Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

 aung lattဤဝတ္တုသည် ပျောက်ဆုံးသွားသော ဝတ္တုလည်း ဖြစ်ပါသည်။ ဤဝတ္တုသည် ဝတ္တုရေးသူထံမှ ရုတ်တရက် ပျောက်ဆုံးသွားသောကြောင့် ဖြစ်ပါသည်။ ဝတ္တုရေးသူသည် ဝတ္တုရုတ်တရက် ပျောက်သွားသဖြင့် ရဲဌာနတစ်ခုသို့ သွား၍ တိုင်ချက်ဖွင့်ရာ အမှုသွားအမှုလာကို ချင့်ထောက်၍ အလွန်ကျွမ်းကျင်သော ဖောက်ထွင်းဝိဇ္ဇာတစ်ဦး ခိုးယူသွားခြင်းဖြစ်နိုင်ကြောင်း ပြောဆိုလာသဖြင့် ဝတ္တုရေးသူသည် လွန်စွာ ထိတ်လန့်၍ သွားပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုဝတ္တုသည် ဖောက်ထွင်းဝိဇ္ဇာ တစ်ဦး၏အကြောင်းကို ရေးထားသော ဝတ္တုတစ်ပုဒ် ဖြစ်သောကြောင့် ဖြစ်ပါသည်။

 

ဤဝတ္တုထဲက ဇာတ်ကောင်ကိုယ်တိုင်က လာရောက်၍ ခိုးယူသွားခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့ရာတွင် ဤဝတ္တုပျောက်ဆုံးသွားပုံမှာ ဝတ္တုစာအုပ် တစ်အုပ်ထဲတွင် ဝတ္တုတစ်ပုဒ်အဖြစ် တည်ရှိနေခြင်းမှ ပျောက်ဆုံးသွားခြင်းမျိုး မဟုတ်ပါ။ ဝတ္တုရေးသူ၏ ရင်ထဲတွင် ဝတ္တုတစ်ပုဒ်မျှသာ ရှိနေသည့် အဖြစ်မှ ပျောက်ဆုံးသွားခြင်းမျိုးဖြစ်၍ လွန်စွာ ထူးဆန်းသည်ဟု ယူဆခဲ့သော် ငြင်းဆို၍ မရပါ။

 

သို့ရာတွင် ဤဝတ္တုသည် သာမာန်ဝတ္တုတစ်ပုဒ်မျှသာ ဖြစ်ကြောင်းကို ကြိုတင်၍ သိထားစေချင်ပါသည်။ ဆိုခဲ့သည့်အတိုင်း ဤဝတ္တုသည် ရေးသူ၏ထံမှ ရုတ်တရက် ပျောက်ဆုံးသွားပြီး လိုက်လံရှာဖွေနေဆဲ ကာလ၌ပင် ရုတ်တရက် ဝတ္တုဖတ်ရှုသူတို့၏ ရင်ထဲ၌ ပြန်လည်၍ ပေါ်လာပါသည်။

 

ထိုသို့ ဝတ္တုဖတ်ရှုသူရင်ထဲတွင် ပြန်ပေါ်လာပုံမှာ ဝတ္တုတစ်ပုဒ်လို မဟုတ်ပဲ ပန်းချီကားတစ်ချပ် အဖြစ် ဘဝပြောင်း၍ ပေါ်လာခြင်းမျိုး ဖြစ်ပါသည်။ ပန်းချီဆရာတစ်ဦး၏ ပယောဂကြောင့်ဟု ပန်းချီအနုပညာ ရပ်ဝန်း၌ ကျွမ်းကျင်သူ တစ်ဦးက ဆိုလာပါသည်။ ထိုအဆိုကို ကျွန်တော်တို့ လက်ခံခဲ့သည်ရှိသော် ဝတ္တုရေးသူ၏ ရင်ထဲမှ ဖောက်ထွင်းဝိဇ္ဇာ တစ်ဦးကြောင့် ပျောက်ဆုံးသွားခဲ့ရသော ဤဝတ္တုသည် ပန်းချီဆရာ တစ်ဦးကြောင့် ဖတ်ရှုသူ၏ ရင်ထဲတွင် ပြန်လည်၍ ပေါ်ပေါက်လာခဲ့သည်ဟု ဆိုရပါလိမ့်မည်။

