Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

picture

 

တမလွန်ဘ၀သို့ ပြောင်းရွှေ့သွားလေသူ ပြောင်းလဲရေးဝါဒီ ဗညားလဒ၏ ဘ၀ဇာတ်ကြောင်းကို အလွန်အမင်း သိလိုလှပါသည် ဟူ၍ ဘိုကလေးမြို့နယ်၊ အမာဒိုင်နယ်၊ အပျိုကြီးကုန်း ကျေးရွာ၌ သီတင်းသုံး နေထိုင်တော်မူသော “ဆိတ်ဝှေးသင်း ဆြာကြီး ဥူးတက်တူ က ကပိုကရိုထိုင်၍ နောက်ပြန် တောင်းပန်အပ်သောကြောင့် တောရကျောင်းတိုက်၌ ကပ္ပိယလုပ်ကာ သီတင်းသုံး နေထိုင်တော်မူသော ဗရုတ်သုတ်ခဘွဲ့ရ “ဗလောင်းဗလဲ ဆြာကြီး မောင်ကျပ်ခိုးသည် သေလွန်သူ ဗညားလဒ၏ ဆန်းကြယ်ထူးခြားသည့် ဘ၀ဖြစ်ရပ်တို့အနက်မှ မှတ်သားဖွယ်ရာ အချင်းအရာ အနည်းငယ်ကို ထင်သလိုမြင်သလို ထုတ်နုတ်၊ သုတ်သင်၊ တည်းပြတ်ပြီးလျှင် နောက်လာနောင်သားတို့ လေ့လာဆင်ခြင်နိုင်စေရန် အလို့ငှာ ဤ “ဗညားလဒပုံပြင် အမည်ရသော စာတမ်းလွှာကို ဗျစ်ရည်သောက်စဉ်၌ ပေါ်လှာသည့် ငါးပါးမှောက်သော ဗလရွှတ်တ ဉာဏ်အမြင်ဖြင့် စီရင်ရေးသားလိုက်ရခြင်း ဖြစ်ပါပေကြောင်း။

 

(၁)

 

ဗညားလဒကား နှယ်နှယ်ရ ပုဂ္ဂိုလ်ကြီး မဟုတ်ချေ။ တန်းတူညီမျှခြင်း ဟူသည့် သဘောတရားကို မဟားဒရား ယုံကြည် သက်ဝင်သော  တိုးတက်ရေးဝါဒီ၊ ပြောင်းလဲရေးဝါဒီ ပုဂ္ဂိုလ်ထူးကြီး ဖြစ်ချေ၏။ ပြောင်းလဲရေးဝါဒီ တစ်ဦးဖြစ်သည့် အားလျော်စွာ သူ့ဘ၀ တစ်လျှောက်လုံးတွင် ဟိုမှသည် သည်မှဟို၊ တစ်ဖန် သည်မှဟို ဟိုမှသည်၊ တစ်ခါ ဟိုမှသည် သည်မှဟိုသို့ မကြာခဏ ဆိုသလို ရင်ဆိုင်ကျော်လွှား ဖြတ်သန်းခဲ့ရသဖြင့် တစ်ခါတစ်ရံတွင် သူ့ဟာနှင့်သူ လိပ်ပတ် မလည်တော့ဘဲ မည်သည့်ဘက်တွင် ရောက်ရှိနေမှန်းကိုပင်  သူ ကောင်းကောင်းကြီး မသိတော့ချေ။ သို့သော်လည်း ထိုအခါမျိုးတွင် သူ့ကိုယ်သူ မလျော့မတင်း သားရေကွင်းဝါဒကို ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံနှင့် လိုက်လျော ညီထွေမှုရှိအောင် ကျင့်သုံးနိုင်သောသူ ဖြစ်ချေ၏ ဟူ၍ အသားယူပြီး ပြောစမြဲပင် ဖြစ်သတည်း။

 

ဗညားလဒ၏ ရာဇ၀င်အူပေါက်ကို မြေလှန်ကြည့်လျှင် ပြောင်းလဲခြင်းနှင့် ဗညားလဒ ဟူသည့် အရာနှစ်ခုမှာ ခွဲခြမ်းစိတ်ဖြာရန် မအပ်စပ်သော အညမည ဓာတ်ကြီးနှစ်ပါးနှယ် တည်ရှိနေသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရပေလိမ့်မည်။ ဗညားလဒသည် ငယ်စဉ်တောင်ကျေး အကလေးဘ၀ကပင် ပြောင်းလဲခြင်းတရားနှင့် လက်ပွန်းတတီး ရှိခဲ့လေ၏။ သုံးကျောင်းပြောင်းသော ရှင်၊ သုံးလင်ပြောင်းသော မယား ဟူသည့်အတိုင်း ဦးသောဘိတကျောင်း၊ ဦးတေဇ၀န္တကျောင်း၊ ဦးဝေပုလ္လကျောင်း စသဖြင့် တစ်ကျောင်းပြီး တစ်ကျောင်း ပြောင်းရွှေ့ကျက်စားခဲ့ရာ ဓနုဖြူအပိုင် သံကြိုးဒိုင်နယ်၊ ညောင်ချောင်းရွာဖွား ပါဠိ၊ သက္ကတ၊ ဟန္ဒီ၊ သီဟဠ ပါရဂူ အသျှင်ဘဒန္တဉာဏ၀ံသ ဘွဲ့အမည်ရ နှုတ်ခမ်းမွေးဆရာတော်ဘုရားကြီး ကိန်းအောင်း သီတင်းသုံးခဲ့ဖူးသော ပါဠိတက္ကသိုလ်ကြီးသို့ ရောက်ခါမှ သင်ပုန်းကြီး မာစတာတန်းကို ရိုးနံပါတ်ဝမ်းဖြင့် ကျွတ်တမ်းဝင်ခဲ့လေ၏။ ဗညားလဒကား နှုတ်ခမ်းမွေး ဆရာတော် ဉာဏ် ပါရမီ၊ အစွမ်းအစကို ဆရာ့ခြေဖျားမှ မြူမှုန်ခန့်မျှပင် မမီသော်ငြား ငါ့ ဆရာ အသျှင်ဉာဏ၀ံသ၏ အဆန်းထွင်လမ်းစဉ်ကို ထက်ကြပ်မကွာ နင်းအံ့ဟု တကြိမ်းတည်း ကြိမ်းခဲ့သည်မှာ သူ သင်ပုန်းကြီး ကျွတ်သည့်နေ့ကတည်းကပင် ဖြစ်ချေ၏။

 

(၂)

 

ဗညားလဒ လူ့အဖြစ်ကိုရသည့် ကာလမှာ ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင် ကျော်ထင်နော်ရထာ မင်းတရားကြီး လက်ထက်တော် မဟုတ်ချေ။ “မြမ္မာပူရ တည်းဟူသည့် အိမ်ကြီးကို စောင့်ကြပ် ကြည့်ရှုရသော အိမ်စောင့် မင်းလုလင် အဖြစ်မှ ရေမြေ့သခင် မင်းတြားကြီး အဖြစ်သို့  အရှင်လတ်လတ် ဘ၀ကူးပြောင်းသွားသော တော်လှန်ရေးကောင်စီ ဘ၀ရှင်ဥက္ကဌကြီး မင်းလုပ်အုပ်ချုပ်သည့် ရွှေရှယ်လစ် လက်ထက်တော်ကြီး ဖြစ်လေ၏။ ထိုမင်းလက်ထက်၌  မြောက်မြားလှစွာသော အပြောင်းအလဲတို့ ပေါ်ပေါက်ခဲ့ဖူး၏။ ထူးခြားဆန်းသစ်ပြီး ပြောင်မြောက်နက်နဲသည့် ငါးပါးမှောက် အတွေးအခေါ်တို့လည်း ပေါ်ထွန်းခဲ့၏။ ပြောင်းလဲရေး၊ တိုးတက်ရေး၊ တရားမျှတမှု၊ သာယာဝပြောသော လူ့ဘောင်သစ်ကြီး စသည့် စကားလုံးများနှင့် စိတ်လှုပ်ရှား အားတက်ဖွယ်ရာ ကြွေးကြော်သံတို့ ကျွက်ကျွက်ညံ ခဲ့ဖူးသည်။ ကာလနောက်ခံကို အကျယ် မဆိုတော့ပြီ။

 

အစသော် ဗညားလဒသည် နှုတ်ခမ်းမွှေး ဆရာတော်ကို အားကျပြီး စာပေပရိယတ် သင်ယူ၍ မထေရ်ကြီး တစ်ပါးလုပ်ရန် စိတ်ကူးခဲ့ဖူး၏။ သို့သော် ကိုရင်ကြီး ဘ၀မှာပင် ဆွမ်းဒကာ၏ သမီးဖြစ်သူ မိန်းမချောကလေးကို မြင်တွေ့ပြီး သာသနာ့ဘောင်ကို ကျောခိုင်းကာ လူဝတ်လဲ လိုက်လေ၏။ ဤသို့ အပြောင်းအလဲ လုပ်ခြင်းကြောင့် “မျက်နှာရူး ဟု  အပြောခံရတော့သည်။ အကြောင်းကား ဤသို့ ဖြစ်ပါသလျှင်ကတည်း။ ဆွမ်းဒကာ၏ သမီးက ကိုရင်လူထွက် ငါးပိချက်၏ ထူးမြတ်လှသော မေတ္တာဓာတ်ကို ကန်တော့ဆွမ်း လုပ်လွှတ်လိုက်သည်။ ထိုသော် ဗညားလဒသည် ပြောင်းလဲရေးဝါဒီပီပီ သူ့ကို မေတ္တာ မထားနိုင်သူ မိန်းကလေးကို ကျောခိုင်းလိုက်ပြီး အခြားမိန်းကလေးတစ်ဦး၏ ခြေရင်းတွင် ခစားဝပ်တွားကာ မေတ္တာဓာတ် ပေးသနားရန် တောင်းခံလေ၏။ ထိုမိန်းကလေးက “ဟင့်အင်း ဟူ၍ တုံ့ပြန်၏။ ထိုသော် နောက်မိန်းကလေးတစ်ယောက်ကို လူပျိုလှည့်သည်။ အရေး မလှပြန်။ သို့ဖြင့် နောက်တစ်ဦးကို ပြောင်း၍ ချစ်ရေး ဆိုပြန်သည်။ ထိုမိန်းကလေးကလည်း သူ့ကို ငြင်းလိုက်၏။ သို့ဖြစ်ရကား နောက်တစ်ယောက်ထံ ခြေလှမ်း ပြောင်းလေ၏။ အခြေအနေ မကောင်းချေ။ တစ်ယောက်ပြီး တစ်ယောက်၊ တစ်ဦးပြီး တစ်ဦး၊ လှည့်လည်၍ ချစ်ပါ၊ ကြိုက်ပါ တစာစာ လုပ်လေ၏။ မိန်းကလေးတစ်ဦးက “ဟဲ့ မျက်နှာရူး ကတုံးရဲ့ …  နင့်လို မှောက်ချည်လှန်ချည် လက်သီး၊ လက်ဖ၀ါး လုပ်တဲ့သူကို ငါ မယုံဘူး။ မျောက်လို ဟိုခုန် ဒီကူး လုပ်နေတဲ့ နင့်လို မျက်နှာရူးကို ငါ မကြိုက်ဘူး။ နင် ငါ့ကို ပိုးတာ နင် မရှက်တတ်ပေမယ့် ငါ ရှက်တယ်ဟဲ့ သေချင်းဆိုးကြီးရဲ့ဟု ပစ်ပစ်ခါခါ ဆိုလိုက်ပါမှ ဗညားလဒသည် လောကကြီးကို စိတ်နာကျည်းသွားပြီး ချစ်မှုကြိုက်မှုကိစ္စကို တစ်စခန်းသိမ်း၍ သာသနာ့ဘောင်သို့ ပြန်လည်ဝင်ရောက် သွားပြန်၏။

 

သုံးလေးခန့် အကြာတွင် ရှင်နာဂိန္ဒ တစ်ဖြစ်လဲ ဗညားလဒသည် ညောင်တုန်းမြို့ ရွှေဟင်္သာတောရ ပရိယတ္တိစာသင်တိုက်ကြီးသို့ သွားရောက်ပြီး ပညာဆည်းပူးရန် စိုင်းပြင်းနေသည်ဟု ကြားရ၏။ သူ့ကို ပစ်ပစ်ခါခါ ဆိုခဲ့ဖူးသော မိန်းကလေးသည် ထိုသတင်းကို ကြားသော် ရှင်နာဂိန္ဒလျောင်းလျာ သတို့သားကို စော်ကားမိပြီ ဟူ၍ အထင်ရောက်သွားပြီး အားနာသလိုလို၊ နောင်တရသလိုလို၊ ဘာလိုလို ညာလိုလိုဖြစ်ကာ စိတ်ဗရောက်ဗရက် ဖြစ်သွား၍ ရှင်နာဂိန္ဒ၏ ခြေအစုံကို ဦးခိုက်ဝပ်တွားပြီးလျှင် ပိုးသင်္ကန်းတစ်စုံဖြင့် တောင်းပန်ပူဇော်ရတော့သည် ဟူသတတ်။

 

(၃)

 

ညောင်တုန်း ရွှေဟင်္သာတောရတိုက်တွင် မောင်ဘုန်း ဗညားလဒ ကြာမြင့်စွာ မနေလိုက်ရချေ။ ရွှေဟင်္သာ တောရကျောင်းမှာ ရွှေကျင်နိကာယ ဘုန်းတော်ကြီးကျောင်း ဖြစ်သဖြင့် ၀ိနည်းသိက္ခာပုဒ် အလွန် တင်းကျပ်သည်။ ရဟန်းဘ၀သည် လူ့ဘ၀ထက် ပို၍ ပင်ပန်း၏။ အစား ဆင်းရဲ၏။ အနေ ကြမ်းတမ်း၏။ အလုပ် အင်မတန် များ၏။ နံနက် ဝေလီဝေလင်း တုံးမောင်းခေါက်ချိန်မှစ၍ ဆွမ်းခံထွက်၊ စာဝါလိုက် အစရှိသည့် ရဟန်းကိစ္စတို့ကို ဆောင်ရွက်ရသည်မှာ မိုးချုပ်ညနက်သည့် တိုင်အောင်ပင် ဖြစ်၏။ ဗညားလဒမှာ လွတ်လပ်ခြင်းကို မြတ်နိုးသော ပြောင်းလဲရေးဝါဒီ တက်ခေတ် ရဟန်းပျိုတစ်ပါး ဖြစ်သဖြင့် ငွေကြေး အလှူခံသည်။ ပိုးသင်္ကန်း တရွှမ်းရွှမ်း၊ ရွှေမျက်မှန် တ၀င်းဝင်း၊ ရေမွှေးနံ့ တသင်းသင်း။ ထို့ပြင် ဒကာမပေါင်း သောင်းခြောက်ထောင်ကို နိဗ္ဗာန်ရောက်ကြောင်း ဟာဒယ ရွှင်ဆေး သုတ္တန်၊ ဒေသနာများဖြင့် အူတက်ရလေအောင် တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတတ်သည်။ ရှင်ဗညားလဒသည် ရွှေကျင်သာသနာ၏ အသက်သွေးကြော သဖွယ်ဖြစ်တော်မူသော  ရွှေကျင်ဂိုဏ်းကျင့်ထုံးကိုပင် သူ့စိတ်ကြိုက် ပြင်ဆင်ပြောင်းလဲရန် မအပ်မရာ ကြံစည်လေ၏။ ဤတွင် တိုက်ကြပ် ဆရာတော်က “ဒီမယ် ကိုယ်တော် … ကိုယ်တော် ဒကာမတွေ တရုန်းရုန်းနဲ့ လုံးလားထွေးလား လုပ်နေတာကို ကျုပ် မပြောဘဲ ကြည့်နေတာ ကြာလှပြီ။ ကိုယ်တော်က ဘုရားသားတော် ရဟန်း။ အရ ဟန်ကျတဲ့ “ရ - ဟန် မဖြစ်ပါစေနဲ့။ မာတုဂါမတွေနဲ့ ဒီလို နေတာထိုင်တာကို ကိုယ်တော် ချက်ခြင်း ရပ်ပါ။ သင်္ကန်း ၀တ်တာပဲ ဖြစ်ပါစေ၊ သင်္ကန်းကို ဟိုဒင်းနဲ့ မထိုးပါနဲ့ ဟု ခက်ထန် ပြတ်သားစွာ ဆိုလေ၏။

 

