Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

“မိုးစိပ်ပြုပွဲ၊ သန်ကျူးစဲက၊ ခ၀ဲပွင့်ဝါ၊ သို့သောခါတုံ၊ အာကာမထိုင်း၊ မြူမှိုင်းမလည်၊ အလွန်ကြည်လျက်၊ ဆီးရည်လည်းကျ၊ သရဒနှိုက်

အသျှင်မဟာသီလ၀ံသ (သျှိသျှားကန်ဘွဲ့မော်ကွန်း)

 

ကျပ်ခိုး

(၁)

 

သရဒဥတု ရောက်ပြီတည့်။ တစ်ဝါတွင်းလုံး တအုန်းအုန်း တဒိုင်းဒိုင်းနှင့် ရှစ်ခွင်တိုင်းတွင် ကြီးစိုးမင်းမူ၍  ငြိုးမာန်ဖွဲ့ကာ မစဲနိုင်ဘဲ  သည်းထန်စွာ ရွာသွန်းခဲ့သော ရွှေမိုးညိုကို ကဏ္ဍကောဇလုပ်မည့် ဆီးနှင်းတို့ ရောက်ရှိလာပါပကော။ “ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက် ဆိုသည့်အတိုင်း မိုး၏ ရာဇပလ္လင်ကို ဆီးနှင်းက ကြားဝင်လုရန် ကြံလေ၏။ မိုးကား သူ အားမတန်သည်ကို သိသောကြောင့် အမျက် မာန်စောင်ကို အသာချ၍ မဆုတ်ချင် ဆုတ်ချင်နှင့် တွန့်ဆုတ် တွန့်ဆုတ် လုပ်ကာ ဝေးရာသို့ ပြေးရန် ပြင်လေ၏။ ထို့သို့ ပြင်ခါမှ ဆီးနှင်းက မာန်ဝင့်ပြီး ထကြွ သောင်းကျန်း ပြန်သည်။ သို့နှင့် ဆီးနှင်းကျလိုက် မိုးရွာလိုက်နှင့် မိုးစက်နှင့် နှင်းပွင့်တို့ အားချင်း ယှဉ်ပြိုင် အနိုင်လုပြီး လောကဓာတ် တစ်ခွင်လုံးကို အလှဆင်ယင်လေသတည်း။

 

နေ့လယ်ခင်းမှစ၍ တစိမ့်စိမ့်နှင့် ရွာသွန်းနေသော မုတ်သုန်မိုးကြွင်းသည် ညနေစောင်း နေ၀င်ဖျိုးဖျချိန်သို့ ရောက်ခါမှ မစဲချင် စဲချင်နှင့် စဲသွားလေ၏။ သို့သော်လည်း ကောင်းကင်၌ တိမ်ညိုညစ် အချို့ ကျန်ရှိနေသေးသဖြင့် ကောင်းကင်သည် ကြည်လင်သင့် သလောက် မကြည်လင်နိုင်။ ၀င်လုဆဲ နေ၀န်းသည် တိမ်ညိုညစ်များကြားမှ ပြူထွက်လာလိုက် တိမ်မည်းပုပ်များကြားသို့ ငုပ်လျှိုးသွားလိုက်နှင့် အလုပ်များနေလေ၏။ များစွာ မကြာမြင့် လိုက်ချေ။ ရောင်ခြည်တစ်ထောင်ကို ဆောင်သည့် ဘာဏုရာဇာ နေမင်းကြီးသည် ဓနိတောအတွင်းသို့ သက်ဆင်းသွားပြီး အလင်းရောင်လည်း တဖြည်းဖြည်းနှင့် မှေးမှိန်သွားလေ၏။ သို့သော် ပိန်းပိတ် မှောင်သွားသည် မဟုတ်သေး။ ဖျော့တော့တော့ အလင်းရောင် အနည်းအကျဉ်း ရှိနေသေးသည်။

 

နေ၀င်သည်ကို အဆန်းတကျယ်လုပ်၍ ကျွန်ုပ် ကြည့်ရှု နေခိုက်ဝယ် “ဟေ့ရောင် ကျပ်ခိုး ဘာ မရောင်ရာ ဆီလူး နေတာတုန်း ဟူသည့် ဘဲဥ၏ ညောင်နာနာ အသံကို ရုတ်ခြည်း ကြားလိုက်ရ၏။ လွမ်းမောဖွယ် ကောင်းသည့် ညချမ်း ဆည်းဆာချိန်၌ ဘဲဥ၏ ညောင်နာနာ အသံသည် ကျွန်ုပ်၏ နားဝသို့ ကျိုက်ကျိုက်ဆူသည့် သံရည်ပူ လောင်းချ လိုက်ဘိသကဲ့သို့ ၀င်ရောက်လာ၏။ ထို့နောက် ဘဲဥသည် အိမ်ပေါ်သို့ ကဆုန်ပေါက်ပြီး တက်လာသည်။ ကျွန်ုပ် ရပ်နေသည့် ၀ရန်တာသို့ ရောက်သော် “မိုးကလဲ တစ်နေကုန် ရွာနေလိုက်တာ။ ဘယ်မှ ထွက်လို့ မရဘူး။ အခု မိုးတိတ်တာနဲ့ မင့်ဆီ တစ်ချိုးတည်း ပြေးလာတာ ဟု ကောက်ခါငင်ခါ ဆိုလိုက်သည်။ ကျွန်ုပ်လည်း သူ့ကို ဘာမျှ ပြန် မပြောမိ။ ဘဲဥ ကျွဲမြီးတို သွားဟန် တူသည်။ “ဟေ့ရောင် ကျပ်ခိုး … မင်းကို ငါ ပြောနေတာ မကြားဘူးလား ဟု နားဝ ကပ်ပြီး ကျုံးအော်သည်။ ဘဲဥ၏ စိတ်ကို ဆွချင်သလိုလို ဖြစ်လာသဖြင့် စကား ပြန်မပြောဘဲ နေလိုက်သည်။ ဤသည်ကို မြင်ရ၍ ဘဲဥ ဒေါသ ဆောင့်ထွက်လာပြီး ဆွေ့ဆွေ့ခုန် လုမတတ် ဖြစ်သွားကာ ကျွန်ုပ်ကို ငါနှင့် ကိုင်တုပ်လေ၏။ ထို့နောက် “ကိုင်း … လာ သူငယ်ချင်း တစ်နေကုန် အိမ်ထဲမှာ အောင်း နေရတာ ပျင်းစရာကြီး၊ ကမ်းနားဘက်ကို ခြေဆန့် လက်ဆန့် လုပ်ရင်းနဲ့ လေညင်းခံ ထွက်ရအောင်၊ အပျင်းပြေ ပေါ့ကွာဟု ဆိုပြီး အိမ်ပေါ်မှ သုတ်ခနဲ ဆင်းသွားလေသည်။ သို့ဖြစ်၍ ကျွန်ုပ်လည်း သူ့နောက်သို့ ကမန်းကတန်း ပြေးလိုက်ရလေ၏။

 

ကမ်းနဖူး၌ လေတဖြူးဖြူး တိုက်နေ၏။ မှောင်စပျိုးချိန် ရောက်ပြီး ဖြစ်သဖြင့် မြင်ကွင်းမှာ မသဲကွဲ။ မသဲကွဲသော မြင်ကွင်းသည် တစ်မျိုး တစ်ဖုံ ဆန်းကြယ်၍ နေလေ၏။  လမ်းလျှောက်လာရင်း ကျွန်ုပ်နှင့် ဘဲဥတို့ အသက်အရွယ် တဖြည်းဖြည်း ကြီးရင့်လာသည်ကိုသာ ကျွန်ုပ် တွေးတောနေမိသည်။ ကျွန်ုပ်တို့ သူငယ်ချင်းနှစ်ဦးမှာ လူပျိုအဖြစ်မှ စုတေပြီး “ဟိုင်း ဟူသည့် ဘွဲ့ထူး ထပ်တိုးကာ လူပျိုဟိုင်းကြီး ဘ၀သို့ ရောက်သွားလေပြီ။ သို့စေမူ ရံဖန်ရံခါတွင် ကျွန်ုပ်တို့ နှစ်ယောက်သည် ကာလသား ပေါက်စများနှင့် ပေါင်းပြီး ထင်ရာမြင်ရာ လုပ်တတ်သေးသည်။ သို့သော်လည်း ပေါ်ပေါ်ထင်ထင် မလုပ်ဝံ့တော့ပေ။ ကျွန်ုပ်တို့ နှစ်ဦးကို အလွန်အမင်း သဘောကျပြီး ကျွန်ုပ်တို့ ခြေရာကို ထပ်ချပ်နင်းအံ့ဟု ကြံစည်နေသည့် ကာလသားပေါက်စတို့က ကျွန်ုပ်တို့ကို ဥပဇစ္ဈယ် ဆရာအဖြစ် ခယ၀ပ်တွား ကြကုန်၏။ သို့ဖြစ်ရကား ဘဲဥနှင့် ကျွန်ုပ်ကလည်း ယင်းတို့ကို မိမိတို့ တတ်ပွန်ထားသော ကာလသား အဌာရသ များဖြစ်သည့် အိမ်ထမင်း အိမ်ဟင်းစား၍ အရပ်တကာ လှည့်လည် ကျက်စားနည်း၊  ည အချိန်မတော်တွင် သံသေးသံကြောင် ဟစ်၍ ဂစ်တာတီးနည်း၊ အရက်ခွက်ပုန်းချနည်း၊ ဆေးခြောက် အတိုင်ရိုက်နည်း၊ လျှောက်ပြန်သံပေး ခြေအေး ၀မ်းယောင်လုပ်နည်း၊ မိခင်ထံမှ ပိုက်ဆံညာတောင်းနည်း၊ နှမများထံမှ ပိုက်ဆံခိုးနည်း၊ ဖခင်ရန်ကို ရှောင်ရှားနည်း အစရှိသော အော့ကြောလန်နည်းနာ အဖြာဖြာကို နေ့ဝါ ည၀ါ မပြတ် တရစပ် ပို့ချရင်းနှင့် ကာလသားခေါင်းဘ၀ကို ပျော်ပိုက်စွာ ခံယူခဲ့လေ၏။

 

အတွေး ကိုယ်စီနှင့် လျှောက်လာစဉ် “ကိုဘဲဥကြီးတို့ ဘယ်တုန်းဗျ ဟု တစ်ယောက်က လှမ်းမေးလိုက်သည်ကို ကြားရ၏။ အမှောင်ထု အတန်ငယ် ဖုံးလွှမ်းနေပြီး ဖြစ်သဖြင့် ထိုသူ၏ မျက်နှာကို ကျွန်ုပ် ရုတ်တရက် မကျက်မိ။ သို့စေ ထို ညောင်နာနာ အသံကို ကြားဖူးသလိုလို ရှိသည်။ သူကလည်း ကျွန်ုပ်တို့ သူ့ မျက်နှာကို မမှန်းမိသည်ကို ရိပ်စားမိဟန်တူသည်။ “ကျွန်တော် သံလုံးပါ ဟု  ဆိုလာပြန်သည်။ ဘဲဥက “အေး သံလုံး … ငါတို့ကတော့ ဟိုနားဒီနား အညောင်းပြေ အညာပြေ လျှောက်နေတာ။ မင်းကရော ဘယ်ကို သွားမလို့လဲ။ လက်ထဲ ဆွဲထားတာ ဘာကြီးတုန်းကွ ဟု တရစပ် မေးလိုက်၏။ ထိုသော် အနှီ မောင်သံလုံးက ဟီးခနဲ အကြောင်းမဲ့ ရယ်လိုက်၏။ “ဟိုဒင်းဗျာ ဆတ်ချောင်ဘက်ကို သွားရင်း တောကြောင်သား ရလာလို့၊ အစ်ကိုတို့ အားရင် လိုက်ခဲ့လေ ဖိတ်မန္တက ပြုသည်။ တောကြောင်သားဟူသည့် အသံကြောင့် ကျွန်ုပ်တို့ တံတွေး တပြင်ပြင် ဖြစ်သွားသည်။ “ကောင်းသားပဲ သံလုံးရဲ့ ငါတို့လဲ အားနေတာပဲ မင်း အဖော်ရအောင် လိုက်ခဲ့ပါ့မယ် ဟု ကမန်းကတန်း ပြန်ပြော လိုက်မိသည်။ သို့ဖြင့် ဦးတည်ရာ လမ်းကြောင်း ပြောင်းခဲ့လေ၏။

 

(၂)

 

ကမ်းနဖူးကို မျက်နှာမူ၍ ဆောက်ထားသည့် ဘုံဆိုင်ကလေးသည်  အနုတ်စုတ်ဂုတ်စုတ် မဟုတ်သော်လည်း များစွာ မခမ်းနားလှချေ။ ဓနိကို အမိုး၊ အကာပြု၍ ကြမ်းခင်းကို တောင်ပိန္နဲသား ခြောက်ငါးမူး ပျဉ်များဖြင့် ပြီးစေသည်။ ခပ်ကျဲကျဲ ခင်းထားသည့် ခြောက်ငါးမူး ပျဉ်ပြားများ အကြားမှ အပြောကျယ်သည့် လတာပြင်ကို ရှုစားလိုက တ၀ကြီး ရှုစားနိုင်သည်။ ရံဖန်ရံခါတွင် မြစ်ပြင်ကို ဖြတ်တိုက်လာသော လေပြည်သွဲ့သည် ဟင်းလင်းဖွင့်ထားသော ဆိုင်ရှေ့တံခါးမှ ၀င်ရောက်လာရုံမျှ သာမက ခြောက်ငါးမူး ပျဉ်ပြားများကြားမှလည်း ခိုးကြောင်ခိုးဝှက် ၀င်ရောက်ပြီး ဘုံဝါဒီများ၏ ရင်ကို အေးမြစေသည်။

 

ဘုံဆိုင်ကလေးသည် ကုန်းတွင်းဘက်ကို နောက်ကျောပေးပြီး မြစ်ပြင်ကို မျက်နှာပြုကာ တည်ဆောက်ထားခြင်းကြောင့် အ၀င်အထွက် မလွယ်ကူလှပေ။ ဆိုင်တွင်းသို့ ၀င်လိုလျှင် အိမ်နောက်ဖေး တံခါးကို လက်နှင့် ပုတ်ပြီး အချက်ပေးရသည်။ ထိုသော် ဘုံဆိုင်ပိုင်ရှင်ကတော် မကျင်မြက အိမ်နောက်ဖေး တံခါးကို အသာဟ၍ မည်သူမည်ဝါ ဖြစ်သည်ကို ဦးစွာ စစ်ဆေးကြည့်ရှုပေလိမ့်မည်။ မျက်နှာစိမ်းဆိုလျှင် လွယ်လွယ်နှင့် အ၀င်မခံ၊ မျက်နှာတန်းမိသူဆိုလျှင်လည်း ဒုက္ခပေးမည့်သူ ဟုတ်မဟုတ် စစ်ဆေးဦးမည်။ ပြီးမှ ဆိုင်အတွင်းသို့ ၀င်ခွင့်ပေးတော့သည်။ ထိုသို့ အ၀င်အထွက် ကျပ်တည်းသည်မှာ ခပ်ကောင်းကောင်း ဖြစ်၏။ လူသူရှင်းသောကြောင့် ပြဿနာ နည်းသည်။ အခန့်မသင့်၍ လူကြီးသူမများ လိုက်ဖမ်းလျှင်လည်း ဆိုင်တွင်းသို့ တော်ရုံဖြင့် မ၀င်နိုင်၊  ကျွန်ုပ်တို့ အတွက် အရှောင်အတိမ်း ဂျက်စီဂျိမ်း လုပ်ရန် အချိန်ကောင်းစွာ ရသည်။ မသကာ ဆိုင်တွင်းသို့ ၀င်လာစေမူ ပူစရာ မရှိ၊  ဆိုင်ရှေ့ ရေဆင်းတံတားတွင် ကပ်ချည်ထားသော လှေတစ်စင်းကို ဖြုတ်၍ လွတ်ရာကျွတ်ရာသို့ ထွက်ပြေးရန် လွယ်ကူ၏။

