Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

chess

 

            ကျွန်တော်က ပွန်းနံပါတ် ရှစ်ပါ။ ခြေမြန်တပ်ဖွဲ့ကလေ။ ဟုတ်ကဲ့။ မဟူရာတိုင်းနိုင်ငံရဲ့ ခြေမြန်တပ်ဖွဲ့ကပါ။ အင်း.. ပြောရရင်တော့ဗျာ။ ခြေမြန်တပ်ဖွဲ့သာဆိုရတာပါ။ ကျွန်တော်တို့တပ်ဖွဲ့တွေကတော့ ထွက်စကပဲ မြန်ပါတယ်။ လွယ်လည်းလွယ်တယ်လေ။ အဲ.. နောက်ပိုင်းကျတော့ ပုံမှန်နှုန်းနဲ့ပဲ ထွက်နိုင်ပါတယ်။ ပိုလျင်ပြီး အထွက်မြန်လို့လည်း မရပါဘူး။ ပိုသွက်လို့လည်း မရပါဘူး။ ဒါ “စည်း” ပါ။ “အမိန့်”။ “အမိန့်” တော့မဟုတ်ဘူးခင်ဗျ၊ “စည်း” ပါ။

            အဲဒါ ခင်ဗျားကို ပြောမလို့ပဲဗျ။ အဲဒီ “စည်း” နဲ့ပတ်သက်လို့ပေါ့ဗျာ။ ဒီလိုပါ။ ခုကျွန်တော်ပြောမယ့်ဟာတွေက မှန်တော့မှန်တယ်၊ နာလိုခံခက်ဖြစ်ချင်ဖြစ်နေမယ်လေ။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ အချိန်နဲ့ အမျှ တွေးမိ၊ ခံစားမိ၊ ခံယူမိတဲ့ အချက်တွေမို့လို့ နည်းနည်းတော့ ဂရုစိုက်ပြီး နားထောင်စေချင်တယ်ဗျာ။ အကျင့်ပါနေလို့မို့ နားထောင်ချင်ယောင်ဆောင်ပြီး ခင်ဗျားဘာသာ ခင်ဗျား တွေးချင်ရာတွေးနေလည်း တွေးပေါ့ဗျာ၊ တစ်ခုတော့ရှိတယ်။ ကျွန်တော်ပြောပြီးရင်တော့ ခင်ဗျား ခေါင်းညိတ်၊ ခေါင်းခါ တစ်ခုခုလုပ်ရလိမ့်မယ်။


            ကဲ.. သဘောတူရင် ပြောပြီဗျို့..။

            ဒီလိုဗျာ။ ကျွန်တော် မဟူရာတိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံမှာက “ကင်း” တစ်၊ “ကွင်း” တစ်၊ “ကက်စ်တယ်လ်” နှစ်၊ “ဟော့စ်” နှစ်၊ “ပွန်း” ရှစ် ဆိုပြီး ရှိသဗျ။ ဟာ.. နည်းနည်းလေးလို့ မပြောနဲ့လေဗျာ။ ခင်ဗျားနှယ် နေရာက သိပ်မရှိဘူးဗျ၊ နောက် ကျွန်တော်တို့က တစ်ချိန်လုံး ဟိုဘက် သလင်းဖြူတိုင်းနိုင်ငံနဲ့ ချနေကြတာဗျ။ ဖိုက် (Fight) မယ့် ကောင်တွေ ရှိဖို့ပဲ လိုတယ်ဗျ။ ကျန်တဲ့ကောင်တွေ အလိုမရှိဘဲဗျို့။ နေရာက စတုရန်း ခပ်ကျဉ်းကျဉ်းရယ်။ နောက် ဒီဖွဲ့စည်းပုံကလည်း ပုံသေပဲဗျ။ “စည်း” ပဲ၊ သလင်းဖြူတိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံကလည်း ပုံသေပဲဗျ။ ဒီအတိုင်းပဲ။

