ဝတ္ထုတို

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ကာတွန်း

 

ဟိုးအဝေးမှ တုံးကြီးခေါက်သံ ထွက်ပေါ်လာသည်။ အမေ နိုးမည်စိုး၍ ခြေဖော့နင်းကာ အိမ်ပေါ်မှ ဆင်းခဲ့ပြီးမှ နွားစာရေနှင့် အေးဆောင် မျက်နှာသစ်သည်။ ခါတိုင်း မျက်နှာသစ်နေကျ ရေအိုးမှာ မီးဖိုထဲတွင်ရှိ၏။ ထိုနေရာသို့ အေးဆောင်၏ အိပ်ရာနေရာမှ ထသွားလျှင် အသွားအပြန် ဆယ်လှန်းခန့်ဝေးသည်။ အိမ်တွင်ခင်းထားသော ဝါးကြမ်းတွေက ဆွေးနေပြီ။ အကွပ်ခပ်များများလည်း ပြုတ်နေပြီ။ သည်အခြေအနေနှင့် ဆယ်လှမ်းလှမ်းလျှင် မည်မျှပင် ခြေချညင်သာငြား အမေနိုးလိမ့်မည်။ သို့ကြောင့် အေးဆောင်သည် အိမ်ပေါ်မှ အရ အမိဆင်း၏။ နွားစာခွက်ထဲ ထည့်ရန် အသင့်ခပ်ထားသော ဘဲဥအိုးထဲမှ ရေဖြင့်မျက်နှာသစ်ကာ ခါးမှပုဆိုးဖြင့် မျက်နှာသုတ်၏။ အေးဆောင်သည် မျက်နှာသုတ်လျှက် တန်းလန်းဖြင့်ပင် နွားတင်းကုပ်အစပ်သို့ ဝင်ခဲ့၏။ ခိုင်းနွားကြီး နှစ်ကောင်သည် ငြိမ်သက်စွာရပ်၍ စားမြုံ့ပြန်နေကြသည်။ နွားတွေကို သူက မကြည့်အား၊ ယာပြင်သို့ အချိန်မီရောက်ရန် စိတ်စောနေသည်။ လက်ခံဒေါင့်တိုင်တွင် ချိတ်ဆွဲထားသော လွယ်အိတ်ကို ဖြုတ်၍လွယ်ကာ ထုတ်တန်းတွင် ထိုးထားသော သုံးခွမှိန်းနှင့် တံစက်မြိတ်တွင် ညှပ်ထားသော ဓားမတိုကို ယူ၍ တဲထဲမှ ထွက်ခဲ့သည်။ ထိုအခါကျမှ ခေါင်းကို တံစက်မြိတ်နှင့် ထိုးမိသည့်အတွက် ခေါင်းမှာ အဆောင်းအုပ် မပါသေးပါလား သတိရသည်။ ထို့ကြောင့် နှမ်းဖက်စိမ်ထားသော အိုးဖက်သို့ လှမ်းလိုက်သည်။ နှမ်းဖတ်စိမ်သော ခမောက်ကို အိုးဖြင်အုပ် မြဲဖြစ်သော်ငြား ယနေ့မူ မရှိ။ ထန်းပလတ် ကပ်ပြားဖုံးထားသည့်အတွက် ကြမ်းပြင်တွင် လှမ်းထားသော ပုဆိုးစုတ် တထည်ကို ဆွဲယူခဲ့သည်။ လမ်းလျှောက်ရင်း ခေါင်းပေါင်းလိုက်သည်။