 

ဘဲဥက “မမကျင်မြရေ ကျွန်တော်ပါ ဘဲဥပါ ဟု ကျုံးအော်ရင်း နောက်ဖေး တံခါးကို တဘုန်းဘုန်း ထုသည်။ “ဟဲ့ နင့် မအေလင် အိမ်မှတ်လို့ တံခါးကို တဘုန်းဘုန်း ထုရသလား၊ ဖြည်းဖြည်းသက်သာ လုပ်ပါဟဲ့၊ အိမ်ပြိုကျရင် နင် ဆောက်ပေးမှာမို့လား ဘဲဥရဲ့ ဟု မကျင်မြက တသီတစ်တန်းကြီး ရေရွတ်ရင်း နောက်ဖေးတံခါးကို ဆောင်ကြီးအောင့်ကြီးလုပ်ကာ ဖွင့်ပေးသည်။ “မမကျင်မြရယ် ကျွန်တော်နဲ့ အမက ပြောနေရမယ့် သူတွေ မဟုတ်ပါဘူး။ မမရဲ့ ညီမလေးသာ ကျွန်တော့်ကို ပြန်ကြိုက်ခဲ့ရင် မမက ကျွန်တော့် မရီးဖြစ်နေတာ ကြာပေါ့။ မမ ဆောက်ပေးဆိုရင် ဆောက်ပေးပါ့မယ် ဟု အာချောင်လိုက်သည်။ မကျင်မြက “ကဲ ဘဲဥရယ် နင့် အချိုးကို သိလို့ ငါ့ညီမလေးက ပြန် မကြိုက်တာ။ နင့်ကို ပြန်မကြိုက်ဘူး ဆိုကတည်းက ငါ့ ညီမလေး လင်ကောင်း သားကောင်း ရပြီလို့ ငါ တစ်ထစ်ချ တွက်ပြီးသား ဟု ပိဿာလေးနှင့် နှက်သည်။ သို့သော်လည်း ဘဲဥကား မဖြုံ၊ မျက်နှာပိုး မသတ်၊ ရယ်ကျဲကျဲ လုပ်ပြီး အိမ်ရှေ့သို့ ထွက်သွားသည်။ ကျွန်ုပ်နှင့် သံလုံးလည်း လက်ထဲမှ ကြောင်သားဟင်းကို မကျင်မြ လက်သို့ အပ်ပြီး ဆိုင်ရှေ့သို့ ထွက်ခဲ့သည်။

 

ယင်းနောက် မြစ်ပြင်ကို ကောင်းစွာမြင်ရသည့် နေရာရှိ စားပွဲတစ်လုံးတွင် နေရာယူလိုက်ကြသည်။ “တစ်ပြားလား တစ်လုံးလား ဟု ဆိုင်ရှင်ကိုရွှေလုံးက လှမ်းမေးသည်။ “အ၀င်အထွက် ကောင်းအောင် ဂျင်ပဲ ပေးပါ ဟု သံလုံးက ဆိုလိုက်သည်။ “အောင်မယ် ဘယ်သူပါလိမ့်လို့ ကြည့်နေတာ သံလုံးကိုး။ လူကြည့်တော့ လက်တစ်ဆစ်လောက်ပဲ ရှိသေးတယ်။ ဘဲဥတို့ ကျပ်ခိုးတို့နဲ့ ပေါင်းပြီး အတတ်ကောင်းတွေ တော်တော် တတ်နေ ဟု ကိုရွှေလုံးက လှမ်းကြိမ်းလိုက်၏။

 

တငြိမ့်ငြိမ့် စီးသည့် ရေယဉ်တွင် တအိအိ မျောပါနေသည့် တံငါလှေများပေါ်မှ ထွန်းညှိထားသော ညမီး ရောင်လျှံများ ရေပြင်ပေါ်သို့ ဖြာကျနေသဖြင့် မြစ်ပြင်ကျယ် နေရာအနှံ့တွင် သင်္ဂီရွှေသား ရောင်စဉ်တန်းတို့ ဟိုတစ်စု သည်တစ်စုနှင့် ဖျိုးခနဲ ဖျတ်ခနဲ ပြိုးပြက် တောက်ပနေ၏။ လှိုင်းတံပိုးတို့ တဖျပ်ဖျပ် လွန့်လူးခိုက်တွင် ရွှေနဂါး ရောင်စဉ်တန်းများသည် ဒီမှာ ဘက်ကမ်းမှ ဟိုမှာ ဘက်ကမ်းသို့၊ တဖန် ဟိုမှာ ဘက်ကမ်းမှ ဒီမှာ ဘက်ကမ်းသို့ ခေါက်တုံ့ခေါက်ပြန် လွန်းထိုးပြီး ပြေးလွှား ပျော်မြူးနေကြလေ၏။

 

သံလုံးက “၀ိုင်းဖွင့်လိုက်ကြရအောင် ဟု ဆိုပြီး ပြောပြောဆိုဆိုနှင့် ပုလင်းကို ဖွင့်ကာ အရက် ငှဲ့လိုက်သည်။ သူရာရည် ပြည့်လျှံသော ငါးကြင်း ဖန်ခွက်နှင့် ကြောင်ကတိုးသား အမြည်းပန်းကန်က ကျွန်ုပ်တို့လူသိုက်ကို “ဧဟိ လာလော့ ဟု ဖိတ်မန္တက ပြုနေသည့် အလား။ လေတဖြူးဖြူး တိုက်နေသော ကမ်းနဖူးတွင် ဂျင်အရက် သောက်ရသည့် အရသာမှာ အတော်ပင် ထူး၏။ လေတိုးလာသည်နှင့် အမျှ ဂျင်အရက်၏ တန်ခိုးက တစ်စတစ်စ တိုးပြီး ဆောင့်တက်လာသည်။

 

ဘဲဥက “ဒါနဲ့ မင်း အခြေအနေက ဘယ်လိုတုန်း ဟု သံလုံးကို မေးလိုက်သည်။ သံလုံးက “ဒီလိုပါပဲ အစ်ကိုရာ ဟု ညောင်နာနာ လေသံဖြင့် ပြန်ဖြေသည်။ “မင်း တယ်ညံ့သကိုး ဟု ဘဲဥက ရေရွတ်လိုက်သည်။ သူတို့နှစ်ဦး ပြောနေသည့် အကြောင်းကို ကျွန်ုပ် ဂဃနဏ မသိသော်လည်း သမီးရည်းစားကိစ္စ ပြဿနာ တက်ခြင်းဟု တပ်အပ် ပြောနိုင်သည်။ “ဒီ ကိစ္စမျိုးမှာ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေလို့ မဖြစ်ဘူး၊ တိုင်ပြည်နဲ့ လူထုရဲ့ မျက်နှာကို ကြည့်ပြီး ပြတ်ပြတ်သားသား လုပ်ရမယ် ဆိုတဲ့ စကားလိုပဲ။ ပြတ်သားရမယ်။ ခိုးပြေးမယ်လို့ စိတ်ကူးရင်လဲ ငါတို့ကိုပြော လပွတ္တလုပ်ဘက်မှာ ငါ့ အသိတွေ တစ်ပုံကြီးပဲ၊ တစ်ပတ်တန်သည်  နှစ်ပတ်တန်သည် သွားနေပြီး ပြန်လာရင် ပြီးသွားတာပဲ ဟု နည်းပေးလမ်းပြ လုပ်နေလေ၏။

 

သံလုံးက ဘာမျှ ပြန် မပြော။ အတန်ကြာမှ “သန်ဘက်ခါကျရင် ကျုံမငေးကို သွားမလို့ ဟု ကောက်ခါငင်ခါ ဆိုလိုက်သည်။ “ဘာ သွားလုပ်မှာတုန်းကွ၊ စပါးကိစ္စလား ဟု ကျွန်ုပ် မေးလိုက်သော် သံလုံးက “စပါးကိစ္စ မဟုတ်ပါဘူး ကိုကျပ်ခိုးရယ်။ ဟိုဒင်း ကျုံမငေး စွယ်တော် သွားဖူးမလို့ပါ ဟု ဖြေ၏။ သူ့ စကားကြောင့် ဘဲဥနှင့် ကျွန်ုပ် ဣနြေ္ဒ မဆည်နိုင်ဘဲ အော်ရယ်မိတော့သည်။ “နေစမ်းပါဦး .. မင်းလို အိမ်ဦး ဘုရားစင်က ဆင်းတုတော်ကလေးကိုတောင် တစ်နေ့တစ်ခါ မှန်မှန် မရှိခိုးတဲ့ကောင်က တစ်ရပ်တစ်ကျေးက စွယ်တော်ကို တစ်ကူတစ်က သွားဖူးမယ်ဆိုတော့ မဟုတ်မှ လွဲရော မင့် ကောင်မလေး သွားလို့ လိုက်သွားတာ  မဟုတ်လား ဟု ဘဲဥက ချက်ကောင်းကို နှိပ်လိုက်သည်။ သံလုံးက သူ့ထုံးစံ အတိုင်း ဟီးခနဲ လုပ်ပြီး ခေါင်းညိတ်ပြလိုက်သည်။

 

မြစ်ပြင်ကို ဖြတ်တိုက်လာသည့် လေပြေသွဲ့သည် ရေစီးတွင် ဟိုသည်မျောနေသည့် ဗေဒါဖုတ်များကို ကမူးရှုးထိုး ၀င်တိုး၏။ လေတိုးသံ တ၀ူးဝူး ကြားရ၏။ လေ အဟုန်ကြောင့် လှိုင်းထချေပြီ။ ရေဆင်းတံတားဦး၌ ကပ်ချည်ထားသော လှေများ လှုပ်စိလှုပ်စိ ဖြစ်သွား၏။ တလွန့်လွန် လူးနေသည့် လှိုင်းလုံးငယ်များသည်  ကမ်းစပ်သို့ အမှောင်ထုကို အမှီပြုပြီး တရိပ်ရိပ် တလိပ်လိပ်နှင့် ချဉ်းကပ်လာရာ ပျော့စိစိ ညစ်ပုပ်ပုပ် လတာပြင်ကို အံမတုနိုင်သဖြင့် ခန္ဓာပြိုလဲ လှိုင်းခေါင်းကွဲ သွားလေသတည်း။

 

(၃)

 

“ကျုံမငေး စွယ်တော် သွားဖူးမယ်လို့ သံလုံး ပြောလာတော့ သန့်ဇင်ကို သတိရမိတယ်ကွာ ဟု ဘဲဥက ပြောရင်း ရယ်လိုက်သည်။ ကျွန်ုပ်လည်း ရယ်မိသည်။ သံလုံးကလည်း ရောယောင်ပြီး လိုက်ရယ်သည်။ ပြီးမှ “ဘာဖြစ်လို့တုန်းဗျဟု ဆို၏။ “ကျွန်တော့်လို မိန်းမကိစ္စနဲ့ သွားတာလား ဟု မေးပြန်သည်။ “ မဟုတ်ပါဘူးကွာ သန့်ဇင်နဲ့ စွယ်တော်နဲ့ ဘာမှ မဆိုင်ပါဘူးကွာ ဟု ဆိုရင်း ဘဲဥက ဆေးပေါ့လိပ်ကို မီးညှိပြီး တုံဏှိဘာဝေ လုပ်နေလေ၏။

 

လူ့သဘာဝအရ နားဝတေ့၍  ကရားရေလွှတ် တတွတ်တွတ် ပြောလျှင် နားမထောင်ချင်၊ အစနည်းနည်းဖော်ပြီး ပြောချင်သလိုလို မပြောချင်သလိုလို မပွင့်တပွင့်လုပ်မှ နေရာကျသည်။ ဤအချက်ကို လိမ္မာပါးနပ်စွာ အသုံးချတတ်သော စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ဓမ္မကထိကကိုယ်တော်တို့ စန်းပွင့်သည်မှာ အထင်အရှားပင် ဖြစ်၏။ ယခုလည်း ဘဲဥက သန့်ဇင်၏ အဖြစ်သနစ်ကို မပြောချင်သလိုလို ပြောချင်သလိုလို အင်တင်တင် လုပ်လိုက်သဖြင့် သံလုံး မချင့်မရဲ ဖြစ်သွားသည်။ “ဟာဗျာ ကိုဘဲဥရယ်၊ အထာ မကိုင်စမ်းပါနဲ့၊ ပြောစရာရှိတာက ပြောပါဗျ။ ခင်ဗျားဟာက တိုးလို့တန်းလန်းကြီးဟု ဆိုရလေပြီ။ ထိုသို့ မောင်သံလုံး လျှောက်ထား တောင်းပန်သောအခါ ဘဲဥသည် လွန်လေပြီးသော အကြောင်းကို အောက်ဖော်ပြပါအတိုင်း ဆောင်တော်မူလေသတည်း။

 

သန့်ဇင်နဲ့ ငါတို့နဲ့က ရွယ်တူပဲ။ ဆွေမျိုး စပ်လိုက်ရင် ကျပ်ခိုးနဲ့ ညီအစ်ကို ၀မ်းကွဲတော်တယ်။ တို့ ခပ်ငယ်ငယ်တုန်းက နွေရာသီ ကျောင်းပိတ်ရင် တောရကျောင်းကိုသွားပြီး ဘဘုန်းလေးဆီမှာ လက်ရေးတို သင်ရတယ်။ ဘဘုန်းလေးဆိုတာက တောကျောင်းကိုယ်တော်ကို ခေါ်တာ။ အသားဖြူဖြူနဲ့ တရုတ်လူမျိုး ရွှေကျင်ဘုန်းတော်ကြီး။ သူက အဲဒီလက်ရေးတို ရေးနည်းကို မန္တလေးမှာ စာဝါသွားလိုက်တုန်းက သင်ထားတာ။ နောက် လပွတ္တာကို ပြန်လာပြီး ကျောင်းထိုင်တော့ သူ တတ်ထားတဲ့ ပညာ အလဟဿ မဖြစ်ရအောင် မြို့ထဲက ကျောင်းသားတွေကို ခေါ်သင်ပေးတာပဲ။ သန့်ဇင်နဲ့ ငါတို့ စတွေ့တာက အဲဒီ လက်ရေးတိုကျောင်းမှာပဲ။

 

ထိုလက်ရေးတိုကျောင်းမှာ ကျွန်ုပ်တို့ ကလေးဘ၀၏ တစ်စိတ်တစ်ဒေသပင် ဖြစ်၏။ ကျွန်ုပ်တို့ လူ့အဖြစ်ကို ရသည့် ခေတ်ကာလကြီးတွင် ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်မှာ ကွယ်ပခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း တောမြို့ကလေးတွင် အသက်ငင်နေဆဲ ဖြစ်၏။ တောသူတောင်သား မျိုးရိုးမှ ဆင်းသက်လာသည့် မိဘတို့သည် ကလေးများကို နွေရာသီ ကျောင်းပိတ်ရက်တွင် ဘုန်းတော်ကြီးကျောင်းသို့ စေလွှတ်ကာ လောကနီတိ၊ အဘိဓမ္မာ၊ လက်ရေးတို စသည်တို့ကို သင်ယူစေ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့မှာ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်နှင့် လက်ပွန်းတတီး မဟုတ်သော်လည်း ရိပ်ဖမ်းသံဖမ်း ရင်းနှီးခွင့် ရခဲ့၏။

 

