Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
ht

(၁)

နွေဂိမှန် သမယ ညနေချမ်း၏ ဖျော့တော့သော ဆည်းဆာရိပ်အောက်တွင် ရွေးမြစ်ရေပြင်သည် တငြိမ့်ငြိမ့် စီးဆင်းနေလေ၏။ ရောင်ခြည် တစ်ထောင်ကို ဆောင်သော ဒေါင်းစကြာ နေ၀န်းသည် အလင်းရောင် အကြွင်းအကျန် အကပ်အသပ် အချို့ကို မြစ်ပြင်ပေါ်သို့ အန်ချထား၏။ ဆည်းဆာ၏ တောက်စားမှုကြောင့်  တဖျတ်ဖျတ် တလက်လက် ပြိုးပြိုးပြက်ပြက် အရောင်အဆင်းဖြင့် လင်းလက် တောက်ပနေသည့် ကြက်သွေးရောင် မြစ်ရေပြင်သည် လှချင်တိုင်း လှနေတော့သည်။ 

ထိုအခိုက်တွင် နွေ၏ ဖွားဖက်တော် လေပွေရူးသည် ဓနိတောကို ဖြတ်သန်း၍ တိုက်ခတ်လာပြီးလျှင် တငြိမ့်ငြိမ့် စီးဆင်းနေသော မြစ်ပြင်ကျယ်အား တသိမ့်သိမ့် လူးလွန့်စေ၏။ လေပွေရူး၏ အရှိန်အဟုန်ကြောင့် မြစ်နဂါးကြီး မှေးစက်ရာမှ ဗြုန်းခနဲ လန့်နိုးလာသဖြင့် မြစ်ပြင်ဝယ် လှိုင်းတံပိုးတို့ ထွန့်ထွန့်လူး သွားသည်။ လေပွေရူး၏ မြှောက်ပင့်မှုကြောင့် စိတ်ကြီးဝင်နေသည့် လှိုင်းတံပိုးငယ်တို့သည် လတာပြင်ကို ငြိုးသူ ရန်ဘက်အလား သဘောထားပြီး မညှာမတာ ၀င်ဆောင့်လေ၏။ ဝေါခနဲ မြည်သံ အဆုံး၌ လှိုင်းတံပိုး တစ်သိုက် ဇီဝိန်ကြွေသွားသည်ကို ၀မ်းနည်းဖွယ် တွေ့မြင်ရသတည်း။

ဤသည်မှာ ရှေးရိုးစာဆိုတို့၏ ဖွဲ့ဆိုပုံ ဖွဲ့ဆိုနည်းဖြင့် ရွေးမြစ်ပြင်၏ ညနေချမ်းကို စကားတန်ဆာ ဆင်ယင်၍ သရုပ်ဖော်ခြင်း ဖြစ်ပေ၏။

ကဗျာစာပေနှင့် မနီးစပ်သော ကျွန်ုပ်အဖို့မူ ညစ်ထေးထေး မည်းပုပ်ပုပ် မြစ်ရေပြင်ပေါ်သို့ မှိန်ဖျော့ဖျော့ အလင်းရောင်တန်းတို့ ဟိုတစ်စ သည်တစ်စ ထိုးကျနေသည်ကို မြင်ရသည်မှာ စိတ်ညစ်ညူးစရာ ကောင်းလှတော့သည်။ အရပ်ရှစ်မျက်နှာကို ဗဟိုပြု၍ တိုက်ချင်တိုင်း တိုက်ခတ်နေသည့် လေပွေရူးသည် လတာနံ့ ပုပ်အဲ့အဲ့ကို လေသင့်ရာ တစ်လျှောက် အခမဲ့ ဖြန့်ဖြူးနေ၏။ ရွှံ့နှစ်ပုပ်တို့ဖြင့် တန်ဆာဆင်အပ်သော လတာပြင်သို့ လှိုင်းလုံးငယ်တို့ ပရမ်းပတာ ရောက်ရှိလာပုံမှာလည်း ကဗျာစာဆိုတို့ ဖွဲ့ဆိုသလို ကြည့် မကောင်းလှချေ။

ရွှံနှစ်ရောင် မြစ်ရေလျဉ်သည် လစား အုန်းသီးခြောက်၊ ငါးဖမ်းပိုက်ကွန်စုတ်၊ ဓနိပေါင်၊ ဗေဒါဖုတ်၊ သစ်တိုသစ်စ၊ ၀ါးတိုဝါးစ၊ ရေသန့်ဘူးခွံ၊ မီးချောင်းအကျွမ်း၊ ပလပ်စတစ်အိတ်စုတ်၊ မြင်းဖြူရှင် နတ်ရုပ်ဟောင်း စသည်တို့ကို ကမ်းစပ်သို့ သယ်ဆောင်လာ၏။ မြစ်ရေလျဉ်နှင့် လိုက်ပါ စီးမျောလာသော ရေမျောကမ်းတင် ပစ္စည်းတို့သည် လတာပြင်တွင် မည်မျှလောက်ထိ ကြာမြင့်အောင် အိုးအိမ်ထူထောင်ပြီး နေထိုင်ကြမည်ကို မည်သူမျှ မခန့်မှန်းနိုင်။ မြစ်ရေလျဉ်က ယင်းတို့ကို တဖန် သယ်ဆောင်သွားပြန်လျှင် ယာယီခိုနားရာ လတာပြင်ကို စွန့်ခွာရပေဦးမည်။ သို့တည်းမဟုတ် လတာပြင်ထက်မှာပင် ရွှံနှစ်ပုပ်တို့ဖြင့် နစ်မွန်းပြီး ပျက်စီးကောင်း ပျက်စီးသွားပေလိမ့်မည်။ ရေမျောကမ်းတင်တို့၏ ဘ၀ကား ဘာမျှ မရေရာ။

မြစ်ဝကျွန်းပေါ်ဒေသ အောက်ဘက်စွန်း ဖျာပုံအပိုင် အမာဒိုင်နယ်ရှိ မင်္ဂလာသောင်တန်း၊ မဟူရာသောင်တန်း၊ ဂေါ်တူ၊ ထောင်ကြီးတန်း၊ အရှေ့ဖျား၊ နောက်မီးကျေးရွာများ၌ ကျွန်ုပ် လှည့်လည် နေထိုင်စဉ် အခါက ရေမျောကမ်းတင် ဟူသော စကားနှင့် ခပ်ဆင်ဆင် တူသည့် လှေမျှောကမ်းတင် ဟူသော စကားလုံးကို ဒေသခံတို့ သုံးစွဲကြသည်ကို ထူးထူးဆန်းဆန်း မှတ်သားဖူးသည်။

မဟူရာသောင်တန်းကျေးရွာမှ ပိုက်သူကြီးတစ်ဦး၏ အလိုမူကား ရေမျောကမ်းတင်ဟူသည့် စကားနှင့် လှေမျှောကမ်းတင် ဟူသော စကားတို့၏ အနက်မှာ အတော်ပင် ခြားနားသည် ဟူလို။ ကံအကြောင်း မလှသဖြင့် တစ်နေရာမှ တစ်နေရာသို့ ညှိုးငယ်စွာ ရောက်ရှိလာသူကို ရေမျောကမ်းတင် ဟူ၍ သုံးနှုန်းလေ့ရှိပြီး၊ ဆိုးလွန်း၊ မိုက်လွန်း၊ တေလွန်းသဖြင့် ရပ်ရွာက သည်းမခံနိုင်ဖြစ်ကာ လှေတစ်စင်းနှင့် မျှောလွှတ်လိုက်သူ လူ့အော့ကြောလန်တို့ကိုမူ လှေမျှောကမ်းတင် ဟူ၍ ခေါ်ဝေါ်လေ့ရှိသည် ဟူသတတ်။

မည်သို့ပင် ဖြစ်စေကာမူ လှေမျှောကမ်းတင်၊ ရေမျောကမ်းတင်တို့၏ ဘ၀တို့မှာ ဘာမျှ မရေရာ၊ ဘာမျှ မသေချာ။ လောကဓံ၏ အထုအထောင်းကို ခံချင်သောကော၊ မခံချင်သောကော ခံယူရင်း ယင်းတို့၏ ဘ၀၊ စိတ်ထားတို့မှာ တစ်စထက် တစ်စ ကြမ်းတမ်း ခက်ထရော်လာသည်မှာကား အသေအချာပင် ဖြစ်ချေသတည်း။

(၂)

တစ်ခါသော် ကျွန်ုပ်တို့ နေထိုင်ရာ မြို့ငယ်ကလေးသို့ ရေမျောကမ်းတင် မိသားစုတစ်စု လာရောက် ခိုလှုံဖူးသည်။ မိသားစုဟု ဆိုရသော်လည်း သားအဖ နှစ်ဦးတည်းသာ ဖြစ်သည်။ မြို့ကလေးသို့ သူတို့ သားအဖ နှစ်ဦး မည်သို့မည်ပုံ ရောက်ရှိလာမှန်း မည်သူမှ ရေရေရာရာ မသိကြချေ။ လူတစ်ဖက်သား၏ ရာဇ၀င်အူပေါက်ကို စစ်စစ်ပေါက်ပေါက် နှိုက်နှိုက်ချွတ်ချွတ် ခရေစေ့တွင်းကျ လက်ကုန်နှိုက်ကာ လေ့လာ စပ်စုလေ့ရှိသော ငါးစိမ်းသည် အဒေါ်ကြီးပင် သူတို့ သားအဖ မည်သည့်အရပ်မှ ပြောင်းရွှေ့လာမှန်း ကောင်းကောင်းကြီး မသိချေ။ “ဘယ်ကနေ ဘယ်လို ရောက်သလဲ မပြောတတ်ပေါင်။ ဘဘုန်းလေး ကျောင်းနောက်ဖေးက ဖုန်းဆိုးကွင်းထဲမှာ တဲထိုးနေတာ တွေ့တော့မှ ရေမျောကမ်းတင်တွေမှန်း သိတော့တယ် ဟု ဆို၏။

ထိုခေတ်က တဲတစ်လုံး ထိုးရသည်မှာ ငွေ မကုန်။ ဘုန်းကြီးကျောင်း အနောက်နားရှိ ၀ါးရုံပင်မှ ၀ါးခုတ်ပြီး တိုင်ထူ၊ နှီးဖြာ၊ ထရံရက်လိုက်လျှင် အကာအတွက် မပူရ၊ အမိုးအတွက်မူ ဘုန်းကြီးကျောင်း မီးတင်းကုပ်မှ ဖျက်ချထားသည့် ဓနိပျစ် အဟောင်းများ ကောက်ပြီး ဓနိနှစ်ပျစ်ကို တစ်ပျစ်ဖြစ်အောင်၊ သို့မဟုတ် ဓနိပျစ် အဟောင်းများကို ခပ်စိပ်စိပ် မိုး၍ စီမံလိုက်လျှင် မိုးလုံလေလုံ မြေစိုက်တဲ တစ်လုံး ပြီးမြောက်သွားသည်သာ ဖြစ်၏။

ရေမျောကမ်းတင် မိသားစုတို့ ဆောက်လေ့ဆောက်ထ ရှိသည့် မြေစိုက်တဲများမှာ ၀ါးတစ်လုံးနှင့်ပင် ပြီးနိုင်သည်။ ထို့ကြောင့် အရပ်ထဲ၌ ကလေး အချင်းချင်း ရန်စ ကျီစယ်ရာတွင် “၀ါးတစ်လုံးနဲ့ ဆောက်တဲ့ အိမ် . ဘယ်သူ့ဘယ်ဝါတို့ အိမ် ဟု ဆိုကာ လက်ညှိုးကလေး ကွေး၍ ကွေး၍ ကရော် ကရော်နှင့် သရော်တော်တော် လုပ်ကြသည် မဟုတ်လော။ လူကြီးများ ရန်ဖြစ်လျှင်မူ “ဟဲ့ အုတ်ကြားမြက်ပေါက်မျိုး၊ ရေမျောကမ်းတင်မျိုးရဲ့ ..  ကြမ်းခုနစ်ချောင်းတောင် မပြည့်တဲ့ တဲပုတ်နဲ့ နေရတဲ့ အစားတွေက ထမင်းဝလို့ ငါ့ကို အာခံတာလား၊ လည်မျိုကို ခြေမနဲ့ ကလော်ထုတ်လိုက်ရရင် ငါ ကျွေးထားတဲ့ ထမင်းတွေ အတောင့်လိုက် ပြန်ထွက်လာမယ် ဟူ၍ ပျစ်ပျစ်နှစ်နှစ် တစ်တစ်ခွခွ အပုပ်ချပြီး ဆဲရေးကြသည် မဟုတ်လော။

