မိုးတွေတအုန်းအုန်းရွာနေတော့ ကိုယ်ဟာ အိပ်ယာထဲမှာ ဇိမ်ကျနေတုန်းပဲ။ ၁ နှစ်မှ နှစ်ခါ သုံးခါ
အနိုင်နိုင်ဆိုသလို စောင်ခြုံရလောက်တဲ့ အခန်းအပူချိန်မျိုး၊ ကိုယ့်အခန်းလေးထဲ နေလို့ ထိုင်လို့
(ခုဆို)အိပ်နေလို့ အင်မတန်ကောင်းတဲ့ ရှားရှားပါးပါး အခြေအနေမျိုးပါ။ ညတုန်းက အင်တာနက်
လိုင်းလည်း သိပ်မကောင်း၊ လူကလည်း ဘာကြောင့်ရယ်မသိ စောစော အိပ်ချင်တာနဲ့ အိပ်ယာ
ဝင်ခဲ့တာမို့ ခု မနက် ၅ နာရီသာသာမှာ ဆက်အိပ်လို့မရတော့ပါဘူး။ ဒါနဲ့ပဲ အိပ်ယာက လူးလဲ
ထ ပြီး အလွန်ငြီးငွေ့စွာနဲ့ပဲ စောစောထ သွားတိုက် မျက်နှာသစ် အစီအစဉ်တွေကို ၀တ္တရားကျေ
ရုံ ဆောင်ရွက်ပြီး ကော်ဖီ တစ်ခွက်နဲ့ ၀ရံတာမှာ ထိုင်တော့တာပါပဲ။ ဟင်းရည်ပူပူလေး လောင်း
ဆမ်းထားတဲ့ နံနံပင် နိုင်းချင်းနဲ့ မုန့်ဟင်းခါး တစ်ပန်းကန်ကို စိတ်ထဲကပဲ အာရုံခံရင်း မုန့်ကျွတ်
လေး ငါးချပ်ကို မြက်ခြောက်ဝါးသလို ၀ါးနေရတော့တယ်။
မိုးတွေတအုန်းအုန်းရွာနေတော့ ကိုယ်ဟာ အိပ်ယာထဲမှာ ဇိမ်ကျနေတုန်းပဲ။ ၁ နှစ်မှ နှစ်ခါ သုံးခါ
အနိုင်နိုင်ဆိုသလို စောင်ခြုံရလောက်တဲ့ အခန်းအပူချိန်မျိုး၊ ကိုယ့်အခန်းလေးထဲ နေလို့ ထိုင်လို့
(ခုဆို)အိပ်နေလို့ အင်မတန်ကောင်းတဲ့ ရှားရှားပါးပါး အခြေအနေမျိုးပါ။ ညတုန်းက အင်တာနက်
လိုင်းလည်း သိပ်မကောင်း၊ လူကလည်း ဘာကြောင့်ရယ်မသိ စောစော အိပ်ချင်တာနဲ့ အိပ်ယာ
ဝင်ခဲ့တာမို့ ခု မနက် ၅ နာရီသာသာမှာ ဆက်အိပ်လို့မရတော့ပါဘူး။ ဒါနဲ့ပဲ အိပ်ယာက လူးလဲ
ထ ပြီး အလွန်ငြီးငွေ့စွာနဲ့ပဲ စောစောထ သွားတိုက် မျက်နှာသစ် အစီအစဉ်တွေကို ၀တ္တရားကျေ
ရုံ ဆောင်ရွက်ပြီး ကော်ဖီ တစ်ခွက်နဲ့ ၀ရံတာမှာ ထိုင်တော့တာပါပဲ။ ဟင်းရည်ပူပူလေး လောင်း
ဆမ်းထားတဲ့ နံနံပင် နိုင်းချင်းနဲ့ မုန့်ဟင်းခါး တစ်ပန်းကန်ကို စိတ်ထဲကပဲ အာရုံခံရင်း မုန့်ကျွတ်
လေး ငါးချပ်ကို မြက်ခြောက်ဝါးသလို ၀ါးနေရတော့တယ်။
အာရုံ ဆိုလို့ ညက အိပ်မက်ဆီ စိတ်ကရောက်သွားတယ်။ အိပ်မက်ထဲမှာ ကိုယ့် စကားပြေတပုဒ်
ထဲ အာရုံ ဆိုတဲ့ စကားလုံးနဲ့တည်ဆောက်ထားတဲ့ ၀ါကျတစ်ကြောင်း ပါတယ်တဲ့။ တကယ်တမ်း
