Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

့hteinlin

 

အိပ်ရာမှာ နိုး၍ ရေချိုးခန်း မှန်ရှေ့ ရပ်ကာ မျက်နှာ သစ်ရန်ပြင်ဆင်သော အခိုက်ကျမှ ကျွန်တော့်တွင် ခေါင်းမရှိတော့သည့် အဖြစ်ကို ရုတ်ခြည်း တွေ့သိလိုက်ရခြင်းဖြစ်သည်။

 

လက်ထဲတွင် သွားပွတ်တံကို ကိုင်ကာ ကျွန်တော်ကြောင်ငေး နေမိသည်။ မနေ့ညကပင် တယ်လီဗေးရှင်း ရှေ့တွင် ထိုင်ကာ အစီစဉ်ပြီးဆုံးသည်အထိ ကြည့်ရှုနေခဲ့သေးသည် မနက်မိုးလင်းကျမှ ကျွန်တော့် ခေါင်းက ဘယ်ရောက်သွားရသလဲ။

 

အိပ်ရာမှ အထ အိပ်ရာထဲတွင်ပင် မေ့ကျန်ရစ်ခဲ့လေသလား၊ ခုတင်ရှိရာသို့ သွားကြည့်မိ၏။ တွန့်ကြေနေသော အိပ်ရာခင်းပေါ်တွင် တွားသွားနေသော ကြမ်းပိုးတစ်ကောင်ကို တွေ့ရ၏။ ကျွန်တော့်ခေါင်းက ကြမ်းပိုးတစ်ကောင် အဖြစ် ပြောင်းလဲ သွားလေသလား။ မနေ့ညကပင် အိမ်အပြန် လမ်းထိပ် စတိုးဆိုင်က မျက်နှာသစ်ရန် မွှေးဆပ်ပြာ အသစ် တစ်တုံးကို ကျွန်တော်ဝယ်ခဲ့သေးသည်။ ယခုဤ ဆပ်ပြာကို လွှင့်ပစ် ရတော့မည်လော၊ ခန္ဒာကိုယ်တွင် ခေါင်းမရှိနေခြင်းမှာ ထူးထူးခြားခြား ထိခိုက်စရာဟု မထင်ရသော်လည်း အတော်အသင့် ကသိကအောက် နိုင်စေတာက အမှန်ပင် ဖြစ်သည်။ ဥပမာ ကျွန်တော့် မျက်မှန်ကိုဘယ်နေရာတွင် တပ်ဆင်ရပါမည်နည်း၊ ခြေမျက်စေ့တွင် တပ်ဆင်၍လည်း မတင့်တယ်။

 

ပြတင်းတံခါးကို ကျွန်တော်တွန်း ဖွင့်လိုက်၏ အဝေး သစ်တော အုပ်တို့ အထက်မှ တဖြည်းဖြည်း ထွက်ပေါ်လာသော လုံးဝန်းသည့် အရာဝတ္တုတခုကို တွေ့လိုက်ရသဖြင့် ပျောက်ဆုံးနေသော ကျွန်တော့် ခေါင်းဟုထင်ကာ ဝမ်းသာသွားသည်။ သို့သော် ထိုအရာမှာ

နေလုံးကြီး ဖြစ်နေလေသည်။ ကျွန်တော် အိမ်က ထွက်ခဲ့သည်။ အမေက ဘယ်လဲ ဟုမေးသည်။ ကျွန်တော်က

 

“ခေါင်းကို သွားရှာ လိုက်အုံးမယ် အမေ” ဟုပြောခဲ့သည်။ ကားဂိတ်တွင် ကားရပ်ထားအခိုက် စပယ်ယာက လူခေါ်နေသည်။

 

“လာနော်...ကတ္တရာလမ်း အတိုင်းသွားမယ်... ခေါင်းရော ကိုယ်ပါ လိုက်မှ မြန်မာငွေနဲ့ ၂၀ဝ ပဲပေးရမယ်.. .”

 

“ဒါဆိုရင် ငါက ကိုယ်ပဲလိုက်မယ်ကွာ… ၁၀ဝ ပဲယူ...” ကျွန်တော် ပြောလိုက်သည်ကို စပယ်ယာက ပြုံးကြည့်ရင်း..

