Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

Article Index

သို့သော် ဆံပင်ညှပ်ဆိုင်က ပြန်လာသည့်အခါ ကျွန်တော့် စိတ်ထဲ တစ်ခုခု ခိုးလိုးခုလုဖြစ်လာခဲ့သည်။ ဘာပါလိမ့်ဟု ကျွန်တော် ပြန်တွေးနေမိသည်။ နောက်မှ ကျွန်တော်တွေးမိသည်။ ဆံပင်ညှပ်သည့်အခါတိုင်း ခေါင်းညှပ်ဖို့ပါ ကျွန်တော် တွေးဖို့လိုနေသည်။ မြန်မာစကားအသုံးမှာတော့ဆံပင်ညှပ်သည်ဟုအသုံးနည်းသည်။ ဆံသဆိုင်များရှိသောလမ်းကို ကျွန်တော်တို့အရပ်တွင် ခေါင်းညှပ်တန်းဟုသာခေါ်ကြသည်။ တကယ်က ခေါင်းကိုညှပ်ရခြင်းမဟုတ်။ ထို့အတူ သေနတ်ပစ်သည်၊ ထမင်းချက်သည်ဟူသော စကားများတွင်လည်း သေနတ်ကို ပစ်ခြင်းမဟုတ်ဘဲ ကျည်ဆန်ကို ပစ်ခြင်းဖြစ်ပြီး၊ ထမင်းကိုမချက်ဘဲ ဆန်ကိုချက်ခြင်း သာဖြစ်သည်။ တည်ရာ၊ မှီရာ အရပ်ကို အစားထိုးသုံးသော မြန်မာစကား၏ သဘောတစ်ခုသာ ဖြစ်သည်။

 

ကျွန်တော်က ဆံပင်ကိုညှပ်ဖို့သာ စဉ်းစားနေသည်။ ပြီးတော့လည်း ဆံသဆရာ၏လက်သို့ ကျွန်တော့်ခေါင်းကို ပုံအပ်လိုက်သည်။ အမှန်က ကျွန်တော့်ခေါင်းတွင် ရှိနေမည့်ဆံပင်အတွက် ကျွန်တော့်မှာ ရွေးချယ်ခွင့်ရှိနေသည်။ ခေါင်းပေါ်က ညှပ်ထုတ်ဖယ်ရှားလိုက်မည့် ဆံပင်များအတွက် ကျွန်တော့်တွင် တာဝန်မရှိသော်လည်း ခေါင်းပေါ်မှာ ကျန်နေမည့် ဆံပင်ပုံစံအတွက် ဆံသဆရာတွင်သာမက ကျွန်တော့်တွင်ပါ တာဝန်ရှိသည်မဟုတ်လား။ ကျွန်တော်သေချာ ပြောပြတောင်းဆိုနိုင်သည်မဟုတ်လား။

 

သို့သော်ကျွန်တော်က ကိုယ်လိုလားတောင့်တသော ပုံစံကို အလေးအနက်ထားပြီး ထုတ်ဖော်ပြောပြခဲ့ခြင်း မရှိခဲ့သောကြောင့်၊ ရှိခဲ့သော်လည်း ပြတ်ပြတ်သားသား မရှိသောကြောင့်ဖြစ်သည်။ အကယ်၍ ကျွန်တော်က ပြတ်ပြတ်သားသား ပြောနိုင်ခဲ့လျှင်တောင် ဆံသဆရာက ပုံဖော်ပေးတတ်သူ တစ်ယောက်ဖြစ်ဖို့ လိုသည်။ အကယ်၍ ဆံသဆရာက ကျွန်တော်နှစ်သက်သည့်ပုံစံကို လုပ်ပေးနိုင်မှာ မသေချာလျှင် နောက်ထပ် ဆံသဆရာ တစ်ယောက်ဆီသွားဖို့ ကျွန်တော်ရွေးချယ်နိုင်သေးသည် မဟုတ်လား။

 

အမှန်တော့ ကျွန်တော့်ကိုယ်၌မှာပင် ရွေးချယ်ဖို့ရန် အခွင့်အလမ်းပေါင်းများစွာ ရှိပါလျှက်နှင့် ဟုတ်တိပတ်တိ မရွေးချယ်ခဲ့ဘဲ ဆံသဆရာကို အပြစ်ဖို့နေခြင်းကြောင့်ဖြစ်သည်။ ကျွန်တော်သည် ဦးခေါင်းပေါ်က ဆံပင်အတွက် ဆံသဆရာကိုလည်း သေချာမရွေးချယ်ခဲ့၊ ဆံပင်ပုံစံကိုလည်း သေချာမရွေးချယ်ခဲ့။ ကျွန်တော်သည် ဆံပင်ညှပ်ခြင်းအမှုနှင့် ပတ်သက်ပြီး ဆံသဆရာ၏ အပြဌာန်းခံ ခြင်းကိုသာ ရွေးချယ်ခဲ့မိသည်။ တကယ်တော့ ကျွန်တော့်ဆံပင်ကို ကျွန်တော် ပြဌာန်းဖို့ရာ အခွင့်အရေးတွေများစွာကို တန်ဖိုးမထားခဲ့ခြင်းသာ ဖြစ်သည်။