Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ကာတွန်း

 

ဟိုးအဝေးမှ တုံးကြီးခေါက်သံ ထွက်ပေါ်လာသည်။ အမေ နိုးမည်စိုး၍ ခြေဖော့နင်းကာ အိမ်ပေါ်မှ ဆင်းခဲ့ပြီးမှ နွားစာရေနှင့် အေးဆောင် မျက်နှာသစ်သည်။ ခါတိုင်း မျက်နှာသစ်နေကျ ရေအိုးမှာ မီးဖိုထဲတွင်ရှိ၏။ ထိုနေရာသို့ အေးဆောင်၏ အိပ်ရာနေရာမှ ထသွားလျှင် အသွားအပြန် ဆယ်လှန်းခန့်ဝေးသည်။ အိမ်တွင်ခင်းထားသော ဝါးကြမ်းတွေက ဆွေးနေပြီ။ အကွပ်ခပ်များများလည်း ပြုတ်နေပြီ။ သည်အခြေအနေနှင့် ဆယ်လှမ်းလှမ်းလျှင် မည်မျှပင် ခြေချညင်သာငြား အမေနိုးလိမ့်မည်။ သို့ကြောင့် အေးဆောင်သည် အိမ်ပေါ်မှ အရ အမိဆင်း၏။ နွားစာခွက်ထဲ ထည့်ရန် အသင့်ခပ်ထားသော ဘဲဥအိုးထဲမှ ရေဖြင့်မျက်နှာသစ်ကာ ခါးမှပုဆိုးဖြင့် မျက်နှာသုတ်၏။ အေးဆောင်သည် မျက်နှာသုတ်လျှက် တန်းလန်းဖြင့်ပင် နွားတင်းကုပ်အစပ်သို့ ဝင်ခဲ့၏။ ခိုင်းနွားကြီး နှစ်ကောင်သည် ငြိမ်သက်စွာရပ်၍ စားမြုံ့ပြန်နေကြသည်။ နွားတွေကို သူက မကြည့်အား၊ ယာပြင်သို့ အချိန်မီရောက်ရန် စိတ်စောနေသည်။ လက်ခံဒေါင့်တိုင်တွင် ချိတ်ဆွဲထားသော လွယ်အိတ်ကို ဖြုတ်၍လွယ်ကာ ထုတ်တန်းတွင် ထိုးထားသော သုံးခွမှိန်းနှင့် တံစက်မြိတ်တွင် ညှပ်ထားသော ဓားမတိုကို ယူ၍ တဲထဲမှ ထွက်ခဲ့သည်။ ထိုအခါကျမှ ခေါင်းကို တံစက်မြိတ်နှင့် ထိုးမိသည့်အတွက် ခေါင်းမှာ အဆောင်းအုပ် မပါသေးပါလား သတိရသည်။ ထို့ကြောင့် နှမ်းဖက်စိမ်ထားသော အိုးဖက်သို့ လှမ်းလိုက်သည်။ နှမ်းဖတ်စိမ်သော ခမောက်ကို အိုးဖြင်အုပ် မြဲဖြစ်သော်ငြား ယနေ့မူ မရှိ။ ထန်းပလတ် ကပ်ပြားဖုံးထားသည့်အတွက် ကြမ်းပြင်တွင် လှမ်းထားသော ပုဆိုးစုတ် တထည်ကို ဆွဲယူခဲ့သည်။ လမ်းလျှောက်ရင်း ခေါင်းပေါင်းလိုက်သည်။

            အရှေ့ဘက် တံတိုင်းမည်းကြီးတွင် အာရုဏ်ရိပ် အစင်းအစက်များ ထင်စသာ ရှိသေး၏။ ကျီးကန်းများပင် မနိုးသေး။ သို့ဖြစ်ငြား လှုပ်ရှားမိသည် ဆိုရုံဖြင့် အေးဆောင် ချှေးပြန်လာ၏။ ဝိုးတဝါး မြင်ကွင်အတိုင်း အေးဆောင်လျှောက်လာသည်။ လျှောက်နေကြလမ်းမို့ ရွာပြင်သို့ သွက်သွက်လှမ်းလာနိုင်သည်။ ဖိုးအုပ်ကျော် ယာစပ်အရောက်တွင် လင်းရောင်ပြေးလာပြီး၊ လှည်းလမ်းကိုပင် ရေးရေးမြင်ရပြီ။ လွယ်အိတ်ထဲမှ ပြောင်းဖူးဖက် ဆေးလိပ်ထုတ်ကာ မီးညှိယင်း အေးဆောင် ချိန်ဆသည်။ တောင်ဖက်သွားရကောင်းနိုး၊ မြောက်ဖက် သွားရကောင်းနိုး၊ မနေ့က သူလိုက်လံ လေ့လာထားခဲ့သော “ပွေးစုံ့” များကို ပြန်လည် စီစစ်လိုက်သည်။ တောင်ဖက်တွင် နံနက်ပွေး သုံးကောင်နှင့် မွန်းတည့်ပွေး လေးကောင်။ မြောက်ဖက်တွင် နံနက်ပွေး နှစ်ကောင်နှင့် မွန်းတည့်မွေး နှစ်ကောင်သာ။ သို့ဆိုလျှင် အေးဆောင် သွားရမည့်လမ်းသည် တောင်ဖက် လမ်းခွဲဖြစ်ရမည်။ လူကလည်း တောင်ဖက် လမ်းခွဲသို့ ခြေလှမ်းပြင်မိ ပြီးပြီ။ သို့တစေ ခြေတလှမ်းပင် မလှမ်းရသေး၊ ခြေတဖက် ကြွခါစတွင်ပင် အေးဆောင်၏ ခေါင်းထဲသို့ မြသွယ် ဝင်ရောက်လာသည့်အတွက် ဟန်ချက်ပျက်သွားသည်။ တဆက်တည်းပင် မြသွယ်၏ စူနေသောနှုတ်ခမ်း၊ ခဲထားသောမျက်လုံးအစုံကို မြင်လာသောအခါ လက်ခနဲ့ တချက်ပြုံးရင်း မြောက်ဘက် လမ်းခွဲသို့ ခြေဦးလှည့်လိုက်လေတော့၏။ ပွေးကောင်ရေ နည်းသော်ငြား အေးဆောင် မြောက်ဖက် လမ်းခွဲကို ရွေးရခြင်းမှာ မြသွယ်ကြောင့် ဖြစ်သည်။ မြသွယ် မျက်နှာကြော တင်းနေသောကြောင့် ဆိုက ပိုမှန်မည်။