ဆိုခဲ့ပြီးသော ရေမျောကမ်းတင် သားအဖတို့ကား ယင်းတို့ စံမြန်းရန် တဲနန်းဂေဟာကို တောရကျောင်း နောက်ဖေး ဖုန်းဆိုးကွင်းတွင် တည်ဆောက်ပြီးသွားလေပြီ။ သို့သော် စားစရာအတွက် မည်သို့ ရှာဖွေကြမည်နည်း။ ခါတိုင်း ရောက်နေကျ ရေမျောကမ်းတင် မိသားစုများကဲ့သို့ အရပ်ထဲလှည့်ပြီး ဟိုပစ္စည်းခိုး၊ သည်ပစ္စည်းခိုး လုပ်ကြဦးမည်လော။ သို့တည်းမဟုတ် ဘုန်းကြီးကျောင်း နောက်ဖေးရှိ တမံထဲတွင် ငါးရှာ၊ ဖားရှာ လုပ်ပြီး ၀မ်းတစ်ထွာ အရေးကို ဖြေရှင်းကြမည်လော။ သို့တည်းမဟုတ် သင်္ချိုင်းကုန်း ခြံစည်းရိုးတွင် အလေ့ကျ ပေါက်နေသည့် ဟင်းသီးဟင်းရွက်တို့ကို ခူးယူပြီး လှည့်လည်ရောင်းချခြင်းဖြင့် အသက်မွေးကြမည်လော။ မြို့ခံတိုင်း သို့လော သို့လော တွေးကြသည်။ ထို့သို့ မတွေးလျှင်လည်း မဖြစ်။ ရေမျောကမ်းတင်တို့ကို လက်ခံထားရသည်မှာ မလွယ်။ တစ်ခါသော် တလင်းထဲ စပါးဝင်ခိုးသည့် ရေမျောကမ်းတင် မိသားစုတစ်စုကို လက်ရဖမ်းဆီးမိသဖြင့် မြို့သူမြို့သားတို့က ရိုက်နှက်၍ ဆုံးမလိုက်ရာ အခဲမကျေသူ ရေမျောကမ်းတင်တို့က ကောက်လှိုင်းပုံကို မီးနှင့်တိုက်ပြီး ထွက်ပြေးသွားသဖြင့် မြို့ထဲတွင် အုတ်အုတ်ကျတ်ကျတ် ဖြစ်ခဲ့ရဖူးသည်။

ယခု ရောက်ရှိလာသော ရေမျောကမ်းတင် သားအဖကား ဆယ့်လေးငါးရက်ခန့် ကြာသည်အထိ ဘာမျှ မလုပ်သေး။ ဖုန်းဆိုးကွင်း အစပ်ရှိ ကုန်စုံဆိုင်သို့ နေ့စဉ် လာရောက်၍ ဆန် နို့ဆီဗူး တစ်လုံးခွဲ ၀ယ်ယူပြီး အေးအေးလူလူ နေထိုင်စားသောက်ကြသည်ဟု ကြားရသည်။ လူထုအခြေပြု သတင်းထောက်ကြီး ဖြစ်သော ငါးစိမ်းသည် အဒေါ်ကြီး၏ သတင်း ထောက်လှမ်းချက်အရ ရေမျောကမ်းတင် သားအဖ၏ တဲနန်းအတွင်းမှ မယ်ဒလင်သံကို တစ်ခါတစ်ရံ ကြားရသည် ဟု ဆို၏။ “အလုပ်ကို လက်ကြောတင်းအောင် မလုပ်ဘဲ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်ပြီး မယ်ဒလင်လေး တီးလိုက်၊ သီချင်းလေး ဆိုလိုက် လုပ်နေတဲ့ လူစားတွေ နေမှာ ဟု သုံးသပ်ချက် ပေးသွား၏။

(၃)

တစ်နေ့ နံနက်ခင်းတွင် ကျွန်ုပ်သည် အပေါင်းအဖော်များနှင့် အတူ လက်ဘက်ရည်ဆိုင် ထိုင်ရင်း လောကကြီး အသုံးမကျပုံကို အချိန်ကုန်ခံကာ လေပန်းနေချိန်၌ “မြတ်နိုးသူရယ် .. ချစ်မိုးဆွေခဲ့တယ် .. ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ် ဟူသည့် သီချင်းသံကို ကြားလိုက်ရ၏။ သီချင်းသည်၏ တေးသီသံမှာ မြတ်လေးရွှေဓားဗိုလ်၏ တေးသံဝါကြီးကဲ့သို့ မခန့်ညားလှချေ။ သူလိုငါလို သာမာန်မျှသာ ဖြစ်သည်။ သို့သော်လည်း မည်သို့ ဖြစ်မှန်း မသိ။ မြတ်နိုးသူရယ် .. ဟု ဆွဲဆွဲငင်ငင် ဆိုညည်းလိုက်ပုံမှာ ကြားရသူတိုင်း၏ ရင်ကို ဗလောင်ဆူစေသည်။ နားဆင်နေသူတို့၏ အသည်းဆိုင်ကို စွဲကိုင်နိုင်စွမ်း ရှိသည်ဟု ဆိုသော် ဆိုရကောင်းသည်။

သို့ဖြစ်၍ ကျွန်ုပ်တို့လည်း ပြောလက်စ စကားကို ခေတ္တ ရပ်ဆိုင်းပြီး သီချင်းသံ ထွက်ပေါ်ရာ နေရာသို့ လှမ်း၍ ကြည့်မိသည်။ ဈေးရောင်းဈေးဝယ် တက်လာသူ တောသားတစ်သိုက်ကို မယ်ဒလင်၊ ၀ါးဆစ်ပိုင်း တူရိယာတို့ဖြင့် ဖျေဖျော်နေသော သူတောင်းစား သားအဖကို တွေ့ရလေ၏။ ဖခင်ဖြစ်သူက မယ်ဒလင်ကို တီး၍ သမီးကလေး လုပ်သူက ၀ါးဆစ် အတိုအရှည် နှစ်ပိုင်းဖြင့် စည်းချက်လိုက်သည်။ ကျွန်ုပ်လည်း ထိုမြင်ကွင်းကို ကြည့်ကောင်းကောင်းနှင့် ကြည့်နေမိတော့သည်။ ရေမျောကမ်းတင် သားအဖ တင်ဆက်သည့် ဆွတ်ပျံ့လွမ်းမောဖွယ်ရာ တေးသံသာကို ပိုက်ဆံ တစ်ပြားမှ မကုန်ဘဲ နားဆင်ရသည်မှာ နားဝင်ပီယံ ရှိလှပါပေသည်။ သနားသော်လည်း နားထောင်ကောင်းသည်မှာကား အမှန်ပင် ဖြစ်၏။

လားလား လက်စသတ်တော့ ဒီ ရေမျောကမ်းတွေက ကယ်ပါတွေ ဖြစ်နေတော့တာကိုး ဟု လက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက် တစ်ဦးက မှတ်ချက်ပြုသည်။  ထိုသော် ဘဲဥက “မင်းလဲ ပိုက်ဆံလိုချင်ရင် ဂစ်တာလေးတီးပြီး အဲသလို လိုက်တောင်းချေကွာ ဟု နောက်တီးနောက်တောက် ဆိုလိုက်သည်။ “မင်း အရင် သွားတောင်းပါလား ဟု အပြောခံရသူက ပြန်ပက်သည်။ ဘဲဥကလည်း ဆတ်ဆတ်ထိ မခံ။ “အေး ငါက ပိုက်ဆံ မလိုတော့ ပိုက်ဆံ လှည့် မတောင်းဘူး။ မင့် အိမ်ရှေ့လာပြီး မင်းနှမကို လာတောင်းမယ် ဟု ဆိုပြန်၏။ ဤသို့ဖြင့် လက်ဘက်ရည်ဆိုင်ထဲတွင် ငါဟယ်၊ လူဟယ်၊ မအေ နှမ ကိုင်တုပ်သံတို့ ပွက်လောရိုက်သွားလေ၏။

ဒွန်းစဏ္ဍား ဟူသည်မှာ ကျွန်ုပ်တို့ အဖို့ ဆန်းသည် မဟုတ်ချေ။ မြစ်ဝကျွန်းပေါ်မြို့ကလေးမှာ ဆန်ရေစပါး ပေါများသော မြို့ဖြစ်ရကား မြို့၏ အရိပ်အာဝါသကို ခိုလှုံ၍ အသက်မွေးကြသော ဒွန်းစဏ္ဍား မသကာ ဆယ်ဦးခန့်မျှ ရှိပေလိမ့်မည်။ သူတို့တွင် ပိုင်နက် အသီးသီး အသက ရှိကြသည်။ ဦးဖိုးထင်ဟု အမည်ရသည့် ကျပ်မပြည့်သော သူတောင်းစားကြီးက မြို့လယ်စေတီနှင့် အထက်တန်းကျောင်း အနီးတွင် ကျက်စားသည်။ မျက်နှာတွင် နနွင်းဝါထိန်နေအောင် လိမ်းကျံထားပြီး တောင်ဝှေးသံ တဒေါက်ဒေါက် ပေးလေ့ရှိသော အဘွားကြီးကမူ ဈေးလေးနှင့် အထက်ပိုင်းကို အပိုင်စားရထားသည်။ ရေစီးကမ်းပြိုရောဂါကြောင့် နှာခေါင်းချိုင့်ဝင်နေသော အဒေါ်ကြီးကမူ ကမ်းနားတန်းနှင့် သဘောင်္ဆိပ်ကို သိမ်းပိုက်ထား၏။

ရွှေဝင်းဟု အမည်တွင်သည့် မွေးရာပါ ပေါင်တို သူဖုန်းစားကြီးကမူ အောက်ပိုင်းရှိ ဗွီဒီယိုရုံများတွင် ကျင်လည်ကျက်စားလေ့ရှိသည်။ ရွှေဝင်း၏ ကိုယ်အင်္ဂါ ချွတ်ယွင်းမှုကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ကောလဟာလတို့မှာ ငိုအားထက် ရယ်အားသန် မဖြစ်သွားဘဲ ရယ်အားထက် ငိုအားသန် ဆိုသလို ဖြစ်ခဲ့ဖူးသည်။ တစ်နေ့သော် အလိုဆိုးသော အောက်ပိုင်းသား တစ်သိုက်သည် ချိုင်းထောက်ကို ထောက်၍ တစ်လှမ်းချင်း လှမ်းလျှောက်ရသော ပေါင်တို သူတောင်းစားကြီး ရွှေဝင်းကို ထောက်လှမ်းရေးကြီး ဟု ကင်ပွန်းတပ်လိုက်လေ၏။ ထောက်လှမ်းရေး ဟူသည့် စကားလုံးမှာ ထိုခေတ်တွင် အတော်ပင် ရေပန်းစားခဲ့ဖူးသည် မဟုတ်လော။

အောက်ပိုင်းသားများက ရွှေဝင်းအား ထောက်လှမ်းရေးဟု ကင်ပွန်းတပ်လိုက်သည်ကို နားစွန်နားဖျားသာ ကြားလိုက်သော မြို့သူမြို့သားတို့သည် အိမ်ရှေ့သို့ ပေါင်တိုသူတောင်စားကြီး ရောက်လာလျှင် ရွံ့တွန့်တွန့် ဖြစ်သွားကြကုန်၏။ ခါတိုင်းလို ပိုက်ဆံ မထည့်ဝံ့။ မထည့်ကြတော့။

အချို့သော သူတို့က ရွှေဝင်း၏ ချိုင်းထောက်သည် ရိုးရိုးချိုင်းထောက် မဟုတ်။ ဂျိမ်းစ်ဘွန်း ဇာတ်ကားများထဲမှ လက်နက်ဆန်းတို့ကဲ့သို့ပင် အထူးတလည် စီမံထားသော လက်နက် တစ်ခု ဖြစ်တန်ရာ၏ ဟု သံသယ ၀င်ကြသည်။ ရွှေဝင်း၏ သစ်သားချိုင်းထောက်ထဲမှ ငွေကျည်ဆံများ ထွက်လာမည်ကို ကြောက်ကြသည်။ ရွှေဝင်း၏ ရှမ်းလွယ်အိတ်ထဲတွင် ဝေါဒဂီ တော်ဂီ (Walkie-Talkie) ထည့်ထားသည်ဟု ဆိုသူက ဆိုသေးသည်။ အချို့ကမူ အပိုဆာဒါးကလေးများ ထည့်ပြီးလျှင် ရွှေဝင်းသည် မ၀တ ဥက္ကဌ ကိုပင် နင်ပဲ ငဆ ဆဲရေးပြီး မာန်မဲကြိမ်းမောင်းနေလိုက်သည်ကို တွေ့လိုက်ရသည်ဟု ဆိုကြ၏။ ဤအဆိုကို ကြံသကာသည် အဒေါ်ကြီးက ထောက်ခံ၏။ “မ၀တ ခမျာမယ် သနားစရာပါကွယ်။ မျက်လုံးကလေး ပေကလပ် ပေကလပ်နဲ့ .. အရူးယောင် ဆောင်ထားတဲ့ ထောက်လှမ်းရေးကလဲ ဟိန်းလိုက် ဟောက်လိုက်တာ လွန်ရော ဟူသတတ်။

မည်သူတို့ မည်သို့ပင် ဆိုစေကာမူ ထောက်လှမ်းရေးဟု အထင်ခံလိုက်ရသည့် နောက်ပိုင်း၌ ရွှေဝင်းအဖို့ လာဘ်သပ္ပကာ လျော့နည်း ဆိတ်သုဉ်းသွားသည်မှာကား အမှန်ပင် ဖြစ်၏။ ထောက်လှမ်းရေး ခေတ်ကောင်းချိန်ဝယ် ထောက်လှမ်းရေးအစစ် အဖြစ်ကြီး ဖြစ်တော်မူသော ပေါင်တိုရွှေဝင်းတစ်ယောက် ထမင်းကျန် ဟင်းကျန်ပင် နပ်မမှန်တော့သည်မှာ တွေးကြည့်လျှင် အတော်ပင် ရင်နာစရာ ကောင်းလှသည်။ အောက်ပိုင်းသားတို့၏ ကောလဟာလ စနက်ကား ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ 

