Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

Three Sparrows
 
 
(၁)

 

ကျွန်တော်ထင်တယ်။ လူတယောက် ဘ၀ မှာအရေးပါမှုတို့ ဘ၀က အရေးတယူပြုရမှုတို့ ဆိုတာတွေဟာ တယောက်နဲ့ တယောက် တချိန်နဲ့တချိန် တူကြမှာ မဟုတ်ဘူး။ လသားဘ၀ ကလေးတုန်းကတော့ အမေ့နို့အုံလေးက ကျွန်တော့်အတွက် အရေးအပါဆုံးဖြစ်ခဲ့မှာ သေချာတယ်။ ကျောင်းနေဘ၀ရောက်တော့ စာမေးပွဲ မှန်မှန်အောင်ချင်တာတို့၊ အတန်းထဲ ပထမ ရချင်တာတို့၊ ဆရာဝန်ဖြစ်ချင်နေတာ တို့က အရေးပါမလားဘဲ။ နောက် အရွယ်ရောက်လာတော့ ချစ်သူရဲ့ လက်ကလေး တဖက်ကို မြတ်မြတ်နိုးနိုး ကိုင်ထားချင်တဲ့ စိတ်ဖြစ်တဲ့နေ့တို့၊ သူ့မွေးနေ့ မွေးလရာသီမှာ ကံ့ကော်ပန်းတွေ မရမက ရှာခဲ့ရတာတို့က အရေးပါနေခဲ့ပြီး တချိန်မှာ ကျတော့လည်း သူမကို တသက်လုံး ဆွေးမြေ့ မျက်ရည်ကျစေ လမ်းခွဲစေခဲ့ရတာတွေ၊ မိခင်ကိုလည်း နင့်နင့်သီးသီး ရင်ကျိုးစေ၊ ဆရာဝန်ဘ၀ကိုလည်း အပြီးစွန့်ခဲ့စေအထိ ဘ၀ရဲ့ တောင့်တ ရူးသွတ်မှုတွေ ပြောင်းသွားခဲ့ပြီး အရေးပါမှုတွေက တမျိုး ဖြစ်ကုန်ပြန်တယ်။


ဆိုပါတော့။ ခင်ဗျားကို (၈)ပေ (၁၂)ပေ အခန်းတခုထဲမှာ (၁၀) နှစ်၊ အနှစ် (၂၀) တန်သည်၊ ပိတ်လှောင်ထားကြပြီ ဆိုပါတော့၊ ဒါဆို ခင်ဗျားလည်း ခင်ဗျားဘ၀ရဲ့ အရေးပါမှုတွေ ပြောင်းကုန်မှာ အသေအချာဘဲလို့ ကျွန်တော် ရဲရဲပြောနိုင်တယ်။ ခင်ဗျား သိပ်ချစ်နေတဲ့ ကောင်မလေးကို မေ့ထားလိုက်စမ်းပါဗျာ။ အဲဒီအရေးပါမှုဟာ ရှေ့တန်း တက်မလာနိုင် တော့ဘူး။ အဲဒီအချိန်မှာ ခင်ဗျား သံယောဇဉ်တွေ စည်းစိမ်တွေ၊ ခင်ဗျားတတ်ထားတဲ့ ပညာတွေ၊ ပိုင်ထားတဲ့ ဂုဏ်ဒြဗ်တွေက ဘာမှ သုံးစားလို့မရဘဲ ခင်ဗျား တခုတ်တရ တန်ဘိုးနဲ့ တည်ဆောက်ထားတဲ့ ဘ၀ဆိုတာကလည်း အစိတ်စိတ် အမွှာမွှာ၊ ခင်ဗျားကိုယ်ခင်ဗျားလည်း နံရံမှာ ထောင်ထားတဲ့ ဖွဲအိတ်တအိတ်နဲ့ တူနေသလားလို့ တခါတခါ ခံစားရလိမ့်မယ်။ ရေညှိတွေ၊ အနယ်တွေ ထ နေတဲ့ရေကို နေ့တိုင်း သောက်နေရလို့ ရေသန့်သန့်လေး တခွက် သောက်ချင်စိတ်က အရမ်းကိုဖြစ်နေတာတို့ သောက်ခွင့်ရလိုက်ရင် စိတ်ပျော်သွားတာတို့ တွေဖြစ်နေလိမ့်မယ်၊ ဘာမှမဟုတ်တဲ့ ကိစ္စကို အမှုလုပ် နှစ် (၃၀) နေရမယ်ဆိုလို့ တချက်တချက် ပေါက်ကွဲနေတဲ့ သူငယ်ချင်းတယောက်ကို သူ့အမေ ဆေးရုံတက်နေတာ ဖွင့်ပြောလိုက်ဘို့ သင့်မသင့်တို့၊ ပြီးခဲ့တဲ့ (၂) ရက် လောက်ကရတဲ့ သတင်းတခုကို အတည် ပြုနိုင်ဘို့ သတင်းစာကို ဖတ်ရဘို့လိုတယ်။ ကိုယ့်ခြုံစောင် လာဒ်ထိုးပြီး ၀န်ထမ်းတယောက် ဆီမှာ သတင်းစာနဲ့ လဲလိုက်ရမလားတို့၊ ဖွက်ထားတဲ့ အဘိဓါန်လေးကို တိုက်ဝင်း သန့်ရှင်းရေး သမားလေး တွေ့သွားတဲ့ကိစ္စ နှုတ်ပိတ်နေအောင် စည်းရုံးဘို့ ဆိုတာတွေက အရေးပါနေ လိမ့်မယ်။

 

