Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

aung myint (၁)

 

တစ်နေ့သ၌ ကျွန်ုပ်သည် မိဘနှစ်ပါးကို တော်လှန်ပုန်ကန်၊ နှမများကို ရန်သတ္တရုပြု၍ အိမ်တွင်း တော်လှန်ရေးကြီးကို စတင်လိုက်လေ၏။ တော်လှန်ရေး ပေါ်ပေါက်ရသည့် အကြောင်းတရားတို့ကို ယခု ပြန်ပြောင်းစဉ်းစားသည့်အခါ ရေးတေးတေးမျှသာ မှတ်မိတော့သည်။

 

“အောင်မယ် အောင်မယ် လူကဖြင့် နို့နံ့တောင် မစင်သေးဘူး၊ မိဘတွေကို ခံပြောရတယ် ရှိသေး” ဟူသည့် မြည်တွန်သံ၊ “နင့် လုပ်စာ ဘယ်နှပြားဖိုးရှိလို့ လူကြီးတွေကို ဘာလုပ်ပါ ညာလုပ်ပါ ပြောရတာလဲ” ဟူသည့် ကြိမ်းမောင်းသံတို့သည် အမ် ၁၆ မောင်းပြနှ်ရိုင်ဖယ်ဖြင့် နားဝတေ့၍ တရစပ် ပစ်ခတ်နေသည့်အလား ထွက်ပေါ်လာ၏။ ထိုကဲ့သို့ မိဘနှင့် နှမများက လေသေနတ်ဖြင့် ပစ်ခတ် နှိမ်နှင်းခြင်းကြောင့် ကျွန်ုပ် မရှုနိုင် မကယ်နိုင် ဖြစ်သွားလေ၏။ အကျဉ်းချုံး၍ ဆိုရပါလျှင် ထိုအိမ်တွင်းသူပုန်ထမှုသည် လူသူလက်နက် အင်အား မမျှတသောကြောင့် နာရီပိုင်း အတွင်းမှာပင် မရှုမလှ အရေးနိမ့်သွားလေ၏။ ထို့ကြောင့် ပုန်ကန်သူ ကျွန်ုပ်သည် ရှေးတော်လှန်ရေးသမားကြီးတို့၏ ထုံးတီးနည်းနာများကို နှလုံးသွင်းဆင်ခြင်ကာ လက်တွေ့ကျင့်သုံး၍ တောခိုခဲ့လေသတည်း။

 

မိဘများနှင့် စိတ်ဆိုး၍ အိမ်မှ ဆင်းသည် ဟူသည့်အလေ့မှာ ကျွန်ုပ်တို့ ခေတ်အခါက အတော်ပင် ရေပန်းစား၏။ ကာလသားများ၏ ဖက်ရှင် တစ်ခုလိုလိုပင် ဖြစ်ခဲ့ဖူးသည်။ အိမ်ပေါ်မှ အနှင်မခံရဘူးသူမှာ မျက်နှာငယ်သလိုလို ဘာလိုလိုနှင့် သူငယ်ချင်း အပေါင်းအဖော်တို့ကြားတွင် နေရထိုင်ရ အတော်ပင် ဂွကျလေ၏။ ကျွန်ုပ်မူကား အခြားသော ကာလသားတို့ ကြံစည်သကဲ့သို့ ဖားကန့်သွား၍ ကျောက်တူးမည်၊ ရွှေတောတက်၍ ရွှေကျင်မည်၊ သူဌေးကြီးဖြစ်အောင်လုပ်ပြီး သူဌေးကြီးဖြစ်ခါမှ မိမိ၏ အစွမ်းသတ္တိကို ပြဦးမည်၊ ညံ့ဖျင်း နုံချာသောသူ မဟုတ်ကြောင်းကို အောင်မြင်မှုတို့ကို ဆွတ်ခူးရယူပြီး သက်သေ အောင်လံထူမည် ဟူသည့် ယောက်ျား မာန၊ စိတ်ကူးမျိုး စိုးစဉ်းမျှ မရှိသဖြင့် အစ်ကို ၀မ်းကွဲတစ်ဦး မောင်းနှင်သော လိုင်းသဘောင်္ကို အလကား တက်စီး၍ ဘွားအေကြီး နေထိုင်ရာ မြစ်ဝကျွန်းပေါ်ဒေသမှ ဒေါင့်ကြီးဟူသည့် တောရွာကလေးသို့ ခပ်ကုပ်ကုပ် ဆုတ်ခွာခဲ့လေ၏။

 

(၂)

 

အလွန်တရာ ကြင်နာတတ်လှစွာသော ကျွန်ုပ်၏ ဘွားအေကြီးသည် အိမ်နောက်ဖေး ရေဆင်းတံတားကြမ်းခင်း ၀ါးလုံးတို့ကို တဂျွမ်းဂျွမ်းနင်း၍ အိမ်ပေါ်သို့ ဆောင့်ကြီးအောင့်ကြီး တက်လာသော ကျွန်ုပ်ကို မြင်လျှင် ပျာပျာသလဲ ကြိုဆို၏။ အမောပြေစေရန် ဆီးယိုနှင့် ရေတစ်ခွက် တိုက်ကျွေး၏။ အကြောင်းစုံကို သိပြီးသော် အဘွားသည် ကောင်းသည်ဟုလည်း မဆို၊ မကောင်းဟူ၍လည်း တစ်ခွန်း မပြော “သြော် ငါ့မြေးက သိပ်စိတ်ကြီးတာပဲကွယ်။ ကဲ ကဲ ဘယ်ကိုမှ လျှောက် မသွားနဲ့။ အဘွားဆီမှာ စိတ်ပြေလက်ပျောက် တစ်လ ကိုးသီတင်း ပေါက်အောင် နေလိုက်ဦး” ဟု ဆိုကာ သပြေခက် ကမ်းလေ၏။ အဘွားသည် ကျွန်ုပ်ကို ချစ်သော်ငြားလည်း ကျွန်ုပ်နှင့် တစ်အိမ်တည်း အတူနေလျှင် မျက်စိ၊ နား မချမ်းသာဖွယ်တို့နှင့် ကြုံတွေ့ရဖွယ်ရှိသည်ကို ကြိုတွေးမိဟန် တူသည်။ ထို့ကြောင့်  တစ်ဖက်လှည့်ဖြင့်  “ငါ့ မြေးလေး အဘွားနဲ့ နေရ ထိုင်ရတာ မလွတ်လပ်မှာ စိုးရင် ကွင်းထဲက တင်းကုပ်မှာ သူရင်းငှားတွေနဲ့ သွားနေချေ။ သူတို့တတွေကလည်း မင့် ညီအစ်ကို သားချင်းတွေပဲ ကွဲ့။ တစ်ခုတော့ရှိတယ် ကွင်းထဲမှာ အရက် မသောက်ရဘူး။ အဘိုးက အမှားအယွင်း မခံဘူး” ဟု ဆိုကာ သူပိုင်ဆိုင်ရာ လယ်တောတစ်ခွင်လုံးတွင် ထင်တိုင်းကျဲပိုင်ခွင့် အမိန့်အာဏာကို တရားဝင် အပ်နှင်းလေ၏။

 

