User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

                         

အချစ်ဆိုသည်မှာကို တေးရေးဆရာတွေက သီချင်းရေးသီကြသည်။ ကဗျာဆရာတွေက နမိတ်ပုံ၊ နဘေ ကာရံ တို့ဖြင့် ဖွဲ့နွဲ့ကြသည်။ စာရေးဆရာတို့က ကိုယ်ပိုင်ခံစားချက်တွေ အငှားခံစားချက်တွေ ကိုယ်တွေ့မျက်မြင် တွေ စသဖြင့်ကနေ ခံစား ရေးဖွဲ့ကြသည်။

အဆိုတော် ထူးအိမ်သင်က တော့ “ အချစ်ဆိုသည်မှာ ခံစားချက်တို့ မွေးဖွားရာ နေရာ “ လို့ သီချင်းတစ်ပုဒ်မှာ ဆိုထားလေသည်။  

အချစ်ဆိုတာမှာလည်း သမီးရီးစား အချစ်၊ လင်မယားအချစ်၊ မောင်ချစ် နှမအချစ်၊ မိဘနဲ့သားသမီး အချစ် ဆိုတာတွေ စုံလို့ပါပဲ။ သင်္ချာဂဏန်းနဲ့တောင် မှတ်သားထားကြလေသည်။

 

တစ်ချို့က ပြောသေးသည်။ ၁၅၀၀ အချစ်က ပူလောင်ပြီး ၅၂၈ အချစ်က အေးမြသည်တဲ့။

မောင်ချစ် နှမချစ်နှင့် မိဘနဲ့သားသမီး အချစ်က အေးမြသည်လို့ ဆိုလိုသည်။

၁၅၀၀ ရော ၅၂၈ နဲ့ပါ ချစ်ဖူးသူ အဖို့ကတော့ ထူးအိမ်သင် ဆိုထားတဲ့ အချစ်ဆိုသည်မှာ……သီချင်းထဲကလို                        

“အချစ်ဆိုတာ ကြည်နူးကြတဲ့ အခိုက် လမင်းတစ်ရာ၊ အချစ်ဆိုသည်မှာ………………… ဝမ်းနည်းတဲ့အခါ နေမင်းကုဋေကုဋာ “ လို့ ဆိုရမလိုပါ။

“နေမင်း” လို့ ဆိုလိုက်တာနဲ့တင် ပူလောင်ခြင်း ဆိုတာကို ခံစားမိရာမှာ ကုဋေကုဋာ ဆိုတော့ ပူတာကို တင်စားလိုက်တာ တော်တော့်ကို ပူရတာပါလား ပေါ့။

 

      တကယ်တော့ အချစ်ဆိုတာကို စိတ်ကူးမယဉ်ခဲ့ပေမယ့် အချိန်တန်တော့ ကြုံရတာပါပဲ။

ငယ်ငယ်တုန်းက အဒေါ်တစ်ယောက်လို ခင်မင်ပြီး ကျမတို့ မောင်နှမတစ်တွေကို  စောင့်ရှောက်ပေးနေတဲ့ အိမ်နီးနားချင်း အန်တီ တစ်ယောက်ကတော့ ကျမကို အပျိုကြီး လုပ်ရန်သာ တိုက်တွန်းလေသည်။ ကျမကလည်း လိုလိုလားလား လက်ခံခဲ့သည်။

အဲဒီ အန်တီရဲ့ ဥပမာပေးက ကျမရဲ့ အမေပင်။

 

အဖေက သူရတဲ့ လခကို အကုန်အပ်သည်။ လောက်တာမလောက်တာ သိသော်လည်း ဝန်ထမ်းတစ်ယောက် အဖို့ အခြား ဘယ်က ရမည်နည်း။ ထို့အတွက် တာဝန်အားလုံးသည် အမေ့ အပေါ်မှာသာ။

ဒါကို ပြ၍ ကျမကို အေးဆေးနေ အပူမရှာရအောင် အပျိုကြီး လုပ်ဟု တိုက်တွန်းလေရာ ကျမကလည်း လုံးဝ ဥဿုံ လက်ခံခဲ့လေသည်။

သို့သော် အချစ်ဆိုတာ ကိုယ့်တစ်ယောက်ထဲမှာ မရှိရင်တောင် တခြားတစ်ယောက်မှာ ရှိလာတော့

“ အချစ်ဆိုသည်မှာ……………… အဖြေရှာမရတဲ့ ပုစ္ဆာ “ ဖြစ်လာခဲ့ လေသည်။

 

