Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 picture

အချိန်က ၁၉၈၈ ခုနှစ် တနိုင်ငံလုံး အနှံ့ဆန္ဒပြပွဲတွေဖြစ်နေလို့ ကျောင်းတွေ စပြီး ပိတ်ခါစ အချိန်။ လေးတန်းကျောင်းသား ကိုတိုးက အိမ်မှာ နေပြီး ကျောင်းစာ လုပ်စရာလည်း မရှိတော့၊ သူငယ်ချင်းတွေနဲ့ ဆော့လိုက်၊ လမ်းထဲက စာအုပ်ဆိုင်က ကာတွန်းစာအုပ်တွေ ငှားပြီး တအုပ်ပြီး တစ်အုပ် ဖတ်လိုက်၊ လုပ်နေတာတွေနဲ့ ကိုတိုး အချိန်ကုန်နေတာ။

ကိုတိုးတို့ အိမ်မှာကလည်း လူတွေက စုံတယ်။ ကိုတိုး ဦးလေး အငယ်ဆုံး တစ်ယောက်ကတော့ သူ့ကျောင်းက သူငယ်ချင်းတွေနဲ့ သပိတ်စခန်းဆိုလား အဲဒီကို ထွက်သွားတာ ပြန်မလာဘူး။ ဒီတော့ ကိုတိုးရဲ့ အဘိုးက အလုပ်တွေ ပိတ်လို့ ဘယ်မှ မသွားဖြစ်တဲ့ သူ့သားတွေကို အငယ်ဆုံး ဦးလေးလို လျှောက်မသွားဘဲ အိမ်မှာ ကပ်အောင် ဖဲထုတ်ဝယ်ပေးပြီး ရပ်ကွက်ထဲက ကာလသား တချို့နဲ့ အိမ်မှာ အပျော်တမ်း ဖဲရိုက်ဖို့ လုပ်ပေးတော့ .. ကာတွန်း ဖတ်စရာ မရှိရင် အိမ်က ဦးလေးတွေ ဖဲဝိုင်းမှာထိုင်ပြီး ဖဲရိုက်နည်း လေ့လာ သင်ယူနေချိန်ပေါ့။

 

ကိုတိုးက စပ်စပ်စုစုနဲ့ အရာရာကို စူးစူးစမ်းစမ်း လုပ်တတ်တဲ့ ကလေးဆိုတော့ ဦးလေးတွေ ဖဲဝိုင်းမှာ ဝင်ထိုင်ရင်း ဖဲကစားနည်းတွေကို မေးမြန်း စပ်စုတယ်။ ဦးလေးတွေက ရေသွားခပ်ပေး။ ဆေးလိပ်သွားဝယ်ပေးဆိုတာ ခိုင်းရင်လည်း လုပ်ပေးပြီး မုန့်ဖိုးရတယ်။ ရတဲ့ မုန့်ဖိုးနဲ့ ကာတွန်း ငှားဖတ်လို့ ရတာကိုး။ ကိုတိုး ကြံကြံပေါက်ပေါက် မေးတာတွေကို ဦးလေးတွေက သဘောကျလို့ တခါတလေ “ပညာရှင်” ခေါ်ကြတယ်။

 

တစ်ခါသားမှာလည်း ကိုတိုးတို့ အိမ်ရှေ့မှာ သောက်ရေအိုးစင်လေး ဆောက်ထားတယ်။ အဲဒီ ရေအိုးစင်လေးက ရေတွေ အေးအောင် ရေအိုးအောက်မှာ ဘိလပ်မြေဖျော်တဲ့အထဲ ထည့်တဲ့ သဲသန့်သန့်လေးတွေ ဖြူးထားပြီး … အဲဒီ သဲခင်းထဲမှာ အမေနဲ့ အဘွားက ဆန်ထဲက ရွေးထုတ်ထားတဲ့ စပါးလုံးတွေကို ဖြူးထားတယ်။ .. မိုးတွင်းလည်း ဖြစ်တော့ စပါးပင်လေးတွေ ပေါက်နေတာပေါ့။ အဲဒါကို ကိုတိုးက မြင်တော့ .. သူ့ ဦးလေး တစ်ယောက်ကို မေးတယ်။