            အရှေ့ဘက် တံတိုင်းမည်းကြီးတွင် အာရုဏ်ရိပ် အစင်းအစက်များ ထင်စသာ ရှိသေး၏။ ကျီးကန်းများပင် မနိုးသေး။ သို့ဖြစ်ငြား လှုပ်ရှားမိသည် ဆိုရုံဖြင့် အေးဆောင် ချှေးပြန်လာ၏။ ဝိုးတဝါး မြင်ကွင်အတိုင်း အေးဆောင်လျှောက်လာသည်။ လျှောက်နေကြလမ်းမို့ ရွာပြင်သို့ သွက်သွက်လှမ်းလာနိုင်သည်။ ဖိုးအုပ်ကျော် ယာစပ်အရောက်တွင် လင်းရောင်ပြေးလာပြီး၊ လှည်းလမ်းကိုပင် ရေးရေးမြင်ရပြီ။ လွယ်အိတ်ထဲမှ ပြောင်းဖူးဖက် ဆေးလိပ်ထုတ်ကာ မီးညှိယင်း အေးဆောင် ချိန်ဆသည်။ တောင်ဖက်သွားရကောင်းနိုး၊ မြောက်ဖက် သွားရကောင်းနိုး၊ မနေ့က သူလိုက်လံ လေ့လာထားခဲ့သော “ပွေးစုံ့” များကို ပြန်လည် စီစစ်လိုက်သည်။ တောင်ဖက်တွင် နံနက်ပွေး သုံးကောင်နှင့် မွန်းတည့်ပွေး လေးကောင်။ မြောက်ဖက်တွင် နံနက်ပွေး နှစ်ကောင်နှင့် မွန်းတည့်မွေး နှစ်ကောင်သာ။ သို့ဆိုလျှင် အေးဆောင် သွားရမည့်လမ်းသည် တောင်ဖက် လမ်းခွဲဖြစ်ရမည်။ လူကလည်း တောင်ဖက် လမ်းခွဲသို့ ခြေလှမ်းပြင်မိ ပြီးပြီ။ သို့တစေ ခြေတလှမ်းပင် မလှမ်းရသေး၊ ခြေတဖက် ကြွခါစတွင်ပင် အေးဆောင်၏ ခေါင်းထဲသို့ မြသွယ် ဝင်ရောက်လာသည့်အတွက် ဟန်ချက်ပျက်သွားသည်။ တဆက်တည်းပင် မြသွယ်၏ စူနေသောနှုတ်ခမ်း၊ ခဲထားသောမျက်လုံးအစုံကို မြင်လာသောအခါ လက်ခနဲ့ တချက်ပြုံးရင်း မြောက်ဘက် လမ်းခွဲသို့ ခြေဦးလှည့်လိုက်လေတော့၏။ ပွေးကောင်ရေ နည်းသော်ငြား အေးဆောင် မြောက်ဖက် လမ်းခွဲကို ရွေးရခြင်းမှာ မြသွယ်ကြောင့် ဖြစ်သည်။ မြသွယ် မျက်နှာကြော တင်းနေသောကြောင့် ဆိုက ပိုမှန်မည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

the silent truthကျွန်တော် စိတ်ထဲ တော်တော်မသက်မသာ ဖြစ်ခဲ့ရပါတယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော့် မိသားစုကို ကျွန်တော် ဘာလုပ်ခဲ့သင့်လဲဆိုတာ အကြံဥာဏ် တောင်းခဲ့ပါတယ်။ အဖေကတော့ "မင်းကွာ လဘက်ရည်ဖိုးလေး ဘာလေး ပေးလိုက်ပေါ့တဲ့။ မင်းနဲ့ ရင်းနှီးတယ်ဆို မင်းပေးရမှာပေါ့တဲ့။ ၅၀၀ လောက်တော့ ပေးလိုက်သင့်ပါတယ်ကွာ" ဆိုပြီးပြောပါတယ်။ ကျွန်တော်ကတော့ သိပ်သဘောမတူပါဘူး။ "ကျွန်တော်လုပ်ခိုင်းတာမှ မဟုတ်ဘဲ အဖေရ။ သူ့ဘာသာသူ လုပ်တာဘဲ။ ကျွန်တော်က သူလုပ်တာကို မတားမိတာဘဲရှိတာ" ဟုပြန်ပြောမိပါသည်။ အဖေက "ကဲပါ၊ တော်ပါပြီကွာ၊ မင်းစိတ်ထဲထားမနေပါနဲ့တော့။ မင်းဆီကမရလဲ တခြားလူတွေဆီကရမှာပေါ့ကွာ" ဟုဆိုပြီးစကားကို အဆုံးသတ်ပါသည်။ နောက်ဆုံးအနေဖြင့် "မင်းကတော့ကွာ၊ သက်သက်လွတ်စားတဲ့ ကြွက်လိုဘဲ" ဟု သမုတ်ပါသည်။ ကျွန်တော်ကတော့ "ဟုတ်ပါတယ်။ အဲဒီကြွက် သက်သက်လွတ်စားလို့ဘဲ ထောင်ချောက်မှာ မမိတာပေါ့" ဟုပြန်ချေပခဲ့ပါတယ်။ (ကျွန်တော်တို့ အိမ်တွင် အသားမစား ငှက်ပျောသီးဘဲခိုးစားတတ်သော ကြွက်တကောင်ရှိခဲ့ဖူးပါတယ်။) စိတ်ထဲတွင်တော့ ကြွက်မဖြစ်ချင်။ လျှာပေါ်မြက်ပေါက်ပါစေ မြက်မစားသော ခြင်္သ့သာဖြစ်လိုက်ချင်ပါတော့တယ်။

