Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
hl
(၁)
“ချက်ချက်” … “ချက်ချက်” နှင့် ညည်းတွားနေသည့် တိုင်ကပ်နာရီများ၏ အော်မြည်သံသည် အလွန်အမင်း ကျယ်လောင်လှသည် မဟုတ်ချေ။ အသေအချာ နားစွင့်ထောင်ပါမှ ကြားရနိုင်သည့် ခပ်သဲ့သဲ့ အသံမျှသာ ဖြစ်သည်။ သို့စေမူ ဇင်မာဦး အဖို့ ထိုနာရီမြည်သံ “တချက်ချက်”သည် အလွန် တစ်ရာမှပင် ကျယ်လောင်လှပါပေ၏။ နာရီမြည်သံ “တချက်ချက်” သည် ဇင်မာဦး၏ နားစည်ဝကို ထက်မြစွာသော လှံသွားဖြင့် မရပ်မနား ထိုးဆွနေသည့်အလား သည်းစွာ နှိပ်စက်လေ၏။
“တချက်ချက်” မြည်ဟီးသံသည် နာရီတစ်လုံးတည်းမှ ထွက်ပေါ်လာခြင်း မဟုတ်၊ “iHub Group Digital Accessories” ဟု အမည်ရသည့် လက်ကိုင်ဖုန်းနှင့် နာရီဆိုင်၏ အရောင်းပြခန်း အတွင်းရှိ နာရီပေါင်း မြောက်မြားစွာထံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။ တရုတ်ပြည်ဖြစ် တိုင်ကပ်နာရီများထံမှ ထွက်ပေါ်လာသည့် စူးရှပြင်းထန်သည့် နာရီမြည်သံသည် လူသူလေးပါး စည်ကားသော လှည်းတန်းဈေး၏ ပွက်လောရိုက်သံတို့ကို ခုန်ပျံကျော်လွှား၍ ဇင်မာဦး၏ နားအတွင်းသို့ တည့်တည့်မတ်မတ်ကြီး ၀င်ရောက်လာလေသတည်း။
နာရီမြည်သံ “တချက်ချက်” ကို ဇင်မာဦး နားကြားပြင်းကပ်မိသည်မှာ ဤနာရီဆိုင်တွင် အရောင်းစာရေးမ အဖြစ် အလုပ်ဝင်သည့်  နေ့မှ စ၍ပင် ဖြစ်သည်။ နာရီမြည်သံကို သူ ဘာကြောင့် မုန်းတီးနေမှန်း ရေရေရာရာ မသိသော်လည်း နာရီမြည်သံ “တချက်ချက်” ကို ကြားရသည်နှင့် တစ်ပြိုက်နက် သူ အလိုလို မျက်မှောင်ကြုတ်မိတော့သည်။ နာရီမြည်သံကို ကြားရလျှင် နားထင်ကြောကို ပြုတ်တူဖြင့် တအားကုန် ဖျစ်ညှစ်ထားသကဲ့သို့ ခံစားရပြီး ဦးခေါင်းထဲတွင် တဆစ်ဆစ် ကိုက်ခဲ မူးဝေ လေးလံလာသည်။ ထို့နောက် ခေါင်းကိုက်သလိုလို ဗိုက်နာသလိုလို ဘာလိုလို ညာလိုလို သရီုးသရီ ဝေဒနာကို ခံစားရလေ၏။
ဇင်မာဦးသည် နာရီများ ထည့်ထားသည့် မှန်ဗီရိုကို ဖုန်သုတ်ရင်း “တချက်ချက်” မြည်ဟီးနေသည့် နာရီများကို စက်ဆုပ် ရွံရှာစွာ ကြည့်မိသည်။ နာရီမြည်သံ “တချက်ချက်”ကို သူ မုန်းသည်။ နာရီများကိုလည်း သူ မုန်းသည်။ ၀က်ခြံ ထူလဗျစ်နှင့် နေရာတကာ ဆရာလုပ်တတ်သော ဆိုင်ရှင်ကိုလည်း သူ မုန်းသည်။ စွာကျယ်စွာကျယ် လုပ်တတ်သော ငွေကိုင်စာရေးမကိုလည်း သူ မုန်းသည်။ အမ်ပီသရီး၊ အမ်ပီဖိုးနှင့် လက်ကိုင်ဖုန်း အရောင်းကောင်တာမှ  အရောင်းစာရေးမ၏ ကလက်တတ်တတ် အမူအရာကိုလည်း သူ မုန်းသည်။ ဆူညံပွက်လောရိုက်သံတို့ဖြင့် အတိပြီးသည့် လှည်းတန်းဈေးကိုလည်း သူ မုန်းသည်။ ဤ မုန်းတီးခြင်းတို့၏ မူလဘူတဖြစ်သည့် နာရီဆိုင် အရောင်းစာရေးမ အလုပ်ကိုလည်း သူ မုန်းမိသည်။
ဇင်မာဦးသည် နာရီမြည်သံကို အဘယ်ကြောင့် မုန်းတီးနေမှန်း ရေရေရာရာ မသိသကဲ့သို့ ဤနာရီဆိုင်တွင် သူ ဘာ့ကြောင့် အလုပ် ဆက်လုပ်နေမိမှန်းကိုလည်း မသိချေ။ ထိုမျှသာမက သူ ဘာဖြစ်ချင်မှန်းကိုလည် မသိသကဲ့သို့ သူ ဘာဆက်လုပ်ရမှန်းကိုလည်း မသိချေ။ မသိသည်မှာ ခပ်ကောင်းကောင်းပင် ဖြစ်၏။ မသိသေးသည်ကို သိသွားလျှင် ဤထက် ပို၍ စိတ်ဆင်းရဲရပေလိမ့်ဦးမည်။ အခန့်မသင့်လျှင် စိတ်ဓာတ် ချွတ်ခြုံကျပြီး စိတ်ကျရောဂါသည်ကြီးပင် ဖြစ်သွားနိုင်သည်။ မသိခြင်းသည် ကောင်းကြီး မင်္ဂလာပင် ဖြစ်ချေသတည်း ဟူသည့် သိုးဆောင်း စကားပုံပင် ရှိသေးသည် မဟုတ်လော။ သို့ဖြစ်၍ ဇင်မာဦးသည် ကောင်းကြီး မင်္ဂလာနှင့် ပြည့်စုံလှချေ၏ ဟု လိုရာဆွဲ၍ ဆိုချေသော် သင့်နိုးအံ့သည်။
သို့ကလို ဆိုလိုက်သဖြင့် ဇင်မာဦးသည် ဘ၀ အောင်မြင် တိုးတက်ရေး အတွက် ဘာတစ်ခုမျှ မစဉ်းစားတတ်သူ၊ နလဗိန်းတုံး ဟု အထင်မရောက်လိုက်ကြပါနှင့်။ ဇင်မာဦးမှာ ညောင်တုန်းအပိုင် ဆားမလောက်ဒိုင်နယ် ညောင်ပင်သာ ကျေးရွာသူ၊ မလည်မ၀ယ် ညဏ်နုံ့နည်းသော ကျေးတောသူ မဟုတ်ချေ။ ဆားမလောက် ကျေးရွာရှိ တွဲဖက် အထက်တန်းကျောင်းတွင် ပညာရင်နို့ သောက်စို့ပြီးနောက် မအူပင်မြို့အစွန် လယ်ကွင်းပြင်ကျယ်၏ အလယ်တွင် ထီးထီးကြီး တည်ရှိသော တက္ကသီလာ မြကျွန်းသာကြီးဝယ် ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း အစရှိသည့် အထူးထူးသော သမိုင်းပညာရပ်တို့ကို စာပေးစာယူ စနစ်ဖြင့် သုံးနှစ် သုံးမိုးတိုင်တိုင် လေ့လာဆည်းပူးခဲ့ဖူးသူ ဖြစ်ပါသည်။ ဘွဲ့ရပညာတတ် တစ်ဦးပင် ဖြစ်ချေ၏။ ထို့ကြောင့် ဇင်မာဦးကား ခေသူ မဟုတ်ဟု ဆိုသော် ဆိုရကောင်းသည်။ ဇင်မာဦး၏ များစွာ မကျယ်ပြန့်လှသော အတ္ထုပ္ပတ္တိကို ဆိုပြီးနောက် မဟာရန်ကုန်မြို့ကြီးသို့ သူ ရောက်ရှိလာပုံကို သိသာရန် ဖော်ပြပါမည်။
ဇင်မာဦးအဖို့  ရန်ကုန်ဟူသည့် မြို့ကြီးသည် ကြီးလည်းကြီး၏။ ကျယ်လည်း ကျယ်၏။ ရှုပ်လည်း ရှုပ်၏။ ဆန်းလည်း ဆန်းလှပါပေ၏။ သောက်ကျိုးနည်း မြို့ကြီးပင် ဖြစ်ချေ၏။ သမုဒ္ဒရာဝမ်း တစ်ထွာ အရေးအတွက် ဤမဟာ ရန်ကုန်မြို့ကြီးသို့ လာရောက်နေထိုင်ရလိမ့်မည်ဟု သူ တစ်ရံတစ်ဆစ်မျှပင် မတွေးခဲ့ဖူး။ သူ့ရွာရှိ မူလတန်းကျောင်းတွင် ကျောင်းဆရာမ ပြန်လုပ်ရန်၊ ရ၀တ စာရေးမ လုပ်ရန်လောက်ကိုသာ ဘ၀ရှေ့ရေးအဖြစ် စဉ်းစားခဲ့ဖူးပါသည်။
ဘွဲ့ရပြီးနောက်တွင် ဇင်မာဦး တစ်ယောက် အတော်ပင် ပျာယီးပျာရာ ဖြစ်သွားသည်။ ဘွဲ့တစ်ခု ရရုံမျှနှင့် အသက်မွေးရန် မလွယ်ကူကြောင်းကို သူ မျက်ဝါးထင်ထင် သိမြင်ခွင့် ရလေ၏။ ရွာတွင် စပါးတောင်း (ရွာခန့်) ကျောင်းဆရာမ လုပ်ရန်မှာလည်း အဆင် မပြေပြန်။ ဟိုဟာလုပ်ရနိုး သည်ဟာလုပ်ရနိုးဖြင့်  ဇဝေဇ၀ါဖြစ်နေသည့် အခိုက်တွင် ရန်ကုန်မြို့နေ အသိတစ်ဦးက ဤနာရီဆိုင်တွင် အရောင်းစာရေးမ အလုပ် ရအောင် ဆက်သွယ် စီစဉ်ပေးသည်။ လခ ခြောက်သောင်း ဟူသည်မှာ များသည်ဟု မဆိုနိုင်သော်လည်း နည်းသည်တော့ မဟုတ်ချေ။ ဘွဲ့ရပြီး အလုပ် မရှိ အကိုင် မရှိ ဖြစ်နေတာထက်စာရင် အပုံကြီး သာပါသေးတယ်ဟု ဇင်မာဦး အောက်မေ့မိသည်။ ဤသည်မှာ မဟာရန်ကုန်မြို့ကြီးသို့ ကျေးတောသူ ဇင်မာဦး ရောက်ရှိလာပုံ အကျဉ်းချုပ် ဖြစ်ပေသတည်း။