အဘွားသည် အသက်သုံးဆယ်စွန်းစကတည်းက မုဆိုးမဖြစ်ခဲ့ရသော်လည်း လောကဓံကို လွယ်လွယ်နှင့် လက်မြှောက် အရှုံးပေးသူ မဟုတ်ချေ။ စီးပွားရေး လာဘ်မြင်၏။ အစီအမံ ကောင်းမွန်၏။ ထို့ကြောင့် မုဆိုးမပင် ဖြစ်သော်ငြားလည်း အခြေမြင့်သည့် လယ်ပိုင်ရှင်မကြီးအဖြစ် တည်တည်တံ့တံ့ ရပ်တည်နိုင်၏။ လယ်မြေနှင့် ဓနိခြံ များစွာကို ပိုင်ဆိုင်သူ အဘွားသည် ရေငံတိုင်း တလိုင်းအရပ်မှ လယ်သူမကြီး ဖြစ်သောကြောင့် တလိုင်းနတ်ကို အလွန်ယုံ၏။ သူ့ အိမ်တွင် ပုစွန်၊ ငါး မီးဖုတ် မစားရ၊ လိပ်သားဆိုလျှင် စားရန် မဆိုထားဘိ၊ လိပ်ဟူသည် အသံကြားရသည်ကိုပင် မကြိုက်။ ကြားရသည်နှင့် သူ မနေတတ် မထိုင်တတ် ဖြစ်သွားလေ၏။ “လိပ်ပုပ်ကြီးပါကွယ်” ဟု ဆိုတတ်သည်။ “အမေကြီးက လိပ် ဆိုတဲ့ အသံကိုတောင် မကြားချင်ဘူးဆိုတော့၊ ဖျာလိပ်တွေ အိမ်ပေါ်မှာ မထားနဲ့။ ရေထဲကိုသာ ၀ဲလိုက်တော့” ဟု ကျွန်ုပ် ကျီစယ်လိုက်လျှင် အဘွားသည် တွေ့ရာပစ္စည်းကို ကောက်၍ ပေါက်လေ၏။

 

ထိုမျှသာမကသေး ရိုးရာနတ် အစွဲအလမ်းကြီးသူ အဘွားသည် သူ့လယ်ကွင်းတစ်ခွင်ကို စောင့်ရှောက်သည့် ကွင်းပိုင်ကြီးကို အထူး ယုံကြည် ကိုးစား၏။ စင်စစ်မူကား ကွင်းပိုင်ကြီး၏ အမည်ရင်းကိုသော်မှ သူ ကောင်းစွာ မသိချေ။ သူ့ မိဘများ ပြောသံဆိုသံကို ကြားဖူးယုံမျှသာ ဖြစ်သည်။ လေသံကြားနှင့် တရားနားဖူယုံမျှသာ ဖြစ်သည်။ အဘွား၏ အလိုအတိုင်း ဆိုရပါမူ ထိုကွင်းပိုင်ကြီးသည် ကျွန်ုပ်တို့နှင့် ဘိုးဘေးတော်စပ်သည် ဟူသတတ်။ “အမေကြီးရဲ့ အဖေဘက်က တော်တာလား၊ အမေဘက်က တော်တာလား” ဟု ကျွန်ုပ် မေးလိုက်လျှင် အဘွား ဒေါပွ၍ မဆုံးတော့။ “သယ် ဒီ ကလေးဟာလေ အဘိုးကို မခန့်လေးစား မလုပ်နဲ့” ဟု ဒေါသတကြီး ကြိမ်းမောင်းလေ၏။ နှစ်စဉ်နှစ်တိုင်း မိုးဦးကျလျှင် အဘွားသည် အုန်း၊ ငှက်ပျော၊ လက်ဖက်၊ ကွမ်းယာ စုံလင်စွာဖြင့် ကွင်းပိုင်အဘိုးကို ရိုကျိုးစွာ ပူဇော်ပသ တတ်၏။ ထိုအဘိုးသည် အမဲသားမကြိုက်၊ ၀က်သားမကြိုက်၊ အရက်မကြိုက်၊ မတ်တပ်ရပ်၍ ကျင်ငယ်စွန့်သည်ကို မကြိုက်၊ သူ မကြိုက်သည်မှာ အတော်ပင် များလှ၏။ သူမကြိုက်သည့် အရာတို့မှာ ကျွန်ုပ် ကြိုက်သည့် အရာများ ဖြစ်သောကြောင့် ကျွန်ုပ် နေမထိ ထိုင်မသာ ဖြစ်ရတော့သည်။

 

မည်သို့ပင် ဆိုစေကာမူ ကျွန်ုပ်သည် လယ်ပိုင်ရှင်၊ ဓနိခြံပိုင်ရှင် ဒေါ်ရွှေဖီ၏ တစ်ဦးတည်းသော မြေးဖြစ်ခြင်း၊ ကွင်းရိုးကွင်းစဉ် တစ်လျှောက်လုံးကို အပိုင်စိုးသည့် ကွင်းပိုင်ကြီး၏ အရိုးအဆက်ဖြစ်ခြင်း စသည့် ဂုဏ်ဒြပ်တို့ကြောင့် အဘွားနေသည့် ရွာကလေးတွင် လူပါးဝလိုက ၀ နိုင်၏။ ကမြင်းကြောထလိုက ထ နိုင်၏။ ထင်ရာမြင်ရာ စိတ်ကူးတည့်ရာ လုပ်လျှင်လည်း တားဝံ့သူ မရှိချေ။ သူရင်းငှားများမှာ ကျွန်ုပ်နှင့် ဆွေရိပ်မကင်း မျိုးရိပ် မကင်းသူများပင် ဖြစ်သောကြောင့် ကျွန်ုပ်ကို အထူး ခင်မင်ကြကုန်၏။ တောသူ တောင်သားများဖြစ်သည့် ကျွန်ုပ်၏ သားချင်း သူရင်းငှားတို့သည် စပါးပေါ်ချိန်တွင် သောက်ဖိုး စားဖိုးရယုံမျှသာ ကောက်လှိုင်းစည်း အနည်းငယ် ခိုးယူတတ်ခြင်းမှလွဲ၍ အတော်ပင် ရိုးသားသောသူများ ဖြစ်၏။ ထိုသူရင်းငှားတို့သည် ကျွန်ုပ် ပြောတိုင်း ယုံ၏။ ကျွန်ုပ်က ဖြူသည်ဟု ဆိုလိုက်လျှင် သူတို့လည်း ရောယောင်လိုက်ကာ ဖြူသည်ဟု ဆိုကြလေ၏။ ကျွန်ုပ် မည်းသည်ဟု ဆိုလိုက်ပြန်လျှင်လည်း ရောယောင်လိုက် စမြဲပင် ဖြစ်သည်။ အချို့ဆိုလျှင် လေးနာရီခန့် မျှသာ သွားရသော လပွတ္တာမြို့ကလေးသို့ပင်လျှင် မရောက်ဖူးကြချေ။ သူတို့အဖို့ ကမ္ဘာကြီးဟူသည်မှာ ငှက်ကြီးကွင်းနှင့် ဒေါင့်ကြီးရွာဖျား အထိသာ ဖြစ်၏။

 

(၃)

 