 

“ဦး ဒါ.. မြက်ပင်တွေလား။”

“မြက်ပင် မဟုတ်ဘူး။ စပါးပင်တွေ။ မင်း အဘွားနဲ့ မင်းအမေ ဖြူးထားတဲ့ စပါးလုံးတွေကနေ အပင်ပေါက်လာတာ။”

 

အဲဒီတော့ ကိုတိုးက ဝမ်းသာအားရနဲ့ အိမ်ထဲကို ပြေးသွားပြီး… သူ့ အဘွားကို သွားပြောတယ်။

 

“အဘွား .. အိမ်ရှေ့မှာ အဘွားစိုက်ထားတဲ့ စပါးပင်တွေ ပေါက်နေပြီ။ သားသေချာ ကြည့်ထားလိုက်မယ်။ နောက်ဆို သားတို့ အိမ်မှာ ဆန်ဝယ်စားစရာ မလိုတော့ဘူး။ အဲဒီ စပါးပင်တွေကနေ ခူးပြီး ချက်စားရုံပဲ။” လို့ အမောတကော ပြေးပြောတာကို အဘွားနဲ့ ဦးလေးတွေက သဘောကျလို့ ပြောမဆုံးဘူး။

 

အိမ်မှာ လယ်သမားတစ်ယောက် ရောက်လာတာကိုးတဲ့။ ကိုတိုးကတော့ ဦးလေးနဲ့ အဘွားတို့ ဘာကြောင့် ရီ (ရယ်) နေကြလဲ မသိပေမယ့် သူ့စပါးပင်တွေကို အရိပ် တကြည့်ကြည့်နဲ့ပေါ့။ နောက်တော့ စပါးပင်တွေတချို့က သေသွားတာ၊ သောက်ရေးအိုး ရေလှယ်ပြီး အိုးထဲက အနယ်တွေကို ဆေးကြောတာ လုပ်ဖို့ ကိုတိုးအဖေက အိုးကို ဖယ်တာတွေ လုပ်တဲ့ အခါ အပင်တွေ ပါကုန်ပြီး ကိုတိုးခမျာ စပါးသီးတွေတောင် မမြင်ဖူးလိုက်ရှာပါဘူး။ ဒါပေမယ့် “ပညာရှင်” ဆိုတဲ့ စကားကတော့ တွင်နေတုန်းပဲ။

 

နောက်တခါလည်း အိမ်နားက ပန်းပုထုတဲ့ အလုပ်ရုံကို သွားပြီး သစ်တို သစ်စတွေနဲ့ ကိုတိုး တစ်ယောက် ဆော့လေ့ရှိတယ်။ အဲဒီ ပန်းပုအလုပ်ရုံက ရုပ်လုံးပုံ ထုတဲ့ ပန်းပုရုံ မဟုတ်ဘူး။ ပရိဘောဂတွေမှာ အလှဆင်တဲ့ ကနုပ်ပန်းတွေ ထုတဲ့ ပန်းပုမျိုးပေါ့။ ပန်းပုထုတဲ့အခါ တချို့ ပန်းခက် အညွန့်လေးတွေ ပန်းပုထုရင်း ကျိုးသွားတဲ့အခါ အကျိုးစကို ပန်းပုအလုပ်ရုံက တီအိုအေ (TOA) တံဆိပ် ကော်နဲ့ ကပ်ပါတယ်။ အဲဒီ ကော်က အဖြူရောင်။ အကျိုးစ နှစ်ဖက်ကို ကော်သုတ်ပြီး တေ့စပ်ထားလိုက်ရပါတယ်။ အဲဒီအတိုင်း တစ်ညလောက် သိပ်ထားလိုက်ရင် မနက်မှာ တော်တော် ခိုင်ပါတယ်။ ချက်ခြင်းတော့ သူက မကပ်ဘူး။ ကော်ဆို ထမင်းစေ့ကို ချေပြီး စာရွက်တွေ ကပ်တာလောက် သိတဲ့ ကိုတိုးက ထမင်းစေ့ ကော်အစွမ်းအတိုင်း ၃ မိနစ်လောက်မှာ ကပ်မယ် ထင်နေတာ။

