Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

tintin sann

                                                                           သရုပ်ဖေါ်ပန်းချီတင်တင်စန်း

                                         (၁)

          သဲသောင်ပြင်ပေါ်တွင် ခြေရာအမှတ်အသားများမှာ တက်လာသည့်ဒီလှိုင်းတို့လျောကျသွားတိုင်း တစတစ

ပျက်ပြယ်သွားခဲ့သည်။

 နှစ်သစ်ကိုကြိုဆိုသည့် အထိမ်းအမှတ်မီးဖိုထားရာ မီးပုံမှမီးတောက်များသည် ကောင်းကင်သို့ ပျံ့လွင့်လျက် ရှိသည်။

ဒီရေသည်မီးပုံရှိရာသို့ တဖြည်းဖြည်းတိုး၍ တက်လာပြီး တဖြည်းဖြည်းလျောကျစီးဆင်းသွားပြန်သည်။

မီးပုံမှ မီးလျှံ၏ အရောင်ထဲတွင် ဒီရေ၏အဦးအစလှိုင်းထိပ်တို့သည် ရေမြုပ်ဖြူဖြူတို့ဖြင့် တန်ဆာဆင်လျက်။

တစ်ဖန် သဲပြင်ပေါ်မှလျောဆင်းသွားပြန်သည်။

          ဒီရေ၏ အရောင်ထဲတွင် ထင်းမီးပုံ၏အရောင်တို့ ထင်ဟပ်နေခဲ့သည်။

၂၀၁၀ ၏ နှစ်သစ်ကိုကြိုဆိုသည့် အမှတ်အသားထင်းမီးပုံသည်လည်း တဖြည်းဖြည်းမီးစာလျော့၍ လျော့၍လာသည်။

          ပြာမှုန် နှင့် မီးခိုးမှုန်တို့မှာ လေထဲလွင့်နေသည်။

          ဆောင်းည၏လေသည် ကမ်းခြေတွင် တသုန်သုန်တိုက်ခတ်နေသည်။ ကမ်းခြေသို့ရောက်ရှိလာခဲ့ပြီး

သဲပြင်ပေါ်တွင် ရေမှုန် ရေမွှားတို့ကွဲပြန့်ကာ ပင်လယ်ထဲသို့ ပြန်ဆုန်သွားပြန်သည်။ လှိုင်းတို့ အသံက တဝေါဝေါနှင့်ပင်။

          ဆုတ်လိုက်တက်လိုက်နှင့် ဒီရေသည် မီးစာလျော့၍လိုက်လာသော မီးပုံအနီးသို့ ရောက်ရှိလာခဲ့သည်။

          ကျွန်မသည် ငြိမ်းသေလုလုမီးပုံကို စောင့်ကြည့်နေခဲ့သည်။ စောစောတုန်းက မီးညွန့်မီးအားကောင်းကောင်းတို့ဖြင့်

တောက်လောင်ကာ မီးပန်း ၊ မီးပွင့်တို့ဖြင့် လင်းလက်ဝင်းထိန်လှသည့် မီးပုံကြီး၏ လက်ကျန်ထင်းတုံးများသည်တို၍ တို၍

လာသည်။ ထင်းတုံးများမှသည် မီးသွေး ၊ မီးသွေးမှသည် ပြာဘ၀ဆီသို့ ကူးဖို့ တာစူနေခဲ့ပြီ။ အားကောင်းခဲ့သည့် မီးညွန့်

မီးလျှံတို့သည်လည်း မှိန်၍ ဖျော့လာသည်။

          လူတစ်ရပ်ကျော်ကျော်မြင့်မားခဲ့သည့် ထင်းပုံသည်လည်း ကြည့်ရင်းကြည့်ရင်း မျက်စိအောက်မှာပင် ဘယ်ဆီသို့

ရောက်သွားခဲ့လေပြီနည်း။ မီးခိုး၊ မီးပွားစ တို့သည် ပင်လယ်ကိုဖြတ်သန်းလာသည့် လေ၏ အဟုန်ထဲတွင် လွင့်လျက်။

          ညကောင်းကင်တွင် လပြည့်ဝန်းသည် ရွှန်းမြလျက်။ ပင်လယ်ထဲတွင် လှိုင်းတို့သည် ခုန်၍ နေသည်။ မကြာမီပင်

ကမ္ဘာသုံးပြက္ခဒိန်အရ နှစ်သစ်တစ်နှစ်စတင် ပေလိမ့်မည်။

 

