ဝတ္ထုတို

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


တစ်ကိုယ်လုံးရှိ အကြောအခြင်တွေ စေ့ညက် ကြေမွသွားလေပြီလားဟု ထင်မှတ်ရလေသည်။ အရိုးတွေရော၊ အရိုး၊ အသားတွေလည်း ထို့အတူပင်။ ကြံရည်ကြိတ်စက်ထဲက ထွက်လာသည့် ကြံရည် လုံးဝ မကျန်တော့သော ကြံဖတ် ရှည်မျောမျော တစ်ခု၏ ဖြစ်ရပ်လို အရိုးတွေ၊ အရိုးတွေ။ ကျွန်မ၏ အရိုးတွေ အားလုံးသည် ကျိုးကြေကွဲအက်သွားပြီ။

 

ဘာမှန်း မသိသည့် အေးစက်တောင့်တင်းသော နှာမောင်း ရှည်တစ်ခုလို ရှည်မျောမျော လုံးဝန်းသော အရာတစ်ခု၏ အရိုးတွေသည် တစ်စစီ၊ တစ်မျှင်စီ ကွဲထွက်ခဲ့ရပြီ။ ကျွန်မ၏ ပုံသဏ္ဌာန် မည်သို့ ရှိနေမည်နည်း။ မည်သည့် အခြေအနေသို့ ပြောင်းလဲ သွားခဲ့ပြီနည်း။ ကျွန်မ မသိချေ။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 Gradution

 

အချိန်ကား တရွေ့ရွေ့ ခရီးနှင်မြဲ။

အဓိပတိကား မျှော်မြဲ။

ခြံင်္သေ့ စောင့်မြဲ။

သူကား ကြိုမြဲ။

 

တက္ကသိုလ် ပရဝဏ်သို့ ပထမဆုံးအကြိမ် ရောက်ခဲ့စဉ်က ကျောင်းမနေရသေးသည့် အရွယ်၊ လူမမယ်။ ဖေဖေက ကျောင်းကို ချစ်သည်။ သမီးတို့ကိုလည်း ချစ်စေချင်သည်။ သည်အရွယ်ကပင် သည်ဝင်းကျင်ကို တမ်းမက်စေအောင် ဖေဖေ ကြိုးပမ်းခဲ့သည်။ သူ့တမ်းတမှုကို ဖြေဖျောက်ရင်း သမီးတို့အတွက် အနာဂတ် အိမ်မက်ကို ပုံရိပ်ထင်အောင်ည သည်ပရဝဏ်ကို ဖေဖေ ခဏ ခဏ လမ်းကြုံပြခဲ့သည်။ မူလတန်းအရွယ်ကို အဓိပတိက ပြုံးကြည့်လိုက်စဉ်မှာပင် ဖေဖေက အဓိပတိ ငယ်နာမည်နှင့်တကွ သူ့ဘဝ အပျော် အမောတွေကိုပါ ပြောပြရင်း မိတ်ဆက်ပေးခဲ့သည်။ သမီးသည် အဓိပတိ၏ ကျောပေါမှ ပျော်တတ်စ ပြုလာပြီ ဆိုသောအခါ ဖေဖေက ဗိုလ်အောင်ကျော် အပါအဝင် တက္ကသိုလ်ရင်သွေး ဝိညာဉ်များစွားနှင့် မိတ်ဆက်ပေးခဲ့သည်။ သမီးသည် တတ်ကြွတုန်လှုပ်စိတ်တို့ကြောင့် ခုန်သောရင်ကို အသာဖိရင်း အဓိပတိ ခြေရင်းမှာပင် ငိုခဲ့ဖူးပြီ။ ကလေးအရွယ်ဆိုသော်လည်း သမီးသည် ခံစားတတ်သူ။ အဆောင်ဆောင် အလမ်းလမ်းကြားမှာ ဖေဖေပြောသမျှ အတိတ်ပုံပြင်များစွာသည် သမီးနား၌ လျှံတဝက်၊ ကျန်တသက်။ သမီးတို့သည် RC နှင့်လည်းကောင်း၊ Judson နှင့်လည်းကောင်း၊ သစ်ပုတ်ပင်နှင့်လည်း တူတူပုန်းတမ်း ကစားဖူးကြပြီ။ သည်တော့ ဖေဖေက ဆိုပြီ။ “သူ့” ရင်ခွင်ထဲက ခြံင်္သေ့သည် သမီးတို့ကို စောင့်ကြည့်နေသည်တဲ့။ အနာဂတ်မှာ ဘယ်ကလေးကဖြင့် သူလက်ကမ်းကြိုသည့်အတိုင်း သူ့ရင်ခါင်ထဲဝင်ကာ ပညာရဲရင့် ပွဲလည်တင့်လေမလဲတဲ့။ သမီးသည် ထိုအချိန်ကစ၍ “သူ့” ကို မြတ်နိုး တန်ဖိုးထားမိပြီ။ “သူ” ကြိုရမှာ သမီးကိုပေါ့ ဟု ဖေဖေ့ကို ခပ်ကြွားကြွားဆိုခဲ့ဖူးပြီ။ ဖေဖေက သမီး ပခုံးကို အားကိုးတကြီး ဖျစ်ညှစ်ရင်း “ဖေဖေ့ သမီးကို ဖေဖေ ယုံပါတယ်” တဲ့လေ။


