ဝတ္ထုတို

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

picture

 

တမလွန်ဘ၀သို့ ပြောင်းရွှေ့သွားလေသူ ပြောင်းလဲရေးဝါဒီ ဗညားလဒ၏ ဘ၀ဇာတ်ကြောင်းကို အလွန်အမင်း သိလိုလှပါသည် ဟူ၍ ဘိုကလေးမြို့နယ်၊ အမာဒိုင်နယ်၊ အပျိုကြီးကုန်း ကျေးရွာ၌ သီတင်းသုံး နေထိုင်တော်မူသော “ဆိတ်ဝှေးသင်း ဆြာကြီး ဥူးတက်တူ က ကပိုကရိုထိုင်၍ နောက်ပြန် တောင်းပန်အပ်သောကြောင့် တောရကျောင်းတိုက်၌ ကပ္ပိယလုပ်ကာ သီတင်းသုံး နေထိုင်တော်မူသော ဗရုတ်သုတ်ခဘွဲ့ရ “ဗလောင်းဗလဲ ဆြာကြီး မောင်ကျပ်ခိုးသည် သေလွန်သူ ဗညားလဒ၏ ဆန်းကြယ်ထူးခြားသည့် ဘ၀ဖြစ်ရပ်တို့အနက်မှ မှတ်သားဖွယ်ရာ အချင်းအရာ အနည်းငယ်ကို ထင်သလိုမြင်သလို ထုတ်နုတ်၊ သုတ်သင်၊ တည်းပြတ်ပြီးလျှင် နောက်လာနောင်သားတို့ လေ့လာဆင်ခြင်နိုင်စေရန် အလို့ငှာ ဤ “ဗညားလဒပုံပြင် အမည်ရသော စာတမ်းလွှာကို ဗျစ်ရည်သောက်စဉ်၌ ပေါ်လှာသည့် ငါးပါးမှောက်သော ဗလရွှတ်တ ဉာဏ်အမြင်ဖြင့် စီရင်ရေးသားလိုက်ရခြင်း ဖြစ်ပါပေကြောင်း။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

“မိုးစိပ်ပြုပွဲ၊ သန်ကျူးစဲက၊ ခ၀ဲပွင့်ဝါ၊ သို့သောခါတုံ၊ အာကာမထိုင်း၊ မြူမှိုင်းမလည်၊ အလွန်ကြည်လျက်၊ ဆီးရည်လည်းကျ၊ သရဒနှိုက်

အသျှင်မဟာသီလ၀ံသ (သျှိသျှားကန်ဘွဲ့မော်ကွန်း)

 

ကျပ်ခိုး

(၁)

 

သရဒဥတု ရောက်ပြီတည့်။ တစ်ဝါတွင်းလုံး တအုန်းအုန်း တဒိုင်းဒိုင်းနှင့် ရှစ်ခွင်တိုင်းတွင် ကြီးစိုးမင်းမူ၍  ငြိုးမာန်ဖွဲ့ကာ မစဲနိုင်ဘဲ  သည်းထန်စွာ ရွာသွန်းခဲ့သော ရွှေမိုးညိုကို ကဏ္ဍကောဇလုပ်မည့် ဆီးနှင်းတို့ ရောက်ရှိလာပါပကော။ “ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက် ဆိုသည့်အတိုင်း မိုး၏ ရာဇပလ္လင်ကို ဆီးနှင်းက ကြားဝင်လုရန် ကြံလေ၏။ မိုးကား သူ အားမတန်သည်ကို သိသောကြောင့် အမျက် မာန်စောင်ကို အသာချ၍ မဆုတ်ချင် ဆုတ်ချင်နှင့် တွန့်ဆုတ် တွန့်ဆုတ် လုပ်ကာ ဝေးရာသို့ ပြေးရန် ပြင်လေ၏။ ထို့သို့ ပြင်ခါမှ ဆီးနှင်းက မာန်ဝင့်ပြီး ထကြွ သောင်းကျန်း ပြန်သည်။ သို့နှင့် ဆီးနှင်းကျလိုက် မိုးရွာလိုက်နှင့် မိုးစက်နှင့် နှင်းပွင့်တို့ အားချင်း ယှဉ်ပြိုင် အနိုင်လုပြီး လောကဓာတ် တစ်ခွင်လုံးကို အလှဆင်ယင်လေသတည်း။

 

နေ့လယ်ခင်းမှစ၍ တစိမ့်စိမ့်နှင့် ရွာသွန်းနေသော မုတ်သုန်မိုးကြွင်းသည် ညနေစောင်း နေ၀င်ဖျိုးဖျချိန်သို့ ရောက်ခါမှ မစဲချင် စဲချင်နှင့် စဲသွားလေ၏။ သို့သော်လည်း ကောင်းကင်၌ တိမ်ညိုညစ် အချို့ ကျန်ရှိနေသေးသဖြင့် ကောင်းကင်သည် ကြည်လင်သင့် သလောက် မကြည်လင်နိုင်။ ၀င်လုဆဲ နေ၀န်းသည် တိမ်ညိုညစ်များကြားမှ ပြူထွက်လာလိုက် တိမ်မည်းပုပ်များကြားသို့ ငုပ်လျှိုးသွားလိုက်နှင့် အလုပ်များနေလေ၏။ များစွာ မကြာမြင့် လိုက်ချေ။ ရောင်ခြည်တစ်ထောင်ကို ဆောင်သည့် ဘာဏုရာဇာ နေမင်းကြီးသည် ဓနိတောအတွင်းသို့ သက်ဆင်းသွားပြီး အလင်းရောင်လည်း တဖြည်းဖြည်းနှင့် မှေးမှိန်သွားလေ၏။ သို့သော် ပိန်းပိတ် မှောင်သွားသည် မဟုတ်သေး။ ဖျော့တော့တော့ အလင်းရောင် အနည်းအကျဉ်း ရှိနေသေးသည်။

 