 

တစ်ရက်မှာ.. အဲဒီ အလုပ်ရုံက အလုပ်သမား တစ်ယောက်က နောက်နေ့ လာရွေးမယ့် ပန်းပုချပ် တစ်ခုမှာ အချော သပ်ပြီးပေမယ့် … အောက်ခြေက ပန်းခက် အကော့ကလေး ကျိုးနေလို့ … ညနေ အလုပ် မသိမ်းခင် .. ကပ်ပြီး အလုပ်ခန်းထဲ ထားခဲ့တာကို ကိုတိုးက မြင်လိုက်တယ်။ ကော်အစွမ်းကို သိချင်တဲ့ ကိုတိုးက စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အလုပ်ရုံဆိုပေမယ့် အိမ်ရဲ့ ခြံဝိုင်းထဲမှာ ဒီလိုပဲ ပန်းပု ထုနေကြတာ။ သိမ်းတယ်ဆိုတာကတော့ ဆောက်တွေ၊ စူးတွေကို သိမ်းပြီး ကျန်တဲ့ ပန်းပုထုထားတဲ့ သစ်ပြားတွေကို ဒီအတိုင်း တချို့ထောင်၊ တချို့လှဲနဲ့ ထားခဲ့ကြတယ်။

 

အလုပ်သိမ်းတော့ အလုပ်သမားက အိမ်ပြန်သွားချိန် ကိုတိုးက အဲဒီ အလုပ်ရုံကို သွားပြီး ခုန ကပ်ထားတဲ့ ကော်ကို ခြောက်ပြီးလားဆိုတာ သွားသွားကြည့်တယ်။ စမ်းတဲ့ အနေနဲ့ ကပ်ထားတာကို နှဲ့ကြည့်တယ်။ ခွာကြည့်တယ်။ မကပ်သေးလို့ ပြန်ထားလိုက်တယ်။ ဒီလိုနဲ့ ညနေစောင်း ၅ နာရီ လောက်ကနေ ၈ နာရီ လောက် အထိအလုပ်ရှုပ်နေတဲ့ ကိုတိုးကို ဘယ်သူမှ သတိမထားမိဘူး။ မနက် ပန်းပြားကို လာရွေးတဲ့ လူလည်း လာရော … မနေ့က အလုပ်သမားကို အလုပ်ရှင်လည်းဖြစ်၊ ပန်းပုခေါင်းလည်း ဖြစ်တဲ့ .. ပန်းပုဆရာက ဆူနေလိုက်တာ။ ဒါလေး ကပ်တာတောင် အသုံး မကျဘူးလားဆိုပြီးတော့။

 

ဖြစ်ပုံက ကိုတိုး တညနေလုံး ခဏ ခဏ ခွာကြည့်နေတော့ ကော်တွေက လေသလပ်လို့ မာသွားပြီး နောက်ဆုံး ကိုတိုး လက်လျော့တဲ့ အချိန်မှာ ကပ်စရာ စွမ်းအား မရှိတော့တာကြောင့် … မကပ်တော့ဘူး ဆိုတာ ဘယ်သူမှ မသိလိုက်ဘူး။ အလုပ်သမားလေးကတော့ အဆူ အဆဲခံလိုက်ရပြီး … သူကပ်ထားတဲ့ နေရာကို အူကြောင်ကြောင်နဲ့ ကြည်နေတော့တာပဲ။ အဲဒီလို စူးစမ်းပြီး ဒုက္ခပေးတဲ့ ကိုတိုး။

 