 

“အစ်ကိုကြီးက တော်တော် နောက်တက်တာပဲ...” ဟုဆိုလေသည်။

ခက်သည်က ကျွန်တော့် ခန္ဒာကိုယ်မှ ခေါင်းပျောက်ဆုံးနေသည် ဆိုခြင်းက ကြားရသူတို့ အနေဖြင့် လက်သင့်ခံရန် အသင့် မရှိခြင်းပင်ဖြစ်သည်။ ဖြစ်ရိုးဖြစ်စဉ် ကိစ္စများဖြင့် အသားကျနေသူတို့ အဖို့ ဤကိစ္စမှာ ရှားပါးသော ပြက်လုံး တစ်ခု ဖြစ်ကောင်း ဖြစ်နေနိုင်ပေသည်။ သို့သော် ကျွန်တော့် ခေါင်းကတော့ အမှန်တကယ်ပင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်လေသည်။

 

ရန်ကုန်ရောက်သောအခါ ကျွန်တော်ခေါင်း ကျက်စားတက်သော နေရာများတွင် လိုက်ရှာကြည့်သည်၊ ပထမ မြို့လည် ရုပ်ရှင်ရုံများ တဝိုက်ဆီသို့ ရောက်ရှိသွား၏။ နောက်မှ လုပ်ကြံထားသည့် အပေါစား ဇာတ်လမ်းများကိုသာ တခမ်းတနားတင်ပြနေသည့် ရုပ်ရှင်ရုံများဆီသို့ ကျွန်တော် မရောက်ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သတိရလာ၏။ နောက် စာကြည့်တိုက်များဆီသို့ ရောက်သွားသည်။ စာကြည့်တိုက်များမှာ ခြောက်ကပ် တိတ်ဆိတ်၍နေသည်။ ဖတ်လိုသောစာအုပ်များ မရှိ။ စင်ထောင့် တစ်နေရာတွင် တွေ့ရသော ဖုံတက်နေသည့် အနောက်တိုင်း ဒဿန သမိုင်းဆိုသော စာအုပ်ကြီးကို တရွက်ချင်းလှန်ကာ ရှာဖွေပါသော်လည်း ခေါင်းကို ရှာမတွေ့။

မိတ်ဆွေများ ထိုင်တက်သော လက်ဖက်ရည်ဆိုင်များဆီသို့ ရောက်ပြန်၏။ သူတို့က ကပ်ဖလာအကြောင်း ဗဟုဝါဒအကြောင်း ပို့စ်မော်ဒန်အကြောင်း အိတ်ဇစ်စတယ်ရှယ်လစ်ဇင်းအကြောင်း ကူရိုးဆားဝါးအကြောင်း ရိုဇင်ဘက်၏ ပန်းချီကားများအကြောင်း ရက်ပ် ဂီတအကြောင်း တယောက်တပေါက် ပြောဆိုနေကြသည်။

 

“မနက် ကတည်းက ခေါင်းပျောက်သွားလို့ လိုက်ရှာနေတာ...” ဟုပြောတော့ သူတို့က ဝိုင်းရယ်ကြသည်။

 

တစ်ယောက်က...

 

“ခင်ဗျားကတော့ စိတ်ရောဂါကု ဆရာဝန်နဲ့ သွားတွေ့သင့်ပြီ...”

 

တစ်ယောက်က...

 

“ဂျာနယ် တခုခုမှာ ကြောငြာထည့် လိုက်ပေါ့”

 

တစ်ယောက်က...

 

“အတု တပ်ဆင်ရေးဌာန တခုကို သွားလိုက်ပါ၊ အဆင်ပြေသွားလိမ့်မည်…”

 

ထိုသို့ပြောသောသူမှာ မတော်တဆ ထိခိုက်မှုတွင် ခြေထောက် တစ်ဖက် ဆုံးရှုံးသွားသဖြင့် ခြေတု တပ်ဆင်ထားသောသူ တစ်ဦးဖြစ်သည်။ သို့သော် ခေါင်းကို အတုတပ်ဆင်၍ ရ မရတော့ သူသေသေချာချာ မသိဟုဆိုသည်။

 

ဂျာနယ်တစောင် ရုံးထိုင်ရာသို့ သွား၍...