(၄)

ရေမျောကမ်းတင် သားအဖနှစ်ယောက် သီချင်းဆိုနေသည်ကို ကျွန်ုပ်တို့ လူသိုက် ကြည့်ကောင်းကောင်းနှင့် ကြည့်နေမိသည်မှာ အတော်ပင် ကြာသွား၏။ ဖခင်ဖြစ်သူက သူတောင်းစားကြီးက “ဆောင်းရယ် နှင်းရယ် ကိုယ့် ချစ်သူရယ် အတူတူပါပဲ ဟူ၍ ချွဲချွဲပျစ်ပျစ် ဆိုလိုက်လျှင် တစ်တောင့်ထွာ၊ တစ်တောင့်တစ်မိုက်ခန့်မျှသာ ရှိသေးသည့် သူတောင်းစား မင်းသမီးကလေးသည် တီးလက်စ ၀ါးဆစ်ပိုင်း နှစ်ပိုင်းကို ချထားပြီး၊ ခေါင်းကလေးကို ဆတ်ခနဲ မော့ကာ ရင်ကလေး ဖွင့်၍  လက်ကလေး မြှောက်ပြီး ကွေးနေအောင် ကလေ၏။

တဖန် ဖခင်ကြီးက “မြတ်နိုးသူရယ် ချစ်မိုးဆွေခဲ့တယ် ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ် ဟူသည့် သီချင်းကို ကောက်ခါငင်ခါ ပြန်ဆိုလိုက်လျှင် မင်းသမီးကလေး ကကြိုးကကွက် ပြောင်းရတော့လေ၏။ လက်ကလေးကို မြှောက်ထားရာမှ ရင်တွင်ကပ်ပြီး လက်အုပ်ချီလိုက်သည်။ ထို့နောက်  ဒူးတုပ်ပြီး ကျုံ့ရရုံ့ ထိုင်ချလိုက်သည်။ တစ်ဖန် ဒူးထောက်ရာမှ ထပြီး လက်အုပ်ကို အသာဖြည်၍ လက်ကလေး မြှောက်ကာ ခြေကလေး လှုပ်ကာ မြေပြင်တွင် လူးလှိမ့်ပြီး ငါးရံ့ပြာလူး ကကြိုးကို ဆင်လေ၏။ လေးတွဲ့ကြည်မြသော မယ်ဒလင်သံနှင့် လိုက်ဖက်အောင် ကပြ နေရရှာသော မင်းသမီးကလေးကို ရှုစားရသည်မှာ အတော်ပင် ခံရခက်လေ၏။ ကျွန်ုပ်၏ အသည်းနှလုံးကို လက်ကြမ်းကြီးဖြင့် တအားကုန် ဖျစ်ညှစ် ဆုပ်နယ်နေသည့်နှယ်။

ဖခင်ကြီး သူတောင်းစားကြီးသည် “မြတ်နိုးသူရယ် ချစ်မိုးဆွေခဲ့တယ် ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ် ဟူသည့် အပိုဒ်ကို အတော်ပင် ခံတွင်းတွေ့ဟန် တူသည်။ ထပ်ချည်း တလဲလဲ ပြန်ကျော့၏။ မင်းသမီးကလေး မသက်သာတော့ပြီ။ မောလွန်းလှပြီး ဖြစ်သဖြင့် ပါးစပ်ကလေး ဟစိဟစိ ဖြစ်နေရှာသည်။ အမြင်မတော်သူတို့က “ဟဲ့ တော်ပါတော့ သေနာကောင်ကြီးရဲ့ ဘုံကြိုးချည်းပဲ ပြတ် မနေနဲ့။ ဟိုမှာ ကလေးက မောလွန်းလို့ အမြုပ် တစီစီ ထွက်နေပြီ။ နင် ဆက်တီးနေရင် ကလေး အသက်ထွက်လိမ့်မယ်။ တအောင့်တဖြုတ် နားဦး ဟူ၍ ဖခင်သူတောင်းစားကြီးကို ကြိမ်းမောင်း မာန်မဲပြီး တတ်စွမ်းသမျှ စွန့်ကြဲလိုက်ပါမှ မင်းသမီးလေး နားရရှာတော့သည်။

(၅)

မြတ်နိုးသူရယ် .. ချစ်မိုးဆွေခဲ့တယ် .. ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ် ဟူသည် အပိုဒ်ကို နောက်တစ်ကြိမ် ကြားရပြန်လေပြီ။ ဘဲဥ၏ စပ်ဖြဲဖြဲ မျက်နှာ ကွက်ခနဲ ပျက်သွား၏။ ဘဲဥသည် ကိုယ်နှုတ် အမူအရာ ခက်ထန် ကြမ်းကြုတ်သော်လည်း စိတ်နှလုံး နူးညံ့သူ ဖြစ်၏။ “မြတ်နိုးသူရယ် .. ချစ်မိုးဆွေခဲ့တယ် .. ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ် ဟူသော တေးသံသည် ဘဲဥ၏ နှလုံးသားကို မီးဖုတ်ထားသည့် အပ်ဖြင့် တရစပ် ထိုးဆွနေသကဲ့သို့ ဖြစ်ရကား ဘဲဥသည် အိပ်ကပ်ထဲ လက်နှိုက်၍ ငါးကျပ်တန် တစ်ရွက်ကို ထုတ်ယူကာ ထိုင်ခုံမှ ဗြုန်းခနဲ ထတဲ့ပြီး ရေမျောကမ်းတင် သားအဖတို့ရှေ့ရှိ ဒန်ခွက်ကလေးထဲသို့ ထည့်လိုက်သည်။ အခြားသူတို့ကား ထိုမြင်ကွင်းကို မမြင်ရက်လေသဖြင့် သူတောင်းစား သားအဖကို မျက်နှာလွှဲကာ နေလိုက်ကြသည်။

ထိုအခိုက်တွင် “ဟဲ့ အုတ်ကြားမြက်ပေါက်မျိုး၊ ရေမျောကမ်းတင်မျိုးတွေ အစချီသော ဆဲရေးသံကို ကြားလိုက်ရသဖြင့် ကျွန်ုပ်တို့ အားလုံး ခေါင်းနပန်း ကြီးသွား၏။ အသံပိုင်ရှင်ကား နှယ်နှယ်ရ မဟုတ်ချေ။ ကမ်းနားတန်းနှင့် သဘောင်္ဆိပ် တစ်ခွင်ကို အပိုင်စားရသော သူတောင်းစား အဒေါ်ကြီး ဖြစ်၏။ ရေစီးကမ်းပြို ရောဂါကြောင့် နှာခေါင်းချိုင့်ဝင်နေသဖြင့် သူ့မျက်နှာမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ အနောက်တိုင်း ရုပ်ရှင်ဇာတ်ကားများထဲမှာ စုန်းမကြီးများနှင့် ခပ်ဆင်ဆင် တူသည်ဟု ဆိုပါက သင့်နိုးအံ့သည်။ နှာခေါင်း ချိုင့်ဝင် နေသဖြင့် သူ၏ အသံမှာ နှာသံကဲ၍ မပီကလာ ပီကလာ ဖြစ်နေလေ၏။ ဓာတ်သိ မဟုတ်လျှင် သူ ဘာပြောသည်ကို နားလည်နိုင်စွမ်း ရှိမည် မဟုတ်ချေ။

ထိုအဒေါ်ကြီးသည် ပိုက်ဆံ မရသေးမီတွင် တူလေးရယ်၊ သားလေးရယ်၊ ကျန်းမာပါစေ၊ ချမ်းသာပါစေနှင့် တစာစာ မေတ္တာပို့တတ်သော်လည်း ပိုက်ဆံရပြီးလျှင်မူ သက်ရှည်ပါစေ၊ ဘုန်းကြီးပါစေဟု ၀တ်ကျေတန်းကျေ ဆုတောင်းပေးရန် မဆိုထားဘိ ပိုက်ဆံပေးသူကို စောင်း၍ပင် မကြည့်၊ ပေးလိုက်သည့် ပိုက်ဆံကို အနုစိတ် ကြည့်ရှုစစ်ဆေးပြီး စုတ်သလေး၊ နွမ်းသလေး၊ နည်းသလေး၊ များသလေး စသဖြင့် အပြစ်တစ်ခု မဟုတ် တစ်ခုရှာပြီး ပြောတတ်သည်။ တစ်ခါသော် ကျွန်ုပ်သည် ယင်း ရေစီးကမ်းပြို အဒေါ်ကြီးကို  နေ့စဉ်နေ့တိုင်း ပေးနေကျ လက်ဘက်ရည်ဖိုး မပေးမိဘဲ ငါးကျပ်မျှသာ ပေးမိသဖြင့် ကျွန်ုပ်ကို လူကြားထဲတွင် အော်ကြီးဟစ်ကျယ်လုပ်ပြီး ရန်ထောင် ဖူးသည်။ အရပ်သိ၊ ဓာတ်သိ ဈေးသည်အချို့၏ အဆိုအရ ထိုအဒေါ်ကြီးသည် သူ တောင်းရမ်း၍ ရရှိသော ငွေတိုငွေစတို့ကို နေ့ပြန်တိုး ပြန်ချေးထားသည် ဟူသတတ်။

ယခုလည်း ရေစီးကမ်းပြို အဒေါ်ကြီးသည် ရေဆင်းတံတားဦးတွင် ဆောင့်ကြောင့် ထိုင်၍ ရေမျောကမ်းတင် သားအဖ၏ လမ်းဘေးတီးဝိုင်းရှိရာ အရပ်သို့ ဖရုဿဝါစာ လက်နက်ကြီး၊ လက်နက်ငယ်တို့ကို တရစပ်လွှတ်၏။ “ဟေ့ရောင် ကျပ်ခိုး မင့် သူတောင်းစား အဒေါ်ကြီးတော့ သူ့ ခွင်ကို သူများ လာလုလို့ ဆဲနေပြီ ဟု ဘဲဥက ဆိုလိုက်သည်။ “ငါ့ အဒေါ်ကြီး မဟုတ်ပါဘူးကွာ ဟု ကျွန်ုပ်လည်း ကမန်းကတန်း ဖြေလိုက်ရသည်။ ထိုအဒေါ်ကြီးကို ကျွန်ုပ် စေတနာ ရှိခဲ့ရိုး မှန်ပါသည်။ သို့သော် ကျွန်ုပ်ကို လူကြားထဲတွင် ဆူဆူဆောင့်ဆောင့် လုပ်ပြီးနောက်တွင် သူ့ အပေါ် စေတနာ မရှိတော့ပြီ။ သို့သော်လည်း ရှိရင်းစွဲ စေတနာကို မပျက်လိုသည့်အပြင် ကျွန်ုပ်ကို လူကြားထဲတွင် ထပ်ပြီး အော်ကျယ်အော်ကျယ် လုပ်မည်ကို စိုးသဖြင့် တစ်နေ့လျှင် ဆယ့်ငါးကျပ် တိတိမျှ အကုန်အကျခံပြီး လက်ဘက်ရည်ဖိုး ပေးကမ်းနေရခြင်းသာ ဖြစ်ပါသည်။

ရေစီးကမ်းပြို အဒေါ်ကြီးသည် အဝေးမှ ဆဲရေးနေရသည်ကို အားရဟန် မတူ။ တောင်ဝှေးကို တဒေါက်ဒေါက် မြည်အောင် ဆောင့်၍ ထောက်ပြီးလျှင် ရေမျောကမ်းတင် သားအဖ ရှိရာသို့ တရွေ့ရွေ့ ချဉ်းကပ်လာလေ၏။ ရေစီးကမ်းပြို အဒေါ်ကြီး၏ မီးဝင်းဝင်း တောက်သော အကြည့်နှင့် မိုးထစ်ချုန်းသံကဲ့သို့ ကျယ်လောင်သည့် ဆဲရေးသံသည် ရေမျောကမ်းတင် သားအဖ၏ “ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ် တေးသရုပ်ဖော် ကကြိုးကို ကတ်ကြေးဖြင့် ဖြတ်ချလိုက်သည့်နှယ်။  သူတောင်းစား အဒေါ်ကြီး၏ ရေမျောကမ်းတင် ဟူသည့် ဆဲရေးသံကြောင့် သူတောင်းစားကြီး၏ မျက်နှာ မည်းခနဲ ဖြစ်သွားသည်။ သူတောင်းစား မင်းသမီးလေးမှာလည်း ငိုမဲ့မဲ့။

လောကလူ့ဘောင်တွင် သူ့စည်းနှင့်သူ ရှိသည်သာ ဖြစ်၏။ လူ့စည်း၊ ဘီလူးစည်း ဟူသည့် စကားအတိုင်းပင် သူတောင်စားတို့၌ သူတောင်းစား စည်း ရှိသည်။ အပိုင်စား နယ်မြေ အသီးသီး ရှိကြ၏။ ကျွန်ုပ်တို့ လူသိုက်မှာ ရေမျောကမ်းတင် သားအဖနှင့် ရေစီးကမ်းပြို အဒေါ်ကြီးတို့၏ နယ်မြေလုပွဲကို ကြည့်ရှုပြီး အတော်ပင် စိုးရိမ်မကင်း ဖြစ်မိသည်။ ထို့ကြောင့် သောက်လက်စ လက်ဘက်ရည်ခွက်ကို ချထားပြီး ဆေးပေါ့လိပ် ကိုယ်စီဖွာ၍ ရေစီးကမ်းပြို အဒေါ်ကြီးနှင့် ရေမျောကမ်းတင် သူတောင်းစား သားအဖတို့၏ ပဋိပက္ခကို စိတ်ဝင်စားစွာ ကြည့်ရှုနေမိတော့သည်။  