(၂)
မှန်ဗီရိုကို ဖုန်သုတ်နေစဉ် ဇင်မာဦး ဗိုက်အောင့်သလိုလို ဆီးအောင့်သလိုလို ဖြစ်လာ၏။ “အို ဒုက္ခပါပဲ” ဟု သူ ရေရွတ်မိသည်။ သူ စိတ်နှင့်ကိုယ် မကပ် ဖြစ်နေသည် အတော်ပင် ကြာပြီ ဖြစ်၏။ ထို့ကြောင့်ပင် အမျိုးသမီး သဘာဝ သွေးသား ပြောင်းလဲသည်ကို သူ သတိ မပြုမိ။ ထိုအခိုက်တွင် ဆိုင်ရှင်၏ “ဟဲ့ နင် အဲဒီ ဗီရိုမှန်ကို ဖုန်သုတ်နေတာ တစ်နာရီလောက် ရှိပြီ။ အလုပ်ကို ရေသာခိုပြီး မလုပ်နဲ့၊ ရော့ … နာရီနဲ့ ဖုန်းတွေကို သူ့ နေရာနဲ့သူ ထည့်လိုက်” ဟူသည့် အော်ငေါက်သံကို ကြားလိုက်ရ၏။ ဆိုင်ရှင်၏ စကားသံသည် ညဥ့်ငှက်ကောင်ဆိုး လင်ကောင်ပိုး မြည်သံနှင့် တူလှပါပေ၏။ ဇင်မာဦးသည် ရှိုးကေ့စ်ကို ဖုန်သုတ်နေရာမှ တုံ့ခနဲ့ ရပ်ပြီး အိတ်ထဲတွင် ထည့်ထားသည့် နာရီနှင့် ဖုန်းများကို မှန်ဗီရို အတွင်းသို့ ကမန်းကတန်း ထည့်လိုက်သည်။
ထိုအတောအတွင်း ဆိုင်အတွင်းသို့ လူနှစ်ယောက် ၀င်လာပြီး ဟိုလျှောက်ကြည့် သည်လျှောက်ကြည့်နှင့် လုပ်နေလေ၏။ ဇင်မာဦးသည် ထိုလူနှစ်ဦးကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ ထိုစဉ် တဆစ်ဆစ် ကိုက်ခဲသည့် ဝေဒနာကို ခံစားရပြန်သည်။ ဇင်မာဦးသည် ဝေဒနာကို သည်းခံ၍ ဆိုင်အတွင်းသို့ ၀င်လာသူ နှစ်ဦးအနားသို့ စွေ့ခနဲ့ အရောက်လှမ်းသွားလေ၏။ ဒီလူတွေကို ကြည့်ရတာ ဈေးဝယ်မှာ မဟုတ်ဘဲ ဟိုလျှောက်ကြည့် သည်လျှောက်ကြည့် လုပ်မယ့်သူတွေလား ဒါမှမဟုတ် အလစ်သုတ်မယ့် သူတွေပဲလား တစ်ခုခုပဲ ဟု သံသယစိတ်ဖြင့် တွေးသည်။
ဈေးဝယ်သူက “ဒီထဲက နာရီတွေ ပြပါ” ဟု ဆိုသည်။ “အဲဒီနာရီက တစ်လုံးကို ရှစ်သောင်းနှစ်ထောင်၊ ၀ယ်မှာလား” ဟု ဇင်မာဦးက ငေါက်ဆတ်ဆတ် ပြန်ပြောသည်။ ထိုသူ၏ မျက်နှာ တင်းခနဲ ဖြစ်သွားသည်။ “မ၀ယ်နိုင်ဘူး ထင်လို့ မေးတာလား” ဟု ဘောက်တိဘောက်ဆတ် ပြော၏။ ဇင်မာဦး ထိတ်ခနဲ ဖြစ်သွားသည်။ ဇင်မာဦးနှင့် ဈေးဝယ်သူတို့ အချေအတင် ပြောနေသည်ကို ဆိုင်ရှင် ကြားသော် ခေါင်းထောင်ကြည့်၏။ သို့သော် ဘာမျှ ၀င် မပြောချေ။
နာရီဈေး မေးသူသည် သူ၏ ခါးကြားတွင် ညှပ်ထားသည့် ပိုက်ဆံအိတ်ကို ဗြုန်းခနဲ ထုတ်ပြီး ဖွင့်လိုက်သည်။ သူ့ ပိုက်ဆံအိတ် အတွင်းမှ တစ်ထောင်တန် အထပ်လိုက်ကို ဒေါနှင့်မောနှင့် ထုတ်ယူပြီးနောက် ဇင်မာဦး၏ မျက်နှာကို စေ့စေ့ကြည့်ကာ “ဟော ဒီမှာ ပိုက်ဆံ … နင် မြင်လား။ ဈေးလာဝယ်တဲ့သူကို မထီလေးစား မလုပ်နဲ့” ဟု ရှုးရှုးရှဲရှဲ ဆို၍ ငေါက်ငန်းလေ၏။ ထို့နောက် ဈေးဝယ်သူသည် ခြေကို ဆောင့်နင်းပြီး ဆိုင်အတွင်းမှ ဒေါသတကြီးနှင့် ထွက်ခွာသွားလေ၏။
ထိုသူ ထွက်ခွာသွားသည်နှင့် တပြိုက်နက် ဆိုင်ရှင်၏ “ဟဲ့ နင် ဈေးလာဝယ်တဲ့သူကို ဘယ်လို ဆက်ဆံ လိုက်တာလဲ။ မနက် စောစောစီးစီး လာဘ်တိတ်ပြီ” ဟူသည့် ငှက်ဆိုးထိုးသံကို ကြားရ၏။  “နင့်ကို မပြောချင်လို့ မပြောဘဲ ကြည့်နေတာ ကြာလှပြီ။ အလုပ်တစ်ခု လုပ်ရင်လဲ အိလေးဆွဲပြီး လုပ်နေတယ်။ နောက်ပြီးတော့ ပြောလိုက်ရင်လဲ မကြားသလို ကြားသလိုနဲ့ မထုံတတ်သေး လုပ်တယ်။ အခုလဲ လျှောက်လုပ်နေပြန်ပြီ။ နင် ဒီလို လုပ်နေရင် ငါလဲ စီးပွားပျက်မယ်” ဟု အစချီ၍ ပွက်သေးကြမ်းအောင် မြည်တွန်တောက်တီးလေ၏။
ဇင်မာဦးသည် နှုတ်ခမ်းကို ကိုက်ထားပြီး ဆိုင်ရှင်၏ မြည်တွန်သံကို အောင့်သီးအောင့်သက်နှင့် ခံနေရလေ၏။ ထိုအခိုက်တွင် တဆစ်ဆစ် ကိုက်ခဲသည့် ဝေဒနာ တစ်ကျော့ပြန် နှိပ်စက်လာ၏။ ဝေဒနာ အရှိန်ကြောင့် ဇင်မာဦး မျက်နှာ ကွက်ခနဲ ပျက်သွား၏။ ဤသည်ကို ဆိုင်ရှင်က တစ်မျိုးတစ်ဖုံ ထင်သွားသည်။ သူ့ကို မခန့်လေးစား လုပ်ခြင်း၊ အလုပ်သမားက အလုပ်ရှင် သို့တည်းမဟုတ် ထမင်းရှင် သို့တည်းမဟုတ် ကျေးဇူးရှင်ကို စော်ကားခြင်း ဖြစ်ချေသည် ဟု အထင်ရောက်သွား၏။ “အေး … ပြောတာကို မကြိုက်ရင်လဲ အပြော မခံရအောင် နေပေါ့။ ငါလည်း ပြောရတာ အာပေါက်တော့မယ်။ ဒီလို ဆက်ဖြစ်နေရင် အလုပ် ဆက်လုပ်ဖို့ မဖြစ်ဘူး” ဟု ငေါက်ဆတ်ဆတ် ဆိုတာကာ အနိုင်ပိုင်းလိုက်လေ၏။
ဆိုင်ရှင်၏ ခြိမ်းခြောက်စကားကြောင့် ဇင်မာဦးသည် တဆစ်ဆစ် ကိုက်ခဲသော ဝေဒနာကို အောင့်အီး သည်းခံရင်း အလုပ်ကိုသာ ဖိပြီး လုပ်နေရလေ၏။ တစ်မနက်လုံး အလုပ်လုပ်ရသည်မှာ အဆင် မပြေ။ ဆိုင်ရှင်လည်း ဇင်မာဦးကို အော်ရ ငေါက်ရ ပြောရသည်မှာ မောသွားသည်ထင့်။ ဘာ စကားတစ်ခွန်းမျှ ထပ်၍ မဆိုတော့ချေ။ သူ ထိုသို့ တေမိ လုပ်နေသည်ကို ဇင်မာဦး ပို၍ ကြောက်သည်။ အလုပ်လုပ်ရာတွင် ကြောက်စိတ်ကြောင့် အလွဲလွဲ အချော်ချော် ထပ်၍ ဖြစ်ပြန်သည်။
သို့နှင့်ပင် နေ့လယ် ၁၂ နာရီ ထိုးသွား၏။ ဇင်မာဦးသည် လုပ်လက်စ အလုပ်ကို ခဏရပ်ပြီး နေ့လယ်စာ စားရန် ပြင်သည်။ ဆိုင်နှင့် မလှမ်းမကမ်းရှိ လမ်းဘေး ထမင်းဆိုင်သို့ သွား၍ ထမင်းဖြူ တစ်ရာတန် တစ်ထုပ်၊ ချဉ်ပေါင်ရွက်ကြော် တစ်ရာဖိုးနှင့် ငါးကြော် တစ် နှစ်ရာဖိုးတိတိ ၀ယ်ယူ စားသုံး၍ အားဖြည့်ပြီး သကာလ လုပ်လက်စ အလုပ်ကို ဆက်ကာ လုပ်ပြန်သည်။ စင်စစ် ဇင်မာဦး၏ အမည်ပေါက် အလုပ်အကိုင်မှာ အရောင်းစာရေးမ ဟု ဆိုသော်ငြားလည်း အလုပ် စတင် ခန့်အပ်ချိန်ကတည်းက တာဝန်နှင့် ၀တ္ထရားဟူ၍ သေသေချာချာ ပြဌာန်း သတ်မှတ်ထားခြင်း မရှိသဖြင့် ဆိုင်ရှင့် ပါးစပ်ဖျားမှ ထွက်သမျှ ဆိုင်ရှင် ခိုင်းသမျှကို မိုးလင်း မိုးချုပ် တကုပ်ကုပ် လုပ်ရသည်။
ဆိုင်ပိုင်ရှင်မှာ စီးပွားရေး အကွက် မြင်သူ ဖြစ်၏။ ဖုန်းနှင့် နာရီ ရောင်းရုံမျှနှင့် မတင်းတိမ်နိုင်။ မိတ္တူကူးစက် အစုတ်အပြတ် တစ်လုံးကို အလကားပဲတင်း ဈေးဖြင့် ၀ယ်ယူ၍ မိတ္တူကူးသည်။ ထို့အပြင် ကွန်ပြူတာ အဟောင်းအမြင်း တစ်လုံး ၀ယ်ကာ MP3 သီချင်း၊ MP4 သီချင်း၊ Ringtone ထည့်သွင်းသည့် ၀န်ဆောင်မှုကိုလည်း လုပ်ပြန်သည်။ သို့ဖြစ်ရကာ ဇင်မာဦး၏ နိစ္စဓူဝ ၀တ္တရားများမှာ မသေးလှ။ ဤမျှ လုပ်နေသည်ကိုပင် ဆိုင်ရှင်က အမြင် မကြည်လင်။ သူ့ အလုပ် မတွင်ဟု အမြဲလိုလို တွေးသည်။