           ပင်လယ်ကမ်းခြေမှာ လှိုင်းသံ၊လူသံတို့ဖြင့် အုတ်အုတ်ကျက်ကျက်။ လူငယ်တို့သည် မီးပုံငယ်များ နံဘေးမှာ

ဂစ်တာနှင့် ၀ိုင်းဖွဲ့သီချင်းဆိုသူဆို၊ ဘီယာဝိုင်းနှင့် ငါးကင်၊ ပုစွန်ကင်အမြီးများဖြင့် ယစ်မူးသူ ယစ်မူး၊ အဖွဲ့လိုက်ကစားသူ

ကစားကြဖြင့် စည်ကား နေသည်။

          ကျွန်မသည် ပျော်ရွှင်မြူးတူးနေကြဟန် လူငယ်များကိုလည်း ငေးမိသည်။

          ကျွန်မ၏ လူငယ်ဘ၀အချိန်ကာလတို့သည် မည်သို့ကုန်ဆုံးခဲ့လေသလဲ။

          ဘ၀ခရီးတာသည် အမှောင်ထုထဲ စမ်းတ၀ါးဝါးသွားရင်း၊ ရွှေ့ရင်းဖြင့်ပင် မည်သို့မည်ပုံ ရောက်ရှိလာခဲ့သည်

မသိသော ဇရာဆိုသည့်အရာက ကျွန်မကို လက်ကမ်းလာခဲ့ပြီ။

          အမှတ်မထင်ပင် ကုန်ဆုံးသွားခဲ့သော ကျွန်မ၏ ဘ၀ထဲမှ နှစ်ကာလများ၊ နေ့များ၊ ရက်များ၊ လများ  သည်လည်း

သဲသောင်ပြင်ပေါ်မှ ခြေရာများပမာပင်။ ဒီလှိုင်းတို့လျှောကျသွားတိုင်း ပျက်ပြယ်သွားခဲ့ရသည့် ခြေရာများအလားပင်။

          လရောင်တွင် ခုန်၍ ခုန်၍တက်လာသော ဒီလှိုင်းများ ငြိမ်းသေစမီးပုံနှင့် ပျံ့လွင့်လာသည့် ဆွတ်ပျံ့ဖွယ်

တေးသံများက အတိတ်နှင့် အနာဂတ် ကာလကြား နယ်ခြားမျဉ်း ပေါ်တွင်ရပ်နေသော ကျွန်မ၏ စိတ် အာရုံကို

တစ်စုံတစ်ရာကို လှုံဆော်နေခဲ့သည်။

          သို့တိုင် ဒီလိုည၊ ဒီလိုကမ်းခြေမှာတော့ ဘ၀ထဲမှ ချစ်ခြင်းကိုလည်းကောင်း၊ ပြန်မတွေးလို တော့ပြီ။

ဘ၀တာတွင် သေတစ်ပန် သက်တစ်ဆုံးလက်တွဲမည်ဟု ရည်ရွယ်လျက် လက်တွဲလာခဲ့သည်။ ခင်ပွန်းသည်လည်း

ကျွန်မဘေးမှာ ရှိမနေ ခဲ့ပါ။ သူသည် ကျွန်မနှင့်အတူ ပင်လယ်ကမ်းခြေခရီးမှာ လိုက်ပါလာခဲ့ခြင်းမရှိပါ။ ကျွန်မ၏

ပျော်ရွှင်မှုနှင့် ကြေကွဲမှုများကို ခွဲဝေခံစားဖို့ရာ ငြီးငွေ့သွားခဲ့ပြီဖြစ်သည်။ သို့တိုင် ကွဲကွာနေခဲ့ကြသလားဆိုတော့လည်း

မဟုတ်ပါ။ ကျွန်မတို့နှစ်ဦးကြားတွင် သားဆိုသည့် ကြိုးအမျှင်အနှောင်တည်းထားခဲ့ရာ မကွဲသာမပေါင်းသာ ရှိနေခဲ့ကြရသည်။

သို့တိုင် ပျော်တော့လည်း မပျော်နိုင် ကြတော့ပေ။

          တဝေါဝေါမြည်သံနှင့် ကမ်းခြေဆီသို့ ပြေးတက်လာခဲ့ကြပြီးမှ ကမ်းခြေတွင် လှိုင်းဦး လှိုင်းထိပ်တို့ပြိုကွဲကာ ပင်လယ်ဆီသို့