ကျွန်ုပ်တို့ လူသိုက်မှာ ကိုယ့်ထမင်းကိုယ်စားပြီး အချိန်ဖြုန်းနိုင်စွမ်းရှိသူများ ဖြစ်ရကား ရေစီးကမ်းပြို အဒေါ်ကြီး၏ ဆဲရေးခြင်းကို အကျယ်တ၀င့် ဆန်းစစ် ဝေဖန်ပြီးလျှင် ဤကမ္ဘာတွင် ဆဲရေးခြင်းများ ကင်းစင်ရလေအောင် မည်သို့မည်ပုံ ဆောင်ရွက်သင့်သည်ကို ဖော်ထုတ်ရန် အလို့ငှာ တိုင်ပင်ဆွေးနွေးကြ၏။ “သူတောင်းစားတွေက သူတို့ အချင်းချင်း ရန်ဖြစ်ရင် သူတောင်းစားမျိုး၊ ဒွန်းစဏ္ဍာမျိုး၊ ကယ်ပါမျိုး၊ သူဖုန်းစားမျိုး ဆိုပြီး သူတို့ အသက်မွေးတဲ့ အလုပ်အကိုင်ကို ထိပါးပြီး မဆဲကြဘူး။ ဒီအချက်ကို တို့တွေ သုတေသနပြုပြီး မှတ်တမ်းတင်ထားရမယ် ဟု ဘဲဥက ဆိုလိုက်သည်။ သူ၏ အဆိုပြုချက်မှာ သင့်မြတ်လှပါပေ၏။ အားလုံးလည်း သဘောတူကြ၏။ ရေစီးကမ်းပြို အဒေါ်ကြီး၏ ဆဲရေးသံသည် ကျွန်ုပ်တို့၏ တက်ကြွသော ဆွေးနွေးမှုတို့အောက်တွင် ပျောက်ကွယ်သွားလေ၏။ ကျွန်ုပ်တို့မှာ ဆွေးနွေးခြင်းကိုသာ အားစိုက်နေရသဖြင့် သူတောင်းစားတို့၏ သေးနုပ်သိမ်ဖျင်းသော ဆဲရေးသံကို လွယ်လင့်တကူ မေ့ထားလိုက်ကြသည်။

ဟော ဟို  အဒေါ်ကြီး ဆဲတာကို သေသေချာချာ နားထောင်ကြည့်စမ်း။ ပေါင်ပြတ်ကြီး လို့ ဆဲလိုက်တာ ကြားတယ် ဟု တစ်ဦးက ဆို၏။ ရေမျောကမ်းတင် သူတောင်းစားကြီး၏ ညာဘက်ခြေထောက် ပြတ်နေသည်ကို ရေစီးကမ်းပြို အဒေါ်ကြီး ဆဲခါမှ ကျွန်ုပ်တို့ သတိထားမိတော့သည်။ “အေးကွ ပေါင်ပြတ်နေတယ် ဆိုတာကို သေသေချာချာ လေ့လာကြည့်ရမယ် ဟု သူငယ်ချင်း တစ်ဦးက ဆိုပြန်သည်။ “ဗမာပြေမှာရှိတဲ့ ခြေထောက်ပြတ်တဲ့သူတွေကို လေ့လာကြည့်မယ် ဆိုရင် (၁) စစ်သားဟောင်း (၂) ပေါ်တာ (၃) တောထဲသွားရင်း မိုင်းနင်းမိတဲ့သူ အကြမ်းအားဖြင့် ဒီလို သုံးမျိုးသုံးစား ခွဲခြားနိုင်မယ်။ ဒီတော့ကာ ဒီလူကြီးဟာ စစ်သားဟောင်း ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် အကျဉ်းသား ပေါ်တာ၊ ဒါမှမဟုတ် တောထဲသွားရင်း မိုင်းနင်းမိတဲ့သူ ဖြစ်မယ်ဆိုတာ ထင်ရှားလာပြီ ဟု ဆိုကာ ဘာမှ မရေရာသော အနုမာန အယူအဆ သုံးသပ်ချက် တစ်ခုကို စေ့စပ် သေချာစွာ ထုတ်ဖော်လိုက်လေ၏။

သို့နှင့်ပင် ကျွန်ုပ်တို့ တစ်သိုက် ဆွေးနွေးနေခိုက်မှာပင် ရေမျောကမ်းတင် သားအဖနှင့် ရေစီးကမ်းပြို အဒေါ်ကြီးတို့၏ ရန်ပွဲ နိဋ္ဌိတံသွားလေ၏။ စစ်ရှုံးသူ ရေမျောကမ်းတင် သားအဖကား သူတို့၏ တူရိယာများကို သိမ်းဆည်းပြီး ခေါင်းငိုက်စိုက်ချကာ ရုတ်ခြည်း ထွက်ခွာသွားလေ၏။ ရေစီးကမ်းပြို အဒေါ်ကြီးလည်း အတော်ပင် မောသွားဟန်ထင့်။ ဆေးပေါ့လိပ်တိုကို မီးတ၀င်းဝင်း တောက်အောင် ခပ်ဆတ်ဆတ် ရှိုက်ဖွာရင်း အမောဖြေ နေသည်ကို တွေ့ရ၏။ ကျွန်ုပ်၏ ဆွေးနွေးပွဲမှ တိကျပြတ်သားသော ရလဒ်တစ်ခုမျှ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း အိမ်ပြန်ပြီး ထမင်းစားရန် အချိန်ကျပြီး ဖြစ်သဖြင့် ပြောလက်စ စကားကို တိခနဲ ဖြတ်ချပြီး လက်ဘက်ရည်ဆိုင်မှ တပ်ခေါက်ခဲ့ရလေသတည်း။

(၆)

နောက်တစ်နေ့ နံနက်တွင် ကျွန်ုပ်တို့ လူသိုက်သည် ယမန်နေ့က မပြီးပြတ်ခဲ့သော အကြောင်းအရာကို အစပြန်ဖော်၍ အလုပ်မရှိ အလုပ်ရှာပြီး ဆွေးနွေးမိပြန်သည်။ ရေမျောကမ်းတင် သားအဖမှာမူ ကမ်းနားတန်းနှင့် သင်္ဘောဆိပ်တွင် လှည့်လည် ကျက်စားရန် အခွင့်မသာသဖြင့် စာသင်ကျောင်းနားသို့ ပြောင်းရွှေ့သွားသည်ဟု သိရ၏။

တို့မြို့လေးမှာ သူတောင်းစားတွေ ပိုများလာပြီ ဟု လက်ဘက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက် အရင်းမရှိ၊ အဖျားမရှိ ဆိုလေသည်။ စင်စစ် မြို့ကလေး၏ အရိပ်အာဝါသကို ခိုလှုံသူ သူတောင်းစား အရေအတွက်မှာ သူ ပြောသလောက် မဆိုးလှပါ။ မြို့နေ လူဦးရေနှင့် နှိုင်းယှဉ်လျှင် အတော်ပင် နည်းပါး လှပါသည်။ ထိုသူကပင် ဆက်လက်၍ “သူတောင်းစားတွေရဲ့ ဘ၀ အခြေအနေ ပြောင်းလဲလာအောင် တစ်ခုခု လုပ်မှ ဖြစ်တော့မယ် ဟု ဆိုပြန်သည်။ “အိန္ဒိယမှာတော့ သူတောင်းစားတွေကို အရင်းအနှီး ထည့်ရအောင် ငွေထုတ်ချေးပေးတဲ့ အဖွဲ့မျိုး ရှိသတဲ့ ဟု ဆက်၍ ဆိုပြန်သည်။ “သူတောင်းစားတွေကို အရင်းအနှီး ထုတ်ပေးလိုက်ရင် သူတို့တွေ ဒီလို ဘ၀ကနေ လွတ်ကင်းသွားမှာ အသေအချာပဲ ဟု ကွန့်ပြန်သည်။ “အေး တယ်ကောင်းတဲ့ နည်းလမ်းပဲ ဟု တစ်ဦးက ထောက်ခံသည်။ ထို ထောက်ခံသူကပင် ဆက်လက်၍ “အဲဒီ တိုင်းပြေက သူတောင်းစားတွေ ငွေချေးပြီးတော့ ဘယ်လို လုပ်ငန်းမျိုးတွေ လုပ်ကြသလဲဆိုတာ လေ့လာရမယ် ဟု စိတ်အားထက်သန်စွာ ပြောလေ၏။

ထိုသော် လက်ဘက်ရည်ဆိုင်အတွင်း၌ ခြေဆင်း၍ ထိုင်နေတော်မူသော လူကြီးတစ်ဦးက “သူများ တိုင်းပြေမှာ လုပ်သလို လုပ်လို့ ဖြစ်ပါ့မလား။ ကိုယ့်အရပ်၊ ကိုယ့်ဇာတ်နဲ့ ကိုက်ညီတာကိုပဲ ရွေးချယ်ရမှာပေါ့။ ပြောရရင်ကွာ ဒို့မြို့မှာ အုန်းဆံဖတ် ထုရင်တောင် ပိုက်ဆံ လွယ်လွယ်ကူကူ ရှာလို့ ရနေတာပဲ။ ဒါမှမဟုတ် အုန်းတောထဲသွား၊ အုန်းလက်ကောက်ပြီး အုန်းတံမြက်စည်း လုပ်ရောင်းရင်တောင် တွက်ခြေကိုက်တယ်။ ဒီလို လုပ်ဖို့ ဘာ အရင်းအနှီးမှ မကုန်ဘူး။ ဓားတစ်ချောင်း ရှိရင် ရပြီ။ အရင်းအနှီး ငွေကြေး ဆိုတာထက် သူတို့တွေ လုပ်တတ်ကိုင်တတ် ရှာတတ်ဖွေတတ်အောင် ကပ္ပယ်စတီး (Capacity) မြင့်မားလာအောင် လုပ်ပေးမှ ဒီပြဿနာကို ရှင်းလို့ ရမယ်။ အရေးကြီးဆုံးနဲ့ အမြန်ဆုံး လုပ်ရမှာက ဒီ သူတောင်းစားတွေကို စုပြီး တံမြက်စည်း လုပ်နည်း သင်တန်း ပေးဖို့ ကိစ္စပဲ ဟု ဒေါနှင့်မောနှင့် ဆိုလိုက်လေသည်။

ထိုလူကြီးကား အတော်ပင် ထူးဆန်း၏။ ဗမာလူမျိုးများနှင့် ဆက်ဆံပြောဆိုလျှင် ဘောနာရေဘဲ (Vulnerable) ဒေပလုပ်မန့် (Development)၊ ဂယက်ရု(စ်) (Grassroots)၊ ဆွိတ်တဂျီ (Strategy) အစရှိသည့် သိုးဆောင်း စကားလုံးတို့ကို အခွင့်သင့်သောကော၊ မသင့်သောကော ရှေ့နောက် မကြည့်ဘဲ တွင်တွင်ကြီး သုံးတတ်သော်လည်း သိုးဆောင်း လူမျိုးတို့နှင့် ပြောဆိုဆက်ဆံလျှင်မူ ယား (Yeah)၊ ယား (Yeah)၊ ယား (Yeah) နှင့် တယားယားတည်း ယားနေသည်ကို ကျွန်ုပ် မျက်ဝါးထင်ထင် မြင်တွေ့ဖူးသည်။ သိုးဆောင်းလူမျိုးတို့နှင့် ဓာတ်မတည့်သော ရောဂါကြောင့် အသွေးအသားထဲတွင့် စိမ့်၍ ယားယံနေခြင်း ဖြစ်ပေလိမ့်မည်။

သူ့ စကားမှာ ဟုတ်တုတ်တုတ် ဖြစ်၏။ မဟုတ်ခံနိုင်ရိုးလား။ ကျွန်ုပ်တို့၏ မြို့ကလေးတွင် လုပ်ကိုင်နေသည့် နိုင်ငံတကာ လူထုဖွံ့ဖြိုးရေး အဖွဲ့အစည်းတစ်ခုမှ လာဘ်စားမှုကြောင့် အလုပ်ပြုတ်ဖူးသူဖြစ်ရကား ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်းသည့် ကိစ္စတို့ကို ကိုင်တွယ်ရာ၌ အတွေ့အကြုံ အတော်ပင် ရှိသည်ဟု ဓာတ်သိတို့က ဆိုကြ၏။ ရှေ့မီနောက်မီ ဖွံ့ဖြိုးရေးသမားကြီး၏ သဘောတရားရေးရာ စကားတို့ကို မပယ်ရှားသင့်။