       ကျမတို့ မင်္ဂလာဆောင်ကို အခြားအရပ်ကို ပြောင်းသွားပြီ ဖြစ်သည့် ထိုအန်တီကြီးကို အမိအရ သွားရောက် ဖိတ်ခဲ့လေသည်။

“ အပျိုကြီး မလုပ်ဖြစ်တော့ပါ” လို့ သိစေလို ခြင်းပင်။

ထိုအခါ ဆွေမျိုးလို ဖြစ်နေသည့် ထိုအန်တီက သားသမီးတွေ အများကြီး မယူပဲ သားတစ်ယောက် သမီးတစ်ယောက် လောက်သာ ယူပြီး သေသေချာချာ ပြုစု ပျိုးထောင်ပေးဖို့နှင့် အဲဒီလောက်ဆို မိဘလဲ မပင်မပန်း ရှိမှာ ဖြစ်တဲ့ အကြောင်း မလျှော့သော စေတနာနဲ့ ပြောဖြစ်အောင် ပြောပါသေးသည်။

             သူပြောသလို သားသမီးတွေ အများကြီး ဆိုတာ ဝန်ထမ်းလုပ်နေသော ကျမတို့ နှစ်ယောက် အတွက် စိတ်လဲ မကူးခဲ့မိပေ။ ဒါတောင် ပထမဆုံး သမီးကြီးကို မွေးပြီး နောက်တစ်ယောက်က သမီး၊ အဲဒီနောက် သမီး ဖြစ်လာပြန်တော့ သားဆိုတာ တော်ပါပြီ ဆိုတာနှင့် (၃) ယောက် အထိ ရောက်လာလေသည်။

 

       ခင်ပွန်းသည်က သူ့သမီးတွေကို အချစ်ကြီးလေသည်။ သူက အိမ်မှာ အငယ်ဆုံး အဖြစ် နေခဲ့ရသည့် အတွက် ကလေး အငယ် ပြုစု စောင့်ရှောက်တာ၊ ထိန်းသိမ်းတာတွေ မကြုံဖူးသည့် အတွက် အရာရာကို စိုးရိမ်ကြီးပြီး မလုပ်တတ် မကိုင်တတ်သည့်အတွက် ပူပင်မှုက များလေသည်။

        ကျမကတော့ ကိုယ့်အောက် အငယ်တွေကို ချီပိုး ထိန်းခဲ့ ရသည့်အတွက် အတွေ့အကြုံက သူ့ထက်သာလေသည်။ တော်ရုံ ဆေးခန်းမသွား၊ ဗမာဆေး လျှာပွတ်ဆေး၊ ဆရာမောင် ဆေးနီမှုန့်၊ ဒေါ်ကျင်ဝမ်းပုပ်ချဆေး၊ ရင်လူးဆေး ၊ မုန်ညင်းဆီ စသဖြင့် သူ့နေရာနှင့်သူ သုံးလေရာ သူနှင့် တကျက်ကျက်။ သူက ဒီဆေးတွေကို ဘယ်သူက အာမခံသလဲ မေးသည်။ ကိုယ်က ကိုယ်တစ်သက်လုံး သုံးခဲ့တာနှင့် အာမခံပြသည်။

        ကလေးတွေရဲ့ ပညာရေး ကျန်းမာရေး စားဝတ်နေရေး စသည်စသည် များမှာ ကိုယ်တိုင် ပူရသည်ထက် သူ့ဆီက အပူတွေ ကိုယ့်ဆီ ကူးလာတဲ့ အတွက် လိုတာထက် ပို၍ ပူရလေတော့သည်။

၅၂၈ ချစ်မေတ္တာက အေးမြသည်ဆိုရာ  အချစ်ကို ခံစားတာပဲ လွဲနေသလားမပြောတတ်။ သားသမီး အပူ ပူလှချေသည်။

 

    သမီးတို့ တစ်တွေ ငယ်စဉ်က အဖြစ်အပျက်တစ်ခုကို သတိရမိသေးသည်။ အခုအချိန်မှာ အဲဒီ အဖြစ်ကို ပြန်တွေးကြည့်မိတဲ့ အခါ  အနည်းငယ်တော့ ထိတ်လန့်မိသည်။