ပြည့်လျှံနေတဲ့ အိမ်သာခွက် တခွက် ကိစ္စကလည်း တကယ့် ရေးကြီးခွင်ကျယ်ကိစ္စ မဟာဒုက္ခ ဖြစ်လာတတ်သေးတယ်၊ ခင်ဗျားမရီနဲ့။ လူတယောက် ၀မ်း ထပ်သွားဘို့ သူက ခွင့်မပြုတော့လို့ မြန်မြန် သွန်ရဖို့ မိုးမြန်မြန် လင်းပါစေလို့ ဆုတောင်းနေရတဲ့ အန္တရာယ် လွယ်ထားရတဲ့ မနက်ခင်းမျိုးတွေ။ (၈) ပေ၊ (၁၂) ပေ အခန်းလေးထဲက လူ (၈) ယောက်လုံးရဲ့ စိတ်တွေ အိမ်သာခွက် ဆီရောက်နေအောင် အိမ်သာခွက်က ဖမ်းစား လွမ်းမိုးထားလိမ့်မယ်၊ သွန်ပြီးသွားမှ စိတ်သက်သာရာ၊ စိတ်ချမ်းသာရတာ ကိုယ်စီရကြတာတို့။ ငါ့ကိုယ်ငါ မပိုင်ပါလားဟ ဆိုတဲ့ နဖူးတွေ့ ဒူးတွေ့တရား၊ ဒုက္ခ အသေးစားတချို့ကို ပြတ်ပြတ် ထင်ထင် ဖြစ်သွားတာတို့ ဖြစ်လိမ့်မယ်။ တခါ ပြစ်ဒဏ် သင့်စရာ တခုခု ထပ်လုပ်လိုက်လို့ အ၀တ်တထည် ကိုယ်တခုနဲ့ ဆင်းဆင်းရဲရဲ ပိတ်လှောင်ခံနေရခိုက်မှာ ကံကောင်းလို့ ရလာတဲ့ ဆားလေး တဇွန်းအတွက်တောင် ထားစရာ သိမ်းထားစရာ မရှိတဲ့ ကာလမျိုးတွေ၊ အဲဒီအချိန်မှာ ဗန်ဒါရွက်ကလေး တရွက်နဲ့ ထုပ်ထားလိုက်ရတာမျိုး၊ ဗန်ဒါရွက်လေး ကောက်ပေးတဲ့လူက အခရာကျ ကျေးဇူးတင်ခဲ့ရတာ၊ ဗန်ဒါရွက် အရေးပါခဲ့တာ အဲဒီ ဗန်ဒါရွက်ကို မှတ်မှတ်ရရ ဖြစ်နေတာတွေ ရှိလိမ့်မယ်။ ပါရမီပါလို့ ရှာနိုင်ကျင့်နိုင် ရင်လည်း - နအတ္တ အထိ ဖြတ်ကနဲ မြင်စွမ်းသူတောင် ဖြစ်လာနိုင်သေး။


ခုနေတော့ လွန်ခဲ့တဲ့ (၁၈) နှစ် လောက်တုန်းက ကျွန်တော့်ဘ၀မှာ စာကလေးသုံးကောင် အရေးပါခဲ့တဲ့အကြောင်း ခင်ဗျားတို့ကို ကျွန်တော်စပြီး ပြောချင်တယ်။ သူတို့တွေက ကျွန်တော့်ကို အဖေ စိတ်ဝင်အောင် အမေ စိတ်ဖြစ်အောင် မိဘတာဝန်က ဘာလဲ သိအောင် သင်ပေးခဲ့တာမို့ပါ။ အကြင်နာတရားတွေကို တမ်းတရင်း အဖေါ်ငတ် ပူလောင်နေတဲ့ ကျွန်တော့် ဘ၀ကြမ်းကြီးထဲ သုံးလ၊ လေးလစာလောက် ကွပ်လပ်ဖြည့်ပေးခဲ့ကြ ငြိမ်းအေးစေခဲ့ကြ။ မေတ္တာ ငတ်တီးကျပြီး အထီးကျန် ဖြစ်နေတဲ့ ဧကစာရီ ဘ၀ထဲ နေ့စဉ် သုံးကောင်သား အားကိုး တွယ်တာမှုတွေနဲ့ ဝင်ရောက်ခဲ့ကြ၊ ကျွန်တော့် ရင်ဘတ်ပေါ်မှာ ခေါင်းခါခါ လည်ခါခါ တီတီတာတာလုပ် နှုတ်သီးလေးတွေနဲ့ ထိုးဆိတ် ဆော့ကစားကြခဲ့ရင်းက၊ တကျီကျီအော် အစာတောင်းရင်းက၊ မစင်တွေယိုကြရင်း က၊ ခေါင်းမြှုပ် ပုဆစ်တုတ် အိပ်ကြရင်းက ကျွန်တော့်ကို စုန်ရေ မေတ္တာစိတ်တွေ အကြောင်း သင်ကြားပေးခဲ့ကြတာ၊ ဘ၀ကို ရှင်သန်အောင် မွေးတဲ့နေရာမှာ ဘာတွေက အရေးကြီးသလဲဆိုတာမျိုးကို သူတို့ အသက်တွေနဲ့ ရင်းပြီးကာမှ ကျွန်တော့်ကို နားလည်စေ ခဲ့တာတွေ၊ ဒါတွေကို ပြောချင်နေတယ်။

 

(၂)


မအောင်မြင်ဘူးလို့ပြောရတာက မွေးလိုက်တဲ့ စာကလေးက ရှင်ချင်ရှင်မယ်။ ဒါပေမယ့် ဘ၀ပျက်နေတဲ့ `စာ´၊ ဘ၀ပျောက်နေတဲ့ စာကလေး ဖြစ်လာတာဘဲရှိတယ်။ အရွယ်ရောက် လာတဲ့နေ့မှာ သူဟာ`စာ´တော မတိုးတော့ဘူး။ `စာ´လောက စာကလေးတွေရဲ့ ပင်ကိုယ်ဘ၀ဆီ ပြန်မသွားနိုင်တော့ဘူး။ လူနားမှာဘဲနေ လူကျွေးတာစားပြီး စာညွန့်တုန်း သွားကြ၊ တကြောင်းကြောင်းနဲ့ ဘ၀ ဇာတ်သိမ်းရတာချည်းဘဲ။ အောင်မြင်တယ်ဆိုတဲ့ အဓိပ္ပါယ်က ကိုယ်မွေးလိုက်တဲ့စာကလေးဟာ အရွယ်ရောက်လာတဲ့တနေ့ `စာ´လောကကို ပြန်ဝင်ဆန့်သွားပြီး အများတကာ`စာ´တွေလို ပျံသန်းနိုင် အစာရှာနိုင် အသက်ရန်ရှာတဲ့ အန္တရာယ်ဘေးတွေကနေ ရှောင်တိမ်းနိုင်စွမ်းနဲ့ ကိုယ်ပိုင်`စာ´ မိသားစုဘ၀တွေကို ထူထောင်နိုင်စွမ်းရှိတာကိုပြောတာ။ နုစဉ်မှာတော့ ကိုယ်မွေး လိုက်တဲ့စာကလေး တခြားပျံမသွားစေချင်ဘဲ ကိုယ်နားမှာတ၀ဲလည်လည် ပွတ်သီးပွတ်သတ် တက်လိုက်ဆင်းလိုက် လုပ်နေရင် ကျေနပ်နေခဲ့တာပေါ့။ တခြားပျံမသွားနိုင်အောင် အတောင်ကို တချောင်းကျော်နှုတ်ထားဖြတ်ထား၊ လုပ်ထားလိုက်ပေါ့။

 