ထို ဒေပလုပ်မန့် (Development) ဆြာကြီး၏ လေမိသွားသူ တစ်ဦးက “ဒါဖြင့်ရင် သူတောင်းစားတွေကို စုပြီး အုန်းတံမြက်စည်းလုပ်နည်း သင်တန်းပေးရင် တယ်ကောင်းမှာပဲ ဟု ဆိုလေ၏။ ဆြာကြီး မနေတတ်၊ မထိုင်တတ် ဖြစ်သွားလေပြီ။ မျက်နှာကြီး ပြုံးဖြီးဖြီး ဖြစ်သွား၏။ အတန်ကြာမှာ ပြုံးဖြဲဖြဲ မျက်နှာထားကို မျက်နှာပိုးသပ်၍ “Income-growth Approach နဲ့ Basic-Needs Approach သဘောတရားတွေကို သိမှ ဒီ ဘောနာရေဘဲ (Vulberable) တွေရဲ့ ဘ၀ကို ပြောင်းလဲနိုင်စွမ်းရှိမယ်။ ဒီတော့ကာ မင်းတို့ အနေနဲ့ ဘောနာရေဘဲ (Vulnerable) ဖြစ်နေတဲ့ သူတောင်းစားတွေရဲ့ လိုက် (Lives) တွေကို တကယ်တမ်း ချိန်း (Change) စေချင်တယ် ဆိုရင်တော့ နည်းစနစ်တကျ လုပ်ရမယ်။ တို့ မြို့ကလေးမှာ (၁) အုန်းတံမြက်စည်း ရောင်းတဲ့ဆိုင် ဘယ်နှစ်ဆိုင် ရှိသလဲ၊ (၂) အုန်းတံမြက်စည်း သုံးတဲ့အိမ် ဘယ်နှစ်အိမ် ရှိသလဲ၊ (၃) အိမ်တစ်အိမ်မှာ အုန်းတံမြက်စည်း ဘယ်နှစ်ချောင်း သုံးသလဲ၊ (၄) အုန်းတံမြက်စည်း တစ်ချောင်းကို ဘယ်လောက် တန်သလဲ၊ (၅) အုန်းတံမြက်စည်း တစ်ချောင်းရဲ့ သက်တမ်း ဘယ်လောက် ရေရှည်ခံသလဲ ဆိုတာတွေကို အရင်ဆုံး လေ့လာရမယ်။ ဒီ အချက်အလက်တွေကို ကောက်ယူပြီးရင် ဈေးကွက် အနေအထားကို ကောင်းကောင်းကြီး ခန့်မှန်းနိုင်ပြီ။ ပြီးတော့မှ အုန်းတံမြက်စည်း လုပ်နည်းသင်တန်း အတွက် လိုအပ်မယ့် သင်ရိုးညွှန်းတမ်းကို ပြင်ဆင်ရမယ် ဟု ဆိုလိုက်လေ၏။

ထိုဆြာကြီး၏ ရှင်းလင်းပြတ်သား၍ ခိုင်မာကျစ်လစ်သော စကားတို့ကြောင့် လက်ဘက်ရည်ဆိုင် ထိုင်နေသူအားလုံး ဟင်ခနဲ ဟယ်ခနဲ ဖြစ်သွားပြီး စိတ်ထဲတွင် ကြိတ်၍ ချီးကျူးကြကုန်၏။ ဆြာကြီးထံမှ ထုံးတီးနည်းနာ အဖြာဖြာကို လေ့လာလိုသဖြင့် ခေါင်းထောင်လာကြကုန်၏။ ဆြာကြီးကား အကွက်ဆိုက်ပြီး ဖြစ်သဖြင့် မစားရ ၀ခမန်း လုပ်ထုံးနည်းနာ အဖြာဖြာကို အိတ်သွန်ဖာမှောက် ပို့ချလေ၏။ ကျွန်ုပ်ပင်လျှင် ထိုလူကြီး၏ လက်ချာကို စိတ်ဝင်စားစွာ နားထောင်နေမိသဖြင့် အလိုက်ကန်းဆိုး မသိဘဲ ပိုက်ဆံလာတောင်းသူ ရေစီးကမ်းပြို သူတောင်းစား အဒေါ်ကြီးကို စိတ်တိုတိုဖြင့် အော်ငေါက်လွှတ်မိသည်။

ဆြာကြီး၏  ဒေသနာအဆုံး၌ ကျွန်ုပ်တို့ လူသိုက်မှာ ချက်ချင်း ထတဲ့ပြီး အုန်းတံမြက်စည်းလုပ်နည်း သင်တန်းဖွင့်ရမလို ဘာလိုလို ဖြစ်သွားလေ၏။ သို့သော်လည်း အုန်းတံမြက်စည်းလုပ်နည်း သင်တန်းဖွင့်လှစ်ရန် (၁) အုန်းလက်ကုန်ကြမ်း အခက်အခဲ၊ (၂) အုန်းတံမြက်စည်း ပြုလုပ်နည်းဆိုင်ရာ နည်းပညာအခက်အခဲ၊ (၃) အုန်းလက် ၀ယ်ယူသိုလှောင်ရန် နေရာထိုင်ခင်း အခက်အခဲ၊ (၄) အုန်းတံမြက်စည်း ပြုလုပ်နည်း သင်ကြားပို့ချမည့် လူ့စွမ်းအားအရင်းအမြစ် အခက်အခဲ (၅) ဘဏ္ဍာရေး အခက်အခဲ စသည်တို့အပြင် (၆) သူတောင်းစားတို့ကို စည်းရုံးရန်အခက်အခဲ စသည်တို့ကို တွက်ဆမိသဖြင့် ကျွန်ုပ်တို့လူသိုက် ဖော်ထုတ်ထားသည့် အလွန်တရာမှာ တော်တည့် ကောင်းမွန်လှစွာသော “သူတောင်းစားတို့၏ ဘ၀များ မြင့်မားတိုးတက်လာစေရေး သို့မဟုတ် “Enhancing socio-economic condition of beggars”  ဟု အမည်ပေးထားသော စီမံချက်ကြီးကို စတင်ခြင်း မပြုရသေးမီမှာပင် ဖျက်သိမ်း၍ လက်ဘက်ရည်ဆိုင်မှ ထွက်ခွာခဲ့ရလေသတည်း။

သို့နှင့်ပင် တစ်မိုးကုန်၍၊ တစ်ဆောင်း သစ်ကာ တစ်နွေကူးခဲ့၏။ ကျွန်ုပ်တို့ လူသိုက်တွင် သူတောင်းစားတို့၏ လူနေမှု အဆင့်အတန်း မြင့်မားရေး ကိစ္စထက် ပို၍ အရေးပါသော မိသားစုကိစ္စများဖြစ်သည့် စပါးပေး ဓနိပေး အကြွေး သိမ်းခြင်း၊ အကြွေး မပေးနိုင်သူများကို တရားစွဲဆိုရခြင်း အစရှိသည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေရသဖြင့် ရေမျောကမ်းတင် သားအဖ အကြောင်းကို မေ့မေ့ပျောက်ပျောက်ပင် ထားလိုက်ကြတော့သည်။ စပါးသိမ်းချိန်ကစ၍ လက်ဘက်ရည်ဆိုင်သို့ မရောက်ဖြစ်တော့သည်။

ရံဖန်ရံခါတွင် ရေမျောကမ်းတင် သားအဖတို့ ကျောင်းလမ်း နံဘေးတွင် ဖျေဖျော်ပွဲ လုပ်နေသည်ကို တွေ့ရ၏။ ရံဖန်ရံခါတွင် သူတို့ သားအဖနှစ်ဦး ကုန်းလေးဈေးထိပ်တွင် သီဆိုဖျေဖျော်နေသည်ကို တွေ့ရသည်။ သူတို့ကို မြင်သော် ကျွန်ုပ်တို့မှာ မစတင်မီက ဖျက်သိမ်းလိုက်ရသော “သူတောင်းစားတို့၏ ဘ၀များ မြင့်မားတိုးတက်လာစေရေး စီမံချက်ကြီးကို နှမြောတသမိတော့သည်။ သို့သော်လည်း ငါ့ဝမ်းပူဆာ မနေသာဆိုသည့်အတိုင်း နိစ္စဓူဝ လုပ်ငန်းဆောင်တာတို့ကို ဆောင်ရွက်နေရသဖြင့် ယင်း ရေမျောကမ်းတင်တို့ အကြောင်းကို မေ့မေ့ပျောက်ပျောက် ထားလိုက်တော့သည်။

(၇)

သို့နှင့်ပင် တစ်နွေကုန်၍ တစ်မိုးဝင်ခဲ့ပြန်၏။ ကျွန်ုပ်တို့ လူသိုက်အဖို့ မိုးဥတုသည် ပျင်းရိဖွယ်ရာ ကောင်းလှသည်။ တောသူတောင်သား လယ်သမားတို့ မိုးထဲလေထဲတွင် ကျွဲ၊ နွားတို့နှင့် ဖက်ပြိုင် ရုန်းကန်နေခိုက်တွင် ကျွန်ုပ်တို့ လူသိုက်မှာ အလုပ် မရှိ လက်ဘက်ရည်ဆိုင် ထိုင်လိုက် ထင်ရာမြင်ရာ ပြောဆိုလိုက်ဖြင့် မိုးရာသီကို ရင်ဆိုင် ကျော်လွှား ကြရတော့သည်။

တစ်ခုသော  နံနက်ခင်းတွင် ကျွန်ုပ်တို့ လူသိုက်သည် လက်ဘက်ရည်ဆိုင်တွင် ကျောက်ချထိုင်ရင်း တရိပ်ရိပ် တလိပ်လိပ် တက်လာသည့် မိုးတိမ်တို့ကို ကြည့်ရှုကာ “ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်းသည့် ယောင်းမတို့လေ။ ၀ါဆိုငယ်မှ ၀ါခေါင်၊ ရေဖောင်ဖောင်နှင့်၊ ရွာ့တောင်က ချောင်း၊ ရွာ့နောက်ပေါင်းကို၊ ထနောင်းကြောင်ပျစ် (ချစ်)၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာသည်၊ ရွာပါသော်လည်း မိုးမသဲ။ ။ ဟူသည့် အိုင်ချင်းကို ရှင်ငြိမ်းမယ် ရေးစပ်ခဲ့ခြင်းပေလော၊ သို့တည်းမဟုတ် ကျေးလက်လယ်သူမတို့ ရေးဖွဲ့ခဲ့ခြင်းပေလောဟူသည့် ပြဿနာကို အစဖော်၍ လေပန်းနေကြ၏။ ထိုအခိုက်တွင် မိုးတိမ်တမန်၏ ရှေ့တော်ပြေး မုတ်သုန်လေသည် ဆိုင်အတွင်းသို့ ရုတ်ခြည်း ၀င်ရောက်လာ၏။ မုတ်သုန်လေ၏ နောက်တွင် မိုးစက်တို့ တပါတည်း လိုက်ပါလာ၏။

မိုးရွာလေပြီ။ အောက်ပြေ အောက်ရွာတွင် ရွာသည့် မိုးမှာ တစိမ့်စိမ့် တသိမ့်သိမ့်နှင့် တစ်နေကုန် တစ်နေခန်း နေ မမြင်ရအောင် ရွာသော မိုး ဖြစ်၏။ ကြည်စင် တောက်ပနေသည့် မိုးကောင်းကင်သည် မျက်တောင်တစ်ခတ်၊ လက်ဖျစ် တစ်ချက်တီး ခန့်မျှသော အချိန်ကာလ အတွင်းမှာပင် ဘယ်ဝယ်ဆီသို့ ပုန်းရှောင်သွားပြီမှန်း မသိ။ ရှစ်ခွင်တိုင်းတွင် မျက်နှာမည်း ဒေဝေါကြီးသာ ထီးထီးကြီး ကျန်တော့သည်။

မိုးရောလေပါ သည်းထန်လာ၏။ တ၀ူးဝူး တဝေါဝေါ မြည်ဟီးနေသည့် မိုးသံလေသံကြောင့် ကျွန်ုပ်တို့ ဆွေးနွေးလက်စ အိုင်ချင်းရေးဖွဲ့သူ မည်သူနည်းဟူသည့် ပြဿနာကို ခေတ္တမျှ ရပ်ထားလိုက်ရသည်။ ထိုအခိုက်တွင် မိုးထစ်ချုန်းသံ ကြားရ၏။ လျှပ်ရောင်အပြက်တွင် လက်ဘက်ရည်ဆိုင် ရှေ့လမ်းမ နံဘေးရှိ ဗာဒံပင်အောက်တွင် မိုးခိုနေသော သဏ္ဌာန် တစ်ခုကို တွေ့လိုက်ရ၏။ မိုးသည်း နေသဖြင့် မြင်ကွင်းမှာ မသဲကွဲချေ။ ကျွန်ုပ်တို့အားလုံး ဘာရည်ရွယ်ချက်မှ မရှိပါဘဲနှင့် ဗာဒံပင်ကို အကာအကွယ်ပြု၍ သည်းကြီးမည်းကြီး ရွာသွန်းနေသည့် မိုးစက်တို့ကို အန်တုရန် ပြင်နေသည့် မိုးခိုနေသူကို မမှိတ်မသုန် ကြည့်နေမိသည်။

