Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
sky in frame

 မျက်မှန်တပ်ရသော သူငယ်ချင်းတစ်ဦးအား “ဒီကောင်က လောကကြီးကို ဘောင်ခတ်ကြည့်နေတာပါကွာ” ဟု ကျွန်တော်တို့သူငယ်ချင်းတစ်စု စခဲ့၊ နောက်ခဲ့ကြပါသည်။

 

            ဓာတ်ပုံပညာ (Photography) မှာ ဂရိဘာသာစကား (Photo  + Grapho) ဟူသော စကားရပ်မှ ဆင်းသက်လာခြင်းဖြစ်ကာ  အလင်းဖြင့် ဆေးခြယ်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ အလင်းအမှောင်တို့ဖြင့် ဓာတ်ပုံတစ်ခုကို ဖန်တီးရပါသည်။ ဓာတ်ပုံတစ်ပုံတွင် အလင်းအမှောင်ချိန်ဆမှုကောင်းမွန်ပါက ဓာတ်ပုံကောင်းတစ်ခုဟု ယေဘုယျ ပြောနိုင်သည်။ မိတ်ဆွေဓာတ်ပုံဆရာက ဓာတ်ပုံကောင်းတစ်ပုံရရန် အလင်းအမှောင်ကောင်းရုံနှင့် မလုံလောက်၊ တင်ပြမှုကောင်းရန်လည်း လိုအပ်သည်။ မိမိတင်ပြလိုသည့် အကြောင်းအရာကို ဓာတ်ပုံပြကွက်အတွင်း ညီညွတ်စွာပြနိုင်ရမည်ဟု သူ့အမြင်ကို ပြောပြပါသည်။


 

            ကောင်းကင်ရှိ တိမ်သားစိုင်များကိုကြည့်ကာ ကျွန်တော်က “တိမ်တွေ လှလိုက်တာ” ဟုပြောသောအခါ မိတ်ဆွေဓာတ်ပုံဆရာက လက်နှစ်ဖက်မှ လက်မ၊ လက်ညှိုးတို့ဖြင့် လေးထောင့်ပုံစံပြုကာ တိမ်များကို တဖန်ပြန်ကြည့်စေသောအခါ တိမ်သားတို့မှာ ယခင်ကျွန်တော်မြင်တွေ့ခဲ့ရသည်ထက် ပို၍ ကြည့်ကောင်းနေသည်။ အဆုံမဲ့ကျယ်ပြေသော ကောင်းကင်ကြီးရှိ များပြားလှသော တိမ်များမှ အချို့ကိုကွက်၍ကြည့်ရသောအခါ ပို၍လှပလာသည်ကို တွေ့ခဲ့ရပါသည်။ မိတ်ဆွေဓာတ်ပုံဆရာက သူ့အဆိုကို ခိုင်လုံအောင် သူ့၏ကင်မရာဖြင့်လည်း လက်တွေ့ရိုက်ပြပြန်သည်။ အဆုံးမဲ့ပြင်ကျယ်ကြီးကို ဘောင်ခတ်လိုက်သောအခါ အလှတရားတစ်ခုကို ကျွန်တော် တွေ့ရှိခဲ့ရပါသည်။

 

            တစ်နေ့၌ ဓာတ်ပုံပညာစတင်လေ့လာသူ ကျွန်တော့်အား မိတ်ဆွေဓာတ်ပုံဆရာက ဓာတ်ပုံရိုက်ရန် အကွက်အကွင်းကောင်းမွန်သည့် နေရာများသို့ ခေါ်သွားကာ လက်တွေ့ရိုက်စေသည်။ အစ၌ အလင်းအမှောင်ကို ချိန်ညှိရန်ခက်ခဲလှသော်လည်း နေ့တစ်ဝက်ခန့်ကျိုးသောအခါ ကျွန်တော့်ဓာတ်ပုံများမှာ အလင်းအမှောင် မှန်ကန်လာပါသည်။ သို့သော် မိမိကိုယ်ကို အားမရလှသေး။

 

