Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

Article Index

မွေးစမှာ အရေးအကြီးဆုံးက သူတို့ကို အောင်အောင်မြင်မြင်အစာခွံ့နိုင်တာဘဲ။ ဒီအရွယ်လောက်ကလေးတွေဆိုရင် လက်ထဲထည့်ပြီး နှုတ်သီးဖြဲအစာခွံ့တာကိုသူတို့ ခံနိုင်ရည်မရှိဘူး။ လက်ပူမိသေတာများတယ်။ ဒါကြောင့်နည်းသစ်ရှာရတယ်။ ဇာကနာလို ညှပ်ကလေးဖြစ်အောင် ဖျာစလေးတွေနဲ့ ထွင်လိုက်။ ထမင်းလုံး၊ ဆန်စေ့လေးတွေ ညှပ်နိုင်အောင် လုပ်လို့ ရပြီဆိုရင်တော့ သူတို့ကို အစာခွံ့လို့ရပြီ။ ဒါပေမယ့် သူတို့နဲ့အရင် နားလည်မှုတည်ဆောက်ဘို့လိုတယ်။ အရေးကြီးတဲ့ သင်္ကေတက သူတို့နဲ့ နီးစပ်တဲ့ အသံတခု ပုံမှန်ပြုဘို့နဲ့ အသိုက်ကလေးကို နဲနဲပုတ်လိုက်ဘို့ဘဲ။ စာမကြီးတွေရဲ့သင်္ကေတက အစာချီပြီး ရောက်လာပြီဆိုရင် အသံပြုလေ့ရှိတယ်။ တောင်ပံ ခတ်သံလည်း ပေးတယ်။ ခေါင်းထောင် ပါးစပ်လေးတွေ ဟ ပြီး အစာတောင်းတာနဲ့ ချီလာ ငုံလာတဲ့အစာကို အာခေါင်ထဲ ရောက်အောင် ထည့်ပေးလိုက်တာ။ ကိုယ်ကတော့ သူ့နှုတ်သီးလောက် ဘယ်တိကျမလဲ။ ငှက်မကြီးတွေက သားသမီးတွေ ပေါက်ပြီများဆိုရင် မမောနိုင် မပန်းနိုင် တနေကုန် အစာရှာပြီး ခေါက်တုန့်ခေါက်ပြန်သွား အစာခွံ့နေတာဘဲ တွေ့ရမယ်။ ကိုယ်လည်း ခုတော့ ငှက်မကြီးလို တနေကုန် အလုပ်ရှုပ်နေတော့တာ။

 

ဘ၀ဟာ တခါတခါတော့ ဟာသပြဇာတ်လို့ ဆိုလို့ရတယ်။ အတိတ် တချိန်တုန်းက ကိုယ်ဟာ မြို့လည်ခေါင်မှာ လဘက်ရည်ဆိုင်ကြီး တဆိုင်တည်ခဲ့တာမျိုး ဖြစ်ချင်ဖြစ်။ အချက်အခြာ နေရာတခုမှာ အထူးကုဆေးခန်းတခု ထူထောင် လည်ပတ်နေတာ ဖြစ်ချင်ဖြစ် အဲဒီ အခါတုန်းက ကိုယ့် နေ့တဓူဝ ခေါင်းထဲရှိမှာတွေက လယ်ဂျာတွေ ဂျူတီဇယားတွေ။ လစဉ်အ၀င်အထွက်စာရင်း ကိန်းဂဏန်း (၇) လုံး (၈)လုံး ကိစ္စတွေနဲ့ ရှုပ်ထွေးပြီး သာရေးနာရေး ကိစ္စတွေတောင် ပျက်ကွက်ဖူးလိမ့်မယ်။ လဘက်ရည်ဆိုင် ၀န်ထမ်း (၂၅) ယောက်၊ ဆေးခန်းက ၀န်ထမ်း (၂၈) ယောက်ကို လစာရှင်းပေးဘို့၊ တချို့ မိသားစုတွေကို အရေးပေါ် ဆေးကုစားရိတ် ကြိုတင်ထုတ်ပေးဘို့။ အချင်းချင်း ရန်ဖြစ်နေတာရှင်းဘို့။ စကားများရလေ့ရှိတဲ့ ဂျူတီ ဇယားခွဲဘို့ ဆိုတဲ့ကိစ္စတွေ ခုတော့ ခေါင်းထဲမှာ ဒါတွေ ရှိမနေတော့ဘူး။ အရေးဆက်ပါမနေ တော့ဘူး။ ကိုယ်နဲ့မဆိုင်တော့ဘူး။