အက်ဆေး

User Rating: 0 / 5


အသက်တစ်ချက်နဲ့ တစ်ချက် ရှူရှိုက်ခြင်းအမှုမှာ တူညီမှုတွေနဲ့အတူ ကွဲပြားမှုတွေကို ခံစားသိတတ်လာသလို။ မရေရာမှုတွေထဲမှာ စိတ်ချမ်းမြေ့စရာတွေကို ကျောက်တူးသမားလို၊ ရေမဆေးရှာနေသူလို၊ မနက်ဖြန်မှာ ဒီနာရီပိုင်းအတွင်းမှာ ဒီစက္ကန့်အပိုင်းအခြားမှာ ငါဟာ ငါမ ဟုတ်တဲ့ ငါတစ်ယောက် သို့မဟုတ် ငါတစ်ကောင် သို့မဟုတ် ငါတစ်ဦး ဖြစ်နေနိုင်တာဘဲလေ။ ဒီလို အချိုးအဆစ်တွေမှာ လမ်းကွေ့တွေက ကြက်ခြေခတ်ထားတဲ့ ဒါမှမဟုတ်ရင် အနှုတ်ပြထားတဲ့ မကွေ့ရ၊ ပြောင်းပြန်မသွားရ လမ်းတွေလို သတ်မှတ်ချက်တွေထဲမှာ သွားရမယ့် လမ်းတွေက သံဆူးခတ်ထားတဲ့ အတားအဆီးတွေနဲ့။ အသက်ရှူလိုက်ရင်ဘဲ ပေါက်ထွက်တော့မယ့် အဆုတ်တစ်လုံးဟာ ထွက်ပေါက်အဖြစ်နဲ့ ပေါက်ကွဲခြင်းကိုဘဲ ဆာလောင်မွတ်သိပ်နေခဲ့ပြန်ပြီလေ။ 
‘သင်သွားလိုရာ သွားနိုင်ပြီ’ ဆိုတဲ့ လွတ်လပ်ခြင်းပေးခံလိုက်ရတဲ့ ဘဝတစ်ခုလို လွတ်လပ်ခြင်းမရှိတဲ့ဘဝထဲမှာ ဘဝတစ်ခုလုံး လောင်မြိုက်လိုက်ကြရပုံ၊ အရောင်အဆင်းဝေဝါးမှုနဲ့ သက်ငြိမ် ပန်းချီကားတစ်ချက်ထဲက တည်ကြည်တဲ့၊ သဘောပေါက်နေတဲ့ ဟန်ပန်တွေကို ဖော်ကျူးထားပုံ၊ ဖြစ်စဉ်တစ်ခုနဲ့ တစ်ခု တူညီနေသယောင် ထင်မှတ်ရလောက်အောင် လက်ရာမြောက် အက္ခရာတွေကို ဥပမာ တစ်ခုအဖြစ် အသက်သွင်းနေပုံ၊ ငိုယိုမြည်တမ်းနေတဲ့ ဆာလောင်နေသူရဲ့ တိုးလျှိုးတောင်းပန်နေတဲ့ဟန်ကို ဇာတ်ပွဲတစ်ပွဲရဲ့ အဖွင့်တေးတစ်ပုဒ်အဖြစ် တင်ဆက်နေတဲ့ပုံ၊ ဒီလိုယစ်မူးစေတဲ့ပုံတွေကို ခံစားတတ်တဲ့ နှလုံးသားတွေနဲ့ ရင်ဘတ်တစ်ခုချင်းဆီကို ဖြန့်ကျက်ပေးလိုက်ပေါ့ NEO ….  ။ 
ဆန္ဒတစ်ခုနဲ့တစ်ခု အပြိုင်မောင်းကြတဲ့ နယ်စည်းမခြား ယှဉ်ပြိုင်ပွဲတွေကို ရင်ခုန်ယစ်မူးနေတဲ့ပုံ၊ စာသားမပါ ရုပ်မပါ တိမ်လို လေလို ရေလို မြေလို အမြင်မတူမှုတွေကို ပေးစွမ်းနိုင်တဲ့ပုံ၊ မေတ္တာတရားကို ရှေ့ထားပြီး ဒေါနဲ့ မောနဲ့ စကားလုံးတွေကို ရှေ့ပြေးကြိုတင်စေလွှတ်လိုက် ရပုံ၊ ဒီလို ပုံတွေ ကားတွေထဲမှာ ဘောင်ခတ်ခြင်းကို ခွင့်ပြုလိုက်ရပုံ၊ အင်အားတွေကို