Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

picture

 

(၁)

 

တစ်ရက်၊ နှစ်ရက်၊ သုံးရက်၊ လေးရက်၊ ငါးရက်၊ ခြောက်ရက်၊ ခုနစ်ရက်၊ ရှစ်ရက်၊ ကိုးရက်၊ ဆယ်ရက်၊ ဆယ့်တစ်ရက်၊ ဆယ့်နှစ်ရက်၊ ဆယ့်သုံးရက်၊ ဆယ့်လေးရက် …. ဆယ့်ငါးရက် …… ဆယ့်ခြောက်ရက် ... ဆယ့်ခြောက်ရက် ... ဆယ့်ခြောက်ရက်။

 

ဆယ့်ခြောက်ရက်ဆိုတော့ နှစ်ပတ်ကျော်ပြီးလို့ လ၀က်တောင် ကျိုးပြီပေါ့ ဟု မကျင်လှ လွှတ်ခနဲ ရေရွတ်မိသည်။ ဤရက်သတ္တပတ် နှစ်ပတ်ကျော် အချိန်ကာလသည် သူ့ ဘ၀တွင် အရှည်လျားဆုံးဖြစ်သည်ဟု မကျင်လှ ထင်မိသည်။ စင်စစ် မကျင်လှ ဖြတ်သန်းလာရာ ဘ၀တစ်လျှောက်လုံးတွင် နေ့ရက်အချိန်ကာလတို့ကို အဆန်းတကြယ်လုပ်၍ ရေတွက်ခြင်း တစ်ခါမျှ မရှိဖူးခဲ့ပေ။ ထိုသို့ ရေတွက်ရန် သူ့တွင် အချိန်အခါ၊ အခြေအနေ တစ်ရံတစ်ဆစ်မျှ မရှိခဲ့။ သို့စေမူ မကျင်လှသည် ယခုအခါတွင် စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့ရက် အချိန်ကာလတို့ကို အရေးတယူလုပ်၍ ရေတွက်နေရလေပြီ။

 

ကမ္ဘာကြီးဟူသည်မှာ ပန်းလှိုင်မြစ်ကမ်းနံဘေးရှိ လှိုင်ဘောလယ် ကျေးရွာကလေး၏ ရေဆင်းတံတား အနီး ၀ါးပိုးဝါးရုံမှ အစပြု၍ ပါလှဲ့ရွာဖျားရှိ ကွမ်းခြံတွင်  အဆုံးသတ်သည်ဟူ၍ ထင်ခဲ့ဖူးသော ကျေးတောသူ မကျင်လှအဖို့ ရန်ကုန်မြို့ကြီးသည် ကြောက်လန့်တုန်လှုပ်စရာ ကောင်းလောက်အောင် ကြီးမား ကျယ်ပြန့်လှပါပေ၏။ ဤသို့ ကြီးကျယ်ခမ်းနားသည့် မြို့ကြီးသို့ ရက်သတ္တပတ် နှစ်ပတ်ကျော်မျှ ကြာမြင့်အောင် ညအိပ်ညနေ လာရောက်နေထိုင်ရမည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူး။ သို့သော် သူ မတွေးခဲ့ဖူးသည်တို့ကား လက်တွေ့ ဖြစ်လာခဲ့လေပြီ။

 

မျှော်လင့်ထားခြင်းတို့ မဖြစ်လာဘဲ၊ မမျှော်လင့်ထားသည့် ကိစ္စတို့ ဖြစ်ပေါ်တတ်သည့် လောကသဘာဝကို မကျင်လှ ကောင်းစွာ ဆင်ခြင်တတ်ပါသည်။ အထူးသဖြင့် မကျင်လှသည် လောကဓံရှစ်ပါးအနက် မကောင်းသော လောကဓံလေးပါးနှင့် အထူးပင် ရင်းနှီးသူ မျှော်လင့် မထားသော အရာတို့ကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာတို့၏ ကလူကျီစယ်ခြင်းကို အတော်အသင့် ခံနိုင်ရည် ရှိသူ ဖြစ်သည်။ ဒုက္ခတရားနှင့် ကြုံရလေတိုင်း မကျင်လှသည် မျက်ရည်ကို ဒူးနှင့်သုတ်ရင်း အားတင်း ရင်ဆိုင်ခဲ့သည်ချည်းသာ ဖြစ်၏။

 

စင်စစ် မကျင်လှသည် ငယ်စဉ်အခါကပင် ငိုကြွေးခြင်းနှင့် ရင်းနှီးခဲ့သူ ဖြစ်သည်။ သူ လေးနှစ်သမီးတွင် သူ့ အဖ ဦးခင်မောင် ကွယ်လွန်သည်။ အဖေသေလျှင် ငိုရမည်ဟု မည်သူ တစ်ဦးတစ်ယောက်ကမျှ သူ့ကို သင် မထားသော်လည်း လေးနှစ်သမီး မကျင်လှကလေးသည် သူ့ အမေ ဒေါ်ငွေမြိုင်၏ ပေါင်ပေါ်တွင် တက်ထိုင်ပြီး တရှုံ့ရှုံ့ ငိုခဲ့ဖူးသည်။ ထို့နောက် သုံးလေးနှစ်ခန့် အကြာတွင် သူ့ မိခင် ဒေါ်ငွေမြိုင် နောက်အိမ်ထောင် ပြုသောအခါ မကျင်လှ ချုံးပွဲချ၍ ငိုခဲ့ရပြန်သည်။

 

ပထွေးဖြစ်သူမှာ သူ့ အပေါ်တွင် သဘောထား မဆိုးလှ။ ရိုးရိုးအေးအေးကြီးဖြစ်သည်။ ဖတဆိုးသမီး မကျင်လှကို အထူး ဂရုစိုက်သည်။ သို့သော်လည်း ပထွေးဟူသည် အစွဲကြောင့် မကျင်လှမှာ သူ့ ပထွေးကို မကြည်ဖြူနိုင်။ မျက်နှာချင်း တစ်ခါမျှ မဆိုင်၊ ထမင်း တစ်ဝိုင်းတည်းပင် အတူ မစားခဲ့ဖူး။ ပထွေးဖြစ်သူကို မကြားတကြား ကျိန်ဆဲလေ့ရှိသည်။

 

မကျင်လှ ထိုသို့ မကြည်ဖြူသည်ကို သိကြားမင်းကြီး မနေနိုင်ထင့်။ အလုပ်နှင့် လက် မပြတ်အောင် လုပ်သော ပထွေးဖြစ်သူမှာ လယ်ထဲဆင်းရင်း မိုးကြိုးထိပြီး သေပြန်သည်။ ထိုသော် မကျင်လှ အတော်ပင် တုန်လှုပ်သွားသည်။ သူ့ စနက်ကြောင့် ပထွေးဖြစ်သူ မိုးကြိုးမှန်ပြီး အသေဆိုးနှင့် သေရသည်ဟု အယူမှားပြီး ကြောက်အားလန့်အား ငိုခဲ့ဖူးသည်။

 

ထို့နောက် သူ ဆယ်ကျော်သက်ဘ၀တွင် သူနှင့် မေတ္တာမျှနေသည့် ပါလှဲ့ရွာသား သူရင်းငှား ကိုသောင်းစိန်နှင့် ကွေ့ကွင်း ရစဉ်ကလည်း သူ တအိအိနှင့် ငိုရှိုက်ခဲ့ရဖူးသည်။ သူ့ မိခင် ဒေါ်ငွေမြိုင်က သူ့ကို တစ်ရွာတည်းနေ လယ်သမား ကိုတင်ရွှေနှင့် အိမ်ထောင်ချပေးရန် စီစဉ်သည့် အခါတွင်လည်း သူ ငိုခဲ့ရပြန်သည်။

 

မကျင်လှ၏ အိမ်ထောင်သက်မှာ မရှည်ကြာ။ သားဦးကလေး နှစ်ခါလည်ကျော်တွင် ကိုတင်ရွှေ နောက်အိမ်ထောင် ပြုသွားသဖြင့် သူ ငိုခဲ့ရပြန်သည်။ နှစ်အနည်းငယ် ကြာပြီးနောက် တစ်ဦးတည်းသော သားဖြစ်သူ စစ်ထဲ လိုက်သွားသဖြင့် သူ ငိုခဲ့ရပြန်သည်။ ထိုနောက်ပိုင်းတွင်မူ မကျင်လှသည် ဒုက္ခနှင့် ကြုံတွေ့ရလေတိုင်း မျက်ရည် မကျအောင် ထိန်းရင်း သူ လုပ်စရာ ရှိသည်ကိုသာ လုပ်သည်။ အိုမင်းလှပြီဖြစ်သော သူ့ မိခင်ကြီးကိုသာ ပြုစုသည်။ မကျင်လှ မျက်ရည်ခမ်းသွားပြီလောဟု တွေးတောစရာပင် ဖြစ်လာသည်။

 

သို့သော် သူ့ မိခင်ကြီး အဆုတ်ရောဂါ ဖြစ်နေပြီ ဟု သိရသည့်နေ့က သူ သည်းထန်စွာ ငိုမိသည်။ သူ့ ဇာတိဖြစ်သော စွန်တနီးဒိုင်နယ် လှိုင်ဘောလယ်ကျေးရွာမှ ဆားမလောက်သို့၊ ထိုမှတစ်ဆင့် ညောင်တုန်းသို့၊ ထိုမှတစ်ဆင့် ရန်ကုန်သို့ လာရာ လမ်းတစ်လျှောက်လုံးတွင်လည်း မကျင်လှသည် သူ့ အလိုလို ကျဆင်းလာသည့် မျက်ရည်တို့ကို သုတ်ရင်း သူ့ထံသို့ ရောက်ရှိလာသည့် ဒုက္ခတို့ကို ရင်ဆိုင်ရန် အားမွေးခဲ့သည်။

