Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

the silent truthကျွန်တော် စိတ်ထဲ တော်တော်မသက်မသာ ဖြစ်ခဲ့ရပါတယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော့် မိသားစုကို ကျွန်တော် ဘာလုပ်ခဲ့သင့်လဲဆိုတာ အကြံဥာဏ် တောင်းခဲ့ပါတယ်။ အဖေကတော့ "မင်းကွာ လဘက်ရည်ဖိုးလေး ဘာလေး ပေးလိုက်ပေါ့တဲ့။ မင်းနဲ့ ရင်းနှီးတယ်ဆို မင်းပေးရမှာပေါ့တဲ့။ ၅၀၀ လောက်တော့ ပေးလိုက်သင့်ပါတယ်ကွာ" ဆိုပြီးပြောပါတယ်။ ကျွန်တော်ကတော့ သိပ်သဘောမတူပါဘူး။ "ကျွန်တော်လုပ်ခိုင်းတာမှ မဟုတ်ဘဲ အဖေရ။ သူ့ဘာသာသူ လုပ်တာဘဲ။ ကျွန်တော်က သူလုပ်တာကို မတားမိတာဘဲရှိတာ" ဟုပြန်ပြောမိပါသည်။ အဖေက "ကဲပါ၊ တော်ပါပြီကွာ၊ မင်းစိတ်ထဲထားမနေပါနဲ့တော့။ မင်းဆီကမရလဲ တခြားလူတွေဆီကရမှာပေါ့ကွာ" ဟုဆိုပြီးစကားကို အဆုံးသတ်ပါသည်။ နောက်ဆုံးအနေဖြင့် "မင်းကတော့ကွာ၊ သက်သက်လွတ်စားတဲ့ ကြွက်လိုဘဲ" ဟု သမုတ်ပါသည်။ ကျွန်တော်ကတော့ "ဟုတ်ပါတယ်။ အဲဒီကြွက် သက်သက်လွတ်စားလို့ဘဲ ထောင်ချောက်မှာ မမိတာပေါ့" ဟုပြန်ချေပခဲ့ပါတယ်။ (ကျွန်တော်တို့ အိမ်တွင် အသားမစား ငှက်ပျောသီးဘဲခိုးစားတတ်သော ကြွက်တကောင်ရှိခဲ့ဖူးပါတယ်။) စိတ်ထဲတွင်တော့ ကြွက်မဖြစ်ချင်။ လျှာပေါ်မြက်ပေါက်ပါစေ မြက်မစားသော ခြင်္သ့သာဖြစ်လိုက်ချင်ပါတော့တယ်။

 

ဖြစ်ပုံက - ဆောင်းဝင်ခါနီး ပူလောင်ခြောက်သွေ့တဲ့ တနေ့ပေါ့ ကျွန်တော်လည်း ကားကို အင်ဂျင်ဝိုင် လဲမယ်ဆိုပြီး လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ပြီး ဟံသာဝတီ ကားပွဲစားတန်းနားက ကားရေဆေးဆီထိုးရုံကို သွားခဲ့တယ်။ ရုံးဖွင့်ရက်လည်း ဖြစ်နေတော့ ရေဆေးတဲ့ ကားတွေနဲ့ အင်ဂျင်ဝိုင်လဲမဲ့ ကားတွေလည်းများနေတာပေါ့။ ကျွန်တော် ကားစက်သတ်လိုက်တာနဲ့ အကျီအပြာ၊ စတိုင်ဘောင်းဘီနဲ့ အလုပ်ကြပ်ထင်ပါတယ်၊ "အကို ဘာလုပ်မလဲ" ဆိုပြီးလာမေးတယ်။ ကျွန်တော်ကလည်း အင်ဂျင်ဝိုင်၊ အင်ဂျင်ဝိုင်စစ်၊ ဂီယာဝိုင်တွေလဲချင်တယ် လို့ပြောလိုက်ပါတယ်။ အဲဒါနဲ့သူလည်း ကျွန်တော့်ရှေ့ကဖြတ်ပြီး ငွေသိမ်းတဲ့ ကောင်တာကို သွားပြောတယ်။

