Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

ah-pyin-pyay

 

 

 

ဘာရယ်လို့တော့ မဟုတ်ပါဘူး။ စပ်မိစပ်ရာ အပျင်းပြေ ပြောတဲ့ သဘောပါ။ ငယ်ငယ်က မြို့လေးမှာ အရမ်းဖွတတ်တဲ့ ဦးအိလယုံ ဆိုတဲ့လူအကြောင်း ပြောပြချင်လို့။ ကိုယ်တို့မြို့ကလေးက အင်မတန် အေးချမ်းတာ။ တောမြို့လေးကိုး။ ရေနံဝပြီး မဲမှောင်နေတဲ့ သစ်သားအိမ်လေးတွေက ကုက္ကိုပင် အုပ်အုပ်ကြီးတွေထဲ ၀ပ်လို့။ ညနေစောင်းတာနဲ့ နွားတင်းကုတ်တွေဆီကနေ ညဘက် နွားတွေကို မှဲ့ခြင်မကိုက်အောင် မီးဖိုပေးထားတဲ့ဆီကနေ မီးခိုးတွေက မြို့လေးပေါ် အူတက်လာ။ ညစာကို မမှောင်ခင်စားကြ။ညဦးပိုင်း အိမ်နီးချင်းတွေအိမ်မှာ ရေနွေးကြမ်း အိုလေးနဲ့ ၀ိုင်းဖွဲ့တဲ့လူ ဖွဲ့။ ရေဒီယို ရှိတဲ့အိမ်မှာ  သွားပြီး စုဝေးတဲ့သူက စုဝေး။ ကလေးတွေက မီးမှိန်မှိန်လေး မှာ စာအံကြ။ တစ်မြို့လုံးမှာမှ ရောင်စုံ ရုပ်မြင်သံကြားလေးက တစ်လုံးရှိတာ။ ရုပ်ရှင်က တလလောက်ကြာမှ တစ်ခါပဲလာတာ။ (၃) ကားပေါင်း မိုးလင်း အ၀ကြည့်ပေတော့။ ပြောချင်တာက ငယ်ငယ်တုန်းမြို့လေးဟာ နှေနှေးကွေးကွေးလေးနဲ့ အေးအေးဆေးဆေး လေးဆိုတာပါပဲ။ 

 

အဲဒီလို အေးဆေးတဲ့ ညလေးတွေကို တစ်ခါတစ်ခါ လှုပ်လှုပ်ရှားရှား ဖြစ်သွားအောင် လုပ်တတ်သူက တော့ ဦးအိလယုံပါ။ သူလာပြီဆိုတာနဲ့ လူမမြင်ရခင်မှာ သူ့အသံဝါကြီးကို ပထမဆုံး “စ ကြားရပါတယ်။

ဟေး လို့ အကျယ်ကြီးအော်လိုက်ရရင် ကောင်းမလား  တဲ့။

အဲဒါ ပထမဆုံးစ ကြားရမဲ့အသံ။ ဒါဆို အားလုံး နားလည်လိုက်တယ် ဦးအိလယုံ မူးလာပြီ။ ကလေးတွေ က စာအံနေတာကိုရပ်ပြီး အမေတွေပေါင်ပေါ် ပြေးတက်မယ်။ စကားဝိုင်းတွေက ရပ်ပြီးတစ်ယောက် မျက်နှာတစ်ယောက် ကြည့်ကြမယ်။ အားလုံးက အသာ နားစွင့်ထားမယ် ဘာများထပ်ကြားရဦးမလဲ။

အဲဒီအချိန် လမ်းပေါ်ထွက်ကြည့်ရင် တွေ့ရမှာ က ပုဆိုးကို ခါးပုံစ အကြီးကြီး ဖြစ်အောင် ရှေ့ထုတ် ချပြီး မညီမညာကြီး ၀တ်ချင်ဝတ်မယ်။ ခါတရံ ဘောင်းဘီတိုတို ပွပွကြီးနဲ့ ပုဆိုးကို ဂွင်းသိုင်းထားမယ်။ ဘိနပ် ကတော့ ဘယ်တော့မှ မစီးဘူး။ အကျီကလဲ မ၀တ်တာ များပါတယ်။ နေ့ခင်းဘက် တစ်ခါတစ်လေတော့ အင်္ကျီလေး ဘာလေး ၀တ်တာတွေ့ဘူးပါရဲ့။ ကြယ်သီးကတော့ ဘယ်သောအခါမှ မတတ်ဘူး။ ဟကွဲ။ လေးဂွတစ်လက်ကလည်း သွားလေရာအမြဲပါတယ်။ လောက်စာလုံး လေးငါးလုံးက ခါးပိုက်ထဲမှာ။ အမြဲ ထိုးဟောင်လေ့ရှိတဲ့ ခွေးအုပ်တွေနဲ့ စစ်ခင်းဘို့က လိုသေးသကိုး။ လက်ကတော့ ဖျောင့် မှဖျောင့်။ ဘယ်လောက် မူးနေနေ သူ့ခြံထဲက ကြက်တွေကို ပစ်တဲ့အချိန် သွားကြည့် ခေါင်း ဆိုခေါင်း။ ရင်အုပ်ဆို ရင်အုပ်ပဲ။