            ညတွင် ရိုက်ကူးပြီးဓာတ်ပုံများအား ကွန်ပျူတာသို့ပြောင်းရွှေ့ကာ ဓာတ်ပုံကူးနိုင်ရန်အတွက် ပြင်ဆင်ကြသည်။ ထိုအခါ မိတ်ဆွေဖြစ်သူက ကျွန်တော်ရိုက်ကူးခဲ့သော ဓာတ်ပုံများကို ပြန်လည် တည်းဖြတ်ပေးသည်။ ဟုတ်ပါသည်။ ကျွန်တော့်ဓာတ်ပုံများကို ပြန်လည်ဖြတ်တောက် (crop) လိုက်သောအခါ ယခင်ကျွန်တော်ရိုက်ကူးခဲ့သည်ထက် ပို၍ ကြည့်ပျော်ရှုပျော်ဖြစ်လာပါသည်။ မိတ်ဆွေဖြစ်သူက ရိုက်ကူးပြီးမှ ပြန်လည်ဖြတ်တောက်ရသည်ထက် စတင်ရိုက်ကူးစဉ်ကပင် စိတ်၌ကြိုတင်ဖြတ်တောက်တတ်သော မြင်တတ်သည့် မျက်စိရှိပါက ပုံကောင်းတစ်ခုကို အရည်အသွေးကောင်းကောင်းဖြင့် ရရှိနိုင်မည်ဟုလည်း အကြံပေးပါသည်။ ဓာတ်ပုံကောင်းတစ်ခုကို အလင်းအမှောင်ကောင်းရုံသာမက အဖြတ်အတောက်ကောင်းကောင်းဖြင့် ဘောင်ခတ်တတ်မှသာ ရရှိနိုင်မည်ဟု နားလည်ခဲ့ရပါသည်။


 

            ထို့နောက်တွင်မူ ကျွန်တော်သည် မိတ်ဆွေအပေါင်းအသင်းများသာမက တွေ့ကြုံဆက်ဆံရသူများကိုလည်း ဘောင်ခတ်ကာ ကြည့်နိုင်ရန် ကြိုးပမ်းပါတော့သည်။ သူတို့၏ စရိုက်လက္ခဏာများထဲမှ အဆိုးများကို ဖြတ်ကာ အကောင်းများကို ဘောင်ခတ်ကြည့်နိုင်အောင် ကြိုးစားပါသည်။ အောင်မြင်စွာ ကြည့်နိုင်ခဲ့သည်များရှိသလို၊ မအောင်မြင်သည်လည်း ရှိပါသည်။ လူတိုင်း၌ ဆိုးကွက်ပဲ ရှိနေသည်မဟုတ်၊ ကောင်းကွက်လည်း ရှိမည်ပင်။ မြင်တတ်သောမျက်စိရှိပါက တွေ့မြင်ရမည်ပင်ဖြစ်သည်။

 

            လွန်ခဲ့သော တစ်လခန့်မှစတင်ကာ ကျွန်တော်သည်လည်း မျက်မှန်တပ်ဆင်ရသူဖြစ်လာခဲ့သည်။ ယခင်က ကင်မရာ၏ ချောင်းကြည့်ပေါက်အတွင်းမှသာ လောကကြီးကို ဘောင်ခတ်ကြည့်နိုင်ရန်ကြိုးပမ်းခဲ့သူ ကျွန်တော်သည် ယခုတော့ မျက်နှာပေါ်တွင် မျက်မှန်တစ်ခုတပ်ဆင်ကာ လောကကြီးကို ဘောင်ခတ်ကြည့်နေသူတစ်ဦးဖြစ်နေပါပြီ။

 

            သူငယ်ချင်းများကလည်း ကျွန်တော့်ကို “ဒီကောင်က လောကကြီးကို ဘောင်ခတ်ကြည့်နေတာပါကွာ”ဟု စကြ နောက်ကြပြန်ပါသည်။ ။

 

၂၀၊၀၇၊၀၉။

သ၊ ဟ၊ သူ