အားကြိုးမာန်တက် ညှစ်ထုတ်လိုက်ရပုံ၊ မောပန်းနွမ်းလျ ခြေပစ်လက်ပစ် အနားယူပစ်လိုက်ရပုံ၊ ဘဝတွေထဲမှာ သဘာဝပုံတွေကို စုတ်တံတစ်ချောင်းနဲ့ ငါရေးဆွဲတတ်ချင်ပုံ၊ ဒီလို အကြောင်းတရား တွေကို တွေးတောဟန်ပြုနေပုံ၊ ငါဟာ ငါတစ်ကောင် ငါတစ်ယောက် ငါတစ်ဦး ဘယ်လိုဘဲဖြစ်ဖြစ် ချဲလင်းသည် ချဲလင်းသာဖြစ်ပါစေ…..။ 
ခုခံအားကျဆင်းမှုတွေထဲမှာ HIV က ရှေ့မှာ မိန့်မိန့်ကြီးရပ်လို့ ၊ ဦးဏှောက် အတွေးတွေထဲမှာ  ဗိုင်းရပ်စ် အကောင် သန်းပေါင်း များစွာ ခုံခံအားစုပ်ယူနေကြပုံကဦးဆောင်လို့ ဝေခွဲမရပါလား….. လောကကြီးထဲမှာ ငါမမြင်လိုတဲ့ ငါမကြားလိုတဲ့ ငါမသိလိုတဲ့ ပုံတွေထဲမှာ ဆေးသားလှလှလေးတွေက နေသားတကျ ဖြစ်နေရဦးမလား NEO ။ နိုင်ငံကြီးသားပီသအောင် နိုင်င့ံမြေပုံကို ပုံကြီးချဲ့ပြီး နံရံပေါ် ဆွဲချိတ်လိုက်ချင်တယ်။ အမျိုးကောင်းသားပီသအောင် အကောင်းတွေကိုဘဲ အမျိုးအဖြစ် ရွေးချယ် သောက်ပစ်လိုက်ချင်တယ်။ 
အမုန်းတချို့ကို နဲနဲဘဲ ဖြစ်ဖြစ် လျော့ချပစ်လိုက်ရင်ဘဲ ထုတ်ချင်းဖောက်မယ့် အချစ်တွေကို ပစ်မှတ်တည့်တည့်ကြီး ခုန်အုပ်လိုက်မှာ ပါ ။ အစွဲတွေနဲနဲဘဲဖြစ်ြဖစ် မထားတော့ရင် နူးညံ့သိမ်မွေ့တဲ့ စကားလုံးတွေကို နားတွေထဲ တရစပ်ခုတ်မောင်းဝင်ပစ်လိုက်ကြမှာ။ လေယာဉ်တစ် စင်းထွက်ခွာဖို့ ပြေးလမ်းတွေကို ရှည်ထွက်လာခိုင်းခဲ့ရသလို လေယာဉ်တစ်စင်း ခုန်ဆင်းလာဖို့ ပြေးလမ်းတွေကို ရှင်းလင်းပေးခဲ့ရင်ဘဲ ……. ဒီလိုမျိုးတွေကို ယစ်မူးနေခဲ့ပြန်ပြီလား NEO…။ 
အသုံးမကျတဲ့ အသုံးမပြုတဲ့ အိုဟောင်းနွမ်းညစ်နေတဲ့ အတွေးထဲမှာ ပျော်လို့ ပြုံးလို့ ၊ မသုံးရသေးတဲ့ အဟောင်းထဲမှာ သတ်မှတ်ချက်ကို မေ့ပစ်လိုက်ချင်တာပေါ့ NEO ရယ်…။ ငါဟာ ကြိုသူမဲ့တဲ့ အပြန်လမ်းတစ်လျှောက်မှာ အဟောင်းကို အသစ်အဖြစ် အသစ်ကို အဟောင်းအဖြစ် လန်းလန်းဆန်းဆန်း ခြေတက်ပြီး နေမဝင်ခင် အိမ်ပြန်ရောက်ချင်ခဲ့တာ ။ ဒီလို အနေအထားမျိုးကို ရင်ဘတ်နားက အိတ်ကပ်ထဲမှာ ထိုးထည့် အချစ်တွေကို မျိုးပွားပစ်လိုက်ပေါ့လေ … မျက်လုံးဖွင့်လိုက်ရင်ဘဲ အလင်းတန်းနဲ့အတူ ဝင်လာခဲ့ပေါ့ NEO…..။