လျှပ်ရောင် ၀င်းခနဲ အလက်တွင် မိုးခိုနေသူ၏ ခန္ဓာကိုယ်မှာ အခြားသဏ္ဌာန် တစ်ခု ထပ်မံ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ကျွန်ုပ်တို့ အားလုံး ဟယ် ခနဲ ဖြစ်သွားသည်။ လက်စသတ်တော့ ရေမျောကမ်းတင် သားအဖတို့ ဖြစ်နေပကလား ဟို ရေရွတ်မိတော့သည်။  “ဟာကွာ ဒီလောက် မိုးသည်းနေတာ သစ်ပင်အောက်မှာ ရပ်နေရတယ်လို့ ဟု တစ်ဦးက မချိတင်ကဲ ရေရွတ်လိုက်ပြန်သည်။ ကျန်တစ်ဦးကလည်း “ဟုတ်ပါ့ကွာ ကလေးက မိုးရေထဲမှာ အအေးပတ်ပြီး ဖျားတော့မှ ဒုက္ခများကုန်မယ် ဟု ဆိုရင် ခေါင်း တဆတ်ဆတ်ညိတ်ကာ ထောက်ခံ၏။

ဘဲဥသည် နှုတ်ခမ်းတွင် ခဲထားသည့် ဆေးပေါ့လိပ်တိုကို ဆိုင်ရှေ့ ရေမြောင်းထဲသို့ လွှတ်ပစ်လိုက်ပြီးလျှင် ထိုင်ရာမှ ဗြုန်းခနဲ ထတဲ့၍ ခုံအောက်တွင် ထိုးထည့်ထားသော ထီးများ အနက်မှ ထီးနှစ်ချောင်းကို ဆွဲယူကာ မိုးရေထဲသို့ လျင်မြန်စွာ ထွက်ခွာသွားလေ၏။ သူ၏ လှုပ်ရှားမှုမှာ စနစ်တကျ လေ့ကျင့်ထားသော တိုက်ခိုက်ရေးသမား တစ်ဦးကဲ့သို့ သပ်ရပ်၊ တိကျ၊ မြန်ဆန်လွန်းလှသည်။ ဘဲဥသည် ဗာဒံပင်အောက်တွင် မိုးခိုနေသည့် ရေမျောကမ်းတင် သားအဖကို လက်ဘက်ရည်ဆိုင်ထဲသို့ ခေါ်လာသည်။ ကလေးမလေးရော ဖခင်ကြီးပါ မိုးဒဏ်ကြောင့် ခိုက်ခိုက်တုန်နေရှာတော့သည်။ “လက်ဘက်ရည် နှစ်ခွက် ကိုစစ်ထွေးရေ ဟု ဘဲဥက လက်ဘက်ရည် မှာလိုက်သည်။ “မုန့်လဲ ချကျွေးလိုက်ကွာ ဟု တစ်လက်စတည်း မှာပြန်သည်။ ရေမျောကမ်းတင် သားအဖကား ဘဲဥကို ကြောင်တက်တက် ကြည့်နေလေ၏။

သူတောင်းစား မင်းသမီးလေးမှာ ချမ်းရှာလွန်း၍ နှုတ်ခမ်းပင် ပြာနေလေပြီ။ သူ ၀တ်ထားသည့် သင်တိုင်း တိုနံ့နံ့ ကလေးမှ မိုးရေစက်တို့ တစ်စက်ပြီး တစ်စက် ကျဆင်းနေသဖြင့် သူ့ ထိုင်နေသည့် ခွေးခြေပု အောက်တွင်  ရေအိုင်ထွန်းနေလေ၏။ ဘဲဥကား သူ့ ထုံးစံအတိုင်း ရေမျောကမ်းတင် သားအဖကို စပါးရော ဖွဲရောလုပ်ရင်း ဟိုမေး ဒီမေး မေးနေသည်။ ဘဲဥ၏ ငေါက်ဆတ်ဆတ် လေသံသည် တဝေါဝေါ ရွာသွန်းနေသည့် မိုးသံကို တစ်ချက်တစ်ချက်တွင် ကျော်၍ ထွက်လာသည်။

အတန်ငယ် ကြာပြီးနောက် မိုးတိတ် သွားလေ၏။ လက်ဘက်ရည်ဆိုင် ထိုင်နေသူအားလုံး အိမ်ပြန်ရန် ပြင်ကြကုန်၏။ ရေမျောကမ်းတင် သားအဖလည်း သူများနည်းတူ ရောယောင်ထပြီး အိမ်ပြန်ရန် ပြင်၏။ ဖခင် သူတောင်းစားကြီး၏ မျက်နှာမှာ ရှိုးတိုးရှန့်တန့် ဖြစ်နေသည်ဟု ကျွန်ုပ် ထင်မိသည်။ “ဟေ့ရောင် ကျပ်ခိုး ငါ့ကို ပိုက်ဆံ ငါးရာလောက် ပေးစမ်း ဟု ဘဲဥက လှမ်းပြောလိုက်သည်။ ဘဲဥသည် ကျွန်ုပ် ပေးလိုက်သည့် ငါးရာတန် ငွေစက္ကူကို သူတောင်းစားကြီး၏ လွယ်အိတ်ထဲသို့ ထည့်ပေးရင်း “မြန်မြန်ပြန်တော့ မိုးတွေ သိပ်ရွာနေရင် အပြင် မထွက်နဲ့။ ကလေး ဖျားမယ် ဟု တည်ငြိမ်စွာ ဆိုလိုက်သည်။

(၈)

ထိုနှစ်က မုတ်သုန် အားကောင်းလှသည်။ မိုးရေလေပါ သည်းထန်လွန်းသဖြင့် လက်ဘက်ရည်ဆိုင်သို့ ကျွန်ုပ် မသွားနိုင်တော့ချေ။ အိမ်တွင်အောင်းပြီး မိခင်နှင့် နှမများကို ကဏ္ဍကောဇ လုပ်ခြင်းဖြင့် ပျင်းရိဖွယ်ကောင်းလှသော မိုးနေ့ မိုးညများကို ကုန်လွန်ရတော့သည်။ ထိုကာလအတွင်းမှာပင် ကျွန်ုပ်တို့ မိသားစုပိုင် လယ်မြေများရှိရာ ဒေါင့်ကြီးကျွန်းမှ သူရင်းငှားတစ်ဦးသည် မြို့သို့ တက်လာပြီး စပါးခင်းများ ရေမြုပ်နေပြီ ဖြစ်ကြောင်း သတင်းပေးပို့ လာ၏။ မိခင်နှင့် ဖခင်ကြီးမှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်တော့သည်။ သူရင်းငှားတို့ အလိုမူကား အထက်ရေ (မိုးရွာသဖြင့် မြစ်ညာမှ စီးဆင်းလာသော မြစ်ရေ) နှင့် အောက်ရေ (ရှိရင်းစွဲ မြစ်ရေ) ရင်ဆိုင် တွေ့ကြသည်တွင် ကျွန်ုပ်တို့ မိသားစု၏ စပါးခင်းမှာ ခေါင်းမဖော်နိုင်တော့ပြီဟု ဆို၏။

လယ်ရေကြီး နစ်မြုပ်ခြင်းသည် ကျွန်ုပ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိသော်လည်း မိဘတို့က ကျွန်ုပ်ကို ရေကြီး နစ်မြုပ်နေသော စပါးခင်းကို သွားကြည့်ပြီး လိုအပ်တာ လုပ်ခဲ့ဟု ဟု တာဝန် အပ်နှင်းလာသည်။ မိခင်ကြီး၏ “ဟဲ့ အကောင် အိမ်မှာ ကျောခင်းပြီး ယောင်တောင် ပေါင်တောင် လုပ် မနေနဲ့။ တောဆင်းပြီး စပါးခင်းကို သွားကြည့်။ ပြီးရင် လိုတာ ကြည့်လုပ်ခဲ့ ဟူသည့် စကားကို ကြားရသည့်အခါ ကျွန်ုပ်တို့ လူလားမြောက်စ ခေတ်ကြီးတွင် ရေပန်းစားခဲ့ဖူးသည့် သတင်းစာ အရေးအသား ဖြစ်သော “သွားရောက် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ညွှန်ကြား ဟူသည် ကို သတိရမိတော့သည်။ ကျွန်ုပ်မှာလည်း သတင်းစာ ဇာတ်လိုက်ကြီးများကဲ့သို့ လုပ်ရချေတော့မည်။ သို့နှင့် အိမ်မှ လယ်စရိတ် ယူ၍ ဘဲဥကို အဖော်ခေါ်ပြီးလျှင် လယ်မြေရှိရာ ဒေါင့်ကြီးကျေးရွာသို့ သွားရောက်ရန် သဘောင်္ဆိပ်သို့ ဆင်းရန် ပြင်ရတော့သည်။ 

တစ်ပတ်ကျော်မျှ သည်းသည်းမည်းမည်း ရွာသွန်းနေသည့် မုတ်သုန်မိုးမှာ အားလျော့စပြုလာပြီ ဖြစ်သော်လည်း မစဲတတ်သေး။ ခပ်ဖွဲဖွဲ ရွာနေဆဲပင် ဖြစ်သည်။ ဘဲဥနှင့် ကျွန်ုပ်လည်း လယ်တော ဆင်းရာတွင် လိုအပ်မည့် ရိက္ခာဖြစ်သော ရမ်အရက်၊ စီးကရက် စသည့် ပစ္စည်းများကို ၀ယ်ယူပြီးနောက် သဘောင်္ဆိပ်သို့ ဆင်းခဲ့လေ၏။ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် သင်္ဘောဆိပ်သို့ သွားရာ လမ်းတလျှောက် ဗွက်ပေါက်နေ၏။ ကျွန်ုပ်နှင့် ဘဲဥလည်း ဗွက်အိုင်များကို ရှောင်ကွင်း၍ လျှောက်လှမ်းလာရင်း မြူနီစီပယ်အဖွဲ့ကို မေတ္တာပို့ကြကုန်၏။

သဘောင်္ဆိပ် ရေဆင်းတံတား အနားသို့ ရောက်ရှိလာသည်တွင် “တစ်ရွာသား အချိက ပိုပါတယ်။ တစ်ရွာသူ အချစ်လေးရယ် ဟူသည့် တေးချင်းသံကို ကြားလိုက်ရသည်။ အလို … ရေမျောကမ်းတင် သူငယ်မလေး ပါကလား။ ကုန်တင်ကုန်ချ အလုပ်သမားရုံး တံစက်မြိတ်အောက်တွင် ကျုံ့ကျုံ့ထိုင်၍ တဖွဲဖွဲ ရွာသွန်းနေသည့် မုတ်သုန်မိုးဒဏ်ကို တိမ်းရှောင်ကာ ပိုက်ဆံ တောင်းနေလေ၏။ “တယ် ခက်တော့တာပဲ ဟု ကျွန်ုပ် လွှတ်ခနဲ ညည်းညူ မိတော့သည်။ ဘဲဥလည်း ဘာမှ မပြောနိုင်တော့။ သို့နှင့်ပင် ကျွန်ုပ်တို့ သူငယ်ချင်း နှစ်ဦးမှာ ရေမျောကမ်းတင် သူငယ်မလေး ထံပါးသို့ မည်သူကမျှ တိုက်တွန်းစေ့ဆော်ခြင်း မပြုပါဘဲနှင့် ရောက်ရှိသွားလေ၏။

ဟဲ့ နင် တစ်ယောက်တည်းလား ဟု ဘဲဥက ကျုံရရုံ့ထိုင်ရင်း သီချင်းဆိုကာ ပိုက်ဆံတောင်းနေသူ သူငယ်မလေးကို မေးလိုက်သည်။ တေးသံ တိခနဲ ပြတ်သွားလေ၏။ သူငယ်မလေးကား ဘာမျှ ပြန် မပြော။ ပြူးကြောင်ကြောင် မျက်လုံးအစုံဖြင့် ဘဲဥကို မော့ကြည့်၏။ “နင့် အဖေ မပါဘူးလား ဟု ဘဲဥ ဆက်၍ မေးပြန်သည်။ ကလေးမလေးကား ဘာမျှ ပြန် မဖြေ။ ဘဲဥ ကျွဲမြီးတိုသွားသည်။ “ဟဲ့ နင့် အဖေရောလို့ မေးနေတယ်လေ ဟု ငေါက်ဆတ်ဆတ် ဆိုလိုက်သည်။ ထိုသော်မှ သူငယ်မလေးသည် နီကျင်ကျင် ဆံနွယ်ထွေးတို့ ဖုံးလွှမ်းအပ်သော ဦးခေါင်းကို ဘယ်ညာ ခါရမ်းပြရင်း “အဖေကြီး နေမကောင်းဘူး ဟု ခပ်တိုးတိုး ဆိုရှာသည်။ သူ့ စကားကြောင့် ကျွန်ုပ်တို့ နှစ်ဦး၏ နှလုံးသား အစုံမှာ ဓာတ်လိုက်ခံရသလို ကျဉ်ခနဲ ဖြစ်သွားသည်။