 

မျက်နှာမရ ခြေကျောက်ရ

            “ဟား ငါ့လခွေးမှပဲကွာ” မြသွယ်၏အဖေ ဦးသက်မှာ စကားတလုံးမှ မပြောရသေးမီ အတိုင်းအထွာ အဆဲအရေးကလေးနှင့် ချီရမှ ရင်ချောင်သူဖြစ်သည်။ အဆဲကလေး ရှေ့က မခံရလျှင်လည်း စကားမပြောတတ်။ “ ဘာဖြစ်လို့လဲ အရီး” ဆဲပြီဆိုလျှင် တခုခု ပြောတော့မည်ကို သိလိုက်သဖြင့် အေးဆောင်က လမ်းခင်းပေးခြင်း ဖြစ်သည်။ “မိုးမရွာလို့ ပဲပင်တွေ သေကုန်မလား၊ ရင်မနေရတာက တဖက်၊ ပွေးက တမှောက်” ယာခင်းများသည် တမျှော်တခေါ်ကြီး ဖြစ်၏။ အချို့ယာများသည် ရှားစောင်းပင်များဖြင့် အကျအန ခြံရံထားစေကာမူ၊ အချို့ယာများမူ ဂျီ (ချေ)စည်းသာသာ ဆူးခက်များ ဝိုင်းအုံထားကြ၏။ ကိစ္စရှိ၍ တစ်ဦးနှင့် တစ်ဦး စကားပြောချင်လျှင် ကျယ်ဝန်းသော ယာခင်းကြီးကို ဖြတ်သန်းရသည်ကပင် တမေ့တမောကြီး၊ ယနေ့မူ ယာနီးချင်း အေးဆောင်နှင့် ဦးသက်ကို မပင်ပန်းရဘဲ ယာခရိုးစပ်တွင် ဆုံမိကြခြင်းဖြစ်၏။

            အေးဆောင်မှာ “ငါ့လခွေး” သံကြားကတည်းက ဦးသက်မှန်းသိသည့်အတွက် မော့ကြည့်ကာ အလိုက်သင့် မေးပြီးနောက် ဦးသက်တို့ ယာဘက်သို့ မျှော်ကြည့်မိသည်။ ပွေးစုံ့တွေ။ ပွေးစုံ့တွေသည် အေးဆောင်တို့ ယာခင်းထဲနည်းတူ ဦးသက်၏ ယာခင်းတွင်လည်း စီရီနေ၏။

            ပွေးသည် မြေအောက်ရန်သူ ဖြစ်၏။

            ယာခင်းအနှံ့ မြေအောက်လမ်းများ ဖောက်သည်။ စိုက်ပင် ပျိုးပင်တွေ ကောင်းသည်စိုကာ အရိပ်တကြည့်ကြည့် ရှိနေစဉ် အပင်များကို မြေအောက်သို့ သယ်ယူသွား၏။ ဝေဝေဆာဆာ ပွင့်ပြီ သီးပြီ ဆိုလျှင် သူရောက်လာပြီ။ အခင်းကြားတွင် ပွေးစုံ့ မြေပုံတွေ ထိုးကာ အပင်တွေကို ကိုက်ဖြတ်ယူငင်သွားတော့သည်။ ပွေးသည် တစ်ထောင် တထွာ မြေပဲ၊ နှစ်တောင် သုံးတောင် နှမ်း၊ တစ်လန် နှစ်လန် ဂျုံနှင့် ပြောင်း မဆိုထားဘိ နှစ်ရှည် စားပင်ကြီးတွေကိုပါ သတ်ပစ်နိုင်စွမ်းသည်။

            ကျေးငှက်တသောသောနှင့် အရိပ်အာဝါသ ကောင်းလှသော သစ်ပင်ကြီးများဖြစ်သော်ငြား၊ ရေသောက်မြစ်ကို ပွေးစားပြီဆိုလျှင် သုံးလေးရက်အတွင်း ညှိုးခြောက်ကာ အနိစ္စသဘောနှင့် ကိစ္စချောရတော့သည်။

            ယခု သည်ပွေးသည် ဦးသက်၏ မြေပဲခင်းကို မွှေပြီ။

            တည လက်တဆုပ်ကို ကိုက်ချီသွားသည်ထား၊ ပဲပင်လက်တဆုပ်သည် မိုးမှန်လေမှန်ပါက မြေပဲ တခွဲထက် မအောက်။

            တညကို မြေပဲ တခွဲနှုံး ဆုံးရှုံးပါက တစ်လ တယ်ငါးတင်း။ ယာသမား ရင်ထုရချေပြီ။

            “ကျုပ်ထဲမလဲ ပွေးစုံတွေ ရောက်လာလို့ ဘာလုပ်ရမလဲ စဉ်းစားနေတာဗျ။ ဂိုင်းနဲ့ ထောင်ရကောင်းမလားလို့”

            အေးဆောင် ထရပ်သည်။ မီးသေနေသော သူ့ဆေးလိပ်ကို အခေါင်းသိပ်လိုက်ကာ ဦးသက်ဆေးလိပ်မှ မီးကူးနေသည်။

“ဂိုင်းထောင်တာ မဟန်ပါဘူးကွာ၊ ပွေးကို သွားသတိပေးသလို ဖြစ်သွားမှာပေါ့”

ပွေးသည် အရွယ်အားဖြင့် လက်သီးနှစ်ဆုပ်စာမျှသာရှိငြား၊ မျက်စိအမြင်အားမကောင်းသော အကောင်ဖြစ်ငြား ဥာဏ်များလှ၏။ ပွေးစုံတွေ တောင်ဘက်တွင်ပြပြီး မြောက်ဘက်လာပြီး ခိုလား ခိုနေ၏။ အစုံ့တွေ လှိုင်ခေါင်းတွေ ထင်ရှားပြပြီးမှ လမ်းဖျောက်ပစ်ကာ သီးခင်းအလယ်တွင် ပုန်းနေတတ်၏။