 

ကျွန်တော်လည်း အားနေတာနဲ့ စောင့်နေရင်း ရက်ဖ်ဝေါလ်ဒို အီမာဆန် ရဲ့ ကိုယ့်အားကိုယ်ကိုးခြင်း Self-Relience by Ralph Waldo Emerson ကို ဖတ်နေတာပေါ့။ အီမာဆန်ရဲ့ စာတွေက တော်ဝင်တိုက်ပွဲ နဲ့ ကိုယ်ပျောက်လူ Battle Royal and The Invisible Man ရေးတဲ့ရက်ဖ်အီလစ်ဆန် Ralph Ellison ကို ဘာကြောင့် ဘယ်လိုလွှမ်းမိုးတယ်ဆိုတာ သိအောင်ဖတ်နေတာပါ။ စာကြောင်းရေ အနည်းငယ်ဖတ်ပြီးတာနဲ့ ကျွန်တော်သိလိုက်ပါတယ်။ အီမာဆန်ရဲ့ စာတွေက အရမ်းကို ထိရှလွန်းပြီး ကိုယ်ဟာကိုယ်ဘာလဲ ဆိုတာ ရှာဖွေနေတဲ့ လူတွေအတွက် ခွန်အားအများကြီးပေးတာကိုပါ။ ဥပမာ "မင်းစိတ်ရဲ့အတွေးတွေကို ယုံဖို့ ပြီးတော့ မင်းရင်ထဲမှာ မှန်တယ်လို့ထင်တယ်ဟာက လူတွေအားလုံး အတွက်လည်း မှန်တယ်။" ကျွန်တော် လန့်သွားပါတယ်။ ကျွန်တော်လည်း "ငါဘာတွေကို ယုံတာလဲ၊ ငါအဲဒါတွေကို ဘယ်လိုယုံလာတာလဲ၊ ငါယုံတဲ့ ဟာတွေက ရော အားလုံးအတွက်မှန်ရဲ့လား၊ ဂယ်လီလီယို နဲ့ ကော်ပါနီးကပ်စ် Copernicus and Galileo တို့ရဲ့ ယုံကြည်ချက်တွေ၊ တွေ့ရှိချက်တွေ ကိုရော တခြားလူတွေက သူတို့ အသက်ရှုနေတုံးမှာ ယုံခဲ့ကြရဲ့လား" ဆိုပြီးတွေးမိပါတယ်။

 

ကျွန်တော်လည်း အတွေးတွေနဲ့ရှုပ်နေမိတုန်း ကျွန်တော့် ကားအလှည့်ကို ရောက်လာခဲ့ပါတယ်။ အသားညိုညို၊ အရပ်ပုပု၊ အကောင်သေးသေး၊ စက်ဆီတွေပေလူးနေတဲ့ အနီရောင် ဘောလုံးအကျီကို ဝတ်ထားပြီး ကျွန်တော့်ထက် အသက်ကြီးပုံရတဲ့ ကောင်လေး တယောက်က ကျွန်တော့်ကို မေးပါတယ်။ "အကို ဘာလုပ်မှာလဲ" တဲ့။

 

ကျွန်တော်လည်း စောနက ပြောထားတာတွေပြန်ပြောရတာပေါ့။ အဲဒါနဲ့ သူကလည်း ကားအောက်ကို ဝင်၊ နပ်စ်တွေ၊ ဝါရှာတွေဖြုတ်၊ ဆီအဟောင်းကို ထုတ်တာပေါ့။ ကျွန်တော်လည်း သူ့ရဲ့ ဆီပေနေတဲ့ မျက်နှာကို ကြည့်ပြီးဟိုမေးဒီမေးလုပ်ပါတယ်။ ခင်ဗျားတို့ နေ့တိုင်း ဒီ ဆီ၊ ဆီချေးတွေကို ဆေးဖို့ ဘာ ဆပ်ပြာသုံးလဲဗျ။