ချဲလင်း 
===========================================

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
                                                   

ပါစကယ်ခူးသွယ်ရဲ့ From the land of Green ghosts ကို ဘာသာပြန်ထားတဲ့ ဆရာသင့်လူရဲ့ 'အိုဘယ့်အစိမ်းတို့မြေ' ကို ဖတ်ရင်း ငယ်ငယ်တုန်းကအကြောင်းတွေ သတိရတယ် ။ သူက မန္တလေးကို ဖွဲ့နွဲ့ထားတာကိုး ။ ၈၈တုန်းကဆို ကျနော် ၄နှစ်သားပေါ့ ။ ကျနော်တို့အိမ်က ၂၉လမ်း ၊ ၈၂ ၈၃ကြားမှာ ။ အရေးအခင်းတွေ ဖြစ်တော့ ၈၄လမ်းကို သွားသွားပြီး ရေခဲထုပ် ၊ ကောက်ညှင်းပေါင်း ၊ ဖျော်ရည်တွေ ဝေတာကို အငမ်းမရ သွားရောက် စားသောက်ခဲ့တာလည်း ပြန်သတိရတယ် ။ တရက်က အိမ်မှာ အဖေလည်းရှိတယ် ၊ ညနေ၃နာရီလောက်ပေါ့ ၊ မိုးတဖွဲဖွဲမှာ အမေ့ရဲ့ ချစ်သူငယ်ချင်းကြီး Drအောင်ကျော်ဦးနဲ့ သူ့ညီ အောင်ကျော်ထူးတို့ ပါတဲ့အဖွဲ့ အိမ်ရှေ့ကနေ ခွပ်ဒေါင်းအလံတလူလူနဲ့ ဖြတ်သွားတော့ အမေရော အဖေရော အူယားဖားယား နှုတ်ဆက်ကြတာလည်း အမှတ်ရတယ် ။ နောက်လည်း ၊ အမေနဲ့ သူ့သူငယ်ချင်းကြီးနဲ့ ဘယ်တော့မှ မဆုံလောက်တော့ပါဘူး ။ အနာဂတ်မှာ အဲ့သည် ဦးအောင်ကျော်ထူးရဲ့သားနှစ်ယော
က်နဲ့ ညီအကိုတွေလို ခင်မင်လာလိမ့်မယ်လို့တော့ ဘယ်သူမှ ဗြာဒိတ်မပေးခဲ့ဘူးပေါ့ ။ ဒါပေမယ့် အဲဒီမြင်ကွင်းဟာ သူငယ်ချင်းတွေရဲ့ မေတ္တာနဲ့ သံယောဇဉ်ကို အစောဆုံး ပုံဖော်ပေးနိုင်ခဲ့တယ် ထင်ပါရဲ့ ။ ဂျင်ကလိဆိုတဲ့ စကားလုံးတွေ ပလူပျံနေတုန်းမှာပဲ မာရှယ်လောဆိုတာရယ် စစ်အုပ်ချုပ်ရေးရယ်က တဖျောဖျောကျည်ဆံလက်ဆောင်တွေနဲ့ ၂၉လမ်းတလျှောက်က အိမ်တွေရဲ့တံခါးတွေကို မိတ်ဆက်စကားဆိုခဲ့တာလည်း ဝိုးတဝါးမှတ်ဥာဏ်မှာ ပုံပေါ်လာတယ် ။ ရွှေဝါဝင်းစားသောက်ဆိုင်က ဦးအုန်းက Tape recorderနဲ့ အသံဖမ်းထားသေးသဗျာ ။ ၂၉ ၈၃ထောင့် လ္ဘက်ခြောက်တိုက်က ကျည်သင့်သံတံခါးတွေကို သွားကြည့်ကြတာလည်း တရပ်ကွက်လုံးပေါ့ ။ ညမထွက်ရအမိန့်ရယ် ၊ ညစဉ်ကင်းလှည့်တဲ့ စစ်သားနှစ်ယောက်ရဲ့ ဘွတ်ဖိနပ်သံတွေကြားမှာပဲ အမေဟာ ညီမလေးကိုမွေးဖို့ ဗိုက်နာလာသတဲ့ ။ လမ်းမှာ ကျည်မသင့်ပါစေကြောင်း တတွတ်တွတ် ရွတ်ဖတ်နေတဲ့ အဒေါ်တွေရဲ့အသံကလည်း အမှတ်ရစရာ ။ ဘုရားလား ဘယ်သူလား မ,လို့ နံနက်ခင်းမှာ အမေဟာ အနှီးလေးပိုက်ပြီး ဆိုက္ကားနဲ့ အိမ်ပြန်ရောက်လာတော့မှ အားလုံး သက်ပြင်းချနိုင်တာ ။ ညိုတိုတို လုံးတုံးတုံး ကစားစရာတခုရလာလို့ ကျနော်တို့ ညီအကိုနှစ်ယောက် လက်ဝါးချင်းရိုက်ပြီး ပြုံးခဲ့ကြတယ် ။ အဲဒီကာလမှာ ကျနော်တို့ညီအကို နှစ်ယောက်အတွက် စွဲလမ်းစရာတွေက မြန်မာ့ရုပ်မြင်သံကြားက လွှင့်တဲ့ စစ်ချီတေး စစ်သည်တေးတွေပါပဲ ။ အဖေ အသစ်ဝယ်ထားတဲ့ တပတ်ရစ် Nissan Sunny လေးနဲ့ မိသားစု ကျုံးတပတ် ပတ်ကြတော့ နောက်ခန်းက ကျနော်တို့ ညီအကိုနှစ်ယောက် 'ဖလ်နေဝန်းသို့အညီ ထွန်းလင်းပြောင်ပေသည်' ဆိုပြီး ရှေ့ခေါင်မိုးကို တအုံးအုံးရိုက်ရင်း စစ်သွေးစစ်မာန်တွေ ကြွပစ်လိုက်ကြတာ အဖေ့မှာ ကားကိုရပ်ပြီး နားရင်းပါးရင်းရိုက်ယူရတဲ့အထိပဲ ။ ပါးစပ်နဲ့ပြောလို့မှ နားမထောင်ပဲကိုး ။ သူ သောက်ညင်အကပ်ဆုံး သီချင်းတွေကို သူ့သားသမီးတွေ မြိန်ရည်ယှက်ရည်ဆိုနေတာက သူ့ဒေါသရဲ့ ဇစ်မြစ်ဖြစ်မယ် ထင်တယ် ။ ဘာရယ်မဟုတ်ပါဘူး ။ ငယ်တုန်းက ဘဝတွေ လွမ်းလို့ ........
 