နေ၀င်သည်ကို အဆန်းတကျယ်လုပ်၍ ကျွန်ုပ် ကြည့်ရှု နေခိုက်ဝယ် “ဟေ့ရောင် ကျပ်ခိုး ဘာ မရောင်ရာ ဆီလူး နေတာတုန်း ဟူသည့် ဘဲဥ၏ ညောင်နာနာ အသံကို ရုတ်ခြည်း ကြားလိုက်ရ၏။ လွမ်းမောဖွယ် ကောင်းသည့် ညချမ်း ဆည်းဆာချိန်၌ ဘဲဥ၏ ညောင်နာနာ အသံသည် ကျွန်ုပ်၏ နားဝသို့ ကျိုက်ကျိုက်ဆူသည့် သံရည်ပူ လောင်းချ လိုက်ဘိသကဲ့သို့ ၀င်ရောက်လာ၏။ ထို့နောက် ဘဲဥသည် အိမ်ပေါ်သို့ ကဆုန်ပေါက်ပြီး တက်လာသည်။ ကျွန်ုပ် ရပ်နေသည့် ၀ရန်တာသို့ ရောက်သော် “မိုးကလဲ တစ်နေကုန် ရွာနေလိုက်တာ။ ဘယ်မှ ထွက်လို့ မရဘူး။ အခု မိုးတိတ်တာနဲ့ မင့်ဆီ တစ်ချိုးတည်း ပြေးလာတာ ဟု ကောက်ခါငင်ခါ ဆိုလိုက်သည်။ ကျွန်ုပ်လည်း သူ့ကို ဘာမျှ ပြန် မပြောမိ။ ဘဲဥ ကျွဲမြီးတို သွားဟန် တူသည်။ “ဟေ့ရောင် ကျပ်ခိုး … မင်းကို ငါ ပြောနေတာ မကြားဘူးလား ဟု နားဝ ကပ်ပြီး ကျုံးအော်သည်။ ဘဲဥ၏ စိတ်ကို ဆွချင်သလိုလို ဖြစ်လာသဖြင့် စကား ပြန်မပြောဘဲ နေလိုက်သည်။ ဤသည်ကို မြင်ရ၍ ဘဲဥ ဒေါသ ဆောင့်ထွက်လာပြီး ဆွေ့ဆွေ့ခုန် လုမတတ် ဖြစ်သွားကာ ကျွန်ုပ်ကို ငါနှင့် ကိုင်တုပ်လေ၏။ ထို့နောက် “ကိုင်း … လာ သူငယ်ချင်း တစ်နေကုန် အိမ်ထဲမှာ အောင်း နေရတာ ပျင်းစရာကြီး၊ ကမ်းနားဘက်ကို ခြေဆန့် လက်ဆန့် လုပ်ရင်းနဲ့ လေညင်းခံ ထွက်ရအောင်၊ အပျင်းပြေ ပေါ့ကွာဟု ဆိုပြီး အိမ်ပေါ်မှ သုတ်ခနဲ ဆင်းသွားလေသည်။ သို့ဖြစ်၍ ကျွန်ုပ်လည်း သူ့နောက်သို့ ကမန်းကတန်း ပြေးလိုက်ရလေ၏။

 

ကမ်းနဖူး၌ လေတဖြူးဖြူး တိုက်နေ၏။ မှောင်စပျိုးချိန် ရောက်ပြီး ဖြစ်သဖြင့် မြင်ကွင်းမှာ မသဲကွဲ။ မသဲကွဲသော မြင်ကွင်းသည် တစ်မျိုး တစ်ဖုံ ဆန်းကြယ်၍ နေလေ၏။  လမ်းလျှောက်လာရင်း ကျွန်ုပ်နှင့် ဘဲဥတို့ အသက်အရွယ် တဖြည်းဖြည်း ကြီးရင့်လာသည်ကိုသာ ကျွန်ုပ် တွေးတောနေမိသည်။ ကျွန်ုပ်တို့ သူငယ်ချင်းနှစ်ဦးမှာ လူပျိုအဖြစ်မှ စုတေပြီး “ဟိုင်း ဟူသည့် ဘွဲ့ထူး ထပ်တိုးကာ လူပျိုဟိုင်းကြီး ဘ၀သို့ ရောက်သွားလေပြီ။ သို့စေမူ ရံဖန်ရံခါတွင် ကျွန်ုပ်တို့ နှစ်ယောက်သည် ကာလသား ပေါက်စများနှင့် ပေါင်းပြီး ထင်ရာမြင်ရာ လုပ်တတ်သေးသည်။ သို့သော်လည်း ပေါ်ပေါ်ထင်ထင် မလုပ်ဝံ့တော့ပေ။ ကျွန်ုပ်တို့ နှစ်ဦးကို အလွန်အမင်း သဘောကျပြီး ကျွန်ုပ်တို့ ခြေရာကို ထပ်ချပ်နင်းအံ့ဟု ကြံစည်နေသည့် ကာလသားပေါက်စတို့က ကျွန်ုပ်တို့ကို ဥပဇစ္ဈယ် ဆရာအဖြစ် ခယ၀ပ်တွား ကြကုန်၏။ သို့ဖြစ်ရကား ဘဲဥနှင့် ကျွန်ုပ်ကလည်း ယင်းတို့ကို မိမိတို့ တတ်ပွန်ထားသော ကာလသား အဌာရသ များဖြစ်သည့် အိမ်ထမင်း အိမ်ဟင်းစား၍ အရပ်တကာ လှည့်လည် ကျက်စားနည်း၊  ည အချိန်မတော်တွင် သံသေးသံကြောင် ဟစ်၍ ဂစ်တာတီးနည်း၊ အရက်ခွက်ပုန်းချနည်း၊ ဆေးခြောက် အတိုင်ရိုက်နည်း၊ လျှောက်ပြန်သံပေး ခြေအေး ၀မ်းယောင်လုပ်နည်း၊ မိခင်ထံမှ ပိုက်ဆံညာတောင်းနည်း၊ နှမများထံမှ ပိုက်ဆံခိုးနည်း၊ ဖခင်ရန်ကို ရှောင်ရှားနည်း အစရှိသော အော့ကြောလန်နည်းနာ အဖြာဖြာကို နေ့ဝါ ည၀ါ မပြတ် တရစပ် ပို့ချရင်းနှင့် ကာလသားခေါင်းဘ၀ကို ပျော်ပိုက်စွာ ခံယူခဲ့လေ၏။

 

အတွေး ကိုယ်စီနှင့် လျှောက်လာစဉ် “ကိုဘဲဥကြီးတို့ ဘယ်တုန်းဗျ ဟု တစ်ယောက်က လှမ်းမေးလိုက်သည်ကို ကြားရ၏။ အမှောင်ထု အတန်ငယ် ဖုံးလွှမ်းနေပြီး ဖြစ်သဖြင့် ထိုသူ၏ မျက်နှာကို ကျွန်ုပ် ရုတ်တရက် မကျက်မိ။ သို့စေ ထို ညောင်နာနာ အသံကို ကြားဖူးသလိုလို ရှိသည်။ သူကလည်း ကျွန်ုပ်တို့ သူ့ မျက်နှာကို မမှန်းမိသည်ကို ရိပ်စားမိဟန်တူသည်။ “ကျွန်တော် သံလုံးပါ ဟု  ဆိုလာပြန်သည်။ ဘဲဥက “အေး သံလုံး … ငါတို့ကတော့ ဟိုနားဒီနား အညောင်းပြေ အညာပြေ လျှောက်နေတာ။ မင်းကရော ဘယ်ကို သွားမလို့လဲ။ လက်ထဲ ဆွဲထားတာ ဘာကြီးတုန်းကွ ဟု တရစပ် မေးလိုက်၏။ ထိုသော် အနှီ မောင်သံလုံးက ဟီးခနဲ အကြောင်းမဲ့ ရယ်လိုက်၏။ “ဟိုဒင်းဗျာ ဆတ်ချောင်ဘက်ကို သွားရင်း တောကြောင်သား ရလာလို့၊ အစ်ကိုတို့ အားရင် လိုက်ခဲ့လေ ဖိတ်မန္တက ပြုသည်။ တောကြောင်သားဟူသည့် အသံကြောင့် ကျွန်ုပ်တို့ တံတွေး တပြင်ပြင် ဖြစ်သွားသည်။ “ကောင်းသားပဲ သံလုံးရဲ့ ငါတို့လဲ အားနေတာပဲ မင်း အဖော်ရအောင် လိုက်ခဲ့ပါ့မယ် ဟု ကမန်းကတန်း ပြန်ပြော လိုက်မိသည်။ သို့ဖြင့် ဦးတည်ရာ လမ်းကြောင်း ပြောင်းခဲ့လေ၏။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

့hteinlin

 

