သတင်း
- Details
- Written by ရည်မွန်
- Category: သတင်း
- Hits: 5013
ဦးမာလာ နှင့် သီရိပန်းချီပြခန်းပိုင်ရှင် ကိုပုညဆွေ
ဝါရင့် ပန်းချီကျော် ဦးမာလာရဲ့ 'နှစ်ကူးရောင်စဉ်' အမည်ရတဲ့ ပြပွဲကို ဒီဇင်ဘာ ၂၆ ရက်မှ ၃၀ရက်အထိ မန္တလေးမြို့ သီရိပန်းချီပြခန်းမှာ တင်ဆက်ပြသနေပါတယ်။
ဒီပြပွဲမှာ ပန်းချီကား ၃၀ ကျော် တင်ဆက်ထားတဲ့အနက် ၂၀ ကျော်ဟာ ဧရာဝတီမြစ်ပြင် ရှုခင်းကားများဖြစ်တဲ့ အတွက် 'ဧရာဝတီပြပွဲ'လို့တောင် ဆိုနိုင်တဲ့ တင်ဆက်မှု ဖြစ်ပါတယ်။
ရှေးမြန်မာမှုပိသုကာ သစ်သားဘုန်းတော်ကြီးကျောင်းတွေကို ရေးဆွဲရာမှာ တစ်ဖက်ကမ်းခတ်တဲ့ ဦးမာလာအနေနဲ့ ရွှေကျောင်း ရွှေအင်ပင် စတဲ့ မန္တလေးလက်ကျန် သစ်သားကျောင်းတော်ကြီးတွေကို ရှေးမြန်မာ အမျိုးသား အမျိုးသမီးတွေရဲ့ ဆင်ယင်ထုံးဖွဲ့မှုနဲ့ တွဲဖက်ချယ်မှုန်းထားတဲ့ လက်ရာများကိုလည်း ဒီပွဲမှာ တွေ့မြင်နိုင်ပါတယ်။
ဒီဇင်ဘာ ၂၆ ရက် မနက် ဖွင့်ပွဲနေ့မှာ ထူးခြားတဲ့ အစီအစဉ် တစ်ခုအဖြစ် ပရိသတ်ကို ပန်းချီတစ်ကား မဲဖောက်ကာ လက်ဆောင်ပေးခဲ့ပါတယ်။
ဦးမာလာဟာ ၁၉၅၃ ခုနှစ်ဖွား၊ ၁၉၇၆ မှာ မန္တလေး ပန်းချီ ပန်းပုကျောင်းဆင်းဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်မှာ 'မာလာနှင့်ရေဆေး'အမည်ရတဲ့ တစ်ကိုယ်တော်ပြပွဲ ခင်းကျင်းခဲ့ပြီး အခု ၂၀၁၂ နှစ်ကုန်မှာ တင်ဆက်တဲ့ နှစ်ကူးရောင်စဉ်နဲ့ ဆိုရင် တစ်ကိုယ်တော်ပြပွဲ ၅ ကြိမ် ပြသခဲ့ပြီးဖြစ်ပါတယ်။
ဒီနှစ်အတွင်း ပန်းချီအနုပညာပြပွဲတွေ ခပ်စိတ်စိတ် တင်ဆက်လာတဲ့ 'သီရိ' ပန်းချီအနုပညာပြခန်းရဲ့ တစ်နှစ်ပြည့် အမှတ်တရအဖြစ် ခင်းကျင်းတဲ့ တစ်ကိုယ်တော်ပြပွဲ ဖြစ်ကြောင်း သိရပါတယ်။
ရည်မွန်
- Details
- Written by ရည်မွန်
- Category: သတင်း
- Hits: 4940
Performance Artist စူးမြင့်သိန်းက We live in Myanmar အမည်ရတဲ့ တင်ဆက်မှုကို ဒီဇင်ဘာ ၂၃ ရက်က သမိုင်းဝင် မင်းကွန်းပထိုးတော်ကြီး ရှေ့မျက်နှာစာ ကွင်းပြင်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီတင်ဆက်မှုမှာ ခေတ်ပြိုင်အနုပညာရှင်တစ်ဦးရဲ့ သူကြုံတွေ့ဖြတ်သန်းနေရတဲ့ ခေတ်အပေါ် တုံ့ပြန်ချက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