ကွင်းထဲသို့ ရောက်ခါစတွင် သူရင်းငှားများနှင့်အတူ ရင်တွန်းပိုက် တစ်လက် ဆွဲ၍ ပုစွန်စမ်းလိုက်၊ ငါးမျှားထွက်လိုက် လုပ်နေရသဖြင့် အတော်ပင် ပျော်စရာ ကောင်းလှသည်။ သို့သော် ကာလအတန်ငယ် ကြာပြီးနောက်တွင် ကျွန်ုပ် ငြီးငွေ့လာလေ၏။ စည်းကမ်း ကလနားတို့ ထူးထွေ၊ ဆန်းပြားသည့် အဘွား၏ လယ်တွင် နေရသည်မှာ စိတ်ညစ်စရာ ကောင်းလာသည်။ ထို့ကြောင့် ညစ်နွမ်းနေသည့် စိတ်တို့ကို ခ၀ါချရန် ကျွန်ုပ် စိတ်ကူးပေါက်မိသည်။ ညနေစောင်းတွင် ကျွန်ုပ်သည် လက်စွဲတော် သူရင်းငှား ကိုကုလားကို လက်ကုပ်ခေါ်၍  လှေတစ်စင်းကို အသာဖြုတ်ကာ ရေစုန် မျှောချပြီး ဘုံဆိုင်ရှိရာ ရွာတစ်ဖက်ကမ်းရှိ ကြာကန်ဟူသည့် မြို့မကျ၊ တောမကျ စကောစက လအော့လအယ် ရွာကြီးတစ်ရွာသို့ ငါးပါးသီလ ချိုးဖောက်ရန် ထွက်ခဲ့လေ၏။

 

ကြာကန်ရွာသည် မြစ်ဝကျွန်းပေါ် အရပ်ဒေသဖြစ်သောကြောင့် မိုးအခါတွင် ဗွက်ထ၏။ ဆောင်းအခါတွင် ဖုန်ထူ၏။ နွေအခါတွင်မူကား ရေရှား၏။ ရာသီဥတု သုံးပါးအနက် မည်သည့်ရာသီတွင်မှ နေချင်စရာ မကောင်းသော အရပ်ဒေသပင် ဖြစ်သည်။ သို့စေကာမူ ရွာခံတို့သည် သူတို့၏ ရွာကို အလွန်တရာ ခင်တွယ်ကြကုန်၏။ ရပ်စွဲ၊ ရွာစွဲ၊ ဒေသစွဲ အလွန် ပြင်းထန်၏။ ဇနပုဒ်သာသာမျှရှိသော သူတို့ရွာကို တုသိတာ၊ ယာမာ နတ်ပြည်ထက်ပင် သာသည်ဟု ထင်မှတ်ကြသည်။

 

ထိုရွာကြီးသည် ကိုလိုနီခေတ်ကတည်းကပင် စည်ကားခဲ့သည့် ရွာကြီး ဖြစ်၏။ ကိုလိုနီ လက်ကျန် ဘိုတဲပျက်မှ တိုင်ငုတ်ဟောင်းများကို ရေကျချိန်တွင် တွေ့ရသေးသည်။ ရွာဦးတွင် ဘုံအဆင့်ဆင့်နှင့် အသရေတင့်လှသည့် ရှေးဘုန်းတော်ကြီးကျောင်း တစ်ဆောင်ရှိ၏။ ဧရာဝတီ သင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ခံတံတားတစ်ခုလည်း ရှိ၏။ ထိုဆိပ်ခံတံတားကို အမှီသဟဲပြု၍ အသက်မွေးသော အကြော်သည်၊ အသုပ်သည်၊ မုန့်ဖက်ထုပ်သည်၊ ကောက်ညှင်းထုပ်သည်၊ ဘဲဥပြုတ်သည်တို့လည်း ရှိ၏။ ထို့ပြင် လက်ချုပ်အပ်၊ လက်နှိပ်ဓါတ်မီး၊ ငါးမျှားချိတ် မှစ၍ ပါတိပ်ထဘီ၊ ပလေကပ်ပုဆိုး၊ အရိုးခေါင်း တီရှပ်တို့ ရောင်းချရာ တရုတ်ကုန်စုံဆိုင်ကြီး တစ်ဆိုင်လည်း ရှိ၏။ အလိုရှိအပ်၊ တောင့်တအပ်သည့် ပစ္စည်းပစ္စယတို့ကို မြန်မာ့ရိုးရာ စပါးပေး ခရက်ဒစ် စနစ်ဖြင့် အကြွေးယူလိုက ယူနိုင်သည်။ ကမ်းနားတန်းတွင် ချက်ကြီး ဟု ရွာခံကာလသားတို့ ခေါ်ဝေါ်သည့် ချက်အရက် ရောင်းချရာ မြေစိုက်၊ထရံကာ ဘုံဆိုင်ကလေးတစ်ဆိုင်လည်း ရှိ၏။ “ကြိုက်သလောက် ထိုး၊ ကျသလောက် ရှင်း၊ ပေါက်သလောက် လျော်မယ်” ဟူသော စကားကို လက်ကိုင်ပြုထားသည့် အောဒိုင်ဟုခေါ်သည့် ချဲထီဒိုင်၊ နှစ်လုံးထီဒိုင်၊ ဘောလုံးပွဲဒိုင် များတွင် ငွေအသပြာတန်ဖိုးကို အဆတိုးပွားအောင် ရင်းနှီးမြုပ်နှံလိုက စိတ်ရှိတိုင်း မြုပ်နှံနိုင်၏။ လောင်းကစားဒိုင်နှင့် ဘုံဆိုင်ကလေးရှိရာ ကမ်းနားတန်းသည် ညအခါတွင် လူသူ တအုန်းအုန်း၊ တရုန်းရုန်းနှင့် အထူးပင် စည်ကားလေ၏။ မသာရှိသည့် ရက်များတွင် ရှမ်းကိုးမီးဝိုင်းများ ခြိမ့်ခြိမ့်သည်းသည်း ကျင်းပနေသည်ကို တွေ့မြင်နိုင်သည်။ ထိုမျှသာမကသေး ရခိုင်ကပြား အောင်မရဦး၏ အာရုဏ်ဦး ဗွီဒီယို ရုံတော်မင်္ဂလာကြီး၌ ဆင်းရဲသားကားများကို တစ်ကားလျှင် ငါးဆယ်နှုန်းဖြင့် မိုးလင်းပေါက်အောင် တ၀ကြီး ကြည့်လိုက ကြည့်နိုင်၏။

 

(၄)

 