            သို့ကြောင့် ပွေးဥာဏ်မကူစေရန် ဦးသက်က သတိပေးခြင်းဖြစ်သည်။

            “ဒါဖြင့် အရီးနဲ့ ကျုပ်နဲ့ နှစ်ဖက်ညှပ်ပြီး လိုက်ရရင် မကောင်းဘူးလား။ နှစ်ဖက်ညှပ်ရင် ဒီကောင် ဘယ်ပြေးမလဲဗျ”

သို့လျှင် နှစ်ဖက်ညှပ်ပြီး “လိုက်”ပါ ပွေးကလည်း တစ်ကောင်တည်းဖြစ်၊ လမ်းကြောင်းကလည်း တစ်ခုတည်းသာ ရှိပါမူက ပွေးသည် ထိတ်လန့်ကြောက်ရွံ့လာကာ မြေပေါ်သို့ သွေးရှုးသွေးတန်း ပြေးထွက်လာတတ်၏။

ထိုအခါ အမြင်အာရုံ ညံ့ဖျင်းလှသော ပွေးမှာ “သမင်ချိုရှက် - ပွေးတွင်းထွက်” ဆိုစကားအတိုင်း သေရန်မှတပါး အခြားလမ်း မရှိတော့ချေ။ ဤသဘောကို ၄၊ ၅ နှစ်သားမှစပြီး ပွေးလိုက်ခဲ့သော အေးဆောင်သိသလို၊ ယာလုပ်သက် နှစ်ပေါင်း ၄၀ ကျော်နေပြီဖြစ်သော ဦးသက်လည်း သိ၏။

ဦးသက်လည်း ချက်ချင်း အဖြေမပေး။ အေးဆောင်တို့ ခရိုးဘက် “ကဲ” ကြည့်လိုက်သေး၏။

“ငါ့လခွေး မင့်ဘက်က ပွေးစုံ့က အကောင်ငယ်လေးပဲကွ” 

“အဲဒါကြောင့် ညှပ်လိုက်ရအောင် ပြောတာပေါ့ အရီးရ၊ အရီးဘက်က ပွေးက အဖေနဲ့ အမေ ကျုပ်ဘက်က ပွေးက သားသမီး”

“ဟုတ်တယ်ဟေ့”

ဦးသက် သဘောကျသွား၏။

သူတို့သည် လုပ်လက်စ အလုပ်များကို ချကာ၊ ချက်ချင်းပင် ပွေးစတင် ‘လိုက်’  ကြတော့သည်။

ပွေးလိုက်သည် ဆိုခြင်းမှာ ပွေးတွင်း လှိုက်ခေါင်းတလျှောက် တူးဖေါ်ခြင်းဖြစ်၏။ သို့ဖြင့် ဦးသက်က သူ့ပဲခင်းအလယ်မှ စတင်၍ တူးသလို အေးဆောင်လည်း ပွေးစုံ့ဆုံးရာ ရှားစောင်းမြင်းနား ပင်နားမှ စတင်တူးဖေါ်လေသည်။

အေးဆောင်စတင်တူးသော ပွေးစုံ့မှာ မြောက်ဖက်သို့ ဆက်မသွားချေ။ ထိုပွေးစုံ့၏ တောင်ဘက်တွင်မူ ဆယ်ကိုက်တွင် ပွေးစုံ့တစ်ခုကျလောက် ရှိနေပေသည်။

အေးဆောင်သည် သုံးလေးချက်တူးပြီးနောက် ပွေးစုံ့ သုံးလေးခု လွန်မြောက်အောင် ပြေးသွား၏။ ပွေးစုံ့မြေစာများကို ဖယ်ပစ်ကာ တအားတူးသည်။ တချက်တူးရုံဖြင့် ပွေးတွင်းပေါ်လာသည်။ ချောမွေ့သော လှိုင်ခေါင်းကလေး။

သည်လှိုင်ခေါင်းအတိုင်း မြောက်ဖက်သို့လိုက်တူးသည်။ အေးဆောင်နောက်တွင် မြေစာများ ပြန့်ကြဲနေသော တူးမြောင်းကလေး ဖြစ်ကျန်ခဲ့၏။

ပွေးသည် အလွန်နားပါ၏။ ကိုက် နှစ်ရာခန့် အကွာအဝေးမှ လာနေသော လူ့ခြေသံကို ကောင်းကောင်းသိ၏။

သို့လျှင် သိပင်သိငြား၊ သည်ပွေးစုံ့ရှင် ပွေးမှာ ပွေးလားမမြောက်သေးသောပွေး။ အဌာရဿပညာများ မစုံသေး။ သို့ကြောင့် နောက်ဆုံး ပွေးစုံ့အောက်တွင် ငြိမ်သက်နေချင်နေမည်။ ရှေ့ဆက်ပြီး တူးမြဲ တူးနေကောင်းနေမည်တွက်ကာ၊ ပြေးလမ်းပိတ်ရန်အတွက် ပွေးစုံ့ သုံးလေးခုကျော်မှ ကျော်၍ လမ်းဖျက်ထားခြင်းဖြစ်သည်။

ထနောင်းပင် ကိုင်းကြားမှ ချိုးကူသံသည် ဆွတ်ပျံဘွယ် မြူးလွင့်လာ၏။ အေးဆောင်သည် မော့ကြည့်၏။

ဆွမ်းခံ ဝင်ချိန်လောက်ရှိပြီ။

စောသည် ခေါ်နိုင်သေးသော အချိန်ပေမယ့် နေက ပူလှသည်။ အေးဆောင် တကိုယ်လုံးတွင် ရေချိုးထားသည့်နှယ် ချွေများရွှဲနေသည်။ ရေရှာသော ပျားများသည် အေးဆောင်အပေါ်နားပြီး ချွေးသောက်ကြ၏။ ကောင်းကောင်း သောက်သူလည်းရှိ၊ တုပ်သွားသော ပျားလည်းရှိ၏။

သို့သော် ပျားကို အေးဆောင် ဂရုမထားနိုင်ချေ။ ပွေးတွင်းကို မဲပြီး တူး၏။ အိမ်မှ ထွက်လာကတည်း ဘာမျှ မစားခဲ့ရ။ ယာထဲသို့လည်း အမေထမင်းပို့ရန် မမှာမိခဲ့။ ကိစ္စပြီး၍ အိမ်ပြန်ရောက်မှသာ စားရမည်။