မှာ ၀ါကျ တစ်ကြောင်းထက်လည်း ပိုချင်ပိုမယ်ပေါ့လေ။ ကိုယ်မှတ်မိတာတော့ ၀ါကျတစ်ကြောင်း
ထဲမှာ အာရုံ ဆိုတဲ့ စကားလုံးပါတယ်ပေါ့။ အဲဒါကို အမည်မမှတ်မိ အပြင်မှာ လူချင်းလည်း မသိတဲ့
ကိုယ့် ဖဘ မိတ်ဆွေတစ်ယောက်က ကွန်မင့်ရေးတယ်။ ပို့စ်ရဲ့ အပိုဒ်ရေ ဘယ်လောက်မှာ အာရုံ
လို့ ဖော်ပြထားပြီး စာသာဆုံးသွားတယ် အာရုံအကြောင်းလဲ ပြောမသွားဘူး၊ ဘယ်မလဲ အာရုံ တဲ့။
အဲဒီလို သဘောမျိုးပေါ့လေ။ စွဲသွားတာက ဘယ်မလဲ အာရုံ ဆိုတဲ့ စာသားလေးပါ။ ကိုယ့်အာရုံထဲ
ဘယ်တုန်းက ဘယ်လို ခိုကပ်နေလို့ ဒါက အိပ်မက်ထဲ ထည့်မက်ရတာလဲ၊ စဉ်းစားစရာပဲ။ စဉ်းစား
တယ်ဆိုတာ တွေးတာလား၊ အတွေးနဲ့စဉ်းစားခြင်း အတူတူပဲလား။ စဉ်းစားတွေးခေါ် ဆိုပြီး လုံးကပ်
အသုံးရှိတယ် ဆိုတော့ အုပ်စုတူတော့ဖြစ်မယ်။ ဗမာစာကလည်း ကောင်းကောင်းမတတ်၊ ရေးတော့
ကဗျာ။ အင်း ဟုတ်တော့ ဟုတ်နေပါပြီ။
ခု စာရေးနေတဲ့အချိန်မှာ အလင်းရောင်က ကောင်းကောင်းရနေပြီ။ ကောင်းကင်မှာ ခဲသားနုရောင်
မိုးသားတွေနဲ့တစပ်လုံးပြည့်နေပေမယ့် မိုးကတော့ ဖျိုးဖျိုးဖျောက်ဖျောက်လောက်ပဲ ကျနေတော့
တယ်။ ကြားနေကျ စာကလေးတွေ တွတ်ထိုးသံက ကိုယ့်ဝရံတာ Sun Shade အမိုးခုံးလေးပေါ်ထိ
ခါတိုင်းလို ကျူးကျော်မလာတော့ပဲ တဖက်က ကြက်တောင်ရုံကြီးရဲ့အောက်က Car Parking ထဲက
နေပဲ ခပ်သဲ့သဲ့ ထွက်ပေါ်လို့၊ နယ်ကျော်လာပုံရတဲ့ သာလိကာတစ်ကောင်ကသာ ကိုယ့်ဝရံတာထက်
တထပ်စာပိုမြင့်တဲ့ကြက်တောင်ရုံရဲ့ ရေတံလျောက်ပြန့်ကျယ်ကြီးအောက်မှာ ကိကိကာကာအာနေရဲ့။
ဒါတွေဟာ အာရုံတွေပေါ့ လို့ ဖျတ်ကနဲ တွေးမိသွားတယ်။ ဒါနဲ့ ‘အာရုံ’ ဆိုတာကို တိတိပပ သိလား
လို့ ကိုယ့်ကိုယ်ကို ပြန်စစ်တော့ ရုတ်တရက်မပြောနိုင်ဘူး။ သိတော့ သိတယ်။ သိနေတယ်။ စာထဲ
ဖတ်လဲဖတ်နေရ ကိုယ်တိုင်လဲ စာထဲ ကဗျာထဲ ထည့်ရေးနေတာပဲ။ ဟော ပြောဆိုတော့ မပြောတတ်
တော့ဘူး။ ဒီနေ့မှ ဖြစ်ချင်တော့ အင်တာနက် မဖွင့်သေးဘူး စာတပုဒ်ရေးပြီးမှ ဖွင့်မယ်လို့ ကိုယ့်ဟာ
ကိုယ် ဥပဒေ စ ထုတ်တဲ့နေ့မို့၊ ခွကျနေတယ်။ ဒါနဲ့ စာအုပ်စင်ဆီ ပြေးကြည့်တော့၊ အရှင်အာစိဏ္ဏရဲ့
မဇ္ဈိမပဋိပဋာ၊ အမြိုက်ကျင့်ထုံးဝိပဿနာ ဆိုတဲ့ စာအုပ်ကို အလွယ်တကူတွေ့ရတယ်။ ဒါနဲ့ လှန်လှော