 

ယနေ့ညတွင်လည်း သူ မငိုမိအောင် အားတင်းထားသည်။ မျက်ရည် မကျအောင် အောင့်အည်းထားရသဖြင့် ရင်ထဲတွင် မောလှပြီ။ မောရုံ သာမက တစ်ဆို့ဆို့ ဖြစ်နေလေ၏။

 

(၂)

 

ညလေရိုင်းသည် ဆေးရုံဝင်းကို ဖြတ်သန်း၍ တိုက်ခတ်လာသည်။ လေတိုးသဖြင့် ဆေးရုံ ခြံစည်းရိုးရှိ သစ်ပင်တို့ လှုပ်လီလှုပ်လဲ့ ဖြစ်သွား၏။ ညလေအေးသည် ယိမ်းထိုးနေသည့် သစ်ပင်များကို ကျော်လွန် ဖြတ်သန်း၍ လူနာဆောင် အမှတ် (၉/၁၀)ကို ရုတ်ခြည်း ၀င်တိုးသည်။ ဆေးရုံ၏ စိုထိုင်းထိုင်း နံရံတို့တွင် ကပ်ငြိနေသော အောက်သိုးသိုး အနံ့ဆိုးများသည် ညလေ၏ သယ်ဆောင်ရာနောက်သို့ တကောက်ကောက် လိုက်ပါလာ၏။ ညလေတွင် ဆေးနံ့၊ အ၀တ်ရေစိုနံ့တို့သာမက အမျိုးအမည် ဖော်ပြရန် ခဲယဉ်းသော အနံ့ဆိုး တစ်မျိုးလည်း ပျော်ဝင်နေသည်။ ညလေတိုးသဖြင့် လူနာဆောင် ၀ရန်တာတွင် လှန်းထားသော အ၀တ်အစားတို့ ယိမ်းထိုးကခုန်နေကြလေပြီ။

 

မကျင်လှသည် ညလေကို တ၀ကြီး ရှူရှိုက်လိုက်သည်။ ထို့နောက် မျိုသိပ်ထားရသော သောကတို့ကို သက်ပြင်းအဖြစ် ပြောင်းလဲကာ မှုတ်ထုတ်လိုက်သည်။ ညလေရိုင်းသည် မကျင်လှ၏ သောက အချို့အ၀က်ကို သယ်ဆောင်ပြီး ဆေးရုံဝင်း အတွင်းမှ သုတ်ခနဲ ပြေးထွက်သွားလေသတည်း။

 

ည ဆယ်နာရီ ကျော်ပြီ။ ညတာဝန်ကျ ဆရာမလေးပင် သူနာပြု နားနေခန်းသို့ ပြန်သွားလေပြီ။

 

မကျင်လှသည် သူ့ မိခင်ဒေါ်ငွေမြိုင် လဲလျောင်းနေသည့် လူနာခုတင်နံဘေးရှိ သမံတလင်းပေါ်တွင် လဲလျောင်းလိုက်သည်။ ကြမ်းခင်း၏ အေးစက်သော အထိအတွေ့ကြောင့် မကျင်လှ တွ့န်ခနဲ ဖြစ်သွားသည်။ ခုတင်ခြေရင်း ဆွဲခြင်းထဲတွင် ထည့်ထားသည့် ပလပ်စတစ် ဖျင်စကို ထုတ်ပြီး ခင်းဦးမှ ဟု သူ စဉ်းစားမိသေးသည်။ ထို ပလပ်စတစ် ဖျင်စမှာ ဆေးရုံကြီး အနီးရှိ တိုလီမုတ်စရောင်းသည့် ဈေးဆိုင် တစ်ဆိုင်မှ ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

 

အင်း တစ်ကိုက်တောင် မပြည့်တဲ့ ပလပ်စတစ်ဖျင်စကို ငွေတစ်ထောင် တောင်းတာ များလွန်းတယ် ဟု မကျင်လှ တွေးမိပြန်သည်။ ပိုက်ဆံ ကုန်လိုက်တာ လွန်ရော ဟု သူစဉ်းစားမိပြန်တော့ ခုတင်ရင်း ဆွဲခြင်းထဲတွင် ထည့်ထားသည့် ပလပ်စတစ် အခင်းကို ထုတ်မခင်းဖြစ်တော့ဘဲ သည်အတိုင်း ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ရင်း သူ လှမ်းမြင်နေရသော လူနာခုတင်တို့ကို ရေတွက်နေလိုက်သည်။

ထိုခဏ၀ယ် ခုတင်ထက်တွင် လဲလျောင်းနေသော သူ့ မိခင်၏ ညည်းသံ ကြားရသည်။ ဝေဒနာ သည်းထန်နေသော အမယ်အိုကြီး၏ ညည်းသံသည် တိတ်ဆိတ်ငြိမ်သက်နေသော လူနာဆောင် အမှတ် (၉/၁၀) တစ်ခုလုံး၌ ဖုံးလွှမ်းနေလေ၏။

 

လူနာမှာ အားအင်ဆုတ်ယုတ်နေပြီ ဖြစ်ရကာ ညည်းသည် ဆိုရုံမျှ ညည်းနေခြင်း ဖြစ်သည်။ ကယ်ပါ ယူပါ တစာစာ မအော်နိုင်။ ဘုရား တရား မတနိုင်။  အင်း … အင်း .. ဟူသည့် မြည်သံကို ပြတ်တောင်း ပြတ်တောင်းပြုရင်း အသက် ခဲယဉ်းစွာ ရှူရှိုက်နေခြင်း ဖြစ်သည်။ အင်း … ဟူသည့် ညည်းသံကို ပြုပြီးလျှင် ထွက်လေကို ဟျူး ဂလူး ခူး .. ဟူသည့် အသံမြည်အောင် ပြင်းစွာ မှုတ်ထုတ်၏။ အင်း …. ဟျူး ဖလူး …..၊ အင်း …. ဟျူး ဂလူး ခူး .. ဟူသော ညည်းသံသည် လူနာဆောင် အတွင်း၌ စည်းချက်မှန်မှန် ထွက်ပေါ်နေ၏။

 

မကျင်လှသည် လဲလျောင်းနေရာမှ လူးလဲထပြီး သူ့ မိခင်၏ မျက်နှာကို ကြည့်သည်။ ဝေဒနာကို ခံစားနေရသော ဒေါ်ငွေမြိုင်၏ မျက်နှာသည် သားရေပြားကို မီးကျီးခဲပေါ် တင်ထားသည့်နှယ် ရှုံ့တွနေ၏။ အမေ .. အမေ ဟု၍ မကျင်လှ ခေါ်လိုက်သည်။ အမယ်အိုကြီးသည် သူ့သမီး၏ ခေါ်သံကို ကြားနိုင်စွမ်း ရှိတော့ဟန် မတူပေ။ အင်း …. ဟျူး ဖလူး …..၊ အင်း …. ဟျူး ဂလူး အူး .. ဟူသော ညည်းသံကိုသာ တရစပ် ပြု၏။

 

မကျင်လှသည် သူ့ မိခင်အိုကြီးကို စစ်စောင် အပါးလေးဖြင့် လွှမ်းပေးလိုက်သည်။ ထို့သို့ လွှမ်းပေးနေရင်း ခုတင်ခေါင်းရင်းရှိ ခုတင် အမှတ် (၉) ဟူသော ဆိုင်းဘုတ်ငယ်ကို ကြည့်မိပြန်သည်။ ထို့နောက် အကြည့်ကို လွှဲ၍ သူ့ မိခင်၏ ခြေသလုံးသားတို့ကို အသာ ဆုပ်ကိုင် ကြည့်မိသည်။ အမယ်အိုကြီး၏ ခြေသလုံးသားတို့မှာ အသားဟူ၍ မရှိတော့ အရိုးနှင့် အရေသာ ကျန်တော့သည်။ မွဲဖျောဖျော့ အရေပြားတို့သည် သေးလှီသော အရိုးတို့ကို အမှီသဟဲပြု၍ နေကြကုန်၏။ ထို အရိုးနှင့် အရေတို့မှာလည်း ရွတ်တွ ယိုယွင်းပြီး ဆွေးမြေ့နေလေပြီ။

 

ထိုအခိုက် အမယ်အိုကြီးက ဆတ်ခနဲ့ တွန့်လိုက်သဖြင့် မကျင်လှသည် ဆုပ်ကိုင်ထားသည့် လက်တို့ကို ဖြေလျော့လိုက်သည်။ ထို့နောက် သူ့ မိခင်ကို လွှမ်းခြုံထားသော အစိမ်းရောင် စစ်စောင်ပါးကို အသာ လှစ်လိုက်သည်။ အမယ်အိုကြီး၏ ထဘီစကို မွဲခြောက်ခြောက် သလုံးသားတို့၏ အဆုံးသတ်ရာ ဒူးဆစ်ကို ကျော်လွန်ပြီး ပေါင်ရင်းအထိ ဆွဲတင်လိုက်သည်။

 