                                                                                                                                                               မန်းနီတိုး

User Rating: 0 / 5


 

                                                    

မနေ့ ညနေက ထမင်းစားအပြီး အပြင်ကို ခဏ လမ်းထွက်လျှောက်တယ် ။ ဗမာပြည်မှာ သင်္ကြန် အတက်နေ့ ဆိုတော့ ရေပက်ကြ တီးကြ ဆိုကြ ကကြနဲ့  ပျော်လို့ ဆူလို့  ရှိကြလိမ့်မယ်လို့ စိတ်က သတိရနေမိတယ် ။

ဒါပေမယ့် ကျနော်နေတဲ့ ဝေလနယ်က တောမြို့ ကလေးကတော့ ဗမာပြည်သင်္ကြန်ပွဲက သူနဲ့ ဘာမှ မဆိုင်သလို တိတ်တိတ်ဆိတ်ဆိတ် ကလေးပါဘဲ။ ရာသီဥတုကလည်း ဗမာပြည်က တန်ခူးလဆိုတာ အလွန်ပူတာမိုလား ၊ ဒီမှာတော့ ဧပြီ လက တော်တော် အေးတာဘဲ၊ ၈ ဒီဂရီ ( C ) လောက်ဘဲ ဆိုတော့ ကလော ဆောင်း တွင်းလောက်တော့ အေးသေးတာဘဲ။ အချမ်းလုံအောင် ဂျာကင်ဝတ်ပြီးထွက်ရတယ် ။