မြစ်ရိုးတစ်လျှောက် တေးတကျော်ကျော်ဆိုရင်း၊ ရေစုန်မျှောချနေခိုက်တွင် မုတ်သုန်မိုးသည် ဗြုန်းစားကြီး ရွာချလိုက်လေ၏။ ထို့ကြောင့် ကိုကုလားနှင့် ကျွန်ုပ်လည်း တက်သုတ်ရိုက်ကာ အသော့နှင် ရလေ၏။ တက်ကုန်ဖွင့်၍ နှင်သော်လည်း အလိုက်ကန်းဆိုး မသိတတ်သည့် မိုးပဇ္ဇုန်၏ ငြိုးမာန်ဖွဲ့မှုကြောင့် ကျွန်ုပ်တို့နှစ်ဦးမှာ ရေနစ်သည့် ကြွက်စုတ်ကလေးများပမာ ဖြစ်သွားလေ၏။ ထိုအခိုက်တွင် မုတ်သုန်မိုး၏ အပေါင်းအဖော်ဖြစ်သော လေပြင်းသည် မကောင်းဆိုးရွာ အော်မြည်သကဲ့သို့ တ၀ူးဝူး မြည်သံကိုပြု၍ ကျွန်ုပ်တို့နောက်သို့ ပြေးလိုက်လာလေ၏။ မိုးဒဏ်ကြောင့် ရွှဲရွှဲစိုနေသော ကျွန်ုပ်တို့ကို လေပြင်းက ထပ်မံ ညှဉ်းဆဲပြန်သဖြင့် မေး တဂတ်ဂတ် ရိုက်လေ၏။ ရွာဦးကျောင်း ရေဆင်းတံတားသို့ ကျွန်ုပ်တို့ ရောက်ခိုက်တွင်မူ ခြေလက်တို့ ပဲကြီး အရေခွံတွန့်၍ နေလေပြီ။

 

ညီအစ်ကို မသိတသိ အခ်ျိန်မျှသာ ရှိသေးသော်လည်း အရပ်တစ်ဆယ့်ခြောက်မျက်နှာလုံးတွင် အမှောင်ထု ဖုံးလွှမ်းနေသဖြင့် ညဥ့်နက်လှပြီဟု ထင်ရ၏။ စင်စစ် ခြောက်နာရီကျော်ခါစမျှသာ ရှိသေးသည်။ ဦးလေးကိုခွေးညို၏ အရက်ဆိုင်တံခါးပေါက်ဝသို့ ကျွန်ုပ်တို့ ခြေချမိချိန်တွင် မိုးသည်းရာမှ စဲစ ပြုလာ၏။ “ဒီ သောက်သုံးမကျတဲ့ မိုး ဟာလေ။ ငါတို့ မြစ်လယ်မှာ ရှိနေတုန်းကတော့ သည်းလိုက်တာ လွန်ရော” ဟု ကိုကုလားက ပဇ္ဇုန်မောင်ကို ကောင်းချီးပေးသည်။ ပဇ္ဇုန်မောင်ကား ကြားဟန် မတူ။ သူဟာနှင့်သူ အလုပ်များနေ၏။ မိုးသည်းသောကြောင့် ဆိုင်တွင် ထိုင်သောက်သူ နည်း၏။ ပါဆယ်ဆွဲ သောက်သူ များဟန် တူသည်။ ဆိုင်ထဲတွင် ထိုင်ပြီး သောက်သူ ဟူ၍ ကျွန်ုပ်တို့နှစ်ဦးသာ ရှိ၏။ “၀ရမ်တစ်ပြားနဲ့ ဘဲဥမွှေကြော်တစ်ပွဲ ပေးဟေ့” ဟူသော ကိုကုလား၏ ကျွပ်ဆတ်ဆတ် အသံကလေး ဆိုင်တွင်း၌ ဟိန်းထွက် လာ၏။ ထို့နောက် ကျွန်ုပ်တို့ နှစ်ဦးသည် လှော်တက်များကို ခုံအောက်ထိုးထည့်ထားပြီး ခွေးခြေကိုယ်စီ ဆွဲယူကာ မိုးသံကို နားစွင့်ရင်း အနွေးဓါတ် ယူရလေ၏။

 

တစ်ခွက်စီ သောက်ပြီးချိန်အထိ ကိုကုလား မိုးပဇ္ဇုန်ကို အငြိုး မပြေသေး။ “ဒီ သောက်သုံးမကျတဲ့ မိုး” အစချီသည့် မိုးဒေ၀ါပတ်ပျိုးကို တဖျစ်တောက်တောက် သီကျူးနေလေ၏။ ကိုကုလား အပြစ်ဆိုသည်မှာ မလွန်လှချေ။ မြစ်လယ်ကတည်းက ရွာချလိုက်သည့် မိုးသည် သည်းရာမှ စဲစ ပြုလာပြီ ဟု ဆိုသော်လည်း လုံးဝ တိတ်သွားသည် မဟုတ်။ တဖွဲဖွဲ ရွာချနေဆဲပင် ဖြစ်၏။ ကိုကုလား လေသံအတိုင်း ဆိုရလျှင်မူ “ဒီမိုးဟာ အရီးရွှေဖီ ငါတို့ကို ဆူသလိုမျိုး ဗျစ်တီးဗျစ်တောက်နဲ့ တစ်ရေတက် တစ်ရေကျ ရွာနေလိုက်တာ။ ငါ့လခွေးတည်းမှပဲ တိတ်ကို မတိတ်နိုင်ဘူး” ဟူသတည်း။

 

တစ်ချက်တစ်ချက်တွင် ကွင်းကြိုကွင်းကြားမှ ဖြတ်တိုက်လာသည့် အနောက်ရမ်းသည် ဘုံဆိုင်ထရံကို တဖျန်းဖျန်း ရိုက်ပုတ်ကာ လက်ဆော့၏။ အငိုသန်သော ကလေးငယ်၏ တင်ပါးကို မအေလုပ်သူက လက်ဖ၀ါးကြမ်းကြီးဖြင့် တဖျန်းဖျန်းမြည်အောင် တစ်ချက်ပြီး တစ်ချက် ရိုက်နေသည့်နှယ်။ ဆိုင်အတွင်း ထွန်းထားသည့် မှိန်ဖျော့ဖျော့ ဘက်ထရီ မီးရောင်အောက်တွင် ဖားပြုပ်များ လမ်းသလား နေကြကုန်၏။ ဖားပြုပ်ကြောက်သူ ကိုကုလား၏ “ဒီ ကပြုပ်တွေကလဲ မနေတတ် မထိုင်တတ်။ ငါ လှော်တက်နဲ့ ထရိုက်သတ်ရ မကောင်း ရှိတော့မယ်” ဟူသည့် အသံကို ကြားရသဖြင့် ကျွန်ုပ် ပြုံးမိသည်။

 

ကိုကုလားကား အတော်ပင် ရိုးသားသောသူ ဖြစ်၏။ ကျွန်ုပ် ပြောသမျှကို အဟုတ် ထင်တတ်သည်။ ဖားပြုပ်ကြောက်သူ ကိုကုလားသည် ကျွန်ုပ်ပြောသည့် ကျောကုန်းတွင် အဆိပ်အိတ်ပါသော အာဖရိကတိုက်သား ဧရာမဖားပြုပ်ကြီးများ ဒေသနာတော်ကို ကြားနာပြီးနောက်တွင် ဖားပြုပ်တွေ့လျှင် မျက်နှာလွှဲ၍ နေတော့၏။ ဖားပြုပ်မြည်သံ “တကွပ်ကွပ်” ကို ကြားလိုက်ရလျှင် သူ ဆောက်တည်ရာ မရတော့ချေ။ အူအသည်းစိုင်တို့ တုန်ခါလာသလိုလို၊ ချက်ချင်းပင် ဖျားချင်သလိုလို နာချင်သလိုလို ဖြစ်သွားလေ၏။ ထို့ကြောင့် ကိုကုလားသည် ဖားပြုတ် မုန်းတီးရေးဝါဒကို ကိုင်စွဲကာ ဖားပြုတ် အမြစ်ဖြုတ် သုတ်သင်ရေး စစ်ပွဲကို တစ်ဦးတည်း နွဲလေ၏။ ယခုလည်း သူ့ပယောဂကြောင့် ဖားပြုတ်တစ်ကောင် ဇီဝိန် ကြွေသွားရှာလေပြီ။