သူ့ အလုပ်က မနက်အစောကြီးထ။ ဒေါ်လုံး ဈေးသွားရောင်းဘို့ ကြက်နဲ့ ဘဲတစ်ချို့ကို သတ်။ အမွှေး စင်အောင် နုတ်ပြီး ဈေးဘမ်း ထဲ ထည့်ပေးလိုက်။ ဒါဆို ပြီးပြီ။ ဒေါ်လုံး ဈေးသွားရောင်းချိန်မှာ ထမင်းကျန် တာနဲ့ ဆန်ကွဲတွေကို မြေပေါ်ပစ်ကြဲပြီး ကြက်စာကျွေးထား။ ရွာနီး ချုပ်စပ်က ကြက်ဘဲ အရှင်တွေလာရောင်းရင် ချိန်ခွင်နဲ့ ချိန်၊ ပြီး .. ခြင်းထဲတည့်ထား။ မလုံးပြန်လာမှ ဟင်းချက် ထမင်းစား။ ပြီး .. တောနဲ့ မြို့နဲ့ ခပ်လှမ်းလှမ်း ရွာတွေက အရက်ဖိုတွေဘက် လှည့်တော့တာပဲ။ အဲ .. ညနေ ညနေ မှောင်ရီ ဖြိုးဖျ အချိန်ကျပြီလား ဆိုရင်တော့ လေးကွက် သိုင်းနဲ့ မှုန်မှိုင်းပြီးတော့ ၊အိလယုံရဲ့ မြို့အ၀င်ညပေါ့။

အဲဒီတုန်းတော့ မဆလ ခေတ်လေ။ အခုလို အရက်ဆိုင်တွေ မှိုလို ပေါက်နေတဲ့ ခေတ် မဟုတ်သေးဘူး။ အစိုးရရောင်း တဲ့ ဘီအီးဒီစီ အရက်ဆိုင်ဆိုတာ ဘူတာရုံနားမှာ တစ်ဆိုင် ရှိတာ။ ခွဲတမ်းနဲ့ ကိုတာနဲ့ ရောင်းတာ။ ပြီးရင် ပြတ်သွားရော။ ဒီတော့ တောလို့ ခေါ်တဲ့ ချက်အရက်ပဲ အဓိကထား သောက်ကြရတာကိုး။ အရက်သောက်တဲ့ လူ ဆိုတာလဲ တော်တော် ရှားပါတယ်။ ကြိုက်လို့ သောက်တောင် ပုန်းရှိုးကွယ်ရှိုး သောက်ကြတာ များပါတယ်။ အရက်သမား တစ်ယောက် ရပ်ကွက်ထဲ ရေချိန်လွန်ပြီး ၀င်လာပြီဆို ခွေးတွေကဟောင်။ ကလေးတွေက ကြောက်လန့်ပြေး။ လူကြီးတွေ က အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်။ ဒါကြောင့် ခွက်ပုန်းသမားတွေ များတယ်။ အဲဒီထဲမှာ ဘယ်သူ အထင်သေးသေး ဂရုမစိုက်ဘူး။ ငါ့ဖါသာ ငါမူးမယ်။ လဲချင် လဲမယ်ဆို ….. ပြီး အရက်သမား ဘွဲ့ခံသောက်တဲ့လူ ဆိုတာက တမြို့လုံး လိုက်ရေရင် လက်ငါးချောင်းတောင် မပြည့်ပါဘူး။ အဲဒီထဲမှာ ထိပ်ဆုံးကပါတာကတော့ ဦးအိလယုံပေါ့။ သူ့ ကျတော့ လူမမြင်ရသေးဘူး အသံဝါကြီးက အရင်ကြားရတော့တာ။ တစ်ညမှာ မူးလာပြီး ဘာထအော်လဲဆိုတော့ “ဗမာပြည် ကော်မနစ်ပါတီ ဥက္ကဌကြီး သခင်သန်းထွန်းက ဘာပြောသွားလဲဆိုတော့ ဆိုပြီး ထအော်လိုက်တာ။ ကျုပ်တို့ အရပ်သားတွေက ကွန်မြူနစ်ကို ကော်မနစ်လို့ပဲ နှုတ်ကျိုးနေကြတယ်။ အဲဒီလို အော်ချလိုက်တော့ စကားဝိုင်းဖွဲ့နေတဲ့ လူတွေ အားလုံး တိတ်သွားတာ။ ပြသနာတော့ စ ပြီပေါ့လေ။ သိတဲ့အတိုင်း မဆလ ခေတ်လေ။ ရေဒီယို နားထောင်နေတဲ့ လူတွေတောင် ရေဒီယို ပိတ်ပစ်လိုက်ပြီး နားစွင့် နေကြတာပေါ့။ မူးမူးနဲ့ ဘာတွေပြောတော့ မှာလဲ။ ဒီကောင်တော့ ဒုက္ခ ရောက်တော့ မှာပဲပေါ့။ တစ်ချို့ကျတော့လဲ သခင်သန်းထွန်းက ဘာများ တန်ဘိုးရှိတဲ့စကား ပြောခဲ့ ပါလိမ့်ပေါ့။ သိချင်ကြတယ်။ ခက်တာက ရှေ့ဆက်ပြီး ဘာမှ ပြောတာ မကြားရပဲ။ ခပ်လှမ်းလှမ်း ရောက်တော့ တစ်ခါ “ဗမာပြည် ကော်မနစ်ပါတီ ဥက္ကဌကြီး သခင်သန်းထွန်းက ဘာပြောခဲ့သလဲ ဆိုတော့ … ဆို လုပ်ပြန်ရော။ ပြီး အင်း အဲ နဲ့ ယိုင်ထိုး ယိုင်ထိုးနဲ့ ဆက်သွားပြန်ရော။ အဲဒါကိုပဲ မြို့ ပတ်ပြီး ထပ်ခါထပ်ခါ အော်နေတာပါဆို။ ညနက်တဲ့ အထိ ကော်မနစ် ဥက္ကဌကြီးဆိုတာ ကြားနေရတုန်း။ အဲဒီလို။