နောက်တစ်နေ့တွင် ဗညားလဒသည် ရွှေကျင်ဂိုဏ်းကို စွန့်၍ သုဓမ္မာဂိုဏ်း ကျောင်းတိုက်ကြီးသို့ ပြေးလေ၏။ ထို သုဓမ္မာကျောင်းတွင်လည်း စာပေကျမ်းဂန်ကို ဖြောင့်ဖြောင့်တန်းတန်း မသင်ယူ။ ယခင်လိုပင် ဟေးလားဝါးလား လုပ်၍ ဒကာမ တစ်သိုက်နှင့် ပျော်ပိုက်နေလေ၏။ ထိုသို့ နေခိုက်တွင် ရှင်ဗညားလဒ၏ စိတ်၌ အဆန်းထွင်လိုသော ဆန္ဒတို့သည် မစင်တွင်းထဲမှ လောက်ကဲ့သို့ တဖွားဖွား တရွရွ ပေါ်ပေါက်လာလေ၏။ သက်ရှိထင်ရှား သဗ္ဗညုတဘုရားကို ရည်မှန်း၍ ကိုးကွယ်သော ဗုဒ္ဓရုပ်ပွားတော်ကို သီဟိုဠ်ပြန် မထေရ် ဉာဏ၀ံသက ကြည်ညိုသဒ္ဓါ ပိုမိုစွာဖြင့် နှုတ်ခမ်းမွှေး တပ်ပေးခဲ့ဖူးပြီ။ ရှင်ဗညားလဒသည် သူ့ ဆရာ အသျှင်ဉာဏ၀ံသကဲ့သို့ စာပေကျမ်းဂန် ပေါက်မြောက်သူ မဟုတ်သဖြင့် ဥတ္တမင်္ဂ ၀ိနိစ္ဆယ စာတမ်း၊ ဥတ္တမင်္ဂ ၀ိနိစ္ဆယ ဋီကာတို့ကဲ့သို့သော နာမည်ကျော် ဘုရား နှုတ်ခမ်းမွှေးတပ် ကျမ်းဂန်စာပေများ ရေးသားခြင်းငှာ ဉာဏ်စွမ်း မရှိချေ။ စာပေကျမ်းဂန် မကျွမ်းကျင်၊ အထောက်အထား အကိုးအကား ခိုင်ခိုင်လုံလုံ မရှာတတ်ပေ။ စစ်စင် ရှင်ဗညားလဒ စာပေကျမ်းဂန် မပေါက်မြောက် သာသနာတော်ကို များစွာ အထောက်အကူပြု၏ ဟု ဆိုသော် သင့်နိုးအံ့သည်။ သို့မဟုတ်လျှင် ဗညားလဒသည် ဘုရားကို ချိုင်းမွှေးဖြစ်စေ၊ သို့တည်းမဟုတ် အခြားအမွှေးအမျှင်တစ်မျိုးမျိုး ဖြစ်စေ တပ်ပေးရန် ကြံစည်ကောင်း ကြံစည်ပေလိမ့်မည်။ နောက်ဆုံးတွင် ဗညားလဒသည် ကြံရာမရဖြစ်ကာ ရွှေကျင်ဂိုဏ်း မကောင်းကြောင်းကို အပုပ်ချ ဋီကာချဲ့ခြင်းဖြင့် အချိန်ကို အချည်းနှီး ကုန်လွန်စေ၏။

 

ရွှေကျင်ဂိုဏ်းအကြောင်းကို ရှင်ဗညားလဒ သွားပုပ်လေလွင့် မဟုတ်တမ်းတရား ပြောဟောနေသည်ကို ရွှေကျင်ရဟန်းတော်တို့ ကြားသိရလျှင် သုဓမ္မာဆရာတော် ထံပါးသို့ လာရောက် လျှောက်ထားပြီး ရှင်ဗညားလဒကို ဆုံးမသြ၀ါဒ ပေးပါရန် ပန်ကြားလေ၏။  စင်စစ် ရွှေကျင်နှင့် သုဓမ္မာ ဟူ၍ ကျင့်ထုံးနှင့် ဂိုဏ်းသာ ကွဲပြားသော်လည်း ဘုရားသားတော် ရဟန်းချင်း အတူတူပင် ဖြစ်လေရကား သုဓမ္မာဆရာတော်သည် ရှင်ဗညားလဒကို နောက်နောင်တွင် ရွှေကျင်ဂိုဏ်း အပုပ်ချစကား ပြောကြားခြင်း မပြုရန် ဆုံးမသြ၀ါဒ ပေး၏။ သို့သော် ဗညားလဒသည် သူတော်ကောင်းတို့၏ ဆိုဆုံးမသည်ကို လွယ်လင့်တကူ နာယူနိုင်စွမ်းရှိသူ မဟုတ်ချေ။ သူ့ကို လက်ခံထားသော သုဓမ္မာဆရာတော်ကိုပင် ပြန်လှန်ပြီး ကန့်လန့်ဖီလာတိုက်လေ၏။ ထို့ကြောင့် ထိုသုဓမ္မာကျောင်းမှ ထွက်ခွာခဲ့ရလေ၏။ ယင်းနောက် လူဝတ်လဲပြီး ဇာတိမြို့ကလေးသို့ ပြန်ရောက်လာလေ၏။

 

(၄)

 

ထိုအချိန်တွင် ဘုန်းကြီးလူထွက် ဗညားလဒမှာ အသက်နှစ်ဆယ် ပြည့်ဖြိုးကြွယ်ရုံမျှ သာမက လေးငါးနှစ်ခန့် စွန်းခဲ့ပြီး လူပျိုဟိုင်းကြီး ဖြစ်နေလေပြီ။ မြို့သို့ ပြန်ရောက်သော် မိဘ လက်ရင်းလက်ငုပ် လယ်သမားအလုပ်ကို ကူညီလုပ်ကိုင်ရန် မစဉ်းစား။ ကြွေအံဝိုင်းတွင် တစ်နေကုန် တစ်နေခန်း ထိုင်၏။ ပညတ်၊ ပရမတ် ဆွေးနွေးလေ့ရှိသော လူ့ဂွစာ အဘိုးကြီးများနှင့် တစ်စိတ်၊ တစ်ဗာရာ၊ တစ်ပို၊ တစ်ခြောက် လုပ်ရင်း မှောက်ချည်လှန်ချည် ဖြစ်တတ်သော လူ့သဘော၊ လူ့မနောကို ဆင်ခြင်ကာ ရဟန်းဆိုလျှင် ရွှေကျင်၊ သုဓမ္မာ ဘယ်ရဟန်းမှ မကောင်းဟု သံဃာတော်များကို နှုတ်ဖြင့် အခြောက်တိုက် စော်ကား၏။ အသိဉာဏ်နုံ့နဲ့ပြီး ဆင်ခြင်နိုင်စွမ်း နည်းပါးသူတို့က ဗညားလဒ ထိုသို့ စော်ကားမော်ကား ပြောဆိုသည်ကို အဟုတ်ကြီး ထင်ကြ၏။ ဝေဖန်ပိုင်းခြားဉာဏ် ရင့်သန်လှသော၊ ရဲရင့်ပြတ်သားသော၊ အမှန်တရားကို မြတ်နိုးသော ဗညားလဒ ပါတကားဟု ချီးမွမ်းကြ၏။ “သြော် သူက ဘုန်းကြီးဝတ်ခဲ့ဖူးတဲ့ သူဆိုတော့ ဒီအကြောင်းတွေကို သိတော့တာပေါ့။ ဒီလိုသိလို့ အထုပ်ဖြေပြတာ ဟုလည်း တွေးကြ၏။ ဂန္ထဓူရ၊ ၀ိပဿနာဓူရ သာသနာ့ဝန်ဆောင် သံဃာတော်များကို သံသယစိတ်ဖြင့် ကြည့်ကာ တောပြောတောင်ပြော ပြောလေ၏။ စင်စစ် ပညတ်၊ ပရမတ် အဘိုးကြီးများမှာ ကိုယ်တိုင်ကိုယ်၌ သီလ၊ ဘာဝနာ မြဲမြံသူ မဟုတ်သော်ငြားလည်း ရဟန်း၊ သံဃာတော်များကို ဟိုလိုနေတာ မသင့်ဘူး၊ ဒီလိုနေတာ မကောင်းဘူး စသည်ဖြင့် အစဉ်အမြဲ အပြစ်တင် ဝေဖန်လေ့သူများ ဖြစ်လေရာ ဗျန်းဗျန်းကွဲ သစ္စာဝါဒီ ဗညားလဒနှင့် အထူးပင် အလွမ်းသင့် သွားလေ၏။

 

ကျွန်ုပ်တို့ မြို့ကလေးတွင် ဦးစံလှဘော်ဟု အမည်ရသော အညာသား ဗိန္ဓောဆရာကြီးတစ်ဦး ရှိခဲ့ဖူးသည်။ ထိုဆရာကြီးသည် ဘုရား၊ တရား ကြည်ညို ကိုင်းရှိုင်း၏။ ရဟန်း သာမဏေများကို ဆွမ်းကွမ်း ပစ္စည်းလေးပါး မပြတ် ထောက်ပံ့ လှူဒါန်းလေ့ ရှိသည်။ သာသနာတော် ထွန်းကား ကြီးပွားအောင် သူ တတ်စွမ်းသမျှ ဆောင်ရွက်နေသူဟု ဆိုရပေမည်။ သတ္တိလည်း ကောင်း၏။  ရိုးလည်း ရိုး၏။ ဒေါသလည်း ကြီး၏။ သို့သော် ကလေးများကို အထူးပင် ချစ်ခင်သည်။ ကလေးများကလည်း သူ့ကို အလွန် ချစ်၏။

 

သာသနာတော်ကို ညှိုးနွမ်းစေသော ပိန်ဖျင်းယုတ်ညံ့သည့် အပုပ်ချစကားတို့ကို ဗညားလဒ ပြောဆိုနေကြောင်း အဘဆရာကြီး ကြားသိသွားသော် အမျက်ဒေါသ သည်းစွာ ထွက်၏။ ထိုင်ရာမှ ရုတ်ခြည်း ထတဲ့ပြီး ဗညားလဒ စံပျော်ရာ ပရမတ်ဝိုင်းသို့ သွား၍ သူ့ လက်သုံးတော် လမ်းလျှောက် တုတ်ကောက်ကြီးကို ၀ှီခနဲမြည်အောင် လွှဲရမ်းပြီး သစ္စာဝါဒီ ဗညားလဒ၏ ဦးခေါင်းနေရာကို တည့်တည့်ကြီး ချိန်ရွယ်ကာ ရိုက်လွှတ်လိုက်လေသတည်း။ ထို့နောက် အဘဆရာကြီးသည် ဗညားလဒ၏ မျက်နှာကို စေ့စေ့ကြည့်ရင်း “သယ် လူမိုက်၊ နင်ဟာ တစ်ပိုင်းကြောင် ကျက်စာရရုံနဲ့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ မှတ်နေတယ်။ တယ်မိုက်တဲ့ အကောင်။ နင် ဟာလေ … ဘုရားမှန်း မသိ၊ တရားမှန်း မသိတဲ့ ကော်မြူနိပ် ဖြစ်နေပြီ။ ခွေးကောင်ရဲ့ ဟု ကြိမ်းမောင်းလေ၏။ စစ်စစ် အဘဆရာကြီးသည် ကွန်မြူနစ်ဝါဒ ဟူသည်ကို ရေရေရာရာ မသိချေ။ သူ ကြားဖူး၊ ဖတ်ဖူးသည်မှာကား ကွန်မြူနစ်များသည် ဘုရား၊ တရား၊ သံဃာ၏ ဂုဏ်ကျေးဇူးကို မယုံကြည်၊ လူ့အသက်ကို ကြက်ကလေး၊ ငှက်ကလေး သတ်သလို ရက်ရက်စက်စက် သတ်ဖြတ်ညှဉ်းဆဲလေ့ရှိသူများ ဖြစ်သည် ဟူ၏။ ထို့ကြောင့်ပင် အဘဆရာကြီးသည် ဘုရား၊ တရား မယုံကြည်သူများကို ကော်မြူနိပ်ဟု တံဆိပ်ခပ်နှိပ်ခြင်း ဖြစ်သည်။

 

(၅)

 

ဗညားလဒ ခေါင်းမာသည်ဟု ဆိုခြင်းမှာ အမှန်ပင် ဖြစ်၏။ လမ်းလျှောက်တုတ်နှင့် ကျကျနန အတွယ်ခံလိုက်ရသော်လည်း ခေါင်းမကွဲ။ သို့ရာတွင် အဘဆရာကြီး၏ ကျေးဇူးကြောင့် ရှင်လူထွက် ဗညားလဒ ဘ၀မှ ကော်မြူနိပ် ဗညားလဒ အဖြစ်သို့ ပြောင်းလဲ သွားလေ၏။ ဗညားလဒ ကိုယ်တိုင်ကလည်း ကွန်မြူနစ်ဆိုသည်မှာ လုံးသလား၊ ပြားသလား၊ ဖြူသလား၊ မည်းသလား၊ ရေရေရာရာ တိတိပပ မသိငြား သူ့ကိုယ်သူ ကော်မြူနိပ်ဝါဒီ ဗညားလဒ ဖြစ်သွားပြီဟု အထင်ရောက်သည်။ သို့ဖြင့် လက်လှမ်းမီရာ နိုင်ငံရေး စာတိုပေစများ ရှာဖွေပြီး ဖတ်ရှုလေ့လာ၏။

 

သာယာဝပြောတဲ့ လူ့ဘောင်သစ်၊ ခေတ်သစ်၊ လူမျိုး မရွေး၊ ဘာသာ မရွေး ဟူသည့် စကားလုံးများကို သူ အလွန် သဘောကျသည်။ လူမျိုးမရွေး၊ ဘာသာမရွေး ဆိုတဲ့ သဘောတရားကို လက်တွေ့ကျင့်သုံးနိုင်ရင် လူတွေဟာ တစ်ဦးနဲ့ တစ်ဦး အပြစ်မမြင်၊ ချစ်ခင်ကြင်နာပြီး သူ့နှမ ငါယူ၊ ငါ့နှမ သူယူ၊ ဒီလိုနဲ့ မောင်လှယ် နှမလှယ် စနစ်တွေ ထွန်းကားလာပြီး ဒီကမ္ဘာကြီးဟာ မြောင်းမြကလာတဲ့ ကြာဆံမရွေးလို ချိုမြိန်သွားမှာ အသေအချာပဲဟု ရေသောက်မြစ် ဖြန့်ထွက် တွေးတောနည်း သဘောသွားဖြင့် ဆင့်ပွားကြံဆကြည့် လိုက်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး ဆိုသည်မှာ ထိုခေတ်တွင် အတော် ရေပန်းစားသော စကားလုံး ဖြစ်လေ၏။ စင်စစ် ထိုစကားလုံးတို့ ခေတ်စားနေသည်မှာ သူ မမွေးခင် ကာလကတည်းကပင် ဖြစ်၏။ ဆိုရှယ်လစ်များကလည်း လူမျိုးမရွေး၊ ဘာသာမရွေး ဟု ပြော၏။ ကွန်မြူနစ်တို့ကလည်း လူမျိုးမရွေး၊ ဘာသာမရွေး ဟုဆိုကြသည်။ သွေးထွက်အောင် သာမက သွေးချောင်းစီးအောင် မှန်ပါပေ၏။ ကွန်မြူနစ်၊ ဆိုရှယ်လစ် နှစ်ဘက်လုံး တစ်ဘက်နှင့် တစ်ဘက် လူမျိုးမရွေး၊ ဘာသာမရွေးဘဲ မည်းမည်းမြင်ရာ ပစ်ခတ် သတ်ဖြတ်ကြပြီးလျှင် မေတ္တာဝါဒီ သာကီမြန်မာတို့၏ ရာဇ၀င်ကို သွေးဖြင့် ရေးခဲ့ကြဖူးသည် မဟုတ်လော။ 

 

ဗညားလဒသည် သူဖတ်ထားသည့် သဘောတရားများကို အနုလုံပဋိလုံ၊ ဖင်တစ်ပြန်ခေါင်းတစ်ပြန် သုံးသပ်ဆင်ခြင်ပြီးနောက် “လူမျိုးမရွေး၊ ဘာသာမရွေး၊ ကြာဆံမရွေး ဟူသည့် တန်းတူညီမျှခြင်း သဘောတရားကို ပရမတ် လူသိုက်အား စတင် ဟောကြားလေ၏။ ထိုအချိန်အထိ သူ ဒုက္ခ မရောက်သေး။ ကျောင်းဆရာ ကိုစိန်မြင့်နှင့် ပေါင်းမိပါမှ သူ ဒုက္ခလှလှ တွေ့တော့သည်။ စင်စစ် သူ့ ဒုက္ခ သူရှာခြင်းသာ ဖြစ်သည်။ ကိုစိန်မြင့်မှာ စာဂျပိုး ဖြစ်၏။ တွေ့သမျှ စာ အကုန် ဖတ်သည်။ သူ့ အိမ်တွင် နက်နဲသော ဗုဒ္ဓကျမ်းဂန်များမှစ၍ အခန်းတံခါးပိတ်၍ စန္ဒယားနှိပ်သော နှစ်ပဲတန်း ၀တ္ထုများအထိ အစုံအလင် ရှိသည်။ ဗညားလဒမှာ ကိုစိန်မြင့် ဆီမှ ကွန်မြူနစ် ကြေညာစာတမ်းနှင့် အရင်းကျမ်းတို့မှ စာတိုပေစများကို ထုတ်နှုတ် ချဲ့ထွင်၍ မြန်မာ့နည်း မြန်မာဟန်ဖြင့် ပြုစုရေးသားထားသည်ဟု ဆိုသော အဖုံးစုတ်နေသည့် “ကွန်မြူနစ်ဝါဒဆိုတာ ဘာလဲ  ဟူသည့် စာအုပ်နှင့်  “မဇ္ဈိမပဋိပဒါနည်းကျ ဆိုရှယ်လစ်ဝါဒ ဟူသည့် စာအုပ်နှစ်အုပ်  ရလာလေ၏။