သွေးလွန်တုတ်ကွေး ဆိုတာ ကျမတို့ ငယ်စဉ်က ကြားဖူးသည်သာ ရှိသည်။ ကိုယ့်ဆွေမျိုး ညီအကို မောင်နှမ သားချင်းများတွင် တစ်ယောက်မှ ဖြစ်ဖူးသူ မရှိ။ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်က မြန်မာပြည်မှာ သွေးလွန်တုတ်ကွေး ဖြစ်ပွားမှုတွေ များလာသည်မှာ  ကလေးဆေးရုံတွင် ကုတင်လွတ် မရှိသည်အထိ။ အံ့မခန်းပင်၊ ဒါတောင် ယခု အချိန်လို အသက်အရွယ်မရွေး ဖြစ်တတ်သည် ဆိုသော အချိန် မဟုတ်သေး။

အသက် (၃)နှစ်က (၁၃) နှစ်အတွင်း ဖြစ်လေ့ရှိသည် ဟု ဆိုကြသော အချိန်ကာလ။

 ရေဒီယို ရုပ်မြင်သံကြား က ပညာရေး အစီအစဉ်များမှာ ရေကြည်ရေသန့်မှာ ပေါက်ဖွားတတ်သည့်  အေဒီး ခြင်မ အကြောင်း သိရာက စလေသည်။

ဘုရားညောင်ရေအိုးများ ဆိုတာပါလာတော့ ညောင်ရေအိုးမှ ရေကို နေ့တိုင်းရေလဲ ပေးရလေတော့သည်။ ကျမ အလုပ်က နေ့စဉ် ပုံမှန် ရုံးချိန် တက်ရတာမျိုး မဟုတ်။ နံနက် ဂျူတီ ညဂျူတီ အလည့်ကျ ဆင်းရလေရာ ဘုရားစဉ်မှာ ဘုရားပန်းမညှိုးရလေအောင် သတိထားပေမယ့် နေ့စဉ်ပုံမှန် ရေမလှယ်ဖြစ်။ နားရက်(၂) ရက်မှာတော့ နေ့စဉ် ရေလဲလေသည်။

ဒါကို သတိထားပြီး နေ့တိုင်းရေလဲဖို့ ပြောလာရာ သတိထားပြီး လဲနေရာက တစ်ခါတလေ အိမ်မှုကိစ္စ ဗာဟီရနှင့် ဂျူတီ အပြေးအလွှား သွားသည့်အခါ မေ့လျော့တာတွေ ဖြစ်လာတော့ ခင်ပွန်းသည်က ဆုံးဖြတ်ချက်ချလေသည်။

 “ အကောင်းဆုံးကတော့ ဘုရားစဉ်မှာ ပန်းအိုး မထားတော့ဘူး။ သောက်တော်ရေကိုလဲ အလုပ်မသွားခင် တစ်ခါထဲ စွန့်ခဲ့မယ်”

 

ဒီလိုနဲ့ ကလေးတွေ ရောဂါရမှာ အစိုးရိမ်လွန်ပြီး ဘုရားစဉ်မှာ ပန်းမရှိ ရေမရှိ။

             ကျမရဲ့ အမေသာ ရောက်မလာခဲ့ရင်ဖြင့် မောဟ တွေ ဘယ်လောက် ကြာကြာ ရှိနေမည်မသိ။

“ မြင်လို့မှ မတင့်တယ်အေ ၊ ဒါမျိုး တခါမှ မကြားဖူးပါဘူး၊ ဖြစ်ချိန်တန်ရင် ဖြစ်မှာပဲ၊ သူ့အဖေကလဲ ပိုလိုက်တာ လွန်ပါရော၊ အခုချက်ချင်း ဘုရားစင်မှာ ပန်းအိုးတွေ ပြန်ထား”

ဆိုကာမှ ကိုယ်တွေရဲ့ အစွန်းရောက် မောဟ ကို ပြန်သတိရကြလေသည်။

           ခါတိုင်း နံနက်ဂျူတီ ဆင်းရမည့်နေ့တွေမှာ မနက် ငါးနာရီ အိပ်ယာကထ ၊ အိမ်သားတွေ စားဖို့ လုပ်ကိုင်ပေးခဲ့ရင်း အလုပ်သွားရာက အဲဒီနောက်ပိုင်းမှာတော့ မနက် လေးနာရီ ဆိုတာနဲ့ အိပ်ယာကထ ဘုရားပန်းရေလဲ၊ သောက်တော်ရေကပ် ဘုရားဝတ်ပြု၊ ရွတ်ဖတ်သရာဇ္ဈယ် စသဖြင့် လုပ်ဖြစ်သွားလေသည်။