ဒါပေမယ့် ပြန်ဆင်ခြင်နိုင်တဲ့ တနေ့ တွေးကြည့်လိုက်တဲ့အခါ တော်တော်မတရားပါလား။ ကိုယ်စိတ်ကျေနပ်ဘို့ တခုအတွက် သက်သက် တကိုယ်ကောင်းကြံလိုက်တာ။ ကိုယ့်အတ္တအတွက် သူ့ဘ၀ကို အပိုင်ယူထားလိုက်တာမျိုး ခံစားမိလာတယ်။ သူ့မှာ ကိုယ်ပိုင်ဘ၀မရှိတော့ဘူး၊ ကိုယ်ပေးမှ ရတဲ့ဘ၀ဘဲ ရှိတော့တယ်။ ဘ၀ရဲ့ တန်ဘိုးအကြီးဆုံး လွတ်လပ်ခွင့်ဆိုတာ သူဆုံးရှုံးနေပါလား။ သူ့ကို လွတ်လပ်စေချင်တယ်။ ကိုယ့်လိုဘ၀မျိုးမဖန်တီးချင်ဘူး။ ဒီလိုသဘောပေါက်လာတယ်။ ကဲ ဒီတခါတော့ သူတို့ကို အောင်မြင်အောင် မင်းဘယ်လိုမွေးမလဲ။ လက်ထဲရောက်လာတဲ့နေ့တုန်းက သူတို့ကိုကြည့်လိုက်တော့ တကယ်မှတကယ့် ကိုရက်သားလေးတွေ။ မျက်လုံးတွေမပွင့်ကြသေးဘူး။ ခေါင်းနဲ့ကိုယ်က ဆတူ။ အူခွေလေးတွေ၊ ဥ ဘ၀တုန်းက မိခင်ငှက်မကြီးကထည့်ပေးလိုက်တဲ့ ယာယီရိက္ခာ အနှစ်ဝါလုံးလေးတွေကိုတောင် ၀မ်းရေပြား ပါးပါးမျှင်မျှင်လေးအောက်မှာ မြင်နေရတုန်း။ အမွှေးလေးတွေက အရေပြားအောက်တွေမှာ ရေးတေးတေး မဲညိုညိုလေးတွေအဖြစ်ဘဲ ရှိနေကြတုန်း။ အားယူနေတုန်း။ သူတို့ငှက်လေးတွေမှာ အမွှေးဆိုတာက ခေါင်းနဲ့ တောင်ပံတွေကနေ စပေါက်လေ့ ရှိတယ်။


မွေးစမှာ အရေးအကြီးဆုံးက သူတို့ကို အောင်အောင်မြင်မြင်အစာခွံ့နိုင်တာဘဲ။ ဒီအရွယ်လောက်ကလေးတွေဆိုရင် လက်ထဲထည့်ပြီး နှုတ်သီးဖြဲအစာခွံ့တာကိုသူတို့ ခံနိုင်ရည်မရှိဘူး။ လက်ပူမိသေတာများတယ်။ ဒါကြောင့်နည်းသစ်ရှာရတယ်။ ဇာကနာလို ညှပ်ကလေးဖြစ်အောင် ဖျာစလေးတွေနဲ့ ထွင်လိုက်။ ထမင်းလုံး၊ ဆန်စေ့လေးတွေ ညှပ်နိုင်အောင် လုပ်လို့ ရပြီဆိုရင်တော့ သူတို့ကို အစာခွံ့လို့ရပြီ။ ဒါပေမယ့် သူတို့နဲ့အရင် နားလည်မှုတည်ဆောက်ဘို့လိုတယ်။ အရေးကြီးတဲ့ သင်္ကေတက သူတို့နဲ့ နီးစပ်တဲ့ အသံတခု ပုံမှန်ပြုဘို့နဲ့ အသိုက်ကလေးကို နဲနဲပုတ်လိုက်ဘို့ဘဲ။ စာမကြီးတွေရဲ့သင်္ကေတက အစာချီပြီး ရောက်လာပြီဆိုရင် အသံပြုလေ့ရှိတယ်။ တောင်ပံ ခတ်သံလည်း ပေးတယ်။ ခေါင်းထောင် ပါးစပ်လေးတွေ ဟ ပြီး အစာတောင်းတာနဲ့ ချီလာ ငုံလာတဲ့အစာကို အာခေါင်ထဲ ရောက်အောင် ထည့်ပေးလိုက်တာ။ ကိုယ်ကတော့ သူ့နှုတ်သီးလောက် ဘယ်တိကျမလဲ။ ငှက်မကြီးတွေက သားသမီးတွေ ပေါက်ပြီများဆိုရင် မမောနိုင် မပန်းနိုင် တနေကုန် အစာရှာပြီး ခေါက်တုန့်ခေါက်ပြန်သွား အစာခွံ့နေတာဘဲ တွေ့ရမယ်။ ကိုယ်လည်း ခုတော့ ငှက်မကြီးလို တနေကုန် အလုပ်ရှုပ်နေတော့တာ။

 

ဘ၀ဟာ တခါတခါတော့ ဟာသပြဇာတ်လို့ ဆိုလို့ရတယ်။ အတိတ် တချိန်တုန်းက ကိုယ်ဟာ မြို့လည်ခေါင်မှာ လဘက်ရည်ဆိုင်ကြီး တဆိုင်တည်ခဲ့တာမျိုး ဖြစ်ချင်ဖြစ်။ အချက်အခြာ နေရာတခုမှာ အထူးကုဆေးခန်းတခု ထူထောင် လည်ပတ်နေတာ ဖြစ်ချင်ဖြစ် အဲဒီ အခါတုန်းက ကိုယ့် နေ့တဓူဝ ခေါင်းထဲရှိမှာတွေက လယ်ဂျာတွေ ဂျူတီဇယားတွေ။ လစဉ်အ၀င်အထွက်စာရင်း ကိန်းဂဏန်း (၇) လုံး (၈)လုံး ကိစ္စတွေနဲ့ ရှုပ်ထွေးပြီး သာရေးနာရေး ကိစ္စတွေတောင် ပျက်ကွက်ဖူးလိမ့်မယ်။ လဘက်ရည်ဆိုင် ၀န်ထမ်း (၂၅) ယောက်၊ ဆေးခန်းက ၀န်ထမ်း (၂၈) ယောက်ကို လစာရှင်းပေးဘို့၊ တချို့ မိသားစုတွေကို အရေးပေါ် ဆေးကုစားရိတ် ကြိုတင်ထုတ်ပေးဘို့။ အချင်းချင်း ရန်ဖြစ်နေတာရှင်းဘို့။ စကားများရလေ့ရှိတဲ့ ဂျူတီ ဇယားခွဲဘို့ ဆိုတဲ့ကိစ္စတွေ ခုတော့ ခေါင်းထဲမှာ ဒါတွေ ရှိမနေတော့ဘူး။ အရေးဆက်ပါမနေ တော့ဘူး။ ကိုယ်နဲ့မဆိုင်တော့ဘူး။


