Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

နိုဝင်ဘာ ၂၆ တွင် ကျရောက်သော မြန်မာသမိုင်း အထောက်အထား စုဆောင်းသူ လန်ဒန် ဦးတက်ထွဋ် (၁၉၁၀-၁၉၇၇) ရာပြည့်နှင့်  တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် အမျိုးသားနေ့ နှစ် ၉၀ ပြည့်အမှတ်တရ


htut phatt

 

ထွဋ်ဖတ်အဖို့ ဤလောကအ၀ှန်းသည် ခွေးတံဆိပ် ဓာတ်ပြားကဲ့သို့ နှစ်ဖက်ရ ဖြစ်ချေသည်။ တစုံတယောက်သောသူက အကောင်းဟုဆိုလျှင် ထွဋ်ဖတ်သည် အဆိုးကို မြင်၏။ အဆိုးကို မြင်လျှင်အကောင်းဟု ဆို၏။ ဤသို့ နှစ်ဖက်ကြည့်လျှင် နှစ်မျိုးတွေ့ရတတ်လေသောကြောင့် ထွဋ်ဖတ်အဖို့ လောကကြီးသည် ကောင်းသည် ဆိုးသည် ဟူ၍ မရှိသလောက်ပင် ဖြစ်လေတော့သည်။ တရံတခါ ထွဋ်ဖတ်သည် ရဟန္တာကြီးပမာ ကောင်းမှု မကောင်းမှုတို့ကြောင့် တုန်လှုပ်ခြင်း မဖြစ်ခဲ့ချေ။ သို့ရာတွင် ရဟန္တာစစ် ဖြစ်ကြီးဖြစ်သည် မဟုတ်လေရကား ထွဋ်ဖတ်၏ ရင်တွင်း၌ လူသာမန်၏ စိတ်သည် ဇာတိကို ပြလိုသောကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်၍ နေသည်ကိုကား ကျွန်တော်သည် ထွဋ်ဖတ်နှင့် ရင်းနှီးလေသောကြောင့် တစိုးတစိသိခဲ့လေသည်။ 


ထွဋ်ဖတ်သည် နေရှင်နယ်ကျောင်းထွက် ဖြစ်လေရကား ၎င်းင်း၏ စိတ်သည် နေချင်တိုင်းဖြစ်၍ လွတ်လပ်သောစိတ်ဟု ဆိုရပေမည်။ နေချင်တိုင်း သဘာဝကိုမှီ၍ လူဖြစ်လာသူ ဖြစ်လေရကား ၎င်းရောက်လေရာရာ အရပ်၌ နေချင်တိုင်းဝါဒကို ပျံ့နှံ့စေပြီးလျှင် နေချင်တိုင်း ကျောင်းသား ဖြစ်ခဲ့ဖူး၍သာလျှင် ဤသို့သော စိတ်၏ လွတ်လပ်ခြင်းကို ရပေသည်ဟူ၍ အမြဲအသားယူကာ ပြောပြလေ့ရှိသည်။


ထွဋ်ဖတ်၏ ရာဇ၀င်အူပေါက်ကို လျှောက်၍ ကြည့်လျှင် အတော်ထူးပေသည်။ ကျွန်ုပ် ကောလိပ်ကျောင်းသား ဘ၀ဖြင့် သထုံကျောင်းဆောင်တွင် နေစဉ်က ထွဋ်ဖတ်သည် နေချင်တိုင်းဝါဒ ပြန့်နှံ့ရေးကို ရှေးရှု၍ နေချင်တိုင်း အသင်းတစ်ခု တည်ထောင်ခဲ့ဖူးသည်ကို အမှတ်ရမိသည်။ ထိုအသင်းကြီးမှာ ကမ္မဋ္ဌာန်းသဘောအရ ဥပါဒ် ဌီ ဘင် ဟူ၍ ရှိရာ ဥပါဒ်ပြီးသည်နောက် မဌီရမီ ဘင် ဘ၀သို့ရောက်သွားသဖြင့် ယခုမူကား မရှိတော့ပြီ။ ထိုအသင်း၏ ရည်ရွယ်ချက်များအနက် အဓိကရည်ရွယ်ချက်ကား ကိုယ်နှုတ်နှလုံး သုံးပါးစုံတို့၏ လွတ်လပ်ရေးပင် ဖြစ်လေတော့သည်။ ထိုအသင်း၏ ၀ါဒမှာ လောက၌ ဆိုးခြင်း ကောင်းခြင်း ဟူသည် လူတို့၏ တဒင်္ဂအလိုကိုလိုက်၍ ဖြစ်သည်။ ရှေးထုံးနည်းနာတို့သည် လူ၏ လွတ်လပ်ခွင့်ကို ချုပ်ချယ်မှုများသာ ဖြစ်သည်။ ထုံးစံဓလေ့ဟူသည် အပေါ်ယံသဘောမျှဖြစ်၍ ဒုံရင်းဟူသော ပရမတ်သဘောဖြင့် ဆင်ခြင်လျှင် အလဟဿမျှသာဖြစ်ရကား လူတကိုယ်လျှင် ထင်ရာလုပ်နိုင်သော အခွင့်အရေးသည် မွေးကတည်းက ပါသည် စသော လောကကြီးနှင့် ဆန့်ကျင်ဖက် ၀ါဒတို့သာလျှင် ဖြစ်ချေသည်။ ထိုအသင်းသည် တရုတ်ပရမတ်ဆရာကြီး လောင်ဇူး၏ ၀ူဝေး၀ါဒဖြစ်သော ဘာမျှမလုပ်ခြင်းသည် အရာခပ်သိမ်းကို ပြီးစေနိုင်၏ ဟူသော သြ၀ါဒကထာကို လေးစားသမှုပြုသော အသင်းဖြစ်လေရာ အသင်းတည်ထောင်သည်ဟူသော နေ့၌ အင်းလျားကန်ဘေးတွင် နေချင်တိုင်းအသင်းသားတို့သည် ကိုယ်စိတ်နှလုံး သုံးပါးတို့၏ လွတ်လပ်မှုကို သရုပ်ဖော်သောအားဖြင့် ရိုက်မောင်းပုတ်မောင်း ပြုကြသည်ဟု သတင်းသန့်သန့်မျှ ကြားလိုက်ရပြီးလျှင် ၎င်းအသင်း၏ အစအနတို့ကို စိုးစဉ်းမျှ နောက်ထပ် မကြားရသည်မှာ ကြာပေပြီ။