တစ်ညမှာတော့ မြို့ကလေးမှာ တစ်ဆိုင်ပဲရှိတဲ့ အစိုးရပိုင် သစ်ဆိုင်ကနေ ထပြီး မီးလောင်ပါလေရော။ အရပ်ကလူညီတော့  ၀ိုင်းငြိမ်းသတ်လိုက်ကြတော့ အိမ်တွေကိုမီးမကူးဘဲ သစ်ဆိုင်တင်လောင်ပြီးငြိမ်းသွားရော။ နောက်တစ်နေ့ ညလဲရောက်ရော “ဟေး ….. လို့အော်လိုက်ရရင်ကောင်းမလား ဆိုတဲ့ ဦးအိလယုံ အသံကြီးပေါ် လာ ပြီးမှ၊ ဘာဆက်အော် သွားလဲဆိုတော့..

ယမန်နေ့ ညက အစိုးရ သစ်ဆိုင်ကို လောင်ကျွမ်းတဲ့ မီးဟာ သစ်ခွဲသားများတင်မက စာရင်း စာအုပ်များကိုပါ လောင်ကျွမ်း သွားပါတယ်တဲ့ ခင်ဗျား

သတင်း ကြေညာသလို ဒါပဲ ထပ် ထပ် အော်နေတာ။ ဓါတ်သိတွေကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးစိစိတွေ ဖြစ်ကုန်တာပေါ့။ ကောင်စီဝင်တွေ ကတော့ မျက်နှာ မဲမှောင်နေတော့တာ။

တစ်ည ရောက်တော့ ဘယ်ကနေ ဘယ်လို ပေါက်ပေါက်ရှာရှာ စိတ်ကူးရလာ တယ်မသိဘူး။ အရင်းမရှိ အဖျားမရှိ ဘာ ထအော်ပြန်လဲဆိုတော့ …….

ရဲနဲ့ သူခိုးနဲ့ ပေါင်းပြီး မီးသတ်ယောင် ဆောင်နေကြတယ် …. တဲ့။

အဲဒါကိုပဲ အော်နေတာ။ ကြားရတဲ့ လူတိုင်း ကြိတ်ပြီး မပြံုးဘဲ မနေနိုင်ဘူး။ သိပ် စပ်စုချင်တဲ့ လူတွေက မနေနိုင်ဘူး လမ်းပေါ်ထွက် ပြီးပြုံးစစနဲ့ ဦးအိလယုံ လုပ်စမ်းပါဗျ ခင်ဗျားဟာ အဓိပ္ပါယ်လေး ရှင်းစမ်းပါဦး ဆိုပြီး ထပ်ဖွ ကြတာပေါ့။ ဦးအိလယုံ ပုံလဲကြည့် လူ က ယိုင်ထိုးနေပြီ။ ခေါင်းကို မတ်မတ် မထူနိုင်တော့ဘူး။ ဒါပေမဲ့ ပါးတယ်။

ငါလဲမသိဘူး အရက်ဆိုင်ထဲမှာ သူများပြောသွားတာ ကြားလို့ …. တဲ့။

အဲ တစ်ချို့ကျတော့ ပါတီလိုလို ကောင်စီလိုလိုမှာ နေရာလေးနဲနဲ ရထားတော့ သိတဲ့အတိုင်း မရှိမဲ့ရှိမဲ့ အစွယ်လေးကို ကြုံ … ကြုံသလို ထုတ်ပြချင်တဲ့ ကောင်မျိုးတွေလဲ ရှိသေးတာကိုး။ အဲဒီတော့ လမ်းပေါ်တက်လာပြီး မျက်နှာကို လက်နှိပ်ဓါတ်မီးနဲ့ ဖမ်းထိုးလိုက်ပြီး လေသံခပ်တင်းတင်းနဲ့ “ဟေ့ကောင် မင်းကိုဘယ်သူပြောလဲ ဆိုတာမျိုး လုပ်တာပေါ့။ ဦးအိလယုံက ခြေလှမ်း ယိုင်ထိုး ယိုင်ထိုး လှမ်းနေရင်းက

ဟာ အဲဒါ .. မင်းပြောသွားတာလေ မင်း ညနေကပြောသွားတာ …..  ရဲတွေနဲ့ သူခိုးတွေနဲ့ ပေါင်းပြီး မီးသတ်ယောင်ဆောင် နေကြတယ်ဆိုပြီး မင်းပြောသွားတာ ခုထိ ဘာအဓိပါယ်ကို ဆိုလိုနေမှန်းကို နားမလည်လို့  …. ခု ထိ စဉ်းစားနေတာ …  ခု အတော်ပဲ အဲဒါ ဘာအဓိပ္ပါယ်လဲ တဲ့။

အဲလို အမှုဖမ်းတွဲ ပြစ်လိုက်တော့တာ။ ဘယ် ဆက်နေရဲတော့မလဲ ချက်ချင်း ကျားလို နောက်ဂျွမ်းပစ် မပြေးယုံ တစ်မယ်ပဲ။ ပြန်ဝင်ပြေးသွားတာ။ အိမ်တွေထဲက နားထောင်နေတဲ့ သူတွေကတော့ ကြိတ် လက်ခုတ်တီးကြတာပေါ့။ မနက်ခင်း ဈေးထဲမှာ ဈေးဝယ်လာကြတဲ့ မိန်းမတွေကို  ဦးအိလယုံကို ဘယ်လိုမှ ကြည့်မရတဲ့ ဦးကျုပ်ကူ ကအစ ဘာပြောလဲဆိုတော့