Star InactiveStar InactiveStar InactiveStar InactiveStar Inactive

aung latt

 

 

အမြင်အာရုံထဲ ရိပ်ခနဲ ရိပ်ခနဲ ပြေးဝင်လာနေတဲ့အရာဝတ္ထုတွေကို ပုံဖော်ကြည့်ဖို့ သူ့မျက်ခွံတွေကို ဖွင့်ချည် ပိတ်ချည်လုပ်ရင်း အာရုံစူးစိုက်လိုက်တယ်။ သူခန္ဓာကိုယ်ကြီးဟာ မနှေးလွန်း၊ မမြန်လွန်းတဲ့ အရှိန်နှုန်းတခုနဲ့ ရွေ့လျားနေတယ်ဆိုတာ သတိထားမိတော့ သူအံသြသွားတယ်။ သူ့ခန္ဓာကိုယ်ဟာ မှောက်ရက်အနေအထားလား ပလက်အနေအထားလားဆိုတာတောင် သူ့မှာခန့်မှန်းဖို့ခက်နေတယ်။ အယောင်ယောင်အမှားမှား  အိပ်ရာခင်း လေးဖြစ်ဖြစ် စမ်းမိလေမလားဆိုတဲ့စိတ်နဲ့ ကျောဘက်ကိုစမ်းအကြည့်မှာ.. ဘာအတွေ့အထိကိုမှ မခံစားလိုက်ရပဲ လက်က လေထုကိုပဲ ဆုပ်ကိုင်မိလိုက်တော့… နဖူးထက်မှာ ချွေးစေးတွေအုခိုလာတယ်။

 

ဘာတွေဖြစ်နေတယ်ဆိုတာ အဖြေရှာဖို့ ဦးနှောက်ကို ချက်ချင်းအလုပ်ပေးလိုက်တယ်။ ဒါပေမဲ့ ရပ်တန့်မနေပဲ အရှိန်နှုန်းတခုနဲ့ မျောနေတဲ့ ခန္ဓာကိုယ်ကြီးကြောင့် စိတ်တွေကို စုစည်းဖို့ အခက်တွေ့နေရတယ်။ အရင်ဆုံး လုပ်ရမှာက လွင့်နေတဲ့ ဒီကိုယ်ကြီးကို ရပ်ဖို့ … … "ရပ်စမ်း.. ရပ် …. ရပ်လိုက်စမ်း… " သူ့ကိုယ်သူ ကြိုးစားပြီး ထိန်းချုပ်ကြည့်တယ် မရ..ဘယ်လိုမှ…မရ.. ခန္ဓာကိုယ်က အလိုအလျောက် လွင့်မျောနေတာကို  သူ သတိထားမိ လာတယ်... ချုပ်ထိန်းလို့ မရအောင်.. လွင့်မျောနေခြင်း.. ဒါဆို ဘာလဲ?? အာကာသထဲများ ရောက်နေရော့ သလား။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