ပြီးရှာတော့ စာမျက်နှာ ၇၂ မှာတွေ့ရတာက[“အာရုံ” ဟူသောပါဠိသက်ဝေါဟာရကို“သိစရာ၊အသိခံ”
ဟူ၍ သုံးစွဲနိုင်၏] လို့ တွေ့ရတယ်။ တဆက်ထဲမှာ စိတ်ကို ဆက်ဖွင့်ဆိုတာက [“စိတ်” ဟူသော ပါဠိ
သက်ဝေါဟာရကိုမူ “အသိ” ဟူ၍ မြန်မာ ပီပီပြင်ပြင်သုံးစွဲနိုင်ပါသည်] လို့ ဖြစ်ပါတယ်။ သူ့နောက်မှာ
တော်တော် အသုံးတည့်တဲ့ ရှင်းလင်းချက်တစ်ခုကိုပါ ဆက်ဖတ်မိသွားတယ်။
စိတ်နှင့်အာရုံ ၀ါ- အသိနှင့်သိစရာအသိခံတို့သည် ဘယ်တော့ကမှ ကင်းကွာနေရိုးမရှိပါ။
တစ်ခုမဟုတ် တစ်ခုခုသော သိစရာ အသိခံအာရုံကို အသိစိတ်က သိ သိနေသည်၊ အာရုံ
` ပြု နေသည်သာဖြစ်၏။
ခုတစ်လောမှာ ဇေယျာလင်းရဲ့ ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာ အလားအလာများ ဆိုတဲ့
စာအုပ်ကို ဖတ်နေမိတယ်။ အမေရိကန်ခရီးစဉ်တုန်းကလည်း ယူသွားတယ်။ အားရင် ကြုံရာ စာမျက်
နှာ လှန်ဖတ်နေတာပါပဲ။ ကြုံရာစာမျက်နှာလို့ ပြောရတာက စာအုပ်ရကာစက တအုပ်လုံးလိုလို အစီ
အစဉ်လိုက်အတိုင်း ဖတ်ပြီးပါပြီ။ တချို့ဆို ပုံနှိပ်မဖြစ်ခင်ကတည်းက ဖတ်ပြီးသား။ ခုက ပြန်ပြန်နွှေးတဲ့
အနေနဲ့ဖတ်တာမို့ ကျပမ်းလှန်လိုက်ပြီး ကိုယ့်စိတ်ကို ဆွဲတဲ့နေရာ (အာရုံကျ လို့လဲ သုံးကြတယ်)
ကို ရွေးဖတ်လိုက်တာပါ။ ဒီတော့ သူ့ဒီ စာထဲတင်မက ရှေ့ရှေ့က စာအုပ်တွေမှာလည်း ‘သိမှု’ ဆိုတဲ့
စကားလုံးကို အတော် သုံးတယ်။ ‘သိမှု’ ဆိုတာ ကိုယ့်နားထဲ တော့ တော်တော် စိမ်းပါတယ်။ ‘သိမှု’
ဆိုတာ အသိလား။ သိတာ မှန်သမျှ ‘သိမှု’ လား။ အသိပညာ၊ အတတ်ပညာတခုလို ဆည်းပူးသင်ယူ
လေ့လာပြီး သိတဲ့ ပညာသိ ကိုမှ ‘သိမှု’ လား။ နောက်တစ်ခုက သူ ရေရေလည်လည်ဖျဉ်တဲ့အထဲမှာ
ငါ နဲ့ ငါကိုဖြုတ်ရေး ဆိုတာလဲ ရှေ့တန်းက အရေးတကြီးပါလေ့ရှိတယ်။ တစ်ခါတစ်လေလဲ ဗုဒ္ဓဓမ္မ
တွေထဲက ဆွဲထုတ်ယူ ကိုးကားတာတွေလည်း တွေ့ရတယ်။ ဒါတွေနဲ့ပတ်သက်ပြီး မကြာခဏ ရေး
ချင်သားချင် ပြောချင်ဆိုချင်စိတ်တွေ ဝေ့အီ တက်လာတတ်ပေမယ့် ခဏပါပဲ။ စိတ်နဲ့ ရေးကြည့်၊ ပြော
ကြည့်တာနဲ့တင် ကိုယ့်ရေးပုံ၊ ပြောပုံက စွံမှာ မဟုတ်တာ သိနေတာနဲ့ ကောက်ရိုးမီးဖြစ်ဖြစ်သွားစမြဲ