 

 “ကွန်မြူနစ်ဝါဒဆိုတာ ဘာလဲ ဘုတ်အုပ်ကို ဖွင့်၍ စာမျက်နှာ အချို့ကို ခပ်မြန်မြန် လှန်ကြည့်လိုက်သော် “အနုပဋိလောမရုပ်ဝါဒ ဟူသည့် ပါဠိစကားလုံးသည် ဗညားလဒ၏ စက္ခုအာရုံသို့ ဗြုန်းခနဲ ခုန်ဆင်းလာလေ၏။ “ဟင် …  ကော်မြူနိပ်ဆိုတာ အနောက်တိုင်းကလာတဲ့ အတွေးအခေါ်လို့သာ ပြောတယ်။ ပါဠိတော်တွေချည်းပဲ။ တို့ ဘုန်းကြီးစာ ကျနေတာပဲ။ ငါ့လို ပါဠိစာပေ သင်ဖူးတဲ့သူက ဒီလို ပါဠိပျက် စကားလုံး ကချိကချောက် ထည့်ရေးထားတဲ့ စာလောက်ကို ဘယ်မှုပါ့မလဲ သူ ထိုသို့ တွေးမိသည်။ ထို့နောက် ဆိုရှယ်လစ်ဝါဒ စာအုပ်ကို ဖတ်ရှုကြည့်ရာ “မဇ္ဈိမပဋိပဒါတဲ့၊ ဒါများ ခက်မှတ်လို့။ ငါ ခပ်ငယ်ငယ် ဘောဒေ၀ပုတ္တ ပြီးကတည်းက ကြားဖူးနေတဲ့ ဟာပဲ။ ရွှေရှယ်လစ်ဆိုတာ ဘာမှ မထူးဆန်းတဲ့ ၀ါဒပဲ ဟု သူ အထင်ရောက်သွားသည်။ “ဒီကျမ်းတွေ  လေ့လာပြီးရင် ဒီထက် ပိုကောင်းတဲ့ အတွေးအခေါ်ကို တီထွင်နိုင်ရမယ် ဟု သူ့ကိုယ်သူ ကိုးစားသည်။ နိုင်ငံရေး အတွေးအခေါ်သစ်များ တီထွင်ရန် ကြံဆလေသည်။ ယင်းသို့ ဘုန်းကြီးကျောင်းထွက် ဗညားလဒက နိုင်ငံရေး အတွေးအခေါ် အသစ် တီထွင်ရန် ကြိုးစားခြင်းကို ကြံကြီးစည်ရာ မတန်မရာ လုပ်သည် ဟု ဆိုရန် မသင့်ချေ။ 

 

စင်စစ် ဗမာလူမျိုးတို့သည် နိုင်ငံရေး သဘောတရားများ ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း အမှု၌ အလွန့် အလွန် ပြောင်မြောက်သူများ ဖြစ်သည် မဟုတ်တုံလော။ ဗမာပီပီ ဇာတိသွေး၊ ဇာတိမာန် အလွန် ထက်သန်၏။ တိုင်းတစ်ပါးသားတို့ကို အထင်မကြီး၊ ယင်းတို့၏ အတွေးအခေါ်၊ နေပုံထိုင်နည်းတို့ကို အတုမခိုးချေ။ တိုင်းတစ်ပါးဖြစ် ပစ္စည်းကိုသာ မက်စက်သည်။ တိုင်းတစ်ပါးမှ ရောက်ရှိလာသည့် အတွေးအခေါ်တို့ကို အိန္ဒိယပြည်ဖြစ် မဇ္ဈိမပဋိပဒါနည်းဖြင့် သင့်သလို ထုတ်နုတ်၊ သုတ်သင်၊ တည်းပြတ်ပြီး မည်သည့်သဘောကို ဆောင်မှန်းမသိရသည့် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် သမမျှတပြီး စီရင်ပြုပြင် တီထွင်လိုက်သည့်အခါ ၀က်ဝက်ကွဲအောင် နေရာကျသွားသည်ကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် မြန်မာ့လူဘောင်နှင့် ကိုက်ညီသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်က သက်သေပြနေသည် မဟုတ်လော။

 

ဗညားလဒ၏ မိခင်ကြီးကမူ သူ့ သား မင်းပြစ်မင်းဒဏ်သင့်ပြီး အချုပ်အနှောင်ခံရမည် စိုးသဖြင့် နိုင်ငံရေး စာဖတ် ဖတ်ရှုလေ့လာခြင်းကို တားဟယ်၊ ဆီးဟယ် လုပ်သေးသည်။ စင်စစ် အမယ်ကြီး စိုးရိမ်လွန်ခြင်းသာ ဖြစ်သည်။ မည်သည့် မင်းစိုးရာဇာကမျှ သူ့သားကို ဖမ်းဆီး ချုပ်နှောင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဗညားလဒကဲ့သို့ တောင်မရောက်၊ မြောက်မရောက် လူ့ဘော်ကြော့ နတ်အိုးကွဲသည် မူးလျှင် မအေ - နှမ ကလော်တုပ်ပြီး ဆဲရေးလေ့ရှိသည့် အရက်သမားလောက်ပင် တိုင်းပြည်ကို ဒုက္ခပေးနိုင်စွမ်း မရှိသည်ကို မင်းစိုးရာဇာတို့ အတပ် သိသောကြောင့် ဖြစ်သည်။ ထိုကျမ်းနှစ်စောင်ကို ဖတ်ရှုပြီးသော် ဗညားလဒသည် ပြောင်းလဲရေးဝါဒီ၊ တော်လှန်ရေးသမားကြီး ဖြစ်သွားလေ၏။

 

တော်လှန်ရေးဟူသည်မှာ တော် … လှန်ရမလား၊ ကျုပ် … လှန်ရမလား ဟူ၍ ဒင်္ဂါးပြား နှစ်ပြားနှင့် အရှုံးအနိုင်လုပြီး ကစားရသည့် မျောက်ပန်းလှန်တမ်း ကစားနည်းမျိုး မဟုတ်ကြောင်းကို ဗညားလဒ ကောင်းကောင်းကြီး သိပါသည်။ မျောက်ပန်းလှန်တမ်း ကစားရာ၌ ခေါင်းစုံ၊ ပန်းစုံ၊ ဘတ် ဟူ၍ အနိုင်၊ အရှုံး၊ သရေပွဲ ကျတတ်သော်လည်း တော်လှန်ရေးတွင် အရှုံး၊ အနိုင် နှစ်မျိုးသာ ရှိသည်၊ သရေပွဲ မရှိ။ တနည်းဆိုရသော် တော်လှန်ရေးတွင် ဘတ် မရှိနိုင်။ ထို့ကြောင့် တော်လှန်ရေး ဆင်နွဲလျှင် အနိုင်ရအောင် လုပ်ရမည်။ အနိုင်ရအောင် မည်သို့ လုပ်မည်နည်း။ မခဲယဉ်းလှပါ။ နိုင်မည့်ဘက်မှ နေလိုက်လျှင် နိုင်သည်သာ ဖြစ်ပါသည်။ သို့သော် နိုင်မည့်ဘက်ကို သေချာစွာ ရွေးတတ်ဖို့ လိုသည်။ ထို့သို့ ဗညားလဒ ဆင်ခြင်မိလေ၏။ 

 

(၆)

 

ဗညားလဒသည် နိုင်ငံရေးသဘောတရားတို့ကို အတန်ငယ် တီးမိခေါက်မိ ရှိပြီဖြစ်သော်လည်း သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် လူမှု၊ စီးပွားရေး အခြေအနေများကို တစ်စိုးတစ်စိမျှ သုံးသပ်ခြင်း မပြုချေ။ သူ လေ့လာဖူးသမျှကို လူတကာကို စေတနာဗရပွဖြင့် ထပ်ဆင့်ဖြန့်ဝေသည်။ ထို့ကြောင့် ကသောင်းကနင်း ဖြစ်ရပ်များနှင့် ကြုံရတော့သည်။ ဗညားလဒက “အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ ညီညွတ်ကြ ဟူသည့် သဘောတရားကို ကဘောက်တိ ကဘောက်ချာ ဟောပြောသည့်အခါ သူ့ သူငယ်ချင်း ကိုစံသိန်းက “နေစမ်းပါဦး .. သူငယ်ချင်းရဲ့ ..မင်းက တစ်ဆိတ်ရှိ အလုပ်သမား … အလုပ်သမားနဲ့၊  ဆန်စက်နဲ့ဗောဆိပ်က ကူလီတွေအတွက်ချည်းပဲ ပြောနေတယ်။ ငါတို့ လယ်သမားတွေ အတွက်တော့ ဘာတစ်ခုမှ မပြောဘူး ဟု ၀မ်းပန်းတနည်း ဆိုရှာသည်။ ထိုမျှသာမက “အစိုးရကလဲ ပါးစပ်က ပြောတော့ အလုပ်သမား၊ လယ်သမား။ ပြီးတော့ တယ်ပြီး မျက်နှာလိုက်တာပဲ။ အလုပ်သမား ပြီးတော့မှ လယ်သမား လာတယ်။ ဒီ အလုပ်သမား ကူလီတွေဆိုတာ ကောင်းတဲ့ ကောင်တွေ မဟုတ်ဘူး။ ငါတို့ လယ်သမားတွေက တာဝန်ကျေ စပါးသွင်းချိန်ဆိုရင် ဒီဆန်စက်က ကူလီတွေ ညှဉ်းတာကို မင်း မကြုံဖူးလို့ပါကွာ ဟုလည်း ဆိုသေးသည်။

 

မည်သို့ပင်ဖြစ်စေကာမူ ခေါင်းပုံဖြတ်၊ သွေးစုပ်၊ အစွန်းထွက်တန်ဖိုး၊ အနုပဋိလောမရုပ်ဝါဒ၊ လူတန်းစားတိုက်ပွဲ စသည့်ဝေါဟာရများသည် ဗညားလဒ၏ ပါးစပ်ဖျားတွင် မင်းမူနေရာယူလေသတည်း။ အရာရာကို လူတန်းစားတိုက်ပွဲ အမြင်ဖြင့် ကြည့်သည်။ ခွေးနှစ်ကောင် ကိုက်သည်ကို မြင်လျှင်ပင် ဤခွေးကား ဆားဖိုသူကြီး ကိုလင်းမောင်တို့ မွေးထားသည့် ခွေးဖြစ်ခြင်းကြောင့် ဘူဇွာခွေး၊ ဤခွေးမှာမူ ပစ္စည်းမဲ့ လူတန်းစား ပဲပြုတ်သည် ဒေါ်ဗျိုင်းစိန်တို့ အိမ်မှ ထမင်းရည်ကို အာဟာရပြုပြီး ကြီးပြင်းရသောခွေး (တနည်း) ပစ္စည်းမဲ့ခွေး ဖြစ်သည် ဟု ခွဲခြမ်းပိုင်းခြားပြီးလျှင် ဆားဖိုသူကြီးကိုလင်းမောင်တို့ အိမ်မှခွေးကို လမ်းခင်းထားသည့် ဒီလုံးခဲဖြင့် ထုလေ၏။ ဆားဖိုသူကြီး အိမ်ကခွေး (၀ါ) ဘူဇွာခွေး၊ ပဲပြုတ်သည် အိမ်ကခွေး (၀ါ) ပစ္စည်းမဲ့ခွေး၊ မည်သည့် ခွေးမဆို  ဒီလုံးခဲနှင့် အထုခံရလျှင် ဂိန် ဂိန် ဂိန် ဟူသည့် မြည်သံကို ပြုတတ်သည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်၏။

 

ဗညားလဒ၏ လူတန်းစား ရပ်တည်ချက်မှာ အတော်ပင် လက်သံပြောင်သောကြောင့် ကိုလင်းမောင်၏ ခွေးကလေးသည် ဂိန် ဂိန် ဟူ၍ အော်ညည်းနေရာမှ  အိန် အိန် အိုင် အိုင် ဟူသည့် အသံကို ပြောင်း၍ အော်ညည်းနေရရှာတော့သည်။ ခွေးမြည်သံကို ကြားရသော်  ဆားဖိုသူကြီးကတော် မပုမသည် တင်းမာသော မျက်နှာထားကို တမင်ပြု၍ အိမ်ပေါ်မှ လွှားခနဲ့ ပြေးဆင်းလာလေ၏။ ထဘီကို ခပ်တိုတို ပြင်ဝတ်သည်။ ပြေလျော့ကျနေသော ဆံပင်စများကို ကပျာကသီပတ်ပြီး ဆံထုံး ထုံး လိုက်သည်။ ထိုကဲ့သို့ စစ်အင်္ဂါခင်းကျင်းပြီးနောက် မမပုမ သည် ဖော်ပြလတ္တံသော စကားတို့ကို ကရားရေလွှတ်ဘိသကဲ့သို့ တတွတ်တွတ် တဖွဖွ ဆိုလေ၏။

 

ဟဲ့ အကောင် …  ဗညားလဒ၊ ဆန်ကုန်မြေလေး နတ်အိုးကွဲကောင်ရဲ့။ ငါ့ကို ဘယ်လို အစား မှတ်သလဲ။ နင့်ကို ငါ့ ခွေးက ဘာလုပ်လိုက်လို့ ငါ့ခွေးကို ဒီလုံးခဲနဲ့ ပစ်ရတာလဲ။ ခွေးနှစ်ကောင် ကိုက်တာကို နင် ၀င်ပါစရာ အကြောင်း တစ်စက်ကလေးမှ မရှိဘူး။ ငါ ပါးပိတ်ချလိုက်လို့ သွားတွေ အကုန် ကျွတ်ထွက်ကုန်ရော့မယ်။ နင့်လို အလေနတောမျိုး၊ တောင်မရောက် မြောက်မရောက် အုတ်ကြားမြက်ပေါက် ဗန္ဓတ်မျိုး၊ နတ်အိုးကွဲမျိုးက  ငါခွေးကို ဒီလိုလုပ်တာ ငါ မခံဘူး။ ဘုမတဲ့နော်။ သွေးနီမျိုး မဟုတ်ဘူး။ သွေးနက်မျိုးဟဲ့ သွေးနက်မျိုး … ” 

 

ယင်းသို့ မမပုမ ဇာတိမာန်ပြပြီး လေလှိုင်း တိုက်စစ်ဆင်လိုက်သော် ဗညားလဒ၏ မျက်နှာကလေးမှာ ဆီးရွက်ခန့်မျှသာ ကျန်တော့သည်။ မမပုမသည် အာစက်၊ လျှာစက် အင်မတန် ထက်သူ ဖြစ်၏။ သူ့ ထိုသို့ အာခေါင်ခြစ်ပြီး ဆဲရေးနေသည်ကို သူ့အမျိုးများ ကြားလျှင် ၀ိုင်းအာရန် စုရုံး ရောက်ရှိ လာကြ၏။ မမပုမတို့ အမျိုးမှာ နှုတ်သီးကောင်းရုံမျှသာမက ဓားလည်း အင်မတန် ထက်သည်။ ဗညားလဒ တကယ့် လူတန်းစားတိုက်ပွဲနှင့် နဖူးတွေ့၊ ဒူးတွေ့ ကြုံရလေပြီ။ ဗညားလဒဘက်မှ ဆွေမျိုးသားချင်းများကလည်း မျိုးချစ်စိတ် ပြင်းထန်ကြောင်း သက်သေပြရန် ခြံစည်းရိုးခတ်ထားသည့် သင်ပေါင်းတိုင်းများကို ဆွဲနုတ်ပြီး ပြေးထွက်လာလေ၏။ “ကဲ တော်ကြပါတော့၊ တုတ်တစ်ပြက်၊ ဓားတစ်ပြက် ဖြစ်ကုန်ပါ့မယ် ဟု ပဲပြုတ်သည် ဒေါ်ဗျိုင်းစိန်က နှစ်ဘက်လုံးကို တားသည်။ “မင်းကလဲ မင်းပဲကွဲ့ ဟု ဗညားလဒကို ငေါက်သည်။ အဖိနှိပ်ခံ လူတန်းစားဘက်က သူ မားမားမတ်မတ် ရပ်တည်ခဲ့သော်လည်း ထို လူတန်းစားက သူ့ကို အသိအမှတ် မပြု။ လောကကြီးသည် သွက်သွက်ခါအောင် မှားယွင်းနေချေပြီ။ “အို … လောက၊ အသင် … လောက၊ အသင်သည် အလွန်ဖောက်ပြန်သော လောကကြီး ဖြစ်ချေ၏တကား

 