(၃)
လကုန်ရက်များတွင် အလုပ်များသည်မှာ ပုံမှန်ဖြစ်သည်။ အလုပ်များလှသဖြင့် ည (၉) နာရီခန့် အချိန်သို့ ရောက်ပါမှ ဇင်မာဦး အလုပ် ပြီးတော့သည်။ ၀မ်းလဲ ဟာလှပြီ။ မနက် (၈) နာရီ ကတည်းက ည (၉) နာရီ အထိ မနေမနား အလုပ် လုပ်ရသဖြင့် လူလည်း မလှုပ်ချင်တော့ပြီ။ သို့သော်လည်း မလှုပ်၍ မဖြစ်သေး။ ည (၁၀) နာရီ ထိုးလျှင် အဆောင်တံခါး ပိတ်မည်။ အဆောင်တံခါး မပိတ်ခင် ဟာသည့် ၀မ်းကို ပြည့်အောင် ဖြည့်ပြီး အဆောင်သို့ သုတ်ခြေတင်မှ ဖြစ်ချိမ့်မည်။ ထို့ကြောင့် ဇင်မာဦးသည် လမ်းဘေး ထမင်းကြော်ဆိုင်သို့ ပြေး၍ ကြက်ဥနှင့် ထမင်းကြော် လေးရာဖိုး တိတိကြီး ၀ယ်ယူစားသုံးကာ တကျုတ်ကျုတ် မြည်သံကို ပြုနေသည့် ၀မ်းဗိုက်ကို ဖြည့်တင်းပြီးနောက် အဆောင်သို့ တက်သုတ်ရိုက်၍ ပြန်လေ၏။
အဆောင်သို့ ရောက်သည်နှင့် ရေပင် မချိုးနိုင်တော့ချေ။ အိပ်ယာထဲ ထိုးခွေပြီးနောက် သက်ပြင်းရှည်ကြီးကို ချလိုက်လေ၏။ ဇင်မာဦး၏ သက်ပြင်းချသံမှာ ကျယ်လောင်လှသည် မဟုတ်သော်လည်း ဆယ်ပေခန့်မျှပင် မရှိသော အခန်းကျဉ်းထဲတွင် ဟိန်းထွက်သွားသည်။ ဇင်မာဦး၏ သက်ပြင်းချသံကြောင့် ဘေးကုတင်တွင် လှဲအိပ်နေသည့် အခန်းဖော် ဒေါ်စန်းယဉ် ခေါင်းထောင်၍ ကြည့်သည်။ “ဘယ်လိုဖြစ်တာလဲ။ နောက်ကျလိုက်တာ။ ထမင်းရော စားပြီးပလား။ မစားရသေးရင် စားပွဲပေါ်မှာ ထမင်း နည်းနည်း ရှိသေးတယ်” ဟု ပြောလှာ၏။  “ဟုတ် အလုပ်တွေ ရှုပ်နေလို့ မမ၊ ထမင်းတော့ စားပြီးပါပြီ” ဟု ဇင်မာဦးက အလိုက်အထိုက် ဆိုသည်။ “အလုပ် လုပ်ရတာ တစ်ကိုယ်လုံးလဲ ကိုက်ခဲ နေတာပဲ” ဟု ညည်းမိသည်။ ဒေါ်မြရှင်ကား ဘာမျှ ပြန် မပြောတော့။ သူ စိပ်လက်စ ပုတီးပတ်ရေ ပြည့်အောင် စိပ်နေလေ၏။
ဇင်မာဦး၏ အခန်းဖော် နှစ်ဦးအနက် ဒေါ်စန်းယဉ်ကား စကားနည်း၏။ သူ့ကြောင့် အခန်းဖော်များ အနှောင့်အယှက် မဖြစ်ရလေအောင် သတိထား၍ နေသည်။ မနက် ၅ နာရီတိတိတွင် အိပ်ရာထ၍ သူ ရသမျှ ဘုရားရှိခိုး အမျိုးမျိုးကို တစ်ဆောင်လုံး ကြားရအောင် အော်ဟစ်ပြီး ရွတ်ဆိုသည်ကိုတော့ ဇင်မာဦး အနည်းငယ် ငြိုငြင်မိသည်။
ဒေါ်စန်းယဉ်မှာ အသက် (၅၀) ခန့် ရှိပြီဖြစ်သော အပျိုဟိုင်းကြီး ဖြစ်၏။ ဤအဆောင်တွင် သူ နေထိုင်လာသည်မှာ လွန်ခဲ့သော (၂၀) နှစ်ခန့်ကတည်းက ဖြစ်သည်ဟု ဆိုသည်။ ဒေါ်စန်းယဉ်မှာ ဟင်္သတာနယ်ဘက်မှ ဖြစ်ပြီး ရန်ကုန်မြို့ရှိ အစိုးရ ရုံးတစ်ရုံးတွင် အောက်တန်းစာရေးမ အဖြစ် လုပ်ကိုင်နေသည်မှာ (၈၈) အရေးအခင်း မတိုင်မီကတည်းက ဖြစ်သည်ဟု ဆိုသည်။ စိတ်လိုလက်ရ ရှိသည့်အခါတွင် ဒေါ်စန်းယဉ်သည် သူ့ ဘ၀ဇာတ်ကြောင်းကို ညည်းသံနှော၍ ပြောပြလေ့ရှိပြီး သူ့ ညည်းချင်းကို “ပင်စင်ယူပြီးရင် နယ်ပြန်ပြီးတော့ ကုန်စုံဆိုင်လေး တစ်ဆိုင်လောက် တည်မယ်” ဟူသည့် အန္တိမရည်မှန်းချက်ဖြင့် အဆုံးသတ်လေ့ ရှိသည်။
ဇင်မာဦး၏ အခြားအခန်းဖော် ဖြစ်သူ မေသူနိုင်မှာလည်း ဇင်မာဦးကဲ့သို့ပင် ရန်ကုန်မြို့သို့ နယ်မှ လာရောက်ပြီး  အလုပ် လုပ်ကိုင်ရသူ ဖြစ်သည်။ လှည်းတန်းရှိ ဖက်ရှင်စတိုးတစ်ခုတွင် အရောင်းစာရေးမအဖြစ် လုပ်ကိုင်၍ အသက်မွေးသည်။ သူသည်လည်း ဇင်မာဦးကဲ့သို့ပင် ဘာဖြစ်ချင်မှန်း မသိ၊ ဘာလုပ်ရမှန်း မသိပါဘဲနှင့် သမုဒ္ဒရာ ၀မ်းတစ်ထွာ အရေးအတွက် အလုပ် လုပ်ကိုင်နေရရှာသူ ဖြစ်သည်။ သို့သော် ဇင်မာဦးနှင့် မေသူနိုင်တို့၏ စိတ်နေစရိုက် သဘာဝမှာ ခြားနားလှသည်။ ဇင်မာဦးမှာ ကြုံရသမျှ လောကဓံကို အံကြိတ် ရင်ဆိုင်ရင်း အေးအေးဆေးဆေး နေတတ်သူ ဖြစ်သည်။ မေသူနိုင်ကား ဇင်မာဦးကဲ့သို့ မနေနိုင်။ သူ စိတ်ထဲတွင် မကျေလည်လျှင် တစ်ပါးသူ နားထောင်လိုစိတ်ရှိသည် မရှိသည်ကို ဂရုမစိုက်ဘဲ ဟောင်ဖွာဟောင်ဖွာနှင့် ပြောဆိုတတ်သူ ဆတ်ကော့လတ်ကော့ မိန်းကလေး ဖြစ်၏။
မေသူနိုင်သည် အိပ်ချင်မူးတူး ဖြစ်နေသည့် ဇင်မာဦးအား “မမဇင်မာဦး နောက်ကျလှချေလား။ ဒါနဲ့ ပြောရဦးမယ်။ မေသူတို့ ဆိုင်ကို ဒီနေ့ Sketcher ဖိနပ် အသစ်တွေ ထပ်ရောက်လာတာ သိပ်လှတာပဲ။ တစ်ရံကို ခုနစ်သောင်းခွဲတဲ့။ တော်တော်လှတယ်။ ဂျင်းဘောင်းဘီ အတိုလေးနဲ့ ၀တ်ရင် လိုက်မယ်” ဟု ဆိုကာ သူ အလုပ်လုပ်သည့် စတိုးတွင် အသစ်တင်ထားသည့် တန်ဖိုးကြီး ဖိနပ်များ အကြောင်းကို မြိန်ရေယှက်ရေ ဖောက်သည်ချနေပြန်၏။ “အင်း ငါ့ လစာက ဖိနပ်တစ်ရံဖိုးတောင် မရှိပါလား” ဟု ဇင်မာဦး တွေးမိသည်။ ဇင်မာဦးသည် မေသူနိုင်၏ စကားကို စိတ်ဝင်စားခြင်း မရှိသော်လည်း အောင့်အီးသည်းခံ၍ အင်း လိုက်နေရလေ၏။ အဆောင်နေသူတို့၏ ဘ၀တွင် တစ်ဦးကို တစ်ဦး သည်းခံခြင်း တစ်ဦး အပေါ် တစ်ဦး နားလည်ခြင်း သည် မပြောဘဲ မလွဲမသွေ စောင့်ထိန်းရမည့် လူမှုကျင့်ဝတ် ဖြစ်သည် မဟုတ်လော။
မေသူနိုင်ကား လေကြောရှည်သူ ဖြစ်၏။ တန်ဖိုးကြီး ဖိနပ်များအကြောင်းမှ ဆက်၍ သူ့ ဆိုင်ရှင် နောက်ဆုံးပေါ် အိုင်ဖုန်း (iPhone) ၀ယ်လာသည်ကိုလည်း ပြောပြန်သည်။ အလိုက်ကန်းဆိုး မသိတတ်သော မေသူနိုင်က ဇင်မာဦးကို “အိုင်ဖုန်းတစ်လုံး ဘယ်လောက် ပေးရလဲ သိလား” ဟု မေးပြန်သည်။ ဇင်မာဦးသည် လှဲလျောင်းနေရင်း  ခေါင်းကို ရမ်းပြလိုက်သည်။ “အိုင်ဖုန်းတစ်လုံးကို ခြောက်သိန်းခွဲကျော်တယ် မမရဲ့” ဟူသည့် မေသူနိုင်၏ စကားကို ကြားရသော် ဇင်မာဦးသည် “ဘုရားရေ .. ဖုန်းတစ်လုံး တန်ဖိုးက ငါ့ လစာ တစ်နှစ်စာ နီးပါး ဖြစ်နေပါကကော” ဟု ကယောင်ခြောက်ခြား မြည်တမ်းမိတော့သည်။
