User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

                    

 

 
   
 

အောင်ဘုငယ်ငယ်ထဲက ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ ၇၈၆ ဆိုတဲ့ စကားလုံးကို တွေ့ဖူးတယ်။ အဲဒီထဲက လူတွေ အမျိုးမျိုးပြောတာတွေ ကြားဖူးနေတာ။
 
          ၂၁ ရာစုမှာ ကမ္ဘာကို မွတ်ဆလင်တွေက လွှမ်းမယ်တို့ ဘာတို့ပေါ့။တချို့တွေကလည်း ပြောတယ် ကုလားဆိုင်တွေ အားမပေးနဲ့တို့။
 
ငယ်ငယ်တုန်းကတော့ အောင်ဘုလည်း သူများယောင်တော့ လိုက်ယောင်ဖို့လုပ်လိုက်သေး။ ကိုယ်ဘာမှန်းမသိတဲ့ ၇၈၆ ဆိုတာကြီးတင်ထားတဲ့ ဆိုင်ထက်၊ (သူများတွေပြောတာကို ယုံတာမယုံတာ အပါ့ထား) ကိုယ့်ဗမာလူမျိုးဆိုင် အားပေးတာ ကောင်းတယ်ပေါ့။ ကိုယ်လည်း ဘာမှ ခက်ခက်ခဲခဲ လုပ်ရတာမှ မဟုတ်တာ။ဒါပေမဲ့  အောင်ဘုလို ကောင်မျိုးက ဘယ်တော့မှ တခုခုကို ကြာရှည် ဇွဲနဲ့ လုပ်တတ်တဲ့ ကောင်မှ မဟုတ်တာ။ ပျက်ဖို့အကြောင်းက လွယ်လွယ်ကူကူကို ပေါ်လာတယ်။ အောင်ဘုက ငယ်ငယ်ထဲက ဒံပေါက်အရမ်းကြိုက်တယ်။ အခုထိလဲ ကြိုက်တယ်။ ဘုန်းကြီးကျောင်း အလှူမှာ ဒံပေါက်ဆိုရင် အောင်ဘုမလွတ်စေရဘူး။ တပါတ်တခါလောက် ဒံပေါက်စားရမှာ နေသာထိုင်သာရှိတယ်။ (ဒံပေါက်တင်မက ဗယာကြော်သုပ်တို့၊ ကီးမားတို့၊ ဒိန်ချဉ်တို့လည်း ကြိုက်သေး။) အဲဒီတော့ သူ့ ၇၈၆ ကမ္ဘာကို သိမ်းပိုက်ပိုက် မပိုက်ပိုက် ဒံပေါက်စားရဖို့က အောင်ဘုအတွက်ပို အရေးကြီးတယ်။ ဒီဒံပေါက် တစ်ပွဲစားချင်လွန်းလို့ ဝယ်စားမိပါတယ်။
 
လက်ညိုးကြီး ငေါက်ငေါက်ထိုးပြီး "မင်းကြောင့် ၂၁ ရာစုမှာ မွတ်ဆလင်တွေ ကမ္ဘာကို သိမ်းပိုက်သွားတာ" လို့ ပြောရင်လည်း အောင်ဘုက ခံလိုက်ဖို့ စိတ်ပိုင်းဖြတ်ပြီးမှကို စားတာ။

အခုတော့ အောင်ဘုက နဲနဲပါးပါး တွေးတက်ခေါ်တတ်လာပြီ။ အခုလိုမျိုး အမျိုးသားရေး၊ ဝံသာနု ဆိုတာတွေနဲ့ တိုင်းတပါး ကုန်ပစ္စည်းတွေ သပိတ်မှောက်တာတို့ ဘာတို့က အင်္ဂလိပ်ခေတ် သူ့ကျွန်ဘဝဆိုတဲ့ အချိန်လောက်တုန်းက အလုပ်ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အခုခေတ်ကြီးထဲမှာ တမြေထဲပေါက်၊ တရေထဲသောက်လာတဲ့ လူတွေအချင်းချင်း အခုလိုမျိုး ဘာသာရေးနဲ့ မဆိုင်တဲ့ စီးပွါးရေးကို လာပြီးဝင်စွတ်ဖက်တာတော့ သူကမကြိုက်ဘူး။ ကောင်းကျိုး ထက် ဆိုးကျိုး ပိုများမယ်လို့ သူကထင်တယ်။ အခု နောက် ဗုဒ္ဓဘာသာဝင် ဆိုင်တချို့ကလည်း ၉၆၉ ဆိုတာတွေ ကပ်လာတယ်။ ၇၈၆ ဆိုင်တွေမှာ အားမပေးနဲ့တို့ ဘာတို့ အသံတွေက ကျယ်လာတယ်။ အောင်ဘုက လူကသာ စောက်ပေါ။ ပြောလိုက်ရင်တော့ လေတလုံး မိုးတလုံး။  "လူကို လူလို့ပဲ မြင်တတ်တယ် တို့ဘာတို့ပြောတဲ့ ဇာတ်လိုက်တွေ အားကျတဲ့ ကောင်ဆိုတော့ ဆိုင်မရွေး အားပေးတယ်။။ ဒါပေမဲ့ သူသံသယရှိတာက အခုခေတ်မှာ ဈေးဝယ်တဲ့လူတွေက ကုန်ပစ္စည်း တစ်ခုဝယ်ရင်၊ အစားအသောက်စားရင် ဒီ ၇၈၆တို့ ၉၆၉တို့ ကြည့်နေကြသေးလားဆိုတာပဲ။ ကြည့်တဲ့သူတွေလည်း အများကြီးရှိမှာဆိုတာတော့ သူသိတယ်။ ဒါပေမဲ့ ဒါတွေကို မကြည့်ပဲ ဈေးနှုန်းတို့၊ ဆက်ဆံရေးတို့၊ အရည်အသွေးတို့ကိုပဲ ကြည့်တဲ့ သူလိုလူတွေလည်း အများကြီးရှိလိမ့်မယ်လို့လည်း သူထင်တယ်။