သန့်ဇင် လူတွင်ကျယ် လုပ်တတ်တာ ကလေးဘ၀ ကတည်းကပဲ။ ငါ မှတ်မိသေးတယ်။ သူ့ အဖေကြီးကလဲ တောကျောင်းထွက် ဆိုတော့ကာ လက်ရေးတို ရေးတတ်တယ်။ သန့်ဇင်က သူ့အဖေဆီကနေ လက်ရေးတို နည်းနည်းသင်ထားတယ်။ အ - က၊  အ - ခ လောက်ပေါ့ကွာ။  အ - က၊ အ - ခ  ဆိုလို့ မင်း ဇဝေဇ၀ါ ဖြစ်သွားပြီ ထင်တယ်။ ဘဘုန်းလေးဆီမှာ လက်ရေးတို သင်တော့ ငါတို့ ဗျည်း (၃၃) လုံး ပြန်ပြီး အံရတယ်။ ဘဘုန်းလေး သင်တဲ့ ဗျည်း (၃၃) လုံး နဲ့ ကျောင်းမှာ သင်တဲ့ဟာနဲ့ မတူဘူး။ ကျောင်းမှာဆိုရင် ကကြီးရေက လို့ပဲ ဆိုရတယ် မဟုတ်လား။ ဘဘုန်းလေး ဆီမှာတော့ စာအံရင် ကကြီး အက္ခရာရဲ့ ရှေ့မှာ အ ထည့်ပြီး ဆိုရတယ်။ က ကြီးရေက မဟုတ်ဘူး။ အ - က လို့ ဆိုပြီး ရေးရတယ်။ အဲဒီနည်းနဲ့ မြန်မာ လက်ရေးတို ရေးနည်းကို သင်သွားတာပဲ။ ဘာနည်းလဲ မပြောပါတတ်ဘူး။

 

သန့်ဇင်က သူ့ အဖေဆီက ကြိုသင်ထားတာ ဆိုတော့ကာ အ - က၊ အ - ခ လုပ်ရင် ဂျောင်းဂျောင်းပြေး ဖြစ်နေတော့တာပေါ့ကွာ။ ဒီကောင်က သူ ဒီလို သူများထက် စာပိုရတာကို သိပ်ပြီး ကြွားချင်တာ။ ငါတို့ကိုလဲ နှိမ်သလိုလို ဘာလိုလို လုပ်သေးတယ်။ ဘဘုန်းလေးကတော့ ဒီကောင် ဒီလောက်တတ်နေတာ အိမ်က ကြိုသင်ထားလို့ဆိုတာ ရိပ်မိတယ် ထင်ပါရဲ့။ ဒီကောင့်ကို သိပ်ပြီး ပစား မပေးဘူး။ ငါတို့ကတော့ အိမ်က လူကြီးတွေ လွှတ်လို့သာ တက်ရတာ။ သိပ်ပြီး တက်ချင်လှတာ မဟုတ်ဘူး။ အဲဒါကို ဘဘုန်းလေးကလဲ သိပါတယ်။ ကျောင်းပျော်အောင် မုန့်ပဲသားရည်စာတွေ ချကျွေးတာ ခဏခဏပဲ။

 

ဘဘုန်းလေး၏ လက်ရေးတိုကျောင်းတွင် လက်ရေးတို ရေးနည်းသာမက ရှေးဘုန်းတော်ကြီးကျောင်း သင်ရိုးညွှန်းတမ်းဖြစ်သည့် မင်္ဂလသုတ်၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ ပရိတ်ကြီး စသည်တို့အနက်မှ ကောင်းနိုးရာရာတို့ကို ထုတ်နုတ်ပြီး ထည့်သွင်း ပို့ချသည်။ ဘဘုန်းလေး မထေရ်မြတ်သည် ထိုမျှနှင့် အားမရနိုင်။ မြန်မာစာ ကျမ်းအဆူဆူကို မွှေနှောက်ပြီး ပျို့၊ လင်္ကာ၊ ရတု၊ ရကန်၊ ဧချင်း၊ ဇာတ်တော် စသည်တို့ကိုလည်း ခေတ်ကာလသား၊ ကာလသမီးတို့ အကျွမ်းတ၀င် ရှိစေရန် ပို့ချပေးခဲ့သည်။ ဆရာတော့် ကျေးဇူးကြောင့် ကျွန်ုပ်ကဲ့သို့ စာပေ ပါရမီ နုံချာသူပင်လျှင် ကဗျာလင်္ကာနှင့် လက်ပွန်းတတီး ရှိခဲ့ပြီး “မိုးကလဲသည်း၊ အမှောင်ထဲ၊ ကြောင်မဲ နှာချေပြီ ၊ “အသားကမဲ၊ တအားဆဲ၊  -ီးပဲ နေလင်းအောင် ၊ “မိုးသားမှောင်မှောင် ညအရောင်၊ မီးသွေးခဲလော ကျပ်ခိုးလော စသည့် ကဗျာထူး၊ စာထူးများ စပ်ဆိုခဲ့ဖူး၏။ 

 

လက်ရေးတို သင်တာနဲ့၊ ကျုံမငေး စွယ်တော်နဲ့ ကိုသန့်ဇင်နဲ့ ဘာဆိုင်လို့တုန်း ဟု သံလုံးက စောဒက တက်သည်။ “တယ် ခက်ကပါလား ဟု ဘဲဥက ရေရွတ်သည်။ “အကြောင်းအရာ တစ်ခုဆိုတာ စုံစုံစိစိ သိထားမှ ဖြစ်မှာ။ ဒါကြောင့်မို့ မင်းကို ဇာတ်စုံခင်းပြနေတာပေါ့။ နားမထောင်ချင်ရင် နေပေါ့ကွာ ဟု ငေါက်ဆတ်ဆတ် ဆိုလိုက်သည်။ “မဟုတ်တာ ကိုဘဲဥရယ်၊ စိတ် မရှိပါနဲ့။ ကျွန်တော်လဲ ကြားချင်ဇောနဲ့မို့ စိတ်စောမိတာပါ။ ပြောစရာရှိတာ ဆက်ပြောပါဟု သံလုံး တောင်းပန်တိုးလျှိုးမှ ဘဲဥ စကားစကို ပြန်ကောက်သည်။

 

သန့်ဇင် ခပ်ငယ်ငယ်ကတည်းက သူ့မအေ ဆုံးသွားလို့ မိတဆိုးလေးဆိုပြီး သူ့ဖအေ ဦးမောင်လှက ဖူးဖူးမှုတ် ထားတာ။ အဲဒီလို ဖူးဖူးမှုတ်တာကနေ တစ်ဖက်သားကို စီးစီးပိုးပိုး လုပ်တတ်တဲ့ ဉာဉ်ဆိုး ပေါ်လာတာပဲ။ တို့ ကလေးဘ၀တုန်းက ယောက်ျား ကလေးတွေထဲမှာ ရွှေတိုရွှေစ ၀တ်နိုင်တဲ့သူဆိုလို့ သန့်ဇင် တစ်ယောက်ပဲ  ရှိတယ်။ သူ့မှာ ဆွဲကြိုးနဲ့ လက်စွပ်နဲ့။ လက်စွပ်က သူ့ မအေရဲ့သွားကို ကွင်းပြီး ၀တ်ထားတာဆိုပဲ။ ရွှေတွဲလွဲ ငွေတွဲလဲ မိသားစုက မွေးတာ ဆိုတော့ သိပ်ပြီးတော့ အကျော ကြီးတယ်။ ကလေး အချင်းချင်း တွန်းဟယ်ထိုးဟယ် ကစားရင်း ထိမိခိုက်မိပြီဆိုရင် မြေကြီးပေါ် ဗိုင်းခနဲ ပစ်လှဲပြီးတော့ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားအောင် အသံဗြဲကြီးနဲ့ အော်ငိုတော့တာပဲ။ ထစ်ခနဲဆိုရင် သူ့ အဒေါ် အပျိုကြီးတွေကို သွားတိုင်လိုတိုင်၊ အဒေါ်တွေကလဲ သည်းသည်းလှုပ် ဆိုတော့ ဒီကောင်နဲ့ အလွမ်းသင့်တဲ့သူ အင်မတန် ရှားတယ်။ ခက်တာက သူ့ခမျာမှာ သူ့ အဒေါ် အပျိုကြီး တစ်သိုက်ရယ်၊ သူ့တို့အိမ်က သူရင်းငှား သားသမီးတွေရယ် ဒီလူနိုင်တွေကိုပဲ အပေါင်းအသင်းလုပ်ပြီး ကြီးလာတာကိုး။ တောကျောင်းမှာ လက်ရေးတို လာသင်တော့လဲ သူ့ဟာနဲ့ တစ်သီးတစ်ခြား နေတယ်။ တို့နဲ့ ရောရောနှောနှော မနေဘူး။

 

သန့်ဇင် အကြောင်း ပြောမိသည့်အခါ တောကျောင်းတွင် လက်ရေးတိုရေးနည်း သင်ခဲ့ရသည့် ငယ်ဘ၀နေ့ရက်များကို အထူးပင် လွမ်းဆွတ်မိသည်။ တောမြို့ကလေး၏ ထုံးစံအတိုင်း နံနက်လင်းလျှင် အိမ်မှာရှိသည့် ထမင်းကြမ်းနှင့် မုန့်ပဲသားရည်စာ စားပြီး တောရကျောင်းသို့ ဆွမ်းခံထွက်ချိန် မီအောင် ပြေးရသည်။ “ကျောင်းအိပ်ကျောင်းစားကျောင်းသားများသာ ဆွမ်းခံထွက် မဖြစ်မနေ လိုက်ကြရသည်။ “အိမ်ပြန်ကျောင်းသားများဖြစ်သည့် လက်ရေးတို ကျောင်းသားများ လိုက်စရာ မလိုချေ။ သို့သော်လည်း မိဘတို့ ဘာသာဘာဝ မကောင်းကျောင်းပို့ ဟူသည်ကို လက်ကိုင်ထားပြီး ပြောရဆိုရ မာချာသည့် ကလေးများကို မိုးလင်း၊ မျက်စိနှစ်လုံး ပွင့်သည်နှင့် တပြိုက်နက် ဘုန်းကြီးကျောင်းသို့ အတင်းအကြပ် စေလွှတ်ပြီး ဆွမ်းခံထွက်လိုက်ခိုင်းသည်။

 

တောရကျောင်းသည် ရွှေကျင်ဂိုဏ်းဖြစ်သဖြင့် ၀ိနည်းသိက္ခာပုဒ်ကို အထူးပင် ရိုသေလိုက်နာ၏။ ဂီလာနရဟန်းမှ လွဲ၍ တိုက်အုပ်၊ တိုက်ကြပ်၊ ခန်းနေကိုယ်တော် ရှိသမျှ သံဃာတိုင်း ဆွမ်းခံထွက်ရသည်။ ဆွမ်းခံထွက်ရာ၌ ထုံးစံအတိုင်း ၀ါအကြီးဆုံး တိုက်အုပ် တိုက်ကြပ်တို့က ရှေ့ဆုံးမှ နေရာယူရသည်။ ခေတ်ကာလ ယဉ်ကျေးမှု ပြောင်းလဲခြင်းကြောင့် ဆွမ်းခံထွက်သည့် ဓလေ့မှာလည်း အတန်ပင် ပြောင်းလဲခဲ့လေပြီ။ တောကျောင်းတိုက်မှ ကြွမြန်းလာသော သံဃာတော်တို့သည် မြို့တွင်းသို့ မ၀င်မီ အထိသာ တန်းစီ၍ ဆွမ်းခံထွက်သည်။ မြို့တွင်းသို့ ရောက်သည်နှင့် ဆိုင်ရာ ဆွမ်း ဒကာအိမ်များဆီသို့  အစုခွဲ၍ သီးခြား ကြွမြန်းရသည်။ တိုက်အုပ်၊ တိုက်ကြပ် မထေရ်တို့၏ ဆွမ်းဒကာများမှာ မြို့ထဲပိုင်းမှ ဖြစ်သောကြောင့် ဝေးဝေးလံလံ ကြွစရာ မလိုချေ။ ထို့ပြင် ဆွမ်းဟင်း ကောင်းသည်။ ချိုချဥ၊် ခဲဖွယ်လည်း ရတတ်သည်။ စာသင်သား ကိုယ်တော်တို့မှာမူ မြို့ထဲပိုင်းတွင် ဆွမ်းဒကာ ရရန် မလွယ်ချေ။ သို့ကြောင့် မြို့ထဲပိုင်းကို ကျော်ပြီး မြို့စွန် ဆင်ခြေဖုံး ရပ်ကွက်များအထိ ခြေတိုအောင် လျှောက်ပြီး ဆွမ်းခံထွက်ရသည်။ ရသည့် ဆွမ်းဟင်းမှာလည်း ကန်းစွန်းရွက်နှင့် ပဲပင်ပေါက်သာ ဖြစ်သဖြင့် ခြေထောက် ညောင်းရကျိုး မနပ်ပေ။ ရံဖန်ရံခါတွင် ဆွမ်းမကျက်သေးသဖြင့် ကျပ်တန်အသစ်ကျပ်ချွတ်လေးများ လောင်းလှူလိုက်သူလည်း ရှိသေးသည်။ ကံခေသည့် နေ့မျိုးတွင် ကန်စွန်းရွက်လည်း မရ၊ ကျပ်တန်လည်း မရဘဲ၊ ကန်တော့ဆွမ်းနှင့်ချည်း မိတတ်သေးသည်။ ထိုသို့သော နေ့မျိုးတွင် စာသင်သား ကိုယ်တော်တို့မှာ ဘုံအိုးထဲမှ ဟင်းလေးနှင့်သာ နှစ်ပါးသွားရတော့သည်။

 

ဆွမ်းခံကိုယ်တော်လုခြင်းမှာ ဘုန်းကြီးကျောင်းသားတို့၏ ပြုဖွယ်တစ်ခုပင် ဖြစ်၏။ အမှီကောင်းရမှ ကြီးပွားသည်ဟူသည့် အယူအဆသည် ဤဆွမ်းခံကိုယ်တော်လုသည့် ဓလေ့မှ ဆင်းသက်လာခဲ့သလောဟု စောကြောဖွယ် ဖြစ်သည်။ အမှီကောင်းရမှ ကြီးပွားသည်ဟူသည်မှာကား အမှန်ပင်ဖြစ်၏။ အကြောင်းသော်ကား တိုက်အုပ်၊ တိုက်ကြပ်တို့နှင့် ဆွမ်းခံလိုက်ရသော ကျောင်းသားသည် မျက်နှာ အလွန်ပွင့်၏။ ကိုယ်တော်တို့ကလည်း သူတို့နှင့် လိုက်ပါလာသည့် ကျောင်းသားကို ဒကာ၊ ဒကာမတို့၏ ရှေ့မှောက်တွင် ပွဲထုတ်တတ်သည်။ “ဒါ ဘယ်သူ ဘယ်ဝါ့ သားကလေးပေါ့။ တန်းကျောင်းမှာတော့ ဘယ်နှစ်တန်း ဖြေထားပြီးပြီ။ နွေကျောင်းပိတ်တုန်း ဦးဇင်းတို့ ကျောင်းမှာ လက်ရေးတို လာသင်နေတာလေ။ အခုဆိုရင် အတော့်ကို ရေးတတ်ချွတ်တတ် နေပြီ ဟူသည့် ချီးမွမ်းခန်း ဖွင့်လိုက်လျှင် ထိုကျောင်းသားမှာ ဘ၀င်လေဟပ်တော့လေ၏။ ဦးဇင်းတို့က ထိုသို့ စကားစလိုက်လျှင် ဒါယကာ၊ ဒါယကာမတို့က ထိုကျောင်းသားကို သကြားလုံး၊ အုန်းထန်းလျက်ကြော် စသည့်တို့ဖြင့် ချီးမြှင့်မြှောက်စားတတ်သည်။

 