အိပ်ရာမှာ နိုး၍ ရေချိုးခန်း မှန်ရှေ့ ရပ်ကာ မျက်နှာ သစ်ရန်ပြင်ဆင်သော အခိုက်ကျမှ ကျွန်တော့်တွင် ခေါင်းမရှိတော့သည့် အဖြစ်ကို ရုတ်ခြည်း တွေ့သိလိုက်ရခြင်းဖြစ်သည်။

 

လက်ထဲတွင် သွားပွတ်တံကို ကိုင်ကာ ကျွန်တော်ကြောင်ငေး နေမိသည်။ မနေ့ညကပင် တယ်လီဗေးရှင်း ရှေ့တွင် ထိုင်ကာ အစီစဉ်ပြီးဆုံးသည်အထိ ကြည့်ရှုနေခဲ့သေးသည် မနက်မိုးလင်းကျမှ ကျွန်တော့် ခေါင်းက ဘယ်ရောက်သွားရသလဲ။

 

အိပ်ရာမှ အထ အိပ်ရာထဲတွင်ပင် မေ့ကျန်ရစ်ခဲ့လေသလား၊ ခုတင်ရှိရာသို့ သွားကြည့်မိ၏။ တွန့်ကြေနေသော အိပ်ရာခင်းပေါ်တွင် တွားသွားနေသော ကြမ်းပိုးတစ်ကောင်ကို တွေ့ရ၏။ ကျွန်တော့်ခေါင်းက ကြမ်းပိုးတစ်ကောင် အဖြစ် ပြောင်းလဲ သွားလေသလား။ မနေ့ညကပင် အိမ်အပြန် လမ်းထိပ် စတိုးဆိုင်က မျက်နှာသစ်ရန် မွှေးဆပ်ပြာ အသစ် တစ်တုံးကို ကျွန်တော်ဝယ်ခဲ့သေးသည်။ ယခုဤ ဆပ်ပြာကို လွှင့်ပစ် ရတော့မည်လော၊ ခန္ဒာကိုယ်တွင် ခေါင်းမရှိနေခြင်းမှာ ထူးထူးခြားခြား ထိခိုက်စရာဟု မထင်ရသော်လည်း အတော်အသင့် ကသိကအောက် နိုင်စေတာက အမှန်ပင် ဖြစ်သည်။ ဥပမာ ကျွန်တော့် မျက်မှန်ကိုဘယ်နေရာတွင် တပ်ဆင်ရပါမည်နည်း၊ ခြေမျက်စေ့တွင် တပ်ဆင်၍လည်း မတင့်တယ်။

 

ပြတင်းတံခါးကို ကျွန်တော်တွန်း ဖွင့်လိုက်၏ အဝေး သစ်တော အုပ်တို့ အထက်မှ တဖြည်းဖြည်း ထွက်ပေါ်လာသော လုံးဝန်းသည့် အရာဝတ္တုတခုကို တွေ့လိုက်ရသဖြင့် ပျောက်ဆုံးနေသော ကျွန်တော့် ခေါင်းဟုထင်ကာ ဝမ်းသာသွားသည်။ သို့သော် ထိုအရာမှာ

နေလုံးကြီး ဖြစ်နေလေသည်။ ကျွန်တော် အိမ်က ထွက်ခဲ့သည်။ အမေက ဘယ်လဲ ဟုမေးသည်။ ကျွန်တော်က

 

“ခေါင်းကို သွားရှာ လိုက်အုံးမယ် အမေ” ဟုပြောခဲ့သည်။ ကားဂိတ်တွင် ကားရပ်ထားအခိုက် စပယ်ယာက လူခေါ်နေသည်။

 

“လာနော်...ကတ္တရာလမ်း အတိုင်းသွားမယ်... ခေါင်းရော ကိုယ်ပါ လိုက်မှ မြန်မာငွေနဲ့ ၂၀ဝ ပဲပေးရမယ်.. .”

 

“ဒါဆိုရင် ငါက ကိုယ်ပဲလိုက်မယ်ကွာ… ၁၀ဝ ပဲယူ...” ကျွန်တော် ပြောလိုက်သည်ကို စပယ်ယာက ပြုံးကြည့်ရင်း..

 

“အစ်ကိုကြီးက တော်တော် နောက်တက်တာပဲ...” ဟုဆိုလေသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

POT

 

(နိဒါန်း)

                        လစ်လပ်နေသော ခေါင်းစဉ်နေရာ၌ တစ်စုံတစ်ရာသော အစားထိုးရန် လိုအပ်လာသောအခါ၊ သို့မဟုတ် ၀ရုန်းသုန်းကား စာမျက်နှာများပေါ်၌ ကြားဖြတ်ခေါင်းစဉ် တစ်ခုခု ယာယီဖွဲ့စည်းရန် ပေါ်ပေါက်လာ အခါ ‘မနက်ဖြန်တွေ လက်အံသေနေတာကို နှိပ်နယ်ပေးချင်သပ’’ ဆိုသော လက်တစ်ဖက် ၀င်ရောက်လာ၏။မနက်ဖြန် ဆိုသည်ကို ဘာနှင့်ဖွဲ့စည်းထားပါသလဲ။ မနက်ဖြန်ကို ဘယ်လို တည်ဆောက်ထားပါသလဲ။မနက်ဖြန်တွင် အချိန်းအချက်များရှိ၏။ မနက်ဖြန်တွင် မိုးလေ၀သ ခန့်မှန်းချက်ရှိ၏။ မနက်ဖြန်နေ့လည် ၂နာရီတိတိတွင်နေအိမ်မှ ကားများထွက်ခွါမည်ရှိ၏။ မနက်ဖြန်မနက် ၆ နာရီခွဲ လေယာဉ်ကွင်းချိန်း ရှိ၏။ မနက်ဖြန်သည် သတ်မှတ်ထားသော နောက်ထပ်နာရီများနှင့် ရင်မဆိုင်ရခင်အထိ အရှိမဲ့သက်သက်ပင်။ ပြက္ခဒိန်ပေါ်မှ မှင်နီဝိုင်းထားသော၊ တစ်ခုခု ရေးမှတ်ထားသော စက္ကူ ရက်စွဲ အဖြစ်လည်း ရပ်တည်နေနိုင်၏။ သို့သော် မနက်ဖြန်မရှိဘဲ နေထိုင်သည့်သူ အချို့အား တွေ့လာလျှင် လူသေကောင်များကဲ့သို့ မဆက်ဆံရန် တင်းကြပ်စွာတားမြစ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် မနက်ဖြန်သည် လူတိုင်းအား တန်းတူညီမျှစွာ စောင့်မျှော်နေပါလိမ့်မည်။ အပူသည် မအေများကဲ့သို့ စောင့်မျှော်နေ၏။ ထိတ်လန့်နေသော မယားများကဲ့သို့ စောင့်မျှော်နေ၏။ ဆာလောင်နေသော ကလေးများကဲ့သို့ စောင့်မျှော်နေ၏။ ထို့ပြင် မနက်ဖြန်သည် တိတ်ဆိတ်သော သွေးသားသောင်းကျန်းမှု တစ်ခုကဲ့သို့ ရမ္မက်ပြင်းပြစွာ စောင့်မျှော် နေပြန်၏။

 

(စာကိုယ်)