စိတ်လျော့လက်လျော့ပြန်သွားခဲ့ဟန်ဒီရေက ဘ၀၏ပျော်ရွှင်မှုကိုအိမ်ယာထူထောင်ခြင်းဖြင့် ရရှိလေမလား ရှာဖွေခဲ့ဖူးသူ ကျွန်မ

အလားပင်။

          ပင်လယ်လေ၏ တသုန်သုန်တိုက်ခတ်မှုကြောင့် အေး၍လာသည်။ အနွေးအင်္ကျီတွင်ရင်ဘတ်တွင် တင်းတင်းဆွဲ၍

စေ့ထားမိသည်။ အဝေးအမှောင်ထုဆီက တလှုပ်လှုပ်၊ တလှိမ့်လှိမ့်ဒီရေလှိုင်းတို့သည် သင်ဘယ်ကလာပြီး၊ ဘယ်ကိုသွားလေမလဲဟု

ကျွန်မအား မေးနေသယောင်ယောင်။ အမှောင်ထုထဲကို ငေးရင်း နှလုံးသားထဲတွင် ပျော်ရွှင်မှု တစ်စုံတစ်ရာဟူ၍ မရှိ။ ဟာလာဟင်းလင်း

ဖြစ်သွားခဲ့သော မိန်းမတစ်ယောက် ရည်ရွယ်ချက်မဲ့ငေးမိငေးရာမျှော်နေမိဆဲတွင် ဒီရေကတော့ တက်မြဲတက်လာလျက် မီးပုံ၏

တစ်စိတ်တစ်ပိုင်းကို ပင်လယ်ထဲသို့ ညင်သာစွာ ဆွဲချထားလေသည်။

         

(၂)

 

          အေးလာသဖြင့် ထိုင်ရာမှထရပ်လိုက်၏။ သဲများကို ခါချမိသည်။ ည ၁၂ နာရီထိ နေနိုင်တော့မည် မဟုတ်ပါ။

          ထိုစဉ် ဂျင်းကျပ်ကျပ် သရီးကွာတားဘောင်းဘီနှင့် ရှပ်အင်္ကျီကို ကိုယ်ခန္ဓာ ပြည့်ပြည့် တင်းတင်းလေး ပေါ်မှာ

စည်းထုပ်ထားသည့်နှယ် ၀တ်ဆင်ထားသည့် မိန်းမပျိုလေးတစ်ယောက် ကျွန်မအနီးသို့ ရောက်ရှိလာခဲ့သည်။

သူ၏ ၀တ်စုံမှာ ဘောင်းဘီရော၊ အင်္ကျီရော၊ အနက်ရောင်များပင်။ လည်ရှည်သားရေဖိနပ်ကိုချွတ်ကာ ကျွန်မအား အပ်နှံထားခဲ့

သည်။ ပင်လယ်ကမ်းစပ်သို့ ဒူးဆစ်အနက်ထိရောက်အောင် ဆင်းသွားခဲ့သည်။

          လှိုင်းတွေက သူ့ခြေထောက်ကို တိုးတိုက်နေသော်လည်း ကျွန်မကိုကျောပေး၍ ပင်လယ်ပြင်ကြီးကိုကြည့်ကာ

မလှုပ်မယှက်နှင့် ရပ်နေခဲ့သည်။

          သူ့ဘေးပတ်ဝန်းကျင်တွင် လှိုင်းတွေက တဗွမ်းဗွမ်းမြည်နေသည်။

         သူကလေးများ ရေထဲသို့ဆက်ပြီးဆင်းသွားလေမလား ကျွန်မစိုးရိမ်သွားမိသည်။

          အနက်ရောင် ကိုယ်ကျပ်အင်္ကျီနှင့် အနက်ရောင်ခပ်ကျပ်ကျပ်ဘောင်းဘီဝတ်ဆင်ထားသော သူ၏ ခန္ဓာကိုယ်

အနောက်ပိုင်းသည် ပျိုရွယ်သူတှို့၏ ဖွံ့ဖြိုးမှုကိုဖော်ပြလျက်ရှိသည်။ လေတိုက်သဖြင့်သူ၏ဆံနွယ်တို့သည် ကျောပြင်တွင် ဝေ့၀ဲလွင့်နေခဲ့သည်။

          သူကြည့်ရာပင်လယ်ပြင်အဝေးဆီတွင် မီးရောင်ကလေးလဲ့လဲ့တစ်ချက်တစ်လေလှမ်း၍ မြင်ရသည့်တိုင် ကွဲကွဲပြားပြား မဟုတ်ခဲ့ပါ။