လက်ထဲက ဥမမယ် စာမမယ်လေး (၃) ကောင်ကို ဘယ်လို အသက်ရှင်အောင် မွေးမလဲဆိုတာကမှ ကိုယ့်ကိစ္စ။ အရေးပါအရေးကြီးနေတယ်။ ဇလုတ် လေးတွေဖေါင်းနေဘို့လိုတယ်။ ဒီလိုအစာခွံ့နိုင်ဘို့ တနေကုန် ကြိုးပန်းနေရတာ ရီစရာ မကောင်းဘူးလား။ အချိန်တိုတိုလေးမှာ အပေးအယူတွေ၊ နားလည်မှုတွေ သံယောဇဉ် တွေတည်ဆောက်၊ တနေ့တခြား မျက်လုံးလေးတွေ ပွင့်လာတာ။ အမွှေးလေးတွေထွက် လာတာ။ ခုန်ဆွ ခုန်ဆွ လုပ်တတ်လာကြတာ။ အတောင်ကို ခတ်ရင်း အားယူလာကြတာ၊ ဒီလို တိုးတက် လာတာတွေကြည့်ပြီး ပျော်။ ဒါက လဘက်ရည်ဆိုင် ရောင်းအားတက် လာတာ။

 

အနီးအနားက လူနာတွေက အားကိုးတကြီး ကိုယ့်ဆေးခန်းလာတဲ့ ကိစ္စလောက် တော့ဘယ်အရေးပါမလဲ။ ဒါပေမယ့် ဒီလို ဘ၀ကို သေအောင် သတ်ထားတဲ့ နေရာတခုမှာ ကိုယ့်စိတ်နှလုံးကို ရှင်သန်စေခြင်းနဲ့ ပတ်ဝန်းကျင်က ဘ၀တူတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ရှင်သန်အောင် ကြိုးပမ်းခြင်းကိစ္စဟာလည်း ပစ္စက္ခရဲ့ ဧရာမကိစ္စဘဲဗျ။ အထီးအမ ခွဲတတ်လို့ သမီး နံမည်တွေ ပေးထားတာတော့ မဟုတ်ဘူး။ မိကြီးဆိုတာက အထွားဆုံးမို့ ပေးတဲ့နာမည်။ မိစွာဆိုတာက သူများထက် အကြောက်အလန့်နည်းပြီး အစာခွံရင် အတင်းလုတတ်လို့။ မိငယ်ဆိုတာက အညှက်ဆုံးမို့။ အဖေဖြစ်ရင် သမီးကို အချစ်ပိုတယ်ဆိုတဲ့ တချို့ စိတ္တဗေဒ ပညာရှင်တွေပြောတာ မှန်ကောင်းမှန်မလား။ အိပ်နေတုန်း ကိုယ့်ရင်ဘတ်ပေါ်ခုန်တက်။ အတောင်အလက်လေးတွေ အားကောင်းလာတော့ ပခုံးပေါ်ပျံတက်၊ အစာဆာရင် နှုတ်သီးနဲ့ လူကိုဆိတ်။ ဒီလို ရှင်သန်လာမှုလေးတွေက လူကို ကြည်နူးစေတယ်။

 

အသက်ရှင်နေသေးတဲ့ သတ္တ၀ါမှန်ရင် ပုရွက်ဆိတ်ကလေး တကောင်ကအစ ကိုယ့်အသက် ကိုယ်နှမျောတယ်ဗျ။ မယုံရင် ရေထဲပစ် ချကြည့်။ မသေမခြင်း သူ့ ရှင်ရာရှင်ကြောင်း အကြောက်အကန် ရုန်းကန် ပြသွားလိမ့်မယ်။ သတ္တ၀ါလေး သေးသေးလေးတွေ ဆိုပေမယ့် ဘ၀ကိုတွယ်တာစိတ် ကြောက်စိတ်ဆိုတာတွေ အားလုံးမှာ ရှိတယ်။ အားကိုး တွယ်တာတတ်မှုရှိတယ်။ မေတ္တာကို သူတို့နားလည်သလို အသိအမှတ်ပြု တုန့်ပြန်နိုင်စွမ်းရှိတယ်။ တခါတခါ လူ တချို့ထက် သာသေးတယ်။ အမွှေးလေးတွေ အားယူပြီး တော်တော်စုံစုံ ထွက်လာတော့ အရေးတကြီး ဆက်ပြီး လေ့ကျင့် သင်ကြားရတာ နှစ်ခုက ကိုယ်ဖာသာ အစာ ကောက်တတ်လာအောင် ကောက်ချင် စိတ်ဖြစ်အောင် လုပ်ဖို့နဲ့ ယုံယုံကြည်ကြည် ပျံသန်းရဲတဲ့ စိတ် ဖြစ်အောင် လုပ်ဖို့ဘဲ။ အသက်ရှင်နေဆဲ ဘ၀တိုင်းမှာ အသက်ဆက်ရှင်သန်ဘို့ ဒီနှစ်ခုလုံးဟာ အရမ်းလိုအပ် ရေးပါလှတယ်။


``ညှာတာမှု ကင်းတဲ့ လောကကြီးထဲ ရောက်လာကြရင် ဘ၀ဆိုတာ သေကွဲရှင်ကွဲတွေနဲ့ ပြည့်နှက်နေတာမဟုတ်လား။ ခွံ့ပေးမှ အစာ စား တတ်မယ်ဆိုရင် ဘ၀မှာ ဘယ်လိုမှ အသက်ဆက်မရှင်သန်နိုင်ဘူး သမီးတို့ရေ။´´ ဒီ အဖေကြီးဆိုတဲ့ ဘ၀ကလည်း ယာယီပဲ။ နောက်၅မိနစ်မှာ ဘယ်ရောက်မယ်ဆိုတာ ရိပ်စားလို့မရဘူး။

