Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 (အမှောင်ခေတ်ထဲက သားအဖရဲ့မေတ္တာဘွဲ့)

 

 (<<< အစ အဆုံး စာမျက်နှာ တစ်ခုထဲတွင် ဖတ်ရန် >>> ။ တကြိမ်သာ loading လုပ်ရန် အဆင်ပြေသော ကော်နက်ရှင်း နှေးသူများအတွက်)

 

bird in a cage

 

 

အဲဒီတုန်းက ခိုတအုပ် ကျွန်တော့် အခန်းရှေ့မှာ အစာလာ ကောက်ကြတော့ မောင်ညိုကို “စ” သတိထားမိခဲ့တာ။ သတိထားမိခဲ့ပုံကလဲ တခြားခိုတွေ ပျံသွားလို့မှ သူကမပျံဘဲ အစာကောက်ကျန်နေခဲ့။ နောက်တခေါက် ခိုအုပ်တွေ ထပ်ကျ လာတော့လည်း မောင်ညိုတကောင်ထဲ ထူးထူးခြားခြား ကျန်ရစ်ပြီး သဲသဲမဲမဲနဲ့ အစာဆက်ကောက် နေခဲ့တာတွေကြောင့်။

 


ဘာကြောင့်များပါလိမ့်၊ သူအစာကောက်နေပုံက ထူးတယ်။ တမျိုးဖြစ်နေတယ်ဆိုပြီး သေချာကြည့်လိုက်တော့ အစာကို ကြိုးစားပမ်းစား ကောက်နေပေမယ့် အစာကမပါ၊ သူ့ပါးစပ်ထဲမရောက်၊ ဘယ်လိုကောက်ကောက် အစာက မပါနိုင်ဘူး ဖြစ်နေတာတွေ့တယ်။ အစာကို သူ့နှုတ်သီးလေးနဲ့ တတောက်တောက်ထိုးဆိတ် နေလိုက်တာ မရပ်မနား။ ကြိုးစားပမ်းစား။ ဒါပေမယ့် အစာက ဟိုချော် ဒီရွေ့ပါးစပ်ထဲ ပါမသွား။ လားလား။

 

ဘယ်ပါနိုင်ပါ့မလဲ။ သေခြာလှမ်းကြည့်မှ အောက်နှုတ်သီး တခြမ်းလုံးက ပြုတ်နေတာကိုး၊ တခုလုံးကို ပဲ့နေရှာတာပါလား။ အဲဒီ အောက်နှုတ်သီးအခြမ်းမှ မရှိပဲ အစာကို ဘယ်လိုညှက်မလဲ။ အဲဒီ အောက်မေးရိုး ဆိုပါစို့ရဲ့။ ဘာကြောင့်ဘယ်လို ဘယ်တုန်းကများ တခုလုံး ပဲ့သွားရပါလိမ့်။ လေးသီးဖြတ်မှန် လိုက်တာများလား၊ သေချာတာက အောက်နှုတ်သီး မရှိတော့ ထမင်းစေ့လေးတွေကို ညှပ်မရတော့တာ အစာကောက်မရ ဖြစ်နေတာပဲ။ အသွား တခြမ်းပဲ့သွားလို့ ညှပ်မရတဲ့ ဇာကနာတချောင်းလို။

 

သူ့ ဒုက္ခမသေးဘူး။ တချိန်လုံး အစာကောက်နေပေမယ့် အစာကမပါတော့ ခင်မျာ ခေါင်းတဆန့်ဆန့်၊ လည်တခါခါ ပင်ပန်းနေလိုက်တာ။ ဒီခိုလေးကို ငေးရင်း ကိုယ်တောင် စိတ်မောလာတယ်။ ငှက်နှုတ်သီးတွေ ကိစ္စလဲတွေးတယ်။ ငှက်လေးတွေကို သဘာဝကပေးလိုက်တဲ့ နှုတ်သီးတစုံရဲ့ အရေးပါပုံကို တွေးမိတယ်။ တကယ်ပဲ အပေါ်အောက် နှုတ်သီးတစုံလုံး ပြည့်စုံမှ ငှက်တွေဟာ အစာကောက်နိုင် အသက်ရှင် နိုင်မှာပါလား။ နှုတ်သီးတဖက် မရှိတာနဲ့ ဒီခိုလေး ဒုက္ခရောက်တော့တာ။ လက်နှစ်ဖက် မရှိတဲ့လူ ကျတော့ အစာမကောက်နိုင်တဲ့ ဒုက္ခ ရှိချင်ရှိမယ်။ ဒါပေမယ့် ခွံ့ကျွေးမယ့်လူ ရှိဦးမယ်။ အသက်ရှင်နိုင် သေးတယ်။ ငှက်ကျတော့ ဘယ်သူ လာခွံ့မလဲ။ ဘယ်လို အသက်ဆက်မလဲ။

 

အောက် နှုတ်သီးနဲ့ ညှပ်စရာမရှိလို့ သူ့လျှာလေး အကူအညီနဲ့ အစာကို လှမ်းတို့နေတာလဲ တွေ့ရဲ့။ အစာကို လျှာနဲ့ သူဆွဲဘို့ ကြိုးစားနေတာ။ ယူကြည့်နေတာ။ ဒါပေမယ့် လျှာက လျှာအလုပ်။ အစာကောက်ဖို့မှ မဟုတ်တော့ ထမင်းလုံး တလုံး ကပ်ပါသွားလောက်အောင် အသုံးမ၀င်ဘူးဖြစ်နေပုံ ရတယ်။ နှုတ်သီးနှစ်ဖက်နဲ့ ညှပ်လိုက်မှ လျှာက အစာကို ဆွဲသိမ်းလို့ရတာမျိုး။

 

ငှက်ကလေးတွေ ပင်ကိုယ် သဘာဝ အစာကောက်ပုံကို ကြည့်ရင် အလွန်မြန်။ မျက်စေ့ နှုတ်သီး လျှာ တချိန်ထဲ ပြိုင်တူ လှုပ်ရှားနေကြတာ။ တစပ်စပ် နဲ့ မြန်မှမြန်။   ကောက်ရမယ့် အစာကို တခါထဲ ကြည့်ပြီးသား ညှပ်ပြီးသား လျှာနဲ့ဆွဲ အာခေါင်နောက် ပို့ပြီးသား။ ကျွန်တော်ဖတ်ဖူးတဲ့ ဆောင်းပါးတခုမှာဆို လေ့ကျင့်ထားတဲ့ ခိုတကောင်ဟာ အရေအတွက် ရာပေါင်းများစွာ စုပုံထားတဲ့ စိန်ပုံထဲကနေ အပြစ်အနာအဆာပါတဲ့ စိန်လုံးလေးတွေကို တမဟုတ်ချင်း လူထက် အဆပေါင်းများစွာ မြန်မြန် ခွဲခြား ကောက်ယူနိုင်စွမ်း ရှိသတဲ့။

 


သူတို့ ဘယ်လောက်မြန်ဆန် သေသတ်သလဲဆိုတာ ကျွန်တော် မြေပြောင်ပြောင်မှာ စမ်းကြည့်ဖူးတယ်ဗျို့။ စိန်တွေတော့ မဟုတ်ရပါဘူးဗျာ။ လ္ဘက်အစုံသုတ် အထုတ်ထဲက နှမ်းထုတ်ကို လ္ဘက်ထဲ ထည့်မစားပဲ ခိုတွေကိုပစ် ချကျွေးတာ။ နှမ်းစေ့လေးတွေက သေးတော့ သူတို့ ကောက်ရတာ ခဲယဉ်းမယ် ကြာမယ် လွဲချော်နေမယ် ထင်တာ။ အိုး-မြန်မှမြန်၊ မြန်လိုက်တာမှ နှမ်းတထုတ် ခဏလေး။ တစပ်စပ်ကောက်သွားလိုက်ကြတာ။ တစေ့တလေတောင် လွဲချော်တာ၊ ကျန်သွားတာမရှိ။ နှစ်ခါ ပြန်ကောက်ရတာ မရှိ။ ယာယီ အခန်းဖေါ်တွေကတော့ ကျွန်တော်ကိုကြည့်၊ ဒီလူကြီး ကြောင်နေပြီလို့ စိတ်ထဲ ကြိတ်တွေးချင်လည်း တွေးနေမှာသိသား။

 