                        နေ့များသည်တိုတောင်းစွ။ နေ့များသည် လေးလံလှ၏။ အလျား အနံ အမြင့် နှင့် အချိန်တို့ကို ရောမွှေလိုက်သည့်အခါ နေ့များသည် ရုပ်ထုများဖြစ်လာကြသည်။ ရုပ်ထုများကပြောသော သမိုင်းနိဂုံး၌ ရုပ်ထုများသည် ကျဆုံးလေပြီးသော အုတ်၊ အင်္ဂတေ နှင့် ကြေး သံသတ္တုများ ဖြစ်ကြကုန်၏။ ဟိုရှေးရှေးတုန်းက စတာလင်၊ လီနင်၊နှင့် မာ့က်စ် ရုပ်ထု အပေါင်းအပါများ ရှိကြကုန်၏။ ကဒါဖီမှာ ဆက်ဒမ်ဟူစိန် ရုပ်ထု အကျိုးအပဲ့များ အား လိုက်လံကောက်ယူနေလျက်ရှိသည်။ လူမည်းတစ်ဦးမှာမူ လင်ကွန်းရုပ်ထု မလှမ်းမကမ်းမှ အိပ်မက်တစ်ခုခုအကြောင်း၊ ကမ္ဘာကြီးကို မိန့်ခွန်းပြောခဲ့ပြီးပြီဖြစ်၏။ကျွန်တော် ငယ်ငယ်က ဗိုလ်ချူပ်ကြေးရုပ်ရှေ့၌ ဓါတ်ပုံအ၇ိုက်ခံခဲ့ဖူးတာ သတိရမိပြန်သည်။ အနုပညာသည် ရုပ်ထု အတွက်ဖြစ်သည်။ နိုင်ငံရေးသည် အနုပညာ အတွက်ဖြစ်သည်။ ရုပ်ထုသည် နိုင်ငံရေး အတွက်ဖြစ်သည်။ တစ်ခုခုများသည် တစ်ခုခုအတွက် ဖြစ်ရမည်ပင်။ ဓါတ်ပုံ မှတ်တမ်းများရှိ၏။ဒီအန်အေများရှိ၏။ ကွမ်တမ်သီအိုရီနှင့် အခြားအခြားသော အနတ္တများ ပြင်းစွာလှုပ်ခတ်ကြပြန်၏။ ကျွန်တော်တို့သည် မရေရာမှု အတွင်းက အကျဉ်းသားများ၊ အစိုးမရခြင်း အတွက် ဓါးစားခံများ ဖြစ်နေကြရ သော်လည်း ဘုရားသခင်သည်လည်းကောင်း၊ မဟာဗြဟ္မာကြီးသည်လည်းကောင်း၊ သတ္တ၀ါတို့အား တောင်ပိုင်ကြီး ကဲ့သို့စောင့်ရှောက်ထားကြပြန်သည်။

 

အသားများစားကြရ၏။ ထမင်းများ၊ ပေါင်မုန့်များကို ကြွက်များ၊ပရွက်ဆိတ် များနှင့် ခွဲဝေစားကြရ၏။ အသက်များကို စောင့်ရှောက်ခံကြရ၏။ အဓိပ္ပါယ်မှာ ကြိုးတိုက် အကျဉ်းခန်းမှ ကြိုးသမား အကျဉ်းသားများအဖြစ် သတ်မှတ်ခံထားရသောကြောင့် ဖြစ်ပေသည်။

                        သို့သော် သေချာမှု တစ်စုံတစ်ခုဆိုသည်မှာ အားလုံး၏အသက်ပင် ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် လူသည်လည်းကောင်း၊ နတ်သည်လည်းကောင်း၊ဗြဟ္မာသည်ကောင်း၊၄င်းတို့အားသေချာမှုတစ်ခုခုကိုစွဲကိုင်ထားကြ သူများအဖြစ် အဖြစ်သတ်မှတ်ပြဌာန်းလိုက်သည်။ သို့သော် မျော်လင့်ချက်သည် ကံတရား၏ အန္တရာယ်ကြီးသော လက်ဆောင်တစ်ခုဖြစ်ပေ၏။ ထိုမျှော်လင့်နောက်က လက်ဆောင်လှလှလေးအား ဖွင့်မဖေါက်ခင် မိမိကိုယ် မိမိ ကာကွယ်ထားရမည်ပင်။ အနံ့ အရသာ နှင့် ရက်လွန်နေ့စွဲများ သတိ ကွဲရှတတ်သည်။ ရိုမာန် စာဆိုတော် ဗာဂယ် ငြီးတွားခဲ့ရာ’ ထရိုဂျင် မြင်းကြီးအား မယုံလေနှင့်၊ ကျွနုပ်သည် ဂရိတို့အား လက်ဆောင်များယူဆောင်လာလျှင် သော်မှ ကြောက်လှပါ၏’’ ဟူသော စာသားအား အနက်ရောင်တီရှပ်များပေါ်တွင် မရေးသင့်ပါ။တချို့အရောင်များ သည်ကျွန်တော်တို့အား ဘ၀အဆက်ဆက် မွန်းကြပ် အိုက်စပ်စေ၏။ ဟယ်လင်မင်းသမီး ရက်လုပ်ထားသော ဇာပန်းခရမ်းတွင် ဂရိတို့နှင့် ထရွိုင်သားတို့၏ တိုက်ပွဲမှတ်တမ်းများလှုပ်ရွ နေကြသည်။တားမြစ်ထားသော ဟာသများတွင် ဇု နတ်မင်းကြီး တင်သွင်းသော ငြိမ်းချမ်းရေး ပြက်လုံးများက အူတက်စရာ အကောင်းဆုံးပင်။ ထရွိုင်မြို့ကြီး သက်တမ်းဆုံးမသွားခင် ကျွန်တော်အလိုချင်ဆုံးမှာ ဟယ်လင် မင်းသမီး၏ အလွမ်းနှင့် အနုပညာပင်။ ထို့ကြောင့် မီးတောက်များကြားမှ အလွမ်းများအား ဦးစားပေးရွှေ့ထုတ်ရန်၊အပျက်အစီးများအောက်မှ အနုပညာအား အမြန်ကယ်တင်ရန် တောင်းဆိုလိုက်သည်။ နေ့များသည်ပေါ့ပါး ရှည်လျားလွန်းလေစွ။

(နိဂုံး)