ဟဲ့ ကောင်မတွေ သတိထားကြနော် …  ရဲ တွေနဲ့ သူခိုးတွေနဲ့ ပေါင်းပြီး မီးသတ်ယောင် ဆောင်နေကြတယ်  ……. တဲ့။

ဦးကျုပ်ကူ အိမ်က ဦးအိလယုံ အိမ်နဲ့ မျက်နှာချင်းဆိုင်မှာနေတာ။ ဟုတ်တယ် နာမည်က ဦးကျုပ်ကူ တဲ့ အလုပ်က ဦးထုပ် ချုပ်တယ်။ သူ့ အိမ်လေးက သစ်သား ပျဉ်ထောင်သွပ်မိုး။ ခြံထောင့်မှာ ဆိုင်သေးသေးလေး ရှိတယ်။ စံတော်ချိန် ဦးထုပ် အမျိုးမျိုး ချုပ်သည်တဲ့။ သိသလောက်တော့ ဒီလောက်လဲ ချုပ်ဘို့ အပ်ကြတာ မတွေ့ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ မြို့မှာ ဦးကျုပ်ကူနဲ့ ပတ်သက်ပြီး ပြောစရာ တစ်ခုကတော့ ဦးနေ၀င်းလက်ထက် နိုင်ငံ့ဂုဏ်ရည်ဆု ဆိုတာတွေပေးတဲ့ အကြောင်း သတင်းစာတွေထဲမှာ ကြေငြာတော့ ဦးကျုပ်ကူ နာမည်က မော်ကွန်းဝင် တတိယဆင့်လား ဒုတိယဆင့်လား ကောင်းကောင်းတော့ သတိ မရတော့ပါဘူး။ အဲဒါ ရတဲ့ အကြောင်း ပါလာရော။ အဲဒီတော့ ဒီ ပုဂ္ဂိုလ်ကြီးက ဘာလုပ်ခဲ့ဘူးလို့လဲ ဆိုပြီး မေးခွန်းတွေ အချင်းချင်းမေးစုံစမ်းကြတာပေါ့။

တစ်ချို့ ကပြောတော့ ဘီ၊ အိုင်၊ အေ မှာ ပါဘူးတယ်တို့ တစ်ချို့က ဂျပန် တော်လှန်ရေး အထိ မပါပါဘူး။ အဘိုးကြီး ကိုယ်တိုင်ဆီကလည်း သူ ဘယ်လို စွန့်စားခဲ့တယ် ဆိုတာမျိုးလဲ မှတ်မှတ်ရရ ပြောခဲ့ဘူး တာမရှိပါဘူး။ ဒါပေမဲ့ မနက်ဘက် ဈေးသွားရင်တော့ ဂျပန်ခေတ်က စစ်ယူနီဖေါင်းလို့ ယူဆမယ်ဆို ယူလို့ရတဲ့ ကာကီရောင် သက္ကလပ် လောင်းကုတ်ကြီး အမြဲဝတ်လေ့ရှိသလို၊ အဲဒီ ကုတ်အင်္ကျီအိပ်မှာ အဲဒီ မော်ကွန်းဝင် တံဆိပ်ကြီး အမြဲ ထိုးထားတတ်တယ်။ ဦးကျုပ်ကူက ဇနီးရှိပါလျက်နဲ နေ့စဉ် ဈေးကိုလာပြီး ဟင်းချက်စရာ ၀ယ်လေ့ရှိတယ်။ ဈေးလာပြီဆိုရင်လဲ လမ်းမှာ သူနဲ့ ရင်းနှီးတဲ့ လူတွေ အိမ်ကိုဝင်ပြီး တစ်ညလုံး သူနားထောင်ခဲ့သမျှ ရေဒီယို သတင်းတွေကို ဟောင်ဖွါဟောင်ဖွါနဲ့ဖေါက် သည်ချမယ်။ ဈေးရောက်လဲဒီလိုပဲ။

ကျုပ်တို့မြို့မှာ တစ်ခုခု ထူးထူးခြားခြား ဖြစ်ပြီဆိုလဲ သူ့ဆီက စကြားရမယ်။ မြို့ရဲ့  ထပ်ဆင့်လွှင့် မီဒီယာကွလို့ ကွယ်ရာမှာတစ်ချို့က ခေါ်ကြတာပေါ့။ လူပုံက ခပ်ပါးပါး၊ လေသံကတော့ အိမ်တအိမ်ထဲသူ ၀င်စကားပြောနေရင် အိမ်နီးချင်းတွေကပါ အတိုင်းသားကြား နေရတယ်။ နောက်တော့ သူ့အိမ်နားနေတဲ့ ကျုပ်တို့ သူငယ်ချင်း ဂျပုဆိုတဲ့ကောင် ဖေါက်သည်ချတော့ သိရတာက၊ သူ့ ဇနီးမကြီးက အတော့်ကို နားလေးဆိုပဲ တော်တော်အော်ပြောမှ ကြားဆိုပဲ။ သူ့ ဇနီးကို နေ့စဉ် “အော် ပြောရပါ များပြီး ကျန်တဲ့ လူတွေကိုပါ နားလေးနေတဲ့ လူတွေပဲလို့ ယူဆပြီး အကျင့်ပါသွားပုံရတယ်။ စိတ်ကလဲ တိုမှတို။ အထူးသဖြင့် ကျုပ်တို့ ကလေးတွေဆို မျက်နှာသာကို မပေးဘူး။ သားသမီးလဲ မရှိဘူး။ လင် ကိုယ်မယား နှစ်ယောက်ထဲ နေကြတာကိုး။ ကျုပ်တို့ ကလေး အုပ်စုတွေက သူ့ကို မျက်နှာ တင်းတင်းကြီးနဲ့ ဆိုတော့ လန့်လည်းလန့်တယ် စလည်း စချင်တယ်။ကျုပ်တို့ အဘို့ သူ့ နာမယ် ဦးကျုပ်ကူ ဆိုတာကြီးက တစ်ခြားလူတွေ နာမည်လိုမဟုတ်ပဲ၊  ရီစရာကြီး။ ကျုပ်တို့က ကျောင်းကအပြန် သူ့ အိမ်ရှေ့ ရောက်ပြီ ဆိုတာနဲ့ ရှေ့က တစ်ယောက်က “မုန့်ဖက်ထုပ် ပူပူလေး လို့ အော်လိုက်ရင် နောက်က တစ်ယောက်က မကုန်ရင် ကျုပ်ကူ ရောင်းပေးမယ် ဆိုပြီး ပြေးတော့တာပဲ။

