Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

့ဖေညွန့်ဝေ

ထင်ရှားသည့်ခေတ်ပြိုင်မြန်မာပန်းချီဆရာတစ်ဥိးဖြစ်သူ ပန်းချီဖေညွန့်ဝေ၏   BAGAN DECO တစ်ကိုယ်တော်ပန်းချီပြပွဲကို ဖေဖ၀ါရီ ၄ ရက်နေ့တွင် လောကနတ် ပန်းချီပြခန်း၌စတင်ပြသမည်ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းတွင်တည်ရှိသည့်သမိုင်းဝင် ပုဂံဒေသတွင် စေတီပုထိုးပေါင်း အမြောက်အမြား ရှိ ပြီး အာရှတွင် အကြွယ်ဝဆုံးသောယဉ်ကျေးမှု၊ပိသုကာလက်ရာများကြောင့် ထင်ရှားသည့်နေရာဒေသတစ်ခုဖြစ်သည်။ ပုဂံခေတ်ယဉ်ကျေးမှုသည် လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ကျော်ကာလ အေဒိ ၁၁မှ ၁၃ရာစုအတွင်း ထွန်းကားခဲ့သည်။ မြန်မာ့သမိုင်းကိုပုံဖော်ပေးခဲ့သောအထင်ကရဖြစ်စဉ်များ၊ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် ကိုးကွယ်ယုံကြည်မှုများ၊ စာပေအနုပညာလက်ရာများ စတင်ထွန်းကားခဲ့ရာ နေရာဒေသဖြစ်သောကြောင့် ပုဂံဒေသသည် မြန်မာ့လူ့အဖွဲ့အစည်းအတွက် နှုန်းစံတန်ဖိုးများစွာကို ကိုယ်စားပြုနေသည့် နေရာဒေသတစ်ခုပင်ဖြစ်သည်။

ပုဂံနှင့်စပ်လျဉ်းသော စာပေ၊ကဗျာ၊ပန်းချီ၊ဂီတ၊ရုပ်ရှင်၊သဘင် စသည့်နယ်ပယ်အသီးသီးမှ ဖန်တီးတင်ပြမှုများစွာ မြန်မာ စာပေအနုပညာသမိုင်းအစဉ်တွင် ရှိခဲ့ပြီးဖြစ်သည်။ ခမ်းနားကြီးကျယ်လှသော အတိတ်သမိုင်းကို နယ်ပယ်အသီးသီးမှ အနုပညာ ရှင်ပေါင်းများစွာတို့မှ စိတ်ကူးပုံဖော် တင်ဆက်မှုများစွာပြုလုပ်ခဲ့ပြီးဖြစ်သည်။ သို့သော် ခမ်းနားဆန်းကြယ်လှပြီး တန်ဖိုးပေါင်းများစွာကိုကိုယ်စားပြုနေသော နေရာဒေသဖြစ်သည်နှင့်အညီ ခေတ်အဆက်ဆက် ပုဂံနှင့်စပ်လျဉ်းသော ဖန်တီးမှုအနုပညာတိုင်းသည် ထူးခြားဆန်းသစ်နေလေ့ရှိပါသည်။

ပုဂံကိုရေးဖွဲ့တင်ဆက်သည့် စာပေ၊အနုပညာလက်ရာများသည် နှစ်ပေါင်း နှစ်ထောင်ကျော်ကာလအတွင်း မရေမတွက်နိုင်အောင်ပေါ်ထွက်ခဲ့ပြီးဖြစ်သော်လည်း အနုပညာရှင်များက ထပ်မံအနုပညာလက်ရာများထပ်မံထုတ်လုပ်နေကြသလို ထိုထွက်ပေါ်လာသောအနုပညာလက်ရာများသည်လည်း ဆွဲဆောင်မှုအပြည့်ရှိနေသည်မှာ ပုဂံဒေသအားလွှမ်းခြုံထားသော လျှို့ဝှက်ဆန်းကြယ်မှုပင်ဖြစ်သည်။

နအဖ အစိုးရ အနှစ် ၂၀ ကာလ အတွင်း ပုဂံရှေးဟောင်းဘုရားများ ကို ပြန်လည်မွန်းမံသည်ဟု ဆိုကာ နံရံဆေးရေးလက်ရာများပေါ်တွင် ဆေးများထပ်သုတ်ခြင်း ဘုရာများကို ထီးအသစ်တင် ခြင်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အလယ်တွင် နန်းမြင့်မျော်စင်သစ် တည်ဆောက်ခြင်းတို့ ကြောင့်  ဝေဖန်သံများပြားခဲ့သလို တန်ဘိုးရှိသော အနုပညာလက်ရာများ ဆုံးရှုံးခဲ့ရလေသည်။

ပန်းချီဆရာဖေညွန့်ဝေ၏ BAGAN DECO  ပန်းချီပြပွဲသည်လည်း ခမ်းနားကြီးကျယ်လှသောပုဂံဒေသကို စိတ်ကူးပုံဖော်တင်ဆက်လိုက်ခြင်းပင်ဖြစ်သည်။ ပြပွဲနှင့်စပ်လျဉ်း၍ပန်းချီဆရာက ““ကျွန်တော်တို့ဟာ အခုချိန်ထိ နံရံဆေးရေးလက်ရာတွေ၊အပြောက်အမွှန်းတွေရှိတဲ့ပုဂံကိုတည်ထောင်ထိန်းသိမ်းခဲ့တာနှစ်ပေါင်း၂၀၀၀လောက်ကြာမြင့်ခဲ့ပါပြီ၊ အနာဂတ်မှာ ပုဂံရဲ့ထာဝရအလှတရားဟာ လူသားနဲ့ဝန်းကျင်ရဲ့ဖြစ်စဉ်ထဲမှာ အနုပညာလက်ရာတွေနဲ့ဆက်လက်သက်ဝင်နေမှာဖြစ်ပါတယ်။””ဟုဆိုပါသည်။

အခုပြပွဲသည် ပန်းချီဖေညွန့်ဝေ၏ ပုဂံအပေါ်ထင်ဟပ်ဖန်တီးထာသည့် အနုပညာလက်ရာများစွာပါဝင်ပြသမည်ဖြစ်သည်။ ပြပွဲကို ဖေဖော်ဝါရီ ၄ရက်နေ့မှ  ၉ရက်နေ့အထိ လောကနတ်ပန်းချီပြခန်းတွင် နံနက် ၉ နာရီမှ ညနေ ၅နာရီအတွင်းပြသသွားပါမည်။

                                                                               ကိုဘုန်း