                    မနက်ဖြန်တွင်မနေ့က ချိန်းဆိုမှုများကို ဖျက်သိမ်းထားသော မြင်းခွါသံများ ပျံလွင့်လာပေလိမ့်ဦးမည်။ ထရွိုင်မြို့ရိုးပေါ်မှ ထရိုဂျင် သူရဲကောင်း ပဲရိစ် ၏ရွှေရောင်ဆံနွယ်များ တလူလူလွှင့်နေ၏။ အာခိလိစ် ဖနောင့်ထဲ စိုက်ဝင်သွားသော မြားတံမှာ ပဲရိစ်၏မြားတံ ဟုတ်မဟုတ် ပန်းဆိုးတန်းအင်ပါယာ၌ ကျွန်တော်တို့အငြင်းပွါးကြကုန်၏။ အာခိလိစ်၏ ပျော့ကွက် ဖနောင့်အားဖေါ်ထုတ်ဖြောင့်ချက်ပေးလိုက်သူကို ဆုငွေထုတ်ထားသည်။အလိုရှိပြီ။ စီအိုင်အေ၊ကေဂျီဘီ နှင့်မော့ဆက် တို့၏ မျိုးပွါးဖနောင့်များ ဆောင့်၍ချီတက်လာနေကြသည်။လူကူးမျဉ်းကျားများ သည် ဗန်ဂိုး၏ အ၀ါရောင်များနောက်မှ ပုန်းလျိုး နေကြပြန်သည်။ ငရဲခွေးများ လူကူးမျဉ်းကျားမှ မကူးရ။ ကားတိုက်ခံ ရသောခွေးသေ တစ်ကောင်ကို တွေ့လျင်ကြင်နာပါ။ မှုခင်းဌာနသို့ ခွေးလေခွေးလွင့်များအား ဒရွတ်ဆွဲမလာပါနှင့်။ မနက်ဖြန်အား အကြည်ညိုပျက်မှု မဖြစ်ပေါ်စေရန် ယနေ့အားပိုက်စိပ်တိုက် အမဲရိုးတို့ဖြင့် ကာကွယ်အံ့။ ပထမဆုံး သတင်းပေးပို့ချက် မမှန်ကြောင်း အမေရိကန်တပ်ကြပ်ကြီး တစ်ယောက်မှထွက်ဆိုခဲ့သည်။မိန့်ခွန်းများအား ပြန်လည် စီစစ်ရန်။ မနက်ဖြန်တွင် အမှောင်ဖက်ခြမ်းရှိသည်။ ဘင်လာဒင်အား လင်းယုန်များက မိနစ် ၄၀ သက်တမ်းရှိ အမှောင်ဘက်ခြမ်းတွင်မှ ထိုးသုတ်သွားကြရာ အလေင်းရောင်ကြောင့် အိုစမာရုပ်ထုများ အရည်ပျော်ကျရ၏။ ထို့ကြောင့်ကျွန်တော်တို့မှာ ပူလောင်ကြရ၊ပခုံးသားများနာကျင်ကြရ၊ ခါးရိုးတို့ကိုက်ခဲခံစားကြရ။ခေတ်ကြီးက တင်ပေးလိုက်သော မနိုင်ဝန်များကြောင့် ချိနဲ့ကြရ။ မနေ့ကအတွက် ရည်စူးသော ကျေးဇူးစကားများသည်။ ဒီနေ့အတွက်ကိုင်ရိုက်သလို ခံစားကြရ။ လစ်လပ်နေသောခေါင်းစဉ်နေရာ၌ တစ်စုံတစ်ခု အစားထိုးရန် လိုအပ်လာသောအခါ တိတ်ဆိတ်သော သွေးသားတောင်းဆိုမှူများ ၀င်ရောက်လာကြလေ၏ ။   

                       

                                                                                                      ဇော်လူစိမ်း

                                                                                            သရုပ်ဖေါ်ပုံ ပန်းချီ ပေါ်ဦးသက်

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

tintin sann

                                                                           သရုပ်ဖေါ်ပန်းချီတင်တင်စန်း

                                         (၁)

          သဲသောင်ပြင်ပေါ်တွင် ခြေရာအမှတ်အသားများမှာ တက်လာသည့်ဒီလှိုင်းတို့လျောကျသွားတိုင်း တစတစ

ပျက်ပြယ်သွားခဲ့သည်။

 နှစ်သစ်ကိုကြိုဆိုသည့် အထိမ်းအမှတ်မီးဖိုထားရာ မီးပုံမှမီးတောက်များသည် ကောင်းကင်သို့ ပျံ့လွင့်လျက် ရှိသည်။

ဒီရေသည်မီးပုံရှိရာသို့ တဖြည်းဖြည်းတိုး၍ တက်လာပြီး တဖြည်းဖြည်းလျောကျစီးဆင်းသွားပြန်သည်။

မီးပုံမှ မီးလျှံ၏ အရောင်ထဲတွင် ဒီရေ၏အဦးအစလှိုင်းထိပ်တို့သည် ရေမြုပ်ဖြူဖြူတို့ဖြင့် တန်ဆာဆင်လျက်။

တစ်ဖန် သဲပြင်ပေါ်မှလျောဆင်းသွားပြန်သည်။

          ဒီရေ၏ အရောင်ထဲတွင် ထင်းမီးပုံ၏အရောင်တို့ ထင်ဟပ်နေခဲ့သည်။

၂၀၁၀ ၏ နှစ်သစ်ကိုကြိုဆိုသည့် အမှတ်အသားထင်းမီးပုံသည်လည်း တဖြည်းဖြည်းမီးစာလျော့၍ လျော့၍လာသည်။

          ပြာမှုန် နှင့် မီးခိုးမှုန်တို့မှာ လေထဲလွင့်နေသည်။

          ဆောင်းည၏လေသည် ကမ်းခြေတွင် တသုန်သုန်တိုက်ခတ်နေသည်။ ကမ်းခြေသို့ရောက်ရှိလာခဲ့ပြီး

သဲပြင်ပေါ်တွင် ရေမှုန် ရေမွှားတို့ကွဲပြန့်ကာ ပင်လယ်ထဲသို့ ပြန်ဆုန်သွားပြန်သည်။ လှိုင်းတို့ အသံက တဝေါဝေါနှင့်ပင်။

          ဆုတ်လိုက်တက်လိုက်နှင့် ဒီရေသည် မီးစာလျော့၍လိုက်လာသော မီးပုံအနီးသို့ ရောက်ရှိလာခဲ့သည်။

          ကျွန်မသည် ငြိမ်းသေလုလုမီးပုံကို စောင့်ကြည့်နေခဲ့သည်။ စောစောတုန်းက မီးညွန့်မီးအားကောင်းကောင်းတို့ဖြင့်

တောက်လောင်ကာ မီးပန်း ၊ မီးပွင့်တို့ဖြင့် လင်းလက်ဝင်းထိန်လှသည့် မီးပုံကြီး၏ လက်ကျန်ထင်းတုံးများသည်တို၍ တို၍

လာသည်။ ထင်းတုံးများမှသည် မီးသွေး ၊ မီးသွေးမှသည် ပြာဘ၀ဆီသို့ ကူးဖို့ တာစူနေခဲ့ပြီ။ အားကောင်းခဲ့သည့် မီးညွန့်

မီးလျှံတို့သည်လည်း မှိန်၍ ဖျော့လာသည်။

          လူတစ်ရပ်ကျော်ကျော်မြင့်မားခဲ့သည့် ထင်းပုံသည်လည်း ကြည့်ရင်းကြည့်ရင်း မျက်စိအောက်မှာပင် ဘယ်ဆီသို့

ရောက်သွားခဲ့လေပြီနည်း။ မီးခိုး၊ မီးပွားစ တို့သည် ပင်လယ်ကိုဖြတ်သန်းလာသည့် လေ၏ အဟုန်ထဲတွင် လွင့်လျက်။

          ညကောင်းကင်တွင် လပြည့်ဝန်းသည် ရွှန်းမြလျက်။ ပင်လယ်ထဲတွင် လှိုင်းတို့သည် ခုန်၍ နေသည်။ မကြာမီပင်

ကမ္ဘာသုံးပြက္ခဒိန်အရ နှစ်သစ်တစ်နှစ်စတင် ပေလိမ့်မည်။

 

           ပင်လယ်ကမ်းခြေမှာ လှိုင်းသံ၊လူသံတို့ဖြင့် အုတ်အုတ်ကျက်ကျက်။ လူငယ်တို့သည် မီးပုံငယ်များ နံဘေးမှာ