ကဲ ပစ္စည်းသိမ်း၊ အခန်းအပြင် ထွက်ခဲ့ဆိုတဲ့ အမိန့်ဝင်လာတာနဲ့ ချက်ချင်း ခရီးအရပ်တခုကို စ ရတာမျိုး။ သမီးတို့ကို ခေါ်သွားခွင့် မရနိုင်ဘူး။ ထားခဲ့ရမှာ။ အဲဒီအချိန်မှာ သမီးတို့ကို ခုလို အစာဆက်ခွံ့ဘို့ စိတ်ရှည်တဲ့လူကို တွေ့ဘို့ဆိုတာထက် အရေစုတ်ပြီး ဟင်းလေး တနပ် လုပ်လိုက်ဘို့ စိတ်ကူးရှိသူတွေကသာ များနေတဲ့ အရပ်မှာ သမီးတို့ကို စိတ်ချရအောင် သင်ပေးခဲ့ရမှာတွေက အများကြီး။ အဖေကြီး နောက်ဆံမတင်းချင်ဘူး။ ယုံယုံကြည်ကြည်ပျံရဲအောင်လုပ်ရတာတော့ သိတ်မခက်လိုက်ဘူး။ သူတို့လေးတွေ ကိုယ်တိုင်က အတောင်အားကိုးတဲ့ အမျိုး။ နဲနဲမြင့်တဲ့ နေရာတခုမှာတင် ခုန်ချခိုင်း။ တပေ နှစ်ပေ စတဲ့အမြင့်ကနေ လွှတ်ချကြည့်။ ပထမတော့ ဂျွမ်းထိုး မှောက်ခုန်ပေါ့။ နောက်တော့ ဟန်ကျပန်ကျ ထိန်းနိုင်လာ။ အကျကောင်းလာကြရော။ အကျကောင်း အောင်ပျံတတ်ရင် နောက်ထပ်က လိုရာကိုရောက်အောင်ဦးတည်ပျံတတ်ဘို့ ထပ်လေ့ကျင့်ရတယ်။ တမံသလင်းပေါ်ကနေ ရှေ့ တံခါး သံတန်းပေါ်ရောက်ဘို့ အခါခါ ပျံကြရတယ်။ သံတိုင်ဝင်တိုက် ပြုတ်ကျ၊ အရှိန်လွန်ပြုတ်ကျ၊ ခြေကုတ် မမြဲပြုတ်ကျ။ အထပ်ထပ်ပျံကြမှ နောက်ပိုင်းမှာ လိုရာ ဦးတည်ရာကို မှန်းဆပြီး ပျံတတ်လာ၊ ကျော့ကျော့လေး အတောင်ရုတ် သိမ်းတတ်၊ ဟန်ရ ပန်ရ နားတတ်လာကြတယ်။

 

ဒါပေမယ့် ကိုယ်ဖာသာ အစာကောက်အောင် ကျင့်ရတာကျတော့ခက်တယ်။ သူတို့က ပါးစပ်လေးတွေဟပေးထားပြီး ကိုယ်ကခွံ့ပေးတာကို တော်တော် သဘောကျကြ တယ်။ ပျင်းတာတော့မဟုတ်ဘူး။ အားကိုးသမှုလို့ပြောမလား။ တိုက်ခန်းထဲက လှမ်းကြည့်လိုက်လို့ အခန်းရှေ့ အုတ်တံတိုင်း ဘောင်ရိုးတွေပေါ်မှာ တခါတခါ မိခင်နဲ့အပျံ လိုက်သင်နေတဲ့ ငှက်ပေါက်လေးတွေ တွေ့ရင်လည်း အတော်ကြီးတဲ့ အထိ ကိုယ်ဖာသာ အစာ မကောက်ချင်ကြသေးဘဲ အမေခွံ့တာကိုဘဲ အတောင်လေးတွေ တခါခါလုပ်ရင်း စာမကြီးက ခွံ့တဲ့အထိ ကျီကျီကျာကျာလုပ် အစာတောင်းနေတာ တွေ့ရမယ်။


``ဒါပေမယ့်သမီးတို့ရေ ဘ၀ဟာ တခါတခါ နွဲ့ချင်ပေမယ့် ခွင့်မပေးတတ်ဘူး၊ လိုရာရောက်အောင် ပျံနိုင်မှ။ အစာကောက်တတ် အစာရှာတတ်မှ သမီးတို့ဘ၀တွေ ဆက်နိုင်မှာ။ ဘာမှ မသေချာမရေရာတဲ့ ဒီလောကကြီးမှာ ကိုယ့်ကိုယ်ကိုအားကိုးစမ်းပါ။ အဖေကြီးနဲ့က တရက်ရက်မှာ ခွဲရမှာ။ မုချ။´´သူငယ်ချင်းတယောက်က အကြံပေးတယ်။ ခင်ဗျား သူတို့ကို ကိုယ့်ဖာသာ အစာကောက်တတ်အောင် သင်ရတာ ခက်နေရင် ယင်ကောင်တွေ ဖမ်း ချကျွေးကြည့်။ ကောက်စားလိမ့်မယ်။ ယင်ကောင် ပိုးကောင်လေးတွေကို သူတို့သိတ်ကြိုက်တယ်လို့ အကြံပြုတယ်။ ဟုတ်လောက်တယ်။ ဒါနဲ့ ကျွန်တော်လည်း ငါးပါးသီလ ကျိုးတော့တာပေါ့။ ယင်ကောင်တွေ ဖမ်းပြီး သူတို့ရှေ့ မသေမရှင်လေးတွေ ချထား။ လှုပ်လှုပ်ရွရွလုပ်နေတာ ပထမတော့ သူတို့စိတ်ဝင်တစားပေါ့။ နောက် နှုတ်သီးနဲ့ ထိုးဆိတ်ကြည့်ရင်းက ကောက်စား တတ်သွားကြတယ်။ တနေ့တနေ့ ယင်ကောင်တွေဖမ်းဖမ်းကျွေးလိုက်ရတာ။

 

နောက်တော့ ကိုယ်လည်းဝမ်းကိုက်၊ သူတို့လည်း ၀မ်းကိုက်ဝမ်းပျက်တွေဖြစ်ကြပါရော။ ဒါနဲ့ သာလာဆပ်လို မက်ထရိုလို ၀မ်းနဲ့ပတ်သက်ရာ လူသောက်တဲ့ ဆေးမျိုးရှာ၊ လုပ်မိလုပ်ရာ တွေ၊ အဲဒီဆေးကိုဘဲ အမှုန့်လေးနဲနဲရေထဲဖျော်တိုက်။ မိကြီးနဲ့မိငယ်ကတော့ နလံ ပြန်ထူကြတယ်။ မိစွာက နဂိုက ခပ်ကဲကဲ ခပ်စွာစွာဆိုတော့ ယင်ကောင်တွေသူများထက် အများဆုံးစားမိလားမသိဘူး။ ဒီဒဏ်ကိုမခံနိုင်ရှာဘူး။ ဘာတခွန်းမှမပြောဘဲ လောကကြီး ထဲက ငြိမ်ငြိမ်လေးထွက်ခွါသွားပါတယ်။ ကိုယ်ရေချိုးထွက်တော့မှ ရေကန်ဘေးမြေနဲနဲ ပျော့ရာမှာသူကိုမြှုပ်နှံပေးလိုက်တယ်။ သမီးလေး လောကထဲက တိတ်တိတ်လေး ထွက်သွားတဲ့အခါ အဖေ့မှာရှိတဲ့ ၀န်တာက သိက္ခာရှိရှိ အိနြေ္ဒရရနဲ့ အပြစ်ကင်းတဲ့ ဘ၀လေးတခု အဆုံးသတ်စေဘို့ပဲ။ ပုရွက်ဆိပ်တွေ တအုံအုံစားနေရင် သမီးဘ၀ ဇာတ်သိမ်းက ဘယ်မှာလှမလဲ။ ဒီအတွက် ဒီအဖေလည်း တာဝန်ရှိမှာဘဲလေ။ ဒီလိုနဲ့ သမီးတို့ ကိုယ်ဖာသာ အစာကောက်တတ်အောင် သင်ရင်းက သမီးတကောင် အသက်ပေးလိုက်ရပါတယ်။