နောက်ထပ် ကော် ပြဿနာကတော့ .. ဦးလေး တစ်ယောက်က စူပါဂလူး (Super Glue) ဝယ်လာပြီး ကိုတိုးရဲ့ စူးစမ်းမှုကို သိတော့ .. ကိုတိုး ပေါက်ကရ လုပ်ရင် အန္တရာယ် ဖြစ်မှာစိုးလို့ တခါတည်း ခေါ်ပြီး ရှင်းပြ၊ လုပ်ပြရတယ်။ သွားတိုက်ဆေးဗူးလို့ ဗူးသေးသေးလေးထဲကနေ ရေလို အရည်အကြည်လေးတွေကို ညှစ်ချပြီး အိမ်က ရေဒီယို အဖွင့်အပိတ်လုပ်တဲ့ ခလုတ်ကလေး ကျိုးနေတာကို ကော်ရဲ့ အရည်လေး တို့ပြီး ခဏ ကိုင်ပြီး တေ့ထားလိုက်တာ .. တမိနစ်လောက် အတွင်းမှာ ကပ်သွားတယ်။ ကိုတိုးလည်း သဘောကျတာပေါ့။ ဦးလေးက မှာတယ်။ လက်နဲ့ မကပ်မိစေနဲ့ ပြန်ခွာမရဘူး။ အသားတွေ ပဲ့သွားလိမ့်မယ်။ ယူလည်း မဆော့နဲ့ သေချာ မှာတယ်။

 

ပညာရှင် ကိုတိုးက ဘယ်နေမလဲ။ ဦးလေး အလစ်မှာ ခိုးပြီး အဲဒီ ကော်ကို ယူပြီး အဘိုးသောက်တဲ့ ရေနွေးအိုးနဲ့ ရေနွေးခွက်တွေကို အောက်က ခံတဲ့ လင်ဗန်းနဲ့ ကပ်ပေးထားလိုက်တယ်။ အဘွားက အဘိုးအတွက် ရေနွေးထည့်ပေးမလို့ ခွာတာ ခွာမရတဲ့ အဆုံး အဘိုးကို ပြောပြတော့ .. အဘိုးက ချက်ခြင်းပဲ .. ကိုတိုး လာဦးလို့ ခေါ်ပြီး ဆူတော့တာပေါ့။ ကိုတိုးလည်း .. ငါ ဒီလောက် သေချာ ဖွက်ပြီး လုပ်တာတောင် အဘိုးက ဘယ်လို မြင်သွားတာလဲ မသိဘူး ဆိုပြီး တွေးနေတာ။ အမှန်က အဘိုးက မြင်တာ မဟုတ်ဘူး။ ဒီလို လက်စ လက်နရှိတာ ကိုတိုးပဲ ရှိတယ်လို့ တန်းသိနေတာလေ။

 

ကိုတိုးနဲ့ ကော်ပြဿနာက မပြီးသေးဘူး။ တညမှာ ကောင်းကင်က ရှင်းလင်းနေပြီး လနဲ့ ကြယ်တွေက သာသာယာယာ ရှိနေတော့ အိမ်ရှေ့က ကွပ်ပျစ်မှာ ထိုင်ပြီး ဂစ်တာ တီးနေတဲ့ ဦးလေးနဲ့ အစ်ကိုနားမှာ ကိုတိုးလည်း နားထောင်နေတာပေါ့။ ခင်ဝမ်းနဲ့ စိုင်းထီးဆိုင် ရဲ့ သီချင်းတွေ၊ ခိုင်ထူး၊ မွန်းအောင် တို့ သီချင်းတွေနဲ့ပေါ့။ သီချင်းဆိုတာကို နားထောင်ရင်း ကောင်းကင်ကို မော့ကြည့်ပြီး ကိုတိုး အတွေးဝင်လာတယ်။ နောက်ဆုံး စိတ်ထဲ မထားနိုင်တော့ဘူးထင်တယ်။ ဂစ်တာ တီးနေတဲ့ ဦးလေး လက်ကို လှမ်းကိုင်ပြီးတော့ကို နက်နက်နဲနဲ မေးခွန်း တစ်ခု မေးချလိုက်တယ်။

 

“ကောင်းကင်က လနဲ့ ကြယ်တွေကို ဘာကော်နဲ့ ကပ်ထားတာလဲ။”

 

