော အသိဥာဏ် သည့်ထက် မြင့်မြင့်ရှိမည်ဆိုလျှင် လူကို ရယ်စရာကောင်းသော ပုံပန်းသွင်ပြင်ရှိသည့် သတ္တ၀ါတစ်ဦးအဖြစ် သတ်မှတ်ပေမည်။ တခြားအပိုင်းတွေကို ထားပါဦး၊ ဦးခေါင်းထိပ်မှာ ပေါက်နေသော ဆံပင်မွေးများကို ပုံစံအမျိုးမျိုး ထားရှိကြသည်။ အရောင်ဆိုးကြသည်။ လူတွေအမြင်မှာ လှနေသည်ဆိုလျှင် လိုရာရောက်သည်ဟု ဆိုနိုင်ပါပြီ။ လှခြင်းကို ကျွန်တော်တို့ သတ်မှတ်တတ်သလို သတ်မှတ်ထားသည်ပဲ။


 

 

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အလွှမ်းမိုးအလှုပ်ရှားနိုင်ဆုံး လူတွေက ရွေးချယ်သည့် အသွေးအဆင်များအတိုင်း ကျွန်တော်တို့ အသွေးအဆင်တွေ ဖြစ်လာသည်။ ထိုအဆင်အသွေးများကို လက်မခံတော့သည့် အချိန်ကစပြီး (တစ်နည်းပြောရလျှင်) ခေတ်ကြီးကို ကျောခိုင်းလိုက်သည့် အချိန်ကစပြီး လူဟောင်းစာရင်းထဲ ၀င်သွားသည်။ ပြတိုက်ထဲမှရုပ်ထု မြို့ထဲ လမ်းထွက်လျှောက်သလို ဖြစ်လာသည်။ ကျွန်တော်က ပြတိုက်ထဲမှ ရုပ်ထုတစ်ခုမဟုတ်ဟု ကိုယ့်ကိုယ်ကိုယ် ထင်မြင်မိသော်လည်း သိပ်ပြီးအလိုက်သင့်မဖြစ်သည့် သတ္တ၀ါတစ်ကောင် ဖြစ်သည်။

 

ဆံပင်ညှပ်ဆိုင်တွေဘက်ကို သိပ်မရောက်ဖြစ်ခြင်း၊ အ၀တ်အထည်ဆိုင်များ၊ ခေတ်ပေါ် အသုံးအဆောင်ဆိုင်များဘက် သိပ်မရောက်တတ် သောကြောင့်လည်း ဖြစ်နိုင်သည်။ ကျွန်တော့်ခေါင်းမှ ဆံပင်များသည် စိတ်အနှောက်အယှက်ဖြစ်စရာ အခြေအနေမျိုး ရောက်လာသည့်အခါမှသာ ဆံပင်ညှပ်ဆိုင်ဆီ ဦးလှည့်ဖြစ်သည်။ ပြီးတော့ ဆုံလည် ကုလားထိုင်ပေါ်မှာ တက်ထိုင်ပြီး ဆံသဆရာ ညှပ်ပေးလိုက်သည်ကို မည်သည့်ပုံစံပဲဖြစ်စေ ခံယူသည်။ ပြီး ပြန်လာသည်။ သည်တော့ ကျွန်တော့်ခေါင်းပေါ်မှ ဆံပင်ပုံစံကို ကျွန်တော် ရွေးချယ်ဖြစ်လေ့မရှိ။ ဆံပင်ညှပ်ဆရာက ရွေးချယ်သည်။ ဆံသဆရာနှင့် သိပ်မရင်းနှီးသဖြင့်လည်း သူက ကျွန်တော့်ကိုတစ်ခါသွားတိုင်း ပုံတစ်မျိုးညှပ်ပေးနေသည်။