နောက်ပိုင်းတော့ စိုက်ခင်းထဲ သွားတဲ့သူတွေဆီမှာ တခြား ပိုးကောင်လေး ယူလာခဲ့ဘို့မှာ ကော်ဖီမစ် ဖျော်တိုက်ရင်း သတိပေး၊ မမေ့အောင်မှာရ။ ပိုးကောင်လေးတွေရလာတော့ အဲဒါတွေကို ချကျွေးရင်း၊ ဒါမှမဟုတ်ထမင်းလုံးကို တခါတခါပြာလူးပြီး ယင်ကောင်လိုလိုဘာလိုလိုလုပ် ညာကျွေးရင်းနဲ့ အစာတွေ ကိုယ်ဖာသာ ကောက်တတ်လာကြတယ်။ ပျံတတ် အစာကောက်တတ်ပြီဆိုတော့ နောက်ထပ်သင်ကြားရတာက အမျိုးတူ စာကလေးအုပ်တွေနဲ့ ရောတတ်အောင် ကျင့်ပေး ရတဲ့အလုပ်။ ဒါလည်းအရေးကြီးတာဘဲ။ ပထမ စာကလေးတွေ ကိုယ့်အခန်းရှေ့မှာ စုပြုံကျနေအောင် လာအစာစားအောင် ထမင်းလုံးလေးတွေ ပစ်ချကျွေးရင်း သူတို့ထဲကို ရောလွှတ်ပေးရတယ်။ မွေးကတည်းက လူ့ လက်ထဲမှာ ကြီးလာတာဆိုတော့ အစပထမ ကိုယ့်သမီးတွေက အမျိုးအရင်းတွေကို ပြန်ကြောက်နေ စိမ်းနေရှာကြတာကလား။ စာအုပ် တွေ ကျလာတာနဲ့ အခန်းထဲပျံပြေးဝင်လာရော။ မဖြစ်ဘူး။ စာကလေးအုပ်တွေထဲရောက်အောင် အကြိမ်ကြိမ်ပြန်ပြန်ထည့်ရတယ်။ နောက်တော့ ယဉ်သွားတယ်။ စာကလေး အုပ်တွေနဲ့ ရောတတ် အစာကောက်တတ်လာပြီ။

 

ဒါပေမယ့် မိကြီးမိငယ်က သဘာဝအတိုင်း မွေးဖွား ရှင်သန်လာတဲ့ စာကလေးတွေနဲ့ အတော်ကွာ နေတာတွေ့ရတယ်။ အစာသွက်သွက် လက်လက်ကောက်တာ၊ အန္တရာယ်လို့အချက်ပေးလိုက်တာနဲ့ တညီတညာဝုန်းကနဲ ပျံပြေးကြတာ သူတို့မလုပ်တတ်ဘူး။ စာအုပ်ကြီးထပျံပြေးရင် သူတို့နှစ်ကောင်သား ကျန်နေရော။ အဲဒါပြဿနာ။ စာလောကမှာ သူတို့အတွက် အန္တရာယ်ရှိနေတယ်လို့ယူဆပြီး အချင်းချင်းအချက်ပေးတဲ့ သင်္ကေတတွေ၊ အစာကောက်ရင်း တဖက်ကမျက်စိ လျင်လျင်ထားရတာ။ ကျီးကန်း၊ ဂျိုးသိန်း၊ လေးဂွဆိုတဲ့အန္တရာယ်တွေ အချိန်မရွေးကျနိုင် တာကို သတိမလပ်ဘို့ဆိုတာတွေက အဖေကြီး ဘယ်သင်တတ်မလဲ။ အဖေကြီးတောင် အန္တရာယ် မရှောင်နိုင်လို့ လောလောဆယ် ကံကြမ္မာရဲ့ လက်ခုတ်ထဲမှာမို့လား။ လူစွမ်းကောင်းမှ မဟုတ်တာ။ ဘယ်တတ်နိုင်ခဲ့မလဲ။ ဘ၀တူ အဲဒီစာကလေးတွေကြားမှာ ရောရင်းနဲ့ လက်တွေ့သင်ကြား လေ့လာ ကြတော့ပေါ့သမီးတို့ရေ။

ဒီလိုနဲ့ တရက်တော့ သမီးနှစ်ကောင် သူ့အမျိုးစာကလေးအုပ်ကြီးထဲရော အစာကောက်နေတုန်း ဗြုန်းဆိုစာအုပ်ကြီးက မာကဓ ဗေဒနဲ့ အချင်းချင်း အသံပြု သုတ်ကနဲ ထပျံသွားတယ်။ မိကြီး မိငယ် နှစ်ကောင်ထဲ ကြောင်စီစီနဲ့ ထီးထီးကျန်နေတုန်း ကျီးမဲကြီး သုတ်ကနဲ ဆင်းလာတာ တွေ့လိုက်တယ်။ မြန်မှမြန်။ မိကြီးကို ကုတ်သွားပါတယ်။ ကျီးမဲကြီး လက်သဲ တွေကြားမှာ ကြောက်လန့်တကြား ငယ်သံပါအောင် အော်သွားတာကို တော်တော်ဝေးဝေးထိ ကြားရတုန်း။ သံတိုင်တွေကိုင်ပြီး ရပ်ကြည့်နေရတာကလွဲလို့ ကျွန်တော် ဘာလုပ်နိုင်မှာလဲ။ ဒီ အခန်းလေးထဲက ထွက်လိုက်လို့မှ မရတာ။


``အဖေကြီး ဘာမှ မတတ်နိုင်ဘူး သမီးကြီးရေ။ မိငယ် သမီး ပြန်လာခဲ့ ပျံဝင်ခဲ့တော့၊ အဲဒါအန္တရာယ်။ တွေ့ပြီလား။ သမီး အမကြီးတော့ ပါသွားရှာပြီ။´´ မိငယ်ကကြောက်ကြောက်လန့်လန့် အခန်းထဲပျံပြေးလာတယ်။

 