 

သူကပြုံးပြီး "ဖူဂျီ ဆပ်ပြာကရင်မ်ဘဲသုံးတာပေါ့" ဟုဖြေသည်။ ကျွန်တော်လည်း "အင်း ဟုတ်သားဘဲ။ ဘယ်လိုလုပ်ပြီး ဆပ်ပြာ အကောင်းစားသုံးနိုင်မှာလဲ" ဆိုပြီးတွေးမိပါတယ်။

 

ဒီလိုနဲ့ စကားအနည်းငယ်ပြောဆိုပြီးနောက် ဂီယာဝိုင်လဲတာမျိုး နည်းပါးကြောင်းသိလာခဲ့ရတယ်။ သူက ကျွန်တော့်ကို သုံးပြီးသား ဂီယာဝိုင်တွေ ပြန်ယူမလားဆိုပြီးမေးတယ်။

 

ကျွန်တော်က "ယူပြီးဘာလုပ်ရမှာလဲ" ဟုမေးခဲ့တယ်။

 

သူက "ပြန်ရောင်းလို့ရတာပေါ့။ ပြီးတော့ တခြားနေရာတွေမှာသုံးလို့ရတယ်လေ။" ဆိုပြီးပြောပါတယ်။

 

ကျွန်တော်က ပြုံးလိုက်ပြီး "အဲဒါဆိုရင် ကျွန်တော် အဲဒါတွေကို ပြန်မယူရင် ခင်ဗျားတို့က ဈေးလျှော့ပေးမလား" ဟုမေးလိုက်ပါတယ်။

 

ကျွန်တော့် အဖြေကို ကြားတာနဲ့ သူက အဲဒါဆိုရင် ငွေသိမ်းကောင်တာ ကို ဂီယာဝိုင်လဲ တယ်လို့ မပြောပါနဲ့။ ထပ်ဖြည့်တယ်လို့ဘဲ ပြောပါ ဆိုပြီးအကြံဥာဏ်ပေးပါတယ်။

 

"ဟင်...မဟုတ်ဘူးလေ" ဟုကျွန်တော်ပြောမိတယ်။

 

"မင်းတို့ အလုပ်ကြပ်ကို ငါဘာလုပ်ချင်တယ်ဆိုတာ ပြောပြီးပြီကွ" လို့ပြန်ပြောခဲ့တယ်။ အဲဒါနဲ့ သူလည်း ကား အောက်က ထွက်လာပါတယ်။ ပြီးတော့ ကျွန်တော်ထိုင်နေတဲ့ နေရာနဲ့ ဆန့်ကျင်ဘက်ကို လျှောက်သွားခဲ့တယ်။ နောက်တော့ကျွန်တော်ကို ကြည့်ပြီး သူဖုန်းပြောနေခဲ့တယ်။ ပြီးတော့ ကျွန်တော်ဆီပြန်လာပြီး "ဂီယာဝိုင်ဘဲ ထပ်ဖြည့်သည့် အကြောင်း၊ အသစ်လဲခြင်းမဟုတ်ကြောင်း သူငွေသိမ်းကောင်တာကိုပြောပြီးပြီဆိုတဲ့အကြောင်း ကိုလာပြောတယ်။

 

 

"ဟင်..ငွေ နှစ်ထောင်ပေးရတာကိစ္စမရှိပါဘူး" ဟုကျွန်တော်ပြောခဲ့တယ်။

 

ဒါပေမယ့်သူက "ကိစ္စမရှိပါဘူး အကိုရ။ ထပ်ဖြည့်တာက ၅၀၀ ဘဲကျပါတယ်။"

 