ကျွန်ုပ်သည် ထွဋ်ဖတ်နှင့် ခွဲခွာခဲ့ရသည်မှာ ကျောင်းမှ ထွက်လိုက်သည်က စ၍ပင် ဖြစ်သည်။ ယခု ကျွန်ုပ်သည် ထွဋ်ဖတ်၏ ခြေရာလက်ရာ အစအနတို့ကို ပြလျက်ရှိသော တိုင်းရင်းသားကျောင်းတွင် အလုပ်လုပ်ကိုင်နေလေရကား ထွဋ်ဖတ်အား အောက်မေ့သလိုလို ရှိမိ၏။ ထွဋ်ဖတ်၏ ကျောင်းဖြစ်အင်ကိုလည်း ထွဋ်ဖတ်အား ပြေး၍ ပြလိုသော ဆန္ဒများလည်း ပေါ်ပေါက်ခဲ့၏။ သို့သော် ဤသို့ ပေါ်ပေါက်လာသော ဆန္ဒတို့ကို ချိုးနှိမ်ထားလိုက်ရလေသည်။ အကြောင်းမူကား ထွဋ်ဖတ်သာရှိလျှင် ယခု ကျွန်ုပ် အခြေခံပြုထားသော စည်းမျဉ်းဥပဒေတို့သည် ကျောင်းသားတို့အား ချုပ်ချယ်သော အပြုအမူများတည်းဟု ကျွန်ုပ်အား ကဲ့ရဲ့ ရှုတ်ချ ကြိမ်းမောင်း မာန်မဲမည်ကို စိုးရိမ်မိသောကြောင့်တည်း။

တန်ဆောင်မုန်းလဆန်းတစ်ရက်နေ့တွင် ရှေးအတိတ်က ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်၍ စိတ်၏ လွတ်လပ်ခြင်း၊ အောင်မြင်ခြင်းကို ပြရာဖြစ်သော အမျိုးသားအောင်ပွဲနေ့၏ ဆယ့်ငါးကြိမ်မြောက် အထိမ်းအမှတ် ကျင်းပရန်တာဝန်သည် ချည့်နဲ့ နုံနဲ့ ခွန်အားမဲ့လျက် ရှိကြကုန်သော ကျွန်ုပ်တို့ ကျောင်းဆရာနှင့် ကျောင်းသားများ၏ အပေါ် ကျရောက်လျက် ရှိချေပြီ။

 

ထိုနေ့တွင် ကျွန်ုပ်သည် ထွဋ်ဖတ်အား အဘယ်ကြောင့် အောက်မေ့မိသည် မသိ။ ထွဋ်ဖတ်သာ ရှိခဲ့လျှင် မိမိတို့ နေချင်တိုင်း နေခဲ့သောနေ့တို့ကို စမြုံ့ပြန်ခြင်းငှာ နေချင်တိုင်းအစည်းအဝေး ကို ပြုလုပ်သည်ဟူ၍ ပြောမည်မှာ မလွဲပြီ။

ထိုနေ့ထူးနေ့မြတ်ကြီးအတွက် ဆရာနှင့် ကျောင်းသားများ စည်းဝေးကြကုန်၏။ စည်းဝေးပုံမှာ ထွဋ်ဖတ်၏ နေချင်တိုင်းဝါဒအတိုင်း စည်းဝေးသည်ဟု ကျွန်ုပ် ဆိုလိုက်ချင်သည်။

အကြောင်းကား ထိုအစည်းအဝေး၌ ဥက္ကဋ္ဌသည် ဆရာကြီးလော၊ ကိုခွေးလော ခွဲခြား၍ မရ။ အကျိုးဆောင် စာချီဟူ၍လည်း မရှိ။ အမှုဆောင်လူကြီးဟူ၍လည်း တစ်ဦးမျှ မမြင်။ အဆို တင်သွင်းရင်း ကန့်ကွက်သူက ကန့်ကွက်။ ထောက်ခံရင်း ပြင်ဆင်ချက် သွင်းသူကသွင်း။ မဆိုင်သည်ကို ဆိုသူကဆို။ ဆိုင်သည်ကို ရေမန်းမန်းသလို ရွတ်သူကရွတ်။

“ဘယ်လို စီစဉ်မလဲဟေ့” ဟု သြဇာတိက္ကမ ပြည့်စုံဟန်ရှိသော ဆရာတစ်ဦးက မေးသည်ကို ကျောင်းသားတွေ တစ်ယောက် သုံးလေးပေါက် အဖြေပေးကြသည်မှာ ဘာတွေမှန်းမသိ။ “အငြိမ့်ကြည့်ချင်တယ်” ဟူသော အသံသည်သာလျှင် ကွက်တိကွက်ကျားမျှရှိသော ကျောင်းသားများကို လွှမ်းမိုး၍ သွားလေသည်။

“အငြိမ့်ကြည့်ချင်တယ် ဆရာ” ဟူသော အသံတစ်ခုသည် အခြားအသံတို့ ရပ်စဲသည်နှင့် တပြိုက်နက် မျက်စိမှုန်သော ကျောင်းသားတစ်ယောက်ထံမှ ထွက်ပေါ်၍ လာပြန်လေသည်။ “ပိုက်ဆံကုန်တယ်” ဟူသော အသံလည်း ကမန်းကတန်းပြေး၍ လိုက်လာသေးသည်။ “ပိုက်ဆံကုန်မှာ စိုးရင် ကရင်အငြိမ့် ဆယ့်ငါးကျပ်တန် ငှားမယ်” ဟူသော ဒေါသံကလေးလည်း ကြားရသည်။ "ကော်မတီတွေ တယောက် တဆယ်ဆိုရင် တရာတောင် ရနိုင်တာပဲ” ဟူသော ကွန့်သံကလေးလည်း ပါ၏။

