Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

kaymyoillustration

 

ရေဒီယိုမှာ မိန့်ခွန်းလိုလိုလာတယ် တရှဲရှဲ နောက်ခံအသံနဲ့ မရှိတော့သူတွေရဲ့အသံ ညက သူငယ်ချင်း ကေမြိုးကို အိပ်မက်တယ် မျက်နှာတခုလုံး ဖွေးဖွေးဖြူလို့ အိပ်မက်ထဲမှာတောင်  သူနေမကောင်းဘူး သူ ကားမောင်းလာတာ ရပ်လိုက်တယ် (အပြင်မှာ သူ ကားမမောင်းတတ်ဘူး) မိန့်ခွန်းသံဟာ ရှိန်မြင့်တက်လာ အိပ်ယာနိုးတော၊့


 

အထောက်အကူကို လိုက်ရှာ တေးမှတ်ထားတဲ့ စာရွက်အပိုင်းလေးကိုလိုက်ရှာ လက်သည်းညှပ်တွေ့တာနဲ့ လက်သည်း အရင်ညှပ်လိုက်တယ် ရေချိုးခန်းအ၀မှာ ရေစိုနေတာ သုတ်လိုက်ဘို့ပျင်းနေတယ် တဂျုန်းဂျုန်း မြေတူးသံ ရေဒီယိုမှာ မိန့်ခွန်း လက်မပြီးတော့ လက်ညှိုး တချောင်းပြီးတချောင်း လက်သည်းတွေ ရှည်ရှည် ထွက်လာတာ ပျင်းမုန်းစရာ   အသားကိုမညှပ်မိအောင်   ဂရုစိုက်နေရတာနဲ့ပဲ  သမာဓိအား တော်တော် ကောင်းနေပြီ၊

 

တေးမှတ်ထားတဲ့ စာရွက်အပိုင်းလေးဘယ်ရောက်သွားလဲ စာအုပ်ပုံကြားလှန်လှောရှာ မိန့်ခွန်းထပ်ကျော့လာ လက်ချောင်းထိပ်တွေဆီက ပြတ်ထွက်သွားတဲ့ လက်သည်းခွံ တွေကို စက္ကူအပိုင်းလေးနဲ့ထုပ်တယ် တေးမှတ်ထားတဲ့ စာရွက်လား သေချာအောင် ကြည့်ရသေးတယ် မြေတူးသံ တဂျုန်းဂျုန်း အမှိုက်ထုပ်ကို သွားပစ်တော့ ရေချိုးခန်းအ၀မှာ ရေတွေ တက်နင်းမိတယ်၊ ရေဒီယိုက မိန့်ခွန်းတွေ

 

မပြီးနိုင်မစီးနိုင် ပြောနေတုန်း မိုးပေါ်မှာလေယာဉ်တစီးဖြတ်သွားတယ် ရေသုတ်ဖို့အ၀တ်စုတ်ရှာရပြန်တယ် စာအုပ်တအုပ်ကို တက်နင်းမိ ကုန်းမကောက်ချင်တာနဲ့ ဘေးကို ခြေနဲ့ခတ်ထုတ်လိုက်တယ် ဟုတ်တယ် ဒါမှ နောက်တခါ ထပ်မနင်းမိမှာ ရေဒီယိုမှာ သီချင်းလာနေပြီ  မိန့်ခွန်း ပြီးသွားပြီလား ပြန်လာဦးမှာလား မိန့်ခွန်း ဆိုတာ လက်သည်းတွေပဲ မြေတူးစက်နဲ့ တဂျုန်းဂျုန်း တူးပစ်လိုက် တေးထားတဲ့စာရွက်ကလေးထဲမှာ မိန့်ခွန်း တခုလုံးနဲ့ မဆန့်မပြဲ ဖြစ်နေပြီ ရေချိုးခန်းဝက ရေစိုနေတာကို မြေတူးစက်နဲ့ တူးပစ်လိုက်ပါလား မိန့်ခွန်းထဲမှာ တေးထားတဲ့ စာရွက်ထဲက စကားလုံးတွေပါသွားလား၊

 

အ၀တ်စုတ်နဲ့  မိန့်ခွန်းကို သုတ်လိုက်တယ် လက်သည်းခွံတွေ စာအုပ်ကြားထဲ တဂျုန်းဂျုန်းညပ်နေတယ် ရေစိုကွက်ပေါ် မြေတူးစက် မောင်းတက်လာ ရေဒီယိုထဲက တဂျုန်းဂျုန်း အသားမထိအောင် မိန့်ခွန်းကို ဂရုစိုက်ညှပ်နေရတယ် တေးမှတ်ထားတဲ့ စာရွက်ပိုင်း ရေတွေနဲ့စိုနူးသွား အပျင်းဓါတ်ဟာ တဂျုန်းဂျုန်း ရေချိုးခန်းအ၀မှာ ရေတွေ စိုရွှဲနေတဲ့ မိန့်ခွန်းတွေ တဂျုန်းဂျုန်း လက်သည်းခွံ ထုပ်ထားတဲ့ တေးမှတ်စာရွက် တဂျုန်းဂျုန်း သူငယ်ချင်း ကေမြိုး ကွယ်လွန်သွားတာ ၄ - ၅ နှစ်တောင် ရှိသွားပြီ တဂျုန်းဂျုန်း  လက်သည်းခွံ၊

 

မိန့်ခွန်း

တဂျုန်းဂျုန်း

တေးမှတ်ထားတဲ့စာရွက်အပိုင်းလေး။        

 

ခင်အောင်အေး

၈၊ စက်တင်ဘာ၊ ၂၀၀၉