သိတ်မထူးပါဘူး ဒီနေရာ ရောက်လာတဲ့ လူတွေက အချိန်တခုရောက်ရင် တယောက်ဝါသနာဗီဇ တမျိုးမျိုးစီနဲ့ ကြောင်လာကြတာချဉ်းဘဲ။ “လွတ်ကြောင်” “ကြာကြောင်” “ပုန်းကြောင်” စသဖြင့်ပေါ့ဗျာ။ သိတ်လွတ်ချင်လို့ “ဗျာ” သိတ်များနေတဲ့ လူကို “လွတ်ကြောင်”။ အနေကြာလာလို့ ပုံမှန် အနေအစား မဟုတ်တော့ဘဲ စံလွဲလာသူကို “ကြာကြောင်”။ စားစရာမရှိလို့ ပြသနာရှာတာ များနေသူကို “ပုန်းကြောင်”။ ပုံတော်သလို ရောဂါနံမည် တပ်လိုက်တာပေါ့။ အချင်းချင်းနားလည် ခွင့်လွှတ် ထားနိုင်ဘို့လိုတယ်။ ကျွန်တော့်ကိုလည်း နံမည်တခုခု တပ်မှာဘဲ။ သူကြောင်တာက အရေးမကြီးဘူး။ ဒို့စားရမယ့် ရှားရှားပါးပါး လ္ဘက်သုတ်၊ နှမ်းတွေ ခိုစာလုပ်တာတော့ မမိုက်ဘူးလို့ ကြိတ်ပြောနေမှာပေါ့။ ထားတော့။ ကိုယ်က ဒီ (၁၀) ပေ ပတ်လည်လောက် အခန်းလေးရဲ့ တရားမ၀င် အခန်းလူကြီးပဲ။ ကိုယ်စီမံရာပေါ့။

 

သေချာတာ ဒီခို - ဒုက္ခလှလှ တွေ့နေပြီဆိုတာဘဲ။ အစာကောက်မရတော့ တနေ့တခြား ပိန်ကပ်လာ၊ ချိလာ။ ခိုအုပ်ကြီးကျလာလိုက်၊ ကျွန်တော်တို့ ပစ်ကျွေးတဲ့ ထမင်းတွေ ကောက်စားလိုက် ခဏနေတော့ ပျံသွားလိုက်၊ ဘာမှမကြာဘူး။ ဒါပေမယ့် ဒီခိုလေးကတော့ လိုက်မပျံနိုင်ရှာဘူးဗျာ။ တကောင်ထဲ နေ့စဉ်ရက်ဆက် ကျန်နေခဲ့မြဲ။ သဲသဲမဲမဲ အစာဝင်နိုး ကြိုးစားကောက်မြဲ။ သူ့ကို ကျွန်တော်ကြည့်ရင်း စိတ်မော လူမော ဖြစ်နေမိတယ်။

 

တချက်တချက် ဗိုက်ဆာလွန်းလို့ ထင်ပါရဲ့။ ကျွန်တော်တို့ ရေချိုးတဲ့ အုတ်ကန်နားက မြောင်းရေစပ်စပ်တွေလဲ ခဏ ခဏပြေးသောက်သေး။ ရေသောက်လို့ ရနေသေးတော့ သက်ဆိုးရှည်နေသေးတာပါ့။ ဒါလည်း သူ့လျှာလေးနဲ့ တို့လိုက် ဆွတ်လိုက် အခါခါလုပ် သောက်ရရှာတာပါ။ သူများတကာ ခိုတွေလို နှုတ်သီးနှစ်ဖက် အားရပါးရ ရေထဲနှစ် လျှာနဲ့လိမ်းယူပြီး တ၀ ခေါင်းမော့ သောက်တာမျိုး မဟုတ်ဘူး။ ဒီလိုနဲ့ သူငတ်သေတော့မယ်။ ရက်တွေ ကြာလာတော့ ကောင်းကောင်း မပျံတော့ဘူး။ ဝေးဝေး မပျံနိုင်တော့ဘူး။ ပျံရာက ဒယီးဒယိုင်တွေဖြစ် ပြုတ်ကျ။ အနားကို လူကပ်လာလဲ သိတ်ဝေးဝေး မပြေးနိုင်။ အနီးအပါး အုတ်တံတိုင်း နိမ့်နိမ့်ဘောင်တွေပေါ်မှာပဲ နားနေရ။ နောက်ရက်တွေမှာ ခွေယိုင်လဲစပြုပြီ။ ထ မပျံတော့ဘူး။ ဒါနဲ့ ကျွန်တော် ရေချိုးထွက်တော့ ကောက်ပြီး အခန်းထဲ ယူလာလိုက်တယ်။

 


သေတော့မယ်။ သူသိတယ်။ ဒါပေမယ့် သူသေရမှာ ကြောက်နေတယ်။ ကြည့်လေ။ ကျွန်တော့်လို လူစိမ်းတယောက် လက်ထဲ တခါမှ မရောက်ဖူးတော့ သိတ်ကြောက်နေရှာတယ်။ အားမရှိ တုံတုံချိချိကြားက ကြောက်လန့်တကြား ရုန်းတယ်။ ထပျံဘို့ကြိုးစားတယ်။ ငတ်လို့မသေ အသတ်ခံပြီး သေရမယ်ထင်လို့ နေမှာပါ့။ ချိပြီး မပျံနိုင်တော့တာတောင် ဘ၀လေးကို ခုံမင်နေတုန်း၊ ရှင်လိုရှင်ငြား နေချင်တုန်း။ တွေ့လား။ ကြိုးစားရုန်းနေလိုက်တာ။

 

“အဘ ချက်စားမလို့လား”   နောက်ရောက်လာတဲ့ စစ်ပြေးလေးက မေးတယ်။

 

“အသာနေစမ်းပါကောင်လေးရာ၊”

 

 ငါ ဘာလုပ်ပေးနိုင်မလဲ။ ဒီခိုလေးကို။ အခန်းထဲရောက်တော့ စဉ်းစားတယ်။ ခိုလေး အစာမစားရတာ ဘယ်နှစ်ရက်တောင် ရှိပါလိမ့်။ “ဆ” ကြည့်လိုက်မှ ပိုသိသာသွားတယ်။ ခိုတကောင်လုံး အလေးချိန်က ဖက်ကလေးတရွက် ကိုင်ထားရသလောက်ကို ပေါ့ပေါ့လေး ဖြစ်နေတော့တာ။ သူ့ အမွှေးပွပွတွေ ရှိနေသေးလို့သာ အလုံးအထည်ဆိုတာကို တွေ့နေရသေးတာလို့ ပြောရမယ်။ ခိုရင်အုံဆိုတာမျိုးက ပြည့်မောက်ပြီး အသားအများဆုံး ရှိနေရမှာ။ ခုတော့ ခွက်တောင်ဝင်နေတယ်။ ရင်ဘတ် အရိုးငေါငေါကိုတောင် စမ်းလို့ရနေတယ်။ ဗိုက်ကပြားကပ်လို့။ ငါဘာလုပ်ပေးရမလဲ။

 

လောလောဆယ် ….. နံရံမှာ ချိတ်ထားတဲ့ ရိက္ခာထုတ်ကို ချ။ မြေပဲထုတ်ကို နှိုက်။ ဒါက သူနဲ့ အသင့်တော်ဆုံး ဖြစ်မယ်။ အမြန်ဆုံး အားပြည့်မှာ။ အဆီဓါတ်၊ အသားဓါတ်၊ ကစီဓါတ် အကုန်ပါတာ မြေပဲ။ ဒီလို ကျွန်တော်တွေး။ ကဲ - ဘော်ဒါ၊ ဘော်ကျွတ်တို့ရေ … ဘာမှ မပြောကြကြေး။ ခင်ဗျားတို့ မကျန်းမာလည်း ကျုပ်ဘဲကြည့်ရတာ၊ ဟုတ်တယ် … ဟုတ်။ သူ့ခင်ဗျာ အားပြတ်နေရှာတယ်။ ခို ဆိုတာ မြေပဲကို ထမင်းထက် ပိုကြိုက်တာ ခင်ဗျားတို့ သိပါတယ်။ ကိုယ်က ဒီအခန်းမှာ အမြဲဆုံး၊ အခန်းလူကြီး၊ ကိုယ်စီမံမယ်ပေါ့။ ဒီလိုနဲ့ မြေပဲတွေကို လေးစိတ်ကွဲအောင် ထုပြီး သူ့ကို “ခွံ့” ပါတယ်။ စာကလေး သေးသေးလေးတွေတောင် အစာခွံ့သေးတာ။ ဒီ “ခို” အစာခွံ့တာလောက်တော့ ဘာခက်မလဲ။