ပွက်လောရိုက်သံတို့သည် တအောင့်မျှ အနားယူပြီးနောက်
“၀ိဇ္ဇာမယ်၊
ရုပါရုံ ခင်ကြည်၊
တရုတ်မကလေး” ဟူသော ဆင့်ကဲ ဆင့်ကဲ အသံတို့မှာ ပဲ့တင်ထပ်၍ သွားလေသည်။

ကျောင်းဦးတွင် ဣနြေ္ဒ သမ္ပတ္တိဖြင့် အတင့်အတယ် စမ္ပာယ်လျက်ရှိသော ကျောက်ဆင်းတုကိုယ်တော်ကြီးစင်လျက် ဝိဇ္ဇာနှင့် ရုပါရုံဟူသော နားစွန်နားဖျား ကြားလိုက်လေသောအခါ ငါဘုရား၏ ဓမ္မစက်သည် ဤမည်သော တိုင်းရင်းသား ကျောင်းသားကလေးတို့ အပေါ်တွင် ပြန့်နှံ့တည်လျက်ပင် ရှိပေသေး၏တကား ဟု နားကြားလွဲ အထင်မှားပြီးလျှင် ဟာသိတုပ္ပါဒ လက္ခဏာကို အထင်အရှား ပြလိုက်လေသလားမသိ။ ကျွန်ုပ်၏ စိတ်၌ကား ပြုံးသယောင်ယောင်ရှိသည်ဟု ထင်မိ၏။ အကြောင်းသိပြီးသား ဖြစ်သဖြင့်လည်း အားနာမိ သလိုလိုလည်း ရှိမိ၏။

အတိုရုံးရသော် ထိုညနေတွင် အငြိမ့်နှင့် ပတ်သက်၍ ကျောင်းဆရာနှင့် ကျောင်းသားများ အလှူငွေ ဈေးဆစ်ကြလေသည်။ နောက်ဆုံး၌ အတန်း အနိမ့် အမြင့်ကို လိုက်၍ နှစ်ပဲမှသည် နှစ်ကျပ်အထိ ထည့်ချင်သလို ထည့်နိုင်သည်ဟူသော ဆုံးဖြတ်ချက်ကို လက်ခုပ် လက်ဝါးသံ တစ်ဖြောင်းဖြောင်းတို့ဖြင့် အတည်ပြုလိုက်ကြလေသည်။

ဤနည်းနှင်နှင်လျှင် နေချင်တိုင်းနေ၊ ဖြစ်ချင်တိုင်းဖြစ်၊ လုပ်ချင်တိုင်းလုပ်သော အစည်းအဝေးကြီးသည် အပြီးသို့ တိုင်၏။

နှစ်ရက်ခန့်ကြာသော် တိုင်းရင်းသား ကျောင်းဆရာနှင့် ကျောင်းသားများတို့သည် အလျှိုလျှိုနှင့် ချောင်ကြိုချောင်ကြားမကျန် အလှူခံထွက်နေသည်ကို တွေ့မြင်နိုင်လေသည်။

ရုပ်စုံငွေဖလားကြီးမှာ အသရေ တကြွားကြွားနှင့် ရှိ၏။ ပိုက်ဆံ အကြွေအနုပ်တို့မှာ တချွင်ချွင်မြည်၍ ကစားကာနေကြကုန်၏။ ထိုအကြားထဲတွင် ကြေးညှိတက်နေသော ကြေးပြား၊ မျောက်ပန်းမပါသော ပိုက်ဆံ၊ အသံဝင်နေသော ဒင်္ဂါး၊ စကားမပြောနိုင်ရှာသော မူးစေ့ မတ်စေ့နှင့် ရင်ကျပ်၍နေသော ငါးမူးပြားတို့လည်းပါ၏။

ယင်းတို့သည် ညောင်စေ့လောက်လှူလျှင် ညောင်ပင်ကြီးလောက် အကျိုးခံစားရသည်ဟူသော စေတနာ၏ တိတ်နိမိတ်ကိုဆောင်ကာ တပြောင်ပြောင် တဝင်းဝင်း ရှိ၏။

နေရှင်နယ် ကျောင်းကဆိုရင် ကန်တော့ပါသေးရဲ့ ဟူသော သုတိသြဘာ မင်္ဂလာစကားနှင့် အိမ်မှာ လူကြီးမရှိဘူး၊ ဧည့်သည်တွေနှင့် စကားပြောနေတယ် ဟူသော စေတနာဗလဝ တို့ကြောင့် ရုပ်စုံဖလားကြီးမှ မော်ကြွားကာ ဝင့်၍ နေလေသည်။

နေရှင်နယ်ကျောင်းဆိုရင် သည်လို ပျော်ပွဲမျိုးတွေကြောင့် ဆယ်တန်းတစ်ယောက်မှ မအောင်နိုင်တာပဲ ဟုပြောရင်း စွန့်ကြဲလိုက်သော ဒါနရှင်တစ်ဦး၏ လေးပဲသော အသပြာမှာ ရေမရှိသည့်အိုး ဘောင်ဘင်ခတ်သလို အသံပြာပြာ ညံစာစာနှင့် ဟောင်ဖွာဖွာလုပ်ရင်း လိုက်ပါလာလေသည်။

စေတနာသုံးတန်တွင် တတန်ခွဲမျှသာ ဖြတ်၍ လှူလိုက်သော ငွေစက္ကူကလေးတရွက်မှာ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော ဟူသော သစ္စာတရားကို မြင်လေသောကြောင့် ဖလားမှ ထွက်၍ မိမိသခင်ချစ်ရှိရာသို့ ပြေး၍ဖက်လိုက်မည့်ဟန် ပြင်နေသဖြင့် ကျောင်းသားတွေ တပြုံကြီးက မနည်းပင် ဆွဲထားရချေသေးသည်။