အိမ်ကထွက်လာပြီး မကြာခင်ဘဲ မြို့ လည် ပန်းခြံလေးနားရောက်လာတယ်။ ညနေ ရနာရီခွဲလောက် ဆိုတော့ နေ၀င်လထွက် ကလေးပေါ့ ။ လျှောက်သွားရင်းဘဲ ပန်းခြံကွင်း အစပ်က ၀က်သစ်ချပင်တွေ ထင်းရူး ပင်တွေရဲ့ အပေါ်မှာ လမင်းကြီး တဖြေးဖြေး ထွက်လာတာကို မြင်နေရတယ် ၊ လေထုထဲမှာ လည်း နွေဦးပန်းရနံ့ လေးတွေက ခပ်သင်းသင်းလေး မွှေးလို့ ။ ဖုံ တို့ မြူ တို့ မီးခိုးတို့ မရှိတော့ လေကလည်း သန့် လို့  ။ တောမြို့ လေး ညနေပိုင်း ဆိုတော့ ကားအသွားအလာ တိတ်ဆိတ်လို့ ၊ တစ်စီးတလေလောက်ဘဲ ဖြတ်သွားတာ ရှိတယ် ။ ခပ်လှမ်းလှမ်းက ဘုရားရှိခိုးကျောင်းက ထိုးနေတဲ့ ခေါင်းလောင်းသံသဲ့သဲ့ လေးကိုလည်း ကြားနေရတယ် ။

 

ညနေစာ စားချိန်မို့ အိမ်တအိမ်က မီးဖိုထဲမှာ သားအမိနဲ့ တူတဲ့အမျိုးသမီး ၂ယောက် ညစာချက်ပြုတ်ပြင်ဆင်နေတာ ကိုလည်း လမ်းပေါ်ကနေလှမ်းမြင်ရတယ် ။ခါးကုန်းကုန်း အဘိုးကြီးတစ်ယောက် ကတော့ ခွေးလေး ၂ ကောင်ကို ဆွဲပြီး လမ်းလျှောက်ထွက်လာတယ် ။ ကျနော်နဲ့ မသိပေမယ့် ပြုံး ပြပြီး Good evening !လို့ နှုတ်ဆက်သွားလိုက်သေးရဲ့  ။ ကားရှင်းတဲ့ လမ်းပေါ်မှာလည်း ၇ နှစ်အရွယ်လောက် ကလေး ၂ယောက် roller blades လေးတွေ စီးရင်း စကားတပြောပြောနဲ့  လာနေကြလေရဲ့  ။ သူတို့ ကတော့ ချမ်းပုံမရပါဘူး တီရှပ်လေးတွေဘဲ ၀တ်ထားကြတယ် ။

ကျနော်က လမ်းလျှောက်ရင်း မိုဘိုင်းဖုန်းထဲမှာ ထည့်ထားတဲ့ ဗမာသင်္ကြန်သီချင်းတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် နားကြပ်နဲ့ နားထောင်နေမိတယ် ။

အဲဒီအချိန်မှာကြည်လင်ပြာလဲ့နေတဲ့ ကောင်းကင် နောက်ခံမှာ ဖြူ ဖွေးဝိုင်းစက်ပြီး
တောက်ပနေတဲ့ လမင်းကြီးကို ကြည့်ရင်း ရင်မှာမဖော်ပြနိုင် တဲ့ အလွမ်းဝေဒနာတရပ် ပေါ်လာတာကို ကျနော် သတိထားလိုက်မိပါတယ် ။ ဗမာပြည်ကိုလွမ်းတာလား ၊ သင်္ကြန်ကိုလွမ်းတာလား ၊ ချစ်သူကို လွမ်းတာလား မခွဲခြားနိုင်အောင်ပါဘဲ ။ ရင်ထဲမှာ နင့်ပြီး နာကျင်လာပါတယ် ။ အားလုံးကို လွမ်းတာပါဘဲ ။

ဆရာဇော်ဂျီရဲ့  "တပေါင်းမိုး" ကဗျာထဲက အချပိုဒ်ကလေးကို သွားသတိရလိုက်မိတယ် ။ " ရှုရင်းငါ့ဝယ် ၊ အသွယ်သွယ်သည် ၊ ဘယ်ဆီလွမ်းမိ ၊ တတ်မသိ " တဲ့ ။ ။