ဘဲဥသည် လေပူကို မှုတ်ထုတ်ရင်း “မိုးရေထဲ ပိုက်ဆံ တောင်း မနေနဲ့။ ပိုက်ဆံ ထည့်မယ့်လူတွေလဲ အိမ်ထဲကနေ အိမ်ပြင် ထွက်တာ မဟုတ်ဘူး။ သွား သွား .. ကမ်းနဖူးမှာ လေက တိုးက တိုးသနဲ့။ နင်ပါ ဖျားမှ ဒုက္ခ အချောင်းလိုက် ရောက်တော့မယ်။ ရော့ ပိုက်ဆံ ယူသွား အိမ်ပြန်တော့ ဟု ဆိုကာ ငွေတစ်ထောင် ထုတ်ပေးလိုက်သည်။ ငွေတစ်ထောင်သည် ကျွန်ုပ်တို့ အဖို့ များပြားသော ပမာဏ မဟုတ်သော်လည်း ရေမျောကမ်းတင် သားအဖတို့ အတွက်မူ တစ်စုံတစ်ရာသော အတိုင်းအတာမျှ အထောက်အကူ ပြုမည်ဟု ကျွန်ုပ်တို့ ထင်မိသည်။ ထို့နောက် ကျွန်ုပ်တို့ နှစ်ဦးမှာ ပဲ့ထောင်ကို စက်နှိုး၍ အချမ်းပြေ ရမ်နှစ်ပက်မျှ သောက်ပြီး တရုတ်နီ (၁၃) ကောင် အင်ဂျင်စက်ကို မီးပွင့်အောင် မောင်းနှင်ပြီး ဒေါင့်ကြီး ကျွန်းသို့ ယွန်းခဲ့၏။

လမ်းတစ်လျှောက်တွင် စိတ်ကူးတည့်ရာ ပြောဆိုရင်း ရေမျောကမ်းတင် သားအဖ အကြောင်းသို့ ရောက်သွားပြန်သည်။ “ဒီလိုပုံစံနဲ့ ဒီကလေးမလေး ကြီးလာရင် ဘာဖြစ်မလဲ ဆိုတာ မတွေးဝံ့ဘူး ဟု ဘဲဥက တွေးတွေးဆဆ ဆိုသည်။ သူ့ စကားကြောင့် ကျွန်ုပ်လည်း ရှိစုမဲ့စု ညဏ်ကို ထုတ်၍ စဉ်းစားမိသည်။ ရေမျောကမ်းတင်တို့၏ ဘ၀ကား ဘာမျှ မရေရာ။ ဤကဲ့သို့ ကလေး ဘ၀ကတည်းက ပိုက်ဆံတောင်းရမ်း၍ အသက်မွေးမြူ၍ ကြီးပြင်းရသည့် သူငယ်မအဖို့ ရှေ့ဆက် ပို၍ ဆိုးရန်အကြောင်းတရားကား အတော်ပင် သေချာသည်။ “မတော်ကွာ ကလေးက အပျို အရွယ်ရောက်လာရင် ဒုက္ခပဲ ဟု ကျွန်ုပ် ဆိုမိသည်။

ဤသူငယ်မလေး၏ ဘ၀မှာ မြစ်ရိုးတလျှောက်တွင် စုန်ဆန်မျောနေသည့် ဗေဒါပန်းပွင့်နှင့် အလား သဏ္ဌန် တူလှချေ၏။ သို့သော် ပန်းပွင့် ဘ၀သို့ မရောက်တတ်သေး။ အငုံ အဖူး ဘ၀ပင် ရှိသေးသည်။ လောကဓံ တရား၏ အထုအထောင်း၊ ပတ်ဝန်းကျင် အခြေအနေ ပယောဂ တို့ကြောင့် ပန်းအဖြစ် ကောင်းမွန်စွာ ဖူးပွင့်ရန် အခြေအနေ နည်းပါးလှသည်။ ရံဖန်ရံခါတွင် အကောင်းမြင်လွန်းသော စိတ်ကူးသည် ရေတွင် အရုပ်ရေးသည့်နှယ် ဖြစ်တတ်သည့် သဘောကို ကျွန်ုပ်တို့ ကောင်းစွာ နားလည်ပြီး ဖြစ်ပါသည်။ သို့နှင့်ပင် ထင်ရာမြင်ရာ ပြောရင်းဆိုရင်း ဒေါင့်ကြီးသို့ ရောက်လေသတည်း။

ဒေါင့်ကြီးတွင် ကျွန်ုပ်တို့ နှစ်ဦး အဖို့ အလုပ် များများစားစား မရှိချေ။ ရေမြုပ်နေသည့် စပါးခင်းတို့မှာ ကျွန်ုပ်တို့ နှစ်ဦးနှင့် သက်ဆိုင်သော အလုပ် မဟုတ်ချေ။ သို့နှင့် သက်ဆိုင်ရာ သူရင်းငှားတို့ကို ရေဖောက်ထုတ်ရန် ခိုင်းလိုက်ပြီး ကျွန်ုပ်တို့ နှစ်ဦးမှာ အရက်သောက်လိုက်၊ သူရင်းငှားတို့ ရှာဖွေ ချက်ပြုတ်ပေးသည့် ဖားကြော်၊ ငါးကြော်တို့ကို ပါးဖြဲနားဖြဲ စားလိုက်ဖြင့် ဇိမ်ကျနေလေ၏။ မြို့မှ ယူလာသည့် အရက်နှင့် စီးကရက် ကုန်သော် သူရင်းငှားခေါင်းကို ခေါ်၍ လုပ်ငန်း အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားကာ မြို့သို့ ပြန်ခဲ့ကြလေ၏။

(၉)

ခုနစ်ရက်၊ ခုနစ်လီ စွေခဲ့သော မိုးမှာ ယခုအခါတွင် ဖြိုးတိုးဖြောက်တောက်သာ ရွာနိုင်တော့သည်။ မြို့ကလေး၏ ကောင်းကင်ထက်တွင် တိမ်တိုက်တို့ အုံ့ဆိုင်းနေသော်လည်း ရံဖန်ရံခါတွင် နေမင်းသည် တိမ်တိုက်တို့ကို ထွင်းဖောက်ကာ သူ့ ရောင်လျှံကို ပြနိုင်သေးသည်။ မနာလို ငြူစူစိတ် ကြီးလွန်းသော မိုးတိမ်တို့က နေမင်း၏ အလင်းရောင်လျှံကို ဖုံးအုပ် ကွယ်ရှားလိုက်လျှင် နေမင်းခမျာ တိမ်ထက်သို့  ခပ်ယို့ယို့ ဆုတ်သွားရပြန်သည်။ သို့သော် နေမင်းကား မာန် မချ။ အခွင့်သာသည်နှင့် တပြိုက်နက် မိုးတိမ်မည်းတို့ကို ဖောက်ခွင်း၍ ပေါ်ထွန်းလာပြန်သည်။

ကျွန်ုပ်နှင့် ဘဲဥမှာ လက်ဘက်ရည်ဆိုင် ထိုင်ရင်းနှင့် နေမင်းနှင့် တိမ်တိုက်တို့၏ စစ်ပွဲကို ရှုစားနေကြသည်။ ထိုအခိုက်တွင် ခပ်ဝေးဝေးဆီတွင် လေကိုင်း သဏ္ဌာန် သက်တန့်ကြီး ပေါ်ထွက်လာ၏။ ကလေးများကား အိမ်ရှေ့သို့ ထွက်လာပြီး သက်တံ့ကို သူ အရင်မြင်သည် ငါ အရင်မြင်သည်နှင့် ကျွက်ကျွက်ညံအောင် ငြင်းခုန်နေကြ၏။

ကလေးတို့၏ ပျော်ရွှင်မြူးတူးသံကြောင့် ကျွန်ုပ်နှင့် ဘဲဥတို့ အလိုလို ပြုံးမိတော့သည်။ ဘဲဥက မလုံမလဲ အမူအရာဖြင့် ကျွန်ုပ်ကို ပြုံး၍ ကြည့်သည်။ ကျွန်ုပ်တို့ နှစ်ဦးလုံး မြူးတူးနေသည့် ကလေးငယ်တို့ကို ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မော မိတော့သည်။ စင်စစ် ကျွန်ုပ်တို့နှစ်ဦး ငယ်စဉ်က ဤကလေးတို့ထက်ပင် ပို၍ ဆိုးသေးသည်။ သက်တန့်ကြီး ရေသောက် ဆင်းသည့် ချောင်းမှာ သိကြားဘုရားကုန်း အနောက်ဘက်တွင် ရှိမည်ဟု ထင်မှတ်ပြီး မြို့နှင့် တစ်မိုင်ခန့် ဝေးသော သိကြားဘုရားကုန်းသို့ BMX စက်ဘီး ကိုယ်စီ စီးနင်းပြီး သက်တန့်၏ မူလဘူတကို စွန့်စွန့်စားစား မိုက်မိုက်မဲမဲ ရှာဖွေဖူးခဲ့သည် မဟုတ်လော။

ပျော်မြူးနေသည့် ကလေးငယ်တို့ကို ကြည့်ရင် ရေမျောကမ်းတင် သူငယ်မလေး၏ အကြောင်းသည့် ဘဲဥ၏ အတွေးထဲသို့ ရောက်ရှိလာဟန် တူသည်။ “ဒီလောက်လှတဲ့ သက်တန့်ကြီး ထွန်းနေတာကို ဟို ရေမျောကမ်းတင် ကောင်မလေး မြင်ရပါ့မလား ဟု လွှတ်ခနဲ ဆိုလိုက်သည်။ သူ့ စကားကြောင့် ကျွန်ုပ်လည်း စိတ်ထဲတွင် ထင့်ခနဲ ဖြစ်သွားသည်။ သက်တန့်ကြီး ပေါ်ထွက်နေရာ သိကြားဘုရားကုန်းဘက်သို့ ဖုန်းဆိုးကွင်းဘက်မှ လှမ်းကြည့်ရန် မလွယ်လှ။ ဖုန်းဆိုးကွင်းနှင့် သိကြားဘုရားကုန်း အကြားတွင်း အုန်းတောကြီး ပိတ်ဖုံးနေသည် မဟုတ်လော။ “ဒီလိုပဲပေါ့ ဘဲဥရယ် ဟုသာ ကျွန်ုပ် ပြောမိတော့သည်။ အလှတရား ပြည့်စုံသော ဤကမ္ဘာမြေကို ကြည့်မြင်ခွင့် မရသူ အဘယ်မျှ များပြားလိမ့်မည်နည်းဟု စဉ်းစားခန်း ဖွင့်မိတော့သည်။

ဘဲဥကား လက်ကျန် စီးကရက်ကို ကုန်အောင် ဖွာရှိုက်လိုက်ပြီး လက်ဘက်ရည်ဖိုး ရှင်းလိုက်သည်။ ထို့နောက် “ဟေ့ရောင် ကျပ်ခိုး လာကွာ … အပြင်ထွက်ရအောင် ဟု ဆိုသည်။ “မင်း စက်ဘီးကို ဆိုင်မှာပဲ ထားခဲ့လိုက်။ ငါတို့ ငယ်ငယ်တုန်းကလိုပေါ့ကွာ။ မင်းက ငါ့ စက်ဘီး ဘားတန်းပေါ် တက်ထိုင် ဟု ဆိုပြန်သည်။ “ဟေ့ မင်း ဘယ်သွားမလို့တုန်း ဟု ကျွန်ုပ် မေးမိသည်။ “ဖုန်းဆိုးကွင်းဘက်ကို သွားမယ်လေကွာ။ ကဲ တက်မှာသာ တက်စမ်း ဟု ဘဲဥက ဆိုလိုက်သည်။ ဘဲဥ ဘယ်ကို သွားမည်ကို ငယ်ပေါင်းကြီးဖော် ကျွန်ုပ် အတပ် သိပါသည်။

ဖုန်းဆိုးကွင်းသို့ သွားရာလမ်းမှာ ဗွက်ပေါက်နေလေ၏။ ဘဲဥသည် ဟိုတစ်ကွက် သည်တစ်ကွက် အိုင်ဖွဲ့ မင်းမူနေသည့် ဗွက်အိုင်တို့ကို ရှောင်ကွင်း၍ စက်ဘီးကို နင်းသည်။ လမ်းတလျှောက်တွင် ကျွန်ုပ်တို့ ငယ်စဉ်က ဆိုညည်းဖူးသည့် “ကပါ … ကပါ … ရွှေသုန္ဒရီရယ် ဟူသည့် တေးသီချင်းကို ပြိုင်တူ ဆိုညည်းမိတော့သည်။ တေးညည်းနေရင်း ဘဲဥသည် နောက်သို့ လှည့်၍ သက်တန့်ကြီး ပေါ်ထွန်းနေသည့် မိုးကောင်းကင်ကို စိုးရိမ်မကင်းဟန်ဖြင့် မကြာခဏ လှည့်ကြည့်သည်။

သို့နှင့်ပင် တောရကျောင်း ကုက္ကိုပင်တန်း၊ ရွှေသာလျောင်းဘုရား၊ ကျိုက်ထီးရိုးလေး စေတီတော် တို့ကို ကျော်လွန်၍ ဖုန်းဆိုးကွင်း အစပ်သို့ ရောက်ခဲ့လေ၏။ ဖုန်းဆိုးကွင်း တစ်ပြင်လုံး မြက်ရိုင်းတို့ ဖုံးလွှမ်းနေသဖြင့် မြစိမ်းရောင် ကမ္ဗာလာ ဖြန့်ခင်းထားသည့်နှယ် စိမ်းချင်တိုင်း စိမ်း၍ နေလေ၏။ ဘဲဥနှင့် ကျွန်ုပ်လည်း ဖုန်းဆိုးကွင်းကို ဖြတ်သန်း၍ တိုက်ခတ်လာသည့် မိုးလေအေးကို တ၀ကြီး ရှုရှိုက်လိုက်သည်။ ထို့နောက် ရေမျောကမ်းတင် သားအဖတို့ ကိန်းအောင်း စမ္ပာယ်ရာ တဲပုတ်ကလေးသို့ ခြေဦးလှည့်လိုက်သည်။ 