ခရီးစရိတ် သုံးပဲနှစ်ပြား အရင်းစိုက်ထားရသော်လည်း ထင်သလောက် အမြတ်မပေါ်သဖြင့် စိတ်ပျက်နေဆဲတွင် ဝင်လာသော ငွေရှစ်ကျပ်ကလေးမှာ မောပန်း၍လာသော အလှူခံခရီးသည် တစုအား ရေချိုအေး ဆီး၍ တိုက်လိုက်ဘိသကဲ့သို့ မောဟိုက်ခြင်းကို ပြေစေလေသည်။

ငါးပိစော်နံသော ကြေးပြား၊ ငါးစိမ်းစော်နံသော ကြေးပြား၊ တမာကူစော်နံသော ကြေးပြား၊ ရှားပန်းထည်စော်နံသော ကြေးပြား၊ ပဲစော်နံသော ကြေးပြား၊ မဆလာစော်နံသော ကြေးပြား၊ ဘယဆေးစော်နံသော ကြေးပြား၊ ချဉ်ဖတ်စော်နံသော ကြေးပြားတို့မှာ ဖလားထဲသို့ ရောက်လျှင်ပင် သဒ္ဓါတည်းဟူသော အမွှေးရနံ့ကြောင့် သင်းပျံ့ကြိုင်လှိုင်လျက် ရှိကြကုန်၏။

ဤသို့ သဒ္ဓါကြေးတို့ကို စုရင်းနှင့်ပင် တန်ဆောင်မုန်း လဆုတ်ဆယ်ရက်နေ့သို့ ရောက်၏။ အခင်းအကျင်း အပြင်အဆင်တို့ကို စီစဉ်၍ ပြီးလတ်သော် ၎င်းနေ့နံနက်ခင်းတွင် အကြင်သို့သော အမျိုးသားအောင်ပွဲသဘင်ကို ဝှဲခြီးဆင်ယင် ကျင်းပကြကုန်၏။

အောင်ပွဲကြီးကို ချီးမြှင့်ကြသော အသင်းအသီးသီးတို့မှာ မြန်မာနာရီ ရှစ်နာရီတိတိတွင် တစ်ဖွဲ့စီ တစ်သိုက်စီ ရောက်လာကြကုန်၏။ တဖွဲ့သည် တဖွဲ့ကို စောင့်ရင်း၊ တသင်းသည် တသင်းကို စောင့်ရင်း တီးမှုတ်ကခုန်ကြသည်မှာ ပျော်၍မဆုံးနိုင်။ ကြွက်စီ ကြွက်စီနှင့်။

အချိန်ကုန်မည် စိုးသောကြောင့် အဖွဲ့ပေါင်း မစုံ့တစုံတွင် အောင်ပွဲအစီအစဉ်အတိုင်း စရလေတော့သည်။ ပထမဦးစွာ အောင်စည်ဆော်၍ စည်တော်ရွမ်းသည်။ ပြီးလျှင် အမျိုးသား စာတမ်းကို ဖတ်သည်။ ဖတ်လိုက်ရသည့် အမျိုးသားစာတမ်းကလည်း ဆုံးပဲ မဆုံးနိုင်။ ဘာကို ဆိုလိုမှန်းလည်း မသိ။ သင်တို့ သင်တို့နှင့် သခင်သံပါလွန်းလှ၍ သူများအပေါ် သခင် မလုပ်နိုင်တိုင်း အချင်းချင်းအပေါ် သခင်လုပ်ချင်ကြသဖြင့် နားရိုင်းသည်ဟု ပြောသူကလည်း ပြောသည်။

နေမင်းလည်း တက်၍ လာချေပြီ။ ခပ်သုတ်သုတ်လုပ်မှ နေရာကျချေမည်။ စည်တော်ကို မြန်မြန်ယွန်း၊ အလံတော်ကို မြန်မြန်လွှင့်၊ အောင်ပါလေသီချင်း မြန်မြန်ဆို၊ နေရှင်နယ်ဒေးသီချင်းကို မြန်မြန်တီး။ ကဲ၊ ပြီးပြီ မဟုတ်လား။

“ခေတ္တဆိုင်းကြပါအုံး။ ရှစ်လုံးဖွဲ့ ကဗျာလေး တဆိတ်လောက် ရွတ်လိုက်ပါရစေ။”
 
“ရွတ်စေဗျား။”
“ရတုကလေး တပိုဒ် ဆိုလိုက်ပါရစေ။”
 
“ဆိုစေဗျား။”
 
“ဓမ္မစကြာအသင်းက သံပြိုင်တိုင်ပါရစေအုံးရှင့်။”
 
“တိုင်စေဗျား။”

“ပြီးကြပြီ မဟုတ်လား။ လှည့်ကြစို့။”
 
“ဆိုင်းပါအုံး ခင်ဗျာ။ ကျွန်တော်တို့ကျောင်းက ရွှေနှင်းဆီအသွားနှင့် လိပ်ပြာက ကလေးကို ကလိုက်ပါရစေအုံး။”

“ကဲ ပြီးပြီ။ ထွက်မယ်၊ ထွက်မယ်။”

“ခဏနေပါအုံး ခင်ဗျာ။ ကျွန်တော်တို့အဖွဲ့က အိုးစည်တီး။”

"တော်ပြီ၊ တော်ပြီ။ ဒီလိုသာ ကျောင်းမှာချည်း အစွမ်းပြနေကြရင် မြို့ထဲကျ ဘယ်က နိုင်တော့မှာလဲ” ဟု စိတ်မရှည်နိုင်သော လူကြီးတယောက်က ငေါက်လိုက်သည်တွင်မှ တကယ့် တကယ် လှည့်ဖြစ်လေတော့သည်။

မြို့ထဲသို့ တပတ်ပြည့်အောင် လှည့်၏။ ကချင်တိုင်းက၊ ခုန်ချင်တိုင်းခုန်၊ ဆိုချင်တိုင်းဆို၊ တီးချင်တိုင်းတီး၊ ပျော်ချင်တိုင်းပျော်လိုက်ကြသည့် ဖြစ်ခြင်း။ ကျွေးချင်တိုင်း ကျွေးကြ၍ စားချင်တိုင်း စားသော်လည်း ကုန်ချင်တိုင်း မကုန်နိုင်။