မေသူနိုင်၏ မစားရ၀ခမန်း စကားတို့ကြောင့် ဇင်မာဦး အတော်ပင် စိတ်ဆင်းရဲသွားလေ၏။ ဖိနပ်တစ်ရံ၏ တန်ဖိုးကို စဉ်းစားရင်း သူ့ လုပ်ခလစာကို တွက်ချက်ကြည့်မိသည်။ “အင်း ရှစ်သောင်း တစ်သိန်း ဆိုတဲ့ ငွေဟာ ချမ်းသာတဲ့ သူတွေ အတွက်တော့ ဘာမှ မဟုတ်ဘူး” ဟု ဇင်မာဦး စိတ်ထဲတွင် ကြိတ်၍ ညည်းမိသည်။ “ဒီလူတွေ ဒီလောက်တောင် သုံးနိုင်စွဲနိုင်အောင် ငွေတွေ ဘယ်လို ရှာကြသလဲ မသိဘူး” ဟု စဉ်းစားခန်း ဖွင့်သည်။ စဉ်းစားရလွန်း၍ ဦးဏှောက်မှ အခိုး ခြောင်းခြောင်း ထွက်တော့မည်။ ကြွယ်ဝသူများ အဘယ်ကြောင့် ချမ်းသာ၍ ဆင်းရဲသူတို့ ဘာကြောင့် နွမ်းပါးမှန်းကို သူ အဖြေရှာ၍ မရနိုင်။ ဇင်မာဦးကား ဆင်းရဲနွမ်းပါမှု၊ ၀င်ငွေ မညီမျှမှုတို့ကို ပညာရှင်ဆန်ဆန် သုံးသပ်တတ်သူ မဟုတ်ရကား စေ့စေ့တွေးသော်လည်း ရေးရေးမျှ မပေါ်ချေ။ ထို့ကြောင့် တွေးလက်စ အတွေးကို တိခနဲ ဖြတ်၍ သူ့ လက်ထဲတွင် ပိုက်ဆံ မည်မျှ ကျန်သေးသည်၊ ကျန်ရှိသည့် ပိုက်ဆံကို လမကုန်ခင်အထိ မည်သို့ သုံးစွဲရမည်ကိုသာ တွေးနေလိုက်တော့သည်။  
(၄)
ဤခေတ်ကြီးထဲတွင် ခြောက်သောင်းဆိုသည့် ငွေပမာဏမှာ အချို့သော သူတို့အတွက် ဘာမျှ မဟုတ်သော ငွေပမာဏ ဖြစ်သော်လည်း ဇင်မာဦးအဖို့ တစ်လစာ ဖူလုံသော ငွေပမာဏ ဖြစ်သည်။ အမေရိကန် ဒေါ်လာ (၇၀) နှင့် ညီမျှသော မြန်မာကျပ်ငွေ (၆၀,၀၀၀) တည်းသော အသပြာဖြင့် ရက်ပေါင်း (၃၀) အတွင်း အရွယ်ရောက်ပြီးသူ တစ်ဦးအတွက် တစ်ဝမ်းတစ်ခါး ဖူလုံအောင် သုံးစွဲရန် စီမံခန့်ခွဲပါဟု အမေးပုစ္ဆာ ထုတ်လိုက်လျှင် ဟားဗတ်ဒ်၊ ကိန်းဗရစ်၊ ပရင်စတန်၊ မက်ဆာချူးဆက် အစရှိသည့် ကမ္ဘာကျော် တက္ကသိုလ်များမှ ဘဏ္ဍာရေး ပါရဂူတို့ လက်မှိုင်ချသွားရပေလိမ့်မည်။ ဗမာ့မြေတွင် နေ၍၊ ဗမာ့ရေကို သောက်ကာ၊ ဗမာ့လေကို ရှုသော ဗမာ့သမီးပျို ဇင်မာဦးသည် ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်းတစ်ခုမျှ မတတ်ဖူးသော်လည်း ဤ ငွေခြောက်သောင်းကို တစ်လတာ လုံလောက်ရုံမျှသာမက ခြေစောင့်လက်စောင့် ငွေအပိုကလေး ထွက်လာအောင် သုံးတတ်စွဲတတ်သည်။ ဗမာ့သမီးပျို ဇင်မာဦးသည် ကမ္ဘာကျော် ယူနီဗာစတီများမှ ဘဏ္ဍာရေး ပါရဂူတို့ထက် အပုံကြီး သာသည်ဟု ကြံဖန်ပြီး ဂုဏ်ယူလိုလျှင် ဂုဏ်ယူနိုင်သည် မဟုတ်လော။ ဇင်မာဦး၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုကို စာရှုသူတို့ အကျိုးများစေရန် အလို့ငှာ အကျဉ်းမျှ ဖော်ပြပေဦးမည်။
ဇင်မာဦးသည် မနက်စာ အတွက် အကြော် မပါသော မုန့်ဟင်းခါး တစ်ပွဲကို မြန်မာငွေကျပ် ၃၀၀ (စာသားဖြင့် ငွေကျပ် သုံးရာ တိတိ) ဖိုး သုံးစွဲသည်။ နေ့လယ်စာ အတွက် ထမင်းဖြူ တစ်ရာတန် တစ်ထုပ်၊ ချဉ်ပေါင်ရွက်ကြော် တစ်ရာဖိုးနှင့် ငါးကြော် တစ် နှစ်ရာဖိုးတိတိ စုစုပေါင်း မြန်မာငွေကျပ် ၄၀၀ (စာသားဖြင့် ငွေကျပ် လေးရာ တိတိ) သုံးစွဲသည်။ ညနေစာ အတွက် ထမင်းဖြူ ငါးဆယ်ဖိုး၊ ချဉ်ရည်ဟင်း တစ်ရာဖိုးနှင့် အသားဟင်း နှစ်ရာဖိုး စုစုပေါင်း မြန်မာငွေကျပ် ၃၅၀ (စာသားဖြင့် ငွေကျပ် သုံးရာ့ငါးဆယ် တိတိ) သုံးစွဲသည်။ လခ ခြောက်သောင်းမှ အဆောင်လခ ကျပ် တစ်သောင်း၊ စားစရိတ် ကျပ် သုံးသောင်းခွဲခန့် နှုတ်လိုက်လျှင် အပိုအလျှံ သုံးစွဲရန် ငွေကျပ် တစ်သောင်းခွဲခန့် ကျန်သေး၏။ ဇင်မာဦးသည် ဤ အပိုငွေကို ခြစ်ခြုတ်စုထားပြီး သူ့မိဘများကို သုံးလတစ်ကြိမ်၊ လေးလတစ်ကြိမ် ဆိုသလို ကန်တော့သည်။ အာဂ ဇင်မာဦး ဖြစ်ချေ၏ တကား။
ထို့နောက် ဇင်မာဦးသည် မေသူနိုင်၏ စကားသံကို လျစ်လျူရှုပြီး သကာလ လက်ကျန်ငွေကို စိတ်တွက် တွက်ကာ လက်ဝဲနံတောင်းမှ လက်ယာနံတောင်း၊ တစ်ဖန် လက်ယာနံတောင်းမှ လက်ဝဲနံတောင်းသို့ အပြန်ပြန် လူးလှိမ့် လဲလျောင်းရင်း အိပ်စက်ခြင်းသို့ ရောက်ရှိသွားလေသတည်း။
(၅)
ထိုညက ဇင်မာဦး အိပ်မက် မက်သည်။ သူ့ အိပ်မက်မှာ ကပေါက်တိကပေါက်ချာ အိပ်မက်မျှသာ ဖြစ်သည်။ အိပ်မက်ထဲတွင် ဇင်မာဦးသည် မိုးပျံတိုက်တစ်ခု၏ ခေါင်မိုးပေါ်တွင် ရောက်နေလေ၏။ တိုက်အောက်မှ ပင့်တိုက်သော လေကြောင့် သူ့ ခြေဖျား အေးစက်စက် ဖြစ်လာသဖြင့် ငုံ့ကြည့်လိုက်ရာ သူ့ ခြေထောက်တွင် Sketcher ဖိနပ်တစ်ရံ စွပ်လျက်သား ဖြစ်နေသည်ကို တွေ့ရ၏။ ထိုမျှသာမကသေး သူ ၀တ်ထားသည့် အ၀ါရောင် ဂျင်းဘောင်းဘီမှာလည်း တိုကလည်း တို ကျပ်ကလည်း ကျပ်နှင့် အနေရ ခက်လှ၏။ ဇင်မာဦးသည် သူ့ ဘောင်းဘီကို သူ ပြန်ကြည့်ရင်း ရှိုးတိုးရှန်းတန့် ဖြစ်သွားသည်။ ထိုအခိုက်တွင် လက်ထဲတွင် ကိုင်ထားသည့် အိုင်ဖုန်းက “ကလင် … ကလင်” ဟု အသံမြည်သဖြင့် ဇင်မာဦး လန့်နိုးသွားသည်။ စစ်စင် အိပ်မက်ထဲမှ တယ်လီဖုန်း မြည်သံကြောင့် ဇင်မာဦး လန့်နိုးသွားခြင်း မဟုတ်ပါ။ ဘေးခုတင်တွင် အိပ်နေသည့် ဒေါ်စန်းယဉ်၏ နှိုးစက်နာရီက နံနက် (၅) နာရီ ထိုးကြောင်း အချက်ပေးလာခြင်း ဖြစ်ပါသည်။ ထို့နောက်တွင် ဒေါ်စန်းယဉ်၏ “အစိန္တေယျ ၊ အပ္ပမေယျ၊ သေဋ္ဌ ဇေဋ္ဌ” အစချီသည့် ဘုရားရှိခိုး အမျိုးမျိုးကို ကြားရတော့လေ၏။
နံနက်စောစော အိပ်ကောင်းနေဆဲ အချိန်တွင် ခုနစ်သံချီ ဘုရားရှိခိုး ရွတ်ဖတ်သံ၊ နှိုးစက်နာရီမြည်သံတို့ကြောင့် ဇင်မာဦး စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း ဒေါ်စန်းယဉ်ကို ကျေးဇူးတင်မိသည်။ အကြောင်းမူကား နာရီ မရှိသူ ဇင်မာဦးအဖို့ ဒေါ်စန်းယဉ်၏ နာရီမြည်သံ၊ ရွတ်ဖတ်သံကို အမှတ်အသား ပြုရခြင်းကြောင့် ဖြစ်သည်။ နံနက် ငါးနာရီ နှိုးစက်သံကို ကြားလျှင် ဇင်မာဦး အိပ်ရာနိုးပြီ။ သို့သော် တစ်မှေး မှေးလိုသေးသည်။ ထို့ကြောင့် ဒေါ်စန်းယဉ်၏ ဘုရားရှိခိုး ရွတ်ဆိုသံကို နားထောင်ရင် ခေတ္တ ခဏ မှိန်းစက်လေ့ ရှိသည်။ ဒေါ်စန်းယဉ် ဘုရားရှိခိုးလျှင် အနည်းဆုံး (၄၅) မိနစ်ခန့် ကြာတတ်သည်။ သို့ဖြစ်၍ ဇင်မာဦးသည် မှိန်းနေရင်းက ဒေါ်စန်းယဉ်၏ “၀သုနြေ္ဒ၊ ဤမြေပံသု၊ သီလာထုလည်း၊ သက်သေအမှု တည်စေသောဝ်” ဟူသည့် အမျှဝေသံကို ကြားရပါမှ အိပ်ရာထပြီး အလုပ်သွားရန် ပြင်လေ့ရှိသည်။ နာရီမုန်းသူ ဇင်မာဦးအဖို့ ဒေါ်စန်းယဉ်သည် အလွန် အသုံးဝင်သည့် မနုဿ နာရီတစ်လုံး ဖြစ်သည်ဟု ဆိုသော် မှားမည် မထင်ချေ။