အဘိုးကြီးက စိတ် မထင်ရင်တာ လမ်းပေါ် ထွက်လိုက်တာ။ တုတ်ကြီးနဲ့။ တစ်ကျိုးတည်းသာ လစ်ပေတော့။ အဲဒီဟာ ကျုပ်တို့ ဘယ်လောက်ထိလဲဆိုရင် တက္ကသိုလ်တွေရောက်ပြီး၊ ကျောင်းပိတ်ရက် မြို့ ပြန်ရောက်လို့ ညဘက် စက်ဘီးတွေနဲ့ သူ့အိမ်ရှေ့ ဖြတ်ရင် မုန့်ဖက်ထုပ် ပူပူလေး လို့အော်မိနေတုန်း။

ဦးကျုပ်ကူ က ဦးအိလယုံကို အိမ်ချင်း မျက်နှာချင်းဆိုင်ဆိုပေမဲ့ နဲနဲမှကို ကြည့်မရတာ။ သောက်စား မူးယစ်နေတဲ့ စရိုက်ကို မကြိုက်တာလဲ ဖြစ်နိုင်သလို။ ကြက်သံ တွေ၊ ဘဲသံတွေ ခါတရံ ၀က်သံတွေပါ ဆူညံ ညစ်ပတ် နေတာကလဲ တစ်ကြောင်း။ ကြက်သတ် ၀က်သတ်နဲ့ အကုသိုလ်ကောင် တစ်ကောင်လို့ သတ်မှတ်ထားတာပါ။ သူ့မှာသာ ပါဝါ ရှိရင် ဒီလိုကောင်မျိုးနှိပ်ကွပ်ထားမှ ဆိုတဲ့ သဘောတားမျိုး ရှိပါတယ်။ ဒါပေမဲ့ ပါတီတို့ ကောင်စီတို့ကလည်း ဦးကျုပ်ကူကို နေရာ မပေးချင်ကြပါဘူး။ သူကိုယ်တိုင်ကလည်း ဟိုအော်ကျယ် အော်ကျယ် ဒီဟောင်ဖွ ဟောင်ဖွာလုပ် လုပ်ရတာ ပိုအရသာ တွေ့ပုံရပါတယ်။ ဒါကြောင့်လဲ တစ်ခါတစ်ခါ ဦးအိလယုံက မူးမူးနဲ့ ထိထိမိမိ အော်ဟစ်တဲ့ ညတွေဆို၊ မှတ်ထားပြီး မနက်ရောက်ရင် သူ့ပိုင်မီဒီယာပေါ်ကနေ ဖေါက်သည်ချ တတ်ပါတယ်။ တစ်အိမ်ဝင် တစ်အိမ်ထွက်လေ။

တစ်ခါကျတော့ ဦးကျုပ်ကူ ကို မော်ကွန်းဝင် ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်ပွဲတစ်ခု တက်ဘို့ ဖိတ်လို့ ရန်ကုန်ကို ပွဲတက် သွားရပါတယ်။ ပြန်လာနေ့မှာ ထုံးစံအတိုင်း အော်ကျယ် အော်ကျယ်နဲ့ ဖေါက်သည်ချရတာ အမောပေါ့။ အဲဒါ ကြည့်ပြီး အတော်မျက်စိ နောက်သွားပုံရပါတယ်။

 ညလဲရောက် ဦးအိလယုံ၊ က  …. “သူများသတ်သွားတဲ့ ဂျပန် အသေကို ဓါးနဲ့ခုတ်ပြီး မော်ကွန်းဝင် ဆုလျှောက်တာ ကျုပ် …….ဆိုပြီး လျောက်အော် ပါရော။ အိမ်ထဲ ကနေ အကုန် တခွိခွိ ဖြစ်ကုန်တာပေါ့။ တဖြည်းဖြည်း ဦးကျုပ်ကူ အိမ်ရှေ့ဘက် ရောက်လာတော့ လူတွေက တော်တော် စိတ်ဝင်စားလာတယ်။ ဦးကျုပ်ကူ ဒေါသကို သိကြတာကိုး။ ပွဲတော့ဖြစ်ပြီပေါ့။ အိမ်ရှေ့ ပြတင်းလေးတွေ အသာဟပြီး လမ်းပေါ်ကို မျှော်ကြည့်နေကြ တုန်းမှာပဲ၊ ဦးကျုပ်ကူကြီးတစ်ယောက် နှစ်တစ်လက်မကြီး တစ်ချောင်း ကိုဆွဲလမ်းပေါ်တက်လာတာတွေ့ ရတော့တာပဲ။ အဲ စပြီဟေ့ ပေါ့။