ဘဲဥနှင့် ကျွန်ုပ်ကား မြို့ထဲပိုင်းသို့ ဆွမ်းခံထွက်ရသည်ကို မကြိုက်၊ ဝေးဝေးလံလံ သွားရသည်ကိုသာ သဘောခွေ့သည်။ ထို့ကြောင့် စာသင်သားကိုယ်တော်တို့နှင့်သာ လိုက်လေ့ရှိသည်။ စာသင်သားတို့နှင့် ဆွမ်းခံလိုက်ရသည်မှာ ပျော်စရာလည်း ကောင်း၏။ တိုက်အုပ်၊ တိုက်ကြပ်တို့မှာ ၀ါနှင့်သိက္ခာကို ထောက်ပြီး ဣနြေ္ဒတစ်ခွဲသား လုပ်နေရသောကြောင့် ရယ်စရာ မောစရာ ပြောလေ့ပြောထ မရှိလှ။ စာသင်သားတို့မှာ ရဟန်း၊ သာမဏေ ဆိုစေမူ ကာလသား အရွယ်များသာ ဖြစ်သောကြောင့် အခွင့်ကြုံလျှင် တခွိခွိ၊ တဟိဟိနှင့် ပါးစပ်စေ့ရသည် ဟူ၍ မရှိရလေအောင် ဟဒယရွှင်ဆေး တိုက်ကျွေးတတ်သည်။

 

တစ်ခုသောနံနက်ခင်း၌ သန့်ဇင်နှင့် ကျောင်းအိပ်ကျောင်းစားတစ်ဦးတို့ တိုက်ကြပ်ကိုယ်တော်၏ သပိတ်ကိုလုရင်း ရန်ဖြစ်ကြလေ၏။ သံသပိတ်ဖြစ်သဖြင့် လွယ်လွယ်နှင့် မကွဲသော်လည်း သပိတ်လွယ်ကြိုး ပြုတ်ထွက်သွားလေ၏။ ဆွမ်းခံထွက်ခါနီးတွင် သပိတ်လွယ်ကြိုး ပြုတ်ထွက်သွားသည် ဆိုသည်မှာ နည်းနည်းနောနော ပြဿနာ မဟုတ်ချေ။ သို့သော် သပိတ်လွယ်ကြိုးထက် ကြီးသော ပြဿနာ တမုဟုတ်ချင်း ပေါ်လာ၏။ သန့်ဇင်ကို ကျောင်းအိပ်ကျောင်းစားက ခေါက်လွှတ်လိုက်သည် ဆိုပါကလား။ သန့်ဇင်၏ အသံဗြဲကြီးသည် တောရကျောင်းတိုက် တစ်ခုလုံးကို ဖုံးလွှမ်း ချောက်ချား လိုက်လေသတည်း။

 

မည်သူမည်ဝါ လွန်သည်ကို ကျွန်ုပ်တို့ တပ်အပ် မပြောနိုင်။ သို့စေမူ မည်သူအရိုက်ခံရမည်ကိုကား အတပ်သိသည်။ မကြာမီတွင် တိုက်ကြပ်ကိုယ်တော်သည် ထားဝယ်ကြိမ်ကို ဆွဲလျက် ထွက်လာပြီး ကျောင်းအိပ်ကျောင်းစား၏ ဂုတ်ကိုနှိမ်ကာ “နင် က အကြီးဟဲ့၊ အကြီးက သည်းခံပါလား၊ အကြီးက အကြီးလို နေရတယ်ဟဲ့ ဟု ကြိမ်းမောင်း ရေရွတ်ပြီး ကျောပြင်ကို ဗျောတင်လေ၏။

 

ကျွန်ုပ်တို့မှာ အရင်းရှင်ကို ဆန့်ကျင်သော ခေတ်တွင် ကြီးပြင်းလာသူများ ဖြစ်သဖြင့် တိုက်ကြပ်ကိုယ်တော်၏ အဆုံးအဖြတ် လုံးဝ မတရားဟု ထင်သည်။ ဘုရားဒါယကာ၏ သားကိုမူ မရိုက်ဝံ့၊ မျက်နှာကြီးရာ ဟင်းဖတ်ပါပြီး ငယ်မွေးခြံပေါက်၊ ကျောင်းအိပ်ကျောင်းစားကို မတရားသဖြင့် နှိပ်စက်သည်ဟု ယူဆသည်။ သန့်ဇင်ကို တစိုးတစိမျှ မသနားမိချေ။ သူ ကိုက်လွှတ်လိုက် သဖြင့် လက်တွင် သွေးတစို့စို့ ဖြစ်နေသော ကျောင်းအိပ်ကျောင်းစား ကျောင်းသားကြီးကိုသာ သနားမိတော့သည်။ စာသင်သား အချို့ကလည်း ကျွန်ုပ်တို့ကဲ့သို့ပင် သဘောထား ရှိကြသည်။ “ကျောင်းသားချင်း ရန်ဖြစ်တာပဲ၊ ရိုက်စရာရှိရင် နှစ်ယောက်လုံးကို ရိုက်မှပေါ့။ တိုက်ကြပ် လုပ်ပုံ မဟုတ်ဘူး ဟု ကိုယ်တော်တစ်ပါးက တီးတိုး ဆိုသည်။ သို့သော်လည်း ကိုယ့်စိတ်ထင်သည်ကို ကျယ်ကျယ်လောင်လောင် မဆိုဝံ့။ အများနည်းတူ ရေငုံနှုတ်ပိတ်ပြီး ၀စီပိတ်ကျင့် နေရသည်။

 

ထိုသို့ဖြစ်ပြီးနောက် ကျွန်ုပ်တို့ အစုသို့ သန့်ဇင်နှင့် ရန်ဖြစ်သူ ကျောင်းသားကြီး ရောက်လာ၏။ ထိုကျောင်းသားကြီးမှာ အတော်ပင် အေး၏။ နုံလည်း နုံ၏။ သူ အရိုက်ခံခြင်းကို ကျွန်ုပ်တို့က မကျေနပ်ကြောင်း ပြောသည့်အခါ “မဟုတ်တာကွာ၊ ဦးဇင်းက ကိုယ့် ဆရာဒကာ အချင်းချင်းဆိုတော့ မျက်နှာ နာစရာ မရှိဘူးဆိုပြီး ရိုက်တာပါ။ သိပ် မနာပါဘူး ဟု လေပြည်ထိုးသည်။ ကာယကံရှင်က ဖျောင်းဖျနှစ်သိမ့်သည်တိုင် ကျွန်ုပ်တို့ မကျေနပ်နိုင်။ သန့်ဇင်ဟူသည့် လူလွန်မသားကို အကြမ်း မဖက်သောနည်းဖြင့် နှိပ်စက်မှ သင့်ပေလိမ့်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ဆွမ်းခံဖက် ကိုယ်တော်တို့ကလည်း ကျွန်ုပ်နှင့် ဘဲဥတို့ကို မဟုတ်မခံ စိတ်ထား ရှိပါပေသည်ဟု ချီးကျူးကြ၏။ မည်သို့မည်ပုံ တိုက်စစ်ဆင်ရမည်ကို သွန်သင်ညွှန်ပြ၏။ သို့ဖြစ်၍ ကျွန်ုပ်နှင့် ဘဲဥလည်း အခြား ကျောင်းသားများကို သန့်ဇင်နှင့် ကစားခြင်း မပြုရန် သင်းခွဲရလေ၏။ စာတော်သော သန့်ဇင်ကို မနာလိုသူ အတော်ပင် များသဖြင့် ကျွန်ုပ်၏ တိုက်တွန်းသည်ကို ကျောင်းသားတိုင်းလိုလို လွယ်လင့်တကူ နာယူကြသည်။

 

သန့်ဇင်ကလည်း သူ့ကို ကျွန်ုပ်တို့ ငြိုးနေကြောင်း ကောင်းကောင်းကြီး သိသည်။ လူရှေ့သူရှေ့ရောက်လျှင် ကျွန်ုပ်တို့ကို ဖော်ဖော်ရွေရွေ ဆက်ဆံ၏။ သူ့ အိမ်က ထည့်ပေးလိုက်သည့် ကရေကရာလေးများကိုပင် လောကွတ်လုပ်ပြီး ကျွေးသေးသည်။ သို့သော် ထိုသို့ ပျူပျူငှာငှာ ဆက်ဆံခြင်းကိုပင် ကူလီကူမာလုပ်သည်ဟု ကျွန်ုပ်တို့ အထင်ရောက်သည်။ ကျွန်ုပ်၏ ဆွေမျိုးထဲတွင် သန့်ဇင်လို လူစားမျိုး ရှိခြင်းကြောင့် ဂုဏ်ပျက်ရသည်ဟု ကျွန်ုပ် ထင်မိသည်။ သူ၏ အမူအရာမှာ ဆားမပါသည့် ဟင်းနှယ် ပေါ့တီးပေါ့ပျက်။ “အစ်ကိုလေး ကျပ်ခိုး ဟူသည့် သူ့ခေါ်သံသည် နှဲအ ကြီးမှ ထွက်လာသည့် အသံနှယ် ဆိုးရွားလှသည်။ သူ့ အပြုံးသည် အသက် မ၀င်၊ ဟန်လုပ်၍ ပြုံးထားခြင်း ဖြစ်သည်။ သို့ဖြင့် သန့်ဇင်နှင့် ကျွန်ုပ်တို့၏ စစ်အေးတိုက်ပွဲမှာ တစ်စတစ်စ တင်းမာလာလေ၏။

 

တစ်နေ့ ဆွမ်းစားတုံးမောင်း ခေါက်ပြီးချိန် ဘဲဥနှင့် ကျွန်ုပ်တို့ ခွေးစာကျွေးနေခိုက်တွင် ကျွန်ုပ်တို့ အနားသို့ သန့်ဇင် မယောင်မလည်နှင့် ရောက်လာ၏။ ဤသည်ကို ဘဲဥမြင်သော် “ဟေ့ ကျပ်ခိုး ဟို ခွေးဝဲစားလေးက ဘယ်က ရောက်လာတုန်း။ အောက်ပိုင်းက လာတဲ့ ခွေးဝဲစား ဖြစ်မယ်။ ကြည့်ရတာ မွဲတိမွဲစုပ်နဲ့။ ကျက်သရေ ယုတ်လိုက်တာ ဟု ဆိုလိုက်၏။ ဘဲဥ ထိုသို့ ဆိုလိုက်သော် ကျွန်ုပ်ကလည်း အတိုင်အဖောက် ညီညီဖြင့် “အင်း စကြောက်ကလေးပါ၊ အောက်ပိုင်း ဆိုပေမယ့် ငါးပိဆိပ် ကမ်းနားတန်း ဘက်က ခွေးပါကွာ၊ ဇရှိတဲ့ ခွေး မဟုတ်ပါဘူး ဆိုလိုက်မိသည်။ ထိုသို့ ဘဲဥနှင့် ကျွန်ုပ်တို့ အတိုင်အဖောက် ညီညီဖြင့် သန့်ဇင်ကို စောင်းမြောင်း ရန်စသည်ကို  ဘက်တော်သား သာမဏေများကလည်း ကောင်းချီးပေး၏။ ငါးပိဆိပ်ရပ်ကွက်သား သန့်ဇင် မခံမရပ်နိုင် ဖြစ်သွားလေ၏။ သို့သော် အစ်ကိုဖြစ်သူ ကျွန်ုပ်ကို မစော်ကားဝံ့၊ လက်သွက်သော ဘဲဥကို အံမတုဝံ့။ သို့ဖြင့် စောင်းမဲ့နရွဲ့ လုပ်ပြီး ပြန်ဆုတ်သွားလေ၏။ ကျွန်ုပ်တို့ကား ဟေးလားဝါးလားလုပ်ပြီး အောင်မြင်မှုအရသာကို မြိန့်မြိန့်ကြီး ခံစားကြလေ၏။ သို့သော် ကျွန်ုပ်တို့၏ အောင်မြင်မှုမှာ ကြာရှည် မခံလိုက်ချေ။

 

 ထိုနေ့ နေ့လယ် ဘဘုန်းလေး ကျိန်းစက်ခိုက်ဝယ် ကျွန်ုပ်နှင့် ဘဲဥ အမှူးပြုသော ကျောင်းသား တစ်သိုက်သည် တမံထဲတွင် ရေဆင်းကူးရန် တိုင်ပင်ကြ၏။ တမံမှာ တားမြစ်နယ်မြေ ဖြစ်၏။ လွန်ခဲ့သည့် သုံးလေးနှစ်ခန့်က တောရကျောင်းမှ ကျောင်းသားတစ်ဦး ရေနစ်ပြီး သေဖူးသည်။ တစ်နှစ်တစ်ခါ လူစားတတ်သည်ဟု နာမည်ကျော်သော တမံဖြစ်၏။ ထိုတမံသို့ မဆင်းရန် ဘဘုန်းလေးက အမိန့်ထုတ်ထား၏။ စိမ်းလဲ့သောရေပြင်ကို မြင်နေရပါလျက် ရေကူးခွင့် မရဆိုခြင်းမှာ မိမိနှင့် လက်ထပ်ထားသော မိန်းမချောကလေး၏ ပါးပြင်မှ နံ့သာနံ့ကို ရှုရှိုက်ခွင့် မရသည်နှင့် တူချေလိမ့်မည်။ ရေကို မြင်လျက် ကူးခွင့် မရသည်မှာ အလွန် အခံရခက်လှသည်။ “ဘဘုန်းလေးက နှစ်ချက်တီးလောက်မှ ထတာ။ နိုးရင်လဲ သတင်းစာ ကြည့်ဦးမှာ။ နောက်ပြီး ဦးဇင်းတွေကလဲ စာအံနေရတာ ဆိုတော့ကာ သူ့ဟာနဲ့ သူ ရှုပ်ရှက်ခတ်နေမှာပဲ။ တို့ကို လိုက်ပြီး မကြည့်နိုင်ပါဘူး။ နောက်ပြီး ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေး သွားတာပေါ့၊ ဘုန်းကြီး မနိုးခင် ပြန်ရောက်ရင် ပြီးတာပဲ ဟု တိုင်ပင်ဆုံးဖြတ်ပြီး တမံဘက်သို့ ထွက်ခဲ့လေ၏။

 

တမံတွင် ပျော်လိုက်သည့် ဖြစ်ခြင်း။ တမံစောင်းရှိ သရက်တောထဲသို့ ၀င်၍ တုတ်သိမ်းနှင့် သရက်သီး ပစ်ချပြီး ဆားနှင့် တို့စားလိုက်၊ ခွေးရူးလိုက်တမ်း ကစားလိုက်နှင့် မျက်စိ နီအောင် ရေကစားကြ၏။ နှုတ်ခမ်းလည်း ပြာ၊ လက်လည်း ပဲကြီးရေတွန့်၊ ကိုယ်တွင် တမံနံ့ စွဲခါမှ ရေထဲက ပြန်တက်ပြီး ကျောင်းသို့ ပြန်ကြ၏။ ကျောင်းဝသို့ ရောက်သော် တင်းမာသော မျက်နှာထားကို ပြု၍ ဆီးကြိုနေသည့် ဘဘုန်းလေးနှင့် တည့်တည့်ကြီး တိုးလေ၏။ “ကဲ ရေသွားကူးတဲ့ ကျောင်းသားတွေ ရှေ့ကို တိုးခဲ့စမ်း ဟူသည်၏ အဆုံး၌ ဘဘုန်းလေး၏ လက်ဆစ်ဖြူဖြူသည် ကျွန်ုပ်တို့ လူသိုက်၏ နဖူးပေါ်သို့ ဒေါက်ခနဲ မြည်သော အသံကို ပြုရန် အရှိန်ပြင်းစွာ သက်ဆင်းလေသတည်း။

 

