Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

cell picture

 

 ၁။ မီးခံသေတ္တာ

ရွှေ့ပြောင်း မရနိုင်သော မီးခံသေတ္တာ တစ်လုံးရှိသည်။ ကျွန်တော်သည် ထိုမီးခံသေတ္တာထဲက အသက်ရှိသော အပေါင်ပစ္စည်း တစ်ခု ဖြစ်၏။ ဘဝကို ပေါင်နှံထားခဲ့ရသည်မှာ (၆) နှစ်ပင် မကတော့။ ကျွန်တော့ပြေစာ နံပါတ်က ****/စီ။ မီးခံ သေတ္တာကို သော့နှစ်ထပ် ခတ်လျက်။ နေ့၊ ည ဝန်ထမ်းများ အစောင့်ချထားသည်။ မီးခံ သေတ္တာထဲ၌ ဘာပျော်ရွှင်မှု အလင်းရောင်မှ မရှိခဲ့ပါ။ စာနာမှု လေဝင်လေထွက်လည်း ဘယ်လိုမှ မကောင်း။ မီးခံ သေတ္တာထဲတွင် လောင်နေသော မီးများရှိ၏။ ဗုဒ္ဓဟူးနေ့ဆိုလျှင် အပေါင်ခံ ပစ္စည်းအတွက် မိသားစုဝင်တွေ အတိုးလာရောက် ပေချေကြပေမည်။ နာကျင်မှုဖြင့် ထုတ်ပိုးထားရှိသော အပေါင်ပစ္စည်းများ။ အရွေးခံဖို့ စောင့်နေသည့် အပေါင်ပစ္စည်းများ။ အတိုးတောင်မှ မှန်မှန် လာမပေးနိုင်သူတွေရဲ့ အပေါင် ပစ္စည်းများ။ ထိုအပေါင် ပစ္စည်းတိုင်းမှာ အသွေးအသား ရှိသည်။ ကို**မိုး သည်လည်းကောင်း၊ **** ၊ **** သည်လည်းကောင်း ပျောက်ဆုံးသွားသော အပေါင်ပစ္စည်းများဖြစ်ခဲ့သည်ကို မည်သူမျှ မငြင်းနိုင်။


၂။ ဓါးအိမ်

ဓါးအိမ်ထဲ အသွင်းခံထားရသော ဓါးလို အခန်းထဲမှာ ကျွန်တော် နေထိုင်နေရ၏။ ဓါးက ဓါးအိမ်ထဲကနေ အပြင်ကို ချောင်းမြောင်းကြည့်နေသည်။ အမှောင်ကို ခုတ်ထွင် ရှင်းလင်းခဲ့သော ဓါး။ သူ့ အသွားကို ရန်သူဘက် အမြဲလှည့်ထားသည့် ဓါး။ အမှန်တရားက ကျောပေါ်မှာလွယ်ပို၍ သွားလေရာ ဆောင်ထားသော ဓါး ဖြစ်သည်။ ဒုက္ခတရား ဓါးသွေးကျောက်ပေါ် ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် အဖန်ဖန် သွေးလျက်။ ရှည်လျား ကျဉ်းမြောင်းလှသော ဓါးအိမ်ထဲ ထိုးသွင်း ထည်ထားသော ဓါးတစ်လက်၏ အလျားက (၆) နှစ် မက ရှည်လျားခဲ့ပေပြီ။ ဓါး အိမ် အတွင်း နံရံများက ဓါးကို မလှုပ်နိုင်အောင် ထိန်းချုပ် ဖိညှပ်ထားသည်။ “ဓါး” ကား အသက်ရှု မဝတော့။ မှောင်မဲ နက်ရှိုင်းသော ဓါးအိမ်ခြောက်ကြိးထဲ ခြေချော်လိမ့်ကျသွားသလိုမျိုး။ ဓါးအိမ် အတွင်းမှ ပြန်မတတ်နိုင်ဘဲ ရှိနေသည်။ ယခုတော့ ဓါးသည် သူ့ကိုယ်သူ ပြန်ခုတ်သည်။ မရှောင်နိုင်။

 