 

ဖြစ်ပုံက - ဆောင်းဝင်ခါနီး ပူလောင်ခြောက်သွေ့တဲ့ တနေ့ပေါ့ ကျွန်တော်လည်း ကားကို အင်ဂျင်ဝိုင် လဲမယ်ဆိုပြီး လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ပြီး ဟံသာဝတီ ကားပွဲစားတန်းနားက ကားရေဆေးဆီထိုးရုံကို သွားခဲ့တယ်။ ရုံးဖွင့်ရက်လည်း ဖြစ်နေတော့ ရေဆေးတဲ့ ကားတွေနဲ့ အင်ဂျင်ဝိုင်လဲမဲ့ ကားတွေလည်းများနေတာပေါ့။ ကျွန်တော် ကားစက်သတ်လိုက်တာနဲ့ အကျီအပြာ၊ စတိုင်ဘောင်းဘီနဲ့ အလုပ်ကြပ်ထင်ပါတယ်၊ "အကို ဘာလုပ်မလဲ" ဆိုပြီးလာမေးတယ်။ ကျွန်တော်ကလည်း အင်ဂျင်ဝိုင်၊ အင်ဂျင်ဝိုင်စစ်၊ ဂီယာဝိုင်တွေလဲချင်တယ် လို့ပြောလိုက်ပါတယ်။ အဲဒါနဲ့သူလည်း ကျွန်တော့်ရှေ့ကဖြတ်ပြီး ငွေသိမ်းတဲ့ ကောင်တာကို သွားပြောတယ်။

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

aung myint (၁)

 

တစ်နေ့သ၌ ကျွန်ုပ်သည် မိဘနှစ်ပါးကို တော်လှန်ပုန်ကန်၊ နှမများကို ရန်သတ္တရုပြု၍ အိမ်တွင်း တော်လှန်ရေးကြီးကို စတင်လိုက်လေ၏။ တော်လှန်ရေး ပေါ်ပေါက်ရသည့် အကြောင်းတရားတို့ကို ယခု ပြန်ပြောင်းစဉ်းစားသည့်အခါ ရေးတေးတေးမျှသာ မှတ်မိတော့သည်။

 

“အောင်မယ် အောင်မယ် လူကဖြင့် နို့နံ့တောင် မစင်သေးဘူး၊ မိဘတွေကို ခံပြောရတယ် ရှိသေး” ဟူသည့် မြည်တွန်သံ၊ “နင့် လုပ်စာ ဘယ်နှပြားဖိုးရှိလို့ လူကြီးတွေကို ဘာလုပ်ပါ ညာလုပ်ပါ ပြောရတာလဲ” ဟူသည့် ကြိမ်းမောင်းသံတို့သည် အမ် ၁၆ မောင်းပြနှ်ရိုင်ဖယ်ဖြင့် နားဝတေ့၍ တရစပ် ပစ်ခတ်နေသည့်အလား ထွက်ပေါ်လာ၏။ ထိုကဲ့သို့ မိဘနှင့် နှမများက လေသေနတ်ဖြင့် ပစ်ခတ် နှိမ်နှင်းခြင်းကြောင့် ကျွန်ုပ် မရှုနိုင် မကယ်နိုင် ဖြစ်သွားလေ၏။ အကျဉ်းချုံး၍ ဆိုရပါလျှင် ထိုအိမ်တွင်းသူပုန်ထမှုသည် လူသူလက်နက် အင်အား မမျှတသောကြောင့် နာရီပိုင်း အတွင်းမှာပင် မရှုမလှ အရေးနိမ့်သွားလေ၏။ ထို့ကြောင့် ပုန်ကန်သူ ကျွန်ုပ်သည် ရှေးတော်လှန်ရေးသမားကြီးတို့၏ ထုံးတီးနည်းနာများကို နှလုံးသွင်းဆင်ခြင်ကာ လက်တွေ့ကျင့်သုံး၍ တောခိုခဲ့လေသတည်း။

