သတင်း
- Details
- Written by ရည်မွန်
- Category: သတင်း
- Hits: 5030

မြန်မာလူငယ်တွေရဲ့ လက်ရာ ဇာတ်လမ်းတို ရုပ်ရှင် နဲ့ မှတ်တမ်းရုပ်ရှင်တွေကို စုစည်းတင်ဆက်ပြသတဲ့ 'ဝသန်ရုပ်ရှင်ပွဲတော်' ကို ဇန်နဝါရီ ၁၃ နဲ့ ၁၄ ရက်များက မန္တလေးမြို့၆၉လမ်း နဲ့ ၃၇လမ်းထောင့်မှာတည်ရှိတဲ့ Mandalay Contemporary Art Centre မှာကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီပွဲကို ဝသန်ရုပ်ရှင်ပွဲတော်အဖွဲ့သားများ၊ ချက်၊စင်္ကာပူ၊သီရိလကာင်္၊ဂျပန်၊ တရုတ်၊ကမ္ဘောဒီးယား၊သြစတေးလျ၊ နယူးဇီလန်၊ဖင်လန်၊ဗြိတိန်၊ပြင်သစ်၊ အမေရိကန်နိုင်ငံများမှ အနုပညာရှင်များ၊မြို့ခံရုပ်ရှင်ချစ်သူများ၊MCACအဖွဲ့သားများ ပရိသတ် ၈၀ကျော် တက်ရောက်ခဲ့ကြပါတယ်။
ဇန်နဝါရီ ၁၃ ရက်မနက် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲမှာ MCAC ဒါရိုက်တာ ဆရာညီပုလေးက အမှာစကားပြောကြားခဲ့ပြီး ဝသန်အဖွဲ့ ဒါရိုက်တာ မသူသူရှိန်နဲ့ ကိုသိဒ္ဓိတို့က ဝသန်ရုပ်ရှင်ပွဲတော်အကြောင်း ရှင်းပြပါတယ်။
မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်မားလာစေဖို့၊ရုပ်ရှင်ဒါရိုက်တာများအနေနဲ့ အနုပညာမြောက်လက်ရာ ဖန်တီးနိုင်ရေး အားပေးလှုံ့ဆော်မှုပြုနိုင်ဖို့ ရည်ရွယ်ချက်နဲ့ နှစ်စဉ် ရန်ကုန်မြို့မှာ မိုးအခါ စက်တင်ဘာလတိုင်း ဝသန်ရုပ်ရှင်ပွဲတော်ကို ကျင်းပနေတာ ဒီနှစ်ဆိုရင် ဒုတိယအကြိမ်မြောက် ရှိပြီလို့ မသူသူရှိန်က ပြောပါတယ်။
ဒီနှစ်တော့ ဝသန်ရုပ်ရှင်ပွဲတော်ကို အထက်မြန်မာပြည်ဆီ ဆန့်ထုတ်တဲ့ အနေနဲ့ MCACအကူအညီနဲ့ အခုလို မန္တလေးမြို့မှာ တင်ဆက်ပြသခြင်းဖြစ်တယ်လို့ သူမက ဆက်ပြီး ရှင်းပြပါတယ်။
- Details
- Written by ကိုဘုန်း
- Category: သတင်း
- Hits: 5309
မြန်မာခေတ်ပြိုင်ပန်းချီဆရာကြီး(ဦး)ခင်မောင်ရင်၏ပန်းချီကားများကို စုစည်းပြသမည့် ပန်းချီပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ လောကနတ်ပန်းချီပြပွဲတွင် ဇန်န၀ါရီ ၁၈ ရက်နှင့် ၁၉ရက်တို့တွင် နှစ်ရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပန်းချီပြပွဲကို ခင်မောင်ရင် ၁၀၀ ၊K,KMY,Kin Maung Yin Solo Exhibition 2013 ဟုအမည်ပေးထားပြီး ပန်းချီဆရာ(ဦး)ခင်မောင်ရင်ရေးဆွဲထားသည့် ပန်းချီကား ၁၀၀ ပါဝင်ပြသမည်ဖြစ်သည်။
ပန်းချီခင်မောင်ရင်သည် ဗိသုကာပညာရှင်တဦးဖြစ်ပြီး ဗိသုကာပညာသင်ကြားနေစဉ်က ပင် အမေရိကန်တွင်ထင်ရှားသော ဒတ်ခ်ျ ပန်းချီ ပညာရှင် မွန်ဒရီယွန်၏ ဂျီသြမေတြီ ဆန်သော လေးထောင့်ကွက်ပန်းချီကားများကို နှစ်သက်သဘောကျခဲ့သူဖြစ်ပါသည်။