+ + + + +

ထိုနေ့ အောင်ပွဲအလှည့်တွင် ထွဋ်ဖတ်ကို အဘယ်ကြောင့် မြင်ယောင် ဖြစ်နေသည် မသိ။ အောက်မေ့မိသလိုလို၊ လွမ်းမိသလိုလို။ စင်စစ်ကား သူနှင့် မတွေ့လို၊ မြင်ကား မြင်ချင်ပါ၏။ ဤသို့ တထင့်ထင့်နေရင်း ကျွန်ုပ်သည် အောင်ပွဲသဘင် တပ်ခေါက်ပြီးလတ်သော် အိမ်သို့ပြန်၍ တရေးတမောအိပ်၏။

အိပ်ရာမှ နိုးလတ်သော် တပည့်မောင်ခင်မောင်က “ဆရာ ဆရာ အငြိမ့်သမချောချောကလေးတွေကို သူများတွေချည်း ကြည့်နေကြတယ်။ ဆရာကော မကြည့်ဘူးလား” ဟု လာနှိုးပြီးလျှင် အငြိမ့်ဝိုင်းထဲမှာ ကျွန်ုပ်ကိုတွေ့လိုသော လူတယောက် လိုက်ပါလာကြောင်း ပြောပြလေသည်။

ကျွန်ုပ်လည်း ကျွန်ုပ်အား တွေ့လိုသော လူတယောက်ဆိုသည်ကို ဂရုလည်း မထားနိုင်ဘဲ မောင်ခင်မောင်၏ ချောချောကလေး ကိုသာ အာရုံပြု၍ ကမန်းကတန်း ဆင်းလိုက်သွား၏။

"နေပါဦးကွ။ မောင်ခင်မောင်ရဲ့။ မင့်အငြိမ့်က ဘာအငြိမ့်လဲ”

“ကျွန်တော့် အငြိမ့်မဟုတ်ပါဘူး။ ကိုသောင်းဖေ အငြိမ့်ပါ။ အာပြဲမလေးတဲ့”

နာမည်မှာ နားထင်ကို ဒင်နှင့် ဆောင့်လိုက်သကဲ့သို့ အောင့်သက်သက် ဖြစ်စရာပင်။

ကျောင်းဝင်ဝသို့ရောက်သော် ကျောင်းအပေါ်ထပ်တွင် ပြောင်တင်းသောနဖူးနှင့် ညိုဝင်းသောမျက်မှန်ကို နေရာင်ဟတ်စေ၍ ရင်ကိုကော့ကာ ခါးထောက်လျက် ရပ်နေသူတယောက်ကို တွေ့၍ ဘယ်သူနှင့် တူသလိုလို ရှိလိုက်ပါဘိဟု ထင်တွေးမိ၏။ ထွဋ်ဖတ်ပဲလား ဟု ထင်မိသည်နှင့် တပြိုက်နက် ရင်ထဲတွင် ဖိုသွားလေသည်။ သူငယ်ချင်းချင်း ခင်မင်ယုယလိုငြားလည်း ထွဋ်ဖတ်နှင့် နဖူးတွေ့ ဒူးတွေ့ တွေ့ရန်ကိုမူ ကြောချမ်းမိလေသည်။

ကျောင်းပေါ်သို့ ဒိုင်းဒိုင်းမြည်အောင် ပြေးအတက်တွင် လှေကားထစ်အဆုံး၌ ထွဋ်ဖတ်ကြီး ပြုံးတုံးတုံး လုပ်နေသည်ကို ပက်ပင်းပါ တွေ့ရလေ၏။

ထွဋ်ဖတ်သည် “မာပါစ” ဟု တြင်းကျေသော၊ သုံးလုံးသော မင်္ဂလာစကားဖြင့် နှုတ်ဆက်ရင်း “မင်း ဒီမှာ ရှိတယ်ကြားလို့ အငြိမ့်သမတွေနဲ့ စကားရော ဖွဲရော လုပ်ပြီး လိုက်လာတာဟေ့။ အငြိမ့်နောက်ထိုင်လို့တော့ မအောက်မေ့နဲ့ကွ” ဟု ပြောပြောဆိုဆိုနှင့် ကျွန်ုပ်လက်ကို အတင်းဆွဲကာ ကျောင်းအောက်သို့ ဆင်းလာခဲ့လေ၏။

ကျွန်ုပ်မှာကား အာပြဲမကလေး၏ ဝ နှင့်တူသော မျက်နှာကို မမြင်ရသေးသောကြောင့် ဒေါပွပွနှင့်ပင် ဆုတ်ကန်ဆုတ်ကန်နှင့် လိုက်ပါလာရလေသည်။

“နေပါဦး ဖိုးထင်ရဲ့။ မင်းတို့ဟာက ဘာလုပ်တာတုံးကွ” ဟု ထွဋ်ဖတ်က အောက်ရောက်လျှင် ရောက်ချင်း မေး၏။

“မင်းနှယ်ကွာ တစ်တိုင်းလုံး တစ်ပြည်လုံး ကျင်းပနေတာမှ မသိဘူးလား။ အမျိုးသားအောင်ပွဲနေ့လေ”

“ဟား ဟား ဟား” ဟူသော ထွဋ်ဖတ်၏ ရယ်သံသည် အဝီစိကိုပင်လျှင် တုန်လှုပ်ချောက်ချား နိုင်သတည်း။

+ + + + +

ထွဋ်ဖတ် ဤသို့ရယ်လိုက်ခြင်းကို ကျွန်ုပ် တစိကလေးမျှ မကြိုက်နိုင်။ ထိုနေ့က ထွဋ်ဖတ်အား ဝမ်းသာအားရဖြင့် ကျွေးမွေးရသော နေ့လယ်စာကလေးမှာ နောက်ဆုံး၌ မသဒ္ဓါရေစာပင် ဖြစ်သွားရတော့သည်။ စားရင်းသောက်ရင်း ထွဋ်ဖတ် ပြောသမျှ စကားတို့ကို ပြန်လည်မချေနိုင်ပဲနှင့် မကျေမချမ်းသာလျှင် ဖြစ်မိသည်။