စူးမြင့်သိန်းက သူ့ကိုယ်သူ သက်ဦးဆံပိုင် ရှင်ဘုရင်တစ်ပါးသဏ္ဌာန် ဆင်ယင်ပြီး သစ်ရွက်များပေါ် OK စာလုံးများကို တံဆိပ်ခတ်နှိပ်ကာ ပရိသတ်များကိုဝေငှခဲ့ပါတယ်။
နောက် သူ့ကိုယ်ပေါ်က ရှင်ဘုရင် ချပ်ဝတ်တန်ဆာတွေကို တစ်ခုစီဖြုတ်ကာ ပရိသတ်များကို ဆက်လက် ဝေငှပါတယ်။
ဒါပေမယ့် လက်ထဲက သံလျက်ကိုတော့ ဘယ်သူ့ကိုမှ လက်လွှဲမပေးနိုင်ဘဲ အသေဆုတ်ကိုင်ထားခြင်းအားဖြင့် သူ့ရဲ့ အစွဲဥပါဒန်ကို ဖော်ပြလိုက်ပါတယ်။
ဆက်လက်ပြီး ချပ်ဝတ်မရှိတော့တဲ့ ကိုယ်ပေါ် အနီရောင်ဆေးရည်များ လောင်းချလိုက်ခြင်းအားဖြင့် ပရိသတ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ တန်ဆောင်မုန်းလပြည့်ညက လက်မံတောင်းတောင်ကြေးနီ စီမံကိန်းဖျက်သိမ်းရေး သပိတ်စခန်းမှာ သံဃာတော်တွေ မီးလောင်ဗုံးနဲ့ ဖြိုခွင်းခံရတဲ့ ဖြစ်ရပ်ကိုပြန်ပြီး သတိရစေပါတယ်။
နောက်ဆုံးပြကွက်အဖြစ် မီးလောင်နေတဲ့ သေနတ်တစ်လက်နဲ့ ပရိသတ်တွေကို လိုက်လံချိန်ရွယ်ခြင်းအားဖြင့် သူ့ တင်ဆက်မှုကို အဆုံးသတ်လိုက်ပါတယ်။
စူးမြင့်သိန်းဟာ သူ့ရဲ့ ခေတ်ပြိုင်နိုင်ငံရေးထင်ဟပ်တဲ့ တင်ဆက်မှုများကြောင့် သူ့ ပြပွဲတိုင်းကို အာဏာပိုင်တွေက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပြီး စက်တင်ဘာ ၂၁ရက် အပြည်ပြည်ဆိုင်ရာြ ငိမ်းချမ်းရေးနေ့ အထိမ်းအမှတ် မန္တလေးမြို့တွင်းတစ်ကိုယ်တော် Street Performance တင်ဆက်တုန်းကလည်း သူကိုရဲစခန်းမှာ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြပါတယ်။
Performance အနုပညာကို Community ထဲရောက်အောင် ပို့ဆောင်ပေးနေတဲ့ Artist တစ်ဦးအဖြစ် စူးမြင့်သိန်းကို အနုပညာလောကသားများက အသိအမှတ်ပြုထားကြပါတယ်။
အခုတင်ဆက်တဲ့ We live in Myanmar ပြပွဲကို ABSDF မြောက်ပိုင်းပြန် ရဲဘော်ဟောင်းများ ပြန်လည်တွေ့ဆုံပွဲမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ရည်မွန်
- Details
- Written by ရည်မွန်
- Category: သတင်း
- Hits: 5138
Mandalay Contemporary Art Centre ရဲ့အနုပညာလှုပ်ရှားမှုများအဖြစ် ဒီဇင်ဘာ ၉ ရက်က ပန်းချီဆွေးနွေးပွဲ၊ဒီဇင်ဘာ ၁၃ ရက်က ဓာတ်ပုံဆွေးနွေးပွဲတွေကို ဆက်တိုက် ကျင်းပသွားခဲ့ပါတယ်။