ဂစ်တာဝိုင်းက ဂီတာကို ခံစားချက်နဲ့ အချစ် သီချင်းတွေ၊ အလွမ်း သီချင်းတွေ တီးနေတဲ့ ဦးလေးခမျာ .. ရီလိုက်တာ ခွက်ခွက်လန်ပဲ။ အိမ်ပေါ်က ကိုတိုးရဲ့ အမေကိုလည်း လမ်းအော်ပြီး .. “အစ်မရေ အစ်မသား ပညာရှင်က ကြယ်တွေကို ဘာကော်နဲ့ ကပ်ထားလဲတဲ့။” ဆိုပြီး အော်ပြောပြီး ရီနေတာ။ ကိုတိုးက စိတ်တွေဆိုးလို့။ သူမေးတာကို မဖြေဘဲ ရီနေကြလို့လေ။

 

တရက်မှာတော့ မနက် (၉) နာရီလောက် ကိုတိုး အိပ်ယာက နိုးနေပြီး လက်ထဲက ခဲတံ တစ်ချောင်းနဲ့ ဖဲချပ်အဟောင်းပေါ်မှာ တောင်တောင်အီအီ လျှောက်ခြစ်နေရာက ထပြီး အိမ်ရှေ့မှာ ဈေးဝယ်ပြီး ပြန်လာတဲ့ မိခင်ဖြစ်သူကို လှမ်းကြိုလိုက်တယ်။

 

မနက်စာ ဘာဝယ်လာလဲ … အမေ။

သားတို့အတွက် မနက်စာတော့ .. ဘာမှ ဝယ်မလာဘူး။ အမေက ဝယ်လာလည်း သားတို့က ချေး(ဂျီး)များနေကြတာ။ ဟိုလူက ဟိုဟာ မစားဘူး။ ဒီလူက ဒီဟာ မကြိုက်ဘူးနဲ့။ ကိုကိုကြီးရော နိုးပြီလား။

ကိုကိုကြီးက နိုးလို့။ ခုနလေးတင် ပေါက်ကြီး လက္ဘရည်ဆိုင် ထွက်သွားပြီ။

သားငယ်လည်း ဆာရင် လမ်းထိပ်က အသုပ်ဆိုင်မှာ ဖြစ်ဖြစ်၊ ထမင်းကြော်ဆိုင်မှာ ဖြစ်ဖြစ် တခုခု သွားစားလေ။ အမေ နောက်မှ ရှင်းမယ် ပြောလိုက်။

 

အဲဒီလို ပြောနေပေမယ့် ကိုတိုးကဈေးက ပြန်လာတဲ့ အမေဖြစ်သူကို ဈေးခြင်း လှမ်းဆွဲကြိုရင်းနဲ့ ခြင်းထဲ ဘာစားစရာ ပါလာမလဲ အကြံနဲ့ မွှေနေတာ။ တခါတလေ သစ်တော်သီးတို့ မာလကာသီးတို့ကို ကိုတိုး အမေက လေ့လည်နေ့ခင်းစားဖို့နဲ့ ဘုရားဆွမ်းတောင် တင်ဖို့ ဝယ်လာတတ်တယ်။ အဲဒါတွေ့ရင် စားမယ့် အကြံနဲ့ပေါ့။

 

ဈေးခြင်းထဲမှာ ဆန်နဲ့ လုပ်ထားတဲ့ မုန့် ညိုညိုလေးတွေကို ဖက်နဲ့ ထုပ်ထားတဲ့ အထုပ်ကလေးကို တွေ့တယ်။ ကိုတိုး သိလိုက်တယ်။ ဒါ အမေ ဝယ်ဝယ်လာနေကြ မုန့်။ မုန့် နာမည်တော့ ကိုတိုး မသိဘူး။ အဲဒီ မုန့်ကို အမေက နေ့တိုင်းဝယ်ပြီး၊ စားလည်း မစားဘူး။ ဒါပေမယ့် ဘုရား ဆွမ်းတော်ကပ်တဲ့အထဲမှာ နေ့စဉ်ထည့်ကပ်တယ်။ ဆွမ်းတော် စွန့်ပြီးရင်တော့ အိမ်အောက်က “အောင်နက်” ကို ကျွေးလိုက်တယ်။

 