“ဟာ ဟာ၊ အမျိုးသားတဲ့။ အမျိုးကို ချစ်တယ်တဲ့။ ဘာလဲ ဒီစကားတွေဟာ။ ဝံသာနုရက္ခိတရား ကင်းမဲ့ပြီလားဆိုရင် အမျိုးသား အမျိုးသားနဲ့ အားကြီးပြောကြတာပဲ။ လောကကြီးမှာ တရားဥပဒေတွေ ရှိတာဟာ ဘာကြောင့်လဲ သိလား။ တရားမဲ့လို့ကွ။ အဖြူရှိတာဟာ ဘာကြောင့် ရှိရသလဲ။ အမည်းရှိလို့ပေါ့ကွ။ ဟော ခုတင်က ပြောခဲ့တဲ့ တရားဥပဒေ ရှိရခြင်းဟာ တရားလက်လွတ် ဖြစ်ကုန်ကြတော့ တရားစိတ် သက်ဝင်အောင် မတရားတာတွေ မလုပ်ဖို့ ဥပဒေတွေ ထုတ်ရတာ မဟုတ်လား။ အဲသလိုပဲ၊ အမျိုးသားချစ်တဲ့ စိတ်တွေ လက်လွတ်ကြတဲ့ အခါမှာ အဲဒီစိတ်ဝင်အောင် အမျိုးသား၊ အမျိုးသားနဲ့ တအားကုန် နားဝမှာကပ်ပြီး အော်နေရတယ်။ မင်းဟာ ဗမာလူမျိုးပါကွ၊ ကိုယ့်အမျိုး ကိုယ်ချစ်ပါကွ နဲ့ တဖွဖွ သတိပေးရတယ် မဟုတ်လား။ ကြည့်စမ်း။ အလောင်းမင်းတရားကြီး လက်ထက်တုန်းက ဝံသာနုရက္ခိ အသင်းတို့၊ တို့ဗမာ တို့သခင် ဂိုဏ်းတို့ မပေါ်ဘဲနဲ့ ကိုယ့်အမျိုး ကိုယ်စောင့်ရှောက်ခြင်းရှိပြီး သခင်ချည်း လုပ်ခဲ့ကြတယ် မဟုတ်လား။ ဟိုတုန်းက မျိုးချစ်တရားမှာ ကိုယ့်ကိုကိုယ်ချစ်ဖို့ မပါဘူးကွ။ ကိုယ့်အမျိုးကို ကိုယ်ချစ်ကြောင်းပြဖို့ ကတုံးတုံးပါ၊ ပင်နီဝတ်ပါဆိုပြီး၊ အထည်သည်နဲ့ ဆတ္တာသည်တွေ ကောင်းစားဖို့ ငါတို့လုပ်ခဲ့ရဖူးသဟေ့။ မင်းက ရာဇဝင် အကိုးအကားနဲ့ ဟိုတုန်းက အမျိုးသားစိတ်ပေါ်လို့ ပြင်ပ ပယောဂရန်ကို ပယ်နိုင်တယ် ပြောမယ်။ ကြီးပွားလာတယ်လို့ ဆိုမယ်။ ဒါပေမဲ့ ဟိုတုန်းက အမျိုးသားစိတ်ဟာ အခုလို အမျိုးသားစိတ်မျိုး မဟုတ်ဘူးဟေ့။ ဟိုတုန်းက ကိုယ့်လူဘက်သားချင်း စောင့်ရှောက်တတ်တဲ့ ဝါသနာရှိတယ်။ ဟိုတုန်းက လူလူချင်း မုန်းစိတ် မထားတော့ အမျိုးသားဆိုတဲ့ စကားသုံးပြီး ချစ်ကြပါ၊ ချစ်ကြပါလို့ တဖွဖွ သင်ပေးနေရတာမျိုး မဟုတ်ဘူး။ တသက်လုံး ဘော်ကြော့နေလာပြီး ဆွေမေ့ မျိုးမေ့ မေ့နေလို့ အစွမ်းအစ တုံးသွားပြီး နင်းပြားဘဝ ရောက်စ အခါမျိုးမှာ အိပ်မက် မက်သလို တချက်တချက် ကယောင်ကတမ်းနဲ့ မျိုးချစ်၊ မျိုးချစ်လို့ အော်ကြတတ်တာပဲ။ ဒါကြောင့်မို့ မျိုးချစ်စိတ်ပေါ်လာပြီ ဆိုမှဖြင့် ခွက်စောင်းခုတ်မယ့် ကြောင်သူတော်တွေ စုလာပြီ လို့သာ မှတ်လိုက်တော့။ ကမ္ဘာ့ရာဇဝင်ကို လှမ်းပြီး ကြည့်လိုက်စမ်း။ ရောမနိုင်ငံကြီး ကောင်းစားတုန်းက သူ့အမျိုး၊ ကိုယ့်အမျိုးမရွေး၊ လူမှန်လျှင် တန်းတူထားပြီး လူလူချင် မေတ္တာတရားပွားကာ နေကြတယ် မဟုတ်လား။ လောကီစည်းစိမ်တွေယစ်ပြီး စိတ်ကြီးလဲ ဝင်ရော တဖြည်းဖြည်း တစတစ ယဉ်ကျေးသိမ်မွေ့မှုတွေ ဆုတ်ယုတ်ကုန်တယ် မဟုတ်လား။ နောက်ဆုံးကျတော့ ကယောင်ကတမ်းနဲ့ မျိုးချစ်စိတ်လဲ တက်လာကရော လောကစည်းစိမ်ဆိုတဲ့ ညွန်ထဲမှာ နစ်သွားလိုက်တာ၊ အဲဒီ အဆိပ်ပြေတော့မှ နည်းနည်းပြန်ပြီး ထူထူထောင်ထောင် ဖြစ်လာတယ် မဟုတ်လား။ ဗြဟ္မစိုရ်တရား ကိုယ့်အမျိုးသားချင်း ပြန့်ပွားအောင် လုပ်လို့သာ ပြန်ပြီး ထူထောင်နိုင်တယ်။”