 

မိဘများနှင့် စိတ်ဆိုး၍ အိမ်မှ ဆင်းသည် ဟူသည့်အလေ့မှာ ကျွန်ုပ်တို့ ခေတ်အခါက အတော်ပင် ရေပန်းစား၏။ ကာလသားများ၏ ဖက်ရှင် တစ်ခုလိုလိုပင် ဖြစ်ခဲ့ဖူးသည်။ အိမ်ပေါ်မှ အနှင်မခံရဘူးသူမှာ မျက်နှာငယ်သလိုလို ဘာလိုလိုနှင့် သူငယ်ချင်း အပေါင်းအဖော်တို့ကြားတွင် နေရထိုင်ရ အတော်ပင် ဂွကျလေ၏။ ကျွန်ုပ်မူကား အခြားသော ကာလသားတို့ ကြံစည်သကဲ့သို့ ဖားကန့်သွား၍ ကျောက်တူးမည်၊ ရွှေတောတက်၍ ရွှေကျင်မည်၊ သူဌေးကြီးဖြစ်အောင်လုပ်ပြီး သူဌေးကြီးဖြစ်ခါမှ မိမိ၏ အစွမ်းသတ္တိကို ပြဦးမည်၊ ညံ့ဖျင်း နုံချာသောသူ မဟုတ်ကြောင်းကို အောင်မြင်မှုတို့ကို ဆွတ်ခူးရယူပြီး သက်သေ အောင်လံထူမည် ဟူသည့် ယောက်ျား မာန၊ စိတ်ကူးမျိုး စိုးစဉ်းမျှ မရှိသဖြင့် အစ်ကို ၀မ်းကွဲတစ်ဦး မောင်းနှင်သော လိုင်းသဘောင်္ကို အလကား တက်စီး၍ ဘွားအေကြီး နေထိုင်ရာ မြစ်ဝကျွန်းပေါ်ဒေသမှ ဒေါင့်ကြီးဟူသည့် တောရွာကလေးသို့ ခပ်ကုပ်ကုပ် ဆုတ်ခွာခဲ့လေ၏။

 

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

Langston Hughes ၏   Early Autumn  ကိုဆီလျှော်အောင်ဘာသာပြန်ဆိုပါသည်။

 သရုပ်ဖော် ပန်းချီ ချောအိသိမ်း

 

သူတို့ နှစ်ယောက်ချစ်ခဲ့ကြတာ ကလေးသာသာဘ၀များထဲကဖြစ်သည်။ ညပေါင်းများစွာလမ်း လျှောက် ရင်းသူတို့ စကားဝေဖြာခဲ့ကြသည်။ သိပ်အရေးတကြီးမဟုတ်လှသော စိတ်အခန့်  မသင့်စရာတစ်ခုဖြစ် ပြီးနောက်မှာတော့ သူတို့ တစ်ယောက်နှင့်တစ်ယောက်စကားမပြောကြတော့ပေ။ မေရီသည်လေးလေး နက်နက်မစဉ်းစားပဲ သူမ,ချစ်သည်ဟုထင်သူတစ်ယောက်ကို လက်ထပ်လိုက်သည်။ ဘီလ်ကတော့ မိန်းမဆိုတာကိုခါးသည်းသွားပြီး ခြေဦးတည့်ရာခရီးနှင် တော့သည်။