ဂစ်တာနှင့် ၀ိုင်းဖွဲ့သီချင်းဆိုသူဆို၊ ဘီယာဝိုင်းနှင့် ငါးကင်၊ ပုစွန်ကင်အမြီးများဖြင့် ယစ်မူးသူ ယစ်မူး၊ အဖွဲ့လိုက်ကစားသူ

ကစားကြဖြင့် စည်ကား နေသည်။

          ကျွန်မသည် ပျော်ရွှင်မြူးတူးနေကြဟန် လူငယ်များကိုလည်း ငေးမိသည်။

          ကျွန်မ၏ လူငယ်ဘ၀အချိန်ကာလတို့သည် မည်သို့ကုန်ဆုံးခဲ့လေသလဲ။

          ဘ၀ခရီးတာသည် အမှောင်ထုထဲ စမ်းတ၀ါးဝါးသွားရင်း၊ ရွှေ့ရင်းဖြင့်ပင် မည်သို့မည်ပုံ ရောက်ရှိလာခဲ့သည်

မသိသော ဇရာဆိုသည့်အရာက ကျွန်မကို လက်ကမ်းလာခဲ့ပြီ။

          အမှတ်မထင်ပင် ကုန်ဆုံးသွားခဲ့သော ကျွန်မ၏ ဘ၀ထဲမှ နှစ်ကာလများ၊ နေ့များ၊ ရက်များ၊ လများ  သည်လည်း

သဲသောင်ပြင်ပေါ်မှ ခြေရာများပမာပင်။ ဒီလှိုင်းတို့လျှောကျသွားတိုင်း ပျက်ပြယ်သွားခဲ့ရသည့် ခြေရာများအလားပင်။

          လရောင်တွင် ခုန်၍ ခုန်၍တက်လာသော ဒီလှိုင်းများ ငြိမ်းသေစမီးပုံနှင့် ပျံ့လွင့်လာသည့် ဆွတ်ပျံ့ဖွယ်

တေးသံများက အတိတ်နှင့် အနာဂတ် ကာလကြား နယ်ခြားမျဉ်း ပေါ်တွင်ရပ်နေသော ကျွန်မ၏ စိတ် အာရုံကို

တစ်စုံတစ်ရာကို လှုံဆော်နေခဲ့သည်။

          သို့တိုင် ဒီလိုည၊ ဒီလိုကမ်းခြေမှာတော့ ဘ၀ထဲမှ ချစ်ခြင်းကိုလည်းကောင်း၊ ပြန်မတွေးလို တော့ပြီ။

ဘ၀တာတွင် သေတစ်ပန် သက်တစ်ဆုံးလက်တွဲမည်ဟု ရည်ရွယ်လျက် လက်တွဲလာခဲ့သည်။ ခင်ပွန်းသည်လည်း

ကျွန်မဘေးမှာ ရှိမနေ ခဲ့ပါ။ သူသည် ကျွန်မနှင့်အတူ ပင်လယ်ကမ်းခြေခရီးမှာ လိုက်ပါလာခဲ့ခြင်းမရှိပါ။ ကျွန်မ၏

ပျော်ရွှင်မှုနှင့် ကြေကွဲမှုများကို ခွဲဝေခံစားဖို့ရာ ငြီးငွေ့သွားခဲ့ပြီဖြစ်သည်။ သို့တိုင် ကွဲကွာနေခဲ့ကြသလားဆိုတော့လည်း

မဟုတ်ပါ။ ကျွန်မတို့နှစ်ဦးကြားတွင် သားဆိုသည့် ကြိုးအမျှင်အနှောင်တည်းထားခဲ့ရာ မကွဲသာမပေါင်းသာ ရှိနေခဲ့ကြရသည်။

သို့တိုင် ပျော်တော့လည်း မပျော်နိုင် ကြတော့ပေ။

          တဝေါဝေါမြည်သံနှင့် ကမ်းခြေဆီသို့ ပြေးတက်လာခဲ့ကြပြီးမှ ကမ်းခြေတွင် လှိုင်းဦး လှိုင်းထိပ်တို့ပြိုကွဲကာ ပင်လယ်ဆီသို့

စိတ်လျော့လက်လျော့ပြန်သွားခဲ့ဟန်ဒီရေက ဘ၀၏ပျော်ရွှင်မှုကိုအိမ်ယာထူထောင်ခြင်းဖြင့် ရရှိလေမလား ရှာဖွေခဲ့ဖူးသူ ကျွန်မ

အလားပင်။

          ပင်လယ်လေ၏ တသုန်သုန်တိုက်ခတ်မှုကြောင့် အေး၍လာသည်။ အနွေးအင်္ကျီတွင်ရင်ဘတ်တွင် တင်းတင်းဆွဲ၍

စေ့ထားမိသည်။ အဝေးအမှောင်ထုဆီက တလှုပ်လှုပ်၊ တလှိမ့်လှိမ့်ဒီရေလှိုင်းတို့သည် သင်ဘယ်ကလာပြီး၊ ဘယ်ကိုသွားလေမလဲဟု

ကျွန်မအား မေးနေသယောင်ယောင်။ အမှောင်ထုထဲကို ငေးရင်း နှလုံးသားထဲတွင် ပျော်ရွှင်မှု တစ်စုံတစ်ရာဟူ၍ မရှိ။ ဟာလာဟင်းလင်း

ဖြစ်သွားခဲ့သော မိန်းမတစ်ယောက် ရည်ရွယ်ချက်မဲ့ငေးမိငေးရာမျှော်နေမိဆဲတွင် ဒီရေကတော့ တက်မြဲတက်လာလျက် မီးပုံ၏

တစ်စိတ်တစ်ပိုင်းကို ပင်လယ်ထဲသို့ ညင်သာစွာ ဆွဲချထားလေသည်။

         

(၂)

 

          အေးလာသဖြင့် ထိုင်ရာမှထရပ်လိုက်၏။ သဲများကို ခါချမိသည်။ ည ၁၂ နာရီထိ နေနိုင်တော့မည် မဟုတ်ပါ။

          ထိုစဉ် ဂျင်းကျပ်ကျပ် သရီးကွာတားဘောင်းဘီနှင့် ရှပ်အင်္ကျီကို ကိုယ်ခန္ဓာ ပြည့်ပြည့် တင်းတင်းလေး ပေါ်မှာ

စည်းထုပ်ထားသည့်နှယ် ၀တ်ဆင်ထားသည့် မိန်းမပျိုလေးတစ်ယောက် ကျွန်မအနီးသို့ ရောက်ရှိလာခဲ့သည်။

သူ၏ ၀တ်စုံမှာ ဘောင်းဘီရော၊ အင်္ကျီရော၊ အနက်ရောင်များပင်။ လည်ရှည်သားရေဖိနပ်ကိုချွတ်ကာ ကျွန်မအား အပ်နှံထားခဲ့

သည်။ ပင်လယ်ကမ်းစပ်သို့ ဒူးဆစ်အနက်ထိရောက်အောင် ဆင်းသွားခဲ့သည်။

          လှိုင်းတွေက သူ့ခြေထောက်ကို တိုးတိုက်နေသော်လည်း ကျွန်မကိုကျောပေး၍ ပင်လယ်ပြင်ကြီးကိုကြည့်ကာ