ပန်းချီဆွေးနွေးပွဲမှာ မြန်မာမှုဒီဇိုင်းသုတေသီ ဆရာကြီးဦးအေးမြင့်က''မြင်တွေ့ခဲ့ဖူးသော ရှေးလူတို့၏ သဘောသဘာဝနှင့် ၄င်းတို့ ဖန်တီးခဲ့ကြသော အနုလက်ရာများ'၊မော်ဒန်ပန်းချီဆရာ ဒေါက်တာကိုကိုကြီးက'ပန်းချီကားအား ပန်းချီဆရာ၏ ချဉ်းကပ်ပုံ'ခေါင်းစဉ်များနဲ့ ဟောပြောဆွေးနွေးပြီး၊ဝါရင့်ပန်းချီဆရာကြီး ဦးထွန်းgန်းချီအနုပညာ ရေစီးကြောင်း'စာတမ်းကို ဆရာကြီးကိုယ်စား ဆရာစူးမြင့်သိန်းက ဖတ်ကြားပြီး မနက်ပိုင်းအစီအစဉ်များကို ရပ်နားခဲ့ပါတယ်။
နေ့လယ်ပိုင်းမှာ ပန်းချီကျော်မိုးသာက 'ခေတ်ပြိုင်အနုပညာအကြောင်း သိကောင်းစရာ'ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးရာမှာ ပရိသတ်များက စိတ်ဝင်တစား ပါဝင်
အားဖြည့်ဆွေးနွေးခဲ့ကြပါတယ်။
ပန်းချီအနုပညာဆိုင်ရာ ဟောပြော ဆွေးနွေးပွဲများ ၊ လှုပ်ရှားမှုများ အားနည်းနေသေးတဲ့ မန္တလေးမှာ အခုကျင်းပတဲ့ ပန်းချီပွဲအပေါ် ပန်းချီဆရာများ၊ပန်းချီချစ်သူများ အထူးစိတ်ဝင်စားခဲ့ကြပြီး ပရိသတ် ၈၀ကျော် တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
MCAC ရဲ့ ပန်းချီအနုပညာဆိုင်ရာ အစီအစဉ်များနဲ့ ပတ်သက်ပြီး ဒါရိုက်တာတစ်ဦးဖြစ်သူ ဆရာစူးမြင့်သိန်းကို မေးမြန်းရာမှာ MCAC ရဲ့ ရည်ရွယ်ချက်က လူငယ်အနုပညာရှင်အသစ်များ ဖော်ထုတ်ပြီး မြေတောင်မြှောက် မြှင့်တင်ပေးဖို့ ဖြစ်ကြောင်း၊ ဒီအတွက် ပန်းချီပါရမီရှိသူ လူငယ်များ စုဖွဲ့ကာ လိုအပ်မယ့် သင်တန်းများ အမြင်ဖလှယ်မှုများ ပန်းချီအထောက်အကူပစ္စည်းများ ပေးကာ လူငယ်ပန်းချီပြပွဲများ ဆက်တိုက် ခင်းကျင်းတင်ဆက်ပေးသွားဖို့ အစီအစဉ်ရှိကြောင်း ပြောဆိုပါတယ်။
- Details
- Written by ညိုကြီး
- Category: သတင်း
- Hits: 5067
ကဗျာရေးသူ အောင်နှင်းသစ်ရဲ့  "စက္ကူသင်္ဘော" ကဗျာစာအုပ်ကို နှစ်ကာလများစာပေက ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာမှာ ထုတ်လုပ်ဖြန့်ချိလိုက်ပါတယ်။
စုစုပေါင်းကဗျာ (၉၁)ပုဒ် ပါဝင်ပြီး ၁၉၉၉ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်းရေးသားခဲ့တဲ့ စုစည်းထားခြင်းဖြစ်ပါတယ်။