ယင်းသို့ ကြုံရသည့် အခိုက်တွင် လောကဓံ၏ အထုအထောင်း လှလှကြီး ခံဖူးသည့် ဗိုလ်ဝင်းနိုင်ဟူသည့် သူပုန်အိုကြီး တစ်ယောက်က သူ့ကို သတိပေးသည်မှာ “ဒီမယ် လူလေးရဲ့ ငါတို့လည်း တော်လှန်ခဲ့တာပါပဲ။ လွန်ခဲ့တဲ့ အနှစ် (၂၀) လောက်က ပြွန်ဝ ကနေစပြီး ဆင်မ၊ ငရုတ်ကောင်း ရွာဘက်အထိ ခြေရာချင်းထပ်အောင် လှည့်ပတ်သွားပြီး ငါတို့ကို လာဖမ်းတဲ့ အစိုးရတပ်ကို ခံချဖူးတယ်။ ဗိုလ်မျိုးသိမ်းတို့ အဖွဲ့လာပဟေ့ ဆိုတာနဲ့ အဲဒီဘက်တစ်ကျောက ရွာသားတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတာပဲ။  ကဲ ဘာဖြစ်သလဲ နောက်တော့ ငါတို့ရဲ့ ခေါင်းဆောင်ကြီး ဗိုလ်မျိုးသိမ်း .. အရင်းရှင်တွေဆီက သိမ်းထားတဲ့ ပါတီရန်ပုံငွေ ပစ္စည်းတွေကို ယူပြီး အလင်းဝင်တယ်။ မယားငယ် ယူတယ်။ ဒဂုန်မေနဲ့ ရွှေပြည်သာ သဘောင်္ကို သေနတ်နဲ့ ပစ်တာ ငါတို့ပါ ဆိုပြီး လွှဲချတယ်။ အချင်းချင်း ငယ်ကျိုးငယ်နာဖော်တယ်။ လက်ထောက်ချတယ်။ ကဲ အခုတော့ သူက လပွတ္တာမှာ ဆားဖိုသူကြီး ဦးမျိုးသိမ်း၊ ဘုရားဒကာ ဦးမျိုးသိမ်းတဲ့ . ထွီ ဒီ လောကကြီးဟာ ရွံစရာကြီးပါကွာ ဟု ဆိုရင် သူ၏ မသတီစရာ ကောင်းသော  အတိတ် ဇာတ်လမ်းကို သူ့ဘက် သာအောင် အပိုဆာဒါး ကလေးများ ထည့်ပြီး ပြော၏။

 

ထိုအဘိုးကြီးပြောသည့် တော်လှန်ရေးတိုက်ပွဲမှာ တော်လှန်ရေးသဘောထား ဘာတစ်ခုမှ မပါ။ စင်စစ် ဗိုလ်မျိုးသိမ်းနှင့် ဗိုလ်ဝင်းနိုင်တို့ နှစ်ဦးမှာ ဒမြကြီးများသာ ဖြစ်၏။ မြစ်ဝကျွန်းပေါ်သို့ ကွန်မြူနစ်ရဲဘော်တို့ တောခိုရန် ရောက်လာသည့်အခါ တောကျွမ်းသူ ဒမြတစ်သိုက်က ကွန်မြူနစ်ရဲဘော်များကို ဆရာမွေးသည်။ သဘောတရားရေးရာ တတ်ပွန်ကျေညက်သော်လည်း လူ့စရိုက်သဘာဝကို ကောင်းကောင်းကြီး နားမလည်သော မြို့သားရဲဘော်တို့က ထိုဒမြတစ်သိုက်ကို ကျောမွဲကြီးများဟု ရှုမြင်သည်။ အဖိနှိပ်ခံရသူ လူတန်းစားများ ဖြစ်ချေ၏ တကား။ ဒမြတိုက်တယ် ဆိုတာ ထမင်းငတ်လို့ တိုက်တာပေါ့၊ ပြုပြင် ပြောင်းလဲရေး လုပ်လိုက်ရင် ဒီလူတွေ နောင် မဆိုးတန်ရာဘူး၊ မမိုက်တန်ရဘူး ဟု သဘောပိုက်ပြီး ရဲဘော်ရဲဘက် အဖြစ် အသိအမှတ် ပြုလိုက်ခြင်းသာ ဖြစ်၏။ ဤကဲ့သို့သော အလွန်စုတ်ပဲ့ပြီး ရှုပ်ထွေးတော်မူပေထသော ဇာတ်လမ်းကို  ဗညားလဒ ဂဃနဏ မသိချေ။ ၀မ်းနည်းဖွယ်ရာ ကောင်းလှသည်မှာကား ထိုအဘိုးကြီး၏ တော်လှန်ရေး အတွေ့အကြုံများကို ကြားနာပြီးနောက်တွင် ဗညားလဒ၏ တော်လှန်ရေးအတွေးအခေါ်တို့ မြေလျှိုးမိုးပျံပြီး တောခိုသွားလေ၏။ အလယ်ရိုးမသို့ ထွက်ခွာသွားခြင်း မဟုတ်ကြောင်း ကျွန်ုပ် ကျိန်းသေပေါက် ပြောနိုင်ပါသည်။

 

(၇)

 

သို့သော် ဗညားလဒတွင် တော်လှန်သော အတွေးအခေါ်တို့ လုံးလုံးလျားလျား ကွယ်ပျောက်သွားသည် မဟုတ်သေး။  ဆိုရှယ်လစ် ဒီမိုကရေစီ ဆိုသည်ကိုမူ သူ ယုံကြည်ဆဲ ဖြစ်၏။ သာယာဝပြောသည့် လူ့ဘောင်သစ်ဆီသို့ သူတစ်နည်း၊ ငါတစ်နည်းဖြင့် ချီတက်ရာဝယ် မည်သည့်နည်းက အကောင်းဆုံးဖြစ်မည်နည်း ဟူသည့် အချက်ကို သူ အသေအချာ စဉ်းစားကြည့်သည်။ ဘုတ်အုတ်ထဲမှာပါတဲ့ လူ့ဘောင်သစ်ဆိုတာ ဓမ္မဂန်ဖတ်စာထဲမှာပါတဲ့ ပဒေသာပင်သီးတဲ့ တိုင်းပြည်လိုမျိုးပဲ နေမှာဟု သူတွေးရင်း တဖန် အားတက်မိသည်။ လူမှုအနိဌာရုံများ ကင်းစင်၍ သာယာဝပြောပြီး တရားမျှတသော လူ့ဘောင်သစ်သို့ ချီတက်ရာတွင် သူလည်း တစ်တပ်တစ်အား ပါဝင်မည်ဟု အဓိဌာန်ပြု၏။ ဗညားလဒ ထိုကဲ့သို့ အဓိဌာန်ပြုသည်ကို သူ့ဖအေ လယ်သမားကြီး ကြားသော် ငါ့ သားတော့ လယ်ထဲဆင်းပြီး ငါ့ကို ကူညီတော့မှာပဲ ဟု တွေးကာ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားလေ၏။

 

အရိပ်သုံးပါး နားမလည်သော ဖခင်ကြီးက “၀မ်းသာလိုက်တာ .. လူလေးရယ်၊ လူလေး လယ်ထဲဆင်းမယ်ဆိုတော့ အဖေ ကူဖော်လောင်ဖက် ရတာပေါ့ ဟု ဆိုလေ၏။ ထိုစကားကြောင့် ဗညားလဒ တွန့်ခနဲ ဖြစ်သွားသည်။ မိုးထဲရေထဲတွင် ရွှံ့ထဲဆင်းပြီး နွားနှင့် ဖက်ရုန်းရမည့် အဖြစ်ကို တွေးမိသဖြင့် “မဟုတ်တာ အဖေရယ်၊ ကျွန်တော် လယ်ယာလုပ်ငန်းကို ၀ါသနာပါ ပါတယ်။ ခက်တာက ကျွန်တော် လယ်ထဲကို ဆင်းတော့လဲ ဆင်းတာပဲ ရှိမှာ။ လယ် မထွန်တတ်ဘူး အဖေရဲ့။ လယ်လုပ်တယ်ဆိုတာ လွယ်တာ မဟုတ်ဘူး။ တော်ကြာ ကျွန်တော် အဖေ့ကို ဆယ်ရာ မရောက်ဘဲ နှစ်ရာ ရောက်မှာ စိုးပါတယ်။ ဟု ဆိုကာ ဆင်ဝှေ့ရန်ရှောင် လုပ်လေ၏။ ဖခင်ကြီးမှာ စာမတတ်၊ ပေမတတ် ဖြစ်ရကား သူ့သား ဗညားလဒ လှိမ့်သမျှ ခံရလေ၏။ သို့သော် သူ့သားကို  မေတ္တာ မပျက်ချေ။ ဤသို့ဖြင့် ဗညားလဒသည် သူ့၏ ဟိုလိုလို ဒီလိုလို ဘ၀ခရီး စာမျက်နှာများကို တစ်ရွက်ပြီး တစ်ရွက် အေးအေးလူလူ လှန်လှော၍ နေလေ၏။

 

လယ်ယာချောင်းမြောင်းလုပ်ငန်းကို ဗညားလဒ တကယ်ပင် ချစ်မြတ်နိုးပါသည်။ သို့သော်လည်း မိုးတော၊ လေတောထဲတွင် ခါးချိုးပြီး ပျိုးနုတ်၊ ကောက်စိုက် လုပ်ရမည်ကိုတော့ ရွံ့တွန့်တွန့် ဖြစ်မိသည်။ သူ့ အနေဖြင့် လယ်လုပ်ရန် မလိုပါ။ ယခု သူ့ ဖခင် လုပ်ကိုင်နေသည့် လယ်ယာလုပ်ငန်းခွင်ကို စက်မှုလယ်ယာအဖြစ် အဆင့်အတန်း မြှင့်ပေးနိုင်လျှင် သူ့ဖခင်၏ ကျွေးကျေးဇူးကို ဆပ်နိုင်ပါလိမ့်မည်။ ကျွေးကျေးဇူး ကြေရုံမျှသာမက အဖထက် သာလွန်သော အတိဇာတ သားပင် ဖြစ်သွားလိမ့်မည်ဟု စဉ်းစားမိသဖြင့် လယ်ယာမြေ ပြုပြင် ပြောင်းလဲရေးနှင့် စပ်လျဉ်းပြီး စဉ်းစားခန်း ဖွင့်လေ၏။ လယ်ယာမြေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဟူသည်ကို စဉ်းစားမိသည့်အခါ သူ့ အဖေ လယ်ဧက တစ်ရာကျော်ပိုင်သည့် လယ်ပိုင်ရှင်ကြီး အဖြစ်မှ လယ်ယာမြေမဲ့ ဘ၀သို့ နေ့ချင်းညချင်း ပြောင်းလဲသွားရသည့် အဖြစ်ကို တွေးမိပြန်သည်။ သူ့ ဖခင်၏ လယ်ယာမြေများ ပြည်သူပိုင် အသိမ်းခံရသည်မှာ သူ့ကို မွေးသည့်နှစ်က ဖြစ်၏။ “အင်း ဒီ အစိုးရသာ လယ်တွေကို ပြည်သူပိုင် မလုပ်ရင် ငါ့ ဖအေ လယ်ထဲဆင်းပြီး ပင်ပင်ပန်းပန်း လုပ်စားရမှာ မဟုတ်ဘူး ဟု တွေးမိပြီး အစိုးရကို ငါနှင့် ကလော်တုပ်လေ၏။ သို့သော်လည်း ကျယ်ကျယ်လောင်လောင် မဆဲဝံ့ချေ။

 

တစ်နေ့သ           ၌ ဗညားလဒသည်  မြေပိုင်ရှင်ဟောင်းတစ်ယောက်နှင့် ကြွေအံပစ်ရင်း လယ်ယာမြေ ပြည်သူပိုင် သိမ်းခြင်းမှာ လယ်သမားများ အဖို့ မတရားကြောင်း ပြောမိ၏။ သူတို့ နှစ်ဦးလုံးမှာ နာကျည်းချက် ကိုယ်စီနှင့် ဖြစ်ရကား ဆိုရှယ်လစ်လမ်းစဉ်ကြီးသည် တစ်ခုခု မှားယွင်းနေသလိုလို ဘာလိုလို ဖြစ်နေသည်ဟု ပြောမိလေ၏။ ထိုသတင်းသည် မည်သည့်နည်းဖြင့် ပါတီယူနစ်ဥက္ကဌ ဦးလှမြိုင်၏ နားသို့ ရောက်ရှိသွားမှန်းကို ယနေ့တိုင် မည်သူမျှ မသိကြချေ။ သို့သော်လည်း ဦးလှမြိုင်သည် ဗညားလဒနှင့် မြေရှင်ဟောင်းတို့ နှစ်ဦးကို ဆင့်ခေါ်၍ လယ်ယာမြေများ ပြည်သူပိုင် သိမ်းဆည်းရခြင်းမှာ တိုင်းရင်းသားများကို ထိခိုက်နစ်နာ စေလို၍ မဟုတ်ကြောင်း၊ ဗမာ့လယ်ယာကို တိုင်းတစ်ပါးသားအရင်းရှင်တို့က လက်ဝါးကြီးအုပ်ပြီး ခေါင်းပုံဖြတ်၊ ကုပ်သွေးစုပ်နေသည်ကို ကာကွယ်တားဆီးရန် အလို့ငှာ မွန်မြတ်သော စေတနာဖြင့် သိမ်းဆည်ရခြင်း ဖြစ်ကြောင်းကို ချက်ကျလက်ကျ ရှင်းပြလေ၏။ ဗညားလဒ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ သူ့စိတ်ထဲတွင် ကျေနပ်လှသည်တော့ မဟုတ်သေး။ ဘာမျှ ပြန်မပြောတတ်၍ ငြိမ်ခံလိုက်ရခြင်းသား ဖြစ်သည်။ သို့သော်လည်း ဦးလှမြိုင်ကဲ့သို့ လိုရာဆွဲ၍ ကိုယ့်ဖက်ပါအောင် ချက်ကျလက်ကျ မပြောတတ်။ မြေရှင်ဟောင်းကြီးလည်း တွေခနဲ ဖြစ်သွားလေ၏။ အရင်းရှင်ကို မလိုလားသည့် ခေတ်အခါတွင် သူ အရင်းရှင် မဖြစ်လိုပြီ။ “ဟုတ်ကဲ့ပါ အစ်ကိုလေး ကိုလှမြိုင် ဟု တစ်ခွန်းတည်း ပြောပြီး တချိုးတည်း ထပြန်သွားလေ၏။

 

ရုံးပေါ်တွင် ဗညားလဒ တစ်ယောက်တည်း ယောင်ချာချာနှင့် ကျန်ခဲ့လေ၏။ “ဒါနဲ့ မင်းက ဘယ်သူ့ သားတုန်းကွဲ့ ဟု ဦးလှမြိုင်က သူ့ကို မေးသည်။ ဗညားလဒက “ကျွန်တော် အထက်ပိုင်းက ဦးစံလှ၊ ဒေါ်ကျင်မြတို့ရဲ့ သားပါ ဟု မဆိုင်းမတွ ပြန်ဖြေသည်။

ဒါဆို မင်းက ပဉ္ဇင်းတက်ခဲ့ဖူးတဲ့ မောင်ဗညားလဒပေါ့။ မင်း ပဉ္ဇင်း တက်တုန်းက ဦးလေးတို့ လာဖူးတယ်။ နောက် မင်း စာသင်ဖို့ သွားတော့လဲ ပစ္စည်းလေးပါး ထောက်ပံ့ဖူးတယ်။ အဲဒီတုန်းက မင်းဖို့ဆိုပြီး ယိုးဒယားကလာတဲ့ ဆပ်ပြာခွက်ကလေး ထည့်ပေးလိုက်တာကို ငါ ကောင်းကောင်းကြီး မှတ်မိသေးတယ်။ ဒါနဲ့ မင်း အခု အိမ်ထောင်ကျပြီလား။

မကျသေးပါဘူး။

အေးကွာ … လူငယ်ဆိုတာ ဒီလိုပဲပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်စိတ်ထဲ ရှိတာကို ရဲရဲရင့်ရင့် ပြောတာကို ဦး သဘောကျတယ်။ နောက်လဲ ၀င်ထွက်သွားလာကွဲ့ ဟု ဆိုပြီး ဦးလှမြိုင်က သူ့ကို ယဉ်ကျေးစွာနှင်ထုတ်လိုက်သည်။ ဗညားလဒ ပျော် မဆုံးတော့ပြီ။

 

အင်းလေ ဟုတ်ပါတယ်။ လူသစ်၊ စိတ်သစ် မွေးပြီး သာယာဝပြောတဲ့ လူ့ဘောင်သစ် ခရီးကို လျှောက်လှမ်းတဲ့ အချိန်မှာ အတ္တတွေကို ချိုးနှိမ်ထားရမှာပဲ။ ပြီးတော့ အခုလဲ လယ်သမားတိုင်း လယ်လုပ်ခွင့် ရနေတာပဲ။ ဒီလိုပဲ ဖြစ်သင့်ပါတယ် ဟု တွေး၍ ရွှင်လန်းစွာဖြင့် အိမ်သို့ ပြန်လေသတည်း။ 

 

(၈)

 