ဘဘုန်းလေး ခေါင်းခေါက်သည်ကို ကျွန်ုပ်တို့ မည်သို့မျှ စိတ် မရှိ၊ စိတ် မခုမိ၊ နာသည်ဟုပင် မထင်ချေ။ သို့သော် ကျွန်ုပ်တို့ ပိပိရိရိ ကြံစည်ခဲ့သည့် ကိစ္စကြီး ပေါက်ကြားရခြင်း အကြောင်းကို စူးစမ်းမိသည်။ သစ္စာဖောက်၊ သတင်းပေး တစ်ဦးဦးတော့ ရှိနေလိမ့်မည်။ ရှည်ရှည်ဝေးဝေး မစုံစမ်းရပါ။ ကျွန်ုပ်တို့၏ ဆွမ်းခံဘက် ကိုယ်တော်များက လက်ထောက်ချသူမှာ ဒေ၀ဒတ် သန့်ဇင် ဟု သတင်းပေးသည်။ အကြောင်းကုန်စင် သိရသော် ဘုန်းကြီးရှေ့တွင် မခုတ်တတ်သည့် ကြောင်နှယ် ပျပ်ပျပ်ဝပ်ပြီး စာပြန်နေသည့် သန့်ဇင်ကို နားရင်းဖြတ်ရိုက်လိုစိတ် ပေါက်မိသည်။ သို့သော် သန့်ဇင်ကား ပါးရည်နပ်ရည် ရှိသည်။ ဘုန်းကြီးရှေ့မှ တစ်ဖ၀ါးမျှ မခွာ။ ကျောင်းက ပြန်လျှင်လည်း ဆိုက္ကား ငှားပြီး ပြန်သည်။ အကြမ်းနည်းသုံးပြီး ပညာပေးရန် မလွယ်ပေ။ ဤသို့ဖြင့် သန့်ဇင်နှင့် ကျွန်ုပ်တို့ ကြားတွင် ရန်မီး စတင် ပေါက်ပွားခဲ့လေ၏။

(၄)

ကလေးဘ၀ လွန်မြောက်ပြီး လူပျိုပေါက် အရွယ်တွင် သန့်ဇင်နှင့် တဖန် မဆုံချင်ဘဲ ဆုံရပြန်သည်။ မြို့ထုံးစံ အတိုင်း မြန်မာ နှစ်ဆန်း (၁) ရက်နေ့တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ရှိသည်။ မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုင်း ဆွမ်းဆန်စိမ်း အလှူခံ ထွက်လေ့ရှိသည်။ ကျွန်ုပ်နှင့် ဘဲဥတို့မှာ တောရကျောင်းမှ ဆွမ်းဆန်စိမ်း အလှူခံ လိုက်မြဲ ဖြစ်သည်။ ဆွမ်းဆန်စိမ်း အလှူခံရန် နွားလှည်းတပ်သူ၊ သပိတ်ဆေးသူ၊ ဆာလာအိတ်သူ အသီးသီး အသက အလုပ်များနေချိန်တွင် ကျောင်းသို့ သန့်ဇင် ရုတ်ခြည်းရောက်လာလေ၏။ သန့်ဇင် ကျောင်းသို့ လာခဲလှသဖြင့် တိုက်အုပ်၊ တိုက်ကြပ်တို့က ဖက်လှဲတကင်း ကြိုဆို၏။ ဘာတွေ ပြောနေမှန်း မကြားရ။ သန့်ဇင်ကား တိုက်ကြပ် ကိုယ်တော်နှင့် လေယူလေပေး ဖြောင့်နေလေ၏။

 

ဆွမ်းဆန်စိမ်း အလှူခံသို့ ဒူးနာပြီး လမ်းမလျှောက်နိုင်သည့် ဘဘုန်းလေးပင် လိုက်မည်ဟု ဆိုထားသဖြင့် ကျွန်ုပ်တို့မှာ ပေါ့တီးပေါ့တန် မလုပ်ရဲ။ ဆရာတော် ဒူးနာပြီး ဆက်မကြွနိုင်လျှင် ကျောင်းသို့ အမြန်ဆုံး ပြန်ပို့နိုင်ရန် ဆိုက္ကားဆရာကို မှာထားရသည်။ ထိုမျှသာမက လိုအပ်သော ဆေးဝါးနှင့် ဆရာဝန်ကိုလည်း တပါတည်း အကြောင်းကြားထားရသည်။ ထိုနှစ်က ကျောင်း၌ သာမဏေ နည်းလှသဖြင့် ဘဲဥကို ကတုံးအမြန်ရိတ်၍ ခါတော်မီ ကိုရင်ကြီး ၀တ်ပေးထားရသည်။ ကိုရင်ကြီးဘဲဥက သင်္ကန်းကို လက်ကတော့ထိုးရင် “ဟေ့ရောင် ကျပ်ခိုး ဟိုအကောင် ကျောင်းကို ဘာလာလုပ်တာလဲ သွားကြည့်စမ်း၊ ဒီကောင့် မျက်ခွက်ကို မြင်ရတော့ ဆွဲထိုးချင် စိတ်ပေါက်လာတယ်။ သင်္ကန်း စည်းထားလို့ပေါ့ကွာ၊ နို့မဟုတ်ရင် သင်း မျက်ခွက် စုတ်နေပြီဟု ကြိတ်မနိုင် ခဲမရ ဆိုလေ၏။  “နေစမ်းပါ ကိုရင်ရယ် သူ့ဟာသူ ဘာလုပ်လုပ် ကိုရင့်အပူ ဘယ်နှပြားဖိုး ပါလို့တုန်း။ ဆွမ်းဆန်စိမ်းလောင်းတဲ့ အပျိုတွေထဲမှာ ဘယ်သူ အချောဆုံးလဲ ဆိုတာကိုသာ သေသေချာချာကြည့်ထား ဟု ကျွန်ုပ် စကားနည်း ရန်စဲ ဆိုမိသည်။

 

သို့နှင့် သံဃာတော်များ ၀ါစဉ်အလိုက် တန်းစီပြီး ဆွမ်းဆန်စိမ်း အလှူခံထွက်ရန် အသင့်ဖြစ်ချိန်၌ သံဃာတန်း၏ ရှေ့ဆုံးတွင် ဘဘုန်းလေး၏ မြသပိတ်ကို ပိုက်၍ နံ့သာရောင် တိုက်ပုံကလေး တကြွားကြွားနှင့် အလုပ်များနေသည့် သန့်ဇင်ကို တွေ့ရလေသည်။ ထိုအခါမှ သူ ကျောင်းသို့ လာရသည့်အကြောင်းကို ကျွန်ုပ်တို့ ကောင်းကောင်းကြီး သိရတော့သည်။ ကျောင်းထိုင် ကိုယ်တော်၏ မြသပိတ်ကို ပိုက်ခွင့်ရခြင်း ဟူသည်မှာ နည်းနည်းနောနော အခွင့်အရေး မဟုတ်ချေ။ သက်ကြီးဝါကြီး ကျောင်းသားကြီးများပင် သန့်ဇင် မြသပိုက် ပိုက်ပြီး ဂိုက်ထွားနေသည်ကို မြင်သော် တက် တခေါက်ခေါက် ဖြစ်သွားလေ၏။ လောကတွင် ကိုယ်လုပ်လိုရာကို လုပ်ခွင့်ရအောင် စွမ်းဆောင်နိုင်သူကို လူတော်ဟု သမုတ်ကြေး ဟုဆိုလျှင် သန့်ဇင်ကိုလည်း သူ အလိုရှိသည်ကို ရအောင် ယူနိုင်စွမ်းရှိသူ လူတော်တစ်ဦးဟု သတ်မှတ်ရပေလိမ့်မည်။ ဤအရည်အချင်းမျိုးလည်း ဤဒွန္နယာကြီးအတွက် အတန်အသင့် လိုအပ်သည်။

ဘဲဥနှင့် ကျွန်ုပ်မှာ ဆယ်တန်းကို  တဘုတ်ဘုတ် ကျပြီးရင်း ကျရင်းဖြင့် ယောင်ခြောက်ဆယ်ကြီးများ ဖြစ်ခဲ့လေ၏။ ထိုအချိန်၌ သန့်ဇင်မှာ ရူပဗေဒ အထူးပြု တက္ကသိုလ် ကျောင်းသားကြီး ဖြစ်သွားလေပြီ။ သူ့ အဒေါ် အပျိုကြီးများ ကြွား မဆုံးတော့ပြီ။ ညောင်ဦးတွင် မြေပြိုခြင်းနှင့် စံမ္ပာနဂိုရ်မှ နွားမ ပေါင်ကျိုးခြင်း တစ်နည်းတစ်ဖုံ ဆက်စပ်နေသကဲ့သို့ အောက်ပိုင်း ငါးပိဆိပ်သား သန့်ဇင် တက္ကသိုလ် ကျောင်းသား ဖြစ်သွားခြင်းနှင့် အထက်ပိုင်းသား ဘဲဥနှင့် ကျွန်ုပ်တို့ ဆယ်တန်း မအောင်ခြင်းမှာ လူကြီးများ ဂုဏ်တုဂုဏ်ပြိုင် လုပ်ခြင်းကြောင့် တစ်မျိုးတစ်ဖုံ ပက်သက် ဆက်နွယ်ခဲ့လေ၏။ “အစ်ကိုလေးမောင်လှရဲ့ သား မောင်သန့်ဇင်လေးတောင် တက္ကသိုလ်တက်နေတာ ကျောင်းပြီးတော့မယ်။ နင် ဆယ်တန်း ဖြေနေတာ သက္ကရာဇ် ဆွေးပြီ။ အခုထိ မအောင်သေးဘူး၊ နင့်လို သားမျိုး မွေးရတာ ငါ ၀မ်းရေစပ်တယ် ဟူသည့် မိခင်ကြီး၏ မြည်တွန် တောက်တီးသံကြောင့် ကျွန်ုပ် အလွန် စိတ်ဆင်းရဲ မိသည်။ မိခင်ကြီး၏ ဆူပူကြိမ်းမောင်းသံကို ကြားရတိုင်း သန့်ဇင်ကို လည်ပင်းညှစ် သတ်ချင်စိတ် ပေါက်မိသည်။

 

ကျွန်ုပ်၏ နောင်ရေးအတွက် ရတတ်မအေး ဖြစ်ရှာသော မိခင်ကြီးသည် ကျွန်ုပ် ပညာအရာ၌ ပါရမီ နုံချာသည်ကို ရိပ်စားမိသဖြင့် အစ်ကိုဝမ်းကွဲတော်သူ၏ ပန်းတိမ်ဖိုသို့ လွှတ်ပြီး ပန်းတိမ်အတတ် သင်စေ၏။ ဘဲဥကလည်း ကျွန်ုပ်နှင့် မခွဲနိုင်။ သို့ဖြင့် ကျွန်ုပ်တို့ နှစ်ဦးမှာ ပန်းတိမ်ဖိုတွင် ဖိုဆွဲ၊ ပြာကျုံး တောက်တိုမယ်ရ အလုပ်သမားဘ၀သို့ ရောက်ခဲ့ရလေ၏။

 

ကျွန်ုပ်တို့ ဆယ်တန်း တတိယအကြိမ် ဖြေဆိုပြီး မကြာမီတွင် သန့်ဇင်၏ ဖခင် ကျွန်ုပ်၏ ဘကြီးဝမ်းကွဲ ဘုရား ဒါယိကာကြီး ဦးမောင်လှ ကွယ်လွန်လေ၏။ သန့်ဇင်၏ ဖခင် ဦးမောင်လှမှာ ကျွန်ုပ် မိခင်ကြီး၏ အစ်ကို နှစ်ဝမ်းကွဲ ဖြစ်သဖြင့် မသာတွင် ဆွေမျိုး အင်အားပြရန် အမက ကျွန်ုပ်ကို အတင်းအကျပ် စေလွှတ်သည်။ အဘဦးမောင်လှကို ကျွန်ုပ် မေတ္တာ မပျက်သော်လည်း သန့်ဇင်နှင့် မျက်နှာချင်းပင် မဆိုင်လိုသဖြင့် မသွားလိုကြောင်း ကလန်ကဆန် လုပ်မိသည်။ နောက်ဆုံးတွင် အမ၏ “ရွှေမှန်းမျိုးမှန်း မသိတဲ့ အကောင်၊ သွားဆို အခုချက်ချင်း သွား၊ နင် မသွားရင် ငါ့ လက်ဝါးစာ မိမယ် ဟူသည့် ချော့မော့ ဖျောင်းဖြမှုကြောင့် အသုဘကိစ္စ ပြင်ဆင်ရန် ဆောင့်ကြီးအောင့်ကြီး ထွက်ခဲ့သည်။ သို့သော်လည်း တစ်ယောက်တည်း မသွားလို။ ဘဲဥကို အဖော်စပ်ရတော့သည်။ ဘဲဥကလည်း အင်တင်တင်။ သို့သော်လည်း ရပ်ရေးရွာရေး ဖြစ်သဖြင့် ရှေ့မျက်နှာ နောက်ထားပြီး မသာအိမ်သို့ ရောက်ခဲ့၏။

 

သန့်ဇင် ပုသိမ်မှ ပြန်ရောက်နေလေပြီ။ ဦးမောင်လှ၏ အလောင်း နံဘေးတွင် မျောက်မှိုင် မှိုင်၍ နေလေ၏။ သူ့ နံဘေးရှိ အဒေါ်များက “ငါ့ တူလေးရဲ့ … ငါတို့ မင်းကို ပုသိမ်လွှတ်ပြီး ကျောင်းထားမိလို့ မင့် အဖေရဲ့ နောက်ဆုံး အချိန်မှာ မင်း ကောင်းကောင်းမွန်မွန် ပြုစုခွင့် မရလိုက်တာ ဒေါ်ဒေါ်တို့ အပြစ်ပါ။ ငါ့ တူလေးရဲ့ … အစ်ကိုလေးက သူ မဆုံးခင် ကတည်းက မင်းကို တဖွဖွ မှာနေတာ ကြာလှပြီ။ ဒေါ်ဒေါ်တို့က ငါ့တူလေး ကျောင်းပျက်မှ စိုးလို့ မခေါ်မိတာပါ။ ဒေါ်ဒေါ်တို့ အပြစ်ပါကွဲ့၊ ဒေါ်ဒေါ်တို့ အပြစ်ပါ အစချီ၍ မထူးဆန်းသည့် သေခြင်းကို တခမ်းတနားလုပ်ပြီး ချုံးပွဲချကာ ငိုနေကြလေ၏။ “မင်းတို့ သောက်မျိုးတွေ သည်းကို သည်းလွန်းတယ် ဟု ဘဲဥက လေသံအုပ်အုပ်ဖြင့် ဆို၏။ ဘဲဥ မဆိုထားဘိ တူဝမ်းကွဲတော်သူ ကျွန်ုပ်ပင်လျှင် မျက်ရည်စမ်းစမ်း သေးဖြန်းဖြန်း လုပ်နေသည့် ကြီးတော်တို့၏ ငိုယိုမြည်တမ်းသံကို နားကလောမိ သလိုလို ဖြစ်သွားသည်။

 

ဒီအလောင်းကြီး အိမ်ပေါ် ရှိနေသရွေ့ ငိုချင်းသံ စဲလိမ့်မည် မဟုတ်ချေ။ လုပ်စရာရှိသည်ကို လုပ်မှ ဖြစ်ချေတော့မည်။ သို့ဖြစ်၍ “ကိုင်း …  ဒေါ်ဒေါ်တို့ ကျွန်တော်တို့ အလောင်းကို ရေချိုးပေးဖို့ သင့်ပြီ ဟု ပရိယာယ်သုံးကာ ငိုယိုသူတို့ကို နှင်ရတော့သည်။ ဘဲဥက ရေလုံအိုး သယ်လာ၏။ ဦးမောင်လှ၏ ကြွင်းကျန်သော အတ္တဘောကြီးကို ခြေဆင်း ထိုင်စေပြီး ရေလုံအိုးထဲမှ ရေဖြင့် ညာခြေဖျားမှ ညာပေါင်၊ ခါး၊ ပုခုံး၊ ဦးခေါင်း အထိ၊ တဖန် ဦးခေါင်းမှ ဘယ်ပုခုံး၊ ခါး၊ ပေါင်၊ ခြေဖျားသို့ လောင်းချရ၏။ ထိုသို့ ညာပြန်၊ ဘယ်ပြန် ခုနစ်ကြိမ် ရေလောင်းပြီးချိန် အထိ သန့်ဇင်မှာ မျောက်မှိုင် မှိုင်ကောင်း နေဆဲပင် ဖြစ်၏။ ထိုမြင်ကွင်းကို တွေ့ရသော် ကျွန်ုပ်နှင့် ဘဲဥတို့ သန့်ဇင် အပေါ် ကရုဏာ သက်မိတော့သည်။ “ကဲ သန့်ဇင်ရေ ဘကြီးကို သနပ်ခါး လိမ်းပေးရအောင် ကြီးကြီးတို့ဆီမှာ သနပ်ခါး သွားတောင်းချေဟု ပရိယာယ်သုံးပြီး နှင်ရသည်။ အလောင်းကို ရေချိုး၊ သနပ်ခါးလိမ်း၊ ခြေမ လက်မ ကြိုးချည်၊ အ၀တ်လွှားပြီးချိန်၌ “ခဏနေဦး။ အဖေ့ သွားကို နှုတ်ပေးဦး ဟု သန့်ဇင်က ကောက်ခါငင်ခါ ဆိုလေ၏။ “ဘာလုပ်ဖို့တုန်းဟု ကျွန်ုပ် မေးမိသည်။ ကမ္မဌာန်းကောင်ကို ရေချိုး၊ သနပ်ခါးလိမ်း ပေးဝံ့သော်လည်း ပါးစပ်ကို ဖြဲပြီး သွားနှုတ်ရန် ကျွန်ုပ် ၀န်လေးမိသည်။ “အမေ့သွားကို လက်စွပ် ကွင်းဝတ်ပြီး အဆောင် လုပ်ထားသလိုမျိုး အဖေ့ သွားကိုလဲ ဆောင်ထားချင်လို့ပါဟု သန့်ဇင်က လေသံပျော့ဖြင့် ဆိုရှာသည်။