တစ်ဖာလုံခန့်တူးမိသောအခါ ပွေးလမ်းဆုံးသွား။ ပွေးမရှိချေ။ ထိုအခါကျမှ အေးဆောင် ချွေးသုတ်ရန် သတိရသည်။ လက်တဖက်က တူးရင်းဆွဲလျှက်၊ လက်တဖက်မှ ပုဆိုးဖြင့် မျက်နှာသုတ်လျက် ဆက်တူးမည့် နေရာသို့ ရွှေ့ခဲ့၏။

“အေးဆောင်ရေ အရေးထဲမှ အရာပေါ်လာပြီဟေ့၊ ငါ့လခွမ်း”

ဦးသက် အသံလာရာသို့ အေးဆောင် လှမ်းကြည့်လိုက်သည်။

မောလာသမျှ ပန်းလာသမျှတို့ ရုတ်ချည်းကွယ်သွားသည် ထင်၏။ ဦးသက်ကျော်ဖက်တွင် ရို့ရို့ကလေး ရပ်နေသော မြသွယ်ကို မြင်လိုက်သောကြောင့်ပင်။

 “ဘာကိစ္စတဲ့လဲ အရီး”

မြသွယ်တို့ သားအဖ အနီးသို့ အေးဆောင်လျှောက်လာခဲ့သည်။

“ဆီကိစ္စပေါ့ကွာ။ ကိုင့် ငါ့ ထမင်းထုပ်ကိုတော့ မင်းပဲ ယူထားလိုက်တော့ကွာ၊ ပွေးလဲ မင်းပဲ ဆက်လိုက် လိုက်ပေါ့။ လုံမ ဟိုဘက် ခရိုးစပ်မှာ အဘ ရှာထားတဲ့ ဂဇောင်းခါးတွေ ရှိတယ်။ အဘသွားနှင့်မယ်။”

ဦးသက်သည် မြသွယ်ကို တဆက်တည်း ပြောအပြီး၊ ခမောက်ဆွဲကာ ထွက်သွားတော့သည်။ ဦးသက် ခြေဆယ်လှမ်းခန့် လှမ်းမိချိန်တွင် အေးဆောင်က ဟီးကနဲ ရယ်လိုက်သည်။

“ဘာ ဟီး လဲ သေနာကြီး”

ပါးစပ်က သေနာကြီး ဆိုသော်ငြားလည်း မြသွယ်မျက်နှာက ပြုံးနေသည်။ မျက်လုံးကလေးတွေက ကြည်နေသည်။ အေးဆောင် မြတ်နိုးရသော အပြုံး။

“မတွေ့သေးဘူး ဟောက်တာက အရင်ကိုးဟ”

အေးဆောင် ပြုံးပြုံးကြီး ပြောလိုက်လျှင် မြသွယ် သူ့အဖေကို တချက် မျှော်ကြည့်လိုက်၏။ ဦးသက်ကား တချက်မှ ပြန်စောင်းမကြည့်။ တောနာနတ်ပင်များ ဝဲယာ ညှပ်ထားသော လမ်းကွေ့ထဲသို့ ချိုးဝင်သွားပြီ။

“တော်နဲ့ အဘနဲ့ အခု ဘာလုပ်နေကြတာလဲ”

“ပွေးလိုက်နေကြတာလေ၊ သမီးယောက္ခမ နှစ်ယောက်”

“သေနာကြီး တင်စီးအုံး”

မြသွယ် လက်သီးဆုပ်ကလေးသည် ချွေးရွှဲနစ်နေသော ရင်အုပ်ပေါ်သို့ အုန်းကနဲ့ မကျ၊ ဖုံပေနေသော အေးဆောင် လက်တွင်း ရောက်သွားသည်။ အေးဆောင်သည် ပွေးကိုသာ မိအောင် မဖမ်းနိုင်ရှိမည်။ မြသွယ်ကို ဖမ်းရာတွင် ကျင်လည်လှသည်။

မြသွယ်၏ လက်သီးဆုပ်ကို ဖမ်းမိချိန်တွင် မြေပေါ်သို့ ထိုင်ချလိုက်သည်။ ဆောင့်ဆွဲလိုက်သော အရှိန်ကြောင့် မြသွယ်ပါလာလျှင် ရင်ခွင်ထဲသို့ သွင်းပြီး ခေါင်းငုံ့ပြီး ဖြစ်တော့သည်။

တဆက်တည်းပင် အုန်းကနဲ ထုရိုက်သံ ပေါ်လာကာ မြသွယ်ရုန်းထွက်သည်။ ရှက်မျက်လုံးကလေး ဝံ့လိုက်သည်။

“သိပ်ရမ်းကားတာပဲ၊ အမြင်ကပ်တယ်”

“ချစ်တာကိုးဟ”

“ကိုင်း အဖေခိုင်းထားတာ ပြီးအောင်လုပ်”

နောက်တကြိမ် အေးဆောင် မလှုပ်ရှားမီ မြသွယ် ထသွားတော့၏။ သူ့အဖေ ထားပစ်ခဲ့သည်ဆိုသော ရှားစောင်းပင်ကလေးများရှိသည့် ဟိုဖက်ဖရိုးမှာ အတော်ဝေးသည်။ ထိုကြောင့် အေးဆောင် တူရွင်းကို ပြန်ကိုင်သည်။

ခါးဖြတ်ထားသော နေရာကို ဆက်တူးသည်။

အေးဆောင် ထင်သည့် အတိုင်းပင် ပွေးတွင်းသည် ဦးသက်ယာထဲသို့ ဆက်သွား၏။ သို့သော် ပွေးတွင်း မည်မျှ ရှည်လျားပါစေ အေးဆောင် မမောပါ၊ မြသွယ်၏ ညိုပြာညက်သော မျက်နှာကလေးကို ရှုစားလိုက်ပြီ မဟုတ်ပါလား။

နီရဲသောမြအပြင်သည် နေရင့်သည်နှင့်အမျှ တိုးဆင့်၍ ပူလာ၏။ ငြိမ်နေခဲ့သော လေသည် တညင်းညင်းတိုက်ခတ်စ ပြုလာ၏။ သို့ဖြစ်ငြား အပူ မလျော့ မသက်သာပါ။