အမယ်အိုကြီးထံမှာ ညည်းသံ အရှည်ကြီး ထွက်ပေါ်လာ၏။ တင်ပါးဆုံရိုးကို ဖုံးအုပ်ထားသော အရေပြားသည် အိပ်ရာနှင့် မပြတ် ထိတွေ့နေရလေသဖြင့် ပွန်းရှပေါက်ပြဲပြီး အိပ်ရာနာများ ပေါက်နေ၏။ မကျင်လှသည် သူ့ မိခင်၏ တင်ပါးတွင် ပေါက်နေသည့် အိပ်ရာနာများ သက်သာစေရန် ဆေးလိမ်းပေးရန် စဉ်းစားမိသည်။ သို့သော်လည်း သူ ဆေးလိမ်း ပေးခါမှ မိခင်ဖြစ်သူ ပို၍ နာကျင်သွားရှာလေမည်လောဟု တွေးမိပြန်သည်။ သို့နှင့် ပေါင်ရင်းအထိ ဆွဲတင်ထားသော ထဘီစကို ပြန်ရုတ်ပြီး စောင်ပါးကလေးဖြင့် ဖုံးလွှမ်းထားလိုက်သည်။

 

ကပ်ရပ်အခန်းမှ ငိုသံ စူးစူးဝါးဝါး ထွက်ပေါ်လာသည်။ ထို့နောက် လူနာတင် လှည်းဘီးသံ ကြားရပြန်သည်။ မကျင်လှ ကြက်သီးထမိတော့သည်။ သူ့ ရင်ဘတ်ပေါ်တွင် လွှမ်းထားသည့် မျက်နှာသုတ်ပုဝါကို မျက်နှာပေါ် အုပ်၍ တင်လိုက်သည်။ တဖန် ရုတ်တရုက် ထထိုင်ပြီး သူ့ မိခင်၏ အိုမင်းရွတ်တွနေပြီဖြစ်သော မျက်နှာပြင်ကို အသေအချာ ကြည့်မိတော့သည်။

 

(၃)

 

ညကား ရှည်လျားလှပေစွ။

 

မကျင်လှသည် သမံတလင်း ကြမ်းခင်းပေါ်သို့ ပြန်၍ လဲလျောင်းလိုက်သည်။ ခေါင်းအုံး လုပ်ထားသည့် အ၀တ်ထုပ်နှင့် ခေါင်း ထိမိသည်နှင့် တစ်ပြိုင်နက် ဤဆေးရုံကြီးသို့ ရောက်ရှိနေသည့် နေ့ရက်တို့ အကြောင်း တွေးမိပြန်သည်။ ဆယ့်ခြောက်ရက်တောင်ရှိပြီ ဟူသည့် အတွေးသည် မကျင်လှ၏ ရင်ထဲသို့ မီးစ ထိုးထည့်လိုက်သကဲ့သို့ပင်။

 

မကျင်လှသည် သံမံတလင်းကြမ်းခင်းပေါ်တွင် ဘယ်ညာ လူးလှိမ့်ရင်း သူ့ ဇာတိဖြစ်သော စွန်တနီးဒိုင်နယ် အပိုင် လှိုင်ဘောလယ် ကျေးရွာကလေးမှ ဆားမလောက် တောင်သူလယ်သမား ဆေးရုံသို့၊ ထိုမှတစ်ဆင့် ညောင်တုန်း မြို့နယ်ဆေးရုံသို့၊ ထိုမှတစ်ဆင့် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးသို့ လာရာခရီးစဉ်ကို သူ ပြန်ပြောင်း စဉ်းစားမိသည်။

 

ဤကိစ္စတို့၏ အစသည် လွန်ခဲ့သောနှစ် မိုးနှောင်းကာလကတည်းက ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ရင်ကြပ်ရောဂါကြောင့် သူ့ မိခင်ကြီး ချွဲဟပ်သည်။ ဤသည်မှာ ဆန်းသည် မဟုတ်။ သို့သော် ယခုရက်ပိုင်းအတွင်း အမောဖောက်လာသည်မှာ အတော်ပင် ဆန်းသည်။ လက်လှမ်းမီရာ ဆေးမြီတိုများဖြင့် ကုသသော်လည်း ဝေဒနာမှာ မသက်သာ။ ပို၍သာ တိုးလာသည်။ ထန်းဖို ထန်းနို့ကို နုတ်နုတ်စင်းပြီး ပြောင်းဖူးဖက်ထဲတွင် ထည့်လိပ်ပြီး သောက်လိုက်ရင် ချွဲကြပ် ပျောက်သည်ဟု မိတ်ဆွေတစ်ဦးက ဆိုသဖြင့် မကျင်လှသည် ပဒေါဒေါင့် ရွာဖျားရှိ သောက်ရေကန် နဖူးရှိ ထန်းဖိုပင်ကြီးသို့ သွားပြီး ထန်းနို့ ကောက်ခဲ့ရပြန်သည်။ ထန်းနို့ကို နုတ်နုတ်စင်းပြီး လိပ်ထားသည့် ပြောင်းဖူးဖက်တို့ တစ်လိပ်ပြီး တစ်လိပ်သာ ကုန်သွားသည်။ သူ့ မိခင်ကြီး၏ ဝေဒနာမှာ မသက်သာ။ ပို၍ တိုးလာသည်။ လေသံယဲ့ယဲ့မျှသာ ပြောနိုင်တော့သည်။

 

သို့နှင့် တစ်ဖက်ကမ်းရှိ ဆားမလောက်ကျေးရွာသို့ ကူးပြီး ဆေးမှူးနှင့် ပြကြည့်သည်။ “အဆုတ် မကောင်းဘူး။ ဆားမလောက် ဆေးရုံကိုသွားပြီး ကုပါ ဟု ဆေးမှူးက ဆိုသည်။ သို့နှင့် ဆားမလောက်ရှိ တောင်သူလယ်သမား ဆေးရုံကြီးသို့ ရောက်ခဲ့ပြန်၏။ ဆေးရုံ တက်ရမည်ဟူသည်နှင့် မကျင်လှသည် ရှိစုမဲ့စု စုထားသည့် ငွေကြေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး သူ့ မိခင်ကြီး၏ အသက်ကို သေမင်းထံမှ ပြန်လုရန် အားတင်းခဲ့သည်။

 

ခင်ဗျား အမေ အဆုတ်ရောဂါ ဖြစ်နေပြီ။ ညောင်တုန်းဆေးရုံကိုသွားပြီး သေသေချာချာ ကုနိုင်ရင်ကောင်းမယ် ဟု ဆရာဝန်လေးက ဆိုသည်။  “ညောင်တုန်းကို သွားပြီး ဆေးရုံတက်မယ်ဆိုရင်တော့ ငွေတော့ ကုန်မှာပေါ့ ဟု ဆရာဝန်လေးက ဆိုရှာသေးသည်။ “ကုန်လဲ ကုန်ပေါ့ ဆရာလေးရယ်၊ ကျွန်မတို့မှာ ဒီမအေ ဒီသမီးပဲ ရှိတာ ဟု မကျင်လှ ပြန်ပြောပြီး ရွာပြန်ကာ ငွေကြေးရှာဖွေသည်။

 

သူ့ဆွေမျိုးသားချင်းတို့မှာ ကြွယ်ပိုးကြွယ်ဝရှိသူများ မဟုတ်သဖြင့် ငါးရာ၊ တစ်ထောင်ခန့်သာ ထောက်ပံ့နိုင်သည်။ တစ်မျိုးလုံး ပေါင်း၍ ထောက်ပံ့လိုက်သောငွေမှာ သုံးသောင်း မပြည့်တတ်။ သို့နှင့်ပင် ညောင်တုန်းဆေးရုံသို့ ရောက်ခဲ့၏။

 

ညောင်တုန်းဆေးရုံသို့ ရောက်စက သူ့ မိခင်ကြီး၏ ဝေဒနာမှာ အတော်ပင် သက်သာလာလေ၏။ မကျင်လှ အားတက်မိသည်။ စင်စစ် ကံတရားက မကျင်လှကို ကျီစယ်နေခြင်းသာ ဖြစ်သည်။ ညောင်တုန်းဆေးရုံတွင် လေးရက်ခန့် ကြာပြီးနောက် သူ့ မိခင်၏ ဝေဒနာမှာ ပြင်းထန်လာပြန်သည်။ မကျင်လှ သက်ပြင်းချရလေပြီ။ တာဝန်ကျ ဆရာဝန်၊ ဆေးရုံအုပ်ကြီးတို့က ရန်ကုန်ဆေးရုံသို့ သွားရန် တိုက်တွန်းပြန်သည်။

 

ထိုသော် မကျင်လှ တွေခနဲ ဖြစ်သွားသည်။ စင်စစ် ရန်ကုန်ဟူသည့် မြို့တော်ကြီးမှာ သူ နေထိုင်ရာ လှိုင်ဘောလယ်ရွာမှ မိုင်လေးဆယ်ကျော်သာ ဝေးသည်။ ညောင်တုန်းမှ ရန်ကုန်သို့ ပြေးဆွဲသည့် မော်တော်ကားဖြင့် သွားလျှင် နှစ်နာရီခန့်သာ ကြာသည်။ သို့သော်လည်း နီးလျက်နှင့် ဝေး ဆိုသကဲ့သို့ပင် ရန်ကုန်မြို့သို့ မကျင်လှ တစ်ခေါက်မျှ မရောက်ဖူး။ လှိုင်ဘောလယ် ရွာကလေးတွင်  လယ်လုပ်ကောက်စိုက်၊ အသားတိုး ၀က်မွေးရင်း အသက်မွေးမြူရသော ကျေးတောသူ မကျင်လှနှင့် ရန်ကုန်ဟူသည့် မြို့တော်ကြီးမှာ ဘုန်းကြီးနှင့် ဘီး ပမာ မအပ်မရာပင် ဖြစ်တော့သည်။

 