(၆)
သစ်လွင်သော နေ၀န်းသည် လောကဓာတ် အ၀ှန်းကို အလှဆင်ယင် နေလေ၏။ ကမ္ဘာမြေ၏ နေ့သစ် တစ်ခု စတင်လေပြီ။ သို့သော် ဇင်မာဦး အဖို့ ဤနေ့သစ်သည် ဘာမျှ မထူးခြားသော နေ့တစ်နေ့သာ ဖြစ်သည်။ ဇင်မာဦးသည် အိပ်ယာမှ ထပြီးနောက် ဆိုင်တံဆိပ် ရိုက်နှိပ်ထားသော တီရှပ်အဟောင်းကလေးကို ခေါင်းလျှို စွပ်လိုက်သည်။ အရောင်အဆင်း ကျဆင်းနေပြီ ဖြစ်သော ထဘီကို ၀တ်၍ နေ့သစ်တွင် ကြုံရမည့် ဒုက္ခအသစ်တို့ကို ရင်ဆိုင်ရန် အဆောင်မှ လေးတိလေးကန် ထွက်ခဲ့လေ၏။ လမ်းပေါ်သို့ ရောက်သည်နှင့် ဟာနေသည့် ၀မ်းက တဂြီဂြီ မြည်သံပြု၍ အချက်ပြသည်။ ဇင်မာဦးသည် လမ်းထိပ်ရှိ မုန့်ဟင်းခါးဆိုင်တွင် ၀မ်းဖြည့်ပြီးနောက် ဆိုင်သို့ လှမ်းခဲ့လေ၏။
ဆိုင်ဖွင့်ချိန်မှာ နံနက် (၈) နာရီ ဖြစ်သော်လည်း ဆိုင်ရှင်က အလုပ်သမား အားလုံးကို မနက် (၇) နာရီခွဲတွင် ဆိုင်သို့ အရောက် လာရမည်ဟု အမိန့်ထုတ်ထား၏။ နံနက် (၇) နာရီခွဲခန့်တွင် ဇင်မာဦး ဆိုင်ရှေ့သို့ ရောက်သော်လည်း ဆိုင်ရှင် ရောက် မလာသေး။ ဆိုင်တံခါး မဖွင့်ရသေး။ ဇင်မာဦး အိပ်ချင်မူးတူး ဖြစ်နေ၏။ သို့ဖြစ်၍ ရတတ်သမျှ အချိန်ကို အကျိုးရှိရှိ အသုံးချရန် ဆိုင်ရှေ့တံခါးကို ခဏမှီပြီး မှိန်းနေလိုက်သည်။ အတန်ကြာမှ ဆိုင်ရှင် ပျာယီးပြာယာနှင့် ရောက်လာသဖြင့် ဇင်မာဦးသည် မှိန်းနေရာမှ ရုတ်ခြည်းထ၍ နံနက် (၇) နာရီခွဲခန့်မှ ညနေစောင်း (၆) နာရီခွဲအထိ (၁၁) နာရီခန့်မျှ ကြာမြင့်မည့် လောကငရဲသို့ ၀င်ရောက်ရလေ၏။ တစ်နေ့တာ လုပ်ငန်းတို့ စလေပြီ။
ဇင်မာဦး၏ အလုပ်ချိန်ကို စစ်စစ်ပေါက်ပေါက် တွက်ပါက တစ်နေ့လျှင် အလုပ်ချိန် (၁၁) နာရီခန့် ဖြစ်နေ၏။ အလုပ် များလျှင် များသည့် အလျောက် အချိန်ပိုကြေး မရဘဲ အပိုဆာဒါး လုပ်အားပေးရသည်။ အလုပ်ပိတ်ရက်မှာလည်း တနင်္ဂနွေ တစ်ရက်တည်း ဖြစ်ပြီး ခွင့်ရက် ခံစားခွင့်မှ တိတိပပ သတ်မှတ်ထားခြင်း မရှိ။ အစိုးရ ရုံးပိတ်ရက်များတွင် ဈေးရောင်းအား ပိုမြင့်သဖြင့် မနေမနား လုပ်ရသည်။ ခွင့်ရက်ရှည်ဆိုသည်မှာ ဆိုင်ရှင် လင်မယား ရန်ဖြစ်သည့်အခါ၊ ဘုရားဖူးထွက်သည့် အခါနှင့် သင်္ကြန်ရက်သာ ဖြစ်သည်။
ဇင်မာဦးသည် သူ ရရန်ရှိသော ရပိုင်ခွင့်များကို မသိသောသူ မဟုတ်ချေ။ သို့သော်လည်း အခြေအနေ အချိန်အခါအရ သူ သိသည်ကို တမင်မေ့ထားပြီး ကြုံတွေ့နေရသည့် လက်တွေ့ ဘ၀ကို ရင်ဆိုင်နေရခြင်း ဖြစ်ပါသည်။ ဇင်မာဦးသည် စိတ်ညစ်ညူးဖွယ် ကောင်းလှသော အလုပ်အကြောင်းကို တွေးမိတိုင်း “သြော် ငါ တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားသူတွေလည်း ဒီလိုပဲ လုပ်နေရတာ” ဟု ဖြေတွေး တွေးသည်။ ဟုတ်လည်း ဟုတ်ပါပေ၏။ ဇင်မာဦးနှင့် ဘ၀တူ အရောင်းစာရေးမကလေးတို့မှာလည်း ဤသို့နှင်နှင်လျှင် ဘ၀ကို ရုန်းကန်ရင်း ရင်ဆိုင် ဖြတ်သန်းနေကြသူများ ဖြစ်ပါသည်။ `
(၇)
ဇင်မာဦးသည် နာရီများ ထည့်ထားသည့် မှန်ဗီရိုကို ဖုန်သုတ်ရင် ငွေကိုင်စားပွဲဘက်သို့ မရည်ရွယ်ဘဲ ကြည့်လိုက်မိသည်။ သူ မြင်ပြင်းကတ်ဖူးသည့် ငွေကိုင်စာရေးမကို မတွေ့ရတော့သဖြင့် တစ်ခုခု လစ်ဟာနေသလို ခံစားမိသည်။ ငွေကိုင်စာရေးမလေး အလုပ်ထွက်သွားသည်မှာ တစ်ပတ်ခန့် ရှိပြီ ဖြစ်၏။ မလေးရှားသို့ သွား၍ စားသောက်ဆိုင် တစ်ဆိုင်တွင် အလုပ် လုပ်တော့မည်ဟု တစ်လောက ပြောသံဆိုသံ ကြားလိုက်ရသည်။ “အင်း မလေးရှားကို သွားဖို့ ဆိုတာကလည်း မလွယ်လှဘူး။ အနည်းဆုံး လေး ငါး ခြောက်သိန်း ကုန်မယ်” ဟု ဇင်မာဦး တွေးမိပြန်သည်။ ထိုသို့တွေးနေရင်း မလေးရှားသို့ အလုပ်သွား၍ လုပ်ချင်စိတ် ပေါ်လာသည်။ သို့သော်လည်း သူ့ လက်ထဲတွင် မလေးရှားသို့ ထွက်ရန် ငွေကြေး မပြည့်စုံ။ ဇင်မာဦး တွေးရင်းနှင့် ခေါင်းရှုပ်လာသည်။ စင်စစ် သူနှင့် တိုက်ရိုက် သက်ဆိုင်သည်မှာ ငွေကိုင်စာရေးမ ကိုယ်စား ထမ်းဆောင်ရမည့် အပိုဆာဒါး တာဝန်များပင် ဖြစ်၏။
ဆိုင်ရှင်ကား လူလည် ဖြစ်၏။ ငွေကိုင်စာရေးမ အလုပ်ထွက်သွားပြီးနောက်တွင် လူသစ် ထပ်ပြီး မခန့်ဘဲ ရှိသမျှ အလုပ်ကို ကျန် အလုပ်သမားတို့အား အညီအမျှ ခွဲဝေပေးပြီးနောက် လကုန်ရင် မုန့်ဖိုး ပေးမယ် ဟုသည့် မက်လုံးဖြင့် မြူဆွယ်ထားလေ၏။ အကြံပိုင်၍ ဤသို့ ကြီးပွားနေခြင်း ဖြစ်၏။
ဇင်မာဦးသည် သူ့တာဝန် ဖြစ်သော နာရီကောင်တာကို ကြည့်ရင်း မိတ္တူကူးရသည်။ ဆိုင်ရှင်က သူ့အား “ညည်းက ဘွဲ့ရ ပညာတတ် ဆိုတော့ ငွေစာရင်းတွေပါ တွဲကိုင်ချေ” ဟု မြှောက်ပင့်ပြီး ခိုင်းလေသဖြင့် နေ့စဉ် ငွေဝင်ငွေထွက် စာရင်းရှင်းတမ်းကိုပါ ပြုစုရသည်။ စာရင်းကိုင် အလုပ်ကို လုပ်ခွင့် ရသဖြင့် ဇင်မာဦး တစ်ယောက် စိတ်ကြီးဝင်သလိုလို ဘာလိုလို ဖြစ်သွား၏။ ဆိုင်ရှင်ကလည်း ဇင်မာဦးကို ချီးမွမ်း၍ မဆုံးတော့ပြီ။ ထိုသို့ အလုပ်ရှင် အလုပ်သမား နှစ်ဦးနှစ်ဘက်လုံး ပျော်တပြုံးပြုံး ဖြစ်နေသည့် အခိုက်တွင် ပါပဂြိုဟ်ဆိုးသည် “iHub Group Digital Accessories” နာရီဆိုင် အတွင်းသို့ ချွတ်နင်း၍ ၀င်ရောက်လာလေ၏။
မျှော်လင့်ထားခြင်းတို့ မဖြစ်လာဘဲ၊ မမျှော်လင့်ထားသည့် ကိစ္စတို့ ဖြစ်ပေါ်တတ်သည်မှာ လောကနိယာမပင် ဖြစ်သည်။ ထိုနေ့က ရုံးပိတ်ရက် ဖြစ်သဖြင့် ဈေးဝယ်သူ များလွန်းလှသည်။ သို့ဖြစ်၍ ဇင်မာဦးသည် နာရီဝယ်သူ လာလျှင် နာရီကောင်တာသို့ ပြေးလိုက်၊ မိတ္တူကူးသူ လာလျှင် မိတ္တူကူးစက်ဆီသို့ ပြေးလိုက်၊ MP3 သီချင်းသွင်းသူ လာလျှင် ကွန်ပြူတာ ဖွင့်၍ သီချင်းထည့်လိုက်နှင့် ပျားပန်းခပ်နေလေ၏။ ညနေစောင်း ဆိုင်သိမ်းခါနီး ပစ္စည်းများကို သိမ်းဆည်းရန် ပြင်သောအခါတွင်မှ နာရီ တစ်လုံး ပျောက်နေပြီမှန်း သိရတော့သည်။ သူခိုးကလည်း အတော်လျင်သည်။ ငတက်ပြား ၀င်စားသလား အောက်မေ့ရ၏။ အာဂ သူခိုး ဖြစ်ချေ၏။