မလှုပ်မယှက်နှင့် ရပ်နေခဲ့သည်။

          သူ့ဘေးပတ်ဝန်းကျင်တွင် လှိုင်းတွေက တဗွမ်းဗွမ်းမြည်နေသည်။

         သူကလေးများ ရေထဲသို့ဆက်ပြီးဆင်းသွားလေမလား ကျွန်မစိုးရိမ်သွားမိသည်။

          အနက်ရောင် ကိုယ်ကျပ်အင်္ကျီနှင့် အနက်ရောင်ခပ်ကျပ်ကျပ်ဘောင်းဘီဝတ်ဆင်ထားသော သူ၏ ခန္ဓာကိုယ်

အနောက်ပိုင်းသည် ပျိုရွယ်သူတှို့၏ ဖွံ့ဖြိုးမှုကိုဖော်ပြလျက်ရှိသည်။ လေတိုက်သဖြင့်သူ၏ဆံနွယ်တို့သည် ကျောပြင်တွင် ဝေ့၀ဲလွင့်နေခဲ့သည်။

          သူကြည့်ရာပင်လယ်ပြင်အဝေးဆီတွင် မီးရောင်ကလေးလဲ့လဲ့တစ်ချက်တစ်လေလှမ်း၍ မြင်ရသည့်တိုင် ကွဲကွဲပြားပြား မဟုတ်ခဲ့ပါ။

မဲမှောင်နေသည့် ပင်လယ်၏ လှိုင်းများသာ လေနှင့်အတူ တစ်လိပ်ပြီးတစ်လိပ်အော်မြည်ရင်း ကမ်းဆီသို့ အပြေးအလွှားတက်၍ လာနေသည်။      

          သူသည် လှိုင်းများ၏ အော်မြည်သံနှင့် ခပ်မြန်မြန်ဒီရေတက်လာနေပုံကိုလည်း တုန်လှုပ်ပုံမပြပါ။

ကျွန်မ၏ နှလုံးအိမ်တွင် ထွန်းလင်းခဲ့သော ပျိုရွယ်ခြင်းမီးပုံသည် တစတစငြိမ်းသေကာ ပြာမှုန်ပြာစနှင့် မီးသွေးများ အသွင်သို့ ပြောင်းလဲလျက်

အချိန်ဒီရေလှိုင်းများ၏ တိုက်စားမှုအောက်မှာ လုံးပါးပါး ပျောက်ကွယ်လုရှိခဲ့ပြီ။

ဘ၀အပေါ်ခုံမင်  တွယ်တာမှုတို့သည်လည်း တစ်စစီ ပဲ့ကြွေကာ သံသရာတည်းဟူသော လှိုင်းတို့နောက်သို့ လိုက်ပါလုနီးခဲ့ပါပြီ။

သို့တိုင် ကျွန်မသည် သူကလေးထံသို့ကား ပင်လယ်လှိုင်းသံတို့ကြားတွင် သွားပြီး ရပ်မနေရဲပါ။

          သူကလေးကတော့ ရေလှိုင်းတို့ကြားမှာ ဆက်၍ ရပ်နေဆဲ ဖြစ်ပါသည်။

          လှိုင်းများကိုကြည့်ရင်း လွန်ခဲ့သည့် ၂ နှစ်က နာဂစ်မုန်တိုင်းတွင် သေဆုံးသူများကို သတိရနေလေသလား။ သို့မဟုတ် သူကိုယ်တိုင်

ပင်လယ်လှိုင်းများ၏ ခေါ်ရာနောက်သို့ လိုက်ပါလို၍ အားယူနေလေသလား။

          သူ ဘယ်သူပါလိမ့်။

          လှိုင်းများကို ချစ်သူပဲလား။

          စာရေးဆရာမလေးတစ်ယောက် (သို့မဟုတ်) ကဗျာဝါသနာပါသူလေလား။

          သူ၏ လည်ရှည်သားရေဖိနပ်ကတော့ အတော်အတန် တန်ဖိုးရှိပုံရပါသည်။

          သူကလေးသည် ပိုက်ဆံအသင့်အတင့်သုံးစွဲနိုင်ပုံရပါသည်။

အချစ်ကြောင့် (သို့မဟုတ်) အမုန်းကြောင့် ဘ၀ကိုပင်လယ်ထဲမှာ အဆုံးသတ်လိုသူတစ်ယောက်သာဆိုလျှင် သူ့ဖိနပ်ကို ကျွန်မထံ အပ်မထားခဲ့လောက်ပါ။

          ကျွန်မက သူ့ဖိနပ်ထက် သူ့အပြုအမူများကို စိတ်ဝင်စားနေမိပါသည်။

          ကုန်ဆုံးလုလုနှစ်ဟောင်းကိုပဲ ပင်လယ်ထဲရပ်ပြီး နှုတ်ဆက်နေလေသလား။

ဒါမှမဟုတ် ပင်လယ်လှိုင်းများမှတစ်ဆင့် ပင်လယ်ပြင်တွင် အသက်မွေးသူ ချစ်သူတစ်ဦးတစ်ယောက်ထံ တိုင်တည်စကား မှာကြားနေလေသူလား။

သူကလေး၏ အပြုအမူကို ကျွန်မလိုပင် ကျွန်မ၏နောက်ကျောမှ စောင့်ကြည့်နေသူတစ်ခုရှိကြောင်း သတိပြုလိုက်မိရာမှဘာရယ်မဟုတ်

သူကလေးအတွက် စိုးရိမ်မိသွားသည်။

ကမ်းခြေလုံခြုံရေးတာဝန်ရှိသူတွေပဲလား မသိပါ။ မိန်းကလေး၏ ထူးဆန်းသည့် အပြုအမူကို စောင့်ကြည့်နေကြ ဟန် တူပါသည်။

ထိုအထဲမှ တစ်ဦးက သူ့ကိုညွှန်ပြပြီး ကျွန်မကို မေးလိုက်သည်။

          “သူ ဘာလုပ်နေတာလဲ”

          ကျွန်မက “ဖိနပ် အပ်ထားလို့ပါ”

          အမေး နှင့် အဖြေမှာ ဘာမှမဆိုင်ပါ။

          သို့သော်လည်း ဖိနပ်ကိုတစ်ယောက်ယောက်ဆီမှာအပ်ပြီး ပင်လယ်ထဲဆင်းသွားသူသည် ကိုယ့်ကိုယ်ကိုယ် သတ်မသေလောက်ဟု

ယူဆလေမလားဆိုပြီး ဖြေလိုက်မိခြင်းဖြစ်သည်။ ထိုသူတို့က ဆက်မမေးဘဲ ရပ်ကြည့်နေကြသည်။

        အတန်ငယ်ကြာလျှင် မိန်းကလေးက တစ်စုံတရာဆုတောင်းဟန် ခေါင်းကလေးငုံလိုက်ပြီး တစ်ဖန် ခေါင်းပြန်မတ် ကာ လက်နှစ်ဖက်ကို

ဆန့်လိုက်သည်။

          ကျွန်မက မိန်းကလေးကိုစောင့်ကြည့်နေသူများကိုကြည့်လျှင် သူတို့ကလည်း ဘာမှမပြောဘဲ ဆက်ပြီးရပ်ကြည့် နေကြသည်။

မိန်းကလေးက ကျွန်မအနီးသို့ ရောက်လာသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းတစ်ပိုင်းလုံး ရေတွေရွှဲရွှဲစိုလျက်။