မည်သို့ပင်ဖြစ်စေကာမူ မကျင်လှသည် ရန်ကုန်သို့ မဖြစ်မနေ သွားရတော့မည်။ ရန်ကုန်သို့ သူ တစ်ယောက်တည်း မသွားရဲ။ ဘယ်ဆီနေမှန်း မသိသော ဆေးရုံသို့ အမောဖောက်နေသည့် အမယ်အိုကြီးနှင့် အတူ သွားရမည့် ခရီးလမ်းမှာ မကျင်လှအဖို့ နွေကန္တာခရီးကြမ်းပင် ဖြစ်ချေ၏။

 

မကျင်လှသည် ရွာပြန်၍ ငွေစကြေးစ ရှာဖွေရပြန်သည်။ ဆွေမျိုးတို့မှာလည်း သူ့ကို မထောက်ပံ့နိုင်တော့ချေ။ သို့နှင့် နောက်ဖေး ခြံထဲတွင် မွေးထားသော ၀က်ဖျန်း နှစ်ကောင်ကို ရရာဈေးနှင့် ရောင်းရန် ပြင်သည်။ သို့သော်လည်း သူ့ ၀က်ဖျန်း နှစ်ကောင်ကို တန်ရာတန်ဈေးပေးပြီး ၀ယ်ယူမည့်သူ တစ်ဦးတစ်ယောက်မျှ မပေါ်လာ။ ၀က်ကုန်သည်တို့က ပေါက်ဈေးအောက် တစ်သောင်းခန့် လျှော့ပြီး ဈေးနှိမ်ကြသည်။

 

ကိုင်း ... ဒီလောက်တောင် ဖြစ်လှတာ။ နင်တို့ဆီမှာ မရောင်းဘူး။ ဆားမလောက်ဘက်ကမ်း ကူးပြီးတော့ ဒီဝက်နှစ်ကောင်ကို သွားရောင်းမယ် ဟု မကျင်လှ ကြုံးဝါးလိုက်သည်။ “အချိန်ဆွဲလို့ မဖြစ်ဘူး။ ညနေ မစောင်းခင် ညောင်တုန်းဆေးရုံကို ပြန်မှ ဖြစ်မယ် ဟု တွေးရင်း ၀က်နှစ်ကောင်ကို ခြေလက် ကြိုးတုပ်ပြီး ကူးတို့လှေပေါ် တင်ကာ ဆားမလောက်ဘက်ကမ်းသို့ ကူးသည်။

 

ပန်းလှိုင်မြစ်ရေသည် တဟဲဟဲ ရယ်သံကို ပြုရင်း ဆားမလောက် ကျေးရွာ နံဘေးရှိ မြစ်ကမ်းပါးများကို တိုက်စားဖြိုချနေလေ၏။ အပြောကျယ်သည့် ပန်းလှိုင်မြစ်ပြင်တွင် ဗေဒါဖုတ်များ ဟိုသည် မျောပါနေ၏။ ခြေလက်တို့ကို ကြိုးတုပ်ခံထားရသည့် ၀က်နှစ်ကောင်သည် တကွီကွီ အော်မြည်ရင်း ကူးတို့ လှေပေါ်တွင် ရုန်းကန်နေကြသည်။ မကျင်လှသည် ၀က်နှစ်ကောင်၏ အော်မြည်သံကို မကြား။ ရန်ကုန်သို့ မည်သို့ သွားရမည်ကိုသာ အကြိတ်အနယ် စဉ်းစားရင်း ကူးတို့လှေဦးတွင် လိုက်ပါလာ၏။

 

ကူးတို့သမားက “ဟဲ့ မကျင်လှ နင့် ၀က်တွေ ရုန်းလို့ လှေ လူးနေပြီ။ သေသေချာချာ ကြည့်ထားဦး ဟု မကျင်လှကို လှမ်းအော်ပြောလိုက်မှ သူ သတိ ပြန်ဝင်သည်။ လှေဦးမှ ၀မ်းထဲသို့ ဆင်းသွားပြီး ၀က်နှစ်ကောင် မလှုပ်နိုင်အောင် ရှိစုမဲ့စု အားသုံးပြီး ဖိထားလိုက်သည်။ ၀က်နှစ်ကောင်ကမူ ရုန်းမြဲ၊ အော်မြဲ။ မကျင်လှ စိတ် မရှည်တော့ပြီ။ “ဒီလောက်တောင်ဖြစ်လှတာ ဟု ရေရွတ်ရင်း ၀က်နှစ်ကောင်ပေါ် တက်ထိုင်လိုက်သည်။ ထို့နောက် လှေ ပက်ခွံ့ (ရေပက်ရန် အသုံးပြုသော ၀ါးဆစ်ခွက်) နှင့် ၀က်နှစ်ကောင်၏ နှုတ်သီးကို တစ်ချက်ပြီး တစ်ချက် ရိုက်သည်။ ၀က်နှစ်ကောင်ကလည်း ဆတ်ဆတ်ထိ မခံ။ တကွီကွီနှင့် အော်မြည်ပြန်သည်။

 

မကျင်လှသည် တကြီကြီ အော်မြည်နေသည့် ၀က်တို့၏ နှုတ်သီးကို ပက်ခွံ့ဖြင့် ရိုက်ရင်း ရင်ထဲတွင် ဆို့နင့်လာသည်။ “မအော်ပါနဲ့ ရွှေနီနဲ့ အဖြူတုံးရယ်။ ငါလဲ နင်တို့ကို မရောင်းမဖြစ်လို့ ရောင်းရတာပါ ဟု တိုးတိုးဖွဖွ ရေရွတ်မိသည်။ ခြေလက်တို့ကို ကြိုးတုပ်ခံထားရသည့် ၀က်နှစ်ကောင်မှ ရုန်းမြဲ ရုန်းဆဲ။ အော်မြဲ အော်ဆဲ။ သို့နှင်ပင် ဆားမလောက် ကူးတို့ဆိပ်သို့ ရောက်လေသတည်း။

 

မကျင်လှက ၀က်တစ်ကောင်လျှင် ငါးသောင်းပေးပါဟု ဈေးဆိုသည်။ ၀က်ကုန်သည်က သူ့ကို ပြုံး၍ ကြည့်သည်။ ထို့နောက် “နင့် ၀က်တွေက အချိန် ဘယ်လောက် ထွက်မှာမို့လဲ။ အရောင်းအ၀ယ်ကလဲ ကောင်းတာ မဟုတ်ဘူး။ ဒီတော့ကာ နင်လဲ မနာ ငါလဲ မသာအောင် တစ်ကောင်ကို လေးသောင်းခွဲရရင် ယူမယ် ဟု ၀က်ကုန်သည် မတင့်က ဆိုသည်။ မကျင်လှ အတန်ကြာအောင် စဉ်းစားသည်။ ကိုးသောင်းဆိုလဲ မနည်းပါဘူး။ အမေ ဆေးရုံတက်ဖို့ လောက်မှာပါ ဟု တွေးမိသဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကြုံရာကား တက်စီးပြီး ညောင်တုန်းသို့ ပြေးရလေ၏။

 

ဆေးရုံကြီးက မြို့ထဲမှာ။ ဒီဆေးရုံကနေ လွှဲစာ ရေးပေးလိုက်မယ်။ ဗဟိုရ် လိုင်းကားနဲ့ လိုက်သွားရင် ဒဂုန်ဧရာ အဝေးပြေးကွင်းကို ရောက်မယ်။ အဲဒီကနေ မြို့ထဲကို ကားစီးပြီး သွားလို့ ရတယ်။ လိုင်းကားနဲ့ သွားရင် နှစ်ရာပဲ ပေးရတယ် ဟု တာဝန်ကျ သူနာပြု ဆရာမလေးက မကျင်လှကို လမ်းညွှန်သည်။ “အရင်တုန်းကရော သွားဖူးလား ဟု ဆက်၍ မေးပြန်သည်။ မကျင်လှ ခေါင်းကိုသာ အတွင်သား ခါရမ်းမိသည်။ “ဒါဖြင့်ရင် ခက်တော့တာပဲ။ လိုင်ကား မှားစီးမိရင် ဒုက္ခရောက်နေဦးမယ်။ တိုင်စီ နဲ့ သွား ဟု အခြားလူနာတစ်ဦးက ၀င်၍ အကြံပေးပြန်သည်။ “တက္ကဆီ စီးရင် သုံးလေးငါးထောင် ပေးရမှာ။ ပိုက်ဆံ အပို ကုန်တာပေါ့ ဟု တာဝန်ကျ သူနာပြု ဆရာမလေးက ဆိုရှာသည်။ မကျင်လှမှာ သူတို့ ပြောသမျှကို ပါးစပ် အဟောင်းသားနှင့် ကြည့်ပြီး နာယူမှတ်သားရလေ၏။ သို့နှင့်ပင် မကျင်လှသည် သူ့ မိခင်ကြီးကို ခေါ်ယူပြီး မဟာရန်ကုန်မြို့တော်ကြီးသို့ ချီတက်လေသတည်း။

 

(၄)

 