၃။ ပခြုပ်

မြွေလိုတော့ ခွေ မနေပါ။ စင်းစင်းနေသည်။ ရင်နဲ့သာ တွားသွားနေရသည်မှာ (၆) နှစ် စွန်းခဲ့၏။ အလမ္ပါယ် ဆရာကို ဘယ်မြွေကများ ချစ်နိုင်ပါမည်နည်း။ ဘူးသီးခြောက် ပုလွေသာ မရှိလျှင် ကျိုးနွံနေစရာ မလို။ ယခုလို ပခြုပ်လို အခန်းထဲကနေ ဝင်လိုက် ထွက်လိုက်။ အချိန်ကာလကသာ အရေခွံ အကြိမ်ကြိမ်လဲသွားသည်။ အကြေးခွံတွေ “ပြောင်း”ချင် “ပြောင်း” မည်။ ကျွန်တော့် အဆိပ်ကို ကျွန်တော် ဘယ်တော့မှ မစွန့်နိုင်။ ပခြုပ်အိပ်ထဲမှာ ကြွက်ဖြူတစ်ကောင်၊ ကြွက်မဲ တစ်ကောင်၊ နေ့နဲ့ ညသည်သာ နေ့စဉ် အစာဖြစ်သည်။ ရှည်လျားသော အတိတ်ကို ခွေထားရာမှ အမြီးတဆုံး ဆန့်ကြည့်လိုက်တော့ အမာရွတ်တွေက လက်ထောက်တိုင်း မလွဲ။ ငယ်ဘဝ စွပ်ကြောင်းများသည်လည်း ဘယ်လွင်ပြင် ဘယ်လျှိုမြောင် ကြားတွင် ကျန်ရစ် ခဲ့သည် မသိ။ မြွေဖြစ်ပြီး ကြိုးလို စီမံရာ ခံနေရသော မြွေ။ ပခြုပ်ထဲမှ ထိုမြွေသည် ငှက်တွေ အချင်းချင်း ပြောဆိုနေကြသော တောင်တန်း တောအုပ်များ အကြောင်း အိမ်မက် မက်နေရလေ၏။

 


၎။ ကမာအိမ်

ဒုက္ခ ပင်လယ် ကြမ်းပြင်အောက်မှာ ကမာအိမ်ကလေးကို ချထားသည်။ ကျွန်တော် နေထိုင်သည့် အခန်းနှင့် တူသော ကမာအိမ်။ ဝေးလံခေါင်ဖျားသော အရပ်ဒေသတစ်ခုမှ ကမာအိမ်။ ထို ကမာအိမ် ထောင်ချောက် အတွင်းထဲရှိ ကမာကောင် ကလေးကား ကျွန်တော် ဖြစ်၏။ ကျွန်တော့် ရင်ထဲမှာ နာကျင်မှု အထပ်ထပ် ဖုံးနေသော ပုလဲများလည်း ရှိခဲ့ပါပြီ။ လေးလံသော လေထု ဖိအားကြောင့်သာ မဟုတ်လျှင် ပုလဲကလေးတွေကို ဖန်တီးနိုင်ဖို့ဆိုသည်မှာ မသေချာပါ။ ရင်ထဲက အဆိုင်အခဲကို ကြိတ်ချေဖို့ နှလုံးသားမှ ထုတ်လုပ်သောအရာကား အနုပညာဖြစ်သည်။ သောက လှိုင်းရေများမှာ ကမာကောင်လေးကို ဖြတ်စီးလျက်။ ကမာကောင်၊ ကျွန်တော်၊ ရင်စီးခံရုံမှလွဲ၍ အခြားမရှိ။

 

၅။ လှောင်ချိုင့်

ကျွန်တော့်ကို ကြက်တူရွေး တစ်ကောင်လို လှောင်ချိုင့်ထဲ ထည့်၍ ကာလ ဘယ်လောက် ကြာကြာ မွေးမြူထားကြဦးမည် ဆိုတာ မည်သူမျှ မပြောနိုင်။ အတောင်ပံတွေ ရှည်လာတိုင်း အညှပ်ခံရသည်။ ဒဏ်ရာတွေ ရှည်ရှည်လာတာ ကျတော့ ဘယ်လိုများ ဖြတ်ကြပါမည်နည်း။ အလွမ်းတွေက ငရုပ်သီးလို စပ်ချင်သလောက် စပ်စေဦးတော့။ထို အလွမ်း စပ်စပ်သည်ပင် ကျွန်တော့် အစာ။ အစပ်ဆုံး အလွမ်းများကို နေ့စဉ် မှီဝဲ နေရလေသည်။ “စာနာပါတယ်” ဆိုသည့် စကားကို တတ်အောင်သင်ယူရတာ ဘာမှ မခက်။ တကယ် စာနာဖို့ကျတော့ ဆိုင်ရာ ဘဝ တွေကို အစားဝင်ကြည့်နိုင်မှ ဖြစ်မည်။ ဤ လှောင်ချိုင့်သည်ကား ကျွန်တော့်အတွက် အတောင်ပံ ဖြန့်သာရုံလောက်တောင်မှ နေရာ အကျယ်အဝန်း မရှိခဲ့ပါ။ ကောင်းကင်နှင့် ရှုမြော်ခင်း ဘဝ မြင်ကွင်း အားလုံးကို ဆင်ဆာ ဖြတ်ထားသော လှောင်ချိုင့်ကလေး။ လှောင်ချိုင့်ကလေးသည် သုံ့ပန်း ငှက်၏ တေးကို နားဆင် ခံစားတတ်မည်ဟု ကျွန်တော် မထင်ပါပေ။