 

ထို့ကြောင့် ဤဝတ္တုနှင့် နီးနီးစပ်စပ် ပတ်သက်ခဲ့ဖူးသူနှစ်ဦးကို ဖော်ပြပါဆိုပါက ဖောက်ထွင်းဝိဇ္ဇာနှင့် ပန်းချီဆရာတို့ကို ဆိုရပါလိမ့်မည်။ သို့ရာတွင် ထိုပုဂ္ဂိုလ်နှစ်ဦးမှာ ဤဝတ္တုအဓိက ဇာတ်ကောင်များတော့ မဟုတ်ပါ။ ဝတ္တုတစ်ပုဒ်အတွက် အဓိကလိုအပ်သော ပုဂ္ဂိုလ်နှစ်ဦးမှာ ရေးသူနှင့် ဖတ်သူတို့သာ ဖြစ်ပါသည်။

 

သို့သော် လောလောဆယ် ရေးသူနှင့်ဖတ်သူတို့ အကြောင်း ခေတ္တဘေးဖယ်ထားပြီးလျှင် ဖောက်ထွင်းဝိဇ္ဇာ၏ အကြောင်းကို အနည်းငယ် တင်ပြလိုပါသည်။ တကယ်တော့ ခင်ဗျားမွေးဖွားလာတာကိုက ဖောက်ထွင်းမှုတစ်ခုပဲဗျဟု ပန်းချီဆရာက ပြောလေ့ရှိပါသည်။ ခင်ပွန်းဖြစ်သူနှင့် ကွာရှင်း၍ မိဘအသိုင်းအဝိုင်းအတွင်းသို့ ဖောက်ထွင်းဝိဇ္ဇာ၏ ကိုယ်ဝန်နှင့် ပြန်လည်ရောက်ရှိလာသော ဖောက်ထွင်းဝိဇ္ဇာအမေကို ၎င်း၏မိခင်၊ အဒေါ်နှင့်အမများက နည်းလမ်းမျိုးစုံကို သုံး၍ ၎င်းတို့မလိုလားသော ကိုယ်ဝန်ကို ဖျောက်ဖျက်ခဲ့ကြလေသည်။ ထိုသို့ အမျိုးမျိုး ဖျောက်ဖျက် တားဆီးသည့်ကြားမှ လွန်စွာထွားကျိုင်းသော ဖောက်ထွင်းဝိဇ္ဇာကို မွေးဖွားခဲ့၏။ ထို့ကြောင့်ပင် ပန်းချီဆရာက ခင်ဗျားမွေးလာတာကိုက ဖောက်ထွင်းမှုတစ်ခုပဲဗျ ဟုဆိုခြင်းဖြစ်သည်။

 

ထိုသို့ အားလုံး၏ဆန္ဒကို ဆန့်ကျင်၍ လောကအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခဲ့သူ ကလေးငယ်သည် ငယ်စဉ်ကပင် အမျိုးမျိုး ကြပ်မတ်ပဲ့ပြင် ထိန်းချုပ်ထားသော ၎င်း၏ ဆွေမျိုးများ၏ စည်းကမ်းချက်များကို ချိုးဖောက်၍ အိမ်ပြေးတစ်ယောက် ဖြစ်ခဲ့လေသည်။ လမ်းမပေါ်တွင် ရရစားစားဘဝ၌ ပြေးလွှားနေသော အိမ်ပြေး လူငယ်တစ်ဦးသည် ကမ္ဘာပေါ်တွင် ရှိရှိသမျှသော သော့ခလောက် အားလုံးကို ဖွင့်လှစ်ရန်သာ အာရုံစိုက်၍ ဘဝကိုရပ်တည်နေသော သော့ပြင်ဆရာတစ်ဦးနှင့် ဆုံတွေ့ပြီးနောက်တွင် ဖောက်ထွင်းဝိဇ္ဇာ တစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာခဲ့၏။