အေးပါဗျာ။ ခင်ဗျားသာ ခင်ဗျားအားလို့ ယားလို့ ပေါလို့ များလို့ ချဲ့ချင်သပဆိုမှ ဖွဲ့စည်းပုံပြင်၊ နေရာချဲ့။ ခင်ဗျားဘာသာ လုပ်ချေ။ ခုတော့ နားထောင်ဗျာ။

အဲဒီမှာ ကျွန်တော်က “ပွန်း” လေ။ ဒါပေမယ့် နံပါတ် “ရှစ်” ဆိုတော့ သိပ်တော့ မဟုတ်လှဘူးပေါ့ဗျာ။ အဲ.. အဲလိုပြောလို့လည်း မဖြစ်ဘူးဗျ။ ကျွန်တော်တို့ “ပွန်း” တွေက ရှေ့တန်းစစ်မျက်နှာမှာ အမြဲရင်ဘောင်တန်းပြီး တန်းတူအသေခံတိုက်တာဗျ။ ကာကွယ်တာဗျ။ တစ်ခုတော့ရှိတယ်။ “နယ်”။ ကျွန်တော်တို့ အားလုံးမှာ ကိုယ်လှုပ်ရှားရမယ် လှုပ်ရှားနိုင်တဲ့ “နယ်” တွေ အသီးသီး ပိုင်ကြတယ်ဗျ။ ကျွန်တော်ပြောချင်တာလည်း အဲဒီ “နယ်” ပဲ။

ဒီလိုဗျာ။ ကျွန်တော်တို့ဆီမှာ “နယ်” အများဆုံး၊ အကျယ်ဆုံးက “ကွင်း” ပဲ။ အရပ်ရှစ်မျက်နှာကို ဘယ်လောက်ဝေးဝေးသွားနိုင်တယ်။ လှုပ်ရှားနိုင်တယ်။ အခြေအနေမကောင်းဘူးထင်ရင် နောက်ကြောင်း ပြန်ဆုန်လာနိုင်တယ်။ နောက် သလင်းဖြူ “ကင်း” ကိုလည်း စိန်ခေါ်နိုင်ခွင့်ရှိတယ်။ ကျအောင်လည်း တိုက်နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ “ကင်း” ရဲ့ အားအထားရဆုံး မဟေသီဇာနည်ပေါ့ဗျာ။

ဒုတိယ “နယ်” ကျယ်တဲ့သူတွေက “ရဲတိုက်မှူး” နဲ့ “ဘုန်းတော်ကြီး” တွေပေါ့။ ဘုန်းကြီးစစ်မတိုက်ရဘူးလား။ မသိဘူးဗျာ။ သူ့ဘာသာမနေနိုင်လို့ ငြိမ်မနေနိုင်တော့လို့ တိုက်တာလား ဘာလား ဘယ်သိမလဲဗျ။ ဖွဲ့စည်းပုံမှာကိုက “ဘုန်းတော်ကြီး ဘိရှော့ပ်” နှစ် ဆိုပြီး ပါတာပဲ။ အဲ.. အထင်မသေးနဲ့ဗျို့။ မပျော့ဘူး။ မရွံ့ဘူး။ ဆုတ်ချည် တက်ချည်လည်းလုပ်နိုင်တယ်။ သလင်းဖြူ “ကင်း” ကိုလည်း စိန်ခေါ်နိုင်တယ်။ အပြုတ်ချနိုင်တယ်။ လုပ်ပိုင်ခွင့် ရှိတယ်။