 

(၅)

 

ထိုအခိုက် လေပြင်းများ တိုက်ခတ်၍ လျှပ်စီးများ သည်းစွာ လက်၏။ မိုးကလည်း တဖန် သည်းပြန်သည်။ ဆိုင်နှင့် မနီးမဝေး အရပ်ရှိ ကုက္ကိုပင်ကြီးဆီသို့ “ဂျိန်း ဒလိန်း ဂျုန်း” ဟူသော မြည်သံကြီးနှင့် အတူ ၀င်းဝင်းတောက်သည့် လျှပ်စီးတန်းကြီး ထိုးဆင်း သွားလေ၏။ ထိုနောက် ဂျွတ်ခနဲ မြည်သံနှင့်အတူ ကုက္ကိုကိုင်းကြီးတစ်ကိုင်း ဒလိမ့်ခေါက်ကွေး ကျိုးကျသွားသည်ကို လျှပ်ရောင်အလက်တွင် တွေ့လိုက်ရ၏။ ဆိုင်ထရံကို ကျောကပ်၍ စည်းစိမ်ယူနေသည့် ကိုကုလားထံမှ “ငါ့လခွေးမှပဲ မိုးကြိုးပစ်ချပဟေ့” ဟူသော ညောင်နာနာ အသံကလေး ထွက်လာ၏။ သို့သော် သူ့အသံကလေးမှာ တဝေါဝေါမြည်နေသည့် မိုးသံအောက်တွင် ပျောက်သွားသည်။ လေပြင်း ဝှေ့လိုက်သဖြင့် ဆိုင်တံခါး ကဲလားများ လှုပ်စိလှုပ်စိ ဖြစ်လာ၏။ လင်နောက်လိုက်ပြေးမည့် အပျိုပေါက်မကလေးကဲ့သို့ ရုန်းရင်းဆန်ခတ်ပြုကာ လေနောက်သို့ လိုက်ပြေးမည် တကဲကဲ လုပ်နေသဖြင့် ဆိုင်ရှင်ဦးလေးကိုခွေးညို လိုက်ဆွဲထားရသေးသည်။ လေအဝှေ့ ကဲလားတို့ ဖျတ်ခနဲ ဟခိုက်တွင် တွေ့ရသောမြင်ကွင်းသည် လွန်စွာမှပင် ခြောက်ခြားဖွယ်ရာ ကောင်း၏။ ပြိုးပြိုးပြက်ပြက် လင်းလက်နေသော လျှပ်ရောင်အောက်တွင် သစ်ပင်များ သွက်သွက်ခါအောင် လှုပ်ရမ်းနေသည်ကို မြင်ရ၏။ ဆိုင်အရှေ့ဘက်သို့ ကြည့်သော် လေအဝှေ့ ခံနေရသော သစ်ပင်များ အရှေ့၊ အနောက်၊ တောင်၊ မြောက် ၀ဲကာ ၀ိုက်ကာ လှုပ်ရမ်းနေသည်ကို တွေ့ရ၏။ ဆိုင်အနောက်ဘက်သို့ ကြည့်ပြန်လျှင်လည်း စကောဝိုင်းထိုးကာ ချာလပတ်လည်နေသည့် လမုပင်တို့ကို မြင်ရ၏။

ကွမ်းတယာညက်ခန့် ကြာပြီးနောက် မိုး တဖန် တိတ်သွားပြန်၏။ သို့သော် လေ မလျော့သေး။ တရကြမ်း မွှေနေဆဲပင် ဖြစ်သည်။ ထိုအခိုက်တွင် ကျွီခနဲ မြည်သံကလေးကို ရုတ်ခြည်ကြားလိုက်ရပြီး ဆိုင်ရှေ့တံခါးရွက် ပွင့်လာ၏။ လေတစ်ချက် ဆောင့်လိုက်သဖြင့် ကျွန်ုပ် ကြက်သီးမွှေးညှင်း ထမိသည်။ ၀င်းခနဲလက်သည့် လျှပ်စီးရောင်ကြောင့် ခုနှစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ဦးကို လက်တွင်ဆွဲ၍ ရင်ခွင်ပိုက်အရွယ် ကလေးငယ်တစ်ဦးကို ခါးတစ်ခွင်ထားသည့် မိန်းမတစ်ယောက် ဆိုင်တွင်းသို့ လှမ်းဝင်လာသည်ကို တွေ့လိုက်ရ၏။ ထိုသားအမိသည် ဦးလေးကိုခွေးညို လှဲလျောင်းနေသည့် ကွပ်ပျစ်ဆီသို့ တရွေ့ရွေ့ လှမ်းသွားလေ၏။ ထို့နောက် ကွပ်ပျစ်ဘေးတွင် ခြေစုံရပ်ကာ ပြူးကြောင်ကြောင် မျက်လုံးအစုံတို့ဖြင့် ဦးလေးကိုခွေးညိုကို မမှိတ်မသုန် ကြည့်နေလေ၏။ မည်သည့် စကားကိုမျှ မဆိုချေ။

 

“ဒီ ကလေးမလေးဟာလေ မိုးတွေ ဒီလောက် သည်းနေတဲ့ကြားထဲ ကလေးတွေကို တော်ရာ မထားခဲ့ဘူး” ဟူသည့် ကိုကုလား၏ ရေရွတ်သံကြောင့် ကျွန်ုပ် ဇဝေဇ၀ါ ဖြစ်သွားလေ၏။ အငွေ့တထောင်းထောင်း ထနေသော ရေနွေးကြမ်းကို ဖလူးခနဲ မြည်အောင် မှုတ်သောက်နေသည့် ဦးလေးကိုခွေးညိုက“ကဲ … ကုလားရယ် ပြော မနေပါနဲ့ကွာ” ဟု တစ်ခွန်း ဟန့်၏။ ထို့နောက် သူ့ဇနီး ရှိရာ မီးဖိုချောင်ဘက်သို့ လှည့်၍ “ဟဲ့ … စန်းနု ထမင်းကျန်တာလေးတွေ ထုပ်လိုက်စမ်းပါကွယ်၊ ဟင်းတွေလည်း ကျန်သေးတယ် မှုတ်လား။ ခပ်များများကြီး ခပ်ထည့် ပေးလိုက်ပါကွယ်” ဟု ဆိုပြီး ရေနွေးကြမ်း နောက်တစ်ခွက် ငှဲ့ပြန်၏။ ထို့နောက် အငွေ့တထောင်းထောင်း ထနေသည့် ရေနွေးကြမ်းပုဂံကို ဖလူဖလဲ မြည်အောင်မှုတ်ထုတ်ရင်း “သြော် ဘ၀တွေ၊ ဘ၀တွေ တယ်ဆိုးပါကလား။ ကလေးမလေးရယ် .. နင့် ကလေးတွေမလဲ မိုးတွေ ရွှဲလို့။ နင့် တစ်ကိုယ်လုံးလဲ တုပ်တုပ်ကျနေပြီ။ ထမင်းယူပြီးရင် ခပ်သုတ်သုတ် ပြန်ပေတော့။ မိုးတော်တော် မှောင်နေပြီ  မြန်မြန်ပြန်ချေ” ဟု ဆိုလေ၏။ ထို့နောက် ထိုသားအမိတစ်သိုက်သည် မစန်းနု လှမ်းပေးသည့် ထမင်းထုပ်ကို ဖျတ်ခနဲ ဆွဲယူ၍ ဆိုင်အတွင်းမှ ငိုက်စိုက်ငိုက်စိုက်နှင့် ထွက်ခွာသွားလေ၏။