ဗိသုကာဘွဲ့ရပြီးနောက်ပိုင်း ကာလအတန်ကြာ ဘဂ်လားဒေ့ရှ်နိုင်ငံတွင် ဗိသုကာပညာရှင် အဖြစ်အသက်မွေးနေထိုင်ရာမှ ၁၉၆၀ ခန့်တွင် ဘ၀ကို ပန်းချီပညာရှင် အဖြစ် နေထိုင်သွားရန် ဆုံးဖြတ်ပြီး မြန်မာပြည်သို့ပြန်လာကာ ခေတ်ပြိုင် ရေးဘက် ပန်းချီအောင်စိုး ဦးခင်မောင်(ဘဏ်) တို့နှင့် အတု ပထမမျိုးဆက် မော်ဒန် ပန်းချီဆရာ အဖြစ် ဦးဆောင်ခဲ့သည့် ပန်းချီဆရာတဦးဖြစ်ပါသည်.။
အထူးသဖြင့် ခင်မာင်ရင်သည် ငွေကြေး ကျော်ကြားမှု တို့ကို ဂရုမစိုက်ပဲဘ၀ကို ရိုးရှင်းစွာ တဦးတည်းနေထိုင်ရင်း ပန်းချီအနုပညာဖန်တီးဖြင့်သာ နေထိုင်သော ဘ၀နေထိုင်ပုံ အထူးခြား အရိုးရှင်းဆုံး ပန်းချီဆရာ အဖြစ် အနုပညာရှင်များကြားထင်ရှားသူဖြစ်ပါသည်။
ပန်းချီခင်မောင်ရင်သည် လွန်ခဲ့သော ခြောက်နှစ်ကျော်မှ စ၍ ဒြပ်မဲ့ပန်းချီ မြန်မာ့ရှူခင်းအလှများကို ခေတ်သစ်ပန်းချီအမြင်ဖြင့် ဖန်တီးရေးဆွဲနေရာမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီ ကားများကို စီးရီးတခု အဖြစ် အမြောက်အမြား ရေးဆွဲခဲ့ပြီး ၄င်းစီရီးကို ပန်းချီကားဝယ်ယူစုဆောင်းသူများက လျို့ဝှက် ၀ယ်ယူစုဆောင်းကြရသော စီးရီး အဖြစ် ထင်ရှားခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ဒုတိယမျိုးဆက်မော်ဒန်ပန်းချီဆရာစန်းမြင့်က ဦးဆောင်၍ ခင်အောင်ရင်၏ အနုပညာဖြတ်သန်းမှုကို This is Khin Maung Yin အမည်ဖြင့် အင်္ဂလိပ်ဘာသာ ဖြင့် ထုတ်ဝေဖြန့်ချီခဲ့ပါသည်။
ယခုအခါ အသက် ၇၄ နှစ်ရှိပြီ ဖြစ်သော မော်ဒန်မာစတာ၏ ခေတ်အဆက်ဆက်ရေးခဲ့သော ပန်းချီကားများနှင့် လောလောလတ်လတ်ရေးဆွဲခဲ့သောပန်းချီကားများ ပေါင်း (၁၀၀)ကို အတူတပေါင်းတည်း တွေ့ရမည် ဖြစ်သဖြင့်ထူးခြားသောပွဲတပွဲဖြစ်ပါသည်။
ကိုဘုန်း
- Details
- Written by ရည်မွန်
- Category: သတင်း
- Hits: 4464
၂၀၁၂ နိုဝင်ဘာ ၁၁ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရသူ ပြည်သူတွေကိုကူညီဖို့ ရည်ရွယ်ချက်နဲ့ မန္တလေးမြို့ စာရေးဆရာများ လူငယ်သတင်းသမားများက ပဒေသာကပွဲတစ်ခုကို ဇန်နဝါရီ ၅ ရက်ညက အမျိုးသားကဇာတ်ရုံမှာ စီစဉ်တင်တင်ဆက်ခဲ့ပါတယ်။
တေးဂီတပိုင်းကို မြို့မတူရိယာအသင်းနဲ့ စိန်တင့်လွင်ဆိုင်းအဖွဲ့တို့က တွဲဖက်တာဝန်ယူပြီး အဖွင့်သီချင်းအဖြစ် စာရေးဆရာဆူးငှက်ရေးသားတဲ့ 'နက်ဖြန်မိုးသောက်လေသောအခါ'သီချင်းကို သတင်းသမားမောင်မယ်များက သီဆိုပါတယ်။
ရန်ကုန်မြို့က အဆိုတော် သန်းမြတ်စိုး ဖိုးသောကြာ စိုးထက် စိုးစန္ဒာထွန်း အိအိချွန်တို့က မေတ္တာနဲ့ လာရောက်အားဖြည့်ခဲ့ကြပြီး ဆရာချစ်စရာရဲ့ 'ဧရာဝတီ'အော်ပရာကို ဆက်လက်တင်ဆက်ပါတယ်။
နောက်ဆုံးအစီအစဉ်အဖြစ် 'အနန္တကျေးဇူးရှင်' တခန်းရပ်ပြဇာတ်ကို လူငယ်သတင်းသမားများကိုယ်တိုင် ပါဝင်ကပြခဲ့ကြပါတယ်။
ဒီပွဲကနေ ငလျင်ရံပုံငွေအဖြစ် ကျပ်သိန်း ၂၀၀ ကျော် အလှူခံရရှိခဲ့တယ်လို့ သိရပါတယ်။
ရည်မွန်
- Details
- Written by ရည်မွန်
- Category: သတင်း
- Hits: 4564