ရေမျောကမ်းတင် သားအဖတို့ နေထိုင်ရာ တဲအိမ်ကလေးမှာ ကြမ်းခုနစ်ချောင်း မဆိုထားဘိ၊ ကြမ်း တစ်ချောင်းမျှပင် ရှိဟန် မတူ။ တဲပုတ်ကလေး၏ အရှေ့တွင် ကြွပ်ကြွပ်အိတ်များ လမ်းသလားနေသည်ကို တွေ့ရ၏။ ဘဲဥနှင့် ကျွန်ုပ်သည် ခွင့်တောင်းခြင်း မပြုဘဲ တဲအိမ်ကလေး အရှေ့သို့ ရောက်ခဲ့သည်။ ဘဲဥက  ချောင်းသံ ပေးလိုက်သည်။ မည်သူမှ ပြန် မထူး။ မည်သည့် အရိပ်အရောင်ကိုမျှ မတွေ့ရ။ သို့ဖြစ်၍ ကျွန်ုပ်နှင့် ဘဲဥတို့ မရိုးမရွ ဖြစ်လာသည်။ စိတ်မြန်လက်မြန် ရှိသူများပီပီ “ကျွန်တော်တို့ ၀င်လာပြီ ဟု အသံပြု၍ တဲအိမ်ထဲသို့ ပိုင်စိုးပိုင်နင်း ၀င်ရောက်လိုက်လေ၏။

တဲအိမ်ကလေး၏ ၀င်ပေါက်မှာ နိမ့်လွန်းလှသဖြင့် ခေါင်းငုံ့၍ ၀င်ရသည်။ အမှောင်ထု ကြီးစိုးနေသဖြင့် တဲအိမ် အတွင်း မြင်ကွင်းမှာ မသဲကွဲ။ မျက်စိကို ခေတ္တမျှ မှိတ်ထားပြီး ဖွင့်ကြည့် လိုက်ပါမှ တဲအိမ် အတွင်း မြင်ကွင်းကို ကောင်းစွာ မြင်ရတော့သည်။ ၀င်ပေါက်၏ ညာဘက်တွင် သံပုဂံပြားဖြင့် ဖုံးအုပ်ထားသည့် သောက်ရေအိုး တစ်လုံး၊ တဲအိမ်၏ ပင်မနေရာတွင် ဖြန့်ခင်းထားသည့် သပေါ့ဖျာစုတ်တစ်ချပ်၊ ခေါင်တိုင်တွင် ချိတ်ဆွဲထားသည့် မယ်ဒလင်တစ်လက်၊ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေသည့် တိုလီမုတ်စ ပစ္စည်းများကို တွေ့ရသည်။ ရေမျောကမ်းတင် ဖခင်ကြီးသည် သပေါ့ဖျာစုတ်ပေါ်တွင် ထီးထီးကြီး ထိုင်နေလေ၏။ အလင်းရောင်ကို ကျောပေးပြီး ထိုင်နေသဖြင့် သူ့ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရချေ။

ကလေးမလေး မတွေ့ပါလားဗျ ဟု ဘဲဥက မေးလိုက်သည်။ ထို့နောက် “သက်တန့် ကြည့်ရအောင် လာပြောတာ ဟု ဘဲဥက ကသောကမျော ပြောလိုက်ပြန်သည်။ ရေမျောကမ်းတင်ကြီးကား ဘာမျှ မပြော။ တုပ်တုပ်မျှ မလှုပ်ချေ။ “ကလေး အပြင်ကို သွားနေတာလား ဟု ဘဲဥက မေးလိုက်ပြန်သည်။ ရေမျောကမ်းတင်ကြီးထံမှာ မည်သည့် အဖြေမျှ မထွက်လာပေ။

ကလေးမလေး ဘယ်သွားနေတုန်းဗျ ဟု ဘဲဥ က ထပ်မံပြီး မေးလိုက်ပြန်သည်။ ရေမျောကမ်းတင်ကြီးထံမှ တအိအိ ငိုရှိုက်သံ ထွက်ပေါ်လာ၏။ ကျွန်ုပ်တို့ နှစ်ဦးလုံး စိတ်ရှုပ်သွားလေ၏။ တစ်ခုခု မှားယွင်းနေပြီမှန်း သိလိုက်သည်။ “ဘာဖြစ်လို့တုန်းဗျာ၊ ကလေးမလေး နေမကောင်းဘူးလား ဟု ဘဲဥက ပျာပျာသလဲ မေးလိုက်သည်။ ရေမျောကမ်းတင်ကြီးကား ဘဲဥ၏ မေးခွန်းကို ပြန်၍ မဖြေ။ တအိအိနှင့် ငိုရှိုက်နေလေ၏။

သူ၏ ဟန်ပန် အမူအရာမှာ ပေါက်ကွဲရန် အသင့်ဖြစ်နေသည့် မီးတောင်ကြီးနှင့် အလား သဏ္ဌာန် တူလှ၏။ တအိအိ ငိုရှိုက်သံသည် တဗွမ်းဗွမ်း မြည်ဟီးနေသည့် ချော်ရည်ပွက်သံ အလားပင်။ ရေမျောကမ်းတင်ကြီးကို ကြည့်ရင်း ဘဲဥ ကျွဲမြီးတိုလာ၏။ “ခင်ဗျားကို မေးနေတယ်လေဗျာ။ ကလေး ဘာဖြစ်တာတုန်း။ မြို့ထဲသွားပြီး ပိုက်ဆံ တောင်းခိုင်းထားတာလား ဟူသည့် မေးခွန်း၏ အဆုံးတွင် ရေမျောကမ်းတင်ကြီး ဟီးလေးချ၍ ငိုကြွေးသည်ကို တွေ့ရလေသတည်း။

သူ့ ငိုသံသည် မီးတောင်ကြီး ပေါက်ကွဲ မြည်ဟည်းသည့် အလား ကျယ်လောင်လွန်းလှသည်။ ။ သူ့ ငိုသံကို မီးတောင် ပေါက်ကွဲသံနှင့် ခိုင်းနှိုင်းလျှင် သူ့ မျက်ဝန်းမှ တသွင်သွင် ကျဆင်းလာသည့် မျက်ရည်တို့ကို ချော်ရည်ပူဟု ဆိုရချေမည်။ ထို့နည်းတူ ရှိုက်သံ စွက်နေသော “သမီးလေး သေသွားပြီ ဟုသည့် စကားကိုမူ ချော်ရည်ပူတို့ အထဲမှ လွင့်စဉ်ထွက်လာသော ကျောက်စိုင်ခဲကြီးဟု တင်စားရပေမည်။ ယင်း ကျောက်စိုင်ခဲကြီးသည် ရေမျောကမ်းတင်ကြီး၏ လည်ချောင်းဝမှ ခုန်ပျံထွက်လာပြီးလျှင် ဘဲဥနှင့် ကျွန်ုပ်တို့၏ ရင်ဝကို ပြင်းစွာ ဆောင့်၏။

ရေမျောကမ်းတင်ကြီး၏ လည်ချောင်းမှ ချော်ရည်ပူတို့ ဆက်၍ စီးဆင်းလာလေ၏။  “ကျွန်တော် မိုးမိပြီး အဖျားဝင်တာ အတော် ကြာပြီ။ စားစရာ မရှိတော့ ကလေးက ဗိုက်ဆာတာပေါ့။ လူကြီးက အောင့်ခံလို့ ရပေမယ့် ကလေးဆိုတော့ ဆာတာပေါ့။ သမီးလေးက မိုးနည်းနည်း စဲတော့ မြို့ထဲကို သွားသေးတယ်။ ငွေတစ်ထောင် ရလာတယ်တဲ့။ အဲဒီငွေလေးနဲ့ ဆန်ဝယ်လာပြီး ကျွန်တော့်ကို ဆန်ပြုတ် ပြုတ်တိုက်တယ်။ အဲဒီနေ့ညမှာပဲ ကလေးလဲ ဖျားတယ်။ ကျွန်တော်ကလဲ အိပ်ရာထဲက မထနိုင်ဘူး။ နောက်နေ့ကျတော့ ကလေးက တစ်နေ့လုံး ဖျားပြီး ခွေနေတယ်။ ညနေစောင်းတော့ ပိုသည်းလာတယ်။ နောက်တော့ ကယောင်ကတမ်းတွေ လျှောက်ပြောပြီး  တက်တယ်။ မိုးမလင်းခင် ဆုံးသွားတာပဲ ဟု တသီတတန်း ပြောပြီးနောက် တရှုတ်ရှုတ်နှင့် ငိုပြန်သည်။ မထင်မှတ်ဘဲ ကြားလိုက်ရသည် စကားတို့ကြောင့် ကျွန်ုပ်တို့ နှစ်ဦးလုံး ဖင်ထိုင်ရက် ကျလုမတတ် ဖြစ်ရတော့သည်။ ဘဲဥသည်  လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်၏။ ရေမျောကမ်းတင်ကြီးကား ငိုကောင်းဆဲပင်။

(၁၀)

ဘဲဥနှင့် ကျွန်ုပ်သည် စိတ်မကောင်းခြင်း ကြီးစွာနှင့် တဲအိမ်ငယ်အတွင်းမှ အပြင်သို့ ထွက်ခဲ့သည်။ စူးရှသော အလင်းရောင်သည် ကျွန်ုပ်တို့၏ မျက်နှာပေါ်သို့ ကျဆင်းလာ၏။ တဲအိမ်ကလေး၏ အရှေ့စူးစူးရှိ သင်္ချိုင်းကုန်း အစပ်ရှိ လယ်ကွက်များတွင် အစာရှာနေသည့် ဗျိုင်းဖြူတစ်အုပ်ကို တွေ့ရ၏။ အနောက်ရမ်းသည် သင်္ချိုင်းကုန်းကို ဖြတ်သန်း၍ တိုက်ခတ်လာသည်။ သင်္ချိုင်းကုန်း ခြံစည်းရိုးတွင် အလေ့ကျ ပေါက်နေသော အရပ်အခေါ် ဘောလုံးပန်းဟု အမည်ရသည် ပန်းနုရောင် မိုးနှင်းပန်းတို့ အဆုပ်လိုက် အဆုပ်လိုက် ပွင့်ဖူးနေသည်ကို တွေ့ရသည်။ ကျွန်ုပ်တို့ နှစ်ဦးလုံး တိုင်ပင်ထားခြင်း မရှိပါဘဲနှင့် သင်္ချိုင်းကုန်း အစပ်ရှိ ဘောလုံးပန်းခင်းကြီးကို ကြည့်နေမိတော့သည်။

ဟေ့ရောင် ကျပ်ခိုး …. ကလေးမလေးကို မြုပ်ထားတာ ဟောဟို ဘောလုံးပန်းခင်း အနောက်နားမှာ ဖြစ်မယ်ကွ ဟု ဆိုရင်း ဘဲဥသည် ခဲတစ်လုံးကို ကောက်ယူပြီး ဘောလုံးပန်းခင်းထဲသို့ ပစ်ထည့်လိုက်၏။ ယင်းနောက် ကျွန်ုပ်တို့နှစ်ဦးသည် ဖုန်းဆိုးကွင်း မြက်ရိုင်းတောကို ဖြတ်သန်း၍ မြို့သို့ တိတ်ဆိတ်စွာ ပြန်ခဲ့တော့သည်။ မိုးရွာသွန်းပြီးစဖြစ်သဖြင့် လောကဓာတ်အ၀ှန်းသည် သစ်လွင်လန်းဆန်း နေလေ၏။ မိုးဆွေငှက်၏ “မိုး … သည်း သည်း သည်း ဟူသည့် မိုးခေါ်သံကို ကြားရပြန်သည်။

မြို့ဆီသို့ အပြန်လမ်းတွင် ကောင်းကင်ကို မော့ကြည့်မိသည်။ သိကြားဘုရားကုန်းထက်တွင် သက်တန့်ကြီး ပေါ်ထွန်းနေဆဲပင် ဖြစ်သည်။ သိကြားဘုရားကုန်း အနောက်ဘက်ရှိ ချောင်းရိုးတွင် ရေသောက်ဆင်းနေသော သက်တန့်ကြီးသည် ဖုန်းဆိုးကွင်းဘက်သို့ တဖြည်းဖြည်း လှမ်းသွားနေသည်ကို ကျွန်ုပ် တွေ့ရသည်။ ကျွန်ုပ်၏ အမြင်အာရုံ မှားယွင်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။ မည်သို့ပင် ဖြစ်စေကာမူ တရွေ့ရွေ့ လှမ်းသွားနေသည့် သက်တန့်ကြီးအား ဖုန်းဆိုးကွင်းနှင့် သုဿာန် အကြားရှိ ဘောလုံးပန်းခင်းတွင် ခရီးတစ်ထောက် နားလှည့်ပါဦးဟု ကျွန်ုပ် လှမ်းအော် ပြောမိတော့သည်။

မောင်ကျပ်ခိုး

မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ပထမ ၀ါဆိုလပြည့်ကျော် ၁၁ ရက် စနေနေ့ ၊ ခရစ်နှစ် ၂၀၁၂ ခုနှစ် ဇူလိုင် ၁၄ ရက်။