ဒဂုန်ဧရာ အဝေးပြေးသို့ မကျင်လှတို့ သားအမိ ခြေချမိသည်နှင့် တစ်ပြိုင်နက် သူတို့ အနားသို့ တက္ကစီသမားများ ၀ိုင်းအုံလာသည်။ များလိုက်တဲ့လူတွေ ဟု မကျင်လှ တွေးမိသည်။ သူ့ မိခင်ကြီးမှာလည်း မျက်စိသူငယ် နားသူငယ် ဖြစ်နေသည်။ ဤမျှ များပြားသော လူစုလူဝေးကို သူတို့ မတွေ့ဖူး။ ရန်ကုန်မြို့တွင် ခါးပိုက်နှိုက် ပေါလှသည်ဟု နာမည်ကြီးသည်။ ထို့ကြောင့် ပိုက်ဆံအိတ်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားရ၏။ ထိုစဉ်မှာပင် သူ့ မိခင်ကြီးမှာ ခေါင်းမူးသလိုလို အန်ချင်သလိုလို ဖြစ်လာသည် ဟု ဆို၏။ လိုင်းကားစီးလို့တော့ မဖြစ်ဘူး။ ပိုက်ဆံ ကုန်ချင် ကုန်ပါစေ။ အမေ အေးအေးလူလူ သွားရအောင် တိုင်စီ ငှားမှ ဟု မကျင်လှ စိတ်ပိုင်းဖြတ်လိုက်သည်။ သို့နှင့် သူ့ အိတ်ကပ်ထဲမှ ခြင်္သေ့စိမ်း ငါးစီး ခုန်ထွက်သွားပြီးနောက်တွင် မကျင်လှတို့ သားအမိ ဆေးရုံကြီးသို့ ရောက်သွားလေသတည်း။

 

မကျင်လှတို့ သားအမိသည် ပြင်ပလူနာဆောင် ဟူသည့် ဆိုင်းဘုတ်ကြီးရှေ့တွင် ခြေစုံရပ်ရင်း ဘယ်ကို သွားရမည်မှန်း မသိ ဖြစ်နေလေ၏။ ထိုအခိုက်တွင် ရှပ်ဖြူဝတ်ထားသည့် လူတစ်ဦး သူတို့ အနီးသို့ ချဉ်းကပ်လာပြီး “ဘာဖြစ်တာလဲ၊ ဘယ်ကိုသွားမလို့လဲ ဟု ကောက်ခါငင်ခါ မေးလေ၏။ မကျင်လှ အားတက် မိသည်။ “ဒီလိုပါ ဆရာရယ်၊ ကျွန်မ အမေ မမာလို့ ဆေးရုံ ပြချင်လို့ပါ ဟု အားကိုးတကြီး ဆိုမိသည်။ “ညောင်တုန်း ဆေးရုံကြီးက ရေးပေးလိုက်တဲ့ လွှဲစာလဲ ပါပါတယ် ဟု ဆိုရင်း သူနာပြုဆရာမလေး ပေးလိုက်သည့် စာရွက်စာတမ်းတို့ကို ပလပ်စတစ်အိပ်ထဲမှ ထုတ်ပြလိုက်သည်။ ရှပ်ဖြူကိုယ်တော်သည် ထို စာရွက်စာတမ်းတို့ကို ယူပြီး ကြည့်ပြန်သည်။ ဆရာဝန်ကြီး၏ ရှုပ်ထွေးစုတ်ချာတော်မူပေထသော ပဲပင်ပေါက်လက်ရေးဖြင့် ရေးထားသည့် ဆေးစာကို မျက်မှောင်ကြုံ့၍ ဖတ်သည်။ သို့သော်လည်း လက်ရေး ညံ့လွန်းလှသောကြောင့် ဖတ်၍ ရဟန် မတူပေ။

 

ဒါဖြင့် ခဏနေဦး။ ဒီကနေ စောင့်နေ။ ဘယ်ကိုမှ မသွားနဲ့။ ကျွန်တော် ပြန်လာခဲ့မယ် ဟု ဆို၍ သူတို့ အနီးမှ ထွက်ခွာသွားပြီး လူနာတင်လှည်းကို တဂျောင်းဂျောင်း မြည်အောင် တွန်းရင်း ပျောက်ကွယ်သွား၏။ အတော်ကြာမှ တွန်းလှည်သမား ရှပ်ဖြူဆရာ ပြန်ရောက်လာသည်။ “ကျွန်တော့်နောက်လိုက်ခဲ့။ ဆရာဝန်နဲ့ တွေ့ပေးမယ် ဟု ဆို၏။ မကျင်လှ ၀မ်းသာ၍ မဆုံးတော့ပြီ။ သို့နှင့် သူ့ မိခင်ကို လက်တစ်ဖက်က ဆွဲရင် ၀န်စည်စလယ် အထုပ်အပိုးများကို ယူ၍ ရှပ်ဖြူဆရာသမားနောက်သို့ သုတ်ခြေတင်ပြီး လိုက်ရပြန်သည်။

 

ကျွန်တော့်ကို ဆေးစာပေးလိုက်။ ဟိုနားက ခုံတန်းမှာ စောင့်နေ ဟု ရှပ်ဖြူဆရာက ညွှန်ကြားသည်။ မကျင်လှတို့ သားအမိမှာ ရှပ်ဖြူဆရာ ညွန်ကြားသည်ကို တစ်သဝေ မတိမ်း လိုက်နာကြရ၏။ ဆယ့်လေးငါးမိနစ်ခန့် ကြာပြီးနောက် ရှပ်ဖြူဆရာ ပြန်ရောက်လာ၏။ “စာအုပ် ထပ်ထားလိုက်ပြီ။ တော်ကြာနေရင် သူတို့ လှမ်းခေါ်လိမ့်မယ်။ လှမ်းခေါ်ရင် သွားလိုက် ဟု ညွှန်ကြားပြန်၏။ ထို့နောက် ရှပ်ဖြူဆရာက “လက်ဘက်ရည်ဘိုး ပေးဦးလေ ဟု ကောက်ခါငင်ခါ ဆိုလေ၏။ ရှပ်ဖြူဆရာ၏ စကားကြောင့် မကျင်လှ အူကြောင်ကြောင် ဖြစ်သွားသည်။ သို့သော် မကျင်လှသည် ခေသူ မဟုတ်ပါ။ တောသူ ဆိုပေမင့် လက်ဘက်ရည်ဘိုး ဟူသည့် ဝေါဟာရ၏ အနက်အဓိပ္ပာယ်ကို သူ ရိပ်ဖမ်းသံဖမ်း ကြားဖူးပါသည်။ “ဘယ်လောက်ပေးရမလဲ ဟု ခပ်ဆတ်ဆတ် မေးလိုက်၏။ “တစ်ထောင်ပေး ဟု ရှပ်ဖြူဆရာက ခပ်သွက်သွက်ပင် ဆိုလိုက်သည်။ သို့နှင့် ခြင်္သေ့စိမ်း တစ်စီး ထွက်သွားပြန်သည်။

 

ဤသို့ ကသောင်းကနင်း အဖြစ်များနှင့် ကြုံရပြီး နာရီဝက်ခန့် အကြာတွင် “ဒေါ်ငွေမြိုင် ဟူသည့် ခေါ်သံကို ကြားရတော့သည်။ မကျင်လှသည် သူ့ အမေကို တွဲပြီး ဆရာဝန်မလေး ရှိရာသို့ အပြေးတစ်ပိုင်း လှမ်းသွားသည်။ “ဆရာမလေးရယ် အမေက ချွဲကြပ်ပြီး အသက် ရှူလို့ မ၀ဘူး ဖြစ်နေတာပါ ဟု ဆိုမိသည်။ ဆရာမလေးက သူ့တို့ သားအမိကို တစ်ချက်ကြည့်ရင့် သူ့ မျက်မှန်ကို ပင့်တင်လိုက်သည်။ ထို့နောက် သူ့ ၀တ္တရားအတိုင်း မေးမြန်းပြန်၏။ ပြီးမှ စာရွက်တစ်ရွက်ပေါ်တွင် ဟိုခြစ်သည်ခြစ် ရေးခြစ်လိုက်ပြီး ဟိုဘက် အခန်းကို သွားပါဟု အေးဆေးတည်ငြိမ်စွာ ဆိုလေ၏။ မကျင်လှ စိတ်ထဲတွင် အောင့်သက်သက် ဖြစ်သွားသည်။ မေးလိုက်တာလဲ လွန်ရော။ ပြီးတော့ ဘာမှ လုပ် မပေးဘူး ဟု တွေးမိသည်။

 

သို့နှင့်ပင် ရွှေမျက်မှန် ဆရာမလေး ညွှန်လိုက်သည့် ဟိုဘက် အခန်းသို့ ရောက်သွား၏။ ရွှေမျက်မှန် ဆရာကြီးနှင့် တွေ့လေ၏။ ဆရာဝန်ကြီး ဆိုသော်လည်း အသက် မကြီးသေး။ သို့စေမူ ဆရာကြီး ဟု မကျင်လှ ခေါ်မိသည်။ ရွှေမျက်မှန် ဆရာကြီးက ဒေါ်ငွေမြိုင်ကို နားကြပ်နှင့် ဟိုနားထောက်၊ ဒီနားထောက် လုပ်နေရင်း “ဘယ်လိုဖြစ်တာလဲ ဟု ညင်သာစွာ မေးသည်။ ဒေါ်ငွေမြိုင် ဘာမျှ ပြန် မပြောနိုင်၊ ချွဲကို ဟပ်၍ ထုတ်နေရသည်။ မကျင်လှက “ကျွန်မတို့မှာ ဒီမအေ၊ ဒီသမီး နှစ်ယောက်တည်း ရှိတာပါ ဟု အစချီ၍ အကြောင်းစုံကို အိတ်သွန်ဖာမှောက် ပြောပြလိုက်သည်။

 