အဆင်ပြေသည့်အခါရှိသလို အဆင်မပြေချင် သည့်အခါလည်းရှိသည်။ သို့သော် တစ်ခါမှာတော့ သူက စိတ်ရှည်စွာဖြင့် ခင်ဗျားခေါင်းပုံစံက ဆံပင်ခပ်တိုတိုကို ပြားနေအောင်မဖြီးဘဲ အလိုက်သင့်ထားလိုက်တာမျိုးနဲ့လိုက်တယ်ဟု လမ်းညွှန်လိုက်သည်။ ထိုအတိုင်းဖြစ်အောင်ညှပ်ပေးလိုက်တော့ အဆင်ပြေသားပဲဟု ကျွန်တော်စိတ်ထဲမှာ ဖြစ်မိသည်။

 

နောက်တစ်ခါ ထိုဆိုင်ကို သွားပြန်တော့ ပြီးခဲ့သည့်တစ်ခေါက်က ညှပ်ပေးလိုက်သည့် ဆံသဆရာမရှိ။ သည်တော့ ကျွန်တော့်ဆံပင်ကို မည်သို့မည်ပုံညှပ်ပေးပါဟု ထိုတစ်ယောက်အား ပြောသော်လည်း အင်းအင်းဟုပြောပြီး သူစိတ်ထဲမှာ ရှိနေသလို ညှပ်ပေးလိုက်ပြန်သည်။ ဆံပင်ညှပ်ပြီးခါ မှ ပြန်ပြင်ခိုင်းလို့ ရမည်မဟုတ်သဖြင့် နောက်တစ်ခေါက်မှ ပြင်နိုင်ပေတော့မည်။ သို့သော် ယခုဆံပင်အနေအထားကိုလည်း ကျွန်တော်လက်ခံရပါတော့မည်။ အသင့်အတင့် စိတ်မထားတတ်လျှင်လည်း ခေါင်းတုံးသာ တုံးရပေတော့မည်။



သို့သော် ဆံပင်ညှပ်ဆိုင်က ပြန်လာသည့်အခါ ကျွန်တော့် စိတ်ထဲ တစ်ခုခု ခိုးလိုးခုလုဖြစ်လာခဲ့သည်။ ဘာပါလိမ့်ဟု ကျွန်တော် ပြန်တွေးနေမိသည်။ နောက်မှ ကျွန်တော်တွေးမိသည်။ ဆံပင်ညှပ်သည့်အခါတိုင်း ခေါင်းညှပ်ဖို့ပါ ကျွန်တော် တွေးဖို့လိုနေသည်။ မြန်မာစကားအသုံးမှာတော့ဆံပင်ညှပ်သည်ဟုအသုံးနည်းသည်။ ဆံသဆိုင်များရှိသောလမ်းကို ကျွန်တော်တို့အရပ်တွင် ခေါင်းညှပ်တန်းဟုသာခေါ်ကြသည်။ တကယ်က ခေါင်းကိုညှပ်ရခြင်းမဟုတ်။ ထို့အတူ သေနတ်ပစ်သည်၊ ထမင်းချက်သည်ဟူသော စကားများတွင်လည်း သေနတ်ကို ပစ်ခြင်းမဟုတ်ဘဲ ကျည်ဆန်ကို ပစ်ခြင်းဖြစ်ပြီး၊ ထမင်းကိုမချက်ဘဲ ဆန်ကိုချက်ခြင်း သာဖြစ်သည်။ တည်ရာ၊ မှီရာ အရပ်ကို အစားထိုးသုံးသော မြန်မာစကား၏ သဘောတစ်ခုသာ ဖြစ်သည်။

 

ကျွန်တော်က ဆံပင်ကိုညှပ်ဖို့သာ စဉ်းစားနေသည်။ ပြီးတော့လည်း ဆံသဆရာ၏လက်သို့ ကျွန်တော့်ခေါင်းကို ပုံအပ်လိုက်သည်။ အမှန်က ကျွန်တော့်ခေါင်းတွင် ရှိနေမည့်ဆံပင်အတွက် ကျွန်တော့်မှာ ရွေးချယ်ခွင့်ရှိနေသည်။ ခေါင်းပေါ်က ညှပ်ထုတ်ဖယ်ရှားလိုက်မည့် ဆံပင်များအတွက် ကျွန်တော့်တွင် တာဝန်မရှိသော်လည်း ခေါင်းပေါ်မှာ ကျန်နေမည့် ဆံပင်ပုံစံအတွက် ဆံသဆရာတွင်သာမက ကျွန်တော့်တွင်ပါ တာဝန်ရှိသည်မဟုတ်လား။ ကျွန်တော်သေချာ ပြောပြတောင်းဆိုနိုင်သည်မဟုတ်လား။