တတိယ “နယ်” ကျယ်တာက “မြင်းသည်တော်” တွေပဲ။ တစ်ခုရှိတာက “ကက်စ်တယ်လ်” နဲ့ “ဘိရှော့ပ်” မပြောနဲ့ “ကွင်း” မသွားနိုင်တဲ့ ခရီးကိုပါ သွားနိုင်တယ်။ ဆိုပါတော့ “မြင်းသည်တော်” က ကွေ့နိုင်တယ်။ လမ်းချိုးရှိရင် သွားခွင့်ရှိတယ်။ သိပ်ဝေးဝေးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဘာအရေးလဲ။ အရေးအကြောင်းဆို လမ်းချိုးထဲ ကွေ့ပြီး ရှောင်လိုက်လို့ ရတာ အခွင့်အရေးကောင်းပဲပေါ့။ သူ့ “နယ်” လည်း ကောင်းတာပဲ။ နောက် သူ့မှာလည်း သလင်းဖြူ “ကင်း” ကို စိန်ခေါ်နိုင်ခွင့်၊ အပြုတ်ဆော်နိုင်ခွင့် ရှိတယ်။


အဲ.. ကျွန်တော်တို့ ခြေမြန်တပ်ဖွဲ့ဝင် “ပွန်း” တွေထက် နယ်ကျယ်တာဆိုလို့ “ကင်း” ပဲရှိတော့တယ်။ ကျွန်တော်တို့ “ပွန်း” တွေကတော့ဗျာ.. လှုပ်ရရှားရ သိပ်ကျဉ်းကြပ်ပါတယ်။ စိတ်ရှိလက်ရှိ လှုပ်ရှားရတယ်ရယ်လို့ ဘယ်တော့မှ မရှိဘူး။ နောက် ကျွန်တော်တို့ဟာ ရှေ့တည့်တည့် အရပ်တစ်ခုတည်းကိုပဲ ဦးတည်ပြီး သွားရတယ်။ နောက်ကြောင်း ပြန်ဆုတ်ခွင့်လည်း ကျွန်တော်တို့မှာ မရှိဘူး။ စထွက်ပြီဟေ့ဆို ရှေ့ကိုပဲ။ နောက်ကြောင်း ပြန်မလှည့်ကြေး။ လမ်းဘေးမှာ တွေ့ရင် တွေ့သမျှ ရသလို တိုက်သွား။ သလင်းဖြူက ကောင်တွေကို အနိုင် ချနိုင်ရင်ချ။ မချနိုင်ရင် ကိုယ်က ခံသွားပဲ။

အဲ.. တခုတော့ရှိတယ်၊ သလင်းဖြူ “ကင်း” ကို စိန်ခေါ်နိုင်ခွင့်၊ အကျချနိုင်ခွင့် ကျွန်တော်တို့မှာ ရှိတယ်။ အဲဒီအခွင့်အရေးကိုတော့ ကျွန်တော် သိပ်သဘောကျတယ်။ ရဲရင့်တတ်သွားမယ်။ သက်လုံကောင်းရင် “ကင်း” ကို စိန်ခေါ်နိုင်မယ်။ သြော်.. ပြောရဦးမယ်။ ကျွန်တော်တို့ရဲ့ ထာဝရတိုက်ပွဲမှာ “ကင်း”ဟာ အခရာပဲ။ “ကင်း” ကို စိန်ခေါ်နိုင်ပြီဆိုရင်ကို ကျွန်တော်တို့ ပျော်ရပြီ။ “ကင်း” ကျရင် “သလင်းဖြူ” ကျပြီလေ။ အဓိကက “ကင်း” ပဲ။ “ပွန်း” အားလုံးကျပစေ။ အို.. “ကက်စ်တယ်လ်”၊ “ဘိရှော့ပ်”၊ “ဟော့စ်” အားလုံးကျပစေ။ “ကင်း” နားမှာ “ကွင်း” တောင် မရှိနဲ့ဦး။ “ကင်း မကျသရွေ့ “မဟူရာ” လည်း မကျနိုင်ဘူး။ “သလင်းဖြူ”လည်း မကျနိုင်ဘူး။

chess

 