 

(၆)

 

ကျွန်ုပ်မူကား ကိုကုလားနှင့် ဦးလေးကိုခွေးညိုတို့ ပြောကြဆိုကြသည်ကို ဘာတစ်ခွန်းမျှ နားမလည်နိုင်။ ကျွန်ုပ်၏ စပ်စုတတ်သည့် စရိုက်အလိုကိုလိုက်၍ ထိုသားအမိ၏ အဖြစ်သနစ်ကို ဦးလေးကိုခွေးညိုနှင့် ကိုကုလားတို့ထံ မေးမြန်းစူးစမ်းလတ်သော် ဦးလေးကိုခွေးညိုသည် အငွေ့မသေသေးသော ရေနွေးကြမ်းကို ဖလူးခနဲ မြည်အောင် သောက်လိုက်ပြီးနောက် “ပြော .. မပြောချင်တော့ပါဘူး ငါ့တူရီး မောင်ကျပ်ခိုးရယ်” ဟု အစချီ၍ ဇာတ်စုံခင်းရန် အားယူလိုက်လေ၏။

 

“အဲဒီ ကလေးမလေးရဲ့ အဖြစ်ကလည်း အဆိုးသားကွဲ့။ တမြန်မနှစ် ရေကြီးတုန်းက ရွာကို ရောက်လာတာ။ ဘယ်ကနေ ဘယ်လိုရောက်လာမှန်းတော့ ငါလည်း သေသေချာချာ မသိဘူး။ ယဉ်ယဉ်လေးရူးနေတဲ့သူဆိုတော့လည်း မေးရမြန်းရတာ အခက်သားကွဲ့။ သူ ဖြေချင်ရာ ဖြေတာပဲ။ ငါးသိုင်းချောင်းဘက်က ဆင်းလာလိုလို ၀ါးခယ်မဘက်က လာတာလိုလို ပြောတာပဲ။ အရူးစကားဆိုတော့လည်း ဗရောက်ဗရက်နဲ့ တောရောက် တောင်ရောက်ပေါ့ကွယ်။ ဘောဆိပ်က ဈေးသည်တွေပြောတာကတော့ ပုသိမ်သင်္ဘောနဲ့ ပါလာတာဆိုပဲ။ သေဘာၤဆလင္က တမဂၤလာ ခ်န္ထားခဲ့တာတဲ့။ အဲဒီတုန်းက မင်းတွေတဲ့ အကြီးကောင် ကလေးတောင် ခပ်ငယ်ငယ်ပဲ ရှိသေးတယ်။ သူတို့နေတဲ့ ဇာတိရပ်ရွာကို ပြန်ပို့ပေးဖို့ဆိုတာ မဖြစ်နိုင်တော့ ရွာကပဲ ကြည့်ရှုစောင့်ရှောက် ထားရတာပေါ့ကွာ။”

 

“သူတို့ သားအမိ ဒီရွာကို ရောက်ခါစကတည်းက ရွာဦးကျောင်း ကိုယ်တော်က ဇရပ်မှာ နေရာချ ပေးထားတာပဲ။ ဒါပေမယ့် အရူးဆိုတာက မင်းသိတဲ့ အတိုင်းပဲလေ။ သွားချင်ရာသွား စားချင်ရာစားပြီး ထင်သလို မြင်သလို နေတာ မှုတ်လား။ ဘုရားရိပ်၊ ကျောင်းရိပ်နဲ့ မတည့်ဘူးလို့ပဲ ပြောရမယ်။ အဲဒီသားအမိနှစ်ယောက်ဟာ နေ့ခင်းဘက်ဆိုရင် ရွာထဲလှည့်ပြီး လျှောက်သွား နေတော့တာပဲ။ ညညဆိုရင်လည်း ဇရပ်ကို ပြန်အိပ်ချင်မှ အိပ်တယ်။ ဈေးတန်းထဲက ဆိုင်ခန်းတွေမှာ တက်အိပ်လိုက်၊ ဘောဆိပ်က ကင်းတဲမှာ ၀င်အိပ်လိုက်နဲ့ လောကငရဲ  ခံနေရတော့တာပဲ။ ၀ဋ်ကြွေးပဲပေါ့ကွာ။”

 

“အဲသလို တောင်အိပ်လိုက် မြောက်အိပ်လိုက်နဲ့ သူတို့ သားအမိနေတာ သိပ်မကြာလိုက်ဘူး။ ပြဿနာ တက်တော့တာပဲ။ ဆရာတော်ကတော့ အရှည်ကို ကြိုမြင်ပါတယ်။ ဒါ့ကြောင့်မို့ အစကတည်းက သူ့ရဲ့ အရိပ်အာဝါသအောက်မှာ ခိုလှုံခွင့် ပေးခဲ့တာပေါ့။ ဒါပေမယ့် ကံဆိုးလာပြီးဆိုရင်တော့ ဘာမှ မတတ်နိုင်ပါဘူး။ သိကြားမင်းကြီး ဆင်းပြီး ကယ်တာတောင် မရပါဘူးကွာ။ လည်စင်းခံရတော့တာပဲဟေ့။ ကလေးမလေးက ရူးနေတယ်ဆိုပေမယ့် အရွယ်ကောင်းတုန်းပဲ ရှိသေးတယ်။ ဘယ်မအေရိုးက သောက်ကျင့်ယုတ်လိုက်တယ် မသိဘူး။ ကလေးမလေးမှာ ကိုယ်ဝန်ရှိလာတယ်ကွ။ ငါတို့ ရွာသားတွေ ရိုးပုံရိုးပန်းနဲ့ ဒီလိုမျိုး  သောက်ကျင့်တန်လိမ့်လို့ ငါ မထင်ထားခဲ့မိဘူးကွ။ လင်ကောင်ဖော်ဖို့ ဆိုတာကလည်း အပြောသာ ရှိတာ။ လုပ်ဖို့ မလွယ်ဘူး။ မလွယ်လှပါဘူး။ ကလေးမလေးကို ချော့မော့ပြီး မေးကြည့်တော့လည်း ဘာမှ ပြန်မပြောတတ်ဘူး။ ငိုနေတော့တာပဲ။ တကယ့်ကို သနားစရာပါပဲကွာ။ ကလေးမလေးရဲ့ ကံကလည်း ဆိုးကို ဆိုးလွန်းပါတယ်။ အရူးဆိုပေမယ့် ရှက်ရကောင်းမှန်း သိတတ်တယ်ကွ။ သိတတ်တယ်။”

 