ဟေ့ကောင် အိလယုံ မင်း ငါ့ကို ဘာစော်ကား  တာလဲ။

ဘာရဲ (ဘာလဲတောင် မပီတော့) ကျုပ်ဘာသာ ကျုပ်အကြောင်းပြောနေတာ။

 “မင်း ငါ့ နာမည်ထည့် ပြောသွားတာပဲ။ .. ဘာ ဂျပန်သေကို ဓါးနဲ့ ခုတ်တာ ကျုပ် ဆို ပြောသွားတာ ငါ အတိုင်းသား ကြားတယ်ကွ။

ကျုပ်က ကျုပ် အကြောင်း ကျုပ်ပြောတာ ခင်ဗျားနာမည် က ကျူပ်ကူပဲ။

မင်းသက်သက်လူ ပါးဝတာပဲ။

လာမရှုပ်နဲ့ အလိုလိုကမှ ညစ်နေတာ၊ ဂျပန်ခေတ် တုန်းကထဲက ပစ်ထားခဲ့တဲ့ ဓါးကို ပြန်ယူပြီး ဆု ထပ်ကို လျှေက်ဦးမယ်။

အိမ်တွေထဲက နားထောင် နေသူတွေကတော့ ကြိတ်ရီနေ ကြရတာ။

အဲဒီလိုဆိုတော့ မေးစရာ တစ်ခုတော့ ရှိတာပေါ့။ အဲဒီလူတွေ မူးယစ် အော်ဟစ်နေတာ ရဲက အရေး မယူဘူးလားပေါ့။ တော ရဲစခန်းပဲ ပိုက်ဆံရမဲ့ ကိစ္စကလွဲရင် စိတ်မ၀င်စားဘူးပေါ့။ နောက်တစ်ခုက  ရဲမှန်သမျှကလဲ ဆိုင်ထဲမှာ ချည်းကို။ သောက်ကထဲက အတူတူ သောက်ပြီး ရေချိန်လွန်မှ ဆိုင်က ထွက်ကြတာ။ တိုင်တော့ တောတော့လဲ ရဲနှစ်ယောက်လောက် စက်ဘီးနဲ့ ရောက်လာပြီး “အိလယုံတက် ဆို စခန်း ခေါ်သွားလိုက်တာပေါ့။ အဲဒါ ဖမ်းတယ်ပေါ့။ ဟိုရောက်တော့ တစ်လုံးလောက်ထပ် အတူတူသောက်ပြီး အိပ်ခိုင်း။ မနက်လင်းတော့ ကြက်မွှေး နှုတ်ချိန် အမှီအိမ် ပြန်ရောက် လာတာပဲပေါ့။

အဲဒီလိုနဲ့ တစ်နေ့တော့ ဦးအိလယုံ တစ်ယောက် ဘယ်မှာဘာတွေ ဖြစ်လာလဲတော့ မသိဘူး။ တစ်ည စွေစောင်း နေအောင်မူး လာပြီး ….  “ငါ #*@#%$ တွေ …. ဆိုပြီး ခေါက်တုန့် ခေါက်ပြန် ဆဲနေတာ ညနက်ထိ။

နောက်ခဏ ကြာတော့ လမ်းပေါ်ကို ဦးကျုပ်ကူ လှံကြီးက တစ်ဖက် လက်နှိပ်ဓါတ်မီးတစ်ဖက်နဲ့ ထွက်လာပြီး …. “ဟေ့ကောင် ဒါလူတွေနေတဲ့ ရပ်ကွက်၊ လူတွေ အိပ်တဲ့ အချိန်ကွတဲ့။ မင်း မကျေနပ်လို့ ဆဲချင် အဲဒီလူကိုပဲဆဲ “တွေ .. တွေ ဆိုပြီး ခြုံမဆဲနဲ့ကွ။ မဆိုင်တဲ့လူတွေ နစ်နာတယ်ကွ။ ဆိုပြီးငေါက်ပါရော။

ဦးအိလယုံ ဆီက ထူးထူး ခြားခြား တုန့်ပြန်တာမကြားရပဲ၊ “ဗျာ … ဗျာ၊ ဟုတ် … ဟုတ်နဲ့ ကြားရတော့ အားလုံးက ဒီတစ်ခါတော့ ဦးကျုပ်ကူကြီးကို ကြောက်သားလို့ တချို့ ကပြောကြ။ လူကြောက်တာမဟုတ်ပါဘူး လက်ထဲက လှံကြောက်တာပါလို့ ပြောလိုပြော။ ပြောနေကြတုန်း။ ဦးအိလယုံ က ယိုင်ထိုး ယိုင်ထိုး သူအိမ်ဝင်းထဲ ၀င်သွား၊ ပြီး အိမ်အောက်မှာ ထိုးထားတဲ့ လှေကား ဆွဲထုတ်၊ ဦးကျုပ်ကူ အိမ်နဲ့ အနီးဆုံး ခြံထောင့်က သရက်ပင် မှာထောင်ပြီး အပေါ်ကိုတက်၊ ခွဆုံပေါ်ကျကျနန ထိုင်ပြီးပြီဆိုမှ စဆဲတော့တာ။

ငါ#@~$%@ကျုပ်ကူ ဆိုပြီး ထပ်ထပ် မိုးမွန်အောင်ဆဲ တော့တာ။ နောက်ဆုံး ဦးကျုပ်ကူ ကိုယ်တိုင် ရဲစခန်းသွားတိုင်လို့ ရဲက လာခေါ်သွားမှပဲ အဆဲရပ်တော့တယ်။