နောက်တစ်နေ့ နံနက်ခင်းတွင် ကြွေအံဝိုင်းသို့ ဗညားလဒ ရောက်သွားပြန်သည်။ သို့သော် ပရမတ် ဆြာကြီးများက ရှောင်ဖယ်ရှောင်ဖယ် လုပ်နေသည်ကို သတိပြုမိသည်။ ပဇာကြောင့်ပါလိမ့်ဟု ဗညားလဒ စဉ်းစားသည်။ ကြွေပစ်ရင်း စိတ်အခန့် မသင့်ဖြစ်စရာ ပြောမိဆိုမိလေသလား ဟု တွေးမိသည်။ သို့သော်လည်း ပြဿနာဖြစ်စရာ အကြောင်းဟူ၍ တစ်စိုးတစ်စိမျှ မရှိချေ။ အတန်ကြာပြီးနောက် ပရမတ် အဘိုးကြီးတစ်ဦးက “မောင်ရင်နဲ့ ဦးလှမြိုင်နဲ့ အတော့်ကို ခင်သလားကွဲ့ ဟု သူ့ကို မေးလှာသည်။ လူကဲ ကောင်းကောင်း မခတ်တတ်သေးသည့် ဗညားလဒက ဦးလှမြိုင်က သူ့ကို အရေးတစ်ယူလုပ်ပြီး ဆက်ဆံပုံကို အပိုဆာဒါး ခပ်များများ ထည့်ပြီး ရွှန်းရွှန်းဝေအောင် ပြောပြလေ၏။ အဘိုးကြီးများ မျက်စိပျက် မျက်နှာပျက် ဖြစ်သွားကြသည်။ အတန်ကြာသော် တစ်ဦးက “အိမ်ပြန်တော့မယ်လကွာ ဟုဆိုပြီး ထပြန်သွားလေ၏။ ထို့နောက် အဘိုးကြီးများလည်း တစ်ဦးပြီး တစ်ဦး အလျှိုလျှို ထပြန်သွားကြလေရာ လက်ရည်ဆိုင်တွင် ဗညားလဒနှင့် အတူကျန်ရစ်သူဟူ၍ ပဆစ်ခုံနှင့် လက်ဘက်ရည်ကြမ်း တစ်အိုးသား ကျန်ရစ်တော့သည်။ လူသားတို့၏ စိတ်ကား အပြောင်းအလဲ မြန်ပေစွ။ ဘယ်နှာ့ကြောင့် ဒီလို ဖြစ်ရပါလိမ့်။ ဘယ့်နှာကြောင့်မှ မဟုတ်ပါ။ ပါတီယူနစ် ဥက္ကဌနှင့် အလွမ်းသင့်သူကို အခြောက်တိုက် ကြည့်မရဖြစ်လာ၍ ဖဲကြဉ်သွားကြခြင်းသာ ဖြစ်ပါသည်။

 

နောက်တစ်နေ့ နံနက်ခင်း၌ ဗညားလဒသည် အိမ်ရှေ့လှေကားခုံတွင် ငုတ်တုတ်ထိုင်ပြီး လောကကြီးကို ဆင်ခြင် သုံးသပ်ကြည့်သည်။ စင်စစ် အိမ်ရှေ့လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော နွားလှည်း၊ ရေစည်လှည်း၊ ဈေးရောင်းဈေးဝယ်များကို ရည်ရွက်ချက် ကင်းမဲ့စွာဖြင့် လှမ်းကြည့်ရင်း ငိုင်၊ ငူ၊ ငေး၊ ငမ်း လုပ်နေခြင်းသာ ဖြစ်ပါသည်။ ဗညားလဒ ငြိမ်ချက်သား ကောင်းနေသည်ကို သူ့မိဘနှစ်ပါး မြင်သော် ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေ၏။ သူတို့သား တစ်ခုခု ဖြစ်နေပလား ဟု တွေးမိသည်။ ထို့နောက် လင်မယားနောက် ခေါင်းချင်းဆိုင်ပြီး သားလှရတနာ၏ နောင်ရေးအတွက် တိုင်ပင်ဆွေးနွေးကြလေ၏။ ဗညားလဒ မငယ်တော့ပြီ။ အသက်အစိတ် ကျော်လွန်ခဲ့ပြီ ဖြစ်သည်။ အဖေ၊အမေတို့လည်း မြေးချီချင်လှပါပြီ။ သူတို့ သားအတွက် ဆေးပေးမီးယူ အိမ်သူမယား ရှိရန်လိုအပ်သည်။ ရိုးသားလှသော မိဘတို့သည် ဗညားလဒ ယခုလို ညှိုးညှိုးငယ်ငယ်နှင့် ဂယောင်ခြောက်ခြား ဖြစ်နေခြင်းမှာ အိမ်ထောင်ရက်သား မကျသေးသောကြောင့် ဖြစ်သည် ဟု တစ်ထစ်ချ သုံးသပ် ဆင်ခြင်ပြီး နီးရာဆွေမျိုးနှင့် တိုင်ပင်ဆွေးနွေးကာ သတို့သမီး အရှာထွက်လေ၏။ ဗညားလဒကဲ့သို့ ဘော်ကြော့နေ၊ ဘော်ကြော့စားပြီး ဂနာမငြိမ်သူကို မည်သည့် သမီးရှင်ကမျှ သမက် မတော်လိုချေ။ ထို့ပြင် မိန်းကလေးများကလည်း သူ့ကို မျက်နှာရူး ဟုသာ သဘောထားသည်။

 

ဒီလို နေလို့ မဖြစ်တော့ဘူးကွဲ့။ မင်း အလုပ် တစ်ခုခု လုပ်ရမယ်။ အလုပ်လုပ်မှ လူရိုသေ ရှင်ရိုသေ ဖြစ်မှာဟူသည့် မိခင်ကြီး၏ စကားသည် ဗညားလဒ၏ ညှိုးငယ်နေသောစိတ်ကို မြွေပူရာကင်းမှောင့် ဖြစ်စေသည်။ ဗညားလဒက “လုပ်တာပေါ့ … အမရာ။ ဘာလုပ်ရရင် ကောင်းမလဲလို့ စဉ်းစားနေတာပဲဟု သံရှည်ဆွဲပြီး ပြန်ပြောလိုက်သည်။ တစ်ခုခု လုပ်တော့မည် ဟု ဗညားလဒ ပြောလိုက်သည်ကို သူ့ မိခင် တောသူမကြီး ယုံရှာသည်။ “ဒါနဲ့ အမ ဒီမနက် ဈေးသွားရင်း အစ်ကိုလှမြိုင်ရဲ့ အမျိုးသမီးနဲ့ တွေ့ခဲ့တယ်။ အစ်ကိုလှမြိုင်က မင်းကို မေးနေတယ်တဲ့။ သွားတွေ့လိုက်ဦး ဟု ဆိုပြီး သူ့သားကို ထမင်းခူးကျွေးရန် မီးဖိုချောင်အတွင်းသို့ ၀င်သွားလေ၏။

 

ထမင်းစားပြီးသော် ဗညားလဒသည် သူ့၏ စီးတော်ယာဉ် မောင်ဗမာ စက်ဘီး အဟောင်းကလေးကို နင်း၍ ပါတီယူနစ်ရုံး ရှိရာသို့ သွားလေ၏။ သွပ်မိုး ထရံကာ ပါတီရုံးကြီး၏ ခမ်းနားထည်ဝါမှု အရှိန်ကြောင့် ရုံးတွင်းသို့ စက်ဘီးစီးပြီး ၀င်ရန် တွန့်သွားလေ၏။ စက်ဘီးပေါ်မှ ဗြုန်းခနဲ ခုန်ဆင်းလိုက်သည်။ ဘေးဘီကို ကြည့်သည်။ ကင်းတဲပေါ်တွင် အစောင့်တစ်ဦး မှိန်းနေသည်ကို တွေ့ရ၏။ ကင်းတဲနားသို့ ဗညားလဒ မယောင်မလည်ဖြင့် ချဉ်းကပ်သွားသည်။ ကင်းတဲကို လက်ဖြင့် အသာပုတ်ပြီး “ဒီမယ် အစ်ကိုကြီးရဲ့ ဟု အသံပြုလိုက်သည်နှင့် “ဟေ့ …. ဘယ်သူလဲ။ ဘယ်သွားမလို့လဲ။ ဘာကိစ္စလဲ ဘယ်သူ့ဆီ လာတာလဲ ဟူသည့် အသံများသည် မိုးထစ်ချုန်းသံကဲ့သို့ တရစပ် ထွက်ပေါ်လာ၏။ အောင်မယ် လက်စသတ်တော့ အောက်ပိုင်းက စိုးတင့် ပါကလား။ စကားပြောပုံက မာရေကျောရေနဲ့။ လေသံက မာလိုက်တာ ဘုရင်ခံ လေသံကျနေတာပဲ ဟု သူ တွေးမိသည်။ ဗညားလဒက “ဦးလေးလှမြိုင်က ငါ့ကို ခေါ်တယ်ဆိုလို့ လာတာ ဟု ငေါက်ဆတ်ဆတ် ပြန်ဖြေသည်။ စိုးတင့်က “အေး ဒါဖြင့် ငါ သတင်းသွားပို့လိုက်ဦးမယ်။ စောင့်နေဦး ဟု ဆိုပြီး ကင်းတဲပေါ်မှ ခုန်ဆင်း၍ ဥက္ကဌ ရုံးခန်းရှိရာသို့ ထွက်သွားသည်။

 

အတန်ကြာမှ စိုးတင့် ပြန်ရောက်လာပြီး သွားလို့ရပြီ ဟု ဆိုသဖြင့် သူ စက်ဘီးတွန်းပြီး ရုံးတွင်းသို့ ၀င်ရန် ပြင်သည်။ စိုးတင့်က “ဟေ့ကောင် ဗညားလဒ ဧည့်သည် အ၀င် အထွက် မှတ်တမ်းမှ လက်မှတ်ထိုးသွားဦး၊ မင်းနှယ် စည်းပျက်ကမ်းပျက်၊ ရုံးကို ၀င်ချင်တိုင်း ၀င်၊ ထွက်ချင်တိုင်း ထွက်လို့ ရမယ်များ အောက်မေ့နေလား ဟု မာန်သည်။ ဗညားလဒ အောင့်သက်သက် ဖြစ်သွား၏။ စိုးတင့်ထံမှ ဖောင်တိန်ကို ဆောင့်ကြီးအောင့်ကြီးနှင့် လှမ်းယူပြီး စစ်တောင်းစက္ကူကို မျဉ်းသားပြီး နိုင်လွန်ကြိုးဖြင့်ချုပ်ထားသည့် ပြည်တွင်းဖြစ် ဧည့်မှတ်တမ်းစာအုပ်ကြီးတွင် စာရင်းဖြည့်သွင်းရန် ပြင်သည်။ ကလောင်သွားကို စက္ကူပေါ်သို့ ချပြီး ဒေါသတကြီး ရေးခြစ်လိုက်သည်။ ဘာမှ မထင်။ ဖောင်တိန်ကို လေထဲသို့ မြှောက်ကာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဝှေ့ရမ်းပြီး လက်ကျန် မင် အကပ်အသပ်ကို ခါချလိုက်သည်။ ထို့နောက် ပြန်ရေးကြည့်သည်။ ဘာမှ မထင်။ “မင်ကုန်နေပြီ ဟု စိုးတင့်ကို လှမ်းအော် ပြောလိုက်၏။ “မင် ကုန်နေရင် မရေးနဲ့ ဒီအတိုင်း ၀င်သွားတော့ ဟု စိုးတင့်က သူ့ကို လှမ်းမကြည့်ဘဲ ပြောလိုက်သည်။ သို့နှင့် ဗညားလဒသည် ဥက္ကဌကြီး၏ အခန်းသို့ ရောက်ရှိသွားလေသတည်း။

 

ဥက္ကဌကြီး၏ ရုံးခန်းမှာ များစွာ မခမ်းနားလှချေ။ စားပွဲတစ်လုံး၊ ခုံသုံးလုံး၊ ပက်လက်ကုလားထိုင်တစ်လုံး၊ ဆေးတံသုံးချောင်း၊ ၀ါးနက်ဝါးဖြင့် ပြုလုပ်ထားသော ပြည်တွင်းဖြစ် မြန်မာ့ရိုးရာ အင်္ကျီချိတ်တွင် မီးခိုးရောင် တိုက်ပုံတစ်ထည် ချိတ်ထားသည်ကိုသာ တွေ့ရသည်။ ဥက္ကဌကြီးကား ရေးလက်စ အစီရင်ခံစာကို အာရုံစိုက်နေရသဖြင့် သူ့ရှေ့သို့ လူတစ်ယောက်လုံး ၀င်လာသည်ကိုပင် မသိလိုက်ချေ။ ဥက္ကဌကြီး အလွန် အလုပ်များနေပါသည်။ အလိုက်တသိနှင့် ခေတ္တခဏမျှ စောင့်ဆိုင်းမှ သင့်ချေမည်။ ထိုင်ရမလိုလို၊ ထရမလိုလိုနှင့် ဗညားလဒ  ကုန်းကုန်းကွကွ ဖြစ်သွားသည်ကို မြင်ခါမှ ဥက္ကဌကြီး ဦးလှမြိုင်သည် ကိုင်ထားသည့် ဖောင်တိန်ကို ဘုတ်ခနဲ ပစ်ချပြီး ထိုင်ရာမှ ဗြုန်းခနဲ ထကာ ဗညားဒလကို ပဋိသန္ဓာရ ပြု၏။

 

ကဲ ငါ့တူကြီး ထိုင်ဟေ့၊ မင်းကို ဦးကြီး ခေါ်တာ တစ်ခြား အကြောင်းရှိလို့ မဟုတ်ဘူးကွဲ့။ ဦးကြီးတို့ မြို့မှာ အင်္ဂလိပ်ခေတ်ကတည်းက မီးစက်မောင်းပြီး မီးပေးရတော့ အိမ်တိုင်းစေ့ မီတာဘောက် မရှိဘူး။ မီး မလင်းဘူး။ နောက်ပြီး ဒီစက်ကြီးက အင်္ဂလိပ်ခေတ်က စက်ဆိုတော့ အိုလှပြီ။ ခဏခဏ ပျက်တော့ ပြင်ရပြုရတဲ့ စရိတ်က မသေးဘူး။ ဒီတော့ကာ ဦးကြီးက အထက်လူကြီးတွေတို မီးစက် အသစ်ပေးဖို့ တင်ပြာလိုက်တယ်။ ဒီမှာပဲ လူကြီးတွေက ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစီမံချက် ဆိုတာကို အကောင်အထည်ဖော်ဖို့ လမ်းညွှန်သြ၀ါဒ ပေးလှာတယ်။

 

ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစီမံချက် ဆိုလို့ မင်း နားရှုပ် သွားပြီ ထင်တယ်။ မရှုပ်နဲ့ကွဲ့။ ဦးကြီး ပြောပြမယ်။ ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစီမံချက် ဆိုတာ တစ်ခြား မဟုတ်ဘူး။ တို့ လယ်သမားတွေ အိမ်မှာ ၀က်တွေ၊ နွားတွေ မွေးတယ် မဟုတ်လား။ နောက်ပြီး အမှိုက်သရိုက်တွေလဲ ရှိနေတယ်။ အခုဆိုရင် ဒီ ၀က်ချေး၊ နွားချေးတွေနဲ့ အမှိုက်သရိုက်တွေဟာ အလဟဿ ဖြစ်နေတယ်ကွဲ့။ ဒါတွေကို အကျိုးရှိရှိ အသုံးချနိုင်ရင် ဒီဟာတွေကနေ လျှပ်စစ်ဓာတ် ထုတ်လို့ ရသကွဲ့။ ဦးကြီးလဲ သေသေချာချာ မသိဘူး။ အဲဒီ နောက်ချေး၊ အမှိုက်သရိုက်တွေကို အဖုံးတွေ ဘာတွေနဲ့ ကျကျနန လုပ်ထားတဲ့ ကန်ကြီးတစ်ကန်ထဲ ပစ်ထည့်၊ ထွက်လာတဲ့ ဓာတ်ငွေ့ကို ပိုက်နဲ့သွယ်။ ပြီးရင် ဘွိုင်လာဆန်စက်လိုမျိုး နေမှာပေါ့ကွာ။ အဲသလို လုပ်ပြီး ဒိုင်နမို အကြီးကြီးနဲ့ လှည့်လိုက်ရင် တို့ တစ်မြို့လုံး တင်မကဘူး တစ်နိုင်ငံလုံးကို မီး ထိန်နေအောင် ပေးလို့ ရတယ်။ ဒီလိုဆိုရင် တို့နိုင်ငံရဲ့ လျှပ်စစ်စွမ်းအင် လိုအပ်ချက် ပြည့်မီလာမယ်။ လျှပ်စက်ဓာတ်ထုတ်တဲ့ စက်တွေကို နိုင်ငံခြားကနေ ၀ယ်ရင် ပိုက်ဆံ မနည်းကုန်တယ်ကွ။ ဒီလို ၀က်ချေး၊ နွားချေး၊ အမှိုက်သရိုက်တွေကို အသုံးချပြီး လျှပ်စစ်ဓာတ်အား ထုတ်တာဟာ တိုင်းပြည်ဘဏ္ဍာရေးကို အင်မတန် အထောက်အကူ ပြုတယ်။ ခြိုးခြံချွေတာရာ ရောက်တယ်။ ပိုလျှံတဲ့ ငွေကြေးကို တစ်ခြား တစ်နေရာရာမှာ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်မယ်။