မဲမှောင်နေသည့် ပင်လယ်၏ လှိုင်းများသာ လေနှင့်အတူ တစ်လိပ်ပြီးတစ်လိပ်အော်မြည်ရင်း ကမ်းဆီသို့ အပြေးအလွှားတက်၍ လာနေသည်။      

          သူသည် လှိုင်းများ၏ အော်မြည်သံနှင့် ခပ်မြန်မြန်ဒီရေတက်လာနေပုံကိုလည်း တုန်လှုပ်ပုံမပြပါ။

ကျွန်မ၏ နှလုံးအိမ်တွင် ထွန်းလင်းခဲ့သော ပျိုရွယ်ခြင်းမီးပုံသည် တစတစငြိမ်းသေကာ ပြာမှုန်ပြာစနှင့် မီးသွေးများ အသွင်သို့ ပြောင်းလဲလျက်

အချိန်ဒီရေလှိုင်းများ၏ တိုက်စားမှုအောက်မှာ လုံးပါးပါး ပျောက်ကွယ်လုရှိခဲ့ပြီ။

ဘ၀အပေါ်ခုံမင်  တွယ်တာမှုတို့သည်လည်း တစ်စစီ ပဲ့ကြွေကာ သံသရာတည်းဟူသော လှိုင်းတို့နောက်သို့ လိုက်ပါလုနီးခဲ့ပါပြီ။

သို့တိုင် ကျွန်မသည် သူကလေးထံသို့ကား ပင်လယ်လှိုင်းသံတို့ကြားတွင် သွားပြီး ရပ်မနေရဲပါ။

          သူကလေးကတော့ ရေလှိုင်းတို့ကြားမှာ ဆက်၍ ရပ်နေဆဲ ဖြစ်ပါသည်။

          လှိုင်းများကိုကြည့်ရင်း လွန်ခဲ့သည့် ၂ နှစ်က နာဂစ်မုန်တိုင်းတွင် သေဆုံးသူများကို သတိရနေလေသလား။ သို့မဟုတ် သူကိုယ်တိုင်

ပင်လယ်လှိုင်းများ၏ ခေါ်ရာနောက်သို့ လိုက်ပါလို၍ အားယူနေလေသလား။

          သူ ဘယ်သူပါလိမ့်။

          လှိုင်းများကို ချစ်သူပဲလား။

          စာရေးဆရာမလေးတစ်ယောက် (သို့မဟုတ်) ကဗျာဝါသနာပါသူလေလား။

          သူ၏ လည်ရှည်သားရေဖိနပ်ကတော့ အတော်အတန် တန်ဖိုးရှိပုံရပါသည်။

          သူကလေးသည် ပိုက်ဆံအသင့်အတင့်သုံးစွဲနိုင်ပုံရပါသည်။

အချစ်ကြောင့် (သို့မဟုတ်) အမုန်းကြောင့် ဘ၀ကိုပင်လယ်ထဲမှာ အဆုံးသတ်လိုသူတစ်ယောက်သာဆိုလျှင် သူ့ဖိနပ်ကို ကျွန်မထံ အပ်မထားခဲ့လောက်ပါ။

          ကျွန်မက သူ့ဖိနပ်ထက် သူ့အပြုအမူများကို စိတ်ဝင်စားနေမိပါသည်။

          ကုန်ဆုံးလုလုနှစ်ဟောင်းကိုပဲ ပင်လယ်ထဲရပ်ပြီး နှုတ်ဆက်နေလေသလား။

ဒါမှမဟုတ် ပင်လယ်လှိုင်းများမှတစ်ဆင့် ပင်လယ်ပြင်တွင် အသက်မွေးသူ ချစ်သူတစ်ဦးတစ်ယောက်ထံ တိုင်တည်စကား မှာကြားနေလေသူလား။

သူကလေး၏ အပြုအမူကို ကျွန်မလိုပင် ကျွန်မ၏နောက်ကျောမှ စောင့်ကြည့်နေသူတစ်ခုရှိကြောင်း သတိပြုလိုက်မိရာမှဘာရယ်မဟုတ်

သူကလေးအတွက် စိုးရိမ်မိသွားသည်။

ကမ်းခြေလုံခြုံရေးတာဝန်ရှိသူတွေပဲလား မသိပါ။ မိန်းကလေး၏ ထူးဆန်းသည့် အပြုအမူကို စောင့်ကြည့်နေကြ ဟန် တူပါသည်။

ထိုအထဲမှ တစ်ဦးက သူ့ကိုညွှန်ပြပြီး ကျွန်မကို မေးလိုက်သည်။

          “သူ ဘာလုပ်နေတာလဲ”