 

ဖောက်ထွင်းဝိဇ္ဇာအား ဆရာဖြစ်သူသည် ဘဏ်တိုက်တစ်ခုသို့ ခေါ်သွားပြီး သော့ခလောက်တစ်ခုချင်းကို ဖွင့်၍ ကမ္ဘာပေါ်ရှိ သော့ခလောက် အသီးအသီး၏ တည်ဆောက်ပုံ၊ သော့ခလောက် အသီးသီး၏ သမိုင်းကြောင်း၊ သော့ခလောက် ထုတ်လုပ်သော ကုမ္ပဏီအမျိုးမျိုးတို့အကြောင်းကို လက်တွေ့ရော၊ သဘောတရားပါ ပေါင်းစပ် သင်ကြားခဲ့သည်ဟု ဆို၏။

 

ဒါပေမယ့် ကျုပ်ရဲ့ဆရာက သူတစ်ပါးပစ္စည်းကို တစ်ခါတစ်ရံမှ စိတ်နဲ့တောင် မပြစ်မှားခဲ့ဖူးဘူးလို့ ကျုပ်က အာမခံလိုက်ချင်တယ်ဟု ဖောက်ထွင်းဝိဇ္ဇာက ရဲရဲတင်းတင်း ဆိုလေ၏။ ကျုပ်ဆရာက ခုထိ သက်ရှိထင်ရှား ရှိနေတုန်းပဲ။ အဲဒီလို သူအသက်ရှင်နေတဲ့ ကိစ္စက ကမ္ဘာပေါ်မှာ နောက်ထပ် ပေါ်ပေါက်လာမယ့် သော့ခလောက်တွေကို စောင့်နေရုံမျှပဲဗျ။

 

ကျုပ်က လုပ်ငန်းသဘောအရ တံခါးမျိုးစုံကို ဖြတ်သန်းရတယ်ဗျာ။ တစ်နေရာရာမှာ ကျုပ်တို့ တစ်ခါမှမတွေ့ဖူးသေးတဲ့ သော့ခလောက်တစ်လုံးကို တွေ့ပြီးဆိုတာနဲ့ ကျုပ်ဆရာကို မဖြစ်မနေ သတင်းသွားပေးရတယ်ဗျ။ အဲဒီလို သတင်းပေးတဲ့အတွက် ကျုပ်ရတဲ့ ဆုလဒ်ကတော့ အဲဒီ့သော့ကို သူဘယ်လို ဖွင့်တယ်ဆိုတာကို လိုက်ပြီးကြည့်ရှုလေ့လာခွင့် ပေးတာပါပဲ။

 

ညသည် တိတ်ဆိတ်၍ သွားလေသည်။ ဤဝတ္တုစတင်ချိန် ရောက်သောအခါ ဖောက်ထွင်းဝိဇ္ဇာသည် ဝပ်ကျင်းထဲမှ တိုးထွက်လာပြီး ညကောင်းကင်ကို မော့ကြည့်လိုက်၏။ ကောင်းကင်၌ သူ့အရင်ရောက်နှင့်နေသော ဖောက်ထွင်းဝိဇ္ဇာ တစ်ဦးက ဖောက်ထွင်း ခိုးယူသွားသောကြောင့် ကြယ်တစ်ပွင့်တစ်လေမျှ ရှိမနေတော့ပါ။ သူသည် ယနေ့ည ဖောက်ထွင်းရမည့် အဆောက်အအုံပေါ်သို့ ကျွမ်းကျင်စွာ တွားတက်နေ၏။ သူယနေ့ည ထွင်းဖောက် ဝင်ရောက်ရမည့် နေရာမှာ ဘဏ်တိုက်တစ်ခု (သို့မဟုတ်) သန်းကြွယ်တစ်ဦး၏ အိမ် (သို့မဟုတ်) မီနီမားကတ်တစ်ခု (သို့မဟုတ်) ဟော်တယ်တစ်လုံး မဟုတ်ပဲ ပန်းချီပြတိုက်တစ်ခု ဖြစ်နေလေ၏။