အော် လောကကြီးထဲ ပျံသန်းရှင်သန်ဘို့ ခုမှကြိုးစားခါစ သမီးကြီးတကောင် အရွယ်မတိုင်ခင် အသက်ပေးလိုက် ရပြန်ပါလား။ အဲဒီညမှာတော့ အလင်းငှက်သီချင်းကို နှစ်ခေါက်ထပ်ဆိုမိတယ်။ နိုင်ရာစား သားရဲဥပဒေ ဆိုတဲ့အပိုဒ်ရောက်တော့ ကျီးမဲကြီးကိုမြင်တယ်။ တိရိစ္ဆာန်လောကမှာ နိုင်ရာစားကြတာက သားရဲ ဥပဒေဘဲ။ ဘာ အပြစ်တင်စရာ ရှိမလဲ။ ယဉ်ကျေးပါတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းထဲတောင် နိုင်ရာစားကြ။ ကြီးနိုင်ငယ်ညှင်း နှိပ်စက်ကြသေးတာဘဲ။

 

အခန်းထဲ နံရံပေါ်က ငုတ်ကလေးကိုချိတ်ပြီးလုပ်ထားတဲ့ အသိုက်ကလေးထဲမှာတော့ မိငယ်တကောင်ထဲ။ တကောင်ထဲကျန်တော့ရှာတဲ့ မိငယ်အတွက် ခွန်အားဖြည့်မိငယ် ဆိုတဲ့သီချင်းကို နစ်နစ်နဲနဲဆိုမိတယ်။ ဒီနေရာမျိုးမှာ တခါတခါ တချို့သီချင်းတွေ ဆိုရတာ ရင်ဘတ်ထဲက ထွက်ကျလာသလိုဘဲ။

 

.... နေ၀င်ညကို ကူးဖြတ်ပြီးမှ ရောင်နီလာတဲ့ နေ့သစ်ကို ရောက်မယ်…. ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှ တချိန်မှာ အောင်မြင် လွတ်မြောက်နိုင်မယ်လေ…….. အန္တရာယ်လမ်းဟာ မချောမွေ့တတ်တော့ ရင်ဆိုင်ရန် ခွန်အားဖြည့် မိငယ်ရေ……..

 


တရက်နှစ်ရက်တော့ မိငယ်ကို အပြင်ထုတ် စာကလေးအုပ်တွေကြား ချထားရမှာ ကျွန်တော် လက်တွန့်နေတယ်။ နောက်တော့ မဖြစ်ပါဘူးလေ။ သူ့ဘ၀သူ ကြောင်းနိုင်ဘို့ ဒါဟာ ဖြတ်ကျော်ရမယ့် အဆင့်ဘဲလို့ အားတင်းပြီး စာအုပ်တွေ လာရင်ပြန်လွှတ်ပေးတယ်။ ရေချိုးဘို့ ခဏထွက်ရတဲ့ အပေါင်းအသင်း တယောက်ယောက်ကိုတော့ ကျီးမဲကြီး ကပ်လာတဲ့ အရိပ်အယောင်တွေ့ရင် ခြောက်လှန့် မောင်းထုတ်လိုက်ဘို့ မှာရတာပ။ ပထမတော့ ကိုယ်က အသံပြုလိုက်ရင် မိငယ်လေးက ပြန်ပြေးဝင်လာတတ်တယ်။ အခန်းကို ပြန်လာတဲ့အခါ တခါတခါလည်း သံတိုင် တံခါးဘောင်မှာ နားတတ်။ တခါတခါလည်း ကိုယ့်ပခုန်းမှာ နားတတ်။ ဒီအပြုအမူတခုနဲ့ဘဲ သူနဲ့ကျွန်တော့်ကြားက တည်ဆောက်ခဲ့ကြတဲ့ အကြီးမားဆုံး နားလည် ယုံကြည်မှုတွေကို ဖွဲ့ဆိုပြချင်ပါတယ်။ ဒါလေးတခုနဲ့ သူနဲ့ ကျွန်တော့်ကြားက ချစ်ခြင်းမေတ္တာဘွဲ့ကို အနက်ရှိုင်းဆုံး ကျွန်တော် ကျူးရင့်ပြချင်ပါတယ်။ နောက်ပိုင်းမှာတော့ မိငယ်လေးက စာအုပ်ကြီးနဲ့အတူ လိုက်ပျံသွားတတ်စပြုပါပြီ။ တခါတခါ စာအုပ်ကြီးပျံရာနောက် လိုက်ပျံရင်းက သူကိုယ်တိုင်လည်း ချီတုံချတုံ ဖြစ်နေတယ်ထင်ပါတယ်။ နီးစပ်ရာ တံတိုင်းပေါ်မှာ တကျီကျီအော်ရင်း စာအုပ်ကြီးနဲ့ လိုက်ပျံနေရကောင်းနိုး အဖေကြီးရှိတဲ့ အခန်းထဲ ပြန်ဝင်ရကောင်းနိုးပေါ့။

 

 

``လိုက်သွားလိုက်သမီးရေ အဖေကြီးက အမျိုးအရင်းမဟုတ်ဘူး။ ပျံတတ်တဲ့ အမျိုးမဟုတ်ဘူး၊ အဖေကြီး လိုက် မစောင့်ရှောက် နိုင်ဘူးကွဲ့။´´ အဲဒီအချိန်မှာ ကိုယ်ကလည်း ၀မ်းသာ ၀မ်းနဲပါ။

 

သမီးကို သူ့ဘ၀တူ စာကလေးတွေနဲ့ ရောနှောပျံသန်းရှင်သန်နေသွားစေချင်တဲ့ဆန္ဒနဲ့။ မကြာခင် မိငယ်လေးက အဖေါ်တွေ ရတော့မယ်၊ လွတ်လပ်ပျော်ရွှင်ဖွယ် တကယ့်ဘ၀ အစစ်ကို ရတော့မယ်ဆိုပြီး ၀မ်းသာတာက တဖက်။ တချိန်ထဲမှာ မိငယ်လေး ငါ့ကို ထာဝရ စွန့်ခွါ သွားတော့မယ်ဆိုတာ ကိုသိနေ၊ တိတ်တိတ်ဝမ်းနဲနေတာက တဖက်ပေါ့။ ဒါပေမယ့် ဒီအချိန်မှာသူရဲ့ လေဟုန်စီး မယ့်၊ လေဆန်ပျံမယ့် သန်စွမ်းလာနေတဲ့ သူ့အတောင်တွေကို နှုတ်ထားလိုက်ဘို့ ဖြတ်ထားလိုက်ဘို့ဆိုတဲ့ အတ္တစိတ်တွေတော့ ကိုယ့်မှာမရှိတော့ဘူး။ ဒီလိုနဲ့ မိငယ်လေး တကောင် ဘ၀မှန်ထဲက အဖေါ်စစ်တွေကို သူရှာဖွေတွေ့ရှိခဲ့ပါပြီ။ တညနေမှာတော့ အိပ်တန်းတက်ချိန်ထိ အခန်းကို သူပြန်မလာဘူး။ သူ့ အိပ်တန်း အစစ်ကို တွေ့သွားပြီ ထင်ပါတယ်။ တညလုံး သမီးတကောင် အန္တရာယ်ကင်းရဲ့လား။ စိတ်ပူနေလို့၊ နောက်တနေ့ မိုးလင်းမှာ စာအုပ်တွေ ကိုယ်အခန်းရှေ့ မြန်မြန်ကျပါစေ ဆုတောင်းနေမိတယ်။ မခွဲဖူးတော့ သမီးငယ်ကိုသတိရနေတာ။ စာအုပ်တွေ ကိုယ့်အခန်းရှေ့ ကျလာတော့ သမီးကို ရှာကြည့်တယ်။ တွေ့မှစိတ်အေးသွားတယ်။ မိငယ်ကို မှတ်မိနေတာပေါ့။သူက တခြား စာကလေးတွေလောက် စကား မများတတ်သေးဘူး မဟုတ်လား။ မငြင်းခုန်တတ် သေးဘူး၊ တုံ့နှေးတုံ့နှေး ဖြစ်တတ်တုန်း၊ လှုပ်ရှားမှုတွေက နှေးနှေးကွေးကွေးရှိတုန်း မဟုတ်လား။