ပွေးလမ်းကြောင်းသည် ပဲခင်းထဲသို့ ဝင်လာပြီး။

အေးဆောင် လက်တွန့်မနေပါ။ သည်ပွေးကို မမိမချင်း သည်ပဲခင်း အနှိပ်အစက် ခံနေရမည်။ ပွေးကို အရေးမယူနိုင်တိုင်း ကြိတ်မနိုင် ခဲမရနှင့် နေ့တိုင်း ဒေါသဖြစ်နေရမည်။

တောစပ်ဆီက တောကြက်ဖ တွန်သံကြားရ၏။ မောနေသော အေးဆောင်အား တောကြက်ဖသည် သာယာမှု မပေးနိုင်ပါ။ မြသွယ်တို့ ယာခရိုးနား ထနောင်းပင်ထက်မှ ချိုးတစ်ကောင် ချွဲချွဲပစ်ပစ်ကူငြား၊ အေးဆောင် ပင်ပန်းလှသည်သာ။

“ဟောတော့် ကုန်ပါဘီ၊ ကုန်ပါဘီ”

ပြောပြောဆိုဆို အနားရောက်လာသော မြသွယ်အသံကလေး ကြားရသည့်အခါတါင်ကား အမောရော အပန်းပါ ပြေသွားပြီး။

“တော့်ကို အဖေ ဆဲတော့မှာ”

“ယောက္ခမကြီးက မဆဲပါဘူးဟ၊ ပွေးလိုက်ရင် ဒီလို တူးရမယ်ဆိုတာ သူသိပြီးသားပါ”

“သေနာကျ”

မြသွယ် ဆဲသည်။ သို့သော် ပြုံးပြီး ထနောင်းရိပ်သို့ ထွက်သွားလေသည်။ အေးဆောင်အဖို့ သည်ဆဲသံသည် ပျားရည်ထက် ချို၏။ ငွေဆည်းလည်း သံထက်လည်း သာ၏။

မြေပြင်သည် မြင့်တတ်လာ၏။

ပွေးတွင်းကား မော့တတ်မလာ။ စိုက်ဆင်းသွား၏။ အေးဆောင်မှာ ပိုပြီး နက်နက်ထူးရရုံမက၊ ကုန်းဗဟိုတွင် လိုဏ်ခေါင်း ခက်လက်တွေ ဖြာနေသောကြောင့် အလိုက်ရ ခက်သွားသည်။ တခုတလေ ရေသာခိုပြီး မတူးမိ၍ ပွေးခိုကပ်ကျန်ခဲသော် လူပင်ပန်းထားသမျှ ပစ္စည်းအပျက်ခံထားသမျှ “ကော” ပါလေရော။

ခက်လက်တွေမှာ ပွေး မိသားစု နေထိုင်သောနေရာဖြစ်သည်။ သို့ရာတွင် နေရာဟောင်းသာဖြစ်သည်။ အစာဟောင်းများမှာ လတ်လတ်ဆက်ဆက် မဟုတ်ပေ။ ခက်လက်များကို ဖြိုပြီးနောက် ဆက်လက်တူးပြန်လေရာ တလန်သာသာ တူးမိပြီးမှ လမ်းဆုံးနေသဖြင့် နောက်ကြောင်းပြန်လှည့်ကာ ပွေးစုံ့အပုံ အတန်းများရှိသောဘက်နှင့် ညှိ၍ တူးရသည်။

မွန်းတည့်ချေပြီ။

မြေကြီး ပူခြစ်နေသည်။ မလှမ်းမကမ်းသို့ ကြည့်လျှင် တရှိန်ရှိန် တတ်နေသာ မြေငွေ့များကို မြင်နေရသည်။ သို့သော်ငြား အေးဆောင် မနား။

အလုပ်ကို ဇွဲကြီးသူအဖြစ် ဦးသက်မြင်စေချင်၍၊ အားကိုးထိုက်သူ အဖြစ် မြသွယ် မြင်စေချင်၍ ဖြစ်သည်။

ပွေးတွင်းသည် စိုက်ဆင်းရာမှ ပြန်မော့လာသည်။ မြေပြင်အောက် တစ်တောင် တောင်ထုပ်မှသွားနေ၏။ အေးဆောင် တူးရွင်းရိုး ထိုးသွင်းပြီး မ သည်။ တူးသည်ထက် လွယ်သော နည်းပါပေ။

ပွေးစုံ့များ ရောနှောနေသော ချေးလုံး အရွယ်အစားများကို ကြည့်ကာ အေးဆောင် ခန့်မှန်းသည်။ ပွေးတွင်း အဆုံးတွင် ပွေးကြီး နှစ်ကောင်နှင့် ပွေးကလေး အနည်းဆုံး တစ်ကောင် ရှိရမည်ဟု။

သို့သော် အေးဆောင် ကံဆိုး ရှာပါသည်။

မွန်းတိမ်း တနာရီခန့်တွင် ပွေးတွင်း လှိုင်ခေါင်းသည် ထနောင်းပင်ကြီး အရှေ့ဘက် ရှားစောင်းပြဿဒ် စည်းရိုးဘက်သို့ ထိုးဝင်သွားသည်ကို တွေ့ရသည်။

အေးဆောင် အားမလျော့ပါ။

ပွေးဟူသည် ဥာဏ်အများသား။ သည်ကို အယောင်ပြပြီး ဟိုရောက်ချင် ရောက်သွားသည် မဟုတ်လား။ သို့ကြောင့် ဆက်တူးရာ နဖူးကို ရှားစောင်းပြဿဒ်ဆူးတွေ စူးတော့မှ တံ့တော့သည်။

ခဲလေသမျှ သဲရေကျရပြီ။

ရှားစောင်း ပြဿဒ်ချုံအောက်တွင် တူးချင်လျှင် ချုံများကို ခုတ်ထွင်ရမည်။ အမြစ်တွေကို တူးရမည်။ တစ်ချုံကို တနေ့ရှင်း၍ မပြီး။

အေးဆောင် လက်လျော့သံဖြင့် တောက်ခေါက်လိုက်သည်။

“ယုတ်မာတဲ့ ပွေးကွာ၊ အခုနေ ရေတစည်လောက် လောင်းလိုက်ရရင် ဘောလောပေါ်လာမှာ”

“တော့်ပထွေး ရေတစည်က ဘယ်ကရမှာလဲ”