“မျိုးချစ်တဲ့။ ဟာ ဟာ ရယ်လိုက်ချင်သကွာ။ လောကကြီးမှာ တပင်တပန်း သူများကို ဘာလုပ်ဖို့ ချစ်ရသလဲကွာ။ ကိုယ့်ကိုကိုယ် ချစ်တတ်မှ အမျိုးကို ချစ်တတ်တာကွ။ သထုံကျောင်းဆောင်မှာတုန်းက မှတ်မိသေး။ ကိုယ့်ကိုကိုယ်ချစ်ဖို့ ဥစ္စာဟာ သူများတကာကို တပင်တပန်းကြီး ချစ်မိပြီး ပိုးရပန်းရနဲ့ ဘာများ အသုံးကျသလဲ။ ကဲ ပြောစမ်း။ ဟောဒီနေရာမျိုးကျ မိန်းမတွေနဲ့ တို့ယောက်ျားတွေဟာ ဘယ်လောက်ကွာသလဲလို့။ တို့ယောက်ျားဆိုတဲ့ဟာမျိုးတွေဟာ ချစ်မိပြီဆိုမှဖြင့် ပစ်ပြီး ချစ်လိုက်တာပဲ။ မိန်းကလေးဟာ အပျိုရည် ဆယ်မူးမှာ တမူးမှ မကျန်ဘဲ ဖြစ်စေအုံးတော့၊ သစ္စာဖောက်ပြီးတော့ သူများနောက် လိုက်စေဦးတော့ ဘယ်လိုပဲ ဆယ့်ခြောက်ပစ်နဲ့လာလာ၊ ယောက်ျားဆိုတာ ချစ်မိပြီ ဆိုမှဖြင့် လှေကွဲကြီး လိုက်ဆယ်ချင်တဲ့ သူနဲ့၊ လှည်းကျိုး ဝင်ထမ်းချင်တဲ့ သူနဲ့။ အောင်မယ်လေးလေး ဖြစ်ပုံ ဖြစ်ပုံ။ ဘီလူးမကြီးဟာ ငါတို့ အချစ်မှိုင်းမိနေတဲ့ ယောက်ျားတွေ မျက်စိမှာ ဗိရဏီ မသာဘူး။ သူတောင်းစားမကိုလဲ ဇောတိကသမီး အောက်မေ့တယ်။ ဟော မျိုးချစ်ပုဂ္ဂိုလ်ပီသတဲ့ မိန်းမများကတော့ မင်းလို မဟုတ်ပေါင်။ ငါ့လိုလဲ မဟုတ်ပေါင်။ ယောက်ျားကလေး တယောက်ကို တွေ့တယ်။ သူ့မှာ အားကိုးစရာ အချက်တွေ ဘာရှိသလဲလို့ ကြည့်လိုက်တယ်။ မြင်တယ်။ မှတ်ထားမယ်။ နောက်တယောက် မြင်ပြန်ရော။ ဟော ယှဉ်ကြည့်။ သာတဲ့သူကို မှတ်ထား။ တယောက်ထပ်ပြီးတွေ့။ ယှဉ်ကြည့် သာတဲ့သူကို ယခင်နည်းအတိုင်း၊ ၄င်းနည်းအတိုင်း၊ ထိုနည်းအတိုင်း။ နောက်ဆုံးလဲကျရော အိုင်စီဂွက်နိုင်တဲ့လူ၊ ဗီးလတ်ပြန်နိုင်တဲ့သူတွေနဲ့ အိမ်လဲရှိရော ခွေးလဲမွေးရော ပေါ့ကွာ။ ကဲ မင်းနဲ့ငါ အိုင်စီမဂွက်နိုင်တော့ အင်းလျားက မဟဝါတွေက မင်းတို့ ငါတို့ အကြောင်း ယောင်လို့ အိပ်မက်မက်မိ ကြသေးရဲ့လား။ ဒါကြောင့် ပြောတာပေါ့ ဖိုးထင်ရာ။ ငါတို့တတွေဟာ ချစ်စရာ တစ်ပွေ့တစ်ပိုက်ကြီးဖြစ်တဲ့ ငါတို့ရဲ့ ဤခန္ဓာကိုယ်ကြီးကို ဖဲကြဉ်းပြီး မဆိုင်တဲ့ သူတွေကို သွားပြီး ချစ်ရတာဟာ အူထဲသည်းထဲ လှိုက်လှိုက်တက်လာပြီး ရယ်လိုက်ချင်တယ်။ သူငယ်ချင်းရယ် ဒါမျိုးကျတော့ မိန်းမတွေဟာ ယောက်ျားတွေထက် မျိုးချစ်စိတ် ထက်သန်သကွ။ ဟေ့ မျိုးချစ် မျိုးချစ်နဲ့ သူများကိုချစ်ဖို့ မလိုဘူး။ ကိုယ့်ကိုကိုယ် ချစ်ရတယ်ကွ။”

ထိုစကားစုတို့ကို နားရှိ၍သာ ဆတ်ဆတ်ကြားလိုက်ရသော်လည်း ကျွန်ုပ်စိတ်ထဲတွင် တစေ့မျှမဝင်။ သို့ရာတွင် ကျွန်ုပ်တို့နှစ်ဦးသား တက္ကသိုလ်ကျောင်းနေစဉ်က ကျောင်းသူမ ကလေးများကို  ကိုယ်စီကိုယ်ငှ လူပျိုဘာဝ စာပေးမိကြ၍ များမကြာမီ အကြင်သို့သော သူငယ်မတို့မှာ အိုင်စီအက်တယောက်နှင့်လည်းကောင်း၊ ဗီးလတ်ပြန်တယောက်နှင့်လည်းကောင်း အသီးသီး အသကအသက အိမ်ထောင်ကျသွားရှာသည်ကို တွေးမိသောအခါမူကား ထွဋ်ဖတ်စကားမှာ ဟုတ်သလိုလိုရှိလေမလားဟု အောက်မေ့လိုက်သော်လည်း မိမိချစ်သူမှာ မိမိထက်သာသည့် အခြေကောင်း အနေကောင်းကို တွေ့သွားရသည်ကိုပင်လျှင် ကျေနပ်မိပြန်လေသည်။