အကျိုးဆက်ကတော့ခါတိုင်းနှင့်မတူ စိတ်ရဲ့ငြိမ်းချမ်းခြင်းကို ထူးထူးကဲကဲ ရလာတာ သတိထားမိလေသည်။ ထိုအေးချမ်းမှုသည် အလုပ်ထဲအထိ ပါလာကာ တော်ရုံအမှားကို သီးခံ တတ်လာလေသည်။ အလုပ်ထဲမှာ အမှားတစ်ခု လုပ်သည့်သူကို  ဘယ်တော့မှ သီးမခံပဲ ချက်ချင်း ပြောတတ်သည့် ဝသီပင် ပျောက်သွားခဲ့လေသည်။ အလုပ်လုပ်ရာမှာပင် အမြဲတမ်း အဆင်ပြေချောမွေ့ လာခဲ့ရသည်။

 

                 ဘုရားတရား အာရုံညွတ်မှုသည် အေးချမ်းသည် ဆိုတာကို ယခုမှ သိရသည်မဟုတ် ၊ တစ်ချိန်တုန်းကလည်း မှတ်မှတ်ထင်ထင် ရှိခဲ့သည့် ထူးခြားဖြစ်စဉ် တစ်ခု ရှိခဲ့ ဖူးလေသည်။

ကျမငယ်ငယ်က ဘာသာတရား ကိုးကွယ်မှုကို ဆန်းစစ်ဖူးသည်။ မိရိုးဖလာဗုဒဘာသာ ကိုးကွယ်ရင်းက ဘာသာကွဲတွေကို သိရှိလာသည့်အခါ အမှန်ကို ကိုးကွယ်လိုစိတ်နှင့် ဘာသာတ၇ား အစစ်အမှန်က ဘယ်ဘာသာလဲ ဆိုတာ မသိမသာ ဆန်းစစ်ကြည့်ခဲ့ ဖူးလေသည်။

ဗုဒဘာသာဝင်တွေက လူတစ်ယောက် ကွယ်လွန်လျှင် ပူလောင်စွာ ငိုကြွေးကြလေသည်။ တစ်ချို့ဆိုလျှင် ထမီ မနိုင် ပုဝါ မနိုင် ငိုကြွေးကြသလို၊ အချို့က သတိလစ်သည် အထိ ငိုကြွေးကြတာကို တွေ့ရတဲ့ အခိုက်မှာ တစ်ခြားဘာသာတစ်ခုမှာ မိသားစုဝင် တစ်ယောက်ယောက် ဆွေမျိုးသားချင်း တစ်ယောက်ယောက် ကွယ်လွန်ခဲ့လျှင် ငြိမ်းအေးစွာ ဆုတောင်းကြ၊ တေးသီချင်းတွေ သီဆိုပြီး ဆုတောင်း ဝတ်ပြုတာ တွေ့ရတဲ့ အခါ ငြိမ်းချမ်းခြင်း အစစ်ဆိုတာ ဒါလားဟု တွေးတောမိရာက ကိုးကွယ်ရာ အစစ်အမှန်ကို  ဆန်းစစ်မိလေသည်။

 

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ရဲ့ စာအုပ်တွေကို အဖေ့ရဲ့ စာအုပ်သေတ္တာ ထဲက ဖတ်ရှုရင်း ဗုဒဘာရဲ့ မှန်ကန် ခြင်းကို တွေ့ခဲ့ရလေသည်။ အရှင်ဇနကာဘိဝံသ ၏ (ကိုယ်ကျင့်အဘိဓမ္မာ) စာအုပ်နှင့်  (ဗုဒ္ဓဘာသာလက်စွဲ ပထမတွဲ + ဒုတိယတွဲ).၊ တစ်ဘဝသာသနာ စတာတွေ ဖတ်မိရာက အစစ်အမှန်ကို စာတွေ့ သိရှိခဲ့ရလေသည်။ ကံအားလျှော်စွာ သာသနာ့အာဇာနည်  ဆရာတော်ကြီးများ ဖြစ်သည့် မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသ၊ တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရ၊ ပဲခူးမြို့မဆရာတော်ဘုရားကြီး၊ တို့ သက်တော်ထင်ရှား ဖူးမြှော်ရယုံမက တရားတော်တွေကိုပါ နာကြားခွင့် ရခဲ့ သည့်အတွက် မိရိုးဖလာ ကိုးကွယ်မှု အဆင့်က ကိုယ်ကိုယ်တိုင် နားလည် လက်ခံ ကိုးကွယ်ယုံကြည်သည့် အဆင့်သို့ တက်လာခဲ့လေသည်။