            မနေ့ က၀ါရှင်တန်စကွဲရ်ပန်းခြံနားမှာလမ်းလျှောက်ရင်း မေရီသည်နှစ်ပေါင်းများစွာ အတွင်း ဘီလ်ကိုပထမဆုံးအကြိမ်အဖြစ်ပြန်တွေ့ ခဲ့သည်။

                                    “ဘီလ်ဝေါ်လ်ကာ“

            သူမကလှမ်းခေါ်လိုက်သည်။ သူမခေါ်သံကြောင့် ဘီလ်ကလမ်းလျှောက်နေရာမှရပ် ကာလှည့် ကြည့်သည်။ ပထမတော့ သူမကိုဘီလ်မမှတ်မိပေ။ သူ့ အတွက်တော့ မေရီကအတော်အိုစာသွားပြီ။

            “ မေရီ.. မင်းဘယ်ကလာတာလဲ။“

            သူအနမ်းနှင့်နှုတ်ဆက်လေမလားဟု မေရီက သတိလက်လွတ်မျက်နှာကိုမော့ပေးလိုက်မိ သော်လည်း ဘီလ်ကလက်ကိုသာကမ်းပေးလေသည်။ မေရီသည် ဘီ့လ်လက်ကိုဆွဲကိုင်လှုပ် ယမ်း၍ နှုတ်ဆက်လိုက်သည်။

            “ ကျွန်မ အခု နယူးယောက်မှာနေတယ်လေ။“

           “ ဟုတ်လား“

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

 aung lattဤဝတ္တုသည် ပျောက်ဆုံးသွားသော ဝတ္တုလည်း ဖြစ်ပါသည်။ ဤဝတ္တုသည် ဝတ္တုရေးသူထံမှ ရုတ်တရက် ပျောက်ဆုံးသွားသောကြောင့် ဖြစ်ပါသည်။ ဝတ္တုရေးသူသည် ဝတ္တုရုတ်တရက် ပျောက်သွားသဖြင့် ရဲဌာနတစ်ခုသို့ သွား၍ တိုင်ချက်ဖွင့်ရာ အမှုသွားအမှုလာကို ချင့်ထောက်၍ အလွန်ကျွမ်းကျင်သော ဖောက်ထွင်းဝိဇ္ဇာတစ်ဦး ခိုးယူသွားခြင်းဖြစ်နိုင်ကြောင်း ပြောဆိုလာသဖြင့် ဝတ္တုရေးသူသည် လွန်စွာ ထိတ်လန့်၍ သွားပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုဝတ္တုသည် ဖောက်ထွင်းဝိဇ္ဇာ တစ်ဦး၏အကြောင်းကို ရေးထားသော ဝတ္တုတစ်ပုဒ် ဖြစ်သောကြောင့် ဖြစ်ပါသည်။

 

ဤဝတ္တုထဲက ဇာတ်ကောင်ကိုယ်တိုင်က လာရောက်၍ ခိုးယူသွားခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့ရာတွင် ဤဝတ္တုပျောက်ဆုံးသွားပုံမှာ ဝတ္တုစာအုပ် တစ်အုပ်ထဲတွင် ဝတ္တုတစ်ပုဒ်အဖြစ် တည်ရှိနေခြင်းမှ ပျောက်ဆုံးသွားခြင်းမျိုး မဟုတ်ပါ။ ဝတ္တုရေးသူ၏ ရင်ထဲတွင် ဝတ္တုတစ်ပုဒ်မျှသာ ရှိနေသည့် အဖြစ်မှ ပျောက်ဆုံးသွားခြင်းမျိုးဖြစ်၍ လွန်စွာ ထူးဆန်းသည်ဟု ယူဆခဲ့သော် ငြင်းဆို၍ မရပါ။

 

သို့ရာတွင် ဤဝတ္တုသည် သာမာန်ဝတ္တုတစ်ပုဒ်မျှသာ ဖြစ်ကြောင်းကို ကြိုတင်၍ သိထားစေချင်ပါသည်။ ဆိုခဲ့သည့်အတိုင်း ဤဝတ္တုသည် ရေးသူ၏ထံမှ ရုတ်တရက် ပျောက်ဆုံးသွားပြီး လိုက်လံရှာဖွေနေဆဲ ကာလ၌ပင် ရုတ်တရက် ဝတ္တုဖတ်ရှုသူတို့၏ ရင်ထဲ၌ ပြန်လည်၍ ပေါ်လာပါသည်။