 

ပျံ မပြေးအောင်တော့ ကြိုးသေးသေးလေး ကျစ်၊ သူ့ကို ချည်ထားရတာပ။ နားလည်မှု မရသေးတော့ အခန်းအပြင် ပြန်ပြေးသွားရင် သူပဲ ဒုက္ခတွေ့မှာ မဟုတ်လား။ ကြိုးချည်ထားချင်လို့ မဟုတ်ဘူး ခိုလေးရေ။ ဘ၀မှာ ကြိုးတုတ်ခံရရင် ဘယ်လိုဆိုတာ ငါလဲ နားလည် နိုင်စွမ်းပါရဲ့ကွယ်။

 

ဒီနေရာမှာ သူ့အရောင်က တခြားခိုတွေထက် ပိုရင့်တယ်။ မဲနေတာ “ကျီးကန်း”ကျနေတာပဲ။ ရုပ်ကလဲ တော်တော်ဆိုးမှ ဆိုး။ နှုတ်သီးတခြမ်းမရှိတော့ ပိုကြည့်ရဆိုးနေသေး။

 


ဒါပေမယ့် သူ့ နာမည် မောင်ညို။ သူ့ ဒုက္ခကို နေ့စဉ် တွေ့နေခဲ့ရတော့ လက်ထဲရောက်လာတဲ့ ဒီခိုလေးကို အလိုလို သနား၊ သံယောဇဉ်စိတ် ၀င်နေပြီလေ။ မိဘစိတ် ပြောမလား။ မိဘဆိုတာ ကိုယ့်သားလေး အသားသိတ်မဲနေလည်း “ငမဲ” လို့မှည့်တာမှ မဟုတ်တာ။ မောင်ညိုလို့ ပေးလိုက်ကြတာမဟုတ်လား။

 

ရေသန့်လေး သေခြာတိုက်။ အစာလေး ၀ီရိယစိုက်ခွံ့၊ ရက်နဲနဲ ရလာတော့ သူအား ပြန်ပြည့်လာတယ်။ အတောင် တခတ်ခတ်ဖြစ်လာတယ်။ ပျံ သွားချင်တဲ့ပုံ။ ပါးစပ်က မပြောတတ်လို့ဖြစ်မှာ၊ ပြောတတ်ရင် ကြိုးဖြည်ပေးပါဗျာလို့ ပြောမှာသေချာတယ်။

 

ခင်ဗျားတို့ စဉ်းစားကြည့်လေဗျာ။ ဘ၀ဘ၀တိုင်းမှာ အရေးအကြီးဆုံးက လွတ်လပ်ခြင်း မဟုတ်လား အဲဒါမရှိရင် အကုန်ဆုံးရှုံးတာပဲ။ မလွတ်မလပ် ဒီအခန်း ကျဉ်းကျဉ်း ကြပ်ကြပ်လေးထဲ မောင်ညို ဘယ်လို ပျော်မလဲ။ နားလည်နိုင်ပါတယ်။ လူတွေက အများကြီး။ မကြာခဏ အတိုး၊ အဆုတ်က ရှိသေး။ တခါ တခါ (၅) ယောက်၊ တခါ တခါ (၇) ယောက် အထိတောင်။ တလ၊ နှစ်လ သမားတွေက ကဒီး ကဒီး ၀င်လိုက် ထွက်လိုက်။ အခန်းပြောင်းလိုက်။ တောင်ယာဆင်းလိုက်။ မိလ္လာချလိုက်။ ဘောက် ဆင်းလိုက်။ အခန်းဆွေးဆွေး လူဆွေးဆွေးဆိုလို့ ကိုယ်ပဲ။

 

သက်ဆိုင်ရာက ကိုယ့်ကို စိတ်ဆင်းရဲနေပါစေလို့ တမင် ရည်ရွယ်ပြီး တဖက်လှည့်နဲ့ ဘ၀ မတူ၊ စရိုက် မတူသူတွေကြား တမင် ညှပ်ထည့်ထားမှတော့ ကိုယ်ကလဲ စိတ်ချမ်းသာအောင် နေတတ်ရမှာပေါ့လေ။ “ခိုး၊ဆိုး၊ခါး” လို့ အလွယ်ခေါ်တဲ့ အဖေါ်သူရဲတွေကတော့ အခန်းထဲ ၀င်လာလိုက်ကြ ထွက်သွားလိုက်ကြ။ သူခိုးနဲ့ လုယက်။ အလစ်သုတ်နဲ့ အခြေအနေမဲ့။ ခါးပိုက်နှိုက်နဲ့ ဓါးမြ၊ ဖာခေါင်းနဲ့ ဧည့်စာရင်းမတိုင်မိတာ။ စစ်ပြေးနဲ့ ရဲပြေး …. စုံမှစုံ။

 

မနက်မနက်ဆို မိလ္လာနံ့၊ သေးနံ့တွေလည်း ထောင်းထောင်းထ။ မောင်ညိုမပြောနဲ့၊ ကိုယ်တောင် ကျင့်တဲ့ကြားက တခါတခါ စိတ်ကြပ်တယ်။ သိတ်လွတ်လပ် ပေါ့ပါးတဲ့ ကောင်းကင်ကြီးမှာ ပျံသန်းနေတဲ့ ဘ၀ကနေ ခုလိုနေရတာ သူ့အတွက် ဘာအဓိပါယ် ရှိမလဲ။ ဘယ်ပျော်မလဲ။ ပျံပြေးချင်မှာပေါ့။

 

ဒါပေမယ့် ဘယ်လိုလုပ်မလဲ မောင်ညို။ မင်းဘ၀က အစာမှ ကိုယ်တိုင် မကောက်နိုင်တော့တဲ့ ဘ၀၊ ကိုယ်စွမ်းကိုယ်စနဲ့မှ ဆက် အသက် မရှင်နိုင်တော့တဲ့ ဘ၀။ သူများ ခွံ့ကျွေးမှ ရှင်ရမယ့် ဘ၀ရောက်နေပြီကို။ ဒါကတော့ ဒါပေါ့။ သူက တိရိစာန-ဒွိဟိတ် မဟုတ်လား။ ဒါသူဘယ်သိမလဲ။ ပျံအား ရှိလာတဲ့အခါမှာ သူပြေးချင်တယ်။ ပျံချင်တာပေါ့။ ပျံချင်တော့ ရုန်းတယ်။ ခဏခဏရုန်းလိုက်၊ ထပျံလိုက်ဆိုတော့ ကြိုးကလည်း ဖြစ်သလိုဆိုတော့ တရက် ကြိုးပြတ်ပြီး လွတ်သွားပါရော။ ဒါနဲ့သူ့ ခိုအုပ်ထဲ သူပြန်ရောက်သွားတယ်။


 

ပထမ တရက်၊ နှစ်ရက် ကိုယ်ကျွေးထားတဲ့ အစာကြောင့် အားရှိနေ ဟန်ရနေသေးတာပေါ့။ မကြာဘူး။ (၃) –(၄) ရက်ဆို သူငတ်ပြီ။ ခါတိုင်းလိုဘဲ ကိုယ့်အခန်းရှေ့မှာ   အစာ ကြိုးစားကောက်၊ တ၀ဲလည်လည်ဖြစ်။ ရေလေး ဆွတ်ကယ် ဆွတ်ကယ်သောက်၊ အစာဝင်နိုး ရနိုးနဲ့ အားပြန်ပြတ်သွားတယ်။ နောက်ဆုံး ပုံရက်လဲတော့မှ တခါ သူ့ကို ပြန်ကောက် အခန်းထဲ တခါပြန်ထည့်။ ဒီလိုပဲ အားပြည့်အောင် အစာပြန်ခွံ့ ကြိုးလေးပြန်ချည် လုပ်ရတာပေါ့။

 

ဒီတခါတော့ သူ သိပ်မရုန်းတော့ဘူး။ သူ့ကို မသတ်ဖူးဆိုတာ သိသွားလို့လား မသိဘူး။ ငါလည်း မင်းကို ကြိုးချည် မထားချင်ပါဘူး “မောင်ညို”ရယ်။ မင်းဘ၀က ဒီလိုမှ မဟုတ်ရင် သေမှာ။

 