 

“မနေ့က ကျွန်တော်ခေါင်း ကျပျောက်သွားတယ်၊ ကောက်ရသူ ပြန်ပေးပါက ထိုက်သင့်သလို ကျေးဇူး ဆပ်ပါမည်...”

 

ဤစာသားကို ရေးကာ အယ်ဒီတာကို ပေးလိုက်သည်။ အယ်ဒီတာက...

 

“ခင်ဗျား ခေါင်းထဲမှာ ဘာတွေပါသလဲ…” ဟုမေးပါသည်။ သူက...

 

“ဥပမာဗျာ... ပိုက်ဆံအိတ် တစ်အိတ်ကို ကောက်ရတယ်ဆိုရင် အထဲမှာ ပိုက်ဆံ၊ လက်ဝတ်လက်စား၊ ကားလိုင်စင်၊ မှတ်ပုံတင်၊ အရေးကြီးသော စာရွက်စာတမ်းများ စသဖြင့် ပါတက်သလိုပေါ့ဗျာ...” ဟုပြောသည်။ စေ့စပ် သေချာသော အယ်ဒီတာနှင့် ကျွန်တော် တွေ့နေရသည်ထင်ပါရဲ့။

 

“အင်း... ကျွန်တော့်ခေါင်းထဲမှာ ဟုတ်လား… ကျွန်တော့် ခေါင်းထဲမှာ ပါတာတွေက မနာခံတက်မှု၊ မုန်းတီးမှု၊ စံသွေမှု ပြီးတော့ (လေသံ...အနည်းတိုး၍) ကြီးကျယ်မြင့်မြတ်မှု၊ ပြီးတော့... အဲ... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုလည်း ပါမယ် ထင်ပါတယ်…”

အယ်ဒီတာက လက်ကာပြလိုက်သည်။

 

“တော်ပါပြီ... ဒီလောက်ဆို ရပါပြီ... ခင်းဗျား ခေါင်းကတော့ အဝိုင်းပါနော်...”

 

“အဝိုင်းပါပဲ... လေးထောင့် မဖြစ်ခဲ့တာကို အခုမှ နောင်တရနေပါတယ်...”

 

ကျွန်တော် အယ်ဒီတာ ရုံးခန်းမှာ ထွက်လာခဲ့သည်။ သူငယ်ချင်းတစ်ယောက်က ညွှန်လိုက်သလို သူ နောက်ပြောင်ပြောခဲ့တာလည်း ဖြစ်နိုင်ပါသည်။ စိတ်ရောဂါကု ဆရာဝန်ထံ ရောက်သွားပြန်သည်။

 

“ကျွန်တော် ဘာကူညီရမလဲ...”

 

“ကျွန်တော့် ခေါင်းပျောက်သွားလို့ပါ...”

 

“ဘယ်တုန်းကလဲ...”

 

“ဒီမနက်ပဲ...”

 

“သေချာရဲ့လား...”

 

“အင်း... မသေချာလှဘူး... ဒီထက်မက စောစော ကတည်းက ပျောက်ဆုံး နေခဲ့တာဖြစ်ပြီး ဒီနေ့ မနက်ကျမှ ကျွန်တော် သတိပြုမိတာလဲ ဖြစ်နိုင်ပါတယ်…”

 

ဆရာဝန်က ကျွန်တော့်ကို သတင်းစာ တစ်စောင် ထိုးပေးသည်။

 

“ခေါင်းစဉ်တွေကို ဖတ်ပြပါ...”

 

ကျွန်တော် သေသေချာချာ ဖတ်ပြလိုက်၏။

 

“ခင်းဗျားမှ ခေါင်းရှိနေသားပဲ...”

 

“မရှိပါဘူး ဒေါက်တာ...”

 

“ခင်ဗျား... အစာစားနိုင်သလား…”

 

“သကြား အုပ်ထားတဲ့ အစားအစာက လွဲရင် အကုန်စားတယ်…”

 

“အသံဗလံတွေရော အကုန်ကြားလား...”