ကိုတိုးက စပ်စုတဲ့ ထုံးစံအတိုင်း လူဆိုတော့ တခါမှာ ဘုရားဆွမ်းတော် စွန့်ပြီးတဲ့ အချိန် ယူစားကြည့်မိတယ်။ အရသာလည်း မရှိဘူး။ ဒါပေမယ့် အမေက ဈေးသွားတိုင်း ဝယ်ဝယ်လာပြီး အဲဒီလို ကပ်နေကြ။ ဒီနေ့လည်း တွေ့တာနဲ့ မနေနိုင်ဘဲ .. စပ်စုလိုက်တယ်။

 

“အမေ .. ဒီမုန့်ကို ဘယ်သူမှလည်း မစားဘဲနဲ့၊ စားလို့လဲ မကောင်းဘဲနဲ့ ဘာလို့ နေ့တိုင်း ဘုရားဆွမ်းကပ်တာလဲ။” ဆိုတော့ .. ကိုတိုး အမေက “ကုသိုလ် ရအောင်ပေါ့ သားငယ်ရယ်” လို့ ဖြေတာကို ကိုတိုး သဘော မကျဘူး။ အဲဒီတော့ ကိုတိုး ထပ်မေးတာက 

 

“ဒီမုန့်က စားလို့ မကောင်းလို့ သားတို့က မကြိုက်ပေမယ့် … ဘုရားက ကြိုက်လို့ ကပ်နေတာလား” ဆိုတော့ … ဘာသာရေး အယူကြီးတဲ့ ကိုတိုး အမေက လှမ်းငေါက်လိုက်တယ်။

 

“ဟဲ့ .. ကောင်လေး .. နင် အရာရာ ကပ်တီး ကပ်ဖဲ့ ပြောတတ်တာ ကိစ္စ မရှိဘူး။ အခုလို ဘုရား၊ တရားကိစ္စမှာ အဲလို မပြောကောင်းဘူး” လို့ အသံမာမာနဲ့ ပြောလိုက်တော့ ကိုတိုးလည်း ငြိမ်ပြီး ဘာမှ ဆက်မပြောဘဲ ခေါင်းငုံနေတယ်။

 

ဒါကို ကိုတိုးရဲ့အမေက သနားသွားပြီး ..

“သား .. ဒီကိုလာ။ အမေ ရှင်းပြမယ်” ဆိုပြီး … ။

 

“သားတို့ ကျောင်းနားက ပလက်ဖောင်းမှာ ဈေးရောင်းနေတဲ့ အဘွားကြီး တစ်ယောက်ကို သားသိတယ် မဟုတ်လား။”

 

ဈေးဗန်း သေးသေးလေးကို ခုံနဲ့နဲ့လေးပေါ် တင်ပြီး၊ ပြဲနေတာတွေကို သေချာချုပ်ထားတဲ့ အဝတ်အစားအနွမ်းလေးကို ဝတ်ထားတဲ့ ဈေးသည် အဘွားအိုကို ကိုတိုး မျက်စိထဲမှာ မြင်လိုက်တယ်။

 

“ဟုတ်ကဲ့”

 

“အဲဒီ အဘွားအိုဟာ အမေတို့ ငယ်ငယ်တုန်းက … ကျောင်းမှာတတ်ကတည်းက မုန့်ဈေးတန်းမှာ ဈေးရောင်းနေတဲ့ အဘွားကြီးပေါ့။ သူ့ကို အမေတို့က ကြီးမေကြီးလို့ ခေါ်တယ်။”

 

ကိုတိုးအမေက ဈေးခြင်းထဲက မုန့် ထုပ်ကလေးကို ထုတ်ပြီး ..

 

“ဒီမုန့်ကို အမေက … ကြီးမေကြီးဆီက ဝယ်လာတာ။ ကြီးမေကြီးရဲ့ သားက ၁၀ တန်းမှာ စစ်ထဲ ဝင်သွားလို့ အခု စစ်တပ်ထဲမှာ။ ကြီးမေကြီးကို ဘယ်သူမှ ရှာကျွေးမယ့်လူ မရှိလို့၊ ရှိတဲ့ ပိုက်ဆံလေးနဲ့ မုန့်ကလေးတွေ လုပ်ရောင်းပြီး ပိုက်ဆံ ရှာနေရတာ။ ရောင်းလို့ရတဲ့ ပိုက်ဆံကို နောက်နေ့ မုန့်လုပ်ဖို့ ဆန်ပြန်ဝယ်ပြီး၊ … ပိုတဲ့ မုန့်ကို ကြီးမေကြီးက နေ့တိုင်း ထမင်းလို စားတာ သားရဲ့။”