          သူ့ဖိနပ်ကလေးကို ပြန်ယူကာ-

          “ကျေးဇူးတင်ပါတယ် အန်တီ”  ဟု ဆိုလိုက်သည်။

ကျွန်မကသူကလေးကို ပြုံး၍ ပြလိုက်သည်။ သူကလေးက ဖိနပ်ကိုယူပြီး ကမ်းခြေဟိုတယ်တွေဘက်သို့ ခပ်သွက်သွက်လေး လျှောက်သွားသည်။

သူ့ကို စောင့်ကြည့်နေသူများလည်း နှစ်သစ်ကိုကြိုဆိုသည့်မီးပုံများရှိရာသို့ ဆက်လျှောက်သွားကြသည်။

ကျွန်မသည်လည်း အေး၍လာသဖြင့် ခပ်ဖြည်းဖြည်းလျှောက်၍ ကမ်းခြေအတိုင်း ပြန်လာခဲ့သည်။

ကမ်းခြေမှာ ဆက်၍ နေလိုသော်လည်း လေက အေးလှသည်။

ည၏ ကောင်းကင်တွင် လပြည့်ဝန်းသည်လည်း မိုးသားရောင်တိမ်တိုက်တို့ကြား အပြေးလေးသွားနေသည့်နှယ်။

မီးရှူး၊ မီးပန်းတို့သည်လည်း ဖောင်းကနဲ အသံနှင့်အတူ ည၏ကောင်းကင်ယံသို့ မြင့်တက်လာခဲ့ပြီး တဖွားဖွား ပြန်ကျသွားသည်။

          လပြည့်ညဖြစ်သဖြင့် ပင်လယ်ဒီရေသည် ဟိုတယ်များ၏ ခြံဝန်းကာအုတ်တံတိုင်းများဆီထိပင် တက်လာမည့်ဟန် ပြင်နေသည်။

          ဒီရေကြောင့် ကစားဝိုင်းတစ်ချို့နေရာ ရွှေ့ကြသည်။

          မီးလှုံဖို့ ဖိုထားသည့် မီးပုံကလေးများမှ မီးရောင်နှင့်အတူ လူတို့၏ အရိပ်များ လှုပ်ရှားနေကြသည်။

          တစ်ချို့မီးပုံကလေးများကတော့ ငြိမ်းသေစပြုနေပါပြီ။

တရားရှိသူတို့ကတော့ သေဖို့တစ်နှစ်ပိုနီးလာမည့် နှစ်သစ်ကို ဘာ့ကြောင့်ကြိုဆိုချင်ကြသလဲတွေးမိမလား မသိပါ။

ကျွန်မကတော့ လာမည့်နှစ်သစ်ကို ပျော်ပျော်ပါးပါးဆီးကြိုဖို့ ကြိုးစားနေသူများကို အားကျမိပါသည်။

ပင်လယ်ဆီသို့ လာခွင့်ရခြင်းနှင့် သူငယ်ချင်းများ (သို့) မိသားစုဝင်များနှင့် အတူရှိနေကြခြင်းက သူတို့အတွက် ကြည်နူးဖွယ်ဖြစ်သည်။

စောစောကမိန်းကလေးကရော သူငယ်ချင်းများနှင့်အတူ လာခဲ့သူလေလား။

ကျွန်မလိုပင် ပင်လယ်ဆီသို့ အထီးတည်း ရောက်လာခဲ့သူလေပဲလား။ ဘယ်လိုပါလိမ့် ။

         ကျွန်မ တွေးနေမိသည်။

         ခုချိန်မှာ သူကလေး ဘာလုပ်နေမှာပါလိမ့်။

         ကျွန်မ၏ ခန္ဓာကိုယ်မှ စိတ်ဝိဥာဉ်ကို ခွဲထုတ်ကာ သူကလေးထွက်ခွာသွားရာသို့ လိုက်ရှာကြည့်ချင်မိပါသည်။

မနက်ခင်းမှာဆိုရင်ကော သူကလေးကို များပြားလှသည့် အရွယ်တူ၊ အဆင်တူ မိန်းကလေးတို့ ကြားထဲမှာ ကျွန်မမှတ်မိပါ လေမလား။

ကျွန်မ၏ စိတ်ဝိဥာဉ်ကို သူကလေးနောက်သို့ တိတ်တိတ်ကလေးလွှတ်လိုက်ကာ နှစ်ဟောင်းနှင့် နှစ်သစ်ကြား ညကာလလေးတွင်

ပင်လယ်လှိုင်းတို့ကြားရပ်ရင်း သူခံစားခဲ့သည့် ခံစားမှုများ၊ အတွေးများ၊ စိတ်ကူးစိတ်သန်းများကို သိအောင် ကြိုးစားကြည့်ချင်မိပါသည်။

          ဘာ့ကြောင့် သူဒီလိုလုပ်တာပါလိမ့် ။ ပဟေဠိသဖွယ် ခံစားနေရသည်။

          ဒီလှိုင်းတစ်လိပ်က သဲပြင်ပေါ်ဖြန့်၍ တက်လာခဲ့ပြီ။ ကျွန်မ၏ ဖိနပ်ဦးကိုလာ၍ တိုးထိလာခဲ့ပြီ။

          ပင်လယ်လှိုင်းတို့ တ၀ုန်းဝုန်းပုတ်သံကို ကြားနေရဆဲ ဖြစ်သည်။

          ပင်လယ်ပြင်ကိုကြည့်လျှင် လှိုင်းတို့သည် လပြည့်ည၏ ဆွဲငင်အားကြောင့် အလိပ်လိပ်ထလျက် ခုန်၍ နေခဲ့သည်။

          ဒီရေသည် ကျွန်မ၏ခြေဖ၀ါးထိ ညင်သာစွာတို့ထိလာပြီး လျောဆင်းသွားပြန်သည်။

          ထို့နောက်တစ်ဖန် နောက်တက်လာသည့် လှိုင်းထိပ်ဦးမှ ရေတို့က ၀ိုင်းလျက် လိပ်လျက် တက်လာခဲ့ပြန်သည်။

          ရပ်နေရင်းမှာပင် ခြေဖ၀ါးမှပင် ခြေဖမိုးသို့ ရေလှိုင်းအိအိတို့က တို့ထိလာခဲ့သည်။

          စောစောက ကျွန်မထိုင်ခဲ့သော နေရာနှင့် မီးပုံရှိခဲ့သော နေရာတွင် လှိုင်းအလိပ်လိပ်တို့က နေရာယူခဲ့လေပြီ။

          မနက်ဆိုလျှင် သဲသောင်ပြင်တွင် ညက အမှတ်အသားအချို့သာ ကျန်ရစ်ပေလိမ့်မည်။

          မကြာမီနာရီပိုင်းအတွင်းမှာပင် ကန္တာရသုံးပြက္ခဒိန်အရ နှစ်တစ်နှစ်သည် စတင်ပေလိမ့်မည်။

          ရှူးကနဲ အသံနှင့်အတူ မီးကျည်ရောင် လင်းလက်သွားသည်။

          မီးရှူး၊ မီးပန်းများသည် ပြာသောညဥ့်ယံ၏ ကောင်းကင်ယံတွင် တဖွားဖွားလင်းလျက် မီးစက်မီးမှုန်များ ခွဲဖြာသွားသည်။

 

                                                                                                      ခင်မြဇင်-