ပျောက်သွားသော နာရီ၏ တန်ဖိုးမှာ ခြောက်သောင်းကျော် ဖြစ်၍ ဆိုင်ရှင် ဒေါပွ၍ မဆုံးတော့ပြီ။ “ကဲ … ဒီ နာရီကိစ္စကို ဘယ်လို လုပ်ကြမလဲ” ဟု ဒေါနှင့်မောနှင့် မေး၏။ ဇင်မာဦးတွင် အဖြေ မရှိ။ ကြောက်သည်ဆိုလေ ကြောင်နှင့်တို့လေ လုပ်တတ်သည့် ဆိုင်ရှင်က “ဒီနာရီ ဘယ်လောက် တန်တယ် ဆိုတာ နင်လည်း အသိသားပဲ။ အလုပ်ကို အာရုံစိုက်ပြီး မလုပ်လို့ ဒီလိုဖြစ်ရတာပေါ့” ဟု တစ်ဖက်သတ် စွဲချက်တင်သည်။ ဆိုင်ရှင်၏ စွဲချက်ကို ချေပရန် ဇင်မာဦးတွင် အားမရှိ။ အားတင်း၍ နေသော်လည်း မျက်ရည်အလိုလို ၀ဲလာ၏။ သို့သော် စားစရာ မရှိ လျော်စရာ ရှိရမည် မဟုတ်လော။ “ပျောက်သွားတဲ့ နာရီအတွက် ကျွန်မ တစ်လကို တစ်သောင်းခွဲ ခွဲပြီး ဆပ်ပါ့မယ်” ဟုသာ ဇင်မာဦး ပြောလိုက်မိတော့သည်။ ဆိုင်ရှင်ကား ဘာမှ မပြောတော့။
(၈)
ညနေစောင်း အခန်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုက်နက် ဇင်မာဦးသည် ခေါင်းအုံးကို မျက်နှာအပ်၍ တအိအိ ငိုသည်။ ဇင်မာဦး မျက်နှာ မကောင်းသဖြင့် ဘေး ကုတင်တွင် လှဲနေသည့် မေသူနိုင်ပင် မစပ်စုဝံ့တော့ချေ။ အတန်ကြာပြီးနောက် ဒေါ်စန်းယဉ်သည် ဇင်မာဦး အနားသို့ ရောက်လာပြီး “ဇင်မာဦးရေ … ငိုနေရင် လူ ပိုပြီး ပင်ပန်းတယ်။ မျက်နှာသစ်လိုက်ပါဦး။ မမ အသုပ် ၀ယ်လာတယ်။ တို့ သုံးယောက် စားကြတာပေါ့” ဟု ပြော၏။ ထို့ကြောင့် ဇင်မာဦးသည် အိပ်နေရာမှ လေးတိလေးကန် ထပြီး မျက်နှာသစ်လိုက်သည်။ သို့သော်လည်း ၀မ်းနည်းနေဆဲပင် ဖြစ်သည်။
အသုပ်စားနေရင်းမှာပင် ဒေါ်စန်းယဉ်က “နက်ဖြန် ညကျရင် မမ နယ်ကို အပြီး ပြန်တော့မယ်” ဟု ဆိုင်းမဆင့် ဗုံမဆင့် ဆိုလာသည်။ “ဟင် …  ဗြုန်းစားကြီး … ဘယ်လို ဖြစ်ရတာလဲ” ဟု ဇင်မာဦး မေးမိသည်။ စကားများသော မေသူနိုင်ပင် ငိုင်ဆင်းသွား၏။
“မမလည်း ရန်ကုန်ကို ရောက်တာ နှစ်ပေါင်း နှစ်ဆယ် ကျော်ပြီ။ တစ်လောက နယ်ပြန်တော့ အိမ်က မောင်အငယ်ဆုံးကောင်က မမ အလုပ်ထွက်ပြီး သူတို့ရဲ့ အုတ်၊သဲ၊ကျောက်ဆိုင်မှာ ဆိုင်ထိုင်ပေးပါလို့ ပြောလာပြန်တယ်။ တကယ်တော့ မမလဲ ဒီအလုပ်ကို မထွက်ချင်ပါဘူး။ နှစ်ပေါင်း (၂၀) ကျော် လုပ်လာတာ ဆိုတော့ ကိုယ့်အလုပ်ကို ကိုယ် သံယောဇဉ် ရှိတာပေါ့။ ဒါပေမယ့် ခက်တာက အလုပ်ကို လုပ်သာ လုပ်နေရတယ် ဆိုပေမယ့် တစ်လ တစ်လ ပိုတယ် လျှံတယ်လို့ မရှိဘူး။ ဒီတော့ကာ မောင်လေး ပြောသလို နယ်ပြန်ပြီးတော့ သူတို့ မိသားစုနဲ့အတူ ဒိုးတူပေါင်ဖက် လုပ်ကိုင်စားတာပဲ ကောင်းပါတယ်ဆိုပြီးတော့ အလုပ် ထွက်လိုက်ရတာပဲ။ ဒီတော့ကာ မမ မနက်ဖြန်ကျရင် ညကားနဲ့ နယ်ကို အပြီး ပြန်တော့မယ်။ ရန်ကုန်ကို မကြာမကြာ ရောက်ဖြစ်ဦးမှာပါ” ဟု ဒေါ်စန်းယဉ်က တသီတတန်းကြီး ဆို၏။
“အင်းလေ ရန်ကုန်မှာ အလုပ် လာလုပ်တာ ဘာမှ မထူးလှပါဘူး။ ကျွန်မလည်း ဘာလုပ်ရမှန်း မသိတော့ပါဘူး” ဇင်မာဦး တိုးလျစွာ ပြန်ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် မမ ပြောင်းမယ် ဆိုတော့ စိတ်ထဲမယ် တစ်မျိုးကြီးပဲ” ဟုသာ ဇင်မာဦး ဆိုမိတော့သည်။ ဒေါ်စန်းယဉ်၊ ဇင်မာဦးနှင့် မေသူနိုင်တို့ သုံးဦး ခိုနားရာ အခန်းငယ်လေးသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်သွားလေ၏။
(၉)
တစ်မိုးသောက်ပြန်လေပြီ။ ဒေါ်စန်းယဉ်၏ နှိုးစက်နာရီသံ၊ ဘုရားဝတ်တက်သံတို့ကြောင့် ဇင်မာဦး အိပ်ရာမှ နိုးလာ၏။ ဒေါ်စန်းယဉ် မေတ္တာသုတ်ရွတ်သံကို ကြားရလေပြီ။ ဒီအသံကို ကြားရတာ ဒီနေ့ နောက်ဆုံးပါလား ဟု တွေးမိသဖြင့်  ဇင်မာဦး ၀မ်းနည်းသလိုလို ဖြစ်သွား၏။ တစ်နှစ်ကျော် နှစ်နှစ်ခန့် နံနက်တိုင်း (၅) နာရီ နှိုးစက်မြည်သံ၊ ဘုရားဝတ်တက်သံတို့ဖြင့် အိပ်ရာနိုးလေ့ရှိသူ ဇင်မာဦးသည့် မနုဿနာရီ ဒေါ်စန်းယဉ်နှင့် ခွဲခွာရမည်ကို တွေးရင်းနှင့် စိတ်မကောင်း ဖြစ်လာမိပြန်သည်။ ဇင်မာဦးသည် အခန်းဖော်တစ်ဦးနှင့် ခွဲခွာရမည်ကို စိတ်မကောင်း ဖြစ်မိသော်လည်း တွေ့ကြုံဆုံကွဲ ဟူသည်ကို နှလုံးသွင်း၍ အိပ်ရာမှာ လူးလဲထပြီးနောက် မထူးခြားသော နေ့သစ် တစ်နေ့ကို ကျော်ဖြတ်ရန် ဆိုင်သို့ သွားရလေ၏။
နာရီပြဿနာ ဖြစ်ပြီးနောက် ဆိုင်ရှင်နှင့် သူ၏ ဆက်ဆံရေးမှာ တင်းမာ အေးစက် လာလေ၏။ ဆိုင်ရှင်က ဇင်မာဦးကို အကောင်း မမြင်တော့။ ဆီလို အပေါက်ရှာပြီး အပြစ်တင်သည်။ သို့သော် ဇင်မာဦးသည် သူ့ ၀တ္တရားများကို ပြုမြဲအတိုင်း ထမ်းဆောင်သည်။ အလုပ်နှင့် စပ်လျဉ်း၍ ပြဿနာ ထပ်၍ အဖြစ် မခံ။ ဇင်မာဦးသည် နာရီများ ထည့်ထားသည့် မှန်ဗီရိုကို လက်လက်ထနေအောင် ပွတ်တိုက်ရင် ဤဘ၀ ဤအဖြစ်မျိုးမှ လွတ်မြောက်မည့် နည်းလမ်းကို ကြံဆကြည့်မိသည်။ ဇင်မာဦး ခေါင်းကို အတွင်သား ရမ်းမိတော့သည်။
(၁၀)
သို့နှင့်ပင် ရက်သတ္တပတ် အနည်းငယ် ကြာမြင့်သွားလေ၏။ လကုန်ရက် ရောက်ပြီ ဖြစ်သဖြင့် ဈေးဝယ်သူ များလှသည်။ ဇင်မာဦးမှာ ဈေးဝယ်သူတို့ကို အလစ် မပေးဝံ့။ ဈေးဝယ်သူတို့က နာရီရွေးလိုလျှင် တစ်လုံးချင်းသာ ထုတ်ပြတော့သည်။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည် သွားလေပြီ။
ယင်းအခိုက်တွင် မိတ္တူကူးမည့်သူ တစ်ဦး ရောက်လာ၏။ အလုပ်အပ်သူက အမြန်ဆုံး ရချင်သည်၊ ကြိုက်သည့်ဈေးကို ဆိုပါ၊ ကျသလောက် ရှင်းမည်ဟု ဆိုလိုက်၏။ ဆိုင်ရှင့် မျက်နှာ ၀င်းခနဲ ဖြစ်သွားသည်။ ငွေမြင်လျှင် လင်လုပ်မည် ဟူသည့် စကားကို လက်ကိုင်ထားသူပီပီ ချက်ခြင်း ရပါစေရမည် ဟု အာမဘန္တေ ခံလေ၏။ ထို့နောက် ဆိုင်ရှင်သည် ဇင်မာဦးအား “ဒါကို ဒီညနေ ပြီးအောင် ကူးထားလိုက်” ဟု ဆိုပြီးနောက် လက်ဘက်ရည်သောက်ရန် ထွက်သွားလေ၏။
စင်စစ် စာရွက်ပေါင်း နှစ်ထောင်ကျော် မိတ္တူကူးပြီး စာအုပ် ချုပ်ရမည့် အလုပ်မှာ မလွယ်လှချေ။ မိတ္တူကူးစက်မှာ ဘိုးတော်ဘုရား လေးဘက်သွားသည့် ခေတ်က စက်မျိုး ဖြစ်သဖြင့် စာမျက်နှာ နှစ်ဘက်လုံးကို တပြိုက်နက်တည်း မိတ္တူကူး၍ မရ။ ထိုမျှသာမကသေး ဆယ့်ငါးမိနစ်ခြား တစ်ခါ ဆိုသလို စက္ကူညပ်သဖြင့် အလုပ် မတွင်လှချေ။ သည်ကြားထဲတွင် မီးပြတ်သေးသည်။ ဇင်မာဦးသည် သူ လုပ်ရမည့် အလုပ်ကို အမြန်ဆုံးပြီးအောင် မနားမနေ ကြိုးစား၍ လုပ်သော်ငြားလည်း အခက်အခဲပေါင်း သောင်းခြောက်ထောင်ကြောင့် အချိန်မီ မပြီးချေ။
