အနုပညာလောကထဲမှာ ဆယ်စုနှစ်သုံးစုနီးပါးဖြတ်သန်းခဲ့တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ဘဝ၊ သူဖြတ်သန်းခဲ့ ရတဲ့ အချိန်ကာလနဲ့ခေတ်စနစ်၊ သူ့ရဲ့ အနုပညာရပ်တည်ချက်နဲ့ သူဖန်တီးတဲ့ အနုပညာရပ် တွေအကြောင်းကို စာမျက်နှာ (၂၀၀) ကျော်လောက်ပါတဲ့ ဒီစာအုပ်ခပ်လတ်လတ်လေးက ပြောပြပေးမှာပါ။ လူ့ဘဝသက်တမ်း အားဖြင့် နှစ်ငါးဆယ်တိတိ ဖြတ်သန်းနေထိုင်ခဲ့ပြီးတဲ့ လူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှု၊ အနုပညာရှင်အေးကို၊ ပန်းချီအေးကို ဆိုတဲ့ ဖြတ်တည်မှုတစ်ခုကို အနုပညာလောကမှာ ပုံဖော်နိုင်ခဲ့သူ၊ အနုပညာရှင်တစ်ယောက် အဖြစ်သာမကဘဲ အနုပညာကို သယ်ပိုးအနယ်ချတဲ့ မြစ်တစ်စင်းလို အနုပညာနဲ့ ပတ်သက်ဆက်စပ်သမျှ လက်လှမ်းမီသရွေ့လုပ်ကိုင်နေသူ..ထိုသူ တစ်ဦးကို ဒီ “ အေးကို သို့မဟုတ် အဇ္ဈတ္တ အလှတရားကို ရှာဖွေသူ” စာအုပ်ငယ်လေးထဲမှာ စာဖတ်သူတို့ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ “အေးကို သို့မဟုတ် အဇ္ဈတ္တ အလှတရားကို ရှာဖွေသူ” စာအုပ်မှာ စာမျက်နှာအားဖြင့် (၂၁၅) မျက်နှာ ပါရှိပြီး အနုပညာရှင်အေးကိုနှင့် တွေ့ဆုံမေးမြန်းခန်းများ၊ အနုပညာရှင်အေးကိုနှင့်ပတ်သက်ပြီး ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားများနဲ့ စာရေးဆရာများက ရေးသားကြတဲ့ ဆောင်းပါးများနဲ့အတူ အနုပညာရှင် အေးကိုကိုယ်တိုင် ရေးသားဖြစ်ခဲ့သည့် “စုန်းပူးလက်များ”၊ “စွဲချက်” အစရှိတဲ့ ဝတ္ထုတိုများ၊ “နားလည်မှု၊ နားမလည်မှု အနုပညာ”၊ “အနုပညာ ဟန်ပန်နည်းနာ၏ နောက်ကွယ်” အစရှိတဲ့ အနုပညာ ဆောင်းပါးများကိုပါ စုစည်းဖော်ပြထားတဲ့ အနုပညာ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်ရဲ့ ဘဝကို အပြည့်အဝကြီးမဟုတ်တောင် သူ့ရပ်တည်ချက်နဲ့ သူ့အနုပညာရပ်တွေကို ကွဲကွဲပြားပြား သိမြင်စေနိုင်မယ့် “ အေးကို သို့မဟုတ် အဇ္ဈတ္တ အလှတရားကို ရှာဖွေသူ” အနုပညာစာအုပ်ငယ်လေးဟာ ယခု 2013 ခုနှစ်၊ သြဂုတ်လမှာ ထွက်ရှိလာတော့မှာ ဖြစ်ပြီး New Wave Media က ဖြန့်ချိသွားမှာဖြစ်ပါတယ်။
ပါဝင်ရေးသားကြသူများမှာ ဟေမာန်ဦး စိုးအိမ် ၊လေးကိုတင်၊ ဇူးဇူးမွန် ၊မောင်ယုစိန် (ဥပဒေ)မောင်ပန် (လယ်ဝေး) ၊မောင်ရင်အေး R & M ၊ခင်သန်းဖြူ ၊လဲ့ဖြူပြာမျိုးမြင့် ၊ပြည့်စုံနေဝင်း ၊ထွန်းဇော်မြင့်
နိုင်စွမ်း ၊မသိင်္ဂီ ၊အောင်မင်း ၊နိုင်စွမ်း ၊အောင်ဘညို ၊မိုးလွင်ဟန် ၊ယဉ်မင်းဦး ၊မောင်ဒေါင်း နဲ့ အေးကို တို့ဖြစ်ကြပါတယ်။