 

သို့သော်ကျွန်တော်က ကိုယ်လိုလားတောင့်တသော ပုံစံကို အလေးအနက်ထားပြီး ထုတ်ဖော်ပြောပြခဲ့ခြင်း မရှိခဲ့သောကြောင့်၊ ရှိခဲ့သော်လည်း ပြတ်ပြတ်သားသား မရှိသောကြောင့်ဖြစ်သည်။ အကယ်၍ ကျွန်တော်က ပြတ်ပြတ်သားသား ပြောနိုင်ခဲ့လျှင်တောင် ဆံသဆရာက ပုံဖော်ပေးတတ်သူ တစ်ယောက်ဖြစ်ဖို့ လိုသည်။ အကယ်၍ ဆံသဆရာက ကျွန်တော်နှစ်သက်သည့်ပုံစံကို လုပ်ပေးနိုင်မှာ မသေချာလျှင် နောက်ထပ် ဆံသဆရာ တစ်ယောက်ဆီသွားဖို့ ကျွန်တော်ရွေးချယ်နိုင်သေးသည် မဟုတ်လား။

 

အမှန်တော့ ကျွန်တော့်ကိုယ်၌မှာပင် ရွေးချယ်ဖို့ရန် အခွင့်အလမ်းပေါင်းများစွာ ရှိပါလျှက်နှင့် ဟုတ်တိပတ်တိ မရွေးချယ်ခဲ့ဘဲ ဆံသဆရာကို အပြစ်ဖို့နေခြင်းကြောင့်ဖြစ်သည်။ ကျွန်တော်သည် ဦးခေါင်းပေါ်က ဆံပင်အတွက် ဆံသဆရာကိုလည်း သေချာမရွေးချယ်ခဲ့၊ ဆံပင်ပုံစံကိုလည်း သေချာမရွေးချယ်ခဲ့။ ကျွန်တော်သည် ဆံပင်ညှပ်ခြင်းအမှုနှင့် ပတ်သက်ပြီး ဆံသဆရာ၏ အပြဌာန်းခံ ခြင်းကိုသာ ရွေးချယ်ခဲ့မိသည်။ တကယ်တော့ ကျွန်တော့်ဆံပင်ကို ကျွန်တော် ပြဌာန်းဖို့ရာ အခွင့်အရေးတွေများစွာကို တန်ဖိုးမထားခဲ့ခြင်းသာ ဖြစ်သည်။



နောက်တစ်ခါဆံပင်သွားညှပ်လျှင်တော့ ကျွန်တော့်၏ခေါင်းကို အသုံးပြုရမည်။ ခေါင်းသည် စဉ်းစားဖို့မဟုတ်လား၊ ဆံပင်တွေက မတွေးတတ် သော်လည်း ခေါင်းက၊ ဦးနှောက်က တွေးတတ်သည်။ ဆံပင်ညှပ်သည့်နေရာတွင် ခေါင်းကိုပါ ညှပ်ပြီးသုံးတတ်ဖို့လိုသည် မဟုတ်လား။ ကျွန်တော့်ဆံပင် တွေနှင့် ပတ်သက်ပြီး အပြဌာန်းခံလုပ်မလား၊ ကိုယ်တိုင် ပြဌာန်းမလား။

 

နောက်တစ်ခါ ကျွန်တော်ဆံပင်ညှပ်သည့်အခါ ခေါင်းကိုညှပ်မသုံးခဲ့လျှင်ဖြင့် တိရစ္ဆာန်တွေက မရယ်လျှင်တောင် သူငယ်ချင်းများကတော့ တိတ်တိတ်ကျိတ်ရယ်နေလိမ့်မည်။

 

ရေ၀တီ