 

သူသည် ယနေ့ညအဖို့ ပန်းချီကားတစ်ချပ်ကို ခိုးယူရမည် ဖြစ်လေ၏။ သူ့ဘဝ၏ နောက်ဆုံး ဖောက်ထွင်းမှုလည်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူ ပန်းချီကားတစ်ချပ်အတွက် ကြိုတင် ကမ်းလှမ်းလာသည့် ငွေကြေးပမာဏသည် ဇရာအရွယ်သို့ ချဉ်းနင်းဝင်ရောက်စ သူ့ဘဝ၏ လက်ကျန် နေ့ရက်များအတွက် ဖူလုံသော ပမာဏကို ရရှိနိုင်မည် ဖြစ်ပေသည်။ ဖောက်ထွင်းဝိဇ္ဇာသည် ညကို ထွင်းဖောက်ဝင်ရောက်ရင်း ဘဝတွင် တစ်ခါမျှ ဆုံတွေ့ခဲ့ရဖူးသော ပန်းချီဆရာအား သတိရသွား၏။

 

ပန်းချီဆရာနှင့် ဆုံတွေ့ရာအရပ်သည် မှောင်မိုက်သော မှော်သေတ္တာ အနက်တစ်လုံးထဲတွင် ဖြစ်ပေ၏။ ဤနေရာတွင် ဤဝတ္တုထဲသို့ ဒုတိယဝင်ရောက်လာသူ ပန်းချီဆရာအကြောင်း ပြောရပေတော့မည်။ သော့ပြင်ဝိဇ္ဇာသည် ကမ္ဘာပေါ်ရှိ သော့ခလောက် အသီးသီးကို ဖွင့်လှစ်ရန် ရောက်ရှိလာသကဲ့သို့ ပန်းချီဆရာသည်လည်း ကမ္ဘာမြေကို ရေးဆွဲရန် ရောက်ရှိလာခြင်း ဖြစ်ပေသည်။

 

ငယ်စဉ်က စည်းကမ်းတင်းကျပ်၍ အရိုက်ကြမ်းသော ဖခင်ဖြစ်သူ၏ ဆန္ဒကို ဆန်ကျင်၍ ကျောင်းစာအုပ်များ၏ နောက်ကြောတွင် အရှိုးရာ အစင်းစင်းများ ထင်သည်အထိ ရုပ်ပုံကားချပ် အမျိုးမျိုးကို ရေးဆွဲခဲ့သူ ပန်းချီဆရာသည် ကျောင်းစာသင်ခန်းများတွင် ဆရာမ၏ ပေတံစောင်းထက်မှုကို အံတု၍ ကျွဲ၊ နွား၊ ငှက်၊ ငါး၊ ကား၊ မော်တော်ဘုတ်တို့ကို ရေးဆွဲခဲ့၏။ ထို့နောက် မကြာခဏ စိတ်ကောက်တတ်သော ချစ်သူဖြစ်သူ၏ အလိုဆန္ဒကို လျစ်လျုရှု၍ မိုးတိမ်၊ လိပ်ပြာ၊ ပန်းပွင့်၊ တောင်တန်း။ ထိုမှတဆင့် အမျိုးမျိုးသော အိပ်မက်များကို ရေးဆွဲရင်း နှစ်ကာလများစွာကို ဖြတ်သန်းမိသောအခါ သူရေးဆွဲနေသောအရာမှာ သူ့ဘဝကိုသာ ရေးဆွဲနေခြင်းဖြစ်ကြောင်း တဖြည်းဖြည်း သိရှိလာချိန်၌ သူရေးသောပန်းချီကားများ၏ အဖက်ဖက်မှ ပိတ်ဆို့ကာ ရံထားမှု တံတိုင်းနောက်တွင် တဖြည်းဖြည်းသူသည် အစစ်အမှန် ပြင်ပလောကနှင့် ချောက်ချားဖွယ်ရာ ဝေးသထက် ဝေးကွာသွားလေတော့၏။