 

ထိုသို့ ဝတ္တုဖတ်ရှုသူရင်ထဲတွင် ပြန်ပေါ်လာပုံမှာ ဝတ္တုတစ်ပုဒ်လို မဟုတ်ပဲ ပန်းချီကားတစ်ချပ် အဖြစ် ဘဝပြောင်း၍ ပေါ်လာခြင်းမျိုး ဖြစ်ပါသည်။ ပန်းချီဆရာတစ်ဦး၏ ပယောဂကြောင့်ဟု ပန်းချီအနုပညာ ရပ်ဝန်း၌ ကျွမ်းကျင်သူ တစ်ဦးက ဆိုလာပါသည်။ ထိုအဆိုကို ကျွန်တော်တို့ လက်ခံခဲ့သည်ရှိသော် ဝတ္တုရေးသူ၏ ရင်ထဲမှ ဖောက်ထွင်းဝိဇ္ဇာ တစ်ဦးကြောင့် ပျောက်ဆုံးသွားခဲ့ရသော ဤဝတ္တုသည် ပန်းချီဆရာ တစ်ဦးကြောင့် ဖတ်ရှုသူ၏ ရင်ထဲတွင် ပြန်လည်၍ ပေါ်ပေါက်လာခဲ့သည်ဟု ဆိုရပါလိမ့်မည်။

 

ထို့ကြောင့် ဤဝတ္တုနှင့် နီးနီးစပ်စပ် ပတ်သက်ခဲ့ဖူးသူနှစ်ဦးကို ဖော်ပြပါဆိုပါက ဖောက်ထွင်းဝိဇ္ဇာနှင့် ပန်းချီဆရာတို့ကို ဆိုရပါလိမ့်မည်။ သို့ရာတွင် ထိုပုဂ္ဂိုလ်နှစ်ဦးမှာ ဤဝတ္တုအဓိက ဇာတ်ကောင်များတော့ မဟုတ်ပါ။ ဝတ္တုတစ်ပုဒ်အတွက် အဓိကလိုအပ်သော ပုဂ္ဂိုလ်နှစ်ဦးမှာ ရေးသူနှင့် ဖတ်သူတို့သာ ဖြစ်ပါသည်။

 

သို့သော် လောလောဆယ် ရေးသူနှင့်ဖတ်သူတို့ အကြောင်း ခေတ္တဘေးဖယ်ထားပြီးလျှင် ဖောက်ထွင်းဝိဇ္ဇာ၏ အကြောင်းကို အနည်းငယ် တင်ပြလိုပါသည်။ တကယ်တော့ ခင်ဗျားမွေးဖွားလာတာကိုက ဖောက်ထွင်းမှုတစ်ခုပဲဗျဟု ပန်းချီဆရာက ပြောလေ့ရှိပါသည်။ ခင်ပွန်းဖြစ်သူနှင့် ကွာရှင်း၍ မိဘအသိုင်းအဝိုင်းအတွင်းသို့ ဖောက်ထွင်းဝိဇ္ဇာ၏ ကိုယ်ဝန်နှင့် ပြန်လည်ရောက်ရှိလာသော ဖောက်ထွင်းဝိဇ္ဇာအမေကို ၎င်း၏မိခင်၊ အဒေါ်နှင့်အမများက နည်းလမ်းမျိုးစုံကို သုံး၍ ၎င်းတို့မလိုလားသော ကိုယ်ဝန်ကို ဖျောက်ဖျက်ခဲ့ကြလေသည်။ ထိုသို့ အမျိုးမျိုး ဖျောက်ဖျက် တားဆီးသည့်ကြားမှ လွန်စွာထွားကျိုင်းသော ဖောက်ထွင်းဝိဇ္ဇာကို မွေးဖွားခဲ့၏။ ထို့ကြောင့်ပင် ပန်းချီဆရာက ခင်ဗျားမွေးလာတာကိုက ဖောက်ထွင်းမှုတစ်ခုပဲဗျ ဟုဆိုခြင်းဖြစ်သည်။