                                                                                                                                                     ဒေါက်တာ လှဘူး

User Rating: 0 / 5



တစ်လောက မိတ်ဆွေရုပ်ရှင်ဝါသနာအိုးတစ်ဦး ယူလာပေးသော အီတလီရုပ်ရှင်ဇာတ်ကားလေးတစ်ကားကို ကြည့်လိုက်ရ ပါသည်။ ဇာတ်ကားအမည်မှာ ‘Cinema Paradiso’ ဖြစ်ပြီး အီတလီလူမျိုး ဒါရိုက်တာ ‘ဂူဆက်စ္စပီတော်နာတိုရီ’ လက်စွမ်းပြ ရိုက်ကူးထားသော နာမည်ကျော်ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါသည်။ ဇာတ်လမ်းအကျဉ်းမှာ ရုပ်ရှင်ဝါသနာအိုး ချာတိတ်လေး ‘ဆယ်လ်ဗာတို’ နှင့် ရုပ်ရှင်ပြစက်မောင်းသူ ‘အယ်လ်ဖရက်ဒို’ တို့ ဆရာတပည့်နှစ်ဦးကြားက သံယောဇဉ်၊ ထိုခေတ်ကာလ(၁၉၄၅ ခုနှစ်ဝန်းကျင်)က ရုပ်ရှင်ရုံများ၊ ရုပ်ရှင်ကြည့်ပရိတ်သတ်များ၏ ဓလေ့စရိုက်များကို ရိုးရိုးရှင်းရှင်း ရိုက်ကူးထားသော ဇာတ်ကားလေးဖြစ်၏။ အဆိုပါ ရုပ်ရှင်ဇာတ်ကားမှ အဓိကသရုပ်ဆောင်နှစ်ဦးဖြစ်သော ဆယ်လ်ဗာတို နှင့် အယ်လ်ဖရက်ဒိုတို့နှစ်ဦး၏ သရုပ်ဆောင်ချက်မှာ ပီပြင်လွန်းသဖြင့် ကျွန်တော်သည် ရုပ်ရှင်ကြည့်နေရသည့်အဖြစ်ကို မေ့လျော့ကာ မိမိမျက်စိရှေ့၌ တကယ်ပင်ဖြစ်ပျက်နေသည့်အလား ထင်မှတ်မိပါသည်။

            ထိုရုပ်ရှင်ဇာတ်ကားသည် ၁၉၈၉ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်တွင်၊ အကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဇာတ်ကားဆုနှင့် ရွှေကမ္ဘာလုံးဆုများအပြင်၊ အခြားဆုပေါင်းမြောက်များစွာကိုလည်း ရရှိခဲ့သည်။ ထိုဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခန်းတွင် မြို့နှစ်မြို့ ရုပ်ရှင်ဇာတ်ကားတစ်ကားတည်းပြသဖြင့် တစ်မြို့တွင်ပြသပြီးသောဖလင်အခွေကို နောက်တစ်မြို့သို့ ဆယ်လ်ဗာ တိုက စက်ဘီးဖြင့်အလျင်မီအောင် ပို့ပေးရသောအခန်းကို ရောက်သောအခါ ကျွန်တော့်မျက်စိထဲတွင် ဆယ်လ်ဗာတိုအစား ‘ကိုမြင့်သန်း’ ကို ပြန်မြင်ယောင်မိပြီး တစ်ပြိုင်နက်တည်းမှာပင် လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်ကျော်မှ အဖြစ်အပျက်များကို မနေ့တစ်နေ့ကလို တရေးရေး မြင်ယောင်လာမိသည်။