 

ထိုသို့ ကြားရသော် ကျွန်ုပ်၏ ချစ်လှစွာသော ညီဝမ်းကွဲကလေး မောင်သန့်ဇင်အပေါ် လွန်စွာ ကရုဏာ သက်မိတော့သည်။ သို့သော် အလောင်း ပါးစပ်ကို ဖြဲပြီး သွားနှုတ်ရန်ဆိုသည်မှာ လွယ်သည့် ကိစ္စမျိုး မဟုတ်။ ထိုသို့ လုပ်ရန် ရဲဆေးတင်ရပေလိမ့်မည်။ သို့ဖြစ်၍ ဘဲဥကို မျက်ရိပ်ပြ၍ “အေးကွာ သန့်ဇင်ရယ်၊ ခဏစောင့်ဦး။ ငါတို့ ပလာယာ အသစ် သွားဝယ်လိုက်ဦးမယ်။ ပြန်လာမှ နုတ်တာပေါ့ ဟု ဆိုကာ အရက်ဆိုင်သို့ ထွက်ခဲ့၏။ “ဟေ့ကောင် ကျပ်ခိုး၊ ဟိုကောင် ပြောတိုင်း မင်း လျှောက် မလုပ်နဲ့။ တော်ကြာ အရပ်က မကြိုက်လို့ ခဲနဲ့ ပေါက်လွှတ်ဦးမယ်။ လုပ်ကောင်းသလား မလုပ်ကောင်းဘူးလားဆိုတာ လူကြီးတွေကို အရင် မေးစမ်းကြည့်မှ ဖြစ်မယ် ဟု ဘဲဥက ဆိုသေးသည်။ သို့သော်လည်း ကျွန်ုပ်၏ နှလုံးသားတွင် သန့်ဇင်ကို သနားစိတ်များ မဟားတရား ယိုဖိတ်နေလေပြီ။ “ဘဲဥရယ် တို့နှစ်ယောက် လုပ်ရင် လုပ်ကောင်းတာပေါ့။ အရပ်က မကျေနပ်ရင်လဲ တောင်းပန်ရုံပေါ့ ဟု ဆိုကာ ပလာယာ အသစ် တစ်ချောင်းဝယ်ပြီး ဘကြီးမောင်လှ၏ ပါးစပ်ကို ဖြဲရလေ၏။

 

ပါးစပ်ကို ဖြဲလိုက်သည်နှင့် တပြိုက်နက် အပုပ်နံ့လိုလို၊ အာပုပ်နံ့လိုလို အနံဆိုးက တထောင်းထောင်း ထွက်လာ၏။ အရက် မွှန်ထူနေအောင် သောက်ထားသော်လည်း မသာကောင် ပါးစပ်မှ ထွက်သည့် အာပုပ်နံ့ကို မခံနိုင်။ အရေးထဲ အရာပေါ် ဆိုသလို ပါးစပ်ဖြဲထားသည့် ဘဲဥ၏ လက်က တဆတ်ဆတ် တုန်နေသဖြင့် သွားကို လွယ်လင့်တကူ နုတ် မရပေ။ “မြန်မြန်လုပ်ကွ၊ ပါးစပ်ကို ဖြဲထားတာ လက်အံသေနေပြီဟု ဘဲဥက ဆို၏။ “မင့် အမေ - ထဲမှာပဲ ပါးစပ်ကို သေသေချာချာ ဖြဲထားပါလားဟု ကျွန်ုပ် ဆဲမိသည်။ သွားကလည်း တော်တော်နှင့် နုတ်မရ။ အထက် စွယ်သွား တစ်ချောင်းကို ပလာယာဖြင့် ပိုင်ပိုင်နိုင်နိုင် ညှပ်မိရန် အတော်ပင် ကြိုးစားရသည်။ သို့နှင့် ကွမ်းတစ်ယာညက်ခန့် ကြားမှ သွားတစ်ချောင်း ကျွတ်တော့သည်။ သွားနှုတ်ပြီးချိန်၌ ဘဲဥနှင့် ကျွန်ုပ်မှာ နတ်ပူးသလိုလို၊ အိမ်မြှောင်ဥ ကိုင်မိသလိုလို ကတုန်ကယင် ဖြစ်သွားလေ၏။

(၅)

ဘကြီးဦးမောင်လှ တုံးလုံးပွဲ အပြီး ရက်အနည်းငယ် ကြာပြီးနောက်တွင် ကျွန်ုပ်တို့ အလုပ်သင် ဆင်းနေသည့် ပန်းတိမ်ဖိုသို့ သန့်ဇင်နှင့် သူ့ ဒေါ်လေးတို့ ရောက်လာသည်။ တစ်လောကလုံးတွင် သူတို့ထက် အရေးကြီးသူ မရှိဟူသည့် ဟန်ပန်မျိုးဖြင့် ပန်းတိမ်ဖို အလုပ်ခန်းထဲ အထိ စွတ်ရွတ် ၀င်လာပြီး “ဟဲ့ ကျပ်ခိုး နင့် ဆရာ ဘယ်သွားတုန်း ဟု မေး၏။ ကျွန်ုပ်တို့၏ ပန်းတိမ်ဆရာမှာ ပန်းတိမ်ဖိုတွင် ဖင်ပူအောင် ထိုင်လေ့  မရှိ။ ကြွေဝိုင်းတွင် တစ်နေကုန် တစ်နေခန်း ကြွေပစ်လေ့ ရှိသည်။ သို့ဖြစ်၍ “ကြွေဝိုင်းမှာ ထင်တယ် ဒေါ်ဒေါ် ဟု ဖြေလိုက်မိသည်။ “နင် ရေရေရာရာ သိတာ ဘာရှိသေးလဲ။ ဒါဖြင့် နင့် ဆရာ သန်းဌေးကို သွားခေါ်စမ်း။ သွား မြန်မြန် သွားချေ၊ ငါ့တို့မှာ အလုပ်တွေ ရှိသေးတယ် ဟု စီးစီးပိုးပိုး ဆိုလေ၏။

 

ဒေါ်လေး ပြောပုံဆိုပေါက်ကို ကျွန်ုပ် မကြိုက်။ ကိုယ့်တူကိုယ့်သားကို ပြောနည်းဖြင့် ပြောခြင်း မဟုတ်ဘဲ၊ သိပ်ထိုးနှိပ်ထိုး ပြောလိုက်ခြင်းဟု ထင်မိသည်။ ၀မ်းလည်း နည်းမိ၏။ ဒေါသလည်း ထောင်းခနဲ ထွက်လာ၏။ သို့သော်လည်း ဒွေးတော်မိကြီးကို ကတ်ကတ်လန်အောင် နှုတ်လှန်ထိုးသည်ဟု အပြောခံရမည်ကို စိုးသဖြင့် “အစ်ကိုလေးက သူ ကြွေးပစ်နေတုန်း လိုက်ခေါ်ရင် မကြိုက်ဘူး ဟု စကားနည်း ရန်စဲဆိုမိသည်။ ထိုသော် နှုတ်သီးကောင်း လျှာပါးမကြီးက “ဟဲ့ ကျပ်ခိုး … နင် ငါ့ကို အတွန့် မတပ်နဲ့။ သွားခေါ်ဆို သွားခေါ်ချေ။ နင့် ဆရာကို ငါ ရောက်နေတယ်လို့သာ ပြောလိုက် ဟု ဆိုလေ၏။

 

ကျွန်ုပ်၏ စရိုက်ဆိုးမှာ ကျွန်ုပ်ကို လုံးကြီးတင်သည်ကို နည်းနည်းမျှ မကြိုက်၊ “လုံးကြီးတင်လျှင် ဆံခတ်လွှတ်လိုက်မည်ဟူသည်ကို လက်တွေ့ကျင့်သုံးသူဖြစ်ရကား “ကျွန်တော် အလုပ်လုပ်နေတာ ဒေါ်လေး မမြင်ဘူးလား။ အစ်ကိုလေးသန်းဌေးနဲ့ ဒီလောက် တွေ့ချင်နေရင် အားအားလျားလျား ထိုင်နေတဲ့ ဒေါ်လေးတူကို အခေါ်ခိုင်းပါလား၊ ကျွန်တော့်ကို လာ မခိုင်းနဲ့ ဟု ယဉ်ယဉ်ကျေးကျေး တုံ့ပြန်မိတော့သည်။ ထို့နောက် လက်ထဲမှ တံစဉ်းကို ဆောင့်ချပြီး အကျောကြီးသည့် တူဝရီးကို ကျောခိုင်းကာ ခြေနင်းဖားဖိုကို ရှုးရှုးရှဲရှဲ မြည်အောင် ဆက်တိုက် ဆောင့်နင်း လိုက်သည်။ ဂေါက်တံမှ အပြာရောင် မီးလျှံများ တရဲရဲ ထွက်လာ၏။ ကျွန်ုပ်၏ ရင်အုံမှာလည်း ဒေါသစိတ်ကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ အသက်ရှုသံမှာ ရှုးရှုးရှဲ ရှုးရှုးရှဲ။

 

ညနေစောင်း ပန်းတိမ်ဖိုမှအပြန် အိမ်ပေါ်သို့ တက်လိုက်သည်နှင့် တပြိုက်နက် “ဟဲ့ အကောင် နင် ကိုယ့်ဒွေးတော်မိကြီးကို ဘယ်လို ပြောလွှတ်လိုက်တာလဲ။ ဟင် ပြောစမ်း ပြောစမ်း။ ဒီလို အတတ်ကောင်းတွေကို နင် ဘယ် ကလေက၀ဆီက တခုတ်တရ သွားသင်ထားသလဲဆိုတာ ငါ့ကို ပြောစမ်း။ လာစမ်း လာစမ်း နင့် ငါ့အနားကို လာခဲ့စမ်း။ နှုတ်သီး သိပ်ကောင်းနေတယ်ပေါ့။ လာခဲ့စမ်း လာခဲ့စမ်း နင့်ကို အာဖဲ့မယ်။ ရွှေမှန်းမျိုးမှန်း မသိတဲ့ တစ်ဇောက်ကန်း သန္ဓေယုတ် နင့်လို သားမျိုး မွေးရတာ ငါ ၀မ်းရေစပ်တယ် ဟု ရေရွတ်ပြီးလျှင် အမသည် ကျွန်ုပ်၏ ကျောကို သူ့ လက်သေးသေး ကလေးဖြင့် တရစပ် ထုသည်။ ဤသည်မှာ လူလိမ္မာ မောင်သန့်ဇင်နှင့် ပက်သက်မိခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်တစ်ခု ဖြစ်သည်ဟု ဆိုသော် မှားမည် မထင်။

 

ကျွန်ုပ် အထုခံ နေရသည်ကို ဘဲဥကြားလျှင် အမကို ဆွဲရန် အိမ်ပေါ်သို့ တက်လာ၏။ သို့သော်လည်း အမ၏ စက်ကွင်းမှ သူလည်း မလွတ်တော့။ “ဟဲ့ ဘဲဥ ဒီကို လာစမ်း။ နင့် သူငယ်ချင်း ဒီလောက် မိုက်ရိုင်းနေတာကို နင်က ထိန်းမယ် မရှိဘူး။ နင်လဲ အလိုတူ အလိုပါပဲ။ ငါ ပြောနေတာ ကြားလား။ ဟဲ့ကောင်တွေ … နင်တို့ နှစ်ယောက်လုံး လူပုံ ကြည့်တော့ မထုံတတ်သေးနဲ့ လူကြီးကို လူကြီးမှန်း မသိတဲ့ ရပ်အော့ရွာအောတွေ ဟူသည့် အမ၏ အာစလျှာစကြောင့် သူလည်း ကုပ်ချောင်းချောင်းလုပ်ပြီး ငြိမ်နေရတော့သည်။

 

နောက်တစ်နေ့ ပန်းတိမ်ဖိုသို့ ရောက်သည်နှင့် ကိုသန်းဌေးက “ဟေ့ရောင် ကျပ်ခိုး မင်း မနေ့တုန်းက ဘယ်လို ဖြစ်တာလဲ။ အမျိုး အချင်းချင်း ဘယ်လို ပြောလိုက်တာတုန်း ဟု မေး၏။ သူ့လေသံကို မကြိုက်။ ကျွန်ုပ်လည်း မှုန်ကုပ်ကုပ် လုပ်ပြီး “အစ်ကိုလေး သိပြီးပြီ မဟုတ်လားဟု မိုက်တိမိုက်ကန်း ဆိုလိုက်၏။ မရီးလုပ်သူက “ကိုသန်းဌေး ကျပ်ခိုးကိုချည်းပဲ မဲ မနေနဲ့။ သူ ဒီလိုပြောတာ ဟိုဘက်က လွန်လို့ နေမှာပေါ့ ၀င် မဟန့်လျှင် ကျွန်ုပ်တို့ ညီအစ်ကိုချင်း ရန်ဖြစ်ရန် အကြောင်းရှိသည်။ အစ်ကိုလေးက “နင်က နင့် မတ်ဘက်က ၀င်ပါနေ။ ဒီကောင် လူမှန်းသူမှန်း မသိဘဲ အော့ကြောလန် လုပ်နေလို့ ပြောနေတာ။ နင် ဒီလို ကြပ်ကြပ်လုပ် ဒီကောင် ရောင့်တက်လာလိမ့်မယ်ဟု ကိုသန်းဌေးက လှမ်းအော်သည်။

 