 


၆။ ရုပ်ရှင်ရုံ

ရုံထဲကို ကျွန်တော် ဝင်ကြည့်ခဲ့သည်မှာ ကြာပြီ။ ကျွန်တော့်ကို ပြန်ထွက်ခွင့် မပေးသေး။ လေးဘက် လေးတန်မှာ ထောင်ထားသည်က အဖြူရောင် ပိတ်ကားများ။ ပိတ်ကားပေါ်မှ အရုပ်တွေကို စိတ်မျက်စိဖြင့် ကျွန်တော် မြင်နေရပေ၏။ အတိတ်ရုပ်ရှင်တွေ တစ်ကားပြီး တစ်ကား။ တစ်ချို့မှာ ထွေလာလို တပိုင်းတစ။ တချို့ကျတော့ ဇာတ်သိမ်းခန်းမပါ။ ဇာတ်ကားတိုင်းမှာလည်း ကျွန်တော်ကိုယ်တိုင်သည်ပင် ဇာတ်လိုက်။ ဒါပေမယ့် လူကြိုက်နည်းသည် ဇာတ်လိုက် ဖြစ်လိမ့်မည်ထင်၏။ ရုပ်ရှင်ရုံက ပြပြီးသားတွေလည်း ပြန်ပြသည်။ သရုပ်ဆောင်က မကောင်း။ ချစ်ခန်း ကြိုက်ခန်းကျတော့ မပါသလောက်။ ပြန်ရိုက်ဖို့ ကောင်းသော ရုပ်ရှင်ကားတွေ ဖြစ်သည်။ ပြန်ရိုက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်။ ကိုယ်ကိုယ်တိုင် ရိုက်ကူးထားသော ရုပ်ရှင်ကားခွေကို ကိုယ်တိုင်ပြန်ကြည့်၍ မကြိုက်နိုင် ဖြစ်နေရသည်။ ရုံဝင်ခ အဖြစ် ဘဝကို အဖိုးအခ သဖွယ်ပေးထားသည်။ ရုပ်ရှင်ရုံကတော့ အပြင်ထွက်နိုင်မည့် တံခါးတွေ အကုန်ပိတ်ထားဆဲ။

နိဂုံး

မီးခံ သေတ္တာ၊ ဓါးအိမ်၊ ပခြုပ်၊ ကမာအိမ်၊ လှောင်ချိုင့်၊ ရုပ်ရှင်ရုံ။ ကျွန်တော် နေထိုင်လျက် ရှိသော အခန်းငယ်ဒ အမည်နာမ အမျိုးမျိုးကို ချရေး ကြည့်မိခြင်း ဖြစ်သည်။ ထို အခန်းသည် ကျွန်တော့်ကို မြို့ချထား၏။ ထို အခန်းသည် ကျွန်တော့်ကို ထုတ်ပိုးထား၏။ ထိုအခန်း ရှိမှန်းတောင်မှ လရောင်သည် မသိခဲ့။ ကိုယ်ချင်းစာ တရားတွေ အရောက်အပေါက် နည်းသော တောခေါင်ခေါင် တောင် အကြို အကြားက အခန်းလေး ဖြစ်သည်။

အခန်း၏ အထီးကျန် ဆန်ပုံမှာ ပင်လယ်ထဲမှ ကျွန်ကလေးနှင့် တူနေမလားတောင် မသိတော့။

အခန်းထဲတွင် သဲကန္တာရကြီး တစ်ခု ထည့်သွင့် ဖြန့်ချထား၏။ ကန္တာရ ရှားစောင်းပင်ကလေးလို ပေါက်ရောက်နေရသူက ကျွန်တော်ပဲ မဟုတ်လား။ ကျွန်တော့်မှာ ပျော်ရွှင်မှု သစ်ရွက်ဆိုလို တစ်ရွက် တလေမှ ဝတ်ဆင်ထားခြင်း မရှိ။

ကျွန်တော့် ဘဝက အရေခွံထူသည်။ ကျွန်တော့် ကိုယ်ပေါ်မှာ ကဗျာ ပါဒ ဆူးများ တပ်ဆင်ထား၏။ ကျွန်တော့် ပင်စည်ထဲမှာပဲ ကျွန်တော် ပန်းတွေ ပွင့်နေခဲ့သည်။ ထိုအကြောင်းကို အခုတိုင် ဘယ်သူမှ မသိကြသေး။

မြားအိမ်

၁၀ စက်တင်ဘာ ၂၀၀၄