ထိုအခိုက်တွင် အလုပ်အပ်သူ ရောက်လာလေ၏။ ဆိုင်ရှင်လည်း ဆိုင်သို့ ပြန်ရောက်လာ၏။ အလုပ်အပ်သူကလည်း သူ့ အလုပ် အချိန်မီ မပြီးစီးရကောင်းလားဟု ဆူဆူဆောင့်ဆောင့် လုပ်သည်။ ဆိုင်ရှင် အမျက်တော် ရှလေပြီ။ အခန့်မသင့်၍ အလုပ်အပ်သူ စိတ်ဆိုးပြီး စရံငွေ အဆုံးခံကာ ထပြန်သွားလျှင် အမြတ် မရသည့် အပြင် အရင်းပါ ပြုတ်မည် မဟုတ်လော။ သို့ဖြစ်၍ အလုပ်အပ်သူကို ခြေသလုံးဖက်၍ တောင်းပန်သည်။
တပြိုက်တည်းမှာပင် ဇင်မာဦးကို အလုပ် အချိန်မီ မပြီးသဖြင့် အော်လားဟစ်လား လုပ်တော့လေ၏။ စင်စစ် ဇင်မာဦး အလုပ်ကို ရေသာခို၍ လုပ်နေခြင်း မဟုတ်။ အခက်အခဲပေါင်း သောင်းခြောက်ထောင်ကြောင့် မပြီးစီးရခြင်းသာ ဖြစ်သည်။ ဤသို့ ဖြစ်ရသည်ကို ဆိုင်ရှင် နားမလည်၊ နားလည်းအောင် ကြိုးစားရန်လည်း တစ်ရံတစ်ဆစ်မျှ မစဉ်းစား။ သူ သိသည်မှာ ငွေရဖို့သာ ဖြစ်၏။ ရေဗူးပေါက်တာ နားမလည် ရေပါဖို့ အရေးကြီးသည် ဟူသည် မဟုတ်လော။ ထို့နောက် ဟန်ကျိုးခက်သည် ဇင်မာဦးအား နွားပိန်ကို ကြိမ်နှင့် တို့နေသည့်နှယ် မနေမနား တရစပ် မြည်တွန်တောက်တီး၍ အလုပ်ကို မပြီး ပြီးအောင် လုပ်စေသည်။ ထုံးစံ အတိုင်းပင် ည (၁၀) နာရီ ထိုးခါးနီးမှ အလုပ်ပြီး၏။
ဇင်မာဦးသည် မောမောနှင့် အခန်းကို ပြန်သည်။ လူတစ်ကိုယ်လုံး ကိုင်ရိုက်ထားသည့် အလား ညောင်းညာ ကိုက်ခဲနေပြီ ဖြစ်သဖြင့် ညစာကိုပင် မစားချင်တော့။ အဆောင်သို့ ရောက်သည်နှင့် ကုတင်ပေါ်ကို လှဲချပြီး ခေါင်းအုံးကို မျက်နှာဖြင့် အပ်ထားလိုက်သည်။ ဘာရယ်ကြောင့်မှန်း မသိ၊ မျက်ရည်များ အလိုလို ကျဆင်းလာ၏။
ညနက်လှပြီ ဖြစ်၏။ လူသူလေးပါးသံ၊ မော်တော်ကားတို့၏ ညည်းတွားသံတို့ တဖြည်းဖြည်း ဆိတ်ညံ သွားလေပြီ။  စည်ကားသော လှည်းတန်းဈေးသည် ငိုက်မျည်းရာမှာ အိပ်မောကျသွားလေပြီ။ ဇင်မာဦးသည် ခုတင်ပေါ်တွင် လဲလျောင်းနေသော်လည်း အိပ်၍ မပျော်နိုင်။ သူ့ အဖြစ်ကို သူ ပြန်တွေးရင် ၀မ်းနည်းမိသည်။ ဆိုင်ရှင်ကို ပေးရန် ရှိသေးသည့် ငွေ ဘယ်လို ရှာရမလဲ ဟူသည့် အတွေးက ခေါင်းတွင်းသို့ ၀င်ရောက်လာပြန်သည်။ ရွာပြန်ပြီး အမေတို့ဆီ တောင်းရရင် ကောင်းမလား ဟု တွေးမိသည်။ မဖြစ်သေးပါဘူးလေ အမေတို့လည်း ပြေလည်တာ မဟုတ်ဘူး။ တစ်ပူပေါ် နှစ်ပူဆင့်အောင် မလုပ်သင့်ပါဘူး ဟု ဇင်မာဦး ရေရွတ်မိသည်။ မည်သို့ပင် ဖြစ်စေကာမူ ဆိုင်ရှင်ကို ပေးရမည် နာရီဖိုး ငွေခြောက်သောင်းကို သူ မဖြစ်မနေ ပေးမည် ဟု စိတ်ပိုင်းဖြစ်သည်။ အသုံးအစွဲ လျှော့ပြီး တစ်လ တစ်သောင်းခွဲနဲ့ သွင်းရင် လေးလပါပဲ ဟု တွေးကာ သက်ပြင်းကို ချလိုက်သည်။ ဤဘ၀ ဤအဖြစ်မှာ အဘယ်နံရောအခါတွင်မှ လွတ်မြောက်ပါအံ့နည်း။
ဘေးကုတင်တွင် အိပ်နေသည့် မေသူနိုင် တစ်ရေးနိုး ရေထသောက်သံကို ကြားရမှ သန်းခေါင်ယံကို ကျော်လွန်ပြီ ဖြစ်မှန်း ဇင်မာဦး သတိထားမိတော့သည်။ သို့ဖြစ်၍ ဇင်မာဦးသည် သူ ဆက်လက်၍ ဖြတ်သန်းရမည့် လေးလတာ ကာလအတွက် အားမွေးရန် အိပ်ပျော်အောင် အိပ်လိုက်လေ၏။
(၁၁)
အိပ်မက်ထဲတွင် ဇင်မာဦး ရွာသို့ ပြန်ရောက်သွားလေ၏။ သူ့ မိခင်က သူ့ကို ရန်ကုန်-ပုသိမ်း ကားလမ်း နံဘေးတွင် ဆီး၍ ကြိုသည်။ သို့သော် သူ့ မိခင်၏ မျက်နှာ မကောင်းလှ။ “အမေ ဘာဖြစ်သလဲ” ဟု ဇင်မာဦး အလောတကြီး မေးမိသည်။ သူ့ မိခင်က ဘာမှ ပြန် မပြော။ “အမေ … အမေ့ မျက်နှာ မကောင်းဘူး။ အမေ ဘာဖြစ်သလဲ ပြောလေ .. အမေရဲ့” ဟု ဇင်မာဦး ထပ်၍ မေးသည်။ သူ့ မိခင်က တုံဏှိဘာဝေ လုပ်နေလေ၏။ ဇင်မာဦး နောက်တစ်ခါ မေးပြန်သည်။ သူ့ မိခင်ကား ဘာမှ မပြောဘဲ ကတ္တရာလမ်းမကြီးသာ ငုံ့ကြည့်နေလေ၏။ “အမေ ပြောလေ အမေရဲ့ ဘာဖြစ်သလဲ အမေ … အမေ” ဟု ဇင်မာဦး အော်လိုက်သည်။ သူ့ မိခင်သည် ကတ္တရာလမ်းမကြီးကို ငုံ့ကြည့်နေရာမှ လယ်ကွင်းထဲသို့ ဗြုန်းခနဲ ထွက်သွားသည်။ ကွင်းထဲတွင် ကျွဲအုပ်ကြီး ဒုန်းစိုင်း ပြေးလာသည်ကို ဇင်မာဦး တွေ့ရ၏။ “အမေ မသွားနဲ့ ကျွဲတွေ ရှိတယ် အမေ မသွားနဲ့ အမေ … အမေ” ဟု သံကုန်ဟစ်၍ အော်လိုက်သည်၏ နောက်တွင် ဇင်မာဦး လန့်နိုးလာလေ၏။
နံနက် (၈) နာရီခွဲခန့် ရှိပြီ ဖြစ်၏။ ဘေးခုတင်မှ မေသူနိုင်ပင် အိပ်ရာထပြီး အလုပ် သွားပြီ ဖြစ်သည်။ ဒေါ်စန်းယဉ်၏ နာရီနှိုးစက်သံ၊ ဘုရားဝတ်တက်သံတို့၏ တန်ဖိုးကို ယခုမှ ဇင်မာဦး သိတော့သည်။ ဇင်မာဦးသည် အိပ်ရာမှ လူးလဲထ၍ မျက်နှာသစ်ကာ ဆိုင်သို့ ခြေကုန်သုတ်ရတော့၏။
ဆိုင်ရှေ့သို့ ရောက်သည်နှင့် တပြိုက်နက် ဆိုင်ရှင်၏ တင်းမာသော မျက်နှာကို တွေ့ရတော့သည်။ ဇင်မာဦး၏ ခြေလှမ်းတို့ တုံ့ခနဲ ဖြစ်သွားသည်။ “ဘယ် အချိန်ရှိပြီလဲ” ဟု ဆိုင်ရှင်က ခပ်ထန်ထန် မေးလိုက်သည်။ ဇင်မာဦး ဘာမှ ပြန် မပြောနိုင်။ “ဒီအချိန်မှ အလုပ်ကို ဘာလာ လုပ်တာတုန်း” ဟု ဆိုင်ရှင်က ထပ်၍ ဆိုပြန်သည်။ “မနေ့တုန်းက အရမ်းနောက်ကျလို့ အိပ်ပျော်သွားတာပါ” ဟု ဇင်မာဦးက မ၀ံ့မရဲ ဆိုသည်။  
ဆိုင်ရှင်သည် တောပြဇာတ်ထဲမှ လူကြမ်း၏ ဟန်ပန်မျိုးဖြင့် ခေါင်းကို ဗယ်ပြန်ညာပြန် ရမ်း၏။ ထိုအချိန်အထိ ဇင်မာဦး၏ ဒေါသမြွေဆိုးသည် ပခြုပ်အတွင်းမှာသာ အခွေလိုက် ဖွဲ့ခွေရင်း ခန္တီပါရီမီကို ဖြည့်ဆည်းနေဆဲပင် ဖြစ်၏။ ဆိုင်ရှင်၏ “မဖြစ်တော့ဘူး ဇင်မာဦး .. နင် အလုပ် လုပ်တာ ပြဿနာတွေ တစ်ခုပြီး တစ်ခုပဲ။ ဒီတော့ကာ နင်နဲ့ ငါ အလုပ် လုပ်ဖို့ရာ ခက်နေပြီ။ ဘာ ဆက်လုပ်ကြမလဲ” ဟု အစချီသည့် မြည်တွန်သံသည် ပခြုပ်ဖုံးကို ထိုးလှန်လိုက်လေ၏။