ကျွန်ုပ်လည်း ကျွန်ုပ်ဘက်က နာဖော်မရသည့် အစ်ကိုတော်သူကို မြင်ပြင်းကတ်သဖြင့် မရီးရှိရာ မီးဖိုချောင်းသို့ ၀င်လိုက်သည်။ “ဘယ်လိုဖြစ်ရတာလဲကွဲ့ ဟု မမသန်းယဉ်က မေး၏။ ကျွန်ုပ်ကလည်း စစ်ကူရှိပြီ ဖြစ်သဖြင့် အားတက်မိသည်။ “ဒီ အမျိုးတွေ တင်စီးတာကို မမလေးလဲ အသိသားနဲ့ ဟု အစပျိုးပြီး ဖြစ်ပျက်ခဲ့သည့် ပြဿနာကို စုံစုံလင်လင် ပြောပြလိုက်သည်။ “ဒါနဲ့ နေပါဦး သူတို့ တူဝရီးက ဘာလာလုပ်တာတုန်း။ နင့် အစ်ကို ကို မေးမကြည့်ရသေးဘူးဟု မမသန်းယဉ်က မေးပြန်သည်။ “ဘာလာလုပ်ရမှာတုန်း …. မမလေးရဲ့ … ဘကြီးမောင်လှ သေတုန်းက နှုတ်ထားတဲ့သွားနဲ့ သန့်ဇင်ဖို့ လက်စွပ်လုပ်ပေးမလို့ လာတာ။ မသာပါးစပ်ထဲက နှုတ်ထားတဲ့ သွားဆိုလို့ ဘယ်ပန်းတိမ်ကမှ လက်မခံတော့မှ ဒီကို ရောက်လာတာ ဟု ဘဲဥက လှမ်းပြောလိုက်သည်။ ဘဲဥ၏ စကားကိုကြားလျှင် မမသန်းယဉ်သည် ထောင်းလက်စ ငရုတ်ကျည်ပွေ့ကို ကယောင်ကတမ်းနှင့် လွှတ်ချလိုက်ပြီး “အမလေး ဘုရား ဘုရား ငါ့မောင်တွေ မပြောရင် ဒါကြီး အိမ်ပေါ် ရောက်နေမှန်း မမ သိမှာ မဟုတ်ဘူး။ အမလေး ရေတစ်ခွက်လောက် ပေးစမ်းပါ ဟု ကယောင်ခြောက်ခြား ဆိုလေ၏။ “ဒါကြောင့် ဒီမနက်ကတည်းက အိမ်မှာ ပြဿနာ ဖြစ်နေတာကိုး။ သွားစမ်း သွားစမ်း နင့် အစ်ကိုကို သွားခေါ်ချေ။ ဒါကြီးကို အိမ်မှာ မထားရဘူး ဟု ဆိုလိုက်လျှင် ကျွန်ုပ်လည်း မီးဖိုချောင်မှ ကြွေဝိုင်းသို့ ဖုတ်ဖက်ခါပြီး ထွက်ခဲ့သည်။

 

တစ်စိတ်၊ တစ်ဗာရာ၊ တစ်ပို၊ တစ်ခြောက် လုပ်နေသည့် အစ်ကိုသည် ကျွန်ုပ်ကို မြင်လျှင် “ဟေ့ရောင် ကျပ်ခိုး မင်း ဘာ ဂြိုဟ်မွှေ လာပြန်ပြီတုန်း ဟု ဆီးပြော၏။ ဂြိုဟ်ကောင်မှာ ကျွန်ုပ် မဟုတ်၊ ဟိုဟာကြီး ဖြစ်သည်။ “အစ်ကိုလေး ဘကြီးရဲ့ သွားကို အိမ်ပေါ်မှာ ထားလို့ မမလေး လန့်နေပြီဟု ဆိုလိုက်သည်။ “မင်းဟာလေ အာ အင်မတန် ချောင်တယ်။ ကိုယ့် မရီး ကြောက်တတ်မှန်း သိရက်နဲ့ ဘာလို့ သွားပြောတာတုန်း။ - ချီးထဲမှပဲဟု ကျွန်ုပ်ကို ဆဲပြန်သည်။ နေနှင့်ဦး အစ်ကိုလေး။ နေနှင့်ဦး။ အိမ်ပြန်ရောက်ခါမှ ကျွန်ုပ် အကြောင်း လှလှကြီး သိစေရမည်။ “သူ့ဖာသာ သိသွားတာပဲ။ အစ်ကိုလေး အခုချက်ခြင်း ပြန်လိုက်ခဲ့လို့ မမလေး မှာလိုက်တယ် ဟု ဆိုလိုက်လျှင် မယားကြောက်သူ အစ်ကိုလေးသည် ဆုပ်ထားသည့် ကြွေစေ့များကို ပန်းကန်လုံးထဲသို့ ဆောင့်ကြီးအောင့်ကြီးနှင့် ပစ်ချလိုက်ပြီး ကျွန်ုပ် နောက်သို့ လိုက်ရတော့သည်။

 

အိမ်ဝိုင်းထဲသို့ ၀င်လိုက်သည်နှင့် “ကိုသန်းဌေး ရှင် ဘယ်လို လုပ်တာလဲ။ လင်ရယ် မယားရယ်လို့ တိုင်တိုင်ပင်ပင် မရှိဘူး။ မသာပါးစပ်ထဲက နှုတ်ထားတဲ့ ဟာကြီးကို ရွှေငွေရတနာ ထားတဲ့နေရာမှာ ထားရသလား။ ပြောစမ်း ပြောစမ်း။ အဲဒီဟာကြီးကို အိမ်ပေါ်ကနေ အခုချက်ခြင်း အိမ်ပြင်ကို ထုတ်သွား။ လာဘ်တိတ်တယ် ဆိုတာကို ရှင် နားမလည်ဘူးလား ဟု မရီးက ပါးစပ်သေနတ်ဖြင့် အတွဲလိုက် ပစ်ခတ်လိုက်သည်။

 

အစ်ကိုလေးကလည်း ငြိမ်မခံ။ “နင် ဘာ ဖြစ်နေတာလဲ။ သွားက သွားပဲ။ အဲဒီ သွားက နင့်ကို ထ မကိုက်ဘူး။ ဘာပဲ ဖြစ်ဖြစ် ငါ စရံ ယူထားပြီးပြီ။ နောက်ပြီး ဘကြီး မျက်နှာ ရှိသေးတယ်။ မလုပ်ပေးလို့ မဖြစ်ဘူး။ လျှာ မရှည်နဲ့ ဟု ငေါက်လိုက်သည်။ မမသန်းယဉ်၏ ဒေါသ ရင်ဝမှ လည်မျိုသို့ ဆောင့်ထွက် လာလေပြီ။ “ကြည့်စမ်း ကြည့်စမ်း တစ်သက်လုံး ပေါင်းလာတဲ့ မယားကို အနိုင်ကျင့်ဖို့ လုပ်နေတာ။ အဲဒီဟာကြီး ရှိနေရင် ကျွန်မ ဒီအိမ်မှာ မနေဘူး။ ဒီအိမ်က ဆင်းမယ်။ အခုချက်ခြင်း ဆင်းမယ်ဟု ဆိုကာ အိမ်ထဲသို့ ၀င်သွားလေ၏။

 

သူတို့လင်မယား ရန်ဖြစ်စက ကျွန်ုပ် ပျော်သလိုလို ဖြစ်ခဲ့သည်ကို အမှန်အတိုင်း ၀န်ခံလိုပါသည်။ သို့သော် ဟိုဟာကြီးကြောင့် ဤမျှအထိ ပြဿနာ တက်လိမ့်မည်ဟု မထင်မိခဲ့ပေ။ မရီး အိမ်ပေါ်မှ ဆင်းမည်ဟု ဆိုသည်ကို ကျွန်ုပ် မကြားလို၊ မြင်လည်း မမြင်လို။ သို့နှင့် “အစ်ကိုလေးရယ် မမလေးက အဲဒီဟာကြီး အိမ်ပေါ်မှာ ရှိနေတယ်ဆိုလို့ ကြောက်နေတာ။ နောက်ပြီး အစ်ကိုလေး မသိလို့။ အဲဒီ သွားကို မသာ ပါးစပ်ထဲက ကျွန်တော်နဲ့ ဘဲဥပဲ ချွတ်ပေးထားရတာ ဟု ဆိုလိုက်လျှင် အစ်ကိုလေး တွေဝေသွား၏။ “ကျပ်ခိုး … ငါ့ကို သေသေချာချာ ပြောစမ်း။ သူတို့ ပြောတဲ့ အထဲမှာ မသာပါးစပ်ထဲက နှုတ်ထားတာလို့ တစ်ခွန်းမှ မပြောဘူး။ ဘကြီး ရှိနေတုန်းက ပေးထားတဲ့ သွားလိုလို ဘာလိုလို ပြောတယ်။ မင်း ပြောသလိုဆိုရင် ဘယ်ပန်းတိမ်ကမှ လက်မခံလို့ ငါ့ဆီ ရောက်လာတာ။ ငါ့ကို မလိမ့်တပတ်လုပ်ပြီး စော်ကားတာပဲဟု ဒေါသတကြီး ဆိုသည်။

 

စရံလည်း ယူပြီးပြီ။ မလုပ်ပေး၍ မဖြစ်တော့။ မလိမ့်တပတ် လုပ်သွားသူ သန့်ဇင်တို့ တူဝရီးကို ဒေါသထွက်မိသော်လည်း သွားလေသူ ဘကြီး၏ မျက်နှာက ရှိသေးသည်။ တစ်ဖက်တွင်လည်း မယားလုပ်သူက တငိုငို တရယ်ရယ်နှင့် အိမ်ပေါ်မှ ဆင်းမည် တကဲကဲ လုပ်နေသည်။ ယင်းသို့သော အကြောင်းတို့ကြောင့် အစ်ကိုလေး အကြံအိုက် သွားလေ၏။ “ဟေ့ရောင် ကျပ်ခိုးနဲ့ ဘဲဥ၊ အဲဒီ သွားကြီးကို အိမ်ပေါ်မှာ မထားနဲ့တော့ကွာ။ အိမ်အောက် ဖိုရုံထဲမှာ သွားထားလိုက်။ ပြီးရင် တံစဉ်းနဲ့ အနေတော် စားထားလိုက်။ လက်စွပ် မြန်မြန်ပြီးအောင် လုပ်ပေးလိုက်ကွာ။ မပြီးမချင်း ဒီပြဿနာ ဆုံးတော့မှာ မဟုတ်ဘူ၊ အဲဒီဟာကြီးကို တံစဉ်းနဲ့ တိုက်ရင် သတင်းစာ စက္ကူခံထားဦး။ ထွက်လာတဲ့ အစအနတွေကို မြစ်ထဲ သွားပစ်ချေ။ ခြံထဲမှာ မပစ်နဲ့နော်။ ပြီးရင် ငါ့ကို လာခေါ်လှဲ့ ဟု အမှာတော် ခြွေပြီး ကြွေဝိုင်းသို့ ထွက်သွားပြန်၏။

(၆)

သန့်ဇင် မွှေလိုက်တာ ဘယ်သူမှ အေးအေးလူလူ မနေရတော့ဘူးဟု ဘဲဥက ဆိုသည်။ “မင်းတို့ အမျိုး ကိစ္စကို မင်းပဲ လုပ်လိုက် ဟု ဆိုပြီး လက်ဘက်ရည်ဆိုင်သို့ ထွက်သွားလေ၏။ ကြောက်စိတ် မရှိသော်လည်း ထိုအလုပ်ကို ကျွန်ုပ် တစ်ယောက်တည်း မလုပ်ချင်။ သို့ဖြစ်၍ သွားကို သတင်းစာ စက္ကူနှင့် ထုပ်ပြီး ကြွက်လျှောက်တန်းပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် မမသန်းယဉ်နှင့် သန့်ဇင်တို့ တူဝရီးတစ်သိုက် အကျောတင်စီးသည့် အကြောင်းကို လေပန်း နေလိုက်သည်။ နောက်နေ့တွင်လည်း ထိုကိစ္စကို မလုပ်ဖြစ်ပြန်။ မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည်။

 

တစ်ပတ်ခန့် ကြာပြီး သန့်ဇင်တို့ တူဝရီး လက်စွပ်ရွေးရန် အလို့ငှာ ပန်းတိမ်ဖိုသို့ ရောက်လာမှ ကျွန်ုပ်လည်း အစ်ကိုလေး ခိုင်းထားသည့် အလုပ်ကို သတိရမိတော့သည်။ ဖိုရုံထဲတွင် သိမ်းထားသည့် သွားကို တံစဉ်းနှင့် စားရန် ဆင်းခဲ့၏။ ဖိုရုံ တံခါးကို ဖွင့်ပြီး သွားထုပ် တင်ထားသည့် ကြွက်လျှောက်တန်းဘက် လှည့်လိုက်သော် ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ကြွက်လျှောက်တန်းပေါ်တွင် တင်ထားသည့် သွားထုပ် မရှိတော့။ ကြမ်းပေါ်သို့ ပြုတ်ကျလေသလားဟု တွေးရင်း ကြမ်းပြင်ကို စေ့စေ့ ကြည့်သည်။ သွားထုပ် မဆိုထားဘိ၊ မီးသွေးတစ်ခဲပင် မတွေ့ရ။ စိတ်ထဲတွင် ဇဝေဇ၀ါ ဖြစ်လာသည်။ အထားမှားပြီလားဟုလည်း တွေးမိပြန်သည်။ အထားလည်း မမှားနိုင်။ ဖိုရုံ ညာဘက်ခြမ်းရှိ ကြွက်လျှောက်တန်းပေါ်တွင် ပြဿနာခဲကြီးကို သတင်းစာစက္ကူနှင့် ထုပ်ပြီး တင်ထားခဲ့သည်မှာ အသေအချာ ဖြစ်၏။ ခက်ကပြီ။ မမသန်းယဉ် နေရာရွှေ့လိုက်လေသလား။ “မမသန်းယဉ် ဖိုထဲကို ၀င်မိသေးလားဟု မေးကြည့်မိသည်။ “ပေါက်တီးပေါက်ရှာ ငါနဲ့ ဖိုရုံနဲ့ ဘာဆိုင်တုန်းဟူသည့် အဖြေသာ ပြန်ရသည်။ မမသန်းယဉ် မဟုတ်ရင် ဘဲဥ ဖြစ်ပေလိမ့်မည်။ “ဟေ့ရောင် ဘဲဥ မင်း သွားထုပ်ကို ဘယ်မှာ သွားထားလိုက်တုန်းဟု မေးမိပြန်သည်။ သို့သော် ဘဲဥကလည်း သူ ဖိုရုံထဲသို့ မ၀င်မိကြောင်း ပြောပြန်သည်။ ဒုက္ခလှလှ တွေ့လေပြီ။ ဤအကြောင်းကို အစ်ကိုလေး သိသွားလျှင် မိုးမီးလောင်လိမ့်မည်။ ထိုမျှသာမက နှုတ်သီးကောင်းလျှာပါး တူဝရီးတစ်သိုက်ကလည်း ထဘီစွန်တောင်ဆွဲပြီး နင်ပဲငဆ ပြောလိမ့်မည်။ ကြံရာမရသည့် အဆုံး၌ ဘဲဥအား အဖြစ်မှန်ကို ဖွင့်ပြောလိုက်ရတော့သည်။ ဘဲဥလည်း ဖိုရုံထဲသို့ ဆင်းပြီး ရှာသည်။ သတင်းစာ စက္ကူနှင့် ထုပ်ထားသည့် သွားသည် ခြေထောက်ပေါက်ပြီး ထွက်သွားလေ ရော့သလား။ အချိန် အနည်းငယ် ကြာပြီးနောက် ဘဲဥက “ကျပ်ခိုး အဲဒီသွားကို ထုပ်ဖို့ သတင်းစာ စက္ကူ ယူတုန်းက ဘယ်ကနေ ယူလာတာလဲဟု မေးသည်။ သွားပျောက်၍ အခက်တွေ့နေချိန်တွင် သတင်းစာ စက္ကူ ရရှိပုံ ဇစ်မြစ်ကို စစ်စစ်ပေါက်ပေါက် မေးနေသည့် ဘဲဥကို ဒေါသထွက်လာ၏။ “မသိဘူးကွာ ငါ မမှတ်မိတော့ဘူးဟု ဒေါသတကြီး ဆိုမိသည်။

 