အမှန်တော့ ၇၈၆ ဆိုင်အားပေးလို့ ဒီ ၇၈၆ ကြီးတင်ထားတာကို အောင်ဘုက သဘောကျလှတာ မဟုတ်ဘူး။ သူ့အမြင်အရ လူတွေ အချင်းချင်း သူ၊ ငါ ခွဲထားသလို ဖြစ်နေတယ်လို့ ခံစားရတယ်။ သူက ၇၈၆ ရဲ့ အဓိပါယ်တို့၊ ဘာကြောင့် တပ်ရသလဲလို့ သေသေချာချာ သိတာမဟုတ်ပါဘူး။ ၂၁ ရာစုမှာ တကမ္ဘာလုံး မွတ်ဆလင်ဖြစ်ရမယ်ဆိုတဲ့ သဘောနဲ့လုပ်ထားတာ  မဟုတ်မှန်းတော့သိတယ်။ Bismillah ကို အာရေဗျ သင်္ချာရေးနည်း တမျိုးနဲ့ အဓိပ္ပါယ် ဖော်ထားတာဆိုလား၊ အင်တာနက်မှာ သူဖတ်ဖူးတယ်။ နားလည်တာတော့ မဟုတ်ပါဘူး။ သူ့သူငယ်ချင်း အင်ဒိုနီးရှားတယောက် ကို မေးကြည့်တော့ ဟိုက သိတောင်မသိဘူး။ သူ့ သူငယ်ချင်းက ဒီ ၇၈၆ အိုင်ဒီယာကို သိလည်းမသိတော့ လက်မခံချင်ဘူး။ ဒါက segregation လုပ်သလို ဖြစ်နေတာပေါ့လို့ အောင်ဘုကို ပြောတယ်။ အဲဒီတော့မှ အင်တာနက်မှာ ဟိုရှာဒီရှာလုပ်ကြည့်ရင်း ဒီနံပါတ်ကို သုံးတာက ပါကစ္စတန်တို့၊ အန္ဒိယမှာ အဓိကသုံးတာဆိုတဲ့အကြောင်။၊ ပရောဖက် မိုဟာမက်ရှိထဲက သုံးခဲ့တာ မဟုတ်ဘူးဆိုတဲ့အကြောင်းတွေ ဖတ်ပြီးတဲ့အခါကျတော့  အောင်ဘုလည်း ဆက်မတွေးတက်တော့ဘူး။ မြန်မာပြည်က မွတ်ဆလင် ဆိုင်တိုင်း၊ စီးပွါးရေးတိုင်း ဒီနံပါတ်တပ်ထားကြသလား ဆိုတာလည်း သူမသိတော့ဘူး။
 
 သူသိတာကတော့ ဒီနံပါတ်တွေ မရှိလည်း ဘာမှ မဖြစ်သွားဘူးဆိုတာလောက်ပဲ။ ဒီစီးပွါးရေးတွေ၊ ဆိုင်တွေက ကိုယ်ကြိုးစား အားထုတ်ရင် သူ့ဟာသူ လည်ပါတ်နေပါပဲလို့ သူက ယူဆတယ်။
 
တဖြေးဖြေးနဲ့ လူတွေလည်း နောက်ပိုင်း ဒီလို နံပါတ်တွေတတ်တဲ့ အလေ့အထတွေ နည်းလာလိမ့်မယ်လို့ အောင်ဘု မျှော်လင့်တယ်။ တခါတခါ အောင်ဘု ပေါက်လာရင်တော့ ဘုတောတတ်တယ်။
 
ဘာတဲ့ " အဲဒီ ၇၈၆ မှ အားပေးမယ်တို့၊ ၉၆၉ မှ အားပေးမယ်တို့ဆိုတဲ့ သူတွေကရော သေခါနီး ဆေးရုံတတ်ရင် ၇၈၆ နတ်(စ) မှ၊ ၉၆၉ ဆရာဝန်နဲ့ မှ ကုတော့ မှာလား။
 
ဈေးနှုန်းလဲတူ၊ အရည်အသွေးလည်းတူရင်တော့ အောင်ဘုတို့က ၇၈၆ လည်းမဝယ်ဘူး၊ ၉၆၉ လည်းမဝယ်ဘူး။ စိတ်ရှုပ်လွန်းလို့ ဘာ နံပါတ်မှ ရေးမထား တဲ့ တရုတ်မ ချောချောလေး ရောင်းတဲ့ ဆိုင်ကပဲ ဝယ်တော့မယ်။ "ဒါပေမယ့် ပဲတော့များရမယ်နော် အဟိ....။
                                                                                                                                       မျိုးဇေယျာဦး