Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

Article Index

``ညှာတာမှု ကင်းတဲ့ လောကကြီးထဲ ရောက်လာကြရင် ဘ၀ဆိုတာ သေကွဲရှင်ကွဲတွေနဲ့ ပြည့်နှက်နေတာမဟုတ်လား။ ခွံ့ပေးမှ အစာ စား တတ်မယ်ဆိုရင် ဘ၀မှာ ဘယ်လိုမှ အသက်ဆက်မရှင်သန်နိုင်ဘူး သမီးတို့ရေ။´´ ဒီ အဖေကြီးဆိုတဲ့ ဘ၀ကလည်း ယာယီပဲ။ နောက်၅မိနစ်မှာ ဘယ်ရောက်မယ်ဆိုတာ ရိပ်စားလို့မရဘူး။

ကဲ ပစ္စည်းသိမ်း၊ အခန်းအပြင် ထွက်ခဲ့ဆိုတဲ့ အမိန့်ဝင်လာတာနဲ့ ချက်ချင်း ခရီးအရပ်တခုကို စ ရတာမျိုး။ သမီးတို့ကို ခေါ်သွားခွင့် မရနိုင်ဘူး။ ထားခဲ့ရမှာ။ အဲဒီအချိန်မှာ သမီးတို့ကို ခုလို အစာဆက်ခွံ့ဘို့ စိတ်ရှည်တဲ့လူကို တွေ့ဘို့ဆိုတာထက် အရေစုတ်ပြီး ဟင်းလေး တနပ် လုပ်လိုက်ဘို့ စိတ်ကူးရှိသူတွေကသာ များနေတဲ့ အရပ်မှာ သမီးတို့ကို စိတ်ချရအောင် သင်ပေးခဲ့ရမှာတွေက အများကြီး။ အဖေကြီး နောက်ဆံမတင်းချင်ဘူး။ ယုံယုံကြည်ကြည်ပျံရဲအောင်လုပ်ရတာတော့ သိတ်မခက်လိုက်ဘူး။ သူတို့လေးတွေ ကိုယ်တိုင်က အတောင်အားကိုးတဲ့ အမျိုး။ နဲနဲမြင့်တဲ့ နေရာတခုမှာတင် ခုန်ချခိုင်း။ တပေ နှစ်ပေ စတဲ့အမြင့်ကနေ လွှတ်ချကြည့်။ ပထမတော့ ဂျွမ်းထိုး မှောက်ခုန်ပေါ့။ နောက်တော့ ဟန်ကျပန်ကျ ထိန်းနိုင်လာ။ အကျကောင်းလာကြရော။ အကျကောင်း အောင်ပျံတတ်ရင် နောက်ထပ်က လိုရာကိုရောက်အောင်ဦးတည်ပျံတတ်ဘို့ ထပ်လေ့ကျင့်ရတယ်။ တမံသလင်းပေါ်ကနေ ရှေ့ တံခါး သံတန်းပေါ်ရောက်ဘို့ အခါခါ ပျံကြရတယ်။ သံတိုင်ဝင်တိုက် ပြုတ်ကျ၊ အရှိန်လွန်ပြုတ်ကျ၊ ခြေကုတ် မမြဲပြုတ်ကျ။ အထပ်ထပ်ပျံကြမှ နောက်ပိုင်းမှာ လိုရာ ဦးတည်ရာကို မှန်းဆပြီး ပျံတတ်လာ၊ ကျော့ကျော့လေး အတောင်ရုတ် သိမ်းတတ်၊ ဟန်ရ ပန်ရ နားတတ်လာကြတယ်။

 

ဒါပေမယ့် ကိုယ်ဖာသာ အစာကောက်အောင် ကျင့်ရတာကျတော့ခက်တယ်။ သူတို့က ပါးစပ်လေးတွေဟပေးထားပြီး ကိုယ်ကခွံ့ပေးတာကို တော်တော် သဘောကျကြ တယ်။ ပျင်းတာတော့မဟုတ်ဘူး။ အားကိုးသမှုလို့ပြောမလား။ တိုက်ခန်းထဲက လှမ်းကြည့်လိုက်လို့ အခန်းရှေ့ အုတ်တံတိုင်း ဘောင်ရိုးတွေပေါ်မှာ တခါတခါ မိခင်နဲ့အပျံ လိုက်သင်နေတဲ့ ငှက်ပေါက်လေးတွေ တွေ့ရင်လည်း အတော်ကြီးတဲ့ အထိ ကိုယ်ဖာသာ အစာ မကောက်ချင်ကြသေးဘဲ အမေခွံ့တာကိုဘဲ အတောင်လေးတွေ တခါခါလုပ်ရင်း စာမကြီးက ခွံ့တဲ့အထိ ကျီကျီကျာကျာလုပ် အစာတောင်းနေတာ တွေ့ရမယ်။