ဒါပေါ့ဗျ။ ကျွန်တော်တို့တိုက်နေကြတာ။ ကျွန်တော်တို့အားလုံး တိုက်နေကြတာ “ကင်း” မကျအောင်၊ “ကင်း” ကို ကာကွယ်ရအောင်။ နောက်ဆုံး ကျွန်တော်တို့ မဟူရာ “ကင်း” ကို သလင်းဖြူသား ဘယ်ကောင်မှ စိန်ခေါ်သံ “ချက်” နဲ့ စိန်မခေါ်နိုင်ရအောင်။ ဒါပဲ။ ကျွန်တော်တို့ တာဝန်က ကျွန်တော်တို့ ပိုင်ရာ ဆိုင်ရာ “နယ်” ကနေပြီး မဟူရာ “ကင်း” ကာကွယ်ဖို့နဲ့ သလင်းဖြူ “ကင်း” ကိုတိုက်ဖို့ပဲ။

အဲ.. အဲ.. “နယ်” က စကားပြောလာပြန်ပြီ။ ဒီလိုလေ။ “ကင်း” ရဲ့နယ်။ အရပ်ရှစ်မျက်နှာကို “ကင်း” သွားလာလှုပ်ရှားခွင့် ရှိတယ်။ နောက်ကြောင်းပြန်ဆုတ်လို့လည်း ရတယ်။ ဒါပေမယ့် ကျွန်တော်တို့လိုပဲပေါ့လေ။ သိပ်ဝေးဝေးလံလံကြီး သွားလို့မရဘူး။ ကျွန်တော်တို့ တစ်ခါရွေ့လျားနှုန်းနဲ့ပဲ “ကင်း” လည်း လှုပ်ရှားရတယ်။ “စည်း” ပဲ။ ဒါပေမယ့် ကျွန်တော်တို့က ရှေ့တည့်တည့် တစ်နေရာပဲ သွားနိုင်တယ်။ “ကင်း” က အရပ်ရှစ်မျက်နှာ သွားလို့ရတယ်။ ကျွန်တော်တို့ နောက်ကြောင်း ပြန်မလှည့်နိုင်ဘူး။ “ကင်း” ပြန်လှည့်လို့ရတယ်။

နောက်တစ်ခု။ အဲဒါသိပ်အရေးကြီးတယ်။ ကျွန်တော်တို့ “ပွန်း” တွေမှာ တစ်ဖက် “ကင်း” ကို စိတ်ခေါ်ပိုင်ခွင့် ရှိတယ်။ အပြုတ်လည်း ချနိုင်တယ်။ “ကင်း” မှာ တစ်ဖက် “ကင်း” ကို စိန်ခေါ်ခွင့် မရှိဘူး။ စိန်ခေါ်လို့မရဘူး။ အပြုတ်လည်း မချနိုင်ဘူး။

အဲဒါပါ။ ကျွန်တော့ ဆန္ဒတစ်ခုပါ။ ကျွန်တော် “ကင်း” တော့ မဖြစ်ချင်ဘူး။ တဖက်ရန်သူ “ကင်း” ကို စိန်မခေါ်နိုင်တဲ့၊ အပြတ်မဆော်နိုင်တဲ့၊ ကိုယ်ကလည်း သူတစ်ပါးကို အကာအကွယ် မပေးနိုင်တဲ့ အပြင် သူများရဲ့ အကာအကွယ်ကိုပါ အားကိုးနေရတဲ့ “ကင်း”တော့ မဖြစ်ချင်ဘူး။ ဒါပေမဲ့ ဒီ့ထက်နည်းနည်းလေး ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားချင်တယ်။ နောက်ကြောင်း ပြန်ဆုတ်ချင်လို့ ပြောတာမဟုတ်ဘူးနော်။ ကျယ်ကျယ်ပြန့်ပြန့် သွားလာချင်တာပါ။

ဘယ်နှယ့်လဲ။ ကျွန်တော့နယ်နဲ့ “ကင်း”နယ် လဲကြရအောင်လေ။

ကဲ.. ကျွန်တော်ပြောလို့တော့ပြီးပြီ။ ခင်ဗျားတာဝန်ပဲကျန်တော့တယ်၊ လုပ်ဗျာ.. ခေါင်းညိတ် ခေါင်းခါ တစ်ခုခုပေါ့။

 

သူရဂါမိက

၁၉၉၂