 

ဒီတော့ကာ ဒီစီမံချက်ကို ဒီနှစ်ထဲမှာပဲ စလုပ်ဖို့ ဦးကြီး ပြင်နေတယ်။ ငါ့တူကြီးက နှံ့နှံ့စပ်စပ် ရှိတော့ ဦးကြီး မင်းကို အလုပ်တစ်ခု ပေးလိုတယ်။ တစ်ခြား မဟုတ်ပါဘူး။ ဒီ စီမံချက် လုပ်ဖို့ ကုန်ကြမ်းပစ္စည်းတွေ ဘယ်နေရာတွေကနေ လုံလုံလောက်လောက် ရနိုင်မလဲ ဆိုတာ မင်းက စုံစမ်းရမယ်။ စစ်တမ်း ကောက်ရမယ်။ သုတေသန ပြုရမယ်။ ပြီးရင် မင်းရဲ့ ရှာဖွေတွေ့ရှိမှုကို သုတေသန အစီရင်ခံစာ အဖြစ် ပြုစုပြီး လူကြီးတွေဆီ တင်ပြရမယ်။ တကယ်တော့ ဦးကြီးလုပ်ရမယ့် အလုပ်ပါ။ ဦးကြီးက စက်ရုံဆောက်ဖို့ ဘတ်ဂျက်ဆွဲနေရလို့ မင်းကို ခေါ်ပြီး ပြောရတာပဲ ဟု ရှည်လျားစွာ ဆိုပြီး အလွန်တစ်ရာ ထူးကဲလှစွာသော ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစီမံချက်ကြီး အကြောင်းကို ခရေစေ့တွင်းကျ ရှင်းပြလေ၏။

 

ဒါနဲ့ နေဦး။ ဒီ စီမံချက်က ထိပ်တန်းလျှို့ဝှက် အဆင့် စီမံချက်နော်။ ပေါ့သေးသေး စီမံချက် မဟုတ်ဘူး။ ကိုယ့်တူကိုယ်သားလို ဖြစ်နေလို့ မင်းကို ပြောပြတာ။ ဒီတော့ကာ နက်ဖြန် ဒီကိုပဲ လာခဲ့ချေဟု ဆိုပြီး ဦးလှမြိုင်သည် ချထားသည့် ဆေးတံကြီးကို ကောက်ယူလိုက်သည်။ ဗညားလဒ ပြန်ရင် သင့်ပြီဟု အချက်ပြလိုက်ခြင်း ဖြစ်ပါသည်။ သို့နှင့် ဗညားလဒသည် ကော်မြူနစ်ဝတ်ရုံကို ကွင်းလုံး ချွတ်ချလိုက်ပြီး  ရွှေရှယ်လစ်ဝတ်စုံကို ပြောင်းလဲ ၀တ်ဆင်လိုက်လေ၏။

 

(၉)

 

သာယာဝပြောသည့် ရွှေရှယ်လစ်နိုင်ငံတော်ကြီးရှိ လိမ်ပိန်ကွေ့ကောက်နေသော ဒီလုံး ခဲကျိုးခင်း (၀ါ) ဂ၀ံကျောက်ကြမ်းခင်း မြို့ကျက်သရေဆောင် မင်းလမ်းမကြီးပေါ်တွင်  ဗညားလဒသည် မောင်ဗမာစက်ဘီးကလေး အဟောင်းကလေးကို အားစိုက်နင်းပြီး လေတရွှီရွှီချွန်ကာ အိမ်သို့ ပြန်လေ၏။ ကုသမင်း၏ မျက်နှာအသွင်ကို ဆောင်သည့် မင်းလမ်းမကြီး၏ ဖွားဖက်တော်ဖြစ်သော ကျောက်စရစ်ခဲတို့သည် သာယာဝပြောသည့် လူ့ဘောင်သစ်ဆီသို့ လမ်းကြုံလိုက်ရန် ဗညားလဒ၏ စက်ဘီးနောက်သို့ ပျာယီးပျာရာနှင့် ပြေးလိုက်ပြီး ခုန်တက်ရန် ပြင်ရှာသည်။ စက်ဘီး နောက်ဘီးဖုံးနှင့် ကျောက်စရစ်ခဲ ထိမှန်သံ တဖြောက်ဖြောက်၊ တဂျောက်ဂျောက် ကြားရတော့သည်။ ထိုခဏ၌ ဗညားလဒသည် ချိန်းလျော့နေသော စက်ဘီးကို အားစိုက်နင်းရင်း “လူမှု အနိဌာရုံများ ကင်းစင်၍ သာယာဝပြောပြီး တရားမျှတသော လူ့ဘောင်သစ်၊ ရွှေရှယ်လစ်လောကသို့ မရောက်ရောက်အောင် ချီတက်မည့် လမ်းကြောင်းကြီးသည် ဤမင်းလမ်းမကြီးကဲ့သို့ မစုတ်ပဲ့တန်ရာ ဟူ၍ ငယ်ပေါင်းကြီးဖော် လမ်းမကြီးကို နှိမ့်ချသည့် အတွေးမျိုး တွေးမိသည်။

 

အိမ်သို့ ရောက်ခါနီးမှ ကြွေအံဝိုင်းသို့ ၀င်ရန် စိတ်ကူး ပေါ်လာသည်။ ထို့ကြောင့် စက်ဘီး လက်ကိုင်ကို ချာခနဲ ဆွဲလှည့်ပြီး ကြွေဝိုင်းရှိရာ လက်ဘက်ရည်ဆိုင်သို့ ဦးတည်လိုက်သည်။ ဦးတည်ချက်မှန်သော်လည်း သွားရာလမ်းကြောင်း လွဲသွားသဖြင့် စက်ဘီး ရှေ့ဘီးသည် လမ်းပခုံး ဒီလုံးခဲကို တည့်တည့်ကြီး ၀င်တိုးမိလေ၏။ ဗညားလဒသည် သက်မဲ့ အ၀ိညာဏဖြစ်သော ဒီလုံးခဲကို “ဒီ သောက် ဒီလုံးခဲဟာလေ ဟု ဒေါပွပွနှင့် ဆဲရေးသည်။ “မြူနီစပယ်တွေလဲ ဘယ်သွားသေနေလဲ မသိဘူး ဟု ရေရွတ်ပြန်သည်။ ထို့နောက် လူးလဲထပြီး လဲကျနေသော စက်ဘီးကို ပြန်ထောင်ရင်း “ရွှေရှယ်လစ် ခေတ်ကြီးကို ရောက်ရင် ဒီလမ်းမကြီးဟာ ကတ္တရာစေး လမ်းမကြီး ဖြစ်သွားမှာ မုချပဲ ဟု အပြုသဘောဖြင့် တွေးကာ ကြွေဝိုင်းရှိရာသို့ တရှိန်ထိုး ထွက်ခွာသွားလေ၏။

 

ကြွေဝိုင်းတွင် ပရမတ်ဆရာတို့သာမက ကျောင်းဆရာ ကိုစိန်မြင့်ပါ ရောက်နေသည်။ ပရမတ် အဘိုးကြီး တစ်ယောက်က “မောင်ဗညားလဒ မင်း ပျောက်လှချေလားကွဲ့ဟု ပဋိသန္ဓာရပြုသည်။ ဗညားလဒ စောင့်နေသည့် အကွက်သို့ ရောက်လာချေပြီ။ “ဟုတ်တယ် ဦးလေးရဲ့။ ဥက္ကဌကြီးက စီမံချက်တစ်ခု အတွက် တာဝန်ပေးလို့ လုပ်နေရတယ်။ အဲဒါနဲ့ ကျွန်တော် ဒီရက်ထဲမယ် မအားရဘူး ဟု ခပ်ကြွားကြွား ဆိုလိုက်သည်။ “ဘာတွေ လုပ်နေပြန်ပြီတုန်းကွဲ့။ လှမြိုင်က ကျောက်ဆင်းတုကိုတောင် ခေါင်းညိတ်အောင် ပြောနိုင်တဲ့လူ၊ မဟုတ်မှလွဲရော လှမြိုင်က မင်းကို မစားရ ၀ခမန်း ပြောလိုက်ပြီ ထင်တယ် ဟု အဘိုးကြီးတစ်ဦးက ဆိုသည်။

 

ဒီမယ် ဦးလေးရဲ့၊ ကျွန်တော်လဲ အရင်တုန်းက အစိုးရ မကောင်းကြောင်း ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော် အခု သဘောပေါက်လာပြီ။ အမြင်မှန် ရတယ်ပဲ ဆိုရမှာပေါ့။ ဒီလိုမျိုး ကဖျက်ယဖျက် စကားတွေ ပြောနေရုံနဲ့ ပြီးတာ မဟုတ်ဘူး။ ရုံးရောက်၊ ဂါတ်ရောက် ဖြစ်တာပဲ အဖတ်တင်တယ်။ ဒီတော့ကာ ကျွန်တော်တို့ လိုချင်တဲ့ ရွှေရှယ်လစ် လူ့ဘောင်သစ်ဆီ သွားဖို့ ကျွန်တော်တို့တွေ ကိုယ်တိုင်ကိုယ်ကျ လျှောက်လှမ်းရမယ်။ ဘေးထိုင်ဘုပြောနေရင် ဘယ်ကိုမှ ရောက်မှ မဟုတ်ဘူး။ ကျွန်တော်တို့ သားမြေးတွေအတွက် အကျိုးကျေးဇူး ရှိမှာ မဟုတ်ဘူး။ အချိန်တွေသာ ကုန်သွားမယ်။ ဘာမှ ရလိုက်မှာ မဟုတ်ဘူး။ ဦးလေးရဲ့ ဟု  ဟု ဗညားလဒက ဒေါနှင့်မောနှင့် ဆို၏။

 

လူ လူချင်း ခေါင်းပုံဖြတ်ပြီး မတရား အမြတ်ရှာစားတဲ့ စီးပွားရေးစနစ်ဆိုးတွေကို တော်လှန်ပြီး လူမျိုးမရွေး၊ ဘာသာမရွေး စားဝတ်နေရေး သက်သာချောင်ချိပြီး ဥပုသ်သီတင်း ဆောက်တည်နိုင်မယ့် လောကသစ်ဆီကို မရောက် ရောက်အောင် ချီတက်ရမှာပဲ။ ဦးလေးတို့ရဲ့ စိတ်တွေ၊ နေမှုထိုင်မှုတွေကို ပြောင်းလဲဖို့ အချိန်ကျပြီ။ အခု အချိန်ဟာ ပြောင်းလဲဖို့ အကောင်းဆုံး အချိန်ပဲ။ ညည်းတွားနေရုံနဲ့ မပြီးဘူး။ ပြောင်းလဲဖို့ ကြံဆရမယ် ဟု ထပ်ကွန့်သည်။

 

အဘိုးကြီးများ ပါးစပ် အဟောင်းသား ဖြစ်သွား၏။ မဖြစ် ခံနိုင်ရိုးလား။ ကောင်းမွန်ကျနစွာ ရေးသားစီရင်ထားအပ်ပေသော “နိုင်ငံတော် တော်လှန်ရေးကောင်စီ၏ ၀ါဒသဘောထား ကြေညာချက်မှ ပြောင်မြောက်လှသည့် စကားလုံးများ၏ အရှိန်အစော်ကို ပရမတ်ဆြာကြီးများ ဟေတု တက်နိုင်ပါမည်လော။ ပရမတ် အဘိုးတစ်သိုက် မဆိုထားဘိ၊ ကျောင်းဆရာ ကိုစိန်မြင့်ပင်လျှင် ဟယ်ခနဲ ဖြစ်သွားသည်။ လိပ်ပြာ မလုံသလိုလို ဘာလိုလို ဖြစ်မိသည်။ ကျောင်းတွင် မြေဖြူကုန်နေ၍ အစိုးရမင်းတို့အား ငြူစူစောင်းမြောင်း ရေရွတ်မိသည်ကို နောင်တရသွားလေ၏။  “အင်း … ဗညားလဒ ပြောတာ ဟုတ်ပေသားပဲ။ ထုံးကို ၀ါးဆစ်ထဲသွတ်၊ ရွှံ့နဲ့ မံပြီး မီးဖုတ်လိုက်ရင် မြေဖြူ ရတာပဲ ဟူ၍ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် မြေဖြူခဲ ထုတ်လုပ်ရန် အကြံသစ်တစ်ခု ပေါ်လာသည်။

 

နို့ နေပါဦးကွဲ့။ မင်းကတော့ ခေတ်ကာလသားဆိုတော့ အင်္ဂလိပ်ခေတ်ကို မမီလိုက်ဘူး။ ငါတို့က အင်္ဂလိပ်ခေတ်မှာ ကြီးလာတာကွ။ အခုခေတ်နဲ့ အင်္ဂလိပ်ခေတ်ကို နှိုင်းရှည့်ကြည့်ရင် အခုခေတ်မှာ ငါးသေတ္တာ၊ ဘီစကစ် မစားရတော့ဘူး၊ အ၀တ်ဆိုလဲ မဆရိုက်ပဲ ပွဲနေပွဲထိုင် ၀တ်နေရတယ်။ အင်္ဂလိပ်ခေတ်တုန်းက ကြာကန်မှာ ဘိလပ်ရည်စက်ရုံ ရှိသကွ။ ဘိလပ်ရည်ကို ဖောချင်းသောချင်း သောက်လို့ရတယ်။ မင်းပြောတဲ့ လူ့ဘောင်သစ်ကြီးက အင်္ဂလိပ်ခေတ်လောက် ကောင်းပါ့မလား ဟု အဘိုးကြီးတစ်ဦးက ၀မ်းပန်းတနည်း ဆိုရှာသည်။

 

ခက်တာပဲ ဦးလေး ဒီလိုပြောတာ ဦးလေးမှာ ကျွန်စိတ် မကုန်သေးဘူး ဆိုတာကို ပြနေတာပဲ ဟု ဗညားလဒက သာသာနှင့် နာနာနှက်လိုက်သည်။ ပါးစပ်ဆော့မိသော အဘိုးကြီး အောင့်သက်သက် ဖြစ်သွား၏။ “အင်္ဂလိပ်ခေတ်ဆိုတာ ကျွန်ခေတ်ပဲ။ အခု ကျွန်တော်တို့က လွတ်လပ်တဲ့ခေတ်ကို ရောက်နေပြီ။ ကျွန်စော်နံတဲ့ အတွေးအခေါ်တွေကို စွန့်ပြီး၊ သခင်လို ကျင့်ကြံနေထိုင်ရမယ်။ နောက်ပြီး လူလူချင်း မတရား ခေါင်းပုံဖြတ်ပြီး အမြတ်ရှာစားတဲ့ တိုင်းတစ်ပါးသား အရင်းရှင်တွေကို တိုက်ထုတ်ရမယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာဟာ အမျိုးသားတွေရဲ့ လက်ထဲမှာပဲ ရှိရမယ်။ ဘာလုပ်လုပ် အမျိုးသားရေး စိတ်ဓာတ်နဲ့ လုပ်ရမယ်၊ ကိုင်ရမယ်။ ဒီလို ကျင့်ကြံနေထိုင်မှ အမျိုးသားရေး စိတ်ဓာတ်တွေ နိုးကြားလာပြီ သူ့ကျွန်ဘ၀ကို ရောက်ရတဲ့ အဖြစ်နဲ့ မကြုံရမှာ ဟု ထပ်ဆင့်ပြီး ဆိုလေ၏။

 

ဈေးဝယ်ရာမှ ပြန်ရောက်လာသော လက်ဘက်ရည်ဆိုင်ပိုင်ရှင် အဒေါ်ကြီးသည် ဗညားလဒ ပြောနေသည့် အမျိုးသားရေး ဟူသည် စကားလုံးကို နားစွန်နားဖျား ကြားလိုက်ရဟန်တူသည်။ ထို့ကြောင့် ဒေါသူပုန်ထသွားပြီး “ဟဲ့အကောင် ဗညားလဒရဲ့ နင့်ဟာက အမျိုးသား အမျိုးသားနဲ့ အမျိုးသားချင်း အပ်ကြောင်းထပ်နေတော့တာပဲ။ နင်တို့ အမျိုးသားတွေ ငါတို့ အမျိုးသမီးတွေ မရှိပဲ လူဖြစ်မလား ပြောစမ်း ပြောစမ်း။ နင်တို့ ယောကျာ်းတွေ သောက်သုံးမကျတာကိုတော့ တစ်ခွန်းမှ ထည့် မပြောဘူး။ ယောက်ျားတွေ ကောင်းကို မကောင်းဘူးဟု ဆောင့်ကြီးအောင့်ကြီး ဆိုလေသည်။

 