ရှစ်လေးလုံး ကာလလဲ ရောက်ရော ထုံးစံအတိုင်း ချီတက်ကြ။ ဟောပြောကြ။ လုံခြုံရေးအတွက်လဲ ခြံစည်းရိုး တွေခတ်ကြ။ စည်းကမ်းတွေ သတ်မှတ်ကြ။ အားလုံး အရေးတကြီး ရေဒီယိုနဲ့ နားနဲ့ ကပ်ထားကြတဲ့ ညကြီးမှာ အားလုံး မေ့လျော့နေကြတဲ့ ဦးအိလယုံ အသံကြီး ကြားလိုက်ရတာက၊

တစ်သက်လုံး ဖြတ်သွားနေတဲ့ လမ်း၊ ခုကျမှ စကားဝှက်နဲ့မှ သွားလို့ ရမတဲ့၊ တော်လှန်ရေး လုပ်နေတယ်လဲ ပြောတယ်၊ စကားဝှက်ကျမှ  စပယ်ငုံတဲ့၊ ဖေတော့ မောင်တော့တွေ။ …. ပေးပါလား  လင်းယုန်တို့၊ တိုက်မောင်းတို့၊ …. ဘာလဲ စပယ်ငုံတဲ့။ ရေဒီယို နားထောင်နေတဲ့ ခေါင်းဆောင်တွေပါ ဘယ်သူမှ မပြုံးဘဲ မနေနိုင်ကြပါဘူး။

နောက်နေ့ ည  စကားဝှက်ကတော့ “အိလယုံ အတု ပါတဲ့။                                       

ဒီလိုနဲ့ ရှစ်လေးလုံး လွန်ကာလတွေမှာ မြို့နဲ့ ဝေး၊ အိမ် ထမင်း အိမ် ဟင်းတွေနဲ့ ဝေးလွင့်လို့ လေးနှစ်ကျော် ကာလမှာတော့ မုန်တိုင်မိထားတဲ့ သင်္ဘာတစ်စင်းလို ဒဏ်ရာဗလပွနဲ့ မွေးရပ်မြို့လေးဆီ ပြန်ကမ်းကပ်နိုင်ခဲ့ပါတယ်။ ညဘက် လက်ဘက်ရည်ဆိုင်မှာ စကားစပ်ရင်း ခြောက်ကပ်ကပ်နဲ့ ဦးအိလယုံ အသံ မကြားရပါလားလို့ မေးမိတော့။ တစ်ညမှာတော့ ဦးအိလယုံက ရေချိန်လွန်ယုံမက လက်ပါလွန်သွားပါသတဲ့။ န၀တ ခေတ်မှာ လမ်းမီး မှိန်မှိန်လေးတွေကို မြို့ပြအင်္ဂါနဲ့ ညီအောင် မီးချောင်း ပြောင်းပေးမယ်ဆိုပြီး ငွေတွေလိုက်ကောက်။ မီးချောင်းတွေ ပြောင်းပေးပြီးခါမှ မီးက မှန်မှန်မလာ။ မီးသာမလာတာ လမ်းမီးဘိုးက လစဉ်ကောက်ဆိုတော့ တစ်ညမှာ နေ၀င်း လက်ထက် မီးသီးကမှ ခရမ်းချဉ်သီး ချိတ်ထားသလောက် လာသေးတယ် “နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ တဲ့။ ဒီ မီးချောင်း ပိုက်ဆံတောင်းဘို့ ပဲ “ချောင်းနေတာ … ကဲ “ဂျောင်းကွာ ဆိုပြီး၊ မီးချောင်းကို လေးဂွနဲ့ ပစ်ခွဲလိုက်သတဲ့။ အဲဒီတော့ ဦးကျုပ်ကူက သွားတိုင်ပါလေရော။ ရ၀တကို။ မီးချောင်းဘိုး ထပ်ငွေကောက်ရင် သူထပ် မထည့်နိုင်ဘူးပေါ့။ အဲဒီမှာတင် အပွဲပွဲ နွဲလာခဲ့တဲ့ ဇာတ်လိုက်ကျော်ကြီးခမျာ ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု ပုဒ်မခြောက်တစ် နဲ့ ထောင်ခြောက်လ ကျခံ သွားရကြောင်း၊ ထောင်ထဲမှာ အကျဉ်းသားချင်း ဗိုလ်ကျတဲ့ တန်းစီး တစ်ယောက်ကို ရိုက်တဲ့ နောက်မှု ဖြစ်ပြီးနှစ်တိုးသွားကြောင်း၊  စိတ်မကောင်းဖွယ်သိရပါ တော့တယ်။

ဒီလိုနဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ မြို့လေးဟာ တဖြည်းဖြည်း ကြီးလာ၊ ကျွန်တော် ကိုယ်တိုင်လဲ နီးလိုက်ဝေးလိုက်၊ မျက်စိ အောက်မှာတင် အရက်ဆိုင်တွေ မှိုလိုပေါက်လာ၊ ကျွန်တော်ကိုယ်တိုင် ညနေစောင်းတာနဲ့ တစ်ဆိုင်ပြီး တစ်ဆိုင် ပြောင်း သောက်စားယုံမက ရံဖန်ရံခါ ရမ်းကားတတ်တဲ့ သူတစ်ဦးဖြစ်လာ၊ မြို့လေးမှာလဲ နှစ်လုံးဒိုင် သုံးလုံးဒိုင်နဲ့ ကုန်းရုန်းလို့ မနိုင်အောင် ဖြူကာ၊ ပြာကာ ကျလာ။ ညနေညနေ ဆို လမ်းပေါ် အရက်ဆိုင်တွေမှာ အိလယုံ ပေါက်စလေးတွေနဲ့ စည်ကားလာ။ ရေချိန်လွန်ပြီး လမ်းပေါ် လွန်းထိုးနေတဲ့ အရက်သမားပေါက်စ လေးတွေက မြို့ရဲ့ အင်္ဂါတစ်ခုဖြစ်လို့လာ။