ထိုသို့ ဆိုပြီးနောက် ဦးလေးကိုခွေးညိုသည် ရေနွေးကြမ်း နောက်တစ်ခွက် ငှဲ့ပြန်၏။ ကျွန်ုပ်မှာ ဆန့်ငင်ဆန့်ငင်နှင့် သူ စကားပြန်စမည် အချိန်ကို စောင့်ရတော့သည်။ ထိုအခိုက် ကိုကုလားက “ရှက်ရကောင်းမှန်း ကြောက်ရကောင်းမှန်း မသိတတ်တာက ဟို သောက်ကျင့်ယုတ်တဲ့ မအေရိုးပဲ မှုတ်လား ဦးလေးရဲ့” ဟု စကား ၀င်ထောက်ပေး၏။ “ဘုရားရိပ်၊ တရားရိပ် မိုးတဲ့ ရွာမှာ နေပေမယ့် လူ့စည်း ဘီလူးစည်း မသိတတ်တဲ့ လူယုတ်မာ၊ အမျိုးယုတ်။ အဲဒီ မအေရိုးကို ရှာမတွေ့လို့။ တွေ့များသာ တွေ့ရင် ၀ါးချွန်ကောင်းကောင်း သပ်ပြီး ပါးစပ်ကနေ စအိုအထိ တံကျင်လျှို ပစ်မယ်။ အစိမ်းလိုက် ရင်ခွဲ၊ အရှင်လတ်လတ် အရေဆုတ်ပြီးမှ ဆားနဲ့သိပ်ပြီး ငါးပိအိုးထဲ သိပ်ထည့်ပြီး ဂုတ်နှိပ်ထားရမယ်” ဟူ၍လည်း တစ်ခွန်းတော ပြန်၏။

 

“တော်စမ်းပါ ကုလားရယ်။ ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်ပေမယ့် လူမဟုတ်တဲ့ အဲဒီလူ့တိရစ္ဆာန် လူ့ပေါက်ပန်း အမျိုးယုတ်အကြောင်းကို ပြောရတာ ပါးစပ်သန ပါတယ်ကွာ။ အကုသိုလ်များပါတယ်” ဟု ဦးလေးကိုခွေးညိုက ကိုကုလားကို ဖြေသိမ့်၏။ ထိုသို့ ဖြေသိမ့်လိုက်ပြီးမှ “အဲဒီ ဖေတစ်ရာရိုးမသားဘက်ကို စကားဦးသန်းမိတာနဲ့ ပြောလက်စ စကားတောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး” ဟု ဆိုလိုက်သဖြင့် ကျွန်ုပ် စကား အစ ပြန်ဖော်ပေးရ၏။ ဦးလေး ကိုခွေးညိုသည် ဇာတ်ကြောင်းစုံကို ဆက်လက် ခင်းကျင်းရန် ရေနွေးကြမ်းကို ဖလူးဖလဲ မြည်အောင် သောက်လိုက်ပြီး -

 

“လင်ကောင်ဖော်တဲ့ကိစ္စကလည်း အိရော အိရောနဲ့ ပြီးသွားတာပဲ။ မပြီးတာက ကလေးမလေးရဲ့ ဗိုက်ကွ။ ဗိုက်ကြီးတကားကားနဲ့ ဟိုလျှောက်သွား၊ ဒီလျှောက်သွား လုပ်နေတာကို မြင်ရတိုင်း ငါ့ ရင်ထဲမှာ ဆို့တက်လာတယ်။ ဟို အမျိုးယုတ်ကို ရှာပြီး သတ်ပစ်ချင်စိတ် ပေါက်လာတယ်။ ဒီကြားထဲမှာ အရေးထဲ အရာပေါ်ဆိုသလိုပဲ အကြီးကောင်ကလေးကလည်း ၀မ်းဖောဝမ်းရောင်ဖြစ်ပြီး သေတော့မလိုလို ရှင်တော့မလိုလို ဖြစ်လိုက်သေးတယ်။ ငါတို့တတွေ ၀ိုင်းဝန်းပြီး မြို့ကိုပို့ပြီး ဆေးကုပေးဖို့ လုပ်ရတာပေါ့ကွာ။ ဒါပေမယ့် ခက်တာက သူတို့ သားအမိတွေက တစ်ယောက်နဲ့ တစ်ယောက် ခွဲလို့ မရဘူးကွ။ ပြဿနာဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ မအေလုပ်တဲ့သူက သူ့ကလေးကို သူ့မျက်စိအောက်ကနေ အပျောက်မခံတော့ဘူး။ သူ့သွေး သူ့သားကို သူ သိတယ်ကွ။ ရွာထဲက ကျန်းမာရေးမှူးလေးရဲ့ ဆေးချက်နဲ့ တည့်သွားလို့ ပေါ့ကွာ။ မဟုတ်ရင်တော့ အသေပဲ။ နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်တာလည်း ပါမှာပေါ့။ လူမစွမ်း နတ်မ ဆိုတာ ရှိသားပဲ မှုတ်လား။ အဲ ပြောလက်စ စကားတောင် ဟိုရောက်ဒီရောက် ဖြစ်သွားပြန်ပြီ။ ဒီလိုနဲ့ ကိုယ်ဝန်ရင့်လာတော့ ငါးစိမ်းရောင်းတဲ့ မသန်းမြက အဲဒီ သားအမိကို သူ့အိမ်မှာ ခေါ်ထားတယ်။ မသန်းမြက စကားပြော အင်မတန်ဆိုးပေမယ့် စိတ်ရင်းကတော့ ကောင်းရှာပါတယ်။ ဒီလိုနဲ့ပဲ နေ့လစေ့ပြီး ကလေးမျက်နှာမြင်တော့ အရပ်ကပဲ ၀ိုင်းဝန်းပြီး ဖွားပေးလိုက်ရတာ့ပေါ့။”

 

“သူ့ခမျာမှာ အစားအသောက်၊ ဆေးဝါး မပြည့်မစုံနဲ့ အဲဒီ အငယ်ကောင်ကလေးကို ဖွားရတာကွဲ့။ မစန်းနုတို့ ကလေးမျက်နှာမြင်တုန်းကနဲ့တော့ ကွာပါ့။ တခြားစီပဲ။ မစန်းနုတို့တုန်းကဆိုရင် အုတ်ပူတိုက်ရတာနဲ့ အကင်ဆေးဖော်ရတာနဲ့ အင်္ဂုလိမာလသုတ်ရွတ်ရတာနဲ့ ရှုပ်နေတော့တာပဲ။ အဲ ... မစန်းနုတို့ သားအမိတွေ အကြောင်း စကားစပ်မိတာနဲ့ ပြောလက်စ စကားတောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ အငယ်ကောင်းကလေးကလည်း ယောက်ျားကလေးပဲကွ။ တုတ်တုတ်ခိုင်ခိုင်နဲ့ ချစ်စရာကောင်းလိုက်တာကွာ။ တစ်လုံးတစ်ခဲကြီး။ ထွားလိုက်တာကလည်း လွန်ရော။ ကလေးကလည်း ဒီမအေရဲ့ ဗိုက်ကိုမှ ရွေးပြီး ၀င်လာရတယ်လို့ကွာ။ ဒါပေမယ့် သက်ဆိုးရှည်တယ်လို့ပဲ ဆိုရမယ်။ သူများ ကလေးတွေလို မမာမချာ ဖြစ်တာမျိုး မရှိဘူး။ မာလိုက်သမှ ဒေါင်ဒေါင်မြည်ပဲဟေ့။ အခုတော့ သူတို့ သားအမိတစ်တွေ ဇရပ်မှာ ပြန်နေကြတယ်။ ရှေ့ဆက်ပြီး ဘာတွေဖြစ်ဦးမလဲ ဆိုတာကို မတွေးဝံ့ပါဘူးကွာ။”