ဗညားလဒ အူကြောင်ကြောင် ဖြစ်သွား၏။ အဒေါ်ကြီး ဘာသဘောဖြင့် ဤသို့ဆိုသည်ကို သူ နားမလည်။ သို့သော် အတွန့်တပ်ပြီးလျှင် “ဒီမယ် ဒေါ်ဒေါ်ရဲ့၊ အခုခေတ်မှာဆိုရင် အမျိုးသမီးတွေဟာလဲ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနေကြပါပြီ။ တခြား မကြည့်နဲ့ .. ပြည်သူ့ရဲမေတွေ ရဲဘော်တွေနဲ့ ရင်ဘောင်တန်းပြီး လှုပ်ရှားနေတာ ဒေါ်ဒေါ် တွေ့တယ် မဟုတ်လား။ ပြီးခဲ့တဲ့ လထုတ် လုပ်သား စာစဉ် မျက်နှာဖုံးမှာ ရဲမေတစ်ယောက် ကင်းစောင့်နေတဲ့ပုံကို တင်ထားတာ မတွေ့ဘူးလား ဒေါ်ဒေါ်ရဲ့ ဟု ဆိုသည်။ ထို စကားကြောင့် အဒေါ်ကြီး ဆွေ့ဆွေ့ခုန် သွားလေ၏။ “ဟဲ့ သေချင်းဆိုးကောင်ရဲ့။ သုံးတောင်ဝတ် မိန်းမတွေကို မညှာမတာ ယောက်ျားတွေလို စစ်တိုက်ထွက်ခိုင်းတယ်ဆိုတာ တရားသလား၊ ပြောစမ်း နင် ပြောစမ်း။ ဒါ မိန်းမ၊ ယောက်ျား ရင်ဘောင်တန်းတာလား။ နင်တို့ ယောကျာ်းတွေဟာ လတ်လျားလတ်လျား သွားဖို့နဲ့ မိုးပြောချိုးပြော ပြောဖို့ပဲ တတ်တယ်။ သောက်ဖြစ်ရှိတာ မဟုတ်ဘူး။ နောင် ဒီလို စကားမျိုးကို ငါ့ဆိုင်မှာ ယောင်လို့တောင် မပြောပါနဲ့ ဟု ဆိုပြီး ဗညားလဒကို မျက်စောင်းထိုး၍ မီးဖိုချောင်သို့ ခြေဆောင့်နင်းကာ ၀င်သွားလေ၏။ သို့ဖြင့် ဗညားလဒ၏ အမျိုးသားရေး လှုပ်ရှားမှုများ ကွယ်ပခဲ့ရလေသည်။

 

(၁၀)

 

နောက်တစ်နေ့ နံနက်၌ မြို့အပြင်ဘက်ရှိ ဖုန်တသောသော ထနေသည့် လှည်းလမ်းကြောင်း တစ်လျှောက်တွင် ဗညားလဒ  လျှပ်စစ်စီမံချက်အတွက် ကုန်ကြမ်း ရှာဖွေစုဆောင်းရေး စစ်တမ်း ကောက်ယူနေသည်ကို တွေ့ရလေ၏။ ဗညားလဒသည် သားကောင်ကို ကျားရဲချောင်းဘိသကဲ့သို့ မဟာပထ၀ီမြေကြီးကို မမှိတ်မသုန် စူးစိုက်ကြည့်ရှုကာ ကုန်ကြမ်းပစ္စည်းများကို သဲကြီးမဲကြီး ရှာဖွေနေလေ၏။ ဟော … တွေ့ပါပြီ။ သည် အပုံကြီးက ပူပူနွေးနွေးပဲ ရှိသေးတယ်။ နေဦး … သည်အပုံက ကြီးတယ်ဆိုတော့ ကျွဲချေးများ ဖြစ်နေမလား။ ဥက္ကဌကြီး ပြောတဲ့ အထဲမှာ ၀က်ချေး၊ နွားချေးနဲ့ အမှိုက်သရိုက် လို့ပဲပါတယ်။ ကျွဲချေးလို့ တစ်ခွန်းမှ မပြောဘူး။ ဒါ အပုံကြီးကို မှတ်တမ်းတင်လို့ သင့်မှ သင့်ပါမလား။ ကျွဲချေးလို့ ရေးလို့ မသင့်ဘူး။ နောက်ချေးလို့ ရေးပြန်ရင်လဲ စာရင်းလိမ်ရာ ရောက်သွားမယ်။ အို မထူးပါဘူး။ ဘာဖြစ်ဖြစ် ချေးဟာ ချေးပေါ့။ မြို့ပြင် ဦးချစ်ဖေကုန်းရှိ ကုက္ကိုပင်ကြီး၏ အရှေ့တောင်အရပ် ခြေလှမ်းသုံးဆယ်ခန့် အကွာတွင် ကုန်ကြမ်းများ စတင် တွေ့ရှိ ဒီလို မှတ်ထားမှ ဖြစ်မယ်။ ဒီလိုလဲ မဟုတ်သေးဘူး။ မပြည့်စုံသေးဘူး။ မြို့ပြင် ဦးချစ်ဖေကုန်းရှိ ကုက္ကိုပင်ကြီး၏ အရှေ့တောင်အရပ် ခြေလှမ်းသုံးဆယ်ခန့် အကွာတွင် ကုန်ကြမ်းများ စတင် တွေ့ရှိ၊ သို့သော် အရည်အသွေးကို အသေးစိတ် လေ့လာရန် လိုအပ်လို့ မှတ်ချက်ရေးမှ ဖြစ်မယ်။

 

သို့နှင့် ဗညားလဒသည် မြို့အပြင်ဘက် လှည်းလမ်းကြောင်း တစ်လျှောက်ရှိ နွားချေးပုံများကို စနစ်တကျ လေ့လာဆန်းစစ်ပြီး မှတ်တမ်းယူခဲ့လေရာ ရှမ်းစုကျေးရွာနှင့် သဲဖြူကုန်းကျေးရွာကို ကျော်လွန်ပြီး ကျောက်မှော်ကျေးရွာ အနီးသို့ ရောက်ရှိချိန်၌ သူ့၏ စစ်တမ်းလွှာတွင် ကုန်ကြမ်း ပစ္စည်းပေါင်း (၂၇၆) ပုံကို မှတ်တမ်း ရေးထိုးပြီးလေပြီ။ သူ့ အစီရင်ခံစာ အကျဉ်းချုပ် အရဆိုလျှင် “လပွတ္တာမြို့အပြင်ဘက် ဦးချစ်ဖေကုန်းရှိ ကုက္ကိုပင်ကြီး၏ အရှေ့တောင်အရပ် ခြေလှမ်းသုံးဆယ်ခန့်အကွာတွင် ကုန်ကြမ်းများကို စတင် တွေ့ရှိရသည်။ သို့သော် အရည်အသွေးကို အသေးစိတ် လေ့လာဆန်းစစ်ပြီး သုတေသနပြုရန် လိုအပ်သည်။ ထို့နောက် စစ်တမ်း ဆက်လက် ကောက်ယူခဲ့ရာ ဦးချစ်ဖေကုန်းနှင့် ရှမ်းစုကျေးရွာ အကြားရှိ ကျောက်ခင်းလမ်းပေါ်တွင် ကုန်ကြမ်း (၁၂၇) ပုံကိုလည်းကောင်း၊ ရှမ်းစုကျေးရွာနှင့် သဲဖြူကုန်းကျေးရွာ အကြားရှိ လှည်းလမ်းပေါ်တွင် ကုန်ကြမ်း (၁၀၉) ပုံကိုလည်းကောင်း၊ သဲဖြူကုန်းကျေးရွာနှင့် ကျောက်မှော်ကျေးရွာ အကြားရှိ လှည်းလမ်းနှင့် လယ်ကွက်ထဲတွင်မူ ကုန်ကြမ်း (၄၀) ပုံခန့်သာ တွေ့ရသည်။  မည်သို့ပင်ဆိုစေကာမူ (၈၀) ရာနှုန်းသော ကုန်ကြမ်းတို့သည် သတ်မှတ်ထားသည့် စံချိန်စံနှုန်းနှင့် ကိုက်ညီပြည့်မီကြောင်း တွေ့ရသည်။ ဤစစ်တမ်းအရ လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် လိုအပ်မည့်ကုန်ကြမ်းများ စုဆောင်းသိမ်းဆည်းမည့် သိုလှောင်ရုံကို ရှမ်းစုကျေးရွာနှင့် သဲဖြူကုန်းကျေးရွာတို့ အကြားတွင် တည်ဆောက်သင့်ကြောင်း တင်ပြအပ်ပါသည် စသဖြင့် ရေးသားထားသည်။  (စကားချပ် - ဗညားလဒ၏ အစီရင်ခံစာမှ အကျဉ်းချုပ် အချက်အလက် အချို့ကိုသာ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။)

 

ဗညားလဒ၏ အစီရင်ခံစာကား ဖူးစကတ်စာရွက် (၆၀) ကျော်မျှ ရှည်လျားသည်။ တင်ပြချက်တို့မှာ အလွန် တိကျပြီး ကျစ်လစ် သိပ်သည်း၏။ တွေ့ရှိမှုများကို အောက်ဖော်ပြပါအတိုင်း ကဏ္ဍ အသီးသီး ခွဲခြားပြီး တင်ပြထားသည်။

(၁) အကျဉ်းချုပ်၊

(၂) ကျေးဇူးတင်လွှာ၊

(၃) အတိုကောက်မှတ်စုနှင့်ဇယားများ၊

(၄) စစ်တမ်းရလဒ်အကျဉ်းချုပ်၊

(၅) နောက်ခံအခြေအနေ၊

(၆) မျှော်မှန်းရလဒ်များ၊

(၇) အချက်အလက်များ၊

(၈) စစ်တမ်းပုံစံနှင့် နည်းစနစ်များ သတ်မှတ်ခြင်း၊

(၉)  စစ်တမ်းကောက်ယူရန် စီစဉ်ခြင်း၊

(၁၀) ကွင်းဆင်းစစ်တမ်းကောက်ယူခြင်း၊

(၁၁) အချက်အလက်များကို ညှိနှိုင်းစစ်ဆေးခြင်း၊

(၁၂) လေ့လာဆန်းစစ်ခြင်း၊

(၁၃) ရလဒ်များ၊

(၁၄) မျှော်မှန်းရလဒ်နှင့် လက်တွေ့ရလဒ်တို့ကို တိုက်ဆိုင်စစ်ဆေးခြင်း၊

(၁၅) အကြံပြုချက်များ၊

(၁၆) ကြုံတွေ့ရသည့် အခက်အခဲနှင့် သင်ခန်းစာများ

(၁၇) နိဂုံး ဟူ၍ အပိုင်း (၁၇) ပိုင်း ခွဲ၍ တင်ပြသည်။ ဗညားလဒ၏ တင်ပြပုံမှာ ပြည့်စုံ ကျစ်လစ်ရုံမျှသာမက မြန်မာစာ အရေးအသားမှာလည်း အလွန် အဆင့်မြင့်သည်။ အလွန် တည်သည်။ အလွန် ခန့်ညားသည်။ ဘုန်းကြီးလူထွက်ပီပီ ပါဠိစကားလုံးများ ထည့်ရေးထားသဖြင့် ဥက္ကဌကြီးပင် ဇဝေဇ၀ါ ဖြစ်သွားလေ၏။ မြေကြီးကို မြေကြီးဟု ရိုးရိုးတန်းတန်း မရေးဘဲ ဘူမိ ဟူ၍ ရေးသည်။ အချို့သော စာမျက်နှာတို့တွင်မူ မေဒိနီ ဟု ပြောင်းသုံးသည်။ ဥက္ကဌကြီးသည် ဗညားလဒ တင်သွင်းသည့် အစီရင်ခံစာကို တစ်ချက်လှန်မျှ လှန်ကြည့်လိုက်ပြီးလျှင် သိပ်ကောင်းတာပဲ ဟု တစ်ခွန်း ဆို၏။

 

ထို့နောက် ဥက္ကကြီးသည် ဗညားလဒ၏ ၀င်းပသော မျက်နှာကြီးကို ပြုံး၍ ကြည့်ရှုပြီး “မင်းကို ဦးကြီး သိပ် သဘောကျတယ်၊ လူကြီးတွေလဲ သဘောကျမှာပဲ။ ဒီ စက်ရုံကြီး တည်ရင် မင်းကို ပါမင်းနန့် (Permanent Staff အမြဲခန့်ဝန်ထမ်း) ခန့်ဖို့ ဦးကြီး ပြောပေးမယ်။ ကဲ အခုတော့ မင်း အနားယူဦးလကွာ။ ဦးကြီး ဘတ်ဂျက် ဆွဲနေတာ မပြီးသေးဘူး၊ လက်စသတ်လိုက်ဦးမယ် ဆိုပြီး ဇီဝလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် လိုအပ်သည့် ဘိလပ်မြေအိတ်စာရင်း၊ သံချောင်းစာရင်း၊ အလုပ်သမားခ စသည့်တို့ကို မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် တွက်ချက်နေလေသတည်း။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုသည်မှာကား အခြားမဟုတ်ချေ။ ခန့်မှန်း ကုန်ကျစရိတ် စုစုပေါင်းကို န၀င်းကိုက်အောင် ကိန်းဂဏန်းများ ထပ်ဖြည့်ပေးခြင်းပင် ဖြစ်သည်။ ရွှေရှယ်လစ် စီးပွားရေးစနစ်တွင် န၀င်းသည် အလွန် တာသွား၏။ ဤခေတ်တွင် န၀င်း မကျေလျှင် လာဘ်တိတ်တတ်၊ စီးပွားပျက်တတ်ကြောင်းကို (၁၀၀) ကျပ်တန်၊ (၇၅) ကျပ်တန်၊ (၃၅) ကျပ်တန်၊ (၂၅) ကျပ်တန် ငွေစက္ကူတို့က သက်သေ အထင်အရှား ပြခဲ့ပြီး ဖြစ်သည် မဟုတ်လော။ “ဘယ်လိုပဲ ဖြစ်ဖြစ် ကုန်ကျစရိတ် အားလုံးကို န၀င်းကျေအောင် ခြေမှ ဖြစ်မယ်။ န၀င်း မကျေတဲ့ စာရင်းဆိုတာ မရှိစေရဘူး။ ဦးလှမြိုင် ထိုသို့ ရွေရွတ်ရင်း လိုအပ်သည့် ကိန်းဂဏန်းများကို ဖြည့်လိုက်သည်။  

 

(၁၁)

 

သရောကြီး ခိုင်းတော့မယ် ထင်ပါရဲ့ ဟု ဗညားလဒ၏ မိခင်ကြီးက ညည်းတွားသည်။ ဖခင်ကြီးမှာလည်း မျက်နှာ မကောင်းလှ။ မိခင်ကြီး ပြောသည့် သရောကြီး ဟူသည်ကို တယောကြီး ဟု နားကြားလွဲသွား၍ ပသို့ကြောင့်နည်း ဟု ဗညားလဒ စူးစမ်းမိသည်။ ထိုသော် မိခင်ကြီးက “ဘယ်လို ဖြစ်ရမလဲကွဲ့ .. လူလေးရဲ့။ စပါးဈေးက မကောင်းဘူး။ နောက်ပြီး စုထားတဲ့ ပိုက်ဆံလေးတွေလဲ ကုန်ပြီ။ တော်သေးရဲ့ စပါးပေး ပေးထားတာလေးတွေ ရှိနေလို့ တို့မိသားစု ထမင်း မငတ်တာ။ ဒါတောင် ပြန်မရတာက အများကြီး။ ပေးကမ်းထားတဲ့သူတွေကလဲ ကိုယ့်တူ၊ကိုယ့်သားတွေ၊ ပြီးတော့ သူတို့လဲ အဆင်ပြေလှတာ မဟုတ်ဘူး။ အကြွေးပြန်တောင်းရင်တောင် သူတို့မျက်နှာကြည့်ပြီး ချော့မော့တောင်းနေရတယ်။ ဂျာပန်ခေတ်ထက် ဆိုးတော့မယ် ထင်ရဲ့ ဟု ဆို၏။

 

ထိုကဲ့သို့သော လူမှုစီးပွားရေး အနိဌာရုံ ပြဿနာများကို ဗညားလဒ မကြားလိုပါ။ သာယာဝပြောသည့် လူ့ဘောင်သစ်ဆီသို့ ချီတက်နေသည့်အခိုက်တွင် ယင်းပြဿနာများကို ကြားရသဖြင့် လူ့ဘောင်သစ်ဆိုသည်ကို သူ သံသယ၀င်မိတော့သည်။ သို့သော်လည်း ပါးစပ်က ဖွင့် မပြောမိချေ။ “တစ်အောင့်တစ်ဖြုတ်ပေါ့ အမရာ။ ကျွန်တော်တို့ နိုင်ငံက အခုမှ ရွှေရှယ်လစ် လမ်းကြောင်းပေါ်ကို ရောက်အောင် ချီတက်နေတုန်းပဲ ရှိသေးတယ်။ နောင်ကျရင် ဒီကိစ္စတွေ အလိုလို ပြေလည်သွားမှာပါ ဟု ဆိုပြီး မိခင်ကြီးကို နားချလိုက်သည်။ “နင့်ရွှေရှယ်လစ်လမ်းကြီးကို လျှောက်နေတာ နင့်တစ်သက်ရှိပဟဲ့။ အခုထိ လျှောက်တုန်းပဲလား။ လျှောက်ပဲ လျှောက်နိုင်လွန်း ဟု သူ့ မိခင်ကြီးက ဆိုရှာသည်။ ဗညားလဒ ဘာ ပြန်ပြောရမှန်း မသိတော့ပြီ။ “ကျွန်တော့် ရွှေရှယ်လစ် မဟုတ်ပါဘူး ဟုသာ စကားနည်းရန်စဲ ပြန်ပြောလိုက်သည်။