ကျွန်တော် တော်တော် စဉ်းစားတယ်။ ဘယ်နည်းနဲ့များ သူ့ဖာသာ အစာကောက်နိုင်အောင် ငါ လုပ်ပေးနိုင်မလဲ။ နည်းလမ်းရှာရင်း တရက်မှာတော့ လေးစိတ်ကွဲ ချေထားတဲ့ မြေပဲလေးတွေ ကျွန်တော့ လက်ခုတ်ထဲ ရှိနေတုန်း မောင်ညို နှုတ်သီးနဲ့ လှမ်းထိုးတာ တွေ့တယ်။ သူ့ နှုတ်သီး တခြမ်းပဲ့လေးက မြေပဲဆံလေးတွေထဲ နစ်ဝင်နေတဲ့ အချိန်။ သူ့ ကံလား သူ့ ကြိုးစားမှုလား မသိဘူး။ အဲလိုနစ်ဝင်တဲ့ အချိန်မှာ သူ့လျှာနဲ့ လှမ်းဆွဲလိုက်တာမှာ မြေပဲစလေးတွေ ပါးစပ်ထဲ ပါသွားတာ တွေ့လိုက်တယ်။

 

ဟုတ်ကပြီ။ သူ အစာကောက်တဲ့အခိုက် သူ့ နှုတ်သီးမြုပ်လောက်တဲ့အထိ မြေပဲဆန်လေးတွေ ခွက်ထဲ ထည့်ပေးကြည့်မယ်။ နှုတ်သီးမြုပ်အောင် သူ အစာကောက်တဲ့အခါ လျှာနဲ့လှိမ်းပြီး ယူနိုင်မှာဘဲလို့ တွေး။ ခွက်တခုထဲ လက်သုတ်ပုဝါစကို ရေစစ်လို ကန်တော့လေးဖြစ်အောင်လုပ်၊ ပြီးမြေပဲဆန်လေးတွေ အပြည့်အမောက်ထည့် မောင်ညိုကို စမ်းကျွေးကြည့်တယ်။

 

ဒီတခါ ဟန်ကျပြီဗျို့။ သူကောင်းကောင်း အစာကောက်နိုင်သွားတယ်ဗျို့။ ဒီကောင် အကင်းပါးသား။ မြေပဲဆန်လေးတွေကြားမှာ သူ့နှုတ်သီးခြမ်း တခြမ်းပဲ့လေးကို နစ်နေအောင် နှစ်ထားပြီးမှ သူ့ လျှာလေးနဲ့ တစပ်စပ် ဆွဲယူတာကိုး။ ဒီလိုတော့လည်း ဥာဏ်ပါးသား။ မြေပဲဆန် အစအနလေးတွေက အလိုက်သင့် ပါသွားကြတယ်။

 

ကျွန်တော် တော်တော်ပျော်သွားတယ်။ သူလဲ ပျော်မှာ။ အစာတွေဝင်အောင် သူ အားရ ပါးရ ကောက်နေတာ အစာတွေ မျိုချနေတာကြည့်ပြီး ကျွန်တော်ပီတိတွေ ဖြစ်တယ်။ မောင်ညိုလေး သူ့ဖာသာ အစာ ကောက်နိုင်ပြီဟ။

 


သူဖာသာ အစာကောက်နိုင်တော့ ခွံ့ကျွေးရသလို မခက်တော့ဘူး။ ကယိကထ မရှိတော့ဘူး။ ဘာမှမကြာဘူး။ သူအစာကောက်တာ ခဏပဲ။ ဗိုက်ပြည့်တာနဲ့ အစာ ဆက်မကောက်တော့ဘူး။ အခန်းထဲက သူရဲတွေက အထူးအဆန်း။ ကျွန်တော် ကြိုးစားလုပ်နေတာတွေကို ကြည့်ပြီး ဘယ်လိုလူ ဒီနေရာ လာထည့်ထားလဲ တွေးကြမှာပါ့။ ရောက်နေတဲ့ နေရာကိုမေ့၊ ခိုတကောင် ဒုက္ခရှာမွေး၊ အလုပ်ရှုပ်နေတဲ့လူ သူတို့ဘ၀မှာ ခုမှ တွေ့ဖူးတယ်ဖြစ်မယ်။

 

သူ့ဖာသာ အစာကောက်နိုင်ပြီဆိုတော့ မောင်ညို မကြာခင်ပဲ ဆူဖြိုးလာ။ အတောင်တွေ တဖြန်းဖြန်း ခတ်နေလိုက်တာ။ ကြိုးဖြည်ပေး၊ သူပျံလို့ရပြီလို့ ပြောနေတာများလားမသိ။ ရေသန့်သန့်လေး သောက်လိုက်။ မြေပဲဆန်လေးတွေ စားလိုက်နဲ့ အားပြည့် ကျန်းမာလာတဲ့ မောင်ညိုကိုကြည့်ပြီး ကျွန်တော် ဘာဆက်လုပ်ရပါ့မလဲ။ ခုလိုကြိုးလည်း အမြဲ ချည်မထားချင်ဘူး။ လွှတ်ပေးလိုက်ပြန်ရင်လည်း ငတ်ပြန်ဦးမယ်။ ဘာလုပ်ရပါ့မလဲ။ ကိုယ့်ကိုယ်ကိုတောင် မပိုင်တဲ့ဘ၀မှာ သူ့တာဝန်ကကြီးတယ်။ ဒီဒုက္ခ ဘယ်လောက် ယူထားနိုင်မှာမို့လဲ။

 

မောင်ညို့ ဘ၀ အသက်ဆက်ရှင်အောင် ပြုစုရတာ၊ ကာကွယ် စောင့်ရှောက်ရတာ ကိုယ့်အတွက်တော့ စိတ်လေ့ကျင့်ခန်း တခုပါ။ တရက်တလေလဲ စိတ်မောစရာရှိမှာပေါ့။ အခန်းထဲက သရဲတွေကတော့ တဖြေးဖြေး ကိုယ့်ကို နားလည်လာတယ် ထင်တယ်။ သူတို့ကိုယ်တိုင် ဘာသာရေးနဲ့ ဝေးပေမယ့် အားလုံး ထမင်း တ၀ိုင်းထဲထိုင်ပြီး ရှိတာကို ဝေမျှ စားရင်းနှီးလာကြ။ ကိုယ့်ကိုယ်ကို အသက်ရှင်အောင် မနဲ မွေးရတဲ့ နေရာမှာ ဝေမျှစားတဲ့ အကျင့်ဆိုတာ “ခိုးဆိုးခါး” တွေ လောကမှာ ရှိခဲတာကိုး။ ဒါမလွယ်ဘူး။ သူတို့သိတယ်။ တ၀ိုင်းထဲ မျှတူ ညီတူ စားရင်း ကြာတဲ့အခါ အားနာပြီး ဒီအဖိုးကြီးကို နားလည်မှု ပေးလာတယ်။ တရားထိုင် ပရိတ်ရွတ် ခိုတကောင်နဲ့ အလုပ်ရှုပ်၊ ဒီလောက်ပါ။ တခြားပြဿနာ မရှိဘူးလို့ နားလည်လာပါတယ်။

 

ဒါပေမယ့် ပြဿနာက ဒီနေရာမှာက တပတ် နှစ်ခါလောက် ရှာဖွေရေးဆိုတာတွေ ရှိတယ်။ “တလာစီတယ်” ဆိုတာပေါ့။ နံရံတွေခေါက်၊ ကြမ်းခင်းတွေထု၊ သံတိုင်တွေစစ် တခန်းလုံးလည်း ဗြောင်းဆန်အောင် ၀င်မွှေတဲ့ အချိန်တွေ။ အခန်းကို လာတဲ့ ၀န်ထမ်းတွေက မောင်ညို့ကို ဒုက္ခိတ သားလေးလို့ မြင်ကြတာ မဟုတ်ဘူးလေ။ ရှာဖွေရေး လုပ်နေရင်းတဖက်က - “ဟာဒီကောင် ဆူဖြိုးလှချည်လား။ မနက်စာ အလုပ်ဖြစ်သွားအောင် ဖိုကြီးမှာ သွားကင်ပေးမယ်လေလို့ ခဏ ခဏ ဈေးခေါ်ကြ ရန်ရှာကြလို့ ကော်ဖီမစ်နဲ့ သံတမန် ခင်းတန်ခင်း။ တခါ တခါလည်း မာမာ တင်းတင်း မောင်းထုတ်တန်မောင်းထုတ်လုပ်လုပ်ရတယ်။

 

နောက်တော့ ကျွန်တော် အကောင်းဆုံးတခုကို စဉ်းစားဆုံးဖြတ်တယ်။ ဒါစမ်းသတ်မှုတခုဆို လဲမမှားဘူး။

 


“သား … မောင်ညိုရေ၊ ဒို့ကမ္ဘာက မင်းအတွက် အန္တရာယ် များလှပါတယ်။ လွတ်လွတ်လပ်လပ် …… မင်းကမ္ဘာကို …… မင်းပျံသွား။  မင်း …. နေ့တိုင်း ဗိုက်ဆာချိန်ကျမှ ဒီအဖေကြီးဆီ အစာပြန်လာစား …….”