ပါ။ စကားပြန်ဆက်ရရင် ‘သိမှု’ ဆိုတာ ကိုယ်တို့သုံးနေကျ ‘အသိ’ ကိုပဲ ပြောတာလား။ သိသလိုလိုနဲ့
နေလာတာ ခုမှ ‘၀ိုးတ၀ါးအသိ’ နဲ့စခန်းသွားနေမှန်း ကိုယ့်ကိုယ်ကို ‘သိ’ ရတော့တယ်။
ထားပါတော့လေ။ ခုရေးနေတာ သိမှု ကိုရှင်းလင်းတင်ပြဖို့လည်းမဟုတ်ဘူး။ ဇေယျာလင်း ဆောင်းပါး
တွေအပေါ် ဝေဖန်သုံးသပ်တဲ့ စာရေးမှာလည်းမဟုတ်လို့ ဒါတွေ ခဏထားလိုက်အုန်းမယ်။ အာရုံနောက်
တယ်။ ဟော - အာရုံနောက်တယ် တဲ့။ တော်တော်တွင်နေပြီဖြစ်တဲ့ ဘမ်းစကား တခုပါ။ ခုနက ကိုးကား
ထားတဲ့ စာအရ စိတ်နဲ့အာရုံဆိုတာ ဘယ်တော့မှကင်းကွာပြီးနေရိုး မရှိဘူး ဆိုတော့၊ စိတ်ရှိနေသမျှ ၀ါ-
မသေ သေးသမျှ အာရုံတွေရှိနေ အာရုံတွေကို ခံစားနေမှာပဲ။ (ဟော လာပြန်ပြီ ‘ခံစား’ ဆိုတဲ့ စကားလုံး၊
ဒါလဲ ကိုယ့်ဆရာ ဇေယျာလင်း အသားကုန်ဖျဉ်တဲ့ ကဗျာကိစ္စတစ်ခုပေါ့။) အာရုံ ဆိုတဲ့ စကားလုံးလေးကို
အာရုံကျရာက ဟိုတွေး ဒီတွေး၊ ဟိုရေး ဒီရေး- ရေးရင်းနဲ့ အာရုံနောက်လာတယ်။ ဒီတော့ အာရုံကြည်လင်
အောင် ဘာလုပ်မလဲ။
တစ်ချောက်ချောက် စာရိုက်နေတဲ့လက်ကို ဆတ်ကနဲ ရပ်လိုက်တယ်။ တစ်ဖျောက်ဖျောက် မိုးသံက အာရုံ
မှာ ထင်ရှားလာတယ်။ ခုနကလဲ ဒီမိုးသံ ရှိနေတာပဲ။ ဒါပေမယ့် စိတ်ဟာ ၀ါ - အသိဟာ(သိမှု ?) စာရေးတဲ့
အာရုံထဲ နစ်နေတာမို့ မိုးသံကို မကြား(မသိ) ခဲ့ဘူးလေ။ ဒါနဲ့ ဘာရယ်မဟုတ် ၀ရံတာ ဘောင်ကို ကျော်ပြီး
အောက်ကို ငုံ့ကြည့်တော့ ကြက်တောင်ရုံအောက် Car Parking မှာ ရပ်ထားတဲ့ကားတွေကို တစ်ပိုင်းတစ်စ
မြင်ရတယ်။ တချို့လည်း ခေါင်းပိုင်း၊ တချို့လည်း အမြီးပိုင်းပေါ့လေ။ ပျှမ်းမျှခြင်း ကား ၁ ဒါဇင်လောက်ရှိမယ်။
ကြည့်စမ်း ကိုယ့် အသိ (သိမှတ်မှု) ဟာ တော်တော့်ကို ဆုတ်ယုတ်ညံ့ဖျင်းသွားခဲ့ပြီပဲ။ ကား ၁ ဒါဇင်လောက်
မှာ ၁ စင်းကိုတောင်မှ ဘာအမျိုးအစားကားလို့ ကိုယ်မပြောနိုင်တော့ဘူး။ ဟိုးတုန်းက (လွန်ခဲ့တဲ့ အနှစ် ၂၀
လောက်ပေါ့လေ) ကားတင်သွင်းတဲ့အလုပ်၊ ကား ၀ယ်ရောင်း အလုပ်တွေမှာ ပတ်သက်လုပ်ကိုင် ၀မ်းကျောင်း
ခဲ့စဉ်က ကားတစီးကို အမြီးတွေ့တွေ့ ခေါင်းတွေ့တွေ့ ဒါ ဘာ Brand ဘာ Modle ဘာ Class အစရှိသဖြင့်
ပေါ့လေ ဒက်ကနဲ ဒက်ကနဲ ပြောနိုင်ခဲ့သူက ခုတော့ ကား ၁ ဒါဇင်မှာ တစ်စင်းတစ်လေတောင် ဘာကားလို့