 

ထိုအချိန်မှစ၍ မှော်သေတ္တာတစ်လုံးထဲတွင် ပိတ်မိနေသော ပန်းချီဆရာသည် ထွက်ပေါက်တစ်ခုကို အလန့်တကြား ရှာဖွေရလေတော့၏။ နှစ်ကာလများစွာ ဖြတ်သန်း၍ ရှာမရသည့်အဆုံး ထွက်ပေါက်တစ်ခုကို သူ၏ ပန်းချီအနုပညာနှင့် စတင်၍ ရေးဆွဲဖန်တီးရန် ဆုံးဖြတ်လိုက်လေတော့၏။

 

နှစ်ကာလများနှင့်အတူ ပန်းချီဆေးရောင်များ ကုန်ဆုံးသောအခါ သူ၏ နှလုံးသွေးကို ထုတ်၍ ရေးဆွဲရန် နှလုံးအိမ်ကို စမ်းသပ်လိုက်စဉ် သူ၏ နား၌ တဒုတ်ဒုတ်အသံကို ကြားလိုက်ရ၏။ ပထမ သူ၏နှလုံးခုန်သံဟု ထင်မှတ်ခဲ့ပြီး သေသေချာချာ နားစွင့်ကြည့်သောအခါ မှော်သေတ္တာ၏ အခြားတစ်ဖက်မှ လမ်းလျှောက်နေသော အသံဖြစ်လေ၏။ ထို့နောက် ပန်းချီဆရာသည် မှော်သေတ္တာ၏ နံရံကို အသာခေါက်ကြည့်၏။ ထို့နောက် နာရီအနည်းငယ်အကြာတွင် ဖောက်ထွင်းဝိဇ္ဖာနှင့် ပန်းချီဆရာတို့သည် အဆွေခင်ပွန်းများ ဖြစ်သွားကြလေ၏။

 

 ဖောက်ထွင်းဝိဇ္ဇာ။             ‘ပန်းချီဆရာ ဘာတွေ လုပ်နေသလဲဗျ။’

ပန်းချီဆရာ။                     ‘ပန်းချီဆွဲနေတာပေါ့ဗျ။’

ဖောက်ထွင်းဝိဇ္ဇာ။              ‘ဘာပုံတွေကို ဆွဲနေသလဲဗျ။’

ပန်းချီဆရာ။                     ‘ထွက်ပေါက်တစ်ခုကို ရေးဆွဲနေတယ်ဗျ။’

ဖောက်ထွင်းဝိဇ္ဇာ။              ‘ပုံတစ်ပုံကို ဘယ်လောက်ကြာကြာ ဆွဲရသလဲ။’

ပန်းချီဆရာ။                     ‘ကျုပ်အခုဆွဲနေတဲ့ပုံကတော့ ကျုပ် တစ်ဘဝလုံး ဆွဲရင်တောင် ပြီးမယ် မထင်တော့ပါဘူး ဗျာ။’

ဖောက်ထွင်းဝိဇ္ဇာ။              ‘တကယ်လို့ အဲဒီ့ကိစ္စမှာ ကျုပ်က ကူညီပေးမယ်ဆိုရင် လက်ခံမှာလား။ ကျုပ်အဖို့တော့ ဝင်ပေါက်သာ နည်းနည်းခက်တာ၊ ထွက်ပေါက်ဆိုရင်တော ခဏလေးမှာတင် ဖန်တီးပေးလို့ရပါတယ်။’