 

ကျွန်တော် ကြိုးဖြည်ပြီး လွှတ်ပေးလိုက်တယ်။ ဒီ စမ်းသတ်မှုဟာ ကျွန်တော့်အတွက်ကော သူ့ အတွက်ပါ စိတ်ချမ်းသာနိုင်မယ့် ဆုံးဖြတ်မှု၊ စွန့်လွှတ်မှု၊ စွန့်စားမှု သေးသေးလေး ဆိုပါစို့။ သူက လွတ်လွတ်လပ်လပ် ပျံသန်း ရှင်သန်ချင်သူ။ ကိုယ်ကလည်း ကြိုးချည်ထားရတာကို စိတ်မချမ်းသာ တဲ့လူ။

 

မောင်ညို ပျော်ပျော်ကြီး ပျံသွားပါတယ်။ တရက်၊ နှစ်ရက်၊ သုံးရက်။ ဒါလောက်ဘဲ ကြာမယ်။ ငတ်ပြန် ဆာပြန်တာပေါ့။ အခန်းရှေ့လာပြီး ရစ်ဝဲ ရစ်ဝဲ သူ ဖြစ်နေပြန်တာ ပေါ့။ ဆာနေရှာတာကိုး။ ဟုတ်ပြီ၊ ကျွန်တော် တွက်ထားတာရှိတယ်။ တွက်ကိန်းအတိုင်း ဖြစ်လာမယ်လဲ ထင်လို့မောင်ညိုလေးကို ကြိုးဖြည်ပေးခဲ့တာ။ မိဘဆိုတာ တခါ တခါ ကြိတ်မှိတ် စွန့်စားပြီးမှ သားသမီးတွေကို ချစ်ရတာလဲ ရှိမယ်ထင်တယ်။

 

အခုအခန်း ထဲမှာ သူရှိခဲ့တုန်းက စားနေကျ သူ့ အစာခွက်လေးကို သံတိုင်ထဲက ထုတ်ပြီး အခန်းရှေ့  အပြင်ဘက်နား ချပေးထားလိုက်တယ်။

 

မောင်ညိုရေ … လာစားကွဲ့ သားရဲ့…….”

 

သူ ကောင်းကောင်း မှတ်မိတယ်။ ဒီလူ အဖေကြီးကို။ ဒီ အစာခွက်ကို။ ပထမတော့ မရဲတရဲ။ နောက် ဗိုက်သိတ်ဆာနေတာရယ်။ ကိုယ်နဲ့လဲ လက်ပွန်းတတီး နေခဲ့တဲ့ရက် တွေများခဲ့ပြီးသား ဆိုတော့ သိပ်မစိမ်းတော့တာရယ်။ ကြာကြာ ဘယ်ကြောက်နေမလဲ။ အစာ လာကောက်တော့တာ။  

 

ရေလေးပါ သောက်သွားသားရေ……… ”

 

ကျွန်တော် ၀မ်း အသာကြီး သာရတယ်။ မောင်ညိုနဲ့ ကျွန်တော့်ကြားမှာ အရေးအကြီးဆုံး ဧရာမ နားလည်မှုကြီး တည်ဆောက်လိုက်နိုင်ပြီ။ မေတ္တာ တံတားလေးတခု ထိုးနိုင်လိုက်ပြီ သေချာတယ်။ လူတွေ နားကပ်ရင် အသက် အန္တရာယ် ရှိတာ သူ  သိရက်နဲ့ လာတယ်။ ပထမ အခေါက်တုန်းက သူ ခုလို အသက်ကို မပုံရဲခဲ့ဘူး။ လူနား မကပ်ရဲဘူး။ ငတ် အသေခံသွားမယ့်ပုံ။ 

 


ခု မောင်ညိုက အသက်နဲ့ ထပ်ပြီး ကျွန်တော့်ကို ယုံကြောင်း ပြပြီ။ ငါ့ မေတ္တာကို သူရရှာပြီ။ အသက်နဲ့ ပုံပြီး ကျွန်တော့်ကို ယုံတယ် ကျွန်တော် သိလိုက်ရပြီ။ ဒါကိုဝမ်းသာတာ၊ ကျေနပ်တာ။ ဒါပဲ။

 

ဒီတခါတော့ အခန်းထဲက သရဲတွေပါ လိုက်ပျော်ကြတယ်။   ခဲခဲယဉ်းယဉ်း ကြံဆထားတဲ့ အစာခွက်ကလေးမှာ ခိုလေး အစာလာကောက်တာ ကြည့်ပြီး ၀မ်းသာမှုတွေ ကူးစက်ကုန်တယ်။ မေတ္တာဆိုတာ အားကြီးတယ် မဟုတ်လား။ ကူးယှက်စေနိုင်တယ်။ တကယ် နက်ရှိုင်းလာတဲ့အခါ အရိုင်းတွေတောင် ယဉ်လာနိုင်တယ်။ ကြမ်းတမ်းတာတွေ နူးညံ့နိုင်တယ် မဟုတ်လား။

နောက်တော့ သားလေးမောင်ညို တနေ့ကို သုံးခါလောက် ပုံမှန် သူ့ အဖေကြီးဆီမှာ အစာ လာစားပါတယ်။ မနက်တခေါက်။ နေ့လည်တခေါက်။ ညနေ အိပ်တန်း မတက်ခင် တခေါက် ဆိုသလိုပေါ့။ မနက် အဖေါ်တွေနဲ့ ရောက်လာ။ အခန်းရှေ့ ထုတ်ထားတဲ့ သူ့အတွက် သီးသန့် လုပ်ပေးထားတဲ့ ခွက်ကန်တော့လေး ထဲက မြေပဲဆန်စလေးတွေ ကောက်။ သူ့အဖေါ်တွေကတော့ သူ့ လောက်လူနား  ဘယ်ကပ်မလဲ။ ခတ်လှမ်းလှမ်း ကနေ ကျွန်တော်တို့ ကြဲတဲ့ ထမင်းလုံးတွေပဲ ကောက်။ မောင်ညိုတယောက်ကတော့ စိတ်ချလက်ချ သူ့အစာခွက်မှာသူ အစာကောက် တခါတလေလည်း အသာချထားတဲ့ ရေခွက်ထဲက ရေပါသောက်ပြီးမှပျံ။

 

သူ့ကို ချည်ထားဖို့ မလိုတော့ဘူး။ သူ့ဘ၀နဲ့ သူ။ အစာလည်း သူ့ဖာသာ ကောက်လို့ ရနေပြီဆိုတော့။ ကျွန်တော်လည်း ခုမှစိတ်ချမ်းသာ။

 

တခုပဲ။ သံယောဇဉ်ဆိုတာတော့ ဖြစ်လာတာပေါ့နော်။ ပုထုဇဉ်ကိုး။ သူ စားချိန်တန် လာမစားရင် နောက်ကျနေရင် ဘာများဖြစ်နေလဲပေါ့။ လေးခွစာမိသွားပြီလား။ နေမကောင်းလို့လားပေါ့။

 

နေ့ခင်း နေ့လည် လုပ်စရာကမရှိ၊ အခန်းထဲမှာ တုံးလုံးပက်လက် လှဲနေကြတဲ့အခါ။  သား မောင်ညို ဘယ်အချိန် အစာလာစားမလဲ စောင့်နေကြ။ စောင့်ရင်း အိပ်ပျော်သွားလိုက်ကြ။

 