 

ဖခင်ကြီးက “ဂငယ် သုံးခု ဥသျှစ်ထုလို့ ဆိုရိုးရှိတယ်။ လာမယ့်နှစ်မှာ ဂငယ် လေးခု ဖြစ်မှာပဲ။ တိုင်းပြေ လှုပ်လှုပ်ရှားရှား ဖြစ်မလား မဆိုတတ်ဘူး ဟု အသံလေးကြီးဖြင့် ပြောသည်။ “ဟာ မဟုတ်တာ။ အဖေကလဲဗျာ .. ဂ သုံးခုက မြန်မာသက္ကရာဇ်ပဲ။ အခုဟာ အင်္ဂလိပ်နှစ်လေဗျာ။ ဘာမှ မဖြစ်နိုင်ပါဘူး ဟု ဗညားလဒက ဖျောင်းဖြသည်။

 

ထိုသို့ ပြောပြီးနောက် ကိုးလခန့် အကြာတွင် မုန့်ကြိုးလိမ်နှင့်တူသော အင်္ဂလိပ် (8) ဂဏန်း၊ ဂငယ်နှင့် တူသော မြန်မာ (၈) ဂဏန်း၊ ရှစ်ဂဏန်းတိုင်း၌ တူညီသော အကျိုးအာနိသင် ရှိသည်ကို ဗညားလဒ သိခွင့်ရလိုက်လေ၏။ တက္ကသိုလ်ကျောင်းများ ပိတ်လိုက်သဖြင့် ပုသိမ်တွင် ကျောင်းသွားတက်နေသော ကျောင်းသားတစ်ချို့ မြို့သို့ ပြန်ရောက်လာလေ၏။ စစ်မှန်သော ဒီမိုကရေစီ ရရှိရေး အတွက် တိုက်ပွဲ ၀င်ကြမည်ဟု ဆိုကြ၏။ များစွာ မကျယ်ပြန့်သော မြို့ကလေးတွင် အုန်းအုန်းကျွက်ကျွက် ဖြစ်သွားလေသည်။ ဆိုရှယ်လစ် ဒီမိုကရေစီ ဆိုသည်ကို ကောင်းစွာ လေ့လာဖူးသူ ဗညားလဒအဖို့ စစ်မှန်သော ဒီမိုကရေစီ ဆိုသည်ကို ထပ်မံလေ့လာရန် မလိုပါ။ ဒက်ခနဲ သိလိုက်သည်။ ဆိုရှယ်လစ် ဒီမိုကရေစီကို ပြောင်းပြန်လှန်လိုက်လျှင် စစ်မှန်သော ဒီမိုကရေစီ ရရှိမည်ဖြစ်ကြောင်းကို သူ ကောင်းကောင်းကြီး သိပါသည်။ သို့နှင့် ဂျင်ကလိကို ဆွဲပြီး ဒီမိုကရေစီ တိုက်ပွဲဝင်ရန် ကျောင်းသား လူငယ်များရှိရာသို့ ချီတက်လေ၏။

 

အလို အစ်ကိုကြီးဗညားလဒ ဘယ်က လာတုန်း ဟု ကျောင်းသားငယ် တစ်ဦးက သူ့ကို နှုတ်ဆက်သည်။ “အေး မင်းတို့နဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို ပြောင်းလဲဖို့ တိုက်ပွဲဝင်ရအောင် လာခဲ့တာပဲဟု ဗညားလဒက ၀င့်ဝင့်ကြွားကြွား ပြန်ပြောလိုက်သည်။ “တိုင်းပြည်ကို ပြောင်းလဲဖို့ အချိန်အခါတော့ ကျလာပြီဆိုတော့ ငါလဲ ဒီ ပြောင်းလဲမှုမှာ ၀င်ပြီး လှုပ်ရှားမှ သင့်မယ်ဆိုပြီး မင်းတို့ဆီကို ထွက်လာတာကွ။ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူက ဒေါက်တာတဲ့။ ထွီ .. ဒေါက်တာ ဆိုတာ ဆေးကုတဲ့ နေရာမှာတော့ အသုံးကျမှာပေါ့။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ နေရာမှာ ၀င်ပါတော့ တိုင်းပြည်ပျက်ပြီ မဟုတ်လားဟု ဆိုလိုက်သည်။ ကျောင်းသားတစ်ဦးက “အစ်ကိုကြီးရဲ့ သူက ဆေးကုတဲ့ ဒေါက်တာ မဟုတ်ဘူး။ ဥပဒေ ဒေါက်တာဗျ။ ဟိုဒင်းလေဗျာ .. တရားဥပဒေတွေ ဘာတွေ လုပ်တဲ့ ဒေါက်တာ ဟု ရှင်းပြသည်။ ဗညားလဒ ပလုံးပထွေး ဖြစ်သွားသည်။ “အို ဘာ ဒေါက်တာပဲ ဖြစ်ဖြစ်ကွာ၊ ဒေါက်တာဆိုတာ ကောင်းတာ မဟုတ်ဘူး။ ဆော်စရာရှိရင် ဆော်ရမှာပဲ ဟု ပြန်ပြောလိုက်သည်။ ကျောင်းသားတစ်ဦးက “ဒါနဲ့ အစ်ကို့ လက်ထဲက ဂျင်ဂလိကြီးက ဘာလုပ်ဖို့တုန်း ဟု မေးသည်။ တယ်ညံ့တဲ့ ကျောင်းသားပဲ ဟု ဗညားလဒ မှတ်ချက်ချလိုက်သည်။ “ဟ ဘာလုပ်ရမှာတုန်းကွ။ တိုက်ပွဲ ၀င်ဖို့ပေါ့ကွဟု ငေါက်ဆတ်ဆတ် ပြန်ပြောလိုက်သည်။ “ကျွန်တော်တို့က အကြမ်းမဖက်တဲ့ နည်းနဲ့ တိုက်ပွဲဝင်မှာ၊ အစ်ကိုကြီးရဲ့ ဂျင်ဂလိကို သိမ်းထားလိုက်ပါဗျာ ဟု ထိုကျောင်းသားက ဖျောင်းဖြသည်။ အခြားလူငယ်များကလည်း ဗညားလဒကို ထိုနည်းတူ ပြောသည်။ ဗညားလဒ အင်တင်တင် ဖြစ်သွား၏။ “တော်လှန်ရေးဆိုတာ ချရတာပဲကွ။ ဆော်ရတာပဲ။ လေနဲ့ ချလို့တော့ ဘယ်တော့မှ အလုပ်မဖြစ်ဘူး ဟု  ပြောပြီး ကျောင်းသားအုပ်စုရှိရာမှ ထပြန်သွားလေ၏။

 

အပြန်လမ်းတွင် သူ့ မိတ်ဆွေဟောင်း ပရမတ်သမားတို့ ရှိရာသို့ ခြေဦးလှည့်လိုက်သည်။ ပရမတ်ဝိုင်းတွင် လူအုပ်တောင့်လှသည်။ ဗညားလဒ၏ လက်ထဲမှ ဂျင်ဂလိ၏ သတ္တိကြောင့် ပရမတ်သမားတို့ ရွံ့တွန့်တွန့် ဖြစ်သွားသည်။ တစ်ဦးက “ငါ့ တူကြီးရယ် ဘယ်လို ဖြစ်ရတာလဲကွဲ့ ဟု မေးရှာသည်။ ဗညားလဒက “ပြော မပြောချင်တော့ပါဘူး။ ဦးလေးရယ် တိုက်ပွဲဝင်မယ်ဆိုပြီး ထွက်လာတာပဲ။ လုပ်နေတဲ့ ကောင်တွေက ဇ ရှိတဲ့ ကောင်တွေ မဟုတ်ပါဘူး ဟု ဆို၏။ “ဒီလူတွေနဲ့ အလုပ် မဖြစ်ပါဘူး။ စိတ်ပျက်တယ်ဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ် စစ်မှန်တဲ့ ဒီမိုကရေစီရအောင် တိုက်ပွဲဝင်ရမှာပဲဟု ဆိုပြီး ထပြန်သွားလေ၏။

 

တစ်မြို့လုံး အုန်းအုန်းထနေချိန်၌ ဗညားလဒ ပျောက်ခြင်းမလှ ပျောက်နေလေ၏။ တော်လှန်ရေးဆင်နွဲရန် တောခိုသွားခြင်းပေလော ဟု အချို့က သင်္ကာမကင်း ဖြစ်ကြသည်။ ဗညားလဒ မြို့ထဲတွင် မရှိတော့သည်မှာ အမှန်ပင် ဖြစ်ပါသည်။ တော်လှန်ရေးဆင်နွဲရန် တောခိုခြင်း ဟုတ် မဟုတ်ကို ဗညားလဒသာ အသိဆုံး ဖြစ်ပါလိမ့်မည်။ သို့သော် မိတ်ဆွေတစ်ဦးက ဗညားလဒအား လပွတ္တာမြို့မှ နာရီဝက်သာသာ သွားရသည့် လပွတ္တလုပ်ရွာကလေးတွင် ယောင်ခြောက်ဆယ် လုပ်နေသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသဖြင့် တောခိုသည်ဟူသော သတင်းမှာ တစ်ခုခု လွဲချော်နေပြီ ဖြစ်ကြောင်း ကျွန်ုပ် တွေးမိသည်။ မြို့ပေါ်တွင် ဆူဆူပူပူ ဖြစ်နေသည့်အပြင် ဆရာလုပ်ခွင့် မရသဖြင့် ဗညားလဒ တောဆင်းပြီး နေခြင်းသာ ဖြစ်သည် ဟု ကျွန်ုပ် အတပ်ပြောနိုင်သည်။ လူထု လှုပ်ရှားမှုကြီး ဖြစ်ပွားပြီးနောက်တွင်  ပြောင်းလဲခြင်းကို လိုလားသည့် လူငယ်ထုတို့၏ ဘ၀များ ပြောင်းလဲသွားသည်ကို မြို့သူမြို့သားတို့ မြင်တွေ့ခွင့် ရလေ၏။ အချို့ကား ဘ၀တစ်ပါးသို့ ပြောင်းလဲသွား၏။ အချို့ကား သူပုန်ဘ၀သို့ ပြောင်းလဲသွား၏။ အချို့မူကား အကျဉ်းသားဘ၀သို့ ပြောင်းလဲသွား၏။ လူ့ဘောင်သစ်ဆီသို့ ချီတက်ရာလမ်းကြောင်းလည်း ပျောက်ချေပြီ။ ၀မ်းနည်းဖွယ် ကောင်းလေစွ။

 

(၁၂)

 

ထိုနောက်ပိုင်းတွင် ကျွန်ုပ်သည် မွေးဇာတိ မြို့ကလေးကို စွန့်ခွာခဲ့ရသဖြင့် ဗညားလဒနှင့် အဆက်အသွယ် ပြတ်သွား၏။ ဗညားလဒ တစ်ယောက် တောဆင်းပြီး လယ်လုပ်နေသလိုလို၊ ကုန်စုံဆိုင်ဖွင့်နေသလိုလို၊ ဂဏန်းဒိုင်ဖွင့်သလိုလို မရေမရာ သတင်းများကိုသာ ကြားရတော့သည်။ တမြန်နှစ် နွေဦးပေါက်ကာလ၌ ဇာတိမြို့ငယ်သို့ ကျွန်ုပ် ခေတ္တမျှ ပြန်ရောက်သွားသည်။ ဆယ်စုနှစ် နှစ်ခုခန့်မျှ ကြာပြီ ဖြစ်သော်လည်း မြို့ငယ်ကလေးသည် အရင်လိုပင် ရှိနေဆဲပင် ဖြစ်၏။ အပြောင်းအလဲ ဟူ၍ များများစားစား မတွေ့ရပေ။ ဆင်းရဲသူများ ပို၍ နွမ်းပါးသွားခြင်းနှင့် ချမ်းသာသူတို့ ပို၍ ကြွယ်ဝလာခြင်းဟူသည့် အပြောင်းအလဲကြီးကိုသာ တွေ့ရသည်။

 

အပြောင်းအလဲများ အကြောင်းကို စဉ်းစားမိသည့်အခါ ကျွန်ုပ်၏ အတွေးထဲသို့ ဗညားလဒ ရောက်ရှိလာလေ၏။ သို့ဖြစ်၍ ဗညားလဒအကြောင်းကို စုံစမ်းကြည့်မိသည်။ ဗညားလဒသည် တစ်ခုသော မိုးနှောင်း ဆောင်းဦး ရာသီပြောင်းစ အချိန်တွင် လေသင်ဓုန်းမိပြီ သေရှာလေပြီ ဟု ၀မ်းနည်းဖွယ်ရာ ကြားသိရသည်။ ကျွန်ုပ်၏ ချစ်လှစွာသော မိတ်ဆွေကြီး ဗညားလဒသည် သူ၏ ခန္ဓာအဟောင်းကြီးကို ပြောင်းလဲခြင်းများဖြင့် အတိပြီးသော ဤကမ္ဘာလောကကြီးတွင် စွန့်ထားခဲ့ပြီး မည်သည့်ဘ၀မှန်း မသိရသော  ဘုံဘ၀ဌာန အသစ်တစ်ခုဆီသို့ ခရီးဆက်လက် ထွက်ခွာသွားခဲ့သည်မှာ နှစ်ပရိစ္ဆေဒ အတန်ငယ် ကြာညောင်းခဲ့လေပြီ။ ဘ၀ ပြောင်းလဲသွားခြင်း ဟု ဆိုရပေမည်။ ဗညားလဒသည်  ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်မှ ပြည်ထောင်စု မြန်မာနိုင်ငံတော်သို့ ပြောင်းလဲချိန်ကို သူ နဖူးတွေ့၊ ဒူးတွေ့ ကြုံဆုံခဲ့ရဖူးသော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်မှ တဖန် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဟူသော ခေတ်သစ်၊ လူ့ဘောင်သစ်ကြီးဆီသို့ ပြောင်းလဲနေချိန်ကိုမူ ကြုံခွင့် မရရှာလေ။

 

ယနေ့အချိန်တွင် စစ်မှန်သော ဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့သော ပြည်သူ့လူထုအတွက် စစ်မှန်ရုံမျှသာမက စည်းကမ်းပြည့်ဝခြင်းပါ အပိုဆောင်းထားသည့် ဒီမိုကရေစီစနစ်လည်း ရှိနေပြီ မဟုတ်လော။ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ မရောက် ရောက်အောင် ချီတက်ရာ၌ သာယာဝပြောပြီး တရားမျှတသော လူ့ဘောင်သစ်၊ ရွှေရှယ်လစ်လောကသို့ မဆုတ်မနစ် နောက်မဆုတ်တမ်း ချီတက်ခဲ့စဉ်အခါက အသွားနှုန်းမျိုးဖြင့် ချီတက်နိုင်လျှင် ကျွန်ုပ်တို့၏ တိုင်းပြည်ကြီး သာယာဝပြောလာမည်မှာ အမှန်ပင် ဖြစ်၏။ ဤသို့တွေးရင်း ကျွန်ုပ် အားတက်မိတော့သည်။ စဉ်ဆက်မပြတ် တရစပ် ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို ကျွန်ုပ်၏ ရောင်းရင်းကြီး ဗညားလဒကို မြင်စေ့ချင်လွန်းလှသည်။ ထို့ပြင် ဗညားလဒသာ သေရာမှ ပြန်ရှင်လာလျှင် မည်သည့်ဘက်သို့ ကူးပြောင်းဦးမည်ကိုလည်း သိလိုလှ၏။ သို့ဖြစ်၍  ငါ့ ကောင်ကြီး ဗညားလဒ သေရာက ပြန်ထလာပါစေ ဟူ၍ ဆုတောင်းမိတော့မလို ဖြစ်သွားသည်။ သို့ရာတွင် ဗညားလဒကို သေရာမှ တစ်ဖန် ပြန်လည် ရှင်သန်လာပါစေ ကျွန်ုပ် ဆုမတောင်းဝံ့ချေ။ အကြောင်းတစ်မူကား ခေါင်းဖြူဘူတား အရွယ်ရောက်နေသူ အကျွန်ုပ်ကို သေရွာပြန် ပြောင်းလဲရေးသမား ဗညားလဒက “ကိုင်း ကျပ်ခိုး ဘယ့်နှယ့် ရှိစ၊ ငါ မပြောဘူးလား။ ပြောင်းလဲခြင်းတွေသာ မပြောင်းလဲ တည်မြဲနေဦးမှာကွ ဟူ၍ အစချီပြီး ပြောင်းလဲရေး တရားဟောမည်ကို နားမထောင်လိုခြင်းကြောင့် ဖြစ်ပါသလျှင်ကတည်း။

 

မောင်ကျပ်ခိုး

မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ တပို့တွဲ့လဆန်း ၁၂ ရက်၊ စနေနေ့။ ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၂၈ ရက်။