မကျင်လှ၏ စကားတို့ကို နားထောင်ပြီးနောက် ဆရာဝန်ကြီး အတော်ပင် စိတ်ထိခိုက်သွားဟန် တူသည်။ ထို့နောက် မလှမ်းမကမ်းတွင် ရောက်ယက်ခတ်နေသည့် အဖြူရောင် ၀တ်စုံ ၀တ်ဆင်ထားသော ကလေးတစ်သိုက်ကို လှမ်းခေါ်လိုက်သည်။ ထို့နောက် မကျင်လှ နားမလည်သော ဘာသာစကာကို ကြားညှပ်အသုံးပြုပြီး သူတို့ အချင်းချင်း ပြောဆိုကြပြန်၏။ ကလေးတစ်သိုက်သည် ဒေါ်ငွေမြိုင် ထံပါးသို့ ဆွေ့ခနဲ့ ရောက်လာပြီး။ နားကြပ်နှင့် ထောက်သူ ထောက်၏။ ဒေါ်ငွေမြိုင်ကို ၀ိုင်းအုံပြီး ကြည့်သူ ကြည့်၏။ ထို့နောက် သူတို့ အချင်းချင်း တီးတိုး တီးတိုးနှင့် ပြောကြပြန်သည်။ 

 

သြော် .. ဒီကလေးတွေက ဆရာဝန်လေးတွေကိုး ဟု မကျင်လှ တအံ့တသြ ဆိုမိသည်။ ကလေးမလေး တစ်ဦးက ဒေါ်လှမြိုင်ကို နားကြပ်နှင့် ထောက်ပြီး ဟိုမေး သည်မေး လုပ်ပြန်သည်။ သူကသာ စွာလောင်စွာလောင်နှင့် မေးခွန်းတစ်ခုပြီး တစ်ခု မေးနေသော်ငြားလည်း ဒေါ်ငွေမြိုင်ကမူ ဘာ တစ်ခုမျှ ပြန် မဖြေနိုင်၊ မျက်လုံးပြူး၍သာ ကြည့်နေသည်။

 

ဆရာဝန်ကလေးများက သူ့ မိခင်ကို ဂရုတစိုက်နှင့် စစ်ဆေးနေသည်ကို တွေ့သော် မကျင်လှ၏ စိတ်ထဲတွင် ဂုဏ်ယူသလိုလို ၀မ်းသာသလိုလို ဘာလိုလို ညာလိုလို ဖြစ်သွား၏။ ထို့နောက်တွင် ရွှေမျက်မှန် ဆရာကြီးသည် သူ့ နားကြပ်ကို ဖြုတ်လိုက်ပြီး “ကဲ ဒေါ်ဒေါ် ဆေးရုံတက်ရမယ်။ တက်မယ် မဟုတ်လား။ ဆေးရုံ တက်လိုက်ရင် ကောင်းသွားမှာ ဟု ဒေါ်လှမြိုင်ကို ပြုံး၍ ကြည့်ရင်း ဆိုလိုက်သည်။ ဟုတ်ကဲ့ တက်ပါ့မယ် ဟု မကျင်လှက မဆိုင်းမတွ ၀င်ဖြေသည်။ သို့နှင့်ပင် မျှော်လင့် မထားသော ကိစ္စတို့သည် မကျင်လှ၏ ခေါင်းပေါ်သို့ ခုန်ချလာလေ၏။

 

သို့နှင့်ပင် မကျင်လှတို့ သားအမိ လူနာဆောင် အမှတ် (၉/၁၀) သို့ ရောက်ခဲ့လေ၏။ လူနာဆောင်သို့ လာရာတွင်လည်း ပိုက်ဆံကုန်သေးသည်။ လူနာတင်လှည်း တွန်းပေးသည့် ၀န်ထမ်း အမျိုးသမီးကို ငွေတစ်ထောင် ပေးခဲ့ရပြန်သည်။

 

(၅)

 

ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ လူနာဆောင် အမှတ် (၉/၁၀)၊ ခုတင်အမှတ် (၉) သို့ ရောက်ရှိသည့် ပထမနေ့။

 

မိခင်ကြီးကို လူနာခုတင်ပေါ်သို့ တင်ပြီးနောက် မကျင်လှ စိတ်မောကိုယ်မော ဖြစ်သွားသည်။ သို့သော်လည်း သူ့ မိခင်ကြီးမှာ အတော်ပင် ထူထူထောင်ထောင် ရှိလာပြီ ဟု သူ ထင်သည်။ သို့နှင့်ပင် ဆေးရုံတက်ရန် လိုအပ်သည့် ပစ္စည်းပစ္စယများကို ၀ယ်ရခြမ်းရပြန်သည်။

 

ကျေးတောသူ မကျင်လှသည် မည်သည့်ပစ္စည်းကို မည်သည့်နေရာတွင် ၀ယ်ရမှန်းပင် မသိ။ သို့သော်လည်း စိတ် မပျက်၊ အား မလျှော့။ ပါးစပ်ပါရင် ရွာရောက်တာပဲ ဟူသည်ကို နှလုံးသွင်း၍ သူ့ မိခင်အတွက် လိုအပ်မည့် အသုံးအဆောင်များဖြစ်သော ရေသန့်ဗူး၊ ရေပုံး၊ ရေခွက်၊ ဆန်ပြုတ်၊ လက်အိတ်၊ တစ်ခါသုံး ဆေးထိုးအပ်၊ ဆေးဝါး ပုလင်းကြီးငယ် အသွယ်သွယ်တို့ကို ၀ယ်ယူရပြန်သည်။

 

ပထမနေ့မှာပင် ငွေနှစ်သောင်းမဲ့မဲ့ ကုန်သွား၏။ မကျင်လှ ဘ၀တွင် ငွေနှစ်သောင်းခန့်ကို တစ်နေ့တည်း ကုန်အောင် သုံးစွဲဖူးသည်မှာ ပထမဆုံးပင် ဖြစ်သည်။

 

ညောင်တုန်းကားခ တစ်ထောင်၊ တိုင်စီခ ငါးထောင်၊ တွန်းလှည်းသမားတွေကို ပေးရတာက နှစ်ထောင်၊ ဆေးဖိုးက ငါးထောင်၊ ပစ္စည်းတွေ ၀ယ်တာက လေးထောင်၊ ဆန်ပြုတ်က ငါးရာဖိုး နောက်ပြီး ထမင်းနဲ့ ဟင်းဝယ်တာက ရှစ်ရာ။ အို ကုန်လိုက်တဲ့ ငွေ၊ ဘာမှ အသုံး မခံဘူး ဟု မကျင်လှ ညည်းမိတော့သည်။ သို့သော်လည်း သူ့မိခင်၏ အသက်ကို ငွေနှင့် လဲယူ၍ ရလျှင် ကျေနပ်ပါပြီ။ ထို့နောက် ကျန်ရှိနေသော ငွေခုနစ်သောင်းကျော်ကို ရေတွက်ကြည့်မိပြန်သည်။ အပြန်လမ်းစရိတ် အတွက် ငွေတစ်သောင်းကို ခွဲ၍ သိမ်းလိုက်သည်။

 

(၆)

 

ဤသို့ဖြင့် မကျင်လှတို့ သားအမိနှစ်ဦး လူနာဆောင် အမှတ် (၉/၁၀)၊ ခုတင်အမှတ် (၉) တွင် တစ်ပတ်ခန့် ကြာသွားသည်။ သူ့လက်ထဲတွင် လမ်းစရိတ် ချန်ထားပြီးနောက် ငွေ သုံးသောင်းကျော်သာ ကျန်တော့သည်။ သူ့ မိခင်၏ အခြေအနေမှာ သိသိသာသာ ထူးခြားလာခြင်း မရှိ။ အမေ ဘယ်တော့လောက် ပြန်ကောင်းမလဲ ဟု မကျင်လှက ည တာဝန်ကျ ဆရာမလေးကို မေးကြည့်မိသည်။ ဆရာမလေး မျက်နှာပျက်သွားသည်။ ထို့နောက် မကျင်လှကို ကြင်နာစွာ ပြုံး၍ ကြည့်ပြီး ကောင်းသွားမှာပါ အမရယ်။ နောက် သုံးလေးရက် နေရင် ကောင်းသွားမှာပေါ့ ဟု ဆိုရှာသည်။

 

လက်ကျန်ငွေစတို့ တဖြေးဖြေး လျော့နည်းလာသဖြင့် မကျင်လှ ရတက်မအေး ဖြစ်လာသည်။ တစ်ခုခုတော့ လုပ်မှပဲ ဟု တွေးမိသည်။ ပိုက်ဆံရအောင် ဘယ်လို လုပ်ရပါ့မလဲ ဟု တွေးသည်။ ငွေ သုံးသောင်းကျော်သာ ကျန်ပြီးသည့်နောက်တွင် မကျင်လှသည့် မနက်စာကို နေ့လယ် ၂ ချက်တီးခန့်တွင်မှ စားသည်။ သူ့မိခင်ကြီး သောက်၍ မကုန်သော ဆန်ပြုတ်ကို ညရှစ်နာရီခန့်တွင် သောက်သည်။ တစ်နပ်တစ်ကျင်း သက်သာလဲ မနည်း ဟု မကျင်လှ တွေးမိသည်။ အခုနေများ ပိုက်ဆံ ကောက်ရရင် သိပ်ကောင်းမှာပဲ ဟုလည်း သူ တွေးမိပြန်သည်။ အို မဟုတ်တာ သူများ ဥစ္စာကို အချောင်ရဖို့ မစဉ်းစားကောင်းဘူး တွေးပြီး သူ့ စိတ်ကူးယဉ်ခြင်းကို ဖျောက်ဖျက်လိုက်သည်။

 