ပန်းချီဆရာ။                     ‘ကျုပ်တစ်ဘဝလုံး ရေးဆွဲခဲ့တဲ့ ထွက်ပေါက်ကို ခင်ဗျားက တစ်ခဏလေး ဖန်ဆင်း နိုင်တယ်ဆိုရင်တော့ ကျုပ်ရဲ့ဘုရားသခင် အငယ်စားပဲပေါ့။ ကျုပ်က နောက်ဆုံးလက်ရာအဖြစ် ခင်ဗျား ပုံတူကားချပ် တစ်ခုကိုပဲ ရေးခဲ့ပြီး ထွက်သွားရုံပဲ ရှိတော့တာပေါ့။’

ဖောက်ထွင်းဝိဇ္ဇာ။              ‘ဟာ၊ ကြိုက်ပြီဗျာ။ ကျုပ်ပုံကိုဆွဲဖို့အတွက် ဘာလိုသလဲပြော။’

ပန်းချီဆရာ။                     ‘ကျုပ်နဲ့ခင်ဗျား ကွာခြားထားတဲ့ မှော်သေတ္တာရဲ့ နံရံမှာ ကျုပ်မျက်လုံး တစ်လုံးစာ ဖောက်လေ။ တစ်ပေါက်ရရင် ကျုပ်ရဲ့ဘုရားသခင်ပုံကို ကျုပ်ရေးဆွဲလို့ရပါပြီဗျာ။’

 

ပန်းချီဆရာရေ ခင်ဗျားကတော့ ခင်ဗျားပန်းချီကားထဲကနေ လွတ်မြောက်သွားပေမယ့် ကျုပ်ကတော့ ဖောက်ထွင်း ခိုးယူခြင်းဆိုတဲ့ ကျုပ်အလုပ်ထဲက မလွတ်မြောက်နိုင်သေးဘူးဗျို့။ ဒါပေမယ့် ဒီတစ်ကြိမ်ဟာ ကျုပ်ဘဝအတွက် နောက်ဆုံး ဖောက်ထွင်းမှု ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီည ပန်းချီပြတိုက်ထဲက ကျုပ်ခိုးယူရမယ့် ပန်းချီကားတစ်ချပ်ကို အော်ဒါပေးတဲ့ လူလက်ထဲ ကျုပ်အပ်ပြီးရင် လူအိုတစ်ယောက်ရဲ့ ဘဝတစ်လျှောက် မပူမပင်ရမယ့် ငွေကြေးတစ်စုံတစ်ရာဟာ သေချာနေလို့ပဲဗျို့။

 

ဒီလိုတွေးရင်း ဖောက်ထွင်းဝိဇ္ဇာဟာ မျက်နှာကြက်ကနေ ကြိုးတစ်ချောင်းအတိုင်း ကြမ်းပြင်ပေါ်ကို လှပစွာ ကျဆင်းလာခဲ့တယ်။ ပြီးတော့မှ ပြတိုက်နံရံတွေ၊ အခန်းတွေရှေ့က သွယ်တန်းထားတဲ့ ရောင်ခြည်တန်းတွေကို သူရဲ့ အထူးကြည့်မှန်ကနေ တဆင့် မြင်နေရတယ်။ ပြီးတော့ သူခိုးယူရမယ့် ပန်းချီကားချပ်ရှိတဲ့ ပြတိုက်ရဲ့ ဖွဲ့စည်းပုံကားချပ်ကို ဖြန်ကြည့်ပြီး တစ်ခန်းချင်း တားဆီးထားတဲ့ တံခါးတွေ လုံခြုံရေးစနစ်တွေကို သတိနဲ့ ဖြတ်တောက် ကျော်လွှားလာရင်း သူ့စိတ်အာရုံဟာ မကြာခင်ရောက်လာမယ့် အခြေအနေတစ်ခုရဲ့ သိမ်းပိုက်မှုကို ထူးထူးခြားခြား ခံစားနေရတယ်။

 