ပခြုပ်အတွင်းမှ မြွေဆိုးသည် ငေါက်ကနဲ ထွက်ပြူလာပြီးလျှင် ကြီးစွာသော ပါးပြင်းကိုပြုလေသည်။ ဇင်မာဦး ဒေါသ ထောင်းခနဲ ထွက်သွားသည်။ “အဲဒါဆိုလဲ ကြိုက်သလို လုပ်၊ လုပ်ချင်တာသာ လုပ်ပေါ့” ဟု ပက်ခနဲ ပြန်ပြောလိုက်သည်။ ဇင်မာဦး ဤသို့ တုံ့ပြန်လိမ့်မည်ဟု ဆိုင်ရှင် ထင်မှတ် မထား။ ဇင်မာဦး၏ ဒေါသကြောင့် သူ တွန့်ခနဲ ဖြစ်သွားသည်။ တင်းလွန်းသည့် ကြိုးမှာ ပြတ်တတ်သည် မဆန်း။
“မဟုတ်ပါဘူး ငါ ပြောတာကို သေသေချာချာ နားထောင်။ ငါ ပြောတာက ပြေပြေလည်လည် ရှင်းဖို့ ပြောတာပါ” ဟု  လျှောချသည်။ ဇင်မာဦး၏ သည်းခံစိတ်တို့ ဂိတ်ဆုံး ရောက်သွားပြီ ဖြစ်သည်။ “ကျွန်မ ပြောတာက ရှင်းရှင်းလေးပဲ။ အခုလဲ ပြေပြေလည်လည် ပြောနေတာပဲ။ ဒီတော့ ရှင် ကြိုက်သလို လုပ်လိုက်” ဟု နှုတ်ခမ်းတလန် ပန်းတလန် ပြန်ပြောလိုက်၏။ ဆိုင်ရှင့် မျက်နှာ ကွက်ခနဲ ပျက်သွားသည်။ “အေးလေ ဒါကတော့ နင့် သဘောပဲ” ဟု ခပ်ထန်ထန် ဆိုလေ၏။ ထိုသို့ ဖြစ်ပျက်သွားသည်မှာ တဒင်္ဂမျှသာ ဖြစ်သည်။ ထိုအခိုက်အတန့် အတွင်းမှာပင် ဇင်မာဦးသည် ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပြီ ဖြစ်သည်။
ထိုသို့ ဆုံးဖြတ်ပြီးနောက်တွင် ကာလ အတန်ကြာ ၀ပ်ဆင်းနေသည့် ဇင်မာဦး၏ စိတ်ဓာတ်တို့ နိုးထလာ၏။ ပျောက်ဆုံးနေသော သတ္တိတို့ ပြန်လည် ရရှိလာသလို ခံစားရသည်။ ဇင်မာဦး၏ ရင်တွင်းမှာ ခံစားချက်၊ မကျေနပ်မှုတို့သည် တဆတ်ဆတ် တုန်ယင်နေသော နှုတ်ခမ်းပါးကို ကျော်လွန်လာပြီး “အလုပ်သမားကို ငွေဝယ်ကျွန်လို ဆက်ဆံတဲ့ ရှင့်ဆီမှာ ကျွန်မ အလုပ် ဆက်ပြီး မလုပ်တော့ဘူး။ ဒီနေ့ လကုန်ရက်ပဲ။ အခု ကျွန်မ လစာကို ရှင်းမယ်။ ပြီးရင် ရှင့်ကို ပေးစရာ ရှိတဲ့ ငွေကိုလည်း တစ်ခါတည်း အကြေ ပေးမယ်။ ကျွန်မ ရမယ့် လစာက ခြောက်သောင်း။ ရှင့် နာရီဖိုးက ခြောက်သောင်းနှစ်ထောင် ဆိုတော့ ရှင့်ကို နှစ်ထောင် ထပ်ပြီး ပေးမယ်။ အဲဒါဆိုရင် အားလုံး ပြီးပြီ” ဟု အသွင် ပြောင်းလဲ သွားလေ၏။
ကရားရေလွှတ် တတွတ်တွတ် ဆိုလိုက်သည့် ဇင်မာဦး၏ စကားတို့သည် ဆိုင်ရှင်၏ အရှိုက်ကို တည့်တည့်ကြီး ချိတ်ရွယ်၍ ထိုးနှက်လိုက်သည့် ဖြောင့်လက်သီးနှယ်။ ထိချက်ပြင်းသဖြင့် ဆိုင်ရှင် ငိုင် သွား၏။ ဇင်မာဦးကဲ့သို့ ထူပေထာပေ ခိုင်း၍ ရသော အလုပ်သမားမျိုး အလွယ်တကူ ရှာ၍ မရနိုင်သည်ကိုလည်း တွေးမိသည်။  
ဇင်မာဦးသည် သူ ပြောလိုသမျှ ပြောပြီးနောက် စိတ်ထဲတွင် ရွံ့သလိုလို၊ ရှက်သလိုလို ဖြစ်သွား၏။ ငရဲတွင်းမှ လွတ်မြောက်ပြီ ဖြစ်သဖြင့် ပျော်သလိုလို ကြည်နူးသလိုလို ခံစားမှု ပီတိ အဟုန်ဖြင့် ဖုံးလွှမ်းနေ၏။ ထို့နောက် ဇင်မာဦးသည် ပါးစပ် အဟောင်းသား ဖြစ်နေသည့် ဆိုင်ရှင်ကို ကျောခိုင်း၍ လှည်းတန်း လမ်းမကြီးပေါ်သို့ လွတ်လပ် ပေါ့ပါးစွာ လှမ်းထွက်သွားလေ၏။  
(၁၂)
လူသူလေးပါး စည်ကားသည့် လမ်းမကြီးသည် ဇင်မာဦးကို နွေးထွေးစွာ ကြိုဆို လေ၏။ အဆောင်သို့ အပြန် လမ်းတစ်လျှောက်တွင် ဇင်မာဦးသည် သူ့ အိတ်ထဲရှိ လက်ကျန်ငွေကို စစ်ကြည့်လိုက်သည်။ ငွေ တစ်သောင်းသုံးထောင်ကျော် ကျန်သေး၏။ အဆောင်ရှင်ကို အဆောင်လခ ငွေ တစ်သောင်း ပေးပြီးနောက် သူ့တွင် ငွေ သုံးထောင်ကျော် ကျန်သေး၏။ ရွာအပြန် ခရီးစရိတ် လောက်ပါသေး၏။
ရွာပြန်ရမည် ဖြစ်သောကြောင့် ဇင်မာဦး အတော်ပင် ကြည်နူးမိသည်။ ပစ္စည်းပစ္စယများကို သိမ်းဆည်းနေရင်း သူ့ မိဘတို့၏ မျက်နှာကို မြင်ယောင်ကြည့်မိသည်။ အကြောင်းစုံကို သိသွားလျှင် သူ့ မိခင်ကြီး ဆူလိမ့်မည် မဟုတ် ဟု သူ ယုံကြည်သည်။ ဇင်မာဦး၏ ထွက်တော်မူခန်းသည် များစွာ မခမ်းနားချေ။ ဇင်မာဦးသည် ကျောပိုးအိတ်ကို လွယ်၍ ခရီးဆောင်အိတ်ကို မနိုင်မနင်း ဆွဲပြီး လမ်းထိပ် ကားဂိတ်သို့ ထွက်ခဲ့သည်။
ဇင်မာဦးသည် ကားဂိတ်တွင် ထိုင်စောင့်နေရင်း ဘေးဘီကို ကြည့်မိသည်။ သူ ထိုင်နေသည့် ကားဂိတ် အနီးရှိ စတိုးဆိုင်ကြီး တစ်ဆိုင်၏ မျက်နှာစာတွင် ကပ်ထားသော Alexandre Christie နာရီကြော်ငြာ ဆိုင်းဘုတ်ဆီသို့ သူ့ မျက်လုံးတို့ အလိုလို ရောက်သွား၏။ နာရီဆိုင်တွင် နှစ်နှစ်ခန့် အလုပ်ခဲ့ လုပ်သော်လည်း နာရီတစ်လုံးပင် မ၀ယ်နိုင်သည့် သူ့ အဖြစ်ကို တွေးမိသည်။
နှိုးစက် နာရီလေး တစ်လုံးလောက် ရှိခဲ့ရင် အလုပ်ချိန် နောက်ကျမှာ မဟုတ်ဘူး သူ တွေးမိပြန်သည်။ ဇင်မာဦးသည် သူ့ အတွေးစကို ဖြတ်ရန် ကြိုးစားသည်။ ထိုအခိုက်မှာပင် သူ့ နားထဲ၌  နာရီဆိုင်တွင် ချိတ်ဆွဲထားသော နာရီများ၏ ညည်းတွားသံ “တချက်ချက်” ကို ကြားလိုက်သလိုလို၊ ဒေါ်စန်းယဉ်၏ နှိုးစက်နာရီ မြည်သံကိုလည်း ကြားလိုက်ရသလိုလို ဖြစ်လာ၏။
လှည်းတန်းမှ ဒဂုံဧရာ အဝေးပြေး ကားဂိတ်သို့ သွားမည့် ရွှေဧည့်သည် ဘတ်(စ်)ကား ကလည်း လာခဲလှ၏။ ဇင်မာဦး စောင့်နေရသည်မှာ ကြာလှပြီ။ နာရီဝက်ခန့် ရှိသွားပြီ ဖြစ်၏။ ရန်ကုန်မှ ညောင်တုန်းသို့ ပြေးဆွဲသည့် ဗဟိုရ် မော်တော်ယာဉ် နောက်ဆုံး ထွက်ချိန်မှာ ညနေ ၅ နာရီ ဖြစ်သည်။ နောက်ဆုံးကား မီမှ မီပါ့မလား၊ နောက်ဆုံးကား မမီရင် ဒုက္ခပဲ ဟု တွေးမိသဖြင့် ဇင်မာဦး စိတ်မောသွား၏။
ကြည့်စရာ နာရီ မရှိသဖြင့် ဘယ်နှ နာရီ ထိုးပြီမှန်း သူ မသိ။ ဘတ်(စ်)ကားကလည်း လာခဲလှ၏။ ဇင်မာဦးသည် ဘတ်(စ်)ကား လာမည့် အရပ်ဆီသို့ လည်တဆန့်ဆန့်နှင့် မျှော်ကြည့်မိသည်။ အချိန်ကား တရွေ့ရွေ ကုန်ဆုံးလာ၏။ ရွှေဧည့်သည် ဘတ်(စ်)ကား အရိပ်အယောင်ကို မမြင်ရသေး။ ဒဂုန်ဧရာ အဝေးပြေး ကားဝင်းသို့ နေမစောင်းမီ ရောက်ပါမှ အိမ်လွမ်းသူ ဇင်မာဦး၏ အပြန်ခရီး ဖြောင့်ဖြူးမည် ဖြစ်၏။
ဇင်မာဦးသည် စိုးရိမ်စိတ်ကြောင့် သက်ပြင်းရှည်ကြီးကို မရည်ရွယ်ဘဲ ချမိတော့သည်။ ဇင်မာဦး၏ သက်ပြင်းချသံကြောင့် နက်မှောင်သော အဆင်းကို ဆောင်သည့် ကတ္တရာ လမ်းမကြီးပင် အလန့်တကြား ဖြစ်သွား၏။
ဇင်မာဦး၏ အပြန်ခရီး ညနက်မှာ စိုးလှပါသည်။

မောင်ကျပ်ခိုး
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် နတ်တော်လပြည့်ကျော် ၂ ရက် တနင်္ဂနွေနေ့ ၊ ခရစ်နှစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်။