နောက်တစ်နေ့ နံနက်တွင် မကျင်လှ အကြံကောင်းတစ်ခု ရလာလေ၏။ သူ့ မိခင်နှင့် ခုတင်ချင်း ယှဉ်ရက် ဆေးရုံတက်နေသည့် အဒေါ်ကြီးတစ်ဦးမှာ အာရုံကြော မထိန်းနိုင်သဖြင့် အိပ်ရာထဲတွင် ဆီးသွားလေ့ရှိသည်။ တစ်နေ့လျှင် လုံချည် လေးထည်ခန့် လဲရသည်။ ထို လုံချည်တို့ကို လျှော်ဖွပ်ပေးလျှင် ငွေကြေးရနိုင်သည် မဟုတ်လော။ သို့ဖြစ်ရကား မကျင်လှသည် ဆီးဝေဒနာရှင် အဒေါ်ကြီး၏ လူနာရှင်တို့ထံ သွား၍ တောင်းပန် ပြောဆိုရပြန်သည်။ လူနာရှင်တို့ကလည်း ရှောရှောရှုရှုပင် သဘောတူသည်။

 

ဤနည်းဖြင့် မကျင်လှသည် အလုပ်အကိုင် ရှားပါးပြီး အသက်မွေးရန် ခဲယဉ်လှသော ရန်ကုန်မြို့ကြီးတွင် အလုပ်တစ်ခုကို လွယ်လွယ်ကူကူ ရရှိသွားလေ၏။ အ၀တ်လျှော်သည် ဟူသည့် အလုပ်တွင်လည်း အရင်းအနှီး ရှိသေးသည်။ ဆေးရုံထောင့်ရှိ ဈေးဆိုင်သို့ ပြေး၍ ဖူဂျီ ၀ယ်ရသည်။ ဖူဂျီ တစ်ထုပ်လျှင် တစ်ရာ။ ဤတစ်ရာကို အရင်းအနှီးပြုလိုက်လျှင် တစ်ထောင်ခန့် ရတော့သည်။

 

ထိုရက်များတွင် မကျင်လှ သီချင်း တကြော်ကြော် ဆိုရင်း လူရှင်းချိန်တွင် ဆေးရုံ ရေချိုးခန်း၌ အ၀တ် ခိုးလျှော်နေသည်ကို တွေ့ရလေ၏။ အ၀တ် ခိုးလျှော်သည် ဆိုသော်လည်း အရပ်သိ၊ နတ်သိ ဖြစ်ပါသည်။ သူနာပြုဆရာမလေးက သူ့ကို ဘာမျှ မပြော။

 

ကံကြမ္မာသည် မကျင်လှကို မျက်နှာသာ မပေး။ သုံးလေးရက်ခန့် အကြာတွင် ဆီးချိုသည် အဒေါ်ကြီး ကွယ်လွန်သွားလေ၏။ ထို့နေ့က မကျင်လှ စိတ်မကောင်းဖြစ်မိသည်။ ခက်တော့တာပဲ ဟု ရေရွတ်မိသည်။ ထို့နောက် သမံတလင်း ကြမ်းခင်းပေါ်တွင် လဲလျောင်းရင် လက်ကျန် ငွေစတို့ကို ရေတွက်မိတော့သည်။ ဆေးလုံးလေးတွေက သေးသေးလေး ဆိုပေမယ့် ဈေး တယ်ကြီးတာပဲ ဟု တွေးမိပြန်သည်။

 

(၇)

 

ဤသို့ဖြင့် ဆေးရုံတွင် ဆယ်ရက်ခန့် ကြာညောင်းသွားလေ၏။ သူ့ မိခင်၏ အခြေအနေမှာ မကောင်းသော ထူးခြားခြင်းမျိုးဖြင့် ထူးခြားလာသည်။ ခုတင်ပေါ်တွင် လဲလျောင်းနေရသည်မှာ ကြာပြီ ဖြစ်သဖြင့် အိပ်ရာနာများ ပေါက်လာသည်။ တင်ပါးအောက်တွင် အရေပြားများ ရောင်ရမ်း တင်းမာနေကြောင်ကို မကျင်လှ မသိလိုက်။ အရေပြား ပေါက်ပြဲပြီး သားငန်ရည်များ ထွက်ခါမှ လာမှ မကျင်လှ သတိထားမိတော့သည်။

 

နေ့စဉ် သောက်ဆေးဖိုးအပြင် အနာထည့်ရန် ဆေးဖိုး တိုး၍ လာချေပြီ။ ထို အတောအတွင်း မကျင်လှသည် ရွှေမျက်မှန် ဆရာကြီးနှင့် သူနာပြု ဆရာမလေးတို့၏ မျက်နှာရိပ် မျက်နှာကဲကို အကဲခတ် ကြည့်သည်။ မကျင်လှသည် တောသူ ဖြစ်သော်ငြားလည်း လူရိပ်လူကဲ ကောင်းကောင်း ခတ်တတ်သူ ဖြစ်ပါသည်။ သူ့ မိခင်၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်လာရန် မဖြစ်နိုင်တော့မှန်း တဖြေးဖြေး ရိပ်စားမိစ ပြုလာသည်။ အမေ မသေစေရဘူး ဟု မိုက်မဲစွာ ကြုံးဝါးလိုက်သည်။

 

(၈)

 

သို့နှင့်ပင် ဆယ်သုံးရက် ပြည့်ခဲ့လေ၏။ သူ့ မိခင်၏ အခြေအနေမှာ ပို၍ ဆိုးရွားလာလေပြီ။ စကားကို လေသံ သဲ့သဲ့မျှပင် မပြောနိုင်တော့။ နေ့စဉ် သောက်နေ့ကျ ဆန်ပြုတ် မသောက်နိုင်တော့။ နှာခေါင်းဝတွင် အစာပိုက် တပ်ထားရလေပြီ။ နွားနို့ဖိုး၊ အစာအိမ်ဆေးရန် ပိုက်ဖိုး သုံးထောင်ခန့် ကုန်သွားပြန်၏။ အပြန်လမ်းစရိတ်အတွက် ချန်ထားသော ငွေတစ်သောင်းသာ ကျန်တော့သည်။

 

ဆယ့်လေးရက် တိုင်ခဲ့ပြန်ပြီ။ အမယ်အိုကြီး၏ အခြေအနေမှာ တစ်နေ့တစ်ခြား ပို၍ ဆိုးလာသည်။ အစာပိုက်နှင့် နွားနို့ တိုက်သော်လည်း အခြေအနေ မဟန်တော့ပြီ။ အားအင် ဆုတ်ယုတ်လာလေပြီ။ အနာ သည်းသဖြင့် အမယ်အိုကြီးမှာ တညည်းတည်း ညည်းနေရ၏။ လမ်းစရိတ် ငွေတစ်သောင်းတွင် ခုနစ်ထောင်သာ ကျန်တော့သည်။

 

ဆယ့်ငါးရက်နေ့ နေ့လယ်တွင် အမယ်အိုကြီး အမောဖောက်လာသဖြင့် မကျင်လှမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။ လူနာဆောင် တစ်ခုလုံးလည်း ရုတ်ရုတ်သည်းသည်း ဖြစ်သွားလေ၏။ တာဝန်ကျ ဆရာဝန်လေးနှင့် သူနာပြု ဆရာမတို့ ရောက်လာပြီး အမယ်အိုကြီးကို ဆေးတစ်လုံး သွင်းရန် လိုသည်ဟု ဆို၏။ မကျင်လှသည် လက်ကျန်ငွေ ခုနစ်ထောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဆေးရုံအောက်ရှိ ဆေးခန်းသို့ အပြေးသွားကာ ဆေးဝယ်ရပြန်သည်။ ဆေးတစ်လုံး ထိုးပြီးနောက် အမယ်အိုကြီး ငြိမ်ကျသွားလေ၏။ ဆိုးဆိုးရွားရွား ညည်းညူခြင်း မပြုတော့ချေ။

 

မကျင်လှမှာ သူ့ မိခင်၏ နံဘေးတွင် ရောက်ယက်ခတ်နေလေ၏။ ရသမျှ ဘုရားစာများကို တတွတ်တွတ် ရွတ်ဆိုသည်။ ရွှေတိဂုံစေတီတော် ရှိမည်ဟု ထင်ရသော အရပ်သို့ ရည်မှန်းပြီး လက်အုပ်ချီကာ သူ့ မိခင်ကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရန် ဆုတောင်းလိုက်သေးသည်။

 

နေမင်း၏ အလင်းရောင်တို့ ကွယ်ပျောက်စပြုချိန်တွင် မကျင်လှ၏ ၀မ်းဗိုက်သည် တကျုတ်ကျုတ် အသံပြု၍ သတိပေးလာသည်။ ခေါင်းမူးသလိုလို ဗိုက်အောင့်သလိုလို ဖြစ်လာသည်။ မကျင်လှသည် လက်ကျန်ငွေကို ရေတွက်ကြည့်လိုက်၏။ ငါးထောင်ကျော်သာ ကျန်တော့သည်။ ထမင်းတစ်နပ် ၀ယ်စားလျှင် ရှစ်ရာကုန်မည် ဖြစ်သဖြင့် ဆန်ပြုတ် သုံးရာဖိုး ၀ယ်သောက်ပြီး သူ့ မိခင်၏ ခုတင် နံဘေး သမံတလင်း ကြမ်းခင်းပေါ်တွင် လဲလျောင်းနေလိုက်သည်။

 