 

“စားလို့လဲ မကောင်းဘဲနဲ့ ကြီးမေကြီးက နေ့တိုင်း စားတာပဲလား။”

 

“အင်းပေါ့ .. သားရဲ့။ သူ့မှာ ပိုက်ဆံမှ အပိုမရှိတာ။ ရောင်းလို့ရတဲ့ ပိုက်ဆံကို မုန့်ဝယ်စားလိုက်ရင် .. နောက်နေ့ မုန့်ရောင်းစရာ မရှိတော့ဘူး သားရဲ့။ .. နောက်ပြီး .. ကြီးမေကြီး ဈေးမရောင်းရရင်လည်း နောက်နေ့ စားစရာ မရှိမှာ စိုးလို့ အမေက .. ကြီးမေကြီးကို လှူသလိုမျိုး ပိုက်ဆံပေးတာကို ကြီးမေကြီးက မယူဘဲ .. သူ့မုန့်ကို နေ့တိုင်း အမေ့ကို ထည့်ပေးလို့ … အခု အမေက နေ့တိုင်း ကြီးမေးကြီဆီက မုန့်ဝယ်ဝယ်လာတာ။ … သားတို့ကလည်း မုန့်ကို မစားတော့ အမေက ကြီးမေကြီး ကုသိုလ် ရအောင်နဲ့ နောင်ဘဝတွေမှာ အဲဒီလို ဆင်းရဲပြီး သား၊ သမီးတွေနဲ့ ခွဲရတဲ့ ဒုက္ခမျိုး ထပ်မဖြစ်အောင် ကြီးမေကြီးအတွက် ရည်ဆူးပြီး ဘုရား ဆွမ်းတော် ကပ်ပေးနေတာ သားရဲ့။ … နောက်ကို အဲလို ပေါက်ကရ မမေးနဲ့တော့နော် .. သားလေး။”

 

ကိုတိုးလည်း ခေါင်းငြိမ့်ပြီး ငြိမ်နေတယ်။ စဉ်းစားခန်း ဝင်နေပုံရတယ်။ ဒီတော့ ကိုတိုး အမေက .. သား ဗိုက်ဆာနေရင် လမ်းထိပ်မှာ တခုခု သွားစားလေ။ ရော့ ပိုက်ဆံ ယူသွားဆိုပြီး ပေးလိုက်တော့ … ကိုတိုးလည်း ပိုက်ဆံယူပြီး လမ်းထိပ်က အသုတ်ဆိုင်မှာ ခေါက်ဆွဲသုပ်တပွဲကိုမှာပြီး ပါဆယ်ထုတ်ခိုင်းလိုက်တယ်။

 

အဲဒီ ခေါက်ဆွဲသုပ် အထုပ်ကလေးကို ဆွဲပြီး ကိုတိုး တစ်ယောက် ကျောင်းနားက ကြီးမေကြီး ဈေးရောင်းနေတဲ့ ပလက်ဖောင်းဆီကို သွားပြီး ..

 

“ကြီးမေကြီး … ရော့။ ကြီးမေကြီးဖို့။ ကြီးမေကြီး မုန့်ကို သားကို ပေး။ ဒီခေါက်ဆွဲသုပ်ကို ကြီးမေကြီးစား” ဆိုပြီး ခေါက်ဆွဲသုပ်နဲ့ မုန့်ကို လဲယူပြီး .. အိမ်က ဘုရားစင်မှာ ကိုတိုး တစ်ယောက် ဆွမ်းကပ်နေလေရဲ့။

 

သူ့စိတ်ထဲမှာလည်း ဆုတောင်းနေတာက …

 

“ကြီးမေကြီး မုန့်တွေ များများ ရောင်းရပြီး …. ချမ်းသာပါစေ”…….

 

ကိုထိုက်

မတ်လ ၉ ရက်၊ ၂၀၁၂