 

             ကျမရဲ့ အောက် မောင်လေးတစ်ယောက် ၈၈ ဇွန်အရေးအခင်းမှာ ပါဝင်ပြီး အဲဒီနောက် ရှစ်လေးလုံး အရေးတော်ပုံဖြစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဘယ်ဆီ ဘယ်ဝယ် ရောက်နေမှန်း မသိသည့် အချိန်၊ အမေသည် ကျန်းမာရေး မကောင်းတော့။ ပူပင်ရတာတွေ ငြိမ်းအေးရန် နေ့တိုင်း ဘုရားမှာ ဆုတောင်းမိလေသည်။ ကြာလာတဲ့ အခါ စိတ်ကူးတစ်ခုရလေသည်။ အဓိဋ္ဌာန်ဆုတောင်းမည်ဟု ဆုံးဖြတ်လိုက်လေသည်။

 

“ ယနေ့မှစ၍  သံဗုဒေဂါထာကို ရွတ်ဆို၍ ပျောက်နေသော ဗုဒ္ဒဟူးသား၏ သက်စေ့ပုတီး စိတ်ပါမည်။ မပျက်မကွက် နေ့စဉ် စိတ်ပါမည်ဟု “ အဓိဋ္ဌာန်လေသည်။ ထိုစဉ်က သူ့အသက်(၂၀)၊ ပုတီးတစ်ပတ်ကို(၁၀၈)ခေါက်၊ (၂၁) ပတ် ရွတ်ရသည်။ (၂၂၆၈) ခေါက်တိတိ နေ့စဉ်ရွတ်လာရာ တစ်လ တင်းတင်း ပြည့်သောနေ့သို့ ရောက်သည့်တိုင် ဘာသံမှ မကြား။

 

မှတ်မှတ်ရရ ထိုတစ်လ ပြည့်သည့်နေ့မှာ ပုံမှန် ဘုရားပန်းရေလဲ သောက်တော်ရေ ကပ်ရင်းက ပုတီးစိတ်တာကို ရပ်လိုက်တော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။ တဖက်ကလည်း ဒီနေ့တစ်ရက်ပဲကျန်တာ ဘယ်လိုပဲဖြစ်ဖြစ် ကုသိုလ်ရသည်၊ ပုတီးဆက်စိတ်မည် စသဖြင့် စိတ်ဒွိဟ ကြားမှ သက်စေ့ပုတီးကို ဆက်ပြီး စိတ်ဖြစ်လေသည်။ စိတ်ထဲကလည်း ပြုလုပ်ခဲ့တဲ့ ကုသိုလ် ကောင်းမှုတွေ ရရှိပြီး ဘေးအန္တရာယ်ကင်း ရင်တော်ပါပြီ လို့ တွေးနေမိလေသည်။

 

နောက်ဆုံး(၂၁) ပတ်မြောက်ကို စပြီး စိတ်နေသည့် အချိန်မှာပင် အောက်ထပ်မှာ “ ဆရာမကြီး ဒေါ်……… တို့ အိမ်ပါလား ခင်ဗျာ၊ အဲဒီနောက် ကို….. ရဲ့ အမေပါလား ခင်ဗျာ”

ဆိုတဲ့ အသံကို အံဩ ဝမ်းမြောက်စွာ ကြားလိုက်ရလေသည်။ စိတ်လက်စ ပုတီးကို ပစ်ချပြီး စကားပြောနေရာကို သွားချင်စိတ်ကို ဖျောက်ပြီး ဒါဟာ အခု ငါလုပ်နေတဲ့ ကုသိုလ်ကောင်းမှုရဲ့ အကျိုးဆက်ပဲ။ ဒါ့ကြောင့် မရပ်ဘူး ပြီးဆုံးအောင် အာရုံပြုမယ် ဆိုပြီး အမျှဝေ သာဓုခေါ်တဲ့ အထိ အောင်မြင်စွာပဲ ပြုလုပ်နိုင်ခဲ့သည်။