ကျောနားကပ်၍ ပြောလိုက်သော မြသွယ်ကို လှမ်းကြည့်သောအခါ နှုတ်ခမ်း စူနေသည်။

“ကိုင်း တော်ဖျက်ပစ်လိုက်တဲ့ ပဲပင်တွေကို ပြန်ကြည့်စမ်းပါအုံး”

များလှသည်။ လှည့်မကြည်ပဲနှင့် များပြားမှန်း အေးဆောင် သိသည်။

“ဒါကတော့ နင်တို့ အကျိုးအတွက်” အေးဆောင် စုံစေ့အောင် မပြောလိုက်ရ။ ခြေသလုံး ညိုညိုတုတ်တုတ်ကလေး ပေါ်အောင် ထဘီကို စွန်တောင်စွဲလျှက်၊ မြသွယ် ခြေစောင့်ထွက်သွားသည်ကို အေးဆောင် စိတ်ထဲတွင် မိမိရင်ဘတ်ကို ဆောင့်နင်းသွားသည်ချည်း ထင်လိုက်မိပေ။။

မကျေချမ်းသော စိတ်ဖြင့်

ထိုနေ့က မြသွယ် ထွက်သွားလျှင် ပွေးတွင်း ဆက်တူးနိုင်သောလမ်းကို အေးဆောင် ရှာဖွေသေးသည်။ ရှားစောင်း ပြဿဒ်ခြံကို လှည့်ပတ် တူးဆွကြည့်သေးသည်။

မျှော်လင့်ချက် ကုန်တော့မှ ထနောင်းပင်ရိပ်ဝင်ကာ ဦးသက်ထားခဲ့သော ထမင်းထုပ်ကို ဖြေသည်။ ထမင်းမှာ ပရွက်ဆိတ်တွေနှင့် ရဲနေသည်။ သို့တစေ ပရွက်ဆိတ်တွေ ခဲနေကာမျှနှင့် ထမင်းထုပ်ကို အေးဆောင် မပစ်နိုင်ခဲ့ပါ။ ပရွတ်ဆိတ်ကို ဖယ်ရှားပစ်ကာ ဆီနစ်နေသော အမဲခေါင်း ချဉ်ဟင်းနှင့် ဗိုက်ကားအောင်စားသည်။ စားသောထမင်းလုပ်ထဲတွင် ပါလာသော ပရွက်ဆိတ်များ ကိုက်သည့်အတွက် ထမင်းလည်း စားပြီးရော၊ အေးဆောင် နှုတ်ခမ်းလည်း ရောင်ကိုင်းနေပါလေရော။

လူလည်းပင်ပန်း ပါးစပ်လည်း ပါးရွတ်ဆိတ်ကိုက်၍ ရောင်ရမ်းနေငြား အေးဆောင် မျက်နှာကောင်း မရရှာ။ ညနေဆောင်းတွင် ထနောင်းရိပ်၌ အိပ်နေသော အေးဆောင်ထံ ဦးသက် ရောက်လာသည်။ ပွေးမရဘဲ သူ့ပဲခင်း ပျက်ရမည်လားဟု တိုင်းထွာ၏။ ဆဲရေး၏။

ထိုနေ့မှ အစပြု၍ မြသွယ်လည်း အေးဆောင်ကို မြင်တိုင်း နှုတ်ခမ်းစူနေပြီ။

သည်နေတော့ ဟင်းစားအတွက် ပွေးထိုးရန် ထွက်ခဲ့သည်။ လှမ်းလမ်းဆုံ ရောက်မှ မြသွယ်ကို သတိရကာ ဦးသက်ယာရှိသောဘက်သို့ လမ်းပြောင်းရင်း နှုတ်ခမ်းကို ယောင်ယမ်း စမ်းမိသည်။ မိမိနှုတ်ခမ်း အရောင် ပျောက်ခဲ့သလို မြသွယ်နှုတ်ခမ်းလည်း အစူပျောက်စေရန် နည်းလမ်းကို အေးဆောင် တွေးသည်။ တွေး၍ မရ။

တွေးယင်း လျှောက်ယင်းနှင့် မည်းမည်း အုပ်အုပ် အတန်းကြီး တစ်ခုကို လှမ်းမြင်ရသည်။ ဘသန်းတင်တို့ ယာဘေးနားက နာနတ်အုပ်ပေတည်း။

“ဟုတ်ပြီ ဒီနားမှာ ပွေးတစ်ကောင်ရှိတယ်၊ မနက်ပွေး”

နံနက်ပွေးဟူသည် နံနက်တွင်မှ စုံ့သော ပွေးဖြစ်သည်။

စုံ့သည် ဆိုသည်မှာ ပါးစပ်ဖြင့် ကိုက်ပြီး ဥမင်ဖေါက်သော မြေစာများကို ခေါင်းနှင့် တွန်းပြီး မြေပြင်ပေါ်သို့ ထိုးတင်တတ်ခြင်းဖြစ်သည်။

ယမန်နေ့က ကြိုတင်လေ့လာပြီး မှတ်သားထားသောအချက် ခေါင်းထဲ ဝင်လာလျှင် တုံ့ကနဲ ရပ်သည်။ ခဏကြာမှ ခြေကြွသည်ဆိုရုံမျှသာ အသာကြွ၍ ရှေ့တိုးခဲ့သည်။

တွေ့ပြီ၏ ပွေးစုံ အဟောင်းတစ်ခု။ နောက်တစ်ခု၏ နောက်ထပ်တစ်ခု။

ခြေလှမ်းကို အသံမထွက်အောင် ချုပ်တည်းကာ လှမ်းရသည့် အတွက် အေးဆောင်တကိုယ်လုံး ချွေးပြန်နေသည်။ နာနတ်ရွက်ကို တုတ်ထိုးပြီး အေးဆောင်မှတ်ထားခဲ့သော အမှတ်အသားကို လှမ်းမြင်ရလျှင် အေးဆောင် မှိန်းကို အသင့်ပြင်လိုက်သည်။ အသွားတတောင်ကျော်ရှည်သော သုံးခွမှိန်းသည် အေးဆောင်လက်ထဲတွင် တုန်နေ၏။