သူပုံစံက သူအကုန်တာဝန်ယူပြီးသည့် ပုံစံဖြစ်သည်။ အဲဒါနဲ့ ကျွန်တော်လည်း ဘာပြောရမှန်းမသိတာနဲ့ ဘာမှဆက်မပြောတော့ပေ။

 

ကျွန်တော်လည်း သူပြောတဲ့ အတိုင်းလုပ်ရင် ကောင်းမလား၊ မလုပ်ရင်ကောင်းမလား စိတ်ရှုပ်နေမိပါတော့သည်။ ကျွန်တော်သိပါတယ် ကျွန်တော် မလိမ်သင့်ဘူးဆိုတာ။ ဒါပေမယ့် သူ့ဘဝနဲ့ စိတ်ဓာတ်ကို မထိခိုက်စေဘဲ ဒီကောင်လေး လုပ်ခဲ့တာကို ဘယ်လိုတားဆီးရမလဲ။ အလုပ်ကြပ်အနားရောက်လာပြီး တအံတသြနဲ့ မေးတော့လည်း ကျွန်တော် အမှန်ကို ပြောချင်ခဲ့ပါတယ်။

 

"မင်းလုပ်တာမြန်လှချည်လား" ဟုအလုပ်ကြပ်ကမေးပါတယ်။

 

ကျွန်တော်ဘာမှတောင်မပြောနိုင်ခင် ထိုကောင်လေး က "ဟုတ်တယ်၊ ဟုတ်တယ်၊ ဆီထပ်ဖြည့် တာဘဲလေ " ဟု ဖြေလေသည်။

 

ကျွန်တော်လည်း ငြိမ်ပြီးမနေနိုင်တော့ပေ။ "ခင်ဗျားက ဘာလို့ မြန်တယ်လို့ပြောရတာလဲဗျ။"

 

သူက "အကိုကျွန်တော်တို့ဆီက ဂီယာဝိုင်ဝယ်ရင် ဖိအားသုံးပိုက်နဲ့ pressure pump ဖြည့်တာဗျ။ ဒါပေမယ့် အကိုက ဂီယာဝိုင်ကို အပြင်ကဝယ်လာတော့ ကျွန်တော်တို့က လက်နဲ့ရိုးရိုးဖြည့်ရတော့ ကြာတာပေါ့။" ဟုဖြေသည်။

 

ကျွန်တော် အခုထိ အမှန်ကို ပြောမထွက်သေးပါ။ ကျွန်တော် ကိုယ်အတွက် ကိုယ်စဉ်းစားလိုက် သူအတွက်စဉ်းစားလိုက် ဖြစ်နေသည်။ ဘာလုပ်သင့်တယ် ဆိုတာတွေဝေနေခြင်းဖြစ်သည်။

 

တော်တော်ကြာစဉ်းစားပြီးနောက် ကျွန်တော်ဖတ်နေသော စာရွက်ပေါ်သို့ ကျွန်တော်တွေးမိတာလေး ချရေးမိသည်။ "သတ္တိဆိုတာ မင်းအတွက် အကျိုးမရှိသော်လည်း၊ အန္တရာယ်ဖြစ်စေနိုင်သော်လည်း မှန်တာကို ပြောရဲအောင် တိုက်တွန်းတဲ့အရာဖြစ်တယ်။ ဥပမာ တဦးတယောက်က မင်းအတွက် ပစ္စည်းခိုးပေးနေတာကို ခွင့်ပြုလိုက်ရင် မင်း မတားမြစ်နိုင်လိုက်ဘူးဆိုရင် မင်းဟာ သတ္တိမရှိတဲ့သူဘဲ။" ရေးပြီးပြီခြင်း ကျွန်တော် ပြုံးမိသည်။ ငါပြောလိုက်ရင် ဒီကောင့်ဘဝကို ဖျက်ဆီးသလိုများဖြစ်သွားမလား။ နောက်ပြီး ကျွန်တော်တို့ဆီမှာ ထုံးစံလိုဖြစ်လာတဲ့ လက်ဘက်ရည်ဖိုးပေးရမလား။ ဒီမေးခွန်းတွေအတွက် ကျွန်တော်မှာ အဖြေမရှိပါ။ ကျွန်တော် လုပ်ခိုင်းတာမဟုတ်တဲ့အလုပ်အတွက် ပိုက်ဆံမပေးချင်ပါ။ တဖက်က ပြန်ကြည့်တော့လည်း သူက ကျွန်တော့် အတွက်လုပ်ပေးတာဖြစ်နေတော့ ပေးသင့်တယ်လို့ ထင်ပြန်ရော။ ဒီလိုနဲ့ဘဲ အချိန်တွေကုန်ပြီး သူလည်း အလုပ်ပြီးသွားပါတော့တယ်။