          ကျွန်မက “ဖိနပ် အပ်ထားလို့ပါ”

          အမေး နှင့် အဖြေမှာ ဘာမှမဆိုင်ပါ။

          သို့သော်လည်း ဖိနပ်ကိုတစ်ယောက်ယောက်ဆီမှာအပ်ပြီး ပင်လယ်ထဲဆင်းသွားသူသည် ကိုယ့်ကိုယ်ကိုယ် သတ်မသေလောက်ဟု

ယူဆလေမလားဆိုပြီး ဖြေလိုက်မိခြင်းဖြစ်သည်။ ထိုသူတို့က ဆက်မမေးဘဲ ရပ်ကြည့်နေကြသည်။

        အတန်ငယ်ကြာလျှင် မိန်းကလေးက တစ်စုံတရာဆုတောင်းဟန် ခေါင်းကလေးငုံလိုက်ပြီး တစ်ဖန် ခေါင်းပြန်မတ် ကာ လက်နှစ်ဖက်ကို

ဆန့်လိုက်သည်။

          ကျွန်မက မိန်းကလေးကိုစောင့်ကြည့်နေသူများကိုကြည့်လျှင် သူတို့ကလည်း ဘာမှမပြောဘဲ ဆက်ပြီးရပ်ကြည့် နေကြသည်။

မိန်းကလေးက ကျွန်မအနီးသို့ ရောက်လာသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းတစ်ပိုင်းလုံး ရေတွေရွှဲရွှဲစိုလျက်။

          သူ့ဖိနပ်ကလေးကို ပြန်ယူကာ-

          “ကျေးဇူးတင်ပါတယ် အန်တီ”  ဟု ဆိုလိုက်သည်။

ကျွန်မကသူကလေးကို ပြုံး၍ ပြလိုက်သည်။ သူကလေးက ဖိနပ်ကိုယူပြီး ကမ်းခြေဟိုတယ်တွေဘက်သို့ ခပ်သွက်သွက်လေး လျှောက်သွားသည်။

သူ့ကို စောင့်ကြည့်နေသူများလည်း နှစ်သစ်ကိုကြိုဆိုသည့်မီးပုံများရှိရာသို့ ဆက်လျှောက်သွားကြသည်။

ကျွန်မသည်လည်း အေး၍လာသဖြင့် ခပ်ဖြည်းဖြည်းလျှောက်၍ ကမ်းခြေအတိုင်း ပြန်လာခဲ့သည်။

ကမ်းခြေမှာ ဆက်၍ နေလိုသော်လည်း လေက အေးလှသည်။

ည၏ ကောင်းကင်တွင် လပြည့်ဝန်းသည်လည်း မိုးသားရောင်တိမ်တိုက်တို့ကြား အပြေးလေးသွားနေသည့်နှယ်။

မီးရှူး၊ မီးပန်းတို့သည်လည်း ဖောင်းကနဲ အသံနှင့်အတူ ည၏ကောင်းကင်ယံသို့ မြင့်တက်လာခဲ့ပြီး တဖွားဖွား ပြန်ကျသွားသည်။

          လပြည့်ညဖြစ်သဖြင့် ပင်လယ်ဒီရေသည် ဟိုတယ်များ၏ ခြံဝန်းကာအုတ်တံတိုင်းများဆီထိပင် တက်လာမည့်ဟန် ပြင်နေသည်။

          ဒီရေကြောင့် ကစားဝိုင်းတစ်ချို့နေရာ ရွှေ့ကြသည်။

          မီးလှုံဖို့ ဖိုထားသည့် မီးပုံကလေးများမှ မီးရောင်နှင့်အတူ လူတို့၏ အရိပ်များ လှုပ်ရှားနေကြသည်။

          တစ်ချို့မီးပုံကလေးများကတော့ ငြိမ်းသေစပြုနေပါပြီ။

တရားရှိသူတို့ကတော့ သေဖို့တစ်နှစ်ပိုနီးလာမည့် နှစ်သစ်ကို ဘာ့ကြောင့်ကြိုဆိုချင်ကြသလဲတွေးမိမလား မသိပါ။

ကျွန်မကတော့ လာမည့်နှစ်သစ်ကို ပျော်ပျော်ပါးပါးဆီးကြိုဖို့ ကြိုးစားနေသူများကို အားကျမိပါသည်။