မင်း အဲဒီနေ့တုန်းက ယူလာတဲ့ သတင်းစာက မမသန်းယဉ် ၀ယ်လာတဲ့ ကြံသကာတွေ ထုပ်ထားတဲ့ စက္ကူ ဖြစ်မယ်ကွ။ အစ်ကိုလေးက သတင်းစာမှ မယူတာ။ လူဝင်လူထွက်လဲ မရှိဘူး။ နောက်ပြီး ဖိုရုံထဲမှာ ပျောက်စရာ အကြောင်း မရှိဘူး။ မဟုတ်မှလွဲရော ကြံသကာ အနံ့ရပြီး သွားထုပ်ကို ကြွက်ချီသွားတာ ဖြစ်မယ်ဟု ဘဲဥ မောင်စံရှား လေသံဖြင့် ဆိုလာသည်။ သူ ပြောသည်မှာ ဟုတ်တုတ်တုတ် ဖြစ်၏။ ဘဲဥ၏ ယူဆချက် မှန်ကောင်း မှန်နိုင်သည်။ သို့သော် စုံထောက်ဝတ္ထုထဲမှ “သဲလွန်စ ရှာတွေ့၊ အမှုကွင်းဆက် တစ်ခုပြီး တစ်ခုဖော်ထုတ်၊ နောက်ဆုံး တရားခံကို လက်ရဖမ်းဆီး ဟူသည့် ဇာတ်ကွက်ကဲ့သို့ တရားခံကို လွယ်လွယ်ကူနှင့် ရှာဖွေ ဖမ်းဆီးရန် မလွယ်ကူ။ ရာဇ၀တ်သား ကြွက်ကလဲ ဘယ်ချောင်တွင် ခိုနေသည် မသိရ။ ထို့ကြောင် ကျွန်ုပ် သက်ပြင်းကိုသာ ချမိသည်။ ဘဲဥက “သိပ်လဲ စိတ် မပူပါနဲ့။ ကျပ်ခိုးရယ်။ ငါ ကြည့်လုပ်ပါ့မယ်။ အစ်ကိုလေးကို မပြောနဲ့ဟု ဆိုရင်း ကျွန်ုပ်နံဘေးတွင် ထိုင်၍ ဉာဏ်နီဉာဏ်နက် ထုတ်နေလေ၏။ အတန်ကြာပြီးနောက် ဘဲဥက “ကျပ်ခိုး ထစမ်း မြန်မြန် ထကွာ။ ငိုင် မနေနဲ့။ ကမ်းနားဆင်းပြီး ၀က်သားတုတ်ထိုး သွားစားရအောင်ဟု ဆိုလေ၏။ ကျွန်ုပ်လည်း ငေါင်တက်တက်နှင့် ဘဲဥ ခေါ်ရာသို့ လိုက်ရတော့သည်။

 

ကျွန်ုပ်မှာ လူနှင့်စိတ် မကပ်တော့။ ဘဲဥက “အူနုတစ်ပွဲ၊ အစုံတစ်ပွဲ ဟု မှာလိုက်သည်။ ဘဲဥကား သူ့အဖို့ ၀က်သားတုတ်ထိုး စားခြင်းထက် အရေးကြီးသည့် ကိစ္စ ဤလောကတွင် မရှိတော့ပြီး ဟူသည့် မျက်နှာထားဖြင့် ကြက်သွန်ဖြူကို အခွံနွှာလိုက်၊ ငရုတ်သီးတောင့်ကို တစ်ကိုက် ကိုက်လိုက်နှင့် ဇိမ်ယစ်နေသည်။ ကျွန်ုပ်မှာ အယောင်ယောင် အမှားမှားဖြစ်ပြီး ပူကျက်နေသော ရေနွေးကို တရှိန်ထိုး မော့ချမိသည်။ သောက်ကျိုးနည်း ပူလိုက်သည့် ဖြစ်ခြင်း။ ဘဲဥသည် အိုးနင်းခွက်နင်း ဖြစ်နေသော ကျွန်ုပ်ကို စောင်းငဲ့၍ပင် မကြည့်အား။ ၀က်သားတုတ်ထိုးသည် တရုတ်မကြီးနှင့် လေယူလေပေး ဖြောင့်နေလေ၏။ ၀က်သားတုတ်ထိုး ပြုတ်ရာတွင် မီးသွေးအကုန် သက်သာအောင် မည်သို့ပြုရသည်၊ ဟင်းရည်ချိုအောင် မည်သို့ပြုရသည် စသည့် ၀က်သားတုတ်ထိုးဗေဒကို ၀က်သားတုတ်ထိုး အာဟာရ သုတေသီ တရုတ်မကြီးထံမှ ဆည်းပူးနေလေ၏။ အတန်ကြာသော် ဘဲဥက “ကျပ်ခိုး မင်း ပြန်တော့။ အစ်ကိုလေး ဟိုကိစ္စ မေးရင် ပြီးခါနီးပြီလို့သာ ပြောထည့်လိုက်။ လုပ်စရာရှိတာကို ဟန်မပျက် ဆက်လုပ်နေကွာ။ ငါ ကိစ္စတစ်ခုရှိလို့ တော်ကြာနေမှ ပြန်လာမယ်။ ငါ မှာတဲ့အတိုင် လုပ်နော် ဟု ဆိုလေသဖြင့် ကျွန်ုပ်လည်း သို့လော၊ သို့လော တွေးတောရင်း ၀က်သားတုတ်ထိုးဆိုင်မှ ပြန်ခဲ့သည်။

 

ထမင်းတစ်အိုးကျက်ခန့် ကြာပြီးနောက် ဘဲဥ ပြန်ရောက်လာသည်။ သူ့မျက်နှာမှာ စပ်ဖြဲဖြဲနှင့် မျက်နှာပိုး မသေ။ “လာကွာ ဖိုထဲ သွားမယ် ဟု ဆိုလေ၏။ ဖိုရုံထဲသို့ ရောက်သော် ဘဲဥသည် ခါးပုံစအတွင်းမှ စက္ကူထုပ်ကလေး တစ်ထုပ်ကို ထုတ်ယူလိုက်သည်။ “ကဲ ဒီမှာကြည့် မင့် ဘကြီးရဲ့ သွား အစားပြန်ရပြီ အပ်ချလောင်း ဟု ပြောရင်း တခိခိ ရယ်သည်။ စက္ကူထုပ်ကို ဖြေလိုက်သော် အထဲတွင် သွားကလေး တစ်ချောင်း တွေ့ရ၏။ “ဟင် ဘဲဥ မင်း ဘယ်လို လုပ်လိုက်တာလဲဟု ကျွန်ုပ် မေးမိသည်။ “ဘယ်လိုမှ မလုပ်ဘူး။ တရုတ်မကြီးဆီက တောင်းလာတာလေကွာ။ ငါ စောနကတုန်းက ထိုင်ပြီး အကြံထုတ်နေတာ။ လက်ဦးဆုံး စဉ်းစားမိတာက သွားစိုက်ဆိုင်ကနေ သွားတစ်ချောင်းလောက် သွားတောင်း မလို့ပဲ။ အခန့်မသင့်လို့ လူသိများသွားရင် ပြဿနာ တက်မှာ စိုးတာနဲ့ မလုပ်ဖြစ်တော့တာ။ ကြံရာမရတဲ့ အဆုံး ၀က်သားတုတ်ထိုးဆိုင်က တရုတ်မကြီးကို မလိမ့်တပတ်လုပ်ပြီး သူ့ဆီကနေ တောင်းလာတာ ဟု ဆိုသည်။ “နို့ … နေပါဦး အဲဒီ တရုတ်မကြီးက သွားတွေကို ဘာလုပ်ဖို့ သိမ်းထားတာလဲ ဟု ကျွန်ုပ် စူးစမ်းမိသည်။ “ဟား ဟား ဟား ဟူသော ဘဲဥ၏ ရယ်သံသည် ဖိုရုံကလေးကို ကျော်လွန်ပြီး တစ်မြို့လုံးကို ချောက်ချားလိုက်သတည်း။

 

တုံးပါ့ ကျပ်ခိုးရယ်။ အဲဒီ တရုတ်မကြီးက ၀က်သားတုတ်ထိုးနဲ့ ၀က်ခေါင်းသုပ် ရောင်းဖို့ မနက် မနက်ဆိုရင် ဈေးကနေ ၀က်ခေါင်းတွေ ၀ယ်ပြီး ပြန်လာတာ မင်း မတွေ့ဘူးလား ဟု ဆို၏။ ကျွန်ုပ် စေ့စေ့တွေးသော်လည်း ရေးရေးမျှ မပေါ်ချေ။ “မင်း ပြောတာ မရှင်းဘူးကွ ဟု ကျွန်ုပ် ဆိုမိတော့သည်။ ဘဲဥကား ကျွန်ုပ်ကို ကြည့်၍ တခိခိ ရယ်ပြီးလျှင် “ခက်ပါ့ကွာ မင်းနှယ်၊ ရှင်းရှင်းလေးကို ရှုပ်အောင်လုပ်နေတယ်။ အဲဒီ တရုတ်မကြီးကို စပါးရောဖွဲရော လုပ်၊ သူ ၀က်ခေါင်းကို အသားဖျက်တော့ ထွက်လာတဲ့ မေးရိုးတွေကို ခွေးကျွေးဖို့ ပေးပါဆိုပြီး တောင်းလိုက်တယ်။ အဲဒီ ၀က်မေးရိုးက သွားတစ်ချောင်းကို ရိုက်ဖြုတ်ပြီး ဘကြီးရဲ သွားကို ပြန်ယူလာတာ။  ၀က်သွားကို ရိုက်ဖြုတ်ရတာ ဘကြီးမောင်လှရဲ့ သွားနှုတ်တုန်းကလောက် မခဲယဉ်းဘူး ဟု ရှည်လျားစွာ ရှင်းလင်းလိုက်မှ အကြောင်းစုံကို သိရတော့သည်။ ကျွန်ုပ်လည်း တခိခိ ရယ်မိသည်။ အူတက်လု မတတ် ဖြစ်သွားလေ၏။

 

နောက် သုံးလေးရက်ခန့် အကြာတွင် မိခင်၊ ဖခင်တို့၏ သွားဖြင့် စီချယ်ထားသော သရီရ လက်စွပ်ဖြင့် အသရေတင့်နေသူ မောင်သန့်ဇင်နှင့် လက်ဘက်ရည်ဆိုင်တွင် ဆုံလေ၏။ သူ့ကို မြင်သော် ကျွန်ုပ်နှင့် ဘဲဥ မပြုံးဘဲ မနေနိုင်။ သန့်ဇင်လည်း အူကြောင်ကြောင် ဖြစ်သွားပြီး ကျွန်ုပ်တို့ကို ပြန်၍ ပြုံးပြသည်။ သူ ပြုံးသည်ကို မြင်လျှင် ကျွန်ုပ်တို့ ဣနြေ္ဒ မဆည်နိုင်ဘဲ အော်ရယ်မိသည်။ သန့်ဇင်က တဟီးဟီး တဟားဟား လုပ်နေသူ ကျွန်ုပ်တို့ကို ဂြိုဟ်ကြည့် ကြည့်ပြီး လက်ဘက်ရည်ဆိုင်ထဲမှ ဆောင့်ကြီးအောင့်ကြီးနှင့် ထွက်သွားလေသတည်း။

 

ထိုနေ့နံနက် လက်ဘက်ရည်ဆိုင်မှ အိမ်သို့ ပြန်ရောက်သော် အမသည် တင်းမာသော မျက်နှာထားကို တမင်ပြု၍ ကျွန်ုပ်ကို ကြိုလင့်သည်။ အိမ်ပေါ်တို့ တက်လိုက်သည်နှင့် ကျွန်ုပ်၏ နားသယ်မွှေးကို ဆောင့်ဆွဲသည်။ “ဟဲ့ နင်ဟာလေ ပြောရဆိုရ တယ်ပြီး မာချာတာပဲ။ ရွှေမှန်းမျိုးမှန်း မသိတတ်ဘူး။ မောင်သန့်ဇင်လေးကို ဘာဖြစ်လို့ ဟားတိုက် လွှတ်တာတုန်း။ ဟိုက ငါ့ လာတိုင်သွားတယ်။ နင်ဟာလေး အသက်ကြီးပြီး အချိန်ကို မစီးဘူး။ ဟိုက အငယ်၊ နင်က အကြီး။ ကိုယ့်ညီကိုယ်သား မိတဆိုး၊ ဖတဆိုးလေးကို ညှာညှာတာတာ ဆက်ဆံပါကွဲ့ ဟု ပါးစပ်က တတွတ်တွတ် ရေရွတ်၏။ ကျွန်ုပ်မှာ အမ၏ စကားကို နားထောင်ရင်း ရယ်မိပြန်သည်။ အမ တကယ်ပင် စိတ်ဆိုးသွားလေ၏။ “ကြည့်စမ်း ကြည့်စမ်း။ မအေကိုတောင် ပမာမခန့် လုပ်နေတယ်။ လူကြီးက အကောင်းပြောနေတာကို ဟီလာတိုက်နေတယ်။ မျက်နှာပိုး မသေးဘူး။ မောင်သန့်ဇင်နဲ့များ ကွာပါ့။ ဟိုကလေးဆိုရင် မိဘကို ရိုသေလိုက်တာ လွန်ရော။ မိဘရဲ့ သွားကို လက်စွပ်ကွင်းဝတ်ပြီး ကိုယ်နဲ့ မကွာ ဆောင်ထားတယ်။ နင်နဲ့များ တခြားစီ။ ဟဲ့ ဂြိုဟ်ကောင်ရဲ့ နင့်ကို မွေးရတာ ငါ ၀မ်းရေစပ်တယ် ဟု မြည်တွန်တောက်တီး၍ ကျွန်ုပ် ကျောကို တအုန်းအုန်း မြည်အောင် ထုလေ၏။ ကျွန်ုပ်လည်း အမ စိတ်ကျေနပ်အောင် “နောင် မလုပ်တော့ပါဘူး အမရဲ့ ဟု ကျုံးအော်လိုက်မှ ဗျောသံ တိတ်တော့သည်။

 

ကိုဘဲဥတို့ နှစ်ယောက်ကတော့ စံပဲ ဟု ဆိုရင်း သံလုံး တခိခိ ရယ်နေလေ၏။ “ဒီအကြောင်းကို အစ်ကိုလေးသန့်ဇင် သိသွားရင် အစ်ကိုတို့ နှစ်ယောက်ကို စိတ်ဆိုးမှာ ကျိန်းသေ ဟု ဆိုသေးသည်။ “ပြန်ပြော မနေပါနဲ့ကွာ၊ ရှင်းနေတဲ့ ကိစ္စကို ရှုပ်အောင် မလုပ်တာပဲ ကောင်းပါတယ် ဟု ဘဲဥက ရယ်ကျဲကျဲနှင့် တားသည်။ “အောင်မယ် သူများကို လုပ်တုန်းက လုပ်ပြီးတော့ အခုမှ လေပြေ ထိုးနေတယ်။ မရဘူး သွားပြောမှာပဲဟု သံလုံးက ကျီစယ်၏။ “သံလုံးရယ် အေးအေးဆေးဆေး နေစမ်းပါကွာ။ သွား မပြောပါနဲ့ဟု ကျွန်ုပ် ပြောမိသည်။ သန့်ဇင် ရန်ရှာမည်ကို စိုးသဖြင့် ထိုသို့ ပြောရခြင်း မဟုတ်ရပါ။ ကျွန်ုပ်တို့ကို သန့်ဇင် မျက်စောင်းဖြင့်ပင် မထိုးဝံ့ကြောင်း ကျွန်ုပ်တို့ ကောင်းကောင်းကြီး သိပါသည်။ ၀က်သွားကို ဖခင်၏ သွားဟု တစ်ထစ်ချ ယုံကြည်ထားသည့် သန့်ဇင်၏ ဖြူစင်သော ယုံကြည်မှု သဒ္ဓါစိတ်ကလေးကို မညစ်နွမ်းစေလိုသော ဆန္ဒကြောင့်သာ ဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့၌ တစ်စုံတစ်ဦး၏ ယုံကြည်မှုကို အဘိဓမ္မာနည်းဖြင့် ခွဲခြမ်းစိတ်ဖြာပြီး “သဒ္ဓါလော၊ မောဟလော ဟု အတု၊ အစစ် ခွဲခြားလိုစိတ် ကုန်ခန်းသွား၍ ထိုကဲ့သို့ ပြောလိုက်ရခြင်း ဖြစ်ပါသည်။

 

မောင်ကျပ်ခိုး

မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။ ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်။