အမှတ်အသား လုပ်ထားသည့် နာနတ်ရွတ်အောက်၌ ပွေးစုံ့ရှိသည်။ ပွေးစုံ့ဘေးတွင် ထိုင်၍ အေးဆောင် အမောဖြေလိုက်သည်။

အမှောင်ရိပ် လျှင်မြန်စွာ ပျက်ပြယ်လာသည်။

အေးဆောင် အမောပြေစ။ ချွေးတိတ်စတွင် ပွေးစုံ့မြေမှုန်များ လှုပ်ရှားလာသည်။ တဖြည်းဖြည်းကြွတတ်လာသည်။ မြေကြီးထဲက ပွေးသည် မြေကြိးများကို ခေါင်းဖြင့်တွန်းပြီး တင်ခြင်းဖြစ်သည်။ မြေမှုန်များ လှုပ်ရှားမှုနှင့် မြင့်တတ်မှု ငြိမ်သည်နှင့် အေးဆောင် မှိန်းသွားကို ဆောင့်ချလိုက်သည်။ မှိန်းရိုး ငြိမ့်ကနဲ့ လှုပ်ရှားသွားသည်။

“ဟာ မိပြီကွ”

ပွေးသည် တချက်သာ လှုပ်ရှားနိုင်ကာ အသက်ထွက်သွားခြင်းဖြစ်သည်။ ပွထနေသော ပွေးစုံ့ကြီးကို လက်ဖြင့်ယက်ပြီး ဖယ်လိုက်သောအခါ မြေပေါ်သို့ ခေါင်းပြူနေသော ပွေးကို တွေ့ရသည်။ မှိန်းသည် ဂုတ်ဆက်၌ စူးဝင်နေ၏။

ပွဲဦးထွက် ကောင်းသည့်အတွက် အေးဆောင် ဝမ်းသာသွား၏။ ပွေးကြီးတန်းလန်းနှင့် မှိန်းကိုထမ်းကာ ခရီးဆက်ခဲ့သည်။ နောက်တွေ့ရသော ပွေးစုံ့မှာ ခြောက်သွေ့နေသော မွန်းတည့်ပွေးစုံ့ဖြစ်၏။ နောက်ထပ် နံနက်ပွေးတစ်ကောင်ရှိသော နေရာနှင့်ဝေးသောကြောင့် အေးဆေးစွာဆေးလိပ်သောက်မိသည်။

အေးဆောင် ပျော်သည်ဆိုသောအခါ ချိုးကလေးများကလည်း အလိုက်သိသည်။ မကျည်းပင်ထက်မှ သာယာစွာ ကူးပေးကြသည်။ ဒေါသကြီးမြဲဖြစ်သော ခါသည်ပင်လျှင် သည်နံနက်တွင် ကူသံသာပါဘိ။

ဦးသက် ယာစပ်သို့ အေးဆောင် ရောက်လာသည်။ သူ့ကို ရှားစောင်းပြဿဒ်အောက် မြှားခေါ်သွားပြီး ဒုက္ခပေးသော ပွေးမိသားစုကို မကျေမချမ်း၍ဖြစ်သည်။ ပွေးစုံ့ အသစ်မရှိ။

သုံးရက်လုံးလုံး သည်ပွေးမိသားစုသည် မည်သည့်အရာကို စားနေသနည်း။ ရှားစောင်းမြစ်တွေကို စားရင်း ငြိမ်နေကြဟန်တူသည်။

“နေနှင့်ကြအုံးပေါ့ကွာ” ကြုံးဝါးကာ အေးဆောင် ခရီးဆက်ခဲ့သည်။ နံနက်ပွေး တစ်စုံရှိနေသေးသည် မဟုတ်လား။

ထိုနံနက်ပွေးကို အေးဆောင်လွတ်သွားသည်။ စိတ်အေးလက်အေးဖြင့် ထိုးသော်ငြား ထိုပွေးကို မမိချေ။ သို့ဖြင့် ခဏ တဖြုတ်နားပြီး မွန်းတည့် ပွေးစုံ့များ ရှိသည့်ဘက်သို့ လှည့်ဝင်လာချိန်ဝယ် ရာသီဥတု ချက်ချင်း ပြောင်းလဲသွား၏။

မည်းချိပ်တတ်လာသော မိုးသားများ ငြိမ့်ငြိမ့်အိအိ တိုက်ခတ်လာသော မိုးသက်လေကလေး။

ရာသီဥတာ မသာယာလျှင် ပွေးသည်အေးမြသော သစ်မြစ်အောက်၌ ခိုနေတတ်၏။ အချိန်မှန် စုံ့ချင်မှ စုံ့မည်။ ပွေးထိုးသူ တွက်ခြေလွဲတတ်သည်။

ပထမ မွန်းတည့်ပွေးသည် အေးဆောင် မရောက်မှီပင် အစုံ့ နှစ်စို့ ထိုးသွားသည်။ အေးဆောင်မောသွားသည်။ ဒုတိယ တစ်ကောင်ကိုမူ သူမိလိုက်သည်။

ယာဘက်သို့ ပွေးနှစ်ကောင်ကို “ပေလက်” လျှော်ဖြင့် ဖောက်သီကာဆွဲလျှက်ပြန်လာချိန်တွင် ယာသမားတို့ တမ်းတသောမိုးကြီး ရွာချလေ၏။ တအုန်းအုန်း တဝေါဝေါဖြင့် လေရောမိုးပါဆင်ကာ ရေအိုးကြီး မှောက်ချသလို ရွာခြင်းဖြစ်သည်။

“ရွာစမ်းပါဟ၊ အမလေး ချိုလိုက်တာ”

မိုးရေထဲ၌ အေးဆောင် ခုန်ပေါက် ပြေးလွှား၏။ ပြေးရင်း ပါးစပ်ဟကာ မော့ထားလိုက်သည်။ ချိုလိုက်သည့် မိုးရေ။ အရသာရှိသည့် မိုးရေ။

ပပ်ကြားအပ်များ နူးကုန်၏။ စေ့ကုန်သည်။ ခြေသွားလမ်းများ လှည်းလမ်းကြောင်းများတွင် ရေစီးကြောင်းဖြစ်လာပြီး အမြုပ်တဖွေးဖွေးနှင့် ရေများစီးဆင်းလာ၏။

“ပွေးသားအမိ သုံးကောင်”