ပင်လယ်ဆီသို့ လာခွင့်ရခြင်းနှင့် သူငယ်ချင်းများ (သို့) မိသားစုဝင်များနှင့် အတူရှိနေကြခြင်းက သူတို့အတွက် ကြည်နူးဖွယ်ဖြစ်သည်။

စောစောကမိန်းကလေးကရော သူငယ်ချင်းများနှင့်အတူ လာခဲ့သူလေလား။

ကျွန်မလိုပင် ပင်လယ်ဆီသို့ အထီးတည်း ရောက်လာခဲ့သူလေပဲလား။ ဘယ်လိုပါလိမ့် ။

         ကျွန်မ တွေးနေမိသည်။

         ခုချိန်မှာ သူကလေး ဘာလုပ်နေမှာပါလိမ့်။

         ကျွန်မ၏ ခန္ဓာကိုယ်မှ စိတ်ဝိဥာဉ်ကို ခွဲထုတ်ကာ သူကလေးထွက်ခွာသွားရာသို့ လိုက်ရှာကြည့်ချင်မိပါသည်။

မနက်ခင်းမှာဆိုရင်ကော သူကလေးကို များပြားလှသည့် အရွယ်တူ၊ အဆင်တူ မိန်းကလေးတို့ ကြားထဲမှာ ကျွန်မမှတ်မိပါ လေမလား။

ကျွန်မ၏ စိတ်ဝိဥာဉ်ကို သူကလေးနောက်သို့ တိတ်တိတ်ကလေးလွှတ်လိုက်ကာ နှစ်ဟောင်းနှင့် နှစ်သစ်ကြား ညကာလလေးတွင်

ပင်လယ်လှိုင်းတို့ကြားရပ်ရင်း သူခံစားခဲ့သည့် ခံစားမှုများ၊ အတွေးများ၊ စိတ်ကူးစိတ်သန်းများကို သိအောင် ကြိုးစားကြည့်ချင်မိပါသည်။

          ဘာ့ကြောင့် သူဒီလိုလုပ်တာပါလိမ့် ။ ပဟေဠိသဖွယ် ခံစားနေရသည်။

          ဒီလှိုင်းတစ်လိပ်က သဲပြင်ပေါ်ဖြန့်၍ တက်လာခဲ့ပြီ။ ကျွန်မ၏ ဖိနပ်ဦးကိုလာ၍ တိုးထိလာခဲ့ပြီ။

          ပင်လယ်လှိုင်းတို့ တ၀ုန်းဝုန်းပုတ်သံကို ကြားနေရဆဲ ဖြစ်သည်။

          ပင်လယ်ပြင်ကိုကြည့်လျှင် လှိုင်းတို့သည် လပြည့်ည၏ ဆွဲငင်အားကြောင့် အလိပ်လိပ်ထလျက် ခုန်၍ နေခဲ့သည်။

          ဒီရေသည် ကျွန်မ၏ခြေဖ၀ါးထိ ညင်သာစွာတို့ထိလာပြီး လျောဆင်းသွားပြန်သည်။

          ထို့နောက်တစ်ဖန် နောက်တက်လာသည့် လှိုင်းထိပ်ဦးမှ ရေတို့က ၀ိုင်းလျက် လိပ်လျက် တက်လာခဲ့ပြန်သည်။

          ရပ်နေရင်းမှာပင် ခြေဖ၀ါးမှပင် ခြေဖမိုးသို့ ရေလှိုင်းအိအိတို့က တို့ထိလာခဲ့သည်။

          စောစောက ကျွန်မထိုင်ခဲ့သော နေရာနှင့် မီးပုံရှိခဲ့သော နေရာတွင် လှိုင်းအလိပ်လိပ်တို့က နေရာယူခဲ့လေပြီ။

          မနက်ဆိုလျှင် သဲသောင်ပြင်တွင် ညက အမှတ်အသားအချို့သာ ကျန်ရစ်ပေလိမ့်မည်။

          မကြာမီနာရီပိုင်းအတွင်းမှာပင် ကန္တာရသုံးပြက္ခဒိန်အရ နှစ်တစ်နှစ်သည် စတင်ပေလိမ့်မည်။

          ရှူးကနဲ အသံနှင့်အတူ မီးကျည်ရောင် လင်းလက်သွားသည်။

          မီးရှူး၊ မီးပန်းများသည် ပြာသောညဥ့်ယံ၏ ကောင်းကင်ယံတွင် တဖွားဖွားလင်းလျက် မီးစက်မီးမှုန်များ ခွဲဖြာသွားသည်။

 

                                                                                                      ခင်မြဇင်-