 

              ပူပင်သောက ရောက်တိုင်း ငြိမ်းအေးမှုကို ဘာသာတရားဆီကပဲ ရရှိခဲ့လေသည်။

သွေးလွန်တုတ်ကွေး ဖြစ်မှာ စိုးရိမ်သောက ဖြင့် ခြင်ထောင်ထဲ ခြင်ကောင် တစ်ကောင် အသံကြားပါက မမိမချင်း ညမအိပ်ပဲ လိုက်ရှာ ရသည့် အဖြစ်တွေလည်း ရှိခဲ့လေသည်။ သို့သော် ဖြစ်ချိန်တန် ဖြစ်ဖို့ အကြောင်းပါက ဘယ်လိုမှ တားဆီး မရတာကို လက်တွေ့ သိလာရလေသည်။

မကြာသေးသော ရက်ပိုင်း ကလေးမှာပင် အသက်နှစ်ဆယ်စွန်းစွန်းကို ရောက်နေပြီ ဖြစ်သည့် သမီးကြီး တစ်ယောက် သွေးလွန်တုတ်ကွေး ဖြစ်လို့ ဆေးရုံတက်ရလေသည်။

မိသားစုရဲ့ အဝေးမှာ တစ်ယောက်ထဲ နေရသည့်အတွက် ပူပန်မှုတွေက ကုဋ္ဋေကုဋ္ဋာ၊ တော်သေးသည်က ကိုယ့်တိုင်းပြည်မှာ ဆွေမျိုးသားချင်းတွေ အနား ရှိနေတာပဲ ဖြစ်သည်။

ဆောက်တည်ရာမရအောင် ပူသည့် အပူကို ကိုယ့်ကိုယ်ကို သတိထားမိသွားသည်။

“ အမလေး တော်တော် ပူပါလား”

စဖြစ်၍ ဆေးရုံတက် နေစဉ်အတွင်း ကိုယ့်စိတ်ထဲ ပူချင်တိုင်းပူနေသည့် အပူကို လွှတ်ထားလိုက်ရာမှ သတိတရ ပြန်ကြည့်မိသည့်အခါ အဖြေ တွေ့လေသည်။

ထို(၅)ရက်မျှသော ရက်ပိုင်းသည် ငါးကမ္ဘာမျှ ကြာသည်ဟု ခံစားမိရလေသည်။ အားလုံးပြီးဆုံးသွားတဲ့ အခါ ပူပင်ရတာတွေသည် ကိုယ့်ကိုယ်ကို လောင်မြိုက်တာလို့ မြင်လာမိသည်။

ဖြစ်ချင်း ပျက်ခြင်းကို မေ့နေတာကို တွေ့ရလေသည်။

 

သို့ဖြင့် အိမ်မှုကိစ္စတွေဖြင့် လုံးလည် လိုက်တာ အကြောင်းပြပြီး ပုံမှန် ဘုရားရှိခိုးတာနှင့် ဘုရားဝေယျာဝစ္စ လုပ်နေရာကနေ အချိန်ပေးပြီး တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်ရာက လုပ်ဖြစ်သွားလေတော့သည်။ ထိုအရာကား ဝိပဿနာ၊

အခြေခံဥပဒေ ပြင်မှာလား၊ အသစ်ဆွဲမှာလား၊ အာဆီယမ် ဥက္ကဌ သမတကြီး လုပ်နိုင်ပါ့မလား ၊ ဆီးဂိမ်းပြိုင်ပွဲကြီး နီးလာပြီ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအကြာင်း စတာတွေ နောက် လိုက်ဖတ်ရင်းက တရားစာအုပ် ကောက်ကိုင်မိလေသည်။

ရဝေနွယ်(အင်းမ) ရေးသည့် မင်္ဂလာအတွေးများ ဆိုသည့် စာအုပ်ကို အခေါက်ခေါက် ပြန်ဖတ်ဖြစ်သည်။ တရားကို အနားမှာ ထားမှ တရားရဲ့ အေးမြမှုကို ပိုပိုပြီး ရလိုလာသည်။