 

“မသူတော် ခုနှစ်ပါးရဲ့ အသံတွေက လွဲရင် အကုန်ကြားတယ်…”

 

ဆရာဝန်က ကျွန်တော့်ကို မေးခွန်းအတော် များများမေးခဲ့သည်။

 

“ခင်ဗျားဟာ သာမန်လူတွေနဲ့ ဘာမှမထူးခြားပါဘူး…  ခင်ဗျားခေါင်းကလဲ ခင်ဗျား ကိုယ်မှပဲ နဂို အတိုင်းရှိနေပါတယ်...”

 

“မရှိပါဘူး ဒေါက်တာ...”

 

ဆရာဝန်ထံမှာ လုံလောက်သော အဖြေမရပဲ ကျွန်တော်ပြန်လာခဲ့ရသည်။ ကျွန်တော့် ခေါင်းဘယ်ရောက် သွားသလည်း၊ လမ်းလျှောက်ရင်း စဉ်းစားလာခဲ့သည်။ လမ်းတွင် ကျပျောက်ခဲ့သည်ထားဦး ကျွန်တော့် ခေါင်းက လိမ္မော်သီးလို အခွံခါ စား၍ ရသည်မဟုတ်။ ပန်းတစ်ပွင့်လို ဧည့်ခန်းတွင် အလှ ပြင်ထား၍ မတင့်တယ်။ ထိုမျှ အသုံးမကျသော အရာကို မည်သူက ကောက်သွားနည်း။ သို့မဟုတ် ကျွန်တော့် ခေါင်းသည် အိပ်မက် တခုခုနောက်သို့ အလည်လိုက်သွားလေသလား၊ သို့မဟုတ် ကောက်ကျစ်သော ည တစ်ညကပင် ပြန်ပေးဆွဲသွားလေသလား၊ သို့မဟုတ် နွေလယ် စမ်းအိုင် တခုလို ဘာသာ တစ်စတစ်စ ခန်းခြောက်ပျောက်ဆုံး သွားခဲ့လေသလား သို့မဟုတ်...

 

 

ကျွန်တော် စိတ်ပျက် အားလျော့သော ခြေလှမ်းများဖြင့် အိမ်ပြန်လာခဲ့သည်။ လမ်းထိပ် အရောက်တွင် ကျွန်တော့်ဆီသို့ လိမ့်လာသော လုံးဝန်းသည့် အရာဝတ္တု တစ်ခုကို တွေ့လိုက်ရသဖြင့် ကျွန်တော့် ခေါင်းဟုထင်ကာ ဝမ်းသာသွားသည်၊ သို့သော် ထိုအရာမှာ လမ်းထဲက ကလေးများ ကန်လိုက်သော ဘောလုံး တစ်လုံး ဖြစ်နေလေသည်။ အိမ်ထဲသို့ ဝင်သွားသော ကျွန်တော့်ကို အမေက...

 

“မင်း...တစ်နေ့လုံး ဘယ်သွားနေလဲ၊ ဒီမှာ မင်း ဦးထုပ် အိမ်မှာ မေ့ကျန်ခဲ့တယ်…”

 

အမေ့ စကားကြောင့် ကျွန်တော် တုန်လှုပ် အံသြသွားသည်။ အမေပြသော ဦးထုပ်ကို ကိုင်ကြည့်ရင်း...

 

“အမေ… ဒါ ကျွန်တော့် ဦးထုပ်လား...”

 

“ဟုတ်တယ်လေ... ဘာဖြစ်လို့လဲ... ”

 

အမေ့ မေးခွန်းကို ဖြေစရာ မလိုပါ၊ ကျွန်တော် ဝမ်းသာ သွားသည်၊ ယခု ဆောင်း၍ မရသော်လည်း ကျွန်တော့်တွင် ဦးထုပ် တစ်လုံး ရှိနေခြင်းမှာ ကျွန်တော့်တွင် ခေါင်းရှိကြောင်း သွယ်ဝိုက်ကာ သက်သေပြရာ ရောက်သောကြောင့် ဖြစ်လေသည်။

 

သစ္စာနီ

ဆရာသစ္စာနီ၏ FaceBook စာမျက်နှာမှ တဆင့်ပြန်လည်ဖေါ်ပြပါသည်။

ဝတ္ထုသရုပ်ဖေါ်ပန်းချီထိန်လင်း။