“ဟာ ဟာ၊ မျိုးစစ်မှ ချစ်နိုင်မယ်ဆိုတာရှိသေး။ မှတ်မိသေးသကွာ။ ကျောင်းမှာ သမဂ္ဂရွေးကောက်ပွဲလုပ်တုန်းက ဘာသာရွေးဖို့ မလိုပါဘူးတဲ့။ ကုလားလေ့၊ တရုတ်လေ့၊ အင်္ဂလိပ်လေ့နဲ့ ရွေးချယ်တာဟာ သေးသိမ်ရာကျပါတယ်တဲ့။ မြန်မာပြည်မှာမွေးရင် မြန်မာပြည်သားပါပဲတဲ့။ အဲသလို မြန်မာအချင်းချင်းဆဲလို့ အားရတော့မှ မအေကျော်ပြီး ဒွေးဒေါ်ကို လွမ်းလိုက်ကြတာ နောက်တော့ ဘာဖြစ်သလဲဆိုတာ မင်းအသိသားပဲ။ အမျိုးဆိုပြီး ရွေးချယ်သင့်တော့ ရွေးချယ်ရပါတယ်ကွ။ ကျုပ်တို့ဟာ မြန်မာပြည်ပေါက်မို့ မြန်မာသွေးပါပဲဆိုပြီး မြန်မာမိန်းကလေး တွေကို ယူလို့အားမရနိုင်ကြသော်လဲ သူတို့အမျိုးထဲကဟာကို မြန်မာက စတော့ ဟေ့ မင်းနဲ့ မိန်းကလေးနဲ့ဟာ အမျိုးတူရဲ့လား လို့ မောက်မောက်မာမာ မေးလိုက်တာကို ပသီစီနီမာထဲမှာ ငါ နားနဲ့ဆတ်ဆတ် ကြားခဲ့ရဘူးပါတယ်ကွ။ ဦးစိုးညွန့်တို့၊ ဦးပေါ်ထွန်းတို့ အင်္ဂလိပ်လိုဝတ်တော့ ကဲ့ရဲ့ကြတယ်။ ခင်မောင်အေးလို့ ဗမာနာမည်ကို အလွဲသုံးစားလုပ်နေတဲ့ ချန်ဒရာဘတ္တာ ချာဂျီးတို့လို ဟာမျိုးတော့ သဘောကျတယ်။ တယ် အသဲနာသကွာ။ မန္တလေးသားလို ဗမာရည်လည်ပြီး ဗမာစိတ်ဝင်နေတဲ့ ကတပ်ဆင်းဆိုတာလိုဟာမျိုးလဲ လောကမှာ ရှိပါသေးတယ်ကွ။ ဗမာစင်စစ်က တောင်မကျ မြောက်မကျ စိတ်ဝင်နေတဲ့ ဟင်နရီစံကျော်အောင်လှ၊ ပဂ္ဂီမြတ်သာဒွန်းဦးတို့ ဆိုတာလဲ ရှိပါသေးတယ်ကွာ။ ဟား၊ ဟား၊ ဟား အမျိုးစစ်မှတဲ့။ ဟစ်တလာဟာ ဂျာမနီအစစ်လားကွ။ သြစတြီးယားလူမျိုး ဆရာရေ့။ ဒီဗလဲရားဟာ အိုင်ယာလန်သား အစစ်မဟုတ်ဘူး။ မအေက အိုင်ယာလန်သူ။ မွေးတော့ အမေရိကန်မှာ။ နပိုလျံဟာ ပြင်သစ်လူမျိုးလား။ ကောဆီကန် လူမျိုးလား။ ကဲလေ ဒါကြောင့်မို့ တို့ နေချင်တိုင်းအသင်းက ရုပ်၏ အပြင်ပန်းကို မကြည့်ဘူး။ အဇ္ဈတ္တ သန္တာန်ကိုသာ လိုရင်းထားတာပေါ့ကွ။”

“ပြီးတော့ ရှိသေး။ တက်လူတဲ့။ ဟား၊ ဟား၊ အောက်ရောက်နေလို့ အော်ရတာပဲဟေ့။ ဒီလိုသတိပေးတာ သဘောကျပါတယ်ကွာ။ နိုပေမယ့် ဖိုးထင်ရာ၊ တို့ အောက်ကျမှန်း လူတယ်သိသကွာ။”

ခက်ကပြီ။ ကြာကြာနားထောင်နေလျှင် သည်အကောင် ဘယ်အထိ ကဲဦးမည်မသိ။ စိတ်လည်း မရှည်နိုင်တော့ပြီ။ သို့ဖြစ်၍ ၎င်း၏ လက်သုံးဖြစ်သော “ကွာ လောကကြီးဟာ သောက်သုံးမကျပါဘူး” ဟူသော စကားဖြင့် ဖမ်းပိတ်လိုက်ပြီးလျှင် ညနေစောင်းသည်နှင့် အငြိမ့်ပွဲသို့ အပါခေါ်ခဲ့ရလေ၏။ သို့ရာတွင် ထွဋ်ဖတ်သည် တလမ်းလုံး လောကကြီး သောက်သုံးမကျကြောင်းတို့ကို ပြောရင်း လိုက်ပါလာလေ၏။ မျိုးချစ်စိတ်ရှိ၍ အမျိုးသားကျောင်းတွင် ဆရာလုပ်လာသည်ဆိုသော ကျွန်ုပ်၏စကားကို ရယ်ချင်ကြောင်း၊ တခြားမှာ နေရာမကျ၍ အငတ်ငတ် အပြတ်ပြတ် မဝတချက်ဝတချက် အမျိုးသားကျောင်းဆရာ လုပ်ကြရကြောင်း၊  အမျိုးသားများ မျိုးချစ်စိတ် ထက်သန်လျှင် အမျိုးသားကျောင်းများ လှုပ