သည်အကြောင်းသူ့ခေါင်းထဲ ဝင်လာသောအခါ အေးဆောင် ခြေကုန်သုတ်ပြေးသည်။ ဝှက်ထားသော သံတူရွင်းကို ယူခဲ့ကာ ဦးသက်တို့ ယာထဲပြေးသည်။ လှည်းလမ်းကြောင်းမှ ရေစီးကြောင်းကို ပိတ်သည်။ ရှားစောင်းပြဿဒ်ချုံစပ် ပွေးတွင်းအဝသို့ သွယ်ယူသည်။ မိုးကား သဲကြီး မဲကြီး အော်ချနေသည်။

အေးဆောင် ထနောင်းရိပ်သို့ ပြေးခဲ့သည်။ ပွေးတွဲနှင့် လွယ်အိပ်ကို ချိတ်သည်။ ထိုအခါကျမှ ဦးသက်တို့ သားအဖကို သတိပြုမိသည်။

ဦးသက်ကမှ “နှစ်နပ်စာတော့ ဖူလုံပြန်ပြီပေါ့ကွာ” ပြောဖေါ် ရသေးသော်ငြား မြသွယ်ကား စူသောမျက်နှာဖြင့် တဖက်လှည့်သွား၏။

နာလိုက်တာ။

နုနယ်သည့် နှလုံးသားကို အဆိပ်ပြင်းသော ကျားလျှာဆူး စူးသည့်နှယ် အေးဆောင်ရင်မှာ နာကျင်လိုက်ရတာ။

သို့သော် အေးဆောင် တချက် တွေခနဲ့ ဖြစ်သွားရုံမှ အပ၊ ဦးသက်ရှေ့တွင် မည်သည့်စကားမှ မပြောနိုင်ချေ။ သို့ကြောင့် ခရိုးရှိ ရှားစောင်းပြဿဒ်ချုံသို့ ပြန်ပြေးလာ၏။

မိုးကား မလျော့သေး။

အေးဆောင် လွှဲယူထားသော ရေစီကြောင်းသည် ချုံအောက်သို့ အားနှင့် အင်နှင့် စီးဝင်နေ၏။ ရေထဲတွင် ပါလာသောအမှိုက်များကို အေးဆောင် ဖယ်ပစ်သည်။ ရေအီနေလျှင် မှိန်းဖြင့်ဆွပေးသည်။

မကြာပါချေ။

အေးဆောင် မျှော်လင့်သည့် ကိစ္စ ဖြစ်ပွားလာ၏။

ယင်းမှာ ပွေးဖြစ်သည်။

လက်သီးဆုပ်သာသာ အရွယ်ရှိ ပွေးကလေးသည် နှာခေါင်းဖေါ်လျက် ရေပေါ်သို့ ပေါလောကြီး ပေါ်လာ၏။ အေးဆောင် ဝမ်းသာသည်မှာ ပြောစရာ မရှိတော့။

မျှော်လင့်ချက် သုံးပုံ တစ်ပုံ ပြည့်သွားသော်ငြား အေးဆောင် မလှုပ်ရှားသေး။ နှစ်ခြိုက်စွာ ပြုံးရင်း ပွေးငယ်ကို ပြုံးကြည့်နေ၏။ ပွေးကလေး သည် ရေစီးကြောင်း ဘေးမှ ကပ်လျှက် မြေပေါ်သို့ တတ်လာကာ ယောင်လည်လည် ဖြစ်နေ၏။

ဤသို့ ရှိနေဆဲတွင် နောက်ထပ် ပွေးနှစ်ကောင် ရေပေါ်သို့ ပေါ်လာကြသည်။ ထနောင်းခေါက်ရောင် အမွှေးများ ရွှဲနစ်နေ၏။ သူတို့သည် ရေလွတ်ရာ ကုန်းပေါ်သို့ ပြေးတတ်သည်။ အမွှေးကို တချက် ခါလိုက်ပြီး ရှားစောင်းပြဿဒ် ဆူးချုံထဲ ပြေားဝင်လိုက်သည်။ အေးဆောင်၏ မှိန်းကြီး နှစ်ကြိမ် လှုပ်ရှားလိုက်သည်။

အသွားတစ်တောင်ခန့်ရှည်သော မှိန်းသွားတွင် ပွေးနှစ်ကောင် ထပ်လျှက် တံစို့လျှိုပြီး ဖြစ်သွားတော့လေ၏။ အေးဆောင်သည် ပွေးငယ်ကိုမူ ထနောင်းပင်အောက်သို့ ခေါ်လာ၏။

“အရီး ဟောဒီမှာ ခင်ဗျားတို့ ပဲခင်းကို ဖျက်တဲ့ကောင်တွေ”

“ဟေ ကောင်းသဟေ့”

ဦးသက်သည် တချက် ပြုံးကြည့်ပြီး ပင်စည်အကွယ်တွင် ကပ်ကာ ဆေးလိပ်မီးညှိနေ၏။

“ဟုတ်ပါ့ကော သုံးကောင်တောင်ပါကလား”

သာယာသောအသံကလေးဖြင့် သူ့ရှေ့သို့ ရောက်လာသောမြသွယ်အား အေးဆောင် လှည့်မကြည့် မသိကျိုးကျင် ပြုနေ၏။ ပဲခင်းကလေး အနည်းအပါးပျက်သည်ကို အကျယ်ချဲ့ပြီး မျက်နှာပုပ်နေသော မိန်းမ။ နှုတ်ခမ်းစူကာ မခေါ် မပြော လုပ်နေသောမိန်းမ။

သို့တစေ အေးဆောင် ကြာရှည် တင်းမခံနိုင်ပါ။

“ကိုရင် အေးဆောင်က သိပ်တော်တာပဲ ဒါကြောင့်”

စကားကို တပိုင်းတစဖြတ်ကာ မြသွယ် ညှို့မျက်လုံးကလေး တချက် ဝင့်လိုက်သောအခါ အေးဆောင် သွားကြီးတွေ ဖေါ်၍ ဟီးကနဲ့ အသံထွက်လာရတော့၏။

 

ဆင်ဖြူကျွန်း အောင်သိန်း

 (သမီးရီးစား ဝတ္ထုများ စာအုပ်မှ ပြန်လည် ကူးယူ ဖေါ်ပြခြင်း ဖြစ်ပါသည်။)