 ယခင်က ဆရာတော် ဦးဇောတိက စာအုပ်များ ဖတ်ပြီး စိတ်၏ငြိမ်းအေးမှုကို အတော်အတန် ရရှိခဲ့ ဖူးလေသည်။ ထိုဆရာတော်ရဲ့ စာအုပ်ကို ယခုမှ ဖတ်ဖူးသည်။ သို့ဖြင့် ဆရာတော် ရဝေနွယ်( အင်းမ) စာအုပ်တွေကို ရှာဖွေမိလေတော့သည်။ အင်တာနက်မှာ ရှာရင်း ပထမဆုံး  တွေ့တာကတော့

“ အချစ်နဲ့ဝိပဿနာ” တဲ့

အချစ်ဆိုတာ အနာဂမ်ရောက်မှ ပယ်လို့ရမှာပါတဲ့။

 အနာဂမ်မဖြစ်သ၍ အချစ်ဆိုတာ ရှိနေအုန်းမှာ ဖြစ်တယ်။

အချစ်ရှိနေသေးသ၍ အချစ်နဲ့ဆိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရအုန်းမှာပါတဲ့။

အဲဒီပြဿနာတွေ မျိုးစုံနဲ့ ကြုံခဲ့ရ ကြုံနေရာက အေးချမ်းမှုကို ရှာရင်း ဝိပဿနာ တရား အားထုတ်ဖြစ်သူတွေ အကြောင်း ရေးထားတာ ဖြစ်သည်။

 ရှေးက ဇာတ်တော်လာ အဖြစ်အပျက်တင်မက လှိုင်ထိပ်ခေါင်တင် မိဘုရားကြီးရဲ့ အချစ်ကြောင့် ပူလောင်မှုကနေ ဝိပဿနာ အားထုတ်ဖြစ်ပုံ၊ မျက်မှောက်ကာလမှာ လည်း သားသမီးသောက လင်သောက မယားသောကတွေ တွေ့ရာက ဝိပဿနာ လမ်းကြောင်းပေါ် ရောက်လာခဲ့ကြတာတွေကို ဖတ်ရလေသည်။

            အချစ်ကြောင့် သောကရောက်လို့ပဲ အးထုတ် အားထုတ်၊ ပါရမီဖြစ် ကုသိုလ်ဖြစ်ပဲ အားထုတ် အားထုတ်၊ စိတ်ဆင်းရဲမှုတွေ ပျောက်ဖို့ပဲ အားထုတ်အားထုတ်၊ စိတ်ချမ်းသာဖို့သက်သက်ပဲ အားထုတ် အားထုတ် ၊ ဘယ်လို အကြောင်းကြောင့်ပဲ အားထုတ် အားထုတ်၊ ဝိပဿနာ တရားကို အားထုတ် ဖြစ်နေတာက လူ့ဘဝရခိုက်မှာ အဓိပ္ပါယ်ရှိတဲ့ အလုပ်တစ်ခုကို လုပ်နေတာပါပဲ တဲ့။

 

       အချစ်ဆိုတာ အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုကြပေမယ့်  အချစ်ကြောင့် တစ်ခုခုကို သိလိုက်ရချေပြီ။

ပူခြင်းအေးခြင်း ဆိုတာကို ခွဲခြားမိရ လေသည်။ အချစ်ကြောင့် အသိတစ်ခုကို ဖမ်းဆုပ်ခွင့် ရလိုက်လေသည်။ ထိုအရာကို အချစ်ကြောင့် ဖြစ်လာသောအရာ ဟု ဆရာတော်ရဲ့ အချစ်နဲ့ဝိပဿနာက သက်သေ ထူပြလိုက် ပြန်ပေသည်။ ဒါဟာ အချစ်ကြောင့် ဖြစ်လာသော အရာ၊

အချစ်မရှိသော နေ့ဖြစ်လာဖို့တဲ့ အတွက် ဝိပဿနာတရား မှတပါး အခြားမရှိပြီတဲ့။

 အချစ်ကြောင့် အချစ်ပျောက်အောင် ကြိုးစားရပေအုန်းတော့မည်။

 

ခိုင်ခိုင်စောလွင်

Normal 0 false false false EN-GB X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:""; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:"Calibri","sans-serif"; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:"Times New Roman"; mso-fareast-theme-font:minor-fareast; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:"Times New Roman"; mso-bidi-theme-font:minor-bidi;}