ရန်ကုန်မြို့ပြတောနက်ထဲ အနုပညာ ကျားဆိုးနဲ့ လုံးထွေး သတ်ပုတ်လို့ ခြေကုန် လက်ပမ်းကျလာတိုင်း ဇာတိမြို့လေးဆီ ပြန်ပြီး ငယ်ပေါင်းတွေနဲ့ မူးယစ်ရီဝေလို့ ဂစ်တာတစ်လက်နဲ့ မကျေနပ်သမျှကို ဟစ်အော် ပေါက်ကွဲတဲ့ ညတွေမှာ တစ်ခါတစ်လေ ဦးကျုပ်ကူ အိမ်ရှေ့ ကို ဖြတ်တဲ့ အခိုက် ငယ်မူမပျက် “မုန့်ဖက်ထုပ် ပူပူလေး လို့တော့ လုပ်မိပါသေးတယ်။ ဒီလိုနဲ့မြို့ အပြန် တစ်ခေါက်မှာ ထုံးစံအတိုင်း ဂီတ ဆည်းဆာလေးနဲ့ စီးမျောကြဘို့ ငယ်ပေါင်းတွေနဲ့ ရွာတည်နေကာစမှာ “ဟေး … လို့ .. အော်လိုက်ရရင် ကောင်းမလား ဆိုတဲ့ အသံဝါကြီးကို ကြားလိုက်ရတော့၊ ကျွန်တော်တို့ အကုန်လုံး ၀မ်းသာအားရ ဦးအိလယုံလို့ ထအော် လိုက်မိပါတယ်။ သူနဲ့ တစ်ရပ်ကွက်တည်း  ဂျပုက ပြန်လွတ်လာတာ နှစ်ပတ်လောက်ပဲ ရှိသေးတယ်ကွ တဲ့။ အဘိုးကြီးတော်တော် ကျသွားတယ်ကွ။ အရင်လို မထိတထိလေးတွေတောင် သိပ် အော်တာ မကြားရတော့ဘူးလို့။ နှင်းဆီ ဆေးပေါ့လိပ်ကို ဖွါရင်းက ပြောလို့ မဆုံးသေးခင်မှာ …

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်တောင် ကြံဖွတ် အသင်းဝင် ဖြစ်သွားပါရောလား အရပ်ကရို့ လို့ စွတ်အော်သံကြီး ကြားလိုက်ရတော့ ကျွန်တော်တို့ အားလုံး ကြောင်တောင်တောင် ဖြစ်သွားပြီး ထုံးစံအတိုင်း ဂျပုကို “ဟေ့ကောင် အဲဒါဘာအဓိပါယ်လဲကွ လို့ မေးရပါတယ်။

ဂျပုက “သိချင်ရင် အထကကျောင်းရှေ့က ရုပ်ထုကိုသွားကြည့် လို့ပြောပါတယ်။ ဒီနေရာမှာ နဲနဲ ပြောစရာရှိတာကတော့ ကျွန်တော်တို့ တောမြို့လေးဟာ ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့ မွေးရပ်ဇာတိဖြစ်တာနဲ့ အညီ  ဗိုလ်အောင်ကျော်ဈေး၊ အောင်ကျော် အားကစားပြိုင်ကွင်း စသည်ဖြင့် ရှိသလို တစ်ခုတည်းသော အထက်တန်းကျောင်းရဲ့ရှေ့ အုတ်ခုံ အမြင့်ပေါ်မှာ ကတုံးဆံတောက်၊ ပင်နီတိုက်ပုံနဲ့ ယောလုံချည်တိုကို ခုံဘိနပ်စီးပြီး တရားဟောနေတဲ့ ဗိုလ်အောင်ကျော် ရုပ်ထုတစ်ခုရှိပါတယ်။ ရုပ်ထုက အင်္ဂတေရုပ်ထုဖြစ်ပြီး အမှန်တိုင်းဝန်ခံရင် ဗိုလ်တောင်ကျော်နဲ့ သိပ်မတူလှပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ နယ်သားတွေအတွက်တော့ ဒါ ဗိုလ်အောင်ကျော်ပဲပေါ့။

ဂျပု စကားဆုံးတော့ အားလုံးက သိချင်စိတ်တွေက များလာတာနဲ့ ရုပ်ထုဆီကို စက်ဘီးတွေနင်းပြီး သွားကြည့်ကြတဲ့ အခါ ရုပ်ထုက ပင်နီတိုက်ပုံကို ဆေးအဖြူရောင်၊ ယောလုံချည် အနက်အစား သင်္ဘောဆေးနဲ့ ကြံ့ဖွံ့ယူနီဖေါင်း ဖြစ်တဲ့ အစိမ်းကွက်တုံး ပြောင်းသုတ်ထားတာမို့ မီးရောင်အောက်မှာ နောင်လာနောက်သားတွေ ဇာတိသွေးဇာတိမာန် တက်ရမဲ့ အစား၊ လုပ်အားပေးပဲ ဆင်းတော့ မလိုလို၊ ကြက်ဆူပင်ပဲ စိုက်တော့မလိုလို လုပ်နေတဲ့ ဗိုလ်အောင်ကျော်ကိုတွေ့ လိုက်ရတာမို့ ဂစ်တာတွေပစ်ထားခဲ့ပြီး၊ ဆိုင်ပြေးကာ အမူးသောက်လို့ ဦးအိလယုံ နောက်ကနေ သံယောင်လိုက်ကာ အော်ဟစ်ဆူညံ မိခဲ့ကြောင်းပါ အရပ်ကရို့။ ။

ပန်းချီထိန်လင်း