ထူးဆန်းတဲ့ ညှို့ငင်မှုတစ်ခုဟာ သူ့ရှေ့မှာ ရှိနေသလိုပါပဲ။ နောက်ဆုံး တံခါးတစ်ချပ်ကို ဖြတ်သန်းပြီး အခန်းထဲဝင်ကာ မြေပုံအညွှန်းအရ ညွှန်းထားတဲ့ ပန်းချီကားကို မော့ကြည့်လိုက်တယ်။

 

အံ့သြထိတ်လန့်မှုကြောင့် တကိုယ်လုံး ခါထွက်သွားတယ်။

 

တစ်သက်တာလုံးမှာ တစ်ခါမှ ဒီလိုကြုံလိမ့်မယ်လို့ စိတ်မကူးခဲ့ဖူးပါဘူး။

 

နံရံပေါ်မှာ သူခိုးယူရမယ့် ပန်းချီကားဟာ သူ့ရဲ့ပုံတူ ပန်ချီကားကြီး ဖြစ်နေလို့ပါပဲ။ ပန်းချီကားကြီးရဲ့ ပမာဏဟာ အလွန်ကြီးမားပြီး နံရံအပြည့် ရေးထားတယ်။ ပန်းချီကားနာမည်က “ဖောက်ထွင်းဝိဇ္ဇာ။” သူဟာ ဒီလောက်ကြီးတဲ့ ပန်းချီကားကြီး တစ်ကား ရေးဆွဲထားရလောက်အောင် ကြီးကျယ်မြင့်မြတ်ခဲ့ပြီလား။ ဘယ်လိုမှ နားမလည်နိုင် ဖြစ်နေတယ်။

 

သူ့ရဲ့ပုံတူကို လေးထောင့် အကွက်များစွာကို သုံးပြီး ရေးဆွဲထားတယ်။ အဲဒီ့ အကွက် တစ်ကွက်တိုင်းဟာလည်း သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုစီ ဖြစ်နေတာကို အံ့သြဖွယ်ရာ တွေ့နေရတယ်။ တချို့အကွက်မှာ လူငယ်ဘဝ၊ တချို့အကွက်မှာ အိမ်ပြေးကလေး၊ တချို့အကွက်မှာ အိမ်တစ်အိမ်ထဲ ဖောက်ထွင်းဝင်နေတဲ့ပုံ။ တချို့အကွက်မှာ မိန်းခလေးတစ်ဦးကို ချစ်စကားပြောနေပုံ။ တချို့အကွက်မှာ အမေကို ပြန်ကန်တော့နေပုံ၊ တချို့အကွက်မှာ တရားရုံးမှာ။ တချို့အကွက်တွေမှာ အချုပ်ခန်းထဲ။

 

အဲဒီလို ရေးဆွဲထားတဲ့ ပန်းချီကားကြီးရဲ့ အချို့အကွက်တွေဟာ ရုပ်ရှင်ကားချပ်တွေလို လှုပ်ရှားသက်ဝင်ပြီး ဖြစ်စဉ်တွေ ပြောင်းလဲနေတယ်။ ပန်းချီကားကြီးကို မော့ကြည့်နေရင်းက သူ့ခြေဖျား၊ လက်ဖျားတွေ အေးစက် တုန်ရင်လာတယ်။ ဒီပန်းချီကားအတွက်ရမယ့် ငွေကြေး ကိန်းဂဏန်းအချို့ကို ဖြတ်ကနဲ သတိရမိတဲ့အခါ သူဟာ နာကျင်စွာ ကျိန်ဆဲလိုက်မိတယ်။

 