တခါတခါ စောင့်ကြည့်ရမှာ ပျင်းရင် အစာခွက်ကို အခန်းထဲသွင်းထား။ ပထမတော့ မောင်ညိုက အခန်းထဲ မ၀င်။ လူတွေက တထွေးကြီးကိုး။ ၀င်စားရမှာ လန့်နေ။ နောက်တော့ မရဲတရဲ ၀င်လာစား။ ကျွန်တော်က သရဲတွေကို အဲဒီအချိန်မှာ ငြိမ်ငြိမ်နေကြဖို့ မေတ္တာရပ်။ သူတို့ကလည်း သူတို့အဘ စိတ်ချမ်းသာပါစေ အသာငြိမ်ပေး။ မောင်ညိုလေး အစာကောက်ပြီး ပြန်ထွက်သွားမှ လှုပ်လှုပ်ရွရွ သူတို့လုပ်ကြ။ နောက်တော့မောင်ညို ကျင့်သား ရပြီး ပုံမှန် လာစားပါတယ်။ တခါတလေ အစာခွက်မှာ အစာကုန်နေတာ ကိုယ်မသိလိုက်ပဲ ကိုယ် အိပ်ပျော်နေရင်တောင် သူက ကိုယ့်ကို နှုတ်သီးနဲ့ လာဆိတ်တယ်။ ရီရတယ်။ ကျွန်တော်တို့အတွက်တော့ ခလေး တကောင်ရတာပဲ။ တခါတခါ စောင်ခေါင်းမြီးခြုံပြီး ပုန်းနေ။ သူကလိုက်ရှာ။ သူ့ကြည့်ပြီး  ကျွန်တော်တို့ ပွဲကျ။


 

 ထူးခြားတာ သူက အဖေကြီးကို မှတ်ထားတာ။ ကျွန်တော်တို့ အားလုံး အပေါ်ဖြူ အောက်ဖြူ ဆင်တူဝတ်ပြီး နေကြတာမှာ မောင်ညို ဘာကို သင်္ကေတ ထားမှတ်သလဲ ကျွန်တော်သိချင်တယ်။ ကျွန်တော်အိပ်တဲ့ နေရာကို မှတ်တာလား။ ဒါလဲမဟုတ်ဘူး။ ကျွန်တော်နေရာပြောင်းအိပ်လည်း တခြားလူတွေကိုကျော် ခွပြီး ကျွန်တော့် ဆီလာတယ်။ ဆံပင်ဖြူတွေကို မှတ်တာလား။ ခါးကိုင်းကိုင်း အရပ် ရှည်ရှည်မှတ်တာလား။ ကျွန်တော်မသိ။

 

သတ္တ၀ါလေးတွေမှာ ထူးခြားတဲ့ မှတ်ဥာဏ်ရှိတာတော့ သေခြာတယ်။ ကျွန်တော်တို့က အဖြူဝတ်။ ၀န်ထမ်းတွေက ယူနီဖေါင်း အညိုဝတ်။ အညိုဝတ်တွေ ၀င်းထဲဝင်တာနဲ့ ခိုအုပ်တွေ ထပျံတယ်။ ၀န်ထမ်းတွေက မကြာခဏ လေးနဲ့ ပစ်စားကြတယ်လေ။ ခိုလေးတွေက သူတို့ မကြာခဏ လေးခွ ပစ်ခံရတော့ အရောင်ကို မှတ်မိလာပုံရတယ်။ လေးခွ ကိုင်ခွင့်ရှိတဲ့ ယူနီဖေါင်း အညိုကို အန္တရာယ် အမှတ်အဖြစ် မှတ်ထားကြ တာပဲဖြစ်မှာ။

 

တရက်မှာ စစ်ပြေးလေး ထွန်းခင်က အခန်းရှေ့ မှာ အစာကောက်နေကြတဲ့ ခိုအုပ်ထဲက ယောင်ချူးလုပ်နေတဲ့ မောင်ညိုကို လက်ညှိုးထိုးပြီး ကျွန်တော်ကို ပြတယ်။ “အဘသားလူပျို ဖြစ်ပြီဗျ…..” တဲ့။ လားလား ။ ဟုတ်တယ်ဗျို့။ ဒီကောင် ခိုမတကောင်ကို ရစ်နေတာဗျို့။ သူတို့ထုံးစံပေါ့။ ခိုမလေးဘေးမှာ။ အတောင် တဖက်မြင့်၊ တဖက်နိမ့် လုပ်၊ ခြာလည် ခြာလည် လှည့်တာတို့။ လည်ဆန်မွှေး ထောင်ပြတာတို့။ အစာပြ၊ ခိုမလေးကို ခေါင်း တဆတ်ဆတ် ခေါ်တာတို့ လုပ်နေတာကိုး။

 

အော် ကျွန်တော်လည်း သားကိုကြည့်ပြီး သဘောတွေကျ။ ငါ့သားတောင် အတွဲ ရတော့မှာပါလား။

 

“ဟုတ်မှ လုပ်ပါ၊ မောင်ညိုရာ။ မင်းကောင်မလေးကို ဘယ်လိုအစာခွံ့မှာလဲ

 

ပျင်းစရာကောင်းလှတဲ့ ဒီအရပ်မှာ ရှေ့အဆောင် ခေါင်မိုးပေါ်က ခိုစုံတွဲတွေ တကောင့် တကောင် အစာခွံ့တာလဲ တခါတခါ ငေးပြီး ကျွန်တော်တို့ ဇာတ်လမ်းလုပ်ရပါတယ်။ ခုလဲ မောင်ညို နောက်ပိုး ပိုးတော့ သူ့အတွက် စဉ်းစားမိတာက ဒီကောင် သူ့ခိုမလေးကို အစာခွံ့နိုင်မှာ မဟုတ်ဘူး ဆိုတဲ့အချက်။

 

“အချစ်ရေ မြေပဲတွေ ကျွေးပါ့မယ်ဆိုပြီး နောက်ပိုးပေါ့ .. သားရယ်”  မောင်ညိုကို ကြည့်ပြီး အားလုံး ပျော်တော့ ပျော်ကြတယ်။

 


ဒါပေမယ့်ဗျာ။ ဒီအပျော်လေးက မကြာရှည်လိုက်ပါဘူး။ မှတ်မှတ်ရရ ။ ၁၉၉၉ ဧပြီဒုတိယပတ် အ၀င်မှာပေါ့။

 

အဲဒီနေ့ မနက်စောစော ဗြုန်းစားချည်း အခန်းရှေ့ ၀န်ထမ်းတယောက် ပေါ်လာပြီး  ကဲ ခွန်ဆိုင်း ပစ္စည်းတွေအကုန်သိမ်း အထုတ်ပြင်ထား ခဏနေလာခေါ်မယ်” ဆိုတဲ့ အမိန့်ရောက်လာပါရော။ ကျွန်တော်သိလိုက်ပြီ။

“ငါတော့ရွေ့ပြီ .. ဟေ့”  အခန်းထဲက လူတွေအားလုံးသိအောင်အော်ပြောလိုက်တယ်။

 

“အဘ ဘယ်ကို ရွေ့မှာလဲ။  ဟေ - ဘယ်သိပါ့မလဲကွာ  ဝေးရာ တနေရာရာပေါ့ကွာ”

 

ပစ္စည်း သိမ်းတာက လွယ်တယ်။ ခေါက်ထားတဲ့ စောင်နဲ့ အနွေးထည်တွေကို (၅) ကျပ်တန် ကျွတ်ကျွတ်အိတ် (၂) လုံးထပ်ပြီး လုံးထွေး ထည့်လိုက်တာပဲ။ နောက်တအိတ်က ပလပ်စတစ် ပုဂံခွက်ယောက်စတဲ့ အသုံးအဆောင် တချို့ထည့်။ အေးတဲ့နေရာ ရောက်နိုင်တယ်။

 

စောင်တွေတော့ယူ သွားမယ်ဟေ့။ တယောက်နဲ့တယောက် ရန်သတ်မနေနဲ့။ လိမ်လိမ်မာမာနေ။ အသက်ရှင်အောင် မွေးကြကွာ။  တိုတိုပဲမှာလို့ရတော့တယ်။

 

“ကိုမြဖေ - ခင်ဗျားက သိတ်မသောက်နဲ့တော့။ ကလေးနဲ့ မိန်းမ ကို သနားဦး။ နောက်ထပ် တကြိမ်ဆို (၄) ကြိမ်။ မှတ်ဖို့ကောင်းပြီ။”

 

“စိုးလွင် - မင်းက ငှက်ကြမ်းတဲ့ ရဲဘက်နေရာမျိုး ရောက်ရင်ရောက်မှာ။ အသက်ရှာကျန်မွေး။”

 