            မိုးတွေ… မိုးတွေသည်းလိုက်တာ ဖေကြီးရယ်။ မိုးတွေ သည်းလိုက်တာလေ။ မီးတို့ အိမ်လေးဟာ မိုးရေတွေနဲ့ ရွှဲလို့။ မီးကိုယ်မှာလည်း မိုးရေတွေ စင်လို့။ ဖေကြီး ခြုံထားတဲ့ စောင်မှာတောင် မိုးရေတွေ နည်းနည်း စိုသွားသေးတယ်။ ခုနက လေတွေ တအားတိုက်လိုက်လို့ မီးတို့အိမ်ကလေး တုန်သွားတုန်းကပေါ့။ ဖေကြီး ဘယ်သိမလဲ။ ခုလည်း ဖေကြီး ဘာမှ မသိဘူးမဟုတ်လား။ ဒီလိုပါပဲ ဖေကြီးက မီးကိုတော့ “မီးလေး ဘာမှ မသိဘူးကွယ်”လို့ ပြောပြောပြီး ဖေကြီးလည်း ဘာမှမသိပါဘူး။ ခုဆို ဖေကြီးက အိပ်မက်ထဲမှာ မေကြီးကို မီးလေးအကြောင်း မဟုတ်တဲ့ အကြောင်းတွေ ပြောချင် ပြောနေမှာနော်။ မီးကတော့… မီးကတော့ ဖေကြီးရယ်… မီး လေ အိမ်လေးလိုပဲ တုန်နေတယ်။ ဖေကြီး မီး တစ်ခုသိတယ် သိလား။ လူတွေဟာ ချမ်းရင်လည်း တုန်တယ်။ ကြောက်ရင်လည်း တုန်တယ်နော်။ မီးလေ အခု ချမ်းလည်း သိပ်ချမ်းတာပဲ၊ ကြောက်လည်း သိပ်ကြောက်တာပဲ၊ ချမ်းတာပေါ့ ဖေကြီးရယ်။ မိုးတွေက တအားကို ရွာနေတာ။ မိုးသံကလည်း အကျယ်ကြီးပဲ။ မိုးကလေ ကြောက်ဖို့ သိပ်ကောင်းတာပဲ။ မီး စဉ်းစားမိတယ်။ သိကြားမင်းကြီးကြောင့် မိုးရွာတယ်ဆို ဖေကြီး။ ဒါဆို သိကြားမင်းက တစ်ခုခုကို ဒေါသဖြစ်နေလို့ ဖြစ်မှာပဲ။ ဘာလို့လဲဆိုတော့ သိကြားမင်းကြီးက ဒေါသနဲ့ တအားကြီး အော် အော်ပြီး မိုးတွေ ရွာချနေလို့ပေါ့။ တစ်ခါ တစ်ခါ ဖေကြီး ဒေါသဖြစ်ရင် အော်သလိုပေါ့နော်။ ခုလည်း မိုးတွေ အော်နေလိုက်တာ ဖေကြီးရယ်။ မီးနားထဲမှာ ဆူညံနေတာပဲ။ လေတွေကလည်း တိုက်လိုက်တာ။ မီးတို့ အိမ်လေးတောင် ချမ်းလို့လား ကြောက်လွန်းလို့လား မသိဘူး။ တုန်တုန်သွားတယ်။ မီးလည်း တုန်တုန်သွားတာပဲ။ မိုးကလေ ဘာလို့ ဒီလောက် ဒေါသကြီးနေလဲ မသိဘူးနော်။ မီးလေ မီးတို့ အိမ်လေး တုန်ရင်း တုန်ရင်းနဲ့ လဲသွားမှာကို ကြောက်လိုက်တာ။ အပြင်မှာက မိုးရွာထားလို့ ရေတွေ အများကြီး ဖြစ်နေမှာ။ လမ်းထိပ်က တံတားလေးအောက်က ရေတွေလည်း အပြည့်ကြီး ဖြစ်နေမှာ။ အို… မီးတို့ အိမ်လေး လဲသွားရင် မီးရော ဖေကြီးရော ရေတွေထဲ မျောပါသွားကြရင် ဘယ်လိုလုပ်မလဲ။ ရေတွေက အရမ်းပြေးနေကြမှာ။ မီးရယ်၊ ဖေကြီးရယ် ရေကလည်း မကူးတတ်ဘူးနော်။

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မျက်နှာကျက်ရှိ သံဆူးနွယ်ပင်တွေကြားကနေ မီးသီးပါဝါကလေး ဖူးပွင့်လာသည်။ အိပ်ယာလိပ်ကို ဖြန့်ခင်းသည့်နည်းတူ မိမိရင်ကို မိမိ ဖြန့်ခင်း ချမိလျက်သားလည်း ဖြစ်နေ၏။

 

ညစဉ်ညတိုင်း အဖြူထည်သက်သက် ရုပ်ရှင်ပိတ်ကား တစ်ခုကို ကျွန်တော် ငေးမောနေခဲ့မိသည်။

 

နံရံများသည် ဘ၀အကြောင်း သင်ကြား ပို့ချဖို့ရာ တပ်ဆင်ထားသော ဧရာမ ကျောက်သင်ပုန်း ဖြူဖြူကြီးလည်း ဖြစ်သည်။

 

နံရံ အမာထည်ပေါ်သို့ တဒိုင်းဒိုင်း ရိုက်သွင်းခံနေရမှတော့ သံချောင်းကလေး ဒူးညွှတ်သွားရတာ ဘာမှ မဆန်းချေ။

 

အခန်းထဲတွင် ဆေးလိပ်မီးခိုး မိုးတိမ်အတုများ လွင့်ပါးနေကြသည်။ ဖွာကနဲ လွင့်စင်လာသမျှ မီးပွားများသည် လျှပ်တစ်ပြက် မြင်ခွင့်ရလိုက်သော ကြယ်တာရာတွေသာ။

 

နှလုံးသားအား ဆေးပေါ့လိပ်လို ဖွာရှိုက်လိုက်တိုင်း အနာတရ မီးပွားများက ရင်ကို ဇကာ ကျစေတော့သည်။

 

သောက်ရေအိုးထဲမှရေကို ခပ်သောက်မိတော့ ကိုယ့်မျက်ရည်ကိုယ် ခပ်သောက်နေရသလိုပင်။

 

တစ်ရှူးပေပါတစ်ခွေက ပေပေါင်းများစွာ ရှည်သော လျှာကို လိပ်ခွေ၍ နောက်ဖေးချောင်တွင် ခပ်မဆိတ် နေနေသည်။ သူ့လျှာကို တစ်နေ့ နည်းနည်း နည်းနည်း ဖြတ်ပေးနေကြရ၏။

 

ကျွန်တော့ ဆံပင်တစ်ချို့ ဖြူစပြုလာချေပြီ။ ကျွန်တော့် သွေးကတော့ ဘယ်တော့မှ မဖြူနိုင်ပါ။