ထိုအခိုက်တွင် တစ်ဖက်အခန်းမှ ငိုသံ စူးစူးဝါးဝါး ကြားရသည်။ ဆေးရုံတွင် ရောက်ရှိနေသည်မှာ ရက်အတန်ကြာပြီ ဖြစ်သဖြင့် လူသားတစ်ယောက် သေဆုံးခြင်း၊ ငိုကြွေးခြင်း စသည်တို့နှင့် မကျင်လှ အတန်ငယ် ရင်းနှီးနေလေပြီ။ တစ်ဖက်အခန်းမှ အမေရဲ့ . ဟူ၍ ရှိုက်ကြီးတငင် ငိုကြွေးသံကို ကြားရသဖြင့် မကျင်လှ ခေါင်းနပမ်း ကြီးသွား၏။

 

မတွေးကောင်းတွေးကောင်း အမေ သေရင် ဒုက္ခပဲ ဟု သူ စဉ်းစားမိပြန်သည်။ ဘယ်လို သဂြုင်္ိဟ် ရမလဲ ဟု တွေးမိသည်။ လူသေကောင်ကို တင်ဆောင်ရန် တွန်းလာသော လူနာတင်လှည်းသံ တကျွီကျွီ ကြားရသော် အမေ သေသွားရင်လဲ ဒီလိုပဲ လှည်းနဲ့ တွန်းပြီး ထုတ်ရမှာ ဟု မြင်ယောင်လာပြန်သည်။ အို မဟုတ်သေးဘူး။ အမေ မသေရဘူး။ အမေ နေပြန်ကောင်းသွားမှာပါ ဟု ဇွတ် အတင်းလုပ်၍ တွေးရင်း သူ့ စိတ်ကို သူ ညာလိုက်သည်။ သို့သော်လည်း သဂြုင်္ိဟ်စရိတ် အနည်းဆုံး ငါးထောင် တစ်သောင်းတော့ ကုန်ဦးမှာပဲ ဟု တွေးမိပြန်သည်။ သူ့တွင် လက်ကျန်ငွေ ငါးထောင်ခန့်သာ ကျန်တော့သည်။

 

မကျင်လှ စိတ်ရှုပ်လာသည်။ လဲလျောင်းနေရာမှ ရုတ်ခြည်းထပြီး သူ့ မိခင်ထံပါးသို့ တိုးသွားသည်။ အမယ်အိုကြီးသည် ဝေဒနာ သည်းလွန်းသဖြင့် တအီအီနှင့် ညည်းညူနေလေ၏။ မကျင်လှသည် သူ့ မိခင်၏ ကွေးကောက်နေသော လက်ချောင်းတို့ကို ရင်ဘတ်ပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် စစ်စောင် အပါးကလေးကို လွှမ်းခြုံပေးလိုက်သည်။

 

တစ်ဆယ့်ငါးရက်မြောက်နေ့၏ ညတာကား ရှည်လျားလွန်ပေစွ။

 

(၉)

 

တစ်နေ၀င်ပြီး တစ်နေထွက်ခဲ့ပြန်လေပြီ။ ကမ္ဘာကြီးတွင် နေ့သစ်တစ်ခု ပေါ်ထွက်လာလေပြီ။ သို့သော်လည်း ထိုနေ့သစ်သည် မကျင်လှနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။ သူ့မိခင်မှာ သတိ ပြန် မလည်လာတော့ပေ။ ညည်းသံပင် တိုးလျလျ ဖြစ်သွားလေပြီ။

နေ့လယ်ခင်း ဆေးတစ်လုံး ထိုးပြီးနောက် မကျင်လှ၏ လက်ထဲတွင် ငွေတစ်ထောင်သာ ကျန်သေးသည်။ ဆန်ပြုတ် နှစ်ရာဖိုး ၀ယ်သောက်မိသဖြင့် ညနေစောင်း အချိန်၌ မကျင်လှ၏ လက်ထဲတွင် ရှစ်ရာကျပ်မျှသာ ကျန်တော့သည်။

 

မကျင်လှသည် သူမိခင် လဲလျောင်းနေသော ခုတင်နံဘေးရှိ သမံတလင်း ကြမ်းပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းရင်း မနက်ဖြန်ကို မည်သို့ ရှေ့ဆက်ရမည်ကို ဆင်ခြင်နေလေ၏။

 

အချိန်များသာ ကုန်လွန်သွားသည်။ မိုးလည်း သောက်လုပြီ။ မည်သို့ ရှေ့ဆက်ရမည်မှန်း မကျင်လှ မစဉ်းစားတတ်တော့ပြီ။ မကျင်လှ မောလှပါပြီ။ မကျင်လှသည် စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့ရက် အချိန်ကာလတို့ကို အရေးတယူလုပ်၍ ရေတွက်ခြင်းကို ရပ်လိုက်သည်။

အမျှင် မပြတ်သော အတွေးကို တိခနဲ ဖြတ်ပြီး ဆုံးဖြတ်ချက် တစ်ခု ခိုင်ခိုင်မာမာ ချလိုက်သည်။ သို့သော် သူ တဒင်္ဂမျှ ငိုင်ကျ သွားသည်။ ထို့နောက် ဗြုန်းခနဲ ထထိုင်၍ ပြေလျော့နေသည့် ဆံနွယ်စများကို တစ်ပတ်လျှို ထုံးကာ ထဘီ ပြင်ဝတ်လိုက်သည်။ လူနာဆောင် အတွင်း၌  အပ်ကျသံမျှ မကြားရအောင် ဆိတ်ငြိမ်နေလေ၏။

 

မကျင်လှသည် လူနာခုတင်ထက်တွင် လဲလျောင်းကာ မိန်းမောနေသော သူ့မိခင်၏ မျက်နှာကို တ၀ကြီး ကြည့်ပြန်သည်။ ထို့နောက် ဒူးတုပ်ထိုင်ပြီး သူ့ အမေအိုကို ဦးသုံးကြိမ် ချလိုက်သည်။ ဦးချစဉ်တွင် မကျင်လှတစ်ကိုယ်လုံး နတ်ကျသလို တဆတ်ဆတ်တုန်နေသည်။ ဘယ်ဘက်ရင်အုံရှိ နှလုံးသားတစ်ခုလုံးကို ကော်ထုတ်ခံလိုက်သလို တဆစ်ဆစ်နာကျင်လာသည်။ ပါးပြင်ထက်သို့ မျက်ရည်ပေါက်တို့ အလိုလို ကျဆင်းလာ၏။ မကျင်လှသည် ကျဆင်းလာသည့် မျက်ရည်စကို လက်ခုံဖြင့် သုတ်လိုက်သည်။ ငိုသံ မထွက်အောင် ကြိတ်၍ ရှိုက်သည်။ နောက်ထပ် မျက်ရည် မကျတော့။ မကျင်လှ၏ မျက်ရည်အိုင် အကယ်ပင် ခန်းခြောက်သွားလေပြီ။

 

ယင်းနောက် လူနာဆောင် တံခါးဝဆီသို့ ခြေသံ မကြားရလေအောင် ခပ်ဖွဖွ နင်းရင်း တရွေ့ရွေ့ လျှောက်လှမ်း သွားလေ၏။ အမယ်အိုကြီး၏ တအင်းအင်း ညည်းညူသံသည် သူ့ နောက်တွင် ကျန်ရစ်ခဲ့လေပြီ။ တံခါးဝသို့ ရောက်ခါနီးတွင် မကျင်လှသည် သူ့ မိခင်ကြီးကို နောက်ဆုံး အနေဖြင့် ကြည့်လိုက်သေးသည်။ ထို့နောက် သူ့ အကြည့်ကို လွှဲပြီး လှမ်းလက်စ ခြေလှမ်းကို ဆက်လှမ်းလိုက်၏။

 

မိုးသောက်ပြီ ဖြစ်သဖြင့် ရောင်နီပျို့ လာလေပြီ။ ညစောင့် ၀န်ထမ်းမှာ ခုံတန်းလျား ထက်တွင် အိပ်မောကျ ကောင်းနေဆဲပင် ဖြစ်၏။ မကျင်လှသည် လူနာဆောင် တံခါးမကြီးကို အသံ မမြည်အောင် အသာတွန်းဖွင့်ပြီး လူနာဆောင် အပြင်ဘက်သို့ လှမ်းထွက်လိုက်သည်။

ဖျော့တော့သော အရုဏ်ဦး အလင်းရောင်သည် မကျင်လှ၏ မျက်နှာထက်သို့ ရုတ်ခြည်း ကျဆင်းလာ၏။ မျက်နှာပေါ်သို့ ကျဆင်းလာသော အလင်းရောင်ကို ရှောင်ရှားရန် အလို့ငှာ မကျင်လှသည် မျက်နှာကို လက်ဖ၀ါးဖြင့် ကွယ်ရင်း  ဆေးရုံ အပြင်ဘက် လမ်းမကြီးဆီသို့ တဟုန်ထိုး ထွက်ခွာသွားလေ၏။

 

နံနက်ခင်း လေပြည်ဦးသည် လူနာဆောင်ကို ကာရံထားသည့် ခြံစည်းရိုးကို ဖြတ်သန်း၍ တိုက်ခတ်နေလေ၏။ လေအဟုန်ကြောင့် ရှေ့နောက် ယိမ်းထိုးနေသော ရေတမာပင်တန်းသည် လူနာဆောင်ကို ကျောခိုင်းသွားသူ မကျင်လှကို လက်ဝှေ့ယမ်းပြီး  နှုတ်ဆက်ပြနေသယောင်။

 

မောင်ကျပ်ခိုး

မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ကဆုန်လပြည့်ကျော် ၈ ရက် တနင်္ဂနွေနေ့ ၊ ခရစ်နှစ် ၂၀၁၂ ခုနှစ် မေလ ၁၃ ရက်။