“မောင်အေး ….. မင်းကဧည့်စာရင်း မှုပါကွာ။ နှစ်ပတ်လောက်ကို နေ့တိုင်းမျက်ရည်စမ်းစမ်းလုပ်မနေစမ်းနဲ့။”

 

ဘာပြောရမှန်းမသိ မျက်ရည်လည်နေရင်း ဦးချနေတဲ့ ထွန်းခင်လေးကို တော့ နောက်ဆုံးမှ အဓိကထားပြီး … “အရေးအကြီးဆုံး တခုမှာမယ်ကွာ။ ငါ့ သားလေး မောင်ညိုကို အစာကျွေးကြပါ။ပစ်မထားပါနဲ့.. မောင်ထွန်းခင် တာဝန်ယူကွာ။ သူ့ကို ကယ်ရင် ကိုယ်လည်း ကုသိုလ်ရတာပဲ…၊ မင်းအသက်တခါကယ် ငါ့အသက်ဆယ်ခါကယ် လို့ဆုတောင်းပေါ့။ ရွာက အမေနဲ့ အမြန်ဆုံးပြန်ဆုံပါစေ ဆုတောင်း အစာကျွေးပေါ့။ ငါ -ငါးပိကျော်လေး တဗူးတော့ ယူသွားမယ် ကျန်တဲ့စားစရာတွေ  ထားခဲ့မယ်။  မင်းတို့ ညီညီမျှမျှဝေမျှစားလိုက်ကြနော်။ မြေပဲထုတ်ကို မောင်ညိုအတွက် ထားပေးပါ။ မြေပဲ ကုန်သွားလည်း ရှိတာကျွေး၊ အငတ်တော့ မထားလိုက်ပါနဲ့။ ငါ့ကိုသတိရရင် မောင်ညို့ကို စောင့်ရှောက်ကြပါကွာ။“

 


ကျွန်တော် မောင်ညို့အတွက် ပူတယ်။ ဒါပေမယ့် အလွမ်းဇာတ်က ပေရှည်ဖို့ ခွင့်မပြုဘူး။ ခဏနေတော့ ကိုယ်ခြေထောက်မှာ သံခြေကျင်းတွေနဲ့ ဖြစ်နေပြီ။

“သားရေ ….. မင်းကို အဖေကြီး ကြိုးချည်ထားမိလို့ ပြန်ချည်ခံရပြီ ထင်ပါရဲ့ ……..”

 

 မကြာခင် အလုံပိတ်ကားကြီးတွေပေါ် ရောက်သွားပြီ။ အတူတူခရီး သွားရမယ့် အဖေါ်တွေက အတော်များသား။ ကားတွေ စထွက်တော့ သေနတ်ကိုင်တွေက ခေါင်မိုးတန်း တွေပေါ်မှာ အသင့်အနေအထား။ ခေါင်းမထောင်နဲ့တဲ့။ တနေရာရောက်တော့ ကားတန်းက ယာဉ်ကြော ညှပ်နေပုံရတယ်။ သူတို့ အချင်းချင်းပြောနေတာ နားစိုက် လိုက်တော့ ရွေတိဂုံ ထီးတင်တဲ့နေ့။ လူတွေ ကြိတ်ကြိတ်တိုးနေကြသတဲ့။ ဒါဆို ကိုယ်တို့က ဗဟန်းအ၀ိုင်းကနေ ဘူတာကြီးဘက် ရွေ့နေတာဘဲ။ သိပြီ။ အညာကိုရွေ့တော့မှာ။

 

မွန်းနဲနဲစောင်းတော့ ဘူတာထဲ စ၀င်ရပြီ။ တဖက်က သံခြေကျင်းဆွဲ၊ တဖက်က ပြွတ်သိတ် ထည့်ထားတဲ့ ကျွတ်ကျွတ်အိတ်ကြီး နှစ်လုံးဆွဲ။ လူက စုတ်တိစုတ်ပြတ် ပုံတော်တော်ပဲ့နေမှာ။ ဘူတာ စင်းကြန် နံပါတ်(၃)ထဲကို နှစ်ယောက်တတွဲ လျှောက်ဝင် လာကြတော့ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း တခုလိုနေမယ်။ အမေတွေများတွေ့ရင် ရင်ကျိုးကြမှာ။

 

ရဲတွေက စစ်ကြိုခေတ် ငါးတောင့်ထိုး ရိုင်ဖယ်အစုတ်ကြီးတွေနဲ့ ဘယ်ညာနှစ်ဖက်ညှပ် အရံသင့် အနေအထားမှာ။ တချို့ရဲတွေဆီကလည်း တာဝန်အရ လုပ်နေရတာ ဆိုတဲ့ မျက်လုံးတွေကို ဖတ်မိတယ်၊ သနားတဲ့အကြည့်တွေ။

 

မသနားနဲ့ဗျို့။ မျှော်လင့်ပြီးသား။ ဒါတွေကို ကျုပ်တို့ ကြိုတွေးပြီးမှ ပိုင်းပိုင်းဖြတ်ဖြတ် လုပ်ခဲ့တာ။ ခင်ဗျားတို့ ဘ၀ကကော သနားစရာ မကောင်းဘူးလား။ ကျုပ်တို့ဘ၀နဲ့ ဘယ်လောက်ကွာလို့လဲ။ အဖာတရာ ယူနီဖေါင်းတွေ။ သေနတ်စုတ်တွေနဲ့။ ရဲဘ၀ကလွတ်အောင်ရုန်းလို့ရလို့လား။ ထွက်ခွင့်ရှိလို့လား။

 

လူတွေက စိတ်ဝင်တစား ကြည့်နေတယ်။ အနားတော့မကပ်နိုင်ဘူး။ ရုပ်ရှင်ပြန်ရိုက် ရရင် ကောင်းမှာ။ ခေါင်မိုးပေါ်က တက်ရိုက်ချင်တယ်။ အရေးထဲ ရုပ်ရှင်ရိုက်ချင်နေသေး။ ကိုအောင်နဲ့ ဂျပန်ကြီးက “ကျွန်တော်တို့ ကျောင်းသားတွေ“ လူတွေကြားအောင် အော်ပြောလိုက်တယ်။ ညစ်ပေနေတဲ့ အပေါ်ဖြူ အောက်ဖြူတွေရယ်။ ဗြုတ်စဗြင်းတောင်း ၀န်စည်စလွယ်တွေရယ်။ သံခြေကျင်း တခြွမ်းခြွမ်းတွေကြားမှာ ကျွန်တော်က ကြည်သာငြိမ်းကို ရီကျဲကျဲကြည့်တယ်။ လူတွေ ယုံပါ့မလား ဆိုတဲ့သဘောပါ့။ ဒီ အကျဉ်းသားတန်းကြီးထဲ ကျောင်းသားနဲ့ တူတဲ့လက္ခဏာ ဆိုလို့ ဘယ်သူ့ဆီ ဘာကျန်ဦးမလဲ။ စိတ်ဓါတ်လောက်ပဲ ကျန်တော့တဲ့ဟာ။ လူအုပ်ကြီးက ဝေခွဲ မရနိုင်တဲ့ တိတ်ဆိတ်ခြင်းတွေနဲ့ မှင်သက်နေ။ ရဲဘက်တွေလား၊ တကယ်ကျောင်းသားတွေလား။


 

ကျွန်တော်က ဘာကြောင့်မှန်းမသိ သားကို သတိရနေတယ်။ ဒီအချိန်ဆို သား အခန်းထဲဝင်လာပြီ။ သရဲတွေကို ကျော်ခွပြီး သူ့အဖေကြီးကို ရှာနေလောက်ပြီ။

 

“ဒီတခါတော့ အဖေကြီး မနောက်ဘူး .. သားရေ။ နေရာပြောင်း အိပ်ပြီး သားကို ကျီစားနေတာ မဟုတ်ဘူး။ အဖေကြီး တကယ်မရှိတော့တာ ဘယ်သောင် ဘယ်ကမ်း ဆိုက်မယ်မသိ၊ တကယ် ရွေ့သွားတာ၊ သား အစာ ဖြောင့်ဖြောင့်စားပြီးမှ ပြန်နော်

 

