Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
ဒီမိုကရေစီတိုက်ပွဲဝင်စာဆို ဆရာတင်မိုး အမှတ်တရပွဲကို ဖေဖော်ဝါရီ ၂၃ ရက်က မန္တလေးမြို့ တောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းတိုက်မှာ ကျင်းပပြုလုပ်ပါတယ်။

ဆရာတင်မိုးကို ချစ်ခင်လေးစားတဲ့ ဆရာ့ရဲဘော်တွေ၊မိတ်ဆွေတွေနဲ့တပည့်တွေ စုပေါင်းကျင်းပကြတာပါ။ ဒီပွဲမှာ တောင်စွန်းဆရာတော်က အဖွင့်အမှတ်တရ စကားပြောပါတယ်။

ဆရာ့ရဲဘော်ကြီး နှစ်ဦးဖြစ်တဲ့ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) နဲ့ သတင်းစာဆရာကြီး မောင်သစ်လွင်(လူထု)တို့က ဆရာ့ရဲ့ မန္တလေးတက္ကသိုလ်ကျောင်းသားဘဝ၊လူထုသတင်းစာ ကဗျာအယ်ဒီတာဘဝ အမှတ်ရစရာများကို ဆက်လက်ပြောဆိုပါတယ်။

ဒုတိယအစီအစဉ်အဖြစ် မောင်သင်းပန်၊ကိုငြိမ်း၊မောင်နွေထက် အပါအဝင် ကဗျာဆရာတွေက ဆရာတင်မိုး အမှတ်တရကဗျာများ ရွတ်ဆိုကာ ဆရာ့သမီးမိုးချိုသင်း ပြည်ပက ပေးပို့တဲ့ အလွမ်းစာကို ဆရာနေဝင်းမြင့်က ဖတ်ပြပါတယ်။

ဆရာတင်မိုးဟာ ၁၉၃၃ ခုနှစ်ဖွား မြင်းခြံခရိုင် တောင်သာမြို့နယ် ဇဂျမ်းကန်မြဲရွာဇာတိ ဖြစ်ပါတယ်။

မောင်သာနိုး၊မောင်စွမ်းရည်၊ကြည်အောင်၊ကိုလေးတို့နဲ့ အတူ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းက မွေးထုတ်ပေးလိုက်တဲ့ ကဗျာဆရာတစ်ဦးပါ။
ဆရာ့ဘဝမှာ စာအုပ် ၂၅ အုပ်ထုတ်ဝေ ခဲ့ပြီး ၁၆ အုပ်ဟာ ကဗျာစာအုပ်များ ဖြစ်ပါတယ်။ဖန်မီးအိမ်ကဗျာစာအုပ်နဲ့ ၁၉၅၆ ခုနှစ်က အမျိုးသားစာပေဆု ရရှိခဲ့ပါတယ်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်တဲ့အခါ တတ်သိပညာရှင် တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။၁၉၉၁ ခုနှစ်ကနေ ၁၉၉၅ အထိ အင်စိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတစ်ဦးအဖြစ် ၄ နှစ်ကြာနေထိုင်ခဲ့ရပြီး ၁၉၉၉ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာကာ ပြည်ပကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဆက်လက်ပြုလုပ်ခဲ့တယ်။

 ကဗျာဆရာ မောင်သင်းပန် ကဗျာရွတ်ဆိုနေစဉ်

၂၀၀၄ ခုနှစ်မှာ နယ်သာလန်နိုင်ငံက ချီးမြှင့်တဲ့ Prince Claus Award ဆုရှိခဲ့တယ်။
အမိမြန်မာပြည်ကို အင်မတန်ချစ်မြတ်နိုးပြီး ပြည်တော်ဝင်ဖို့ အချိန်ကို မျှော်လင့်ရင်းနဲ့ပဲ အသက် ၇၃ နှစ်အရွယ် ဆရာဟာ

အမေရိကန်ပြည်ထောင်စု လော့စ်အင်းဂျလိစ်မြို့မှာ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က ကွယ်လွန်ခဲ့ပါတယ်။

ဒီနေ့ပွဲကို ဆရာတင်မိုးကွယ်လွန်တဲ့ ၆ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ကျင်းပတာပါ။တစ်ချိန်က လူထုဒေါ်အမာ မွေးနေ့ ပွဲများအပါအဝင် စာပေအခမ်းအနားတွေနဲ့ စည်ကားနေတတ်တဲ့ တောင်လေးလုံးကျောင်းတိုက်ဟာ နအဖခေတ်နှောင်းပိုင်းမှာတော့ စာပေပွဲများ ကျင်းပခြင်းမပြုဖို့ ပိတ်ပင်တားမြစ်ခံခဲ့ရပါတယ်။

အခု ဆရာတင်မိုး အမှတ်တရပွဲနဲ့အတူ ဆရာတော်ကိုပညာရဲ့ တောင်းလေးလုံးကျောင်းတိုက်လည်း ပြန်လည်နိုးထခဲ့ပါပြီ။

                                                                                          ရည်မွန်