 

အခုတော့ ကျွန်တော်လည်း ငွေသိမ်းကောင်တာကို သွားပြီး ကျသင့်ငွေရှင်းရုံဘဲရှိတော့တာပေါ့။ ကောင်လေးက မှာလိုက်သေးတယ်ဗျာ။ ထပ်ဖြည့်တယ်လို့ဘဲပြောပါတဲ့။ ကျွန်တော် သူ့ကို ကြည့်မနေတော့ပါဘူး။ ရင်ခုန်စွာနဲ့ဘဲ ငွေသိမ်းကောင်တာကို ဖြေးဖြေးချင်း လှမ်းခဲ့ပါတော့တယ်။

 

ကောင်တာက မိန်းခလေးက "အကို ကိုယ်ပစ္စည်း ကိုယ်ယူလားတာလား" ဟုမေးသည်။

 

ကျွန်တော်ကလည်း "ဟုတ်"။

 

ကျွန်တော် အသက်ရှုမှန်အောင်ကြိုးစားနေရပါသည်။ ပြီးတော့ နောက်ထပ်မေးခွန်းတွေ ထပ်မမေးရန် ဆုတောင်းမိနေပါတော့တယ်။ တော်ပါသေးရဲ့ ထပ်မမေးတော့လို့။ ငွေလက်ခံဖြတ်ပိုင်းကို ပေးတယ်။ ကျွန်တော်ကလည်း ကျသင့်ငွေ ၂၅၀၀ ကို ပေးတယ်။ အင်ဂျင်ဝိုင်လဲခ ၂၀၀၀ ကျပ်နဲ့ ဂီယာဝိုင်ထပ်ဖြည့်ခ ၅၀၀ ကျပ်။ ကျွန်တော်လည်း စိတ်လေးပင်စွာ ဘဲပြန်လှည့်လာခဲ့တယ်။ စိတ်ထဲမှာတော့ ဘာပြောပြီး ဘာလုပ်ရမှန်းမသိ။ အဲဒါနဲ့ဘဲ ကားထဲကို အသာလေးဝင်ပြီး အိမ်ကို ပြန်ခဲ့တယ်။ ထိုကောင်လေးကလည်း ဘာမှတော့ မပြောပါဘူး။ ဖြစ်နိုင်တာတော့ ကျွန်တော့်ဆီက လက်ဘက်ရည်ဖိုးတောင်းဖို့ အခွင့်မသာလို့လား ဒါမှမဟုတ် မတောင်းဖို့ဘဲ စိတ်ကူးထားလားမသိပါ (ဒါတော့ မဖြစ်နိုင်ဘူးထင်တယ်)။ ကျွန်တော့်ကား နောက်ကြည့်မှန်ထဲမှာ တော့ သူက ကျန်ခဲ့ တဲ့ စက္ကူအခွံတွေနဲ့ ပလတ်စတစ် အခွံတွေ သိမ်းဆည်းလို့ကျန်ခဲ့လေရဲ့။