စာရေးဆရာ၊သတင်းစာဆရာ၊နိုင်ငံရေးသမား သိန်းဖေမြင့် ရဲ့ ဂန္ထဝင်မြောက်လက်ရာ 'အရှေ့ကနေဝန်း ထွက်သည့်ပမာ'ဝတ္ထုကြီးကို အလင်္ကာစာအုပ်တိုက် နဲ့ ပိတောက်ရနံ့စာအုပ်တိုက်တို့ ပူးပေါင်းပြီး နဝမအကြိမ်မြောက်အဖြစ် ဆန်းသစ်ထုတ်ဝေလိုက်ပါတယ်။
ကိုလိုနီခေတ် ကျောင်းသားလူငယ်များရဲ့ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုသမိုင်းကို ဖွဲ့ဆိုတဲ့ ဒီဝတ္ထုဟာ ဆရာသိန်းဖေမြင့်ရဲ့ အကောင်းဆုံးလက်ရာ ဖြစ်သလို မြန်မာစာပေသမိုင်းမှာလည်း ထိပ်တန်းအဆင့် ထားရတဲ့ ဝတ္ထုကြီးဖြစ်ပါတယ်။
စာအုပ်စတင်ဖြန့်ချိခြင်းအခန်းအနာဲးကို ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က မန္တလေးမြို့ ရာပြည့်စာအုပ်ဆိုင်မှာ အမှတ်တရ ကျင်းပသွားခဲ့ကြောင်းပါတယ်။
- Details
- Written by ရည်မွန်
- Category: သတင်း
- Hits: 4627
New Medium Art ဖန်တီးဖို့ စိတ်အားထက်သန်တဲ့ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ထွန်းဝင်းအောင် နဲ့ ဖြိုးကြည်ဟာ သူတို့ ဖန်တီးခဲ့တဲ့ Vedio Art နဲ့ Medium Art Project များအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့က မန္တလေးမြို့ ၆၉ လမ်း နဲ့ ၃၇ လမ်းထောင့် Mandalay Contemporary Art Centre မှာ ပြုလုပ်ပါတယ်။
တစ်ချိန်က စုတ်တံကိုင်ခဲ့တဲ့ သူတွေပေမယ့် အခုအချိန်မှာ စုတ်တံတစ်ခုတည်းနဲ့ မတင်းတိမ်တော့ဘဲ Vedio Camera ,Computer စတဲ့ ခေတ်ပေါ်နည်းပညာတွေကို အနုပညာနဲ့ ပေါင်းစပ်ပြီး New Art ဖန်တီးဖို့ သူတို့ပိုပြီး တိမ်းညွှတ်လာကြတဲ့ အကြောင်း ရှင်းပြပါတယ်။ဲ
ထွန်းဝင်းအောင်ကတော့ သူ့ရဲ့ အနုပညာ ဖန်တီးမှု အများစုကို ဇနီးသည် ဝါနုနဲ့ တွဲဖက်ကာ နှစ်ယောက်အတူတကွ ဖန်တီးလေ့ရှိတယ်လို့ ဆိုပါတယ်။ဒီပွဲကို ဝါနုကိုယ်တိုင် တက်ရောက်ဆွေးနွေးဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်းမညီညွတ်လို့ မလာရောက်နိုင်ခဲ့ပါဘူး။ ထွန်းဝင်းအောင်က သူနဲ့ ဝါနု နှစ်ယောက်သား ဖန်တီးထားတဲ့ အနုပညာလက်ရာတွေအကြောင်း နမူနာပုံများနဲ့ ရှင်းပြသွားခဲ့ပါတယ်။
ဖြိုးကြည်ကတော့ သားဖြစ်သူရဲ့ အနုပညာသမားဘဝ ရွေးချယ်မှုအပေါ် ဘဝင်မကျခဲ့တဲ့ မိခင်နဲ့ သူကြားက ဆက်ဆံရေးကို အမြုတေတည်ပြီး အနုပညာများ ဖန်တီးလေ့ရှိတယ်လို့ ဆိုပါတယ်။
ကွန်ပျူတာနည်းပညာ အသုံးပြု ဖန်တီးထားတဲ့ ဖြိုးကြည်ရဲ့ Museum Art Project နမူနာကတော့ ရှုမြင်ရသူများအတွက် မှင်တက်မိစရာပါ။
ဒီနေ့အစီအစဉ်ဟာ အနုပညာသစ်တောင့်တတဲ့ လူငယ်တွေ အဆာပြေတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။
၂၀၁၃ ဇန်နဝါရီလဆန်း ၉ရက်ရောက်ရင် သူတို့ပါဝင်တဲ့ Multi Art Show တစ်ခု မင်းကွန်းမှာ ခင်းကျင်းသွားဖို့ အစီအစဉ်ရှိကြောင်းလည်း သိရပါတယ်။
ရည်မွန်