 

“တလောတုန်းက ရွာအထက်ပိုင်းက သားသမီး မထွန်းကားတဲ့ ကျောင်းဆရာလေး ကိုကျော်တင့်တို့ လင်မယားက ကလေးတွေကို ခေါ်ပြီး မွေးစားဖို့ လုပ်သေးတယ်။ ကလေးမလေးက သူ့ကလေးတွေကို သူများခေါ်မှာကို မကြိုက်ဘူးကွ။ ကိုကျော်တင့်တို့ သူ့ကလေးတွေကို မွေးစားချင်တယ်လို့ လေသံပစ်တာကို ဘယ်ပုံဘယ်နည်းနဲ့ သိသွားသလဲ မပြောတတ်တော့ပါဘူးကွာ။ ကိုကျော်တင့်တို့ လင်မယား ဇရပ်နားကို ရောက်လာတာနဲ့ ကလေးတွေကို သူ့ရင်ထဲထည့်ထားပြီး ငိုနေတော့တာပဲ။ တကယ်တော့ ဒီသားအမိတစ်သိုက်ကို တစ်ယောက် တစ်ကွဲစီ ခွဲထုတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးကွာ။ ဘယ်သူမှလည်း မခွဲရက်ကြပါဘူး။ ရူးနေတယ်ဆိုပေမယ့်လည်း သူ့သွေးသူ့သားကိုတော့ ချစ်တတ်တာပဲကွ။ ကလေးတွေ နည်းနည်းကြီးလာရင်တော့ ကိုရင်စည်းပေးလိုက်မယ်လို့ ငါတို့ စိတ်ကူးထားတယ်။ မဟုတ်ရင် ဒီကလေးတွေ နောင်ရေးက မလွယ်ဘူးကွ။ လိမ်လိမ်မာမာဖြစ်ပြီး၊ စာတတ်ပေတတ် ကိုယ်တော်တွေ ဘာတွေဖြစ်သွားရင်တော့ ကောင်းတာပေါ့ကွာ။ အခုတော့ ဒီအတိုင်းပဲ ကြည့်နေရတော့တာပဲ” ဟူသော နိဂုံးကမ္ပ အဆုံးသတ်စကားကို ဆိုပြီးနောက် ဦးလေးကိုခွေးညိုသည် အေးစက်စက် ဖြစ်နေသည့် ရေနွေးကြမ်းကို ဂွပ်ခနဲ မြည်အောင် မော့သောက် လိုက်လေ၏။

 

မယ်ဒုက္ခ သားအမိတို့၏ ရင်နင့်စဖွယ် အဖြစ်သနစ်များကို ကြားလိုက်ရသော် ကျွန်ုပ်သည် မိခင်ကြီးကို ရုတ်ခြည် သတိရမိသည်။ သောက်လက်စ အရက်ခွက်ကို လက်စဖြတ်ရန် လှမ်းယူလိုက်သည့်အခါ ငါ့သား မင်း မမိုက်နဲ့ ဟူသည့် မိခင်ကြီး၏ အသံကို နားဝတွင် ကြားမိသလိုလို ဖြစ်လာ၏။

 

(၇)

 

နောက်တစ်နေ့ နံနက်ခင်းတွင် ကျွန်ုပ် ကြုံရာ သင်္ဘောတက်စီးပြီး လပွတ္တာသို့ ပြန်ခဲ့လေ၏။ အိမ်ပေါ်သို့ အလံဖြူကိုင်၍ တက်လာသော ကျွန်ုပ်ကို သတင်းစာဖတ်နေသည့် ဖခင်ကြီးက မျက်မှောင်ကြုံ့၍ ကြည့်၏။ နှမများက မျက်စောင်းထိုး၏။ ကျွန်ုပ်လည်း သူ့တို့၏ စက်ကွင်းကို လွတ်အောင်ရှောင်၍ မိခင်ကြီးရှိရာ မီးဖိုချောင်ဘက်သို့ ဆင်းခဲ့၏။ အမ ကား ကျွန်ုပ်ကို မမြင်သေး။ ကင်ပွန်းချဉ်ရွက်များ သင်နေ၏။  ကြွေရည်သုတ် ဇလုံထဲတွင် ကျော်စံကေးဖားကလေးများ ပက်လက်လန်နေသည်ကို တွေ့ရ၏။ ကင်ပွန်းချဉ်ရွက်နှင့် ကျော်စံကေး ကြော်ချက်ကို ကျွန်ုပ် အလွန်ကြိုက်တတ်မှန်း အမ ကောင်းစွာ သိသည်။ သည်နေ့ နံနက်တွင် ကျွန်ုပ် ပြန်ရောက်လာမည်ကို သူ အလိုလို ကြိုသိနေဟန် တူ၏။ ထိုသို့  ကျွန်ုပ်ထင်သည်မှာ မမှားတန်ရာ။

 

သို့နှင့် အမ အနားသို့ ကျွန်ုပ် မယောင်မလည် လုပ်၍ ချဉ်းကပ်သွား၏။ ကျွန်ုပ် ခြေသံကို ကြားသော် အမ သည် ကျွဲကော်ကိုင်း မျက်မှန်ကြီးကိုပင့်၍ မျက်လုံးဝင့်ကာ တစ်ချက် မော့ကြည့်သည်။ သို့သော် မည်သည့် စကားကိုမျှ မဆို။ သင်လက်စ ကင်ပွန်းချဉ်ရွက်တို့ကိုသာ ဆက်လက် ခြွေချနေလေ၏။ ထို့ကြောင့် ကျွန်ုပ် စိတ်ထဲတွင် စနောင့်စနင်း ဖြစ်သွားလေ၏။ အမ စိတ်ဆိုးလျှင် တော်ယုံနှင့် မပြေနိုင်တော့။ “အမ ငါ့ကို စိတ်ဆိုးနေတုန်းပဲ” ဟု တွေးကာ အားငယ် မိသည်။ ထိုစဉ် အမသည် ထိုင်ရာမှ ရုတ်ခြည်ထ၍ ကြောင်အိမ်တံခါးကို ဖွင့်လိုက်လေ၏။ “အမ” ဟု ကျွန်ုပ် အားမလို အားမရ ဆိုလိုက်သည့်အခါ အမ သည် ကြောင်အိမ်ထဲမှ ဇလုံတစ်လုံးကို ထုတ်ယူလာပြီး “ဒီမှာ ကောက်ညှင်းထုပ်တွေ နင့်အတွက် ချန်ထားတယ်။  မနက် မိုးလင်းကတည်းက ဗိုက်ဟောင်းလောင်းနဲ့ ဘာမှ မစားရသေးဘူး မှုတ်လား” ဟု ဆောင့်ကြီးအောင့်ကြီးဆိုကာ ကျွန်ုပ်ကို ပြုံး၍ ကြည့်လေသတည်း။

 

မောင်ကျပ်ခိုး