သူ့ကို ပန်းချီကားကြီးက တဖြည်းဖြည်း ညှို့ယူ ဆွဲခေါ်နေတယ်လို့လဲ ခံစားနေရတယ်။ ပန်းချီကားကြီးရဲ့ထောင့်မှာ ကွက်လပ်တစ်ခုရှိနေပြီး အဲဒီ့နေရာမှာ ပန်းချီဆရာဟာ ဘာမှရေးမထားဘူး။ သူဟာ နောက်ဆုံး လူတစ်ကိုယ်စာ ချန်ထားတဲ့ ပန်းချီကားရဲ့ ကွက်လပ်ဆီ ချဉ်းကပ်ရင်း နောက်ဆုံးပန်းချီကားထဲကို အိကနဲ တိုးဝင်လိုက်ချိန်မှာပဲ ပန်းချီပြခန်းရဲ့ နံရံအသီးသီးမှာ တပ်ဆင်ထားတဲ့ အချက်ပေးခေါင်းလောင်းတွေ အားလုံးဟာ တပြိုင်နက်ထဲ တော်လဲညံစီသွားတဲ့အတွက် ပြတိုက်ရဲ့ ဝန်ထမ်းတွေအားလုံးဟာ ပြတိုက်ရဲ့ အခန်းအားလုံးကို လိုက်လံစစ်ဆေးကြပေမယ့် မသင်္ကာစရာ ဘာတစ်စုံတစ်ရာကိုမှ မတွေ့ခဲ့ကြဘူးလို့ ဆိုပါတယ်။

 

Mr A။                ‘ခင်ဗျားလူက သေချာရဲ့လားဗျာ။ အခု ချိန်းထားတဲ့ အချိန်ကျော်နေပြီ။ ခုထိ ရောက်မလာသေးဘူး။’

Mr B။                ‘ကမ္ဘာပေါ်မှာ အတော်ဆုံး ဖောက်ထွင်းဝိဇ္ဇာပါဗျာ၊ သေချာပေါက် ပန်ချီကား ပါလာမှာပါ။ ပေးထားတဲ့ငွေတွေရဲ့တန်ဖိုးက နည်းတာမှ မဟုတ်တာ။ သေချာပေါက် စွန့်စားမှာပါဗျ။’

(ထိုသူနှစ်ဦးသည် ဖောက်ထွင်းဝိဇ္ဇာကို စောင့်နေသူနှစ်ဦးဖြစ်မှန်း စာဖတ်သူသိသည်ဟု ယူဆပါသည်။)

Mr A။                ‘ဟော ဟိုမှာလာပြီ ကျုပ်တို့လူနဲ့ တူတယ်။’

 

သို့သော် သူတို့ထံ လာနေသူမှာ ဖောက်ထွင်းဝိဇ္ဇာ တစ်ဦးမဟုတ်ပဲ ပန်းချီဆရာတစ်ဦးသာ ဖြစ်ပြီး ၎င်းက ပေးသွားသော ပစ္စည်းမှာလည်း ခိုးရာပါ ပန်းချီကားတစ်ချပ် မဟုတ်ပါ။ ဖောက်ထွင်းဝိဇ္ဇာတစ်ဦး ပါဝင်သော ဝတ္တုဖြစ်နေ၏။ ဝတ္တုသည် လွန်ခဲ့သော ရက်အနည်းငယ်က ကျွန်တော်ရေးသားနေဆဲ လုံးဝ ပျောက်ဆုံးသွားခဲ့ပါသည်။ ယခု ထိုဝတ္တုကို ခင်ဗျား ဖတ်ရှုနေခဲ့သည် ဆိုပါလျှင် တစ်စုံတစ်ယောက် (သို့မဟုတ်) ဝတ္တုထဲက ဇာတ်ကောင် တစ်ဦးဦးတို့ကိုယ်တိုင် ခိုးယူသွားသည့် ခိုးရာပါ ဝတ္တုတစ်ပုဒ်သာ ဖြစ်ပါကြောင်း။ ။

 

 ပန်းချီထိန်လင်း

(မန်းထောင်တွင် ရင်းနှီးခင်မင်ခွင့်ရခဲ့သော ဖေါက်ထွင်းဝိဇ္ဇာတရုတ်ကြီး (ခ) ကိုပေါက်ဆုံသို့ အမှတ်တရ)

(၂၀၀၆ ခု ပိတောက်ပွင့်သစ် မဂ္ဂဇင်း အမှတ်၂ မှ။)