လူ့လက်ထဲက ထွက်သွားခါစဆိုတော့ ဘိုသီဖတ်သီ အရောင်အသွေး ကလည်း ညှင်းသိုးသိုး ဖြစ်နေတယ်ထင်ရတယ်။ နောက်ညတော့ ထူးထူးခြားခြား အခန်းထဲက နံရံ အိပ်တန်းဟောင်းလေးမှာ သူ ပြန်အိပ်တယ်။ ``မနေ့ညက အပြင်မှာအိပ်တာ ချမ်းလို့လားသမီး။ အိပ်တန်းမရှိသေးလို့ ချမ်းချမ်းစီးစီး ကြုံသလို အိပ်ခဲ့ရတာလား။ အိပ်ရတာ စိတ်ထဲမှာ မလုံခြုံလို့လား။´´ စိတ်ထဲကမေး ၀မ်းသာဝမ်းနဲလည်း ဖြစ်နေတာပေါ့။ နောက်နေ့တော့ စာကလေးတွေ ထုံးစံအတိုင်း အိပ်ယာ စောစောထကြတော့ သူလည်း အစောကြီး ထပျံသွားပါတယ်။ တနေကုန် စာ အုပ်ကြီးသွားရာနောက် လိုက်ပြီး သူပျံ နေလိုက်တာ။ လွတ်လပ်လို့၊ ပျော့ပါးလို့။ သူ သင်ကြား လေ့လာစရာတွေကို လေ့လာ သင်ကြားနေပုံပါဘဲ။ အစာလာကောက်လိုက်၊ ပျံသွားလိုက်။

 

ကိုယ်ကတော့ ကိုယ် အခန်းရှေ့ သူတို့ ပျံကျလာမှ ဒီတခေါက် ငါ့သမီးလေး ပါလာသလား လိုက်လိုက် ရှာကြည့် တွေ့ရင်စိတ်ချမ်းသာရ အသင့်ချန်ထားတဲ့ ထမင်းလုံးလေးတွေပစ်ကျွေးရင်း ဧည့်ခံရပေါ့။ ``နား ရမယ့် အိပ်တန်း တွေ့ပြီလား။ အဖေါ်တွေကော ရပြီလား။ အချင်းချင်းပြတဲ့ အန္တရာယ် အချက်ပေး သင်ခန်းစာနဲ့ သင်္ကေတတွေကော ကျေညက်ပြီလား။ မျက်စိရှင်ရှင် နားရှင်ရှင်နဲ့ အန္တရာယ်ကို သတိထားရင်း အစာကောက်ရတဲ့ သင်ခန်းစာတွေကော တက်ပြီးပြီလား။´´ အခန်းထဲကနေ လှမ်းမေး နေမိတယ်။ နောက်ရက်တွေမှာ သမီး သူ့အဖေကြီး အခန်းမှာ ပြန်မအိပ်တော့ပါဘူး။

 

သူမ ပြောတတ်လို့ဖြစ်မှာ။ နောက်ဆုံး နှုတ်ဆက်တဲ့ အနေနဲ့ ညက သူ လာအိပ်သွားတာဖြစ်မှာ။ အချိန်တော်တော်ကြာတဲ့အထိ မိငယ်ကို ကိုယ်က စာကလေးအုပ်တွေထဲမှာ လိုက်ရှာရင်း မှတ်မိနေတုန်းပါ။ နောက်တော့ ကိုယ်လည်းေ၀၀ါးစပြုလာပြီ။

 

အသက်ကရပြီ။ မျက်စိတွေကလည်း သိပ်မှ မလျင်တော့တာ။ မိငယ်က စာ အစစ် ပီသ လာလေလေ အဖေကြီးတယောက်ေ၀၀ါး လာလေလေပေါ့။ သမီးရဲ့လှုပ်ရှားပုံ ပြုမူပုံ ပျံသန်းပုံတွေဟာ မြန်ဆန် ညီညာ တိကျ သေသပ်သွားတဲ့အခါပေါ့။ ဘာဘဲဖြစ်ဖြစ် စာကလေးအုပ်တွေ အခန်းရှေ့ကျလာတိုင်း ကျွန်တော်ကတော့ အသင့်ဆောင်ထားတဲ့ ထမင်းလေးတွေ ပစ်ချ ကျွေးဖြစ်ပါတယ်။


အနဲဆုံး အတွေးထဲမှာ သမီးမိငယ် လေးတကောင် သူ့အဖေကြီးကို တခါတခါ အမှတ်ရကောင်းရလို့ ပြန်လာတဲ့အခါ သူနဲ့ပါလာတဲ့ သူ့ သူငယ်ချင်းတွေကိုဖြစ်စေ။ သူ့ ကောင်လေးကိုဖြစ်စေ ``တွေ့လား ငါ့အဖေကြီးက သဘောကောင်းတယ်´´ လို့ ကြွားချင်ရင် ကြွားလို့ရအောင်ပေါ့။ ခွန်အားဖြည့် မိငယ် သီချင်းကို ဆိုတဲ့ညတိုင်း၊ စာကလေးအုပ်တွေ အခန်းရှေ့ကျတဲ့ မနက်တွေ တိုင်းမှာ သမီးကို သတိရနေတုန်း လွမ်းတတ်နေတုန်းဘဲ သမီးရေ။

မိုးတွေရွာနေတယ်။ မိုးစိုထဲသိတ်မထွက်နဲ့သမီး။

ခွန်ဆိုင်း

(၉၀ ပြည့်လွန်နေ့များအမှတ်တရ)