မပြောနိုင်တော့တာ။ ကင်းကွာမှုပေါ့။ အလေ့အလာကင်းပြတ်မှုပေါ့။ မလေ့လာဆို ကိုယ်က ဒီလောကထဲမှာ
မနေတော့တာ၊ ဒီအာရုံမရှိတော့တာ ကြာမင့်ဟာကိုး။ အဓိက ကတော့ အာရုံ မရှိတာပေါ့လေ။ ဒီတော့ အာရုံ
ဆိုတာ တော်တော်အရေးကြီးပါလား လို့ ‘အာရုံ’ ကို တန်ဖိုးမြှင့်တွေး တွေးမိသွားတယ်။
မိုးသံ နည်းနည်းပိုစိတ်လာခြင်းနဲ့အတူ ပျင်းရိငြီးငွေ့စရာ အာရုံဟာ ပိုပြီး အားကောင်းလာနေတယ်။ ကော်ဖီ
ခွက်ကို ယောင်ပြီး မ, ယူလိုက်မိပေမယ့်၊ ကော်ဖီကုန်သွားပြီဆိုတာ စက္ကန့်ပိုင်းအတွင်းမှာ သတိရသွား/သိသွား
ပြီး ငါ့ သိမှု ဟာ ဘယ်လိုကြီးပါလိမ့်လို့ မအူမလည်တွေးမိတယ်။ ဒါနဲ့ကော်ဖီခွက်ကို ပြန်ချပြီး အာရုံကျက်စား
စရာ ဟိုဟိုသည်သည် ရှာကြည့်တော့ လက်တစ်ကမ်းမှာ မှောက်လျက်သား ‘ဖြစ်နိုင်ချေရှိသော…’ စာအုပ်ကို
အခန့်သင့်ပဲ တွေ့တာနဲ့ ဖတ်လက်စ နေရာကို ဆက်ဖတ်(ထပ်ဖတ်) နေလိုက်ပါတော့တယ် -
၅။ ‘ခေတ်ပြိုင်’ အသိအမြင်အရ မိမိတို့ ဘာပဲ သိသိ၊ မိမိတို့ရဲ့ ကြိုတင်သိထားမှုအားဖြင့် တည်ဆောက်
ထားချက်တွေအရပဲ သိနိုင်တာဖြစ်ပြီး အဲဒီ တည်ဆောက်ထားချက်တွေဟာလည်း သိမှု အပိုင်းအစ
တွေနဲ့သာ တည်ဆောက်ထားကြရတာဖြစ်တဲ့အတွက် မိမိတို့ ဘာပဲသိသိ၊ အစိတ်အပိုင်းပဲသိရတယ်။
တစ်ခုလုံး whole ကို သိဖို့ခဲယဉ်းတယ်။ ပြီးတော့ မှတ်ဥာဏ်ထဲ သိုမှီးခြင်း ဆိုတာဟာလည်း၊ သိစိတ်
နဲ့သိုမှီးတာရှိသလို၊ မသိစိတ်ထဲ ၀င်သွားတာလည်း ရှိပါတယ်။ သိစိတ် consciousness နဲ့ သိုမှီးရင်း
အဲဒီကိစ္စ အဖြစ်အပျက်၊ အချက်အလက်နဲ့ ပတ်သက်တဲ့ အခြား စိတ်ကိစ္စတွေပါ ရောနှော ပါနိုင်တဲ့
အတွက် မှတ်ဥာဏ်က ပြန်ထုတ်ဖော်နိုင်တဲ့အချက်ဟာ မူလအတိုင်းမပြည့်စုံနိုင်သလို မူလ ပုံသဏ္ဍာန်
အတိုင်းလည်း ဖြစ်ချင်မှ ဖြစ်မှာပေါ့။ Memory is never pure မှတ်ဥာဏ်(၀ါ) မှတ်သားမှုဟာ ဘယ်
တော့မှ မစစ်မှန်၊ မသန့်စင်ဘူး လို့ ဆိုပါတယ်။ (ဇေယျာလင်း၊ ယင်း စာ-၁၂၇)
ခင်အောင်အေး
၈၊ ဇူလိုင်၊ ၂၀၁၃ ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၇း၂၇ နာရီ
သရုပ်ဖေါ်ပုံ အင်စတော်လေးရှင်း သည်မော်နိုင်