            ရုပ်ရှင်ဆိုသောအရာကို ကျွန်တော့်အသက်လေးနှစ်သား(၁၉၇၄ခုနှစ်)အရွယ်တွင် စတင်ထိတွေ့ခဲ့ရပါသည်။ ထို အချိန်က ယခုခေတ်လို တီဗွီ၊ ဗီဒီယိုပြစက်ဆိုတာ တွေ့ဖူးဖို့ ဝေးစွ၊ ကြားပင်မကြားဖူးသေးပါ။ ရုပ်ရှင်ကြည့်ချင်ပါက ရုံမှာ သွားကြည့်ရသော ခေတ်ဖြစ်ပါသည်။ ကျွန်တော်တို့မြို့တွင် သမ္မတ၊ ဂုဏ်၊ ရှေ့ဆောင်၊ ရွှေဗဟိုရ်၊ မြိတ်သီရိဟူသော ရုပ်ရှင် ရုံငါးရုံရှိသည့်အနက် ဂုဏ်ရုပ်ရှင်ရုံတစ်ရုံသာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများပြသပြီး ကျန်လေးရုံမှာ မြန်မာဇာတ်ကားများ ပြသပါသည်။ သို့သော် တစ်ခါတစ်ရံ မြန်မာရုပ်ရှင်ဇာတ်ကားသစ်များမဝင်သောအခါ သမ္မတရုံ၌ နိုင်ငံခြားရုပ်ရှင်ဇာတ်ကား ပြသလေ့ရှိပါသည်။  

User Rating: 0 / 5


                         

အချစ်ဆိုသည်မှာကို တေးရေးဆရာတွေက သီချင်းရေးသီကြသည်။ ကဗျာဆရာတွေက နမိတ်ပုံ၊ နဘေ ကာရံ တို့ဖြင့် ဖွဲ့နွဲ့ကြသည်။ စာရေးဆရာတို့က ကိုယ်ပိုင်ခံစားချက်တွေ အငှားခံစားချက်တွေ ကိုယ်တွေ့မျက်မြင် တွေ စသဖြင့်ကနေ ခံစား ရေးဖွဲ့ကြသည်။

အဆိုတော် ထူးအိမ်သင်က တော့ “ အချစ်ဆိုသည်မှာ ခံစားချက်တို့ မွေးဖွားရာ နေရာ “ လို့ သီချင်းတစ်ပုဒ်မှာ ဆိုထားလေသည်။  

အချစ်ဆိုတာမှာလည်း သမီးရီးစား အချစ်၊ လင်မယားအချစ်၊ မောင်ချစ် နှမအချစ်၊ မိဘနဲ့သားသမီး အချစ် ဆိုတာတွေ စုံလို့ပါပဲ။ သင်္ချာဂဏန်းနဲ့တောင် မှတ်သားထားကြလေသည်။

 

တစ်ချို့က ပြောသေးသည်။ ၁၅၀၀ အချစ်က ပူလောင်ပြီး ၅၂၈ အချစ်က အေးမြသည်တဲ့။

မောင်ချစ် နှမချစ်နှင့် မိဘနဲ့သားသမီး အချစ်က အေးမြသည်လို့ ဆိုလိုသည်။

၁၅၀၀ ရော ၅၂၈ နဲ့ပါ ချစ်ဖူးသူ အဖို့ကတော့ ထူးအိမ်သင် ဆိုထားတဲ့ အချစ်ဆိုသည်မှာ……သီချင်းထဲကလို                        

“အချစ်ဆိုတာ ကြည်နူးကြတဲ့ အခိုက် လမင်းတစ်ရာ၊ အချစ်ဆိုသည်မှာ………………… ဝမ်းနည်းတဲ့အခါ နေမင်းကုဋေကုဋာ “ လို့ ဆိုရမလိုပါ။

“နေမင်း” လို့ ဆိုလိုက်တာနဲ့တင် ပူလောင်ခြင်း ဆိုတာကို ခံစားမိရာမှာ ကုဋေကုဋာ ဆိုတော့ ပူတာကို တင်စားလိုက်တာ တော်တော့်ကို ပူရတာပါလား ပေါ့။

 

      တကယ်တော့ အချစ်ဆိုတာကို စိတ်ကူးမယဉ်ခဲ့ပေမယ့် အချိန်တန်တော့ ကြုံရတာပါပဲ။

ငယ်ငယ်တုန်းက အဒေါ်တစ်ယောက်လို ခင်မင်ပြီး ကျမတို့ မောင်နှမတစ်တွေကို  စောင့်ရှောက်ပေးနေတဲ့ အိမ်နီးနားချင်း အန်တီ တစ်ယောက်ကတော့ ကျမကို အပျိုကြီး လုပ်ရန်သာ တိုက်တွန်းလေသည်။ ကျမကလည်း လိုလိုလားလား လက်ခံခဲ့သည်။

အဲဒီ အန်တီရဲ့ ဥပမာပေးက ကျမရဲ့ အမေပင်။