ကျွန်တော့်ရင်ထဲမှာ ကြပ်လာတယ်။ ငါ မောင်ညို့ကို အပြီးခွဲခဲ့ရတာ၊ တကယ် ခွဲခဲ့ရတာပဲ။ ဒါ သေချာတယ်။ မိခင်၊ ဖခင်တွေ၊ ချစ်သူတွေ၊ သေကွဲ၊ ရှင်ကွဲ ကွဲကြရတဲ့ ဒီလမ်း။ ခရီးသွားဖေါ် အားလုံးလဲ ကိုယ့်လိုပဲ ကျန်ခဲ့ ချန်ခဲ့ရတဲ့ ချစ်သူ၊ ခင်သူတွေကို သတိရနေကြလိမ့်မယ်။   ကိုယ်ကအဟိတ် တိရိစ္ဆာန်လေး တကောင်အပေါ်တောင် ဒီလောက် သံယောဇဉ်ဖြစ်ရင် သားသမီး အရင်းတွေကို ခွဲရသူတွေ ပိုဆိုးမှာ။ ဘယ်လောက် စိတ်ထိခိုက်ကြမှာပါလိမ့်။

 

ဘ၀သံသရာ ရထားကြီးရဲ့ ဒီတခါ ကျွန်တော်တို့ တက်ရတဲ့ တွဲကတော့ အထူးတွဲ တမျိုး။ သံလှောင်အိမ်ကြီး တခုပါပဲ။ တွဲကို အလျားလိုက် (၂) ခြမ်း ကန့်ထားတယ်။ ထူးတာက ကျွန်တော်တို့ အကန့်ဘက်မှာ ပြုတင်းပေါက်တွေ ဖေါက်မထား။ ထုကောင်းတဲ့ သံနံရံကြီးတွေ။ အစောင့်တွေ အခြမ်းမှာတော့ ပြုတင်းပေါက်တွေရှိ။ သူတို့နဲ့ ကျွန်တော်တို့ကြားမှာ  သံဇကာ။

 

တွဲပေါ်တက်ခါနီး စွန့်စွန့်စားစား လူတယောက်အနားကပ်လာပြီး ကွမ်းထုတ်တွေပေးတယ်။ ပေးလည်းပေး မေးလည်းမေးပေါ့။ 

 

ဆရာ ဘယ်ပြောင်းရမှာလဲ” တဲ့ ။

 

လားလား။ စစ်ပြန်ကြီး ဦးနော ပါလား။ လမ်းပိတ်ဆို့မှုဆိုတဲ့ စည်ပင်ကတရား စွဲတဲ့အမှုနဲ့ ကျွန်တော့် အခန်းမှာ (၃) လ လောက်နေသွားတာ။ အမှုနာမည်ကတော့ ဘာလိုလို။ မရှင်းလို့ သေချာမေးမှ ယဉ်ကျေးအောင် သုံးထားတဲ့ နာမည်တဲ့။ အမှန်ကတော့ တောင်းရမ်းစားသောက်မှု။ ဗိုလ်ချုပ်ဈေးမှာ စားပေါက်ချောင်လို့ လုပ်ရင်းက စည်ပင်နဲ့ ငြိတာ။

 


မသိသေးဘူးဗျာ… ဒီတခါ ခင်ဗျားက.. ဘူတာကြီးမှာ ခွင်ကျနေတာလား” သူက ပြုံးဖြီးဖြီး လုပ်နေတယ်။ သူတို့နဲ့ နေခဲ့တုန်း ရလာတဲ့ အထွေထွေ ဗဟုသုတတွေပေါ့။ သူတို့ခွင်တွေကို ကျက်မိနေတယ်။

 

“ဆရာ့မောင်ညိုလေးကျန်ခဲ့ပြီပေါ့”

 

“အော်..သူမှတ်မိနေရှာတာကိုး”

 

ကျွန်တော်ဘာမှ ပြန်မပြောနိုင်ဘူး။ ခဏပဲကြာမယ်။ ရဲက လာမောင်းထုတ်လိုက်လို့ သူ ထွက်သွားရတယ်။  ကျေးဇူးပြုဖူးရင်း ကျေးဇူး ရတတ်ပါတယ်။ တွေ့လား သားရေ အဖေကြီးကို ကွမ်းထုတ် လာကမ်းတာ။ 

           

 

မကြာခင် အညာဆန် လောကယ် သံသရာ ရထားကြီး ရွေ့ပါတယ်။ ဧပြီ ဒုတိယပတ်ထဲ ကူးပြီဆိုတော့ လမ်းဘူတာတွေက ချစ်စနိုး ရေတွေ စပက်နေပြီ။ အထဲကနေ အသံတွေကြားတယ်။ အစောင့်တွေက လမ်းတလျှောက် ဘူတာတွေနား ရထား ရောက်ခါနီးတဲ့အခါ ပြူတင်းပေါက်တွေကို လိုက်ပိတ်တယ်။ လူတွေမြင် စပ်စုမှာကြောက်တယ်။ တလမ်းလုံးတော့ သူတို့လည်း ပိတ်မထားနိုင်ဘူး။ ရထားတွဲက သံအိမ် သေတ္တာကြီးလို ပိတ်လှောင်၊ အိုက်စပ်နေလွန်းတော့ မွန်းကြပ်ပြီး သူတို့လည်း မနေနိုင်ပါဘူး။ အမျိုးသမီးတွဲက နောက်မှာ သတ်သတ်ပါလာသေး။ အာဂ မိန်းခလေး (၆) ယောက်ကို တွဲ တတွဲ ချိတ်ပြီး ခေါ်လာတယ်။ မိဘတွေကတော့ ပိုးလို အုထားခဲ့မှာ သေချာတယ်။

  

တောင်ငူရောက်တော့ တော်တော်ကြာ ရပ်တယ်။ အော်သံတွေ နားထောင်ပြီး တောင်ငူရောက်ပြီဆို တာသိတာ။ နောက်တော့ ငှက်ပြောသီးတွေ ကွမ်းယာထုတ်တွေ ဆေးလိပ်စည်းတွေ မုန့်တွေ တပုံကြီး အစောင့်တွေက လာပေးတယ်။

 

“ခင်ဗျားတို့ ဆက်သွယ်ရေး စက်များ ပါသလားဗျာ။ ဘယ်က ဘယ်လို သတင်းရလဲ မသိဘူး။ ခင်ဗျားတို့ ဘော်ဒါတွေက …. အသင့်စောင့်ပြီး …… ဒါတွေ ဝေခိုင်းလိုက်တယ်ဗျ”

 


အေးလေ အင်းစိန်က အထွက် ဒါမှမဟုတ် ဘူတာကြီး လူအုပ်ထဲက မြင်လိုက်တဲ့ တယောက်ယောက်က ဖုံးဆက် အကြောင်းကြားထားလိုက်လို့  ဖြစ်မှာပေါ့။  ကောင်းတာလုပ် ကောင်းတာဖြစ်ပါတယ် သားရေ။ 

 

ဒီခရီးကြမ်းကြီးမှာ သားကို အဖေ ထာဝရ ခွဲခဲ့ရပြီဆိုတာ အဖေသိပါတယ်။ ဘယ်သူတွေကော သူတို့ရဲ့ မိခင် ဖခင်တွေ ရင်သွေးတွေ ချစ်သူတွေကို ထာဝရ ခွဲထားရစ်ဖို့ ဒီခရီးကို နှင်နေပြီလဲ။ အဖေကြီးမသိ။ ဒီအမှောင်ထုကြီးအောက်မှာ ဒီလိုဘဲ ဒို့သားအဖရဲ့ ချစ်ခြင်းတွေ ကွေကွင်း နင်းချေ ခံရကြရဦးမယ်။

 

ဒီ အမှောင်ထုကြီးထဲကနေ ငြိမ်းချမ်းတဲ့ အပြာရောင် ကောင်းကင်ကြီးအောက် မရောက်ရောက်အောင် အဖေကြီးတို့ ဖေါက်ထွက်ပါ့မယ်။ ကြိုးစား လျှောက်ပါ့မယ်။ အဖေကြီး ဆုတောင်းတယ်။ သားလေးလဲ ဒုက္ခိတဘ၀က အမြန်ဆုံးလွတ်ပြီး အေးချမ်းတဲ့ ဘ၀ အမြန်ရပါစေ။ နောင်သံသရာမှာ ပြန်ဆုံကြတဲ့အခါ အဖေအရင်း သားအရင်းအဖြစ်နဲ့ ပြန်ဆုံကြရအောင်နော်။

 

ခွန်ဆိုင်း (၁၂.၅. ၂၀၀၉)

၉၈-၉၉ ကာလများအမှတ်တရ