စာအုပ် Cover ကတော့ ကဗျာဆရာအိုအောင် ကရေရးဆွဲထားပြီး၊ နောက်ဖုံးပုံကတော့ ပန်းချီဝင်းတင့် ဖြစ်ပါတယ်။
ကဗျာစာအုပ်တန်ဖိုးကတော့ မြန်မာကျပ်ငွေ ၁၅၀၀ ဖြစ်ပါတယ်။
ညိုကြီး
- Details
- Written by ရည်မွန်
- Category: သတင်း
- Hits: 4797
တန်ဆောင်တိုင်ည နိုဝင်ဘာ ၂၉ မနက် လင်းအားကြီးအချိန်မှာ ဖြစ်ပွားတဲ့ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းဆန့်ကျင်ရေး သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွင်းခံရမှုအပေါ် တုံ့ပြန်တဲ့ အနုပညာလက်ရာများ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ဒီရက်ပိုင်း ပျံ့နှံ့လျက် ရှိပါတယ်။
ဒီအကြမ်းဖက်မှုကြောင့် သံဃာတော်အများစု ပါဝင်တဲ့ လူ ၇၀ကျော် ထိခိုက်ဒဏ်ရာများရခဲ့ပြီး သံဃာ ၂၇ပါးဟာ ဒဏ်ရာပြင်းထန်ပါတယ်။ထိခိုက်ဒဏ်ရာ ရရှိထားတဲ့ သံဃာတော်တွေရဲ့ ပုံတွေ အွန်လိုင်းပျံ့နှံ့နေချိန်မှာပဲ ဒီအကြမ်းဖက်မှုကို ဆန့်ကျင်ရှုံ့ချတဲ့ အနုပညာလက်ရာတွေလည်း တရစပ် ပေါ်ထွက်လျက်ရှိပါတယ်။
လက်သံအပြောင်ဆုံးကတော့ ကတွန်းဆရာတွေ ဖြစ်ပါတယ်။ဆရာအော်ပီကျယ်ရဲ့ 'မျက်ရည်ယိုဗုံး'အမည်ရတဲ့ ကာတွန်းကွက်ဟာ ၂၉ရက် မနက်ပိုင်းမှာ ချက်ချင်းပေါ်ထွက်လာခဲ့ပြီး အွန်လိုင်းပေါ် တမဟုတ်ချင်း ပျံ့နှံ့သွားခဲ့တယ်။ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပဲ မန္တလေးသား ကာတွန်းအောင်မော်ကလည်း 'ပရဆေးဗုံး'အမည်ရတဲ့ ကာတွန်းနဲ့ သပိတ်စခန်းဖြိုခွင်းရာမှာ ဓာတုလက်နှက် အသုံးပြုတယ်ဆိုတဲ့ သတင်းတွေအပေါ်ပဲ့တင်ထပ်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းဖို့ သမ္မတက အမိန့်ထုတ်လိုက်ပြီဆိုတဲ့ သတင်းပေါ်ထွက်ချိန်မှာ ကဗျာဆရာမောင်တင်သစ်ရဲ့ 'မရှုနိုင် မကယ်နိုင်ဇာတ်လမ်း'အမည်ရတဲ့ ၃ ကြောင်းကဗျာတစ်ပုဒ် အွန်လိုင်းပေါ် တက်လာပါတယ်။အပြစ်ကြီးကျူးလွန်ထားသူတွေအဖို့ ဒေါ်စုလည်း ကယ်နိုင်မှာမဟုတ် ဆိုတဲ့ အဓိပ္ပာယ်ပါ။
အထက်ဗမာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာညီပုလေးကတော့ 'ဗမာပြည်ကို ချစ်မြတ်နိုးကြတဲ့ သူတိုင်း လက်ပံတောင်းတောင်အရေးကို ဝမ်းနည်းကြေကွဲကြမှာပဲ။ လက်ပံတောင်းဟာ အလေးအနက်ထားရမယ့်အရေး' လို့ မှတ်ချက်ပြုပါတယ်။
စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့က သံဃာတော်တွေကို တောင်းပန်မယ့် အကြောင်း သတင်းထွက်ချန်မှာ စာရေးဆရာကိုတာက ဗိုလ်ချုပ်အောင်ဆန်းကို သေနပ်နဲ့ပစ်တာ ဦးစောကိုယ်တိုင် မဟုတ်ပေမယ့် ဒီလုပ်ကြံမှုကို ဦးစော တာဝန်ယူရတယ်လို့ နှိုင်းပြပါတယ်။
ကဗျာဆရာမောင်နီဦးကတော့
'လက်ပံတောင်းတောင်ရဲ့
လက်ခမောင်းသံဟာ
ပြည်သူတွေထံက
ပဲ့တင်ပြန်လာတဲ့အမှန်တရားဖြစ်တယ်'လို့ ကဗျာတစ်စ ဖွဲ့ပါတယ်။
ပါဖောင်းမင့်အနုပညာရှင် ဆရာစူးမြင့်သိန်းကလည်း လက်ပံတောင်းအရေးကို တုံ့ပြန်တဲ့ ပါဖောင်းမင့်တင်ဆက်မှုတစ်ခု မကြာခင်ပြုလုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။
စာပေအသင်းအဖွဲ့တွေထဲက မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂကလည်း နိုဝင်ဘာ ၂၉ရက်စွဲနဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး ဒီအကြမ်းဖက်မှုကို ပြစ်တင်ရှုံ့ချလိုက်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နဲ့ မြန်မာဝမ်ပေါင် အမည်ရတဲ့ တရုတ်ကုမ္ပဏီတို့ ဖက်စပ်အကောင်အထည်ဖော်နေတဲ့ စီမံကိန်းဖြစ်ပြီး လယ်ယာမြေ ဧက ၇၈၀၀ကျော် သိမ်းယူခံထားရတဲ့ လယ်သမားများ ဦးဆောင်ကာ ၂၀၁၃ မေလက စပြီးဒီစီမံကိန်းဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြနေခဲ့တာ ဖြစ်ပါတယ်။
လက်ပံတောင်းတောင်ဧရိယာအတွင်းမြန်မာဗုဒ္ဓသာသနာဝင်မှာ နေတစ်ဆူ လတစ်ဆူပမာ ထင်ရှားတဲ့ လယ်တီဆရာတော်ဘုရား တောရဆောက်တည်ခဲ့ရာ သိမ်ကျောင်းဖျက်ဆီးခံရမယ့် အရေးနဲ့ ကြုံနေခြင်း၊ ရင်းနှီးမြှုပ်နှံ့သူမှာ မြန်မာစစ်အာဏာရှင်အစိုးရကို တစ်လျှောက်လုံး ကျောထောက်နောက်ခံပေးထားတဲ့ တရုတ်နိုင်ငံမှ ကုမ္ပဏီ ဖြစ်နေခြင်းတို့ ဟာ မြန်မာပြည်သုများအနေနဲ့ ဒီစီမံကိန်းကို ဆန့်ကျင်ဖို့ စေ့ဆော်တဲ့ အဓိကအကြောင်းများ ဖြစ်နေပါတယ်။
ဒေသခံသပိတ်သမားများကို အကာအကွယ်ပေးဖို့ ရောက်ရှိနေတဲ့ သံဃာတော်တွေကို အခုလို အကြမ်းဖက် နှိမ်နှင်းခြင်းအပေါ် စာပေအနုပညာရှင်များအပါအဝင်
မြန်မာပြည်သူတစ်ရပ်လုံး ယူကြုံးမရ ဖြစ်ကြရပြီး ဒီမိုကရေစီစနစ်ဆီ ဦးတည်နေတဲ့ မြန်မာနိုင်ငံအဖို့နောက်ကြောင်းပြန်တဲ့ ခြေလှမ်းအဖြစ် ရှုမြင်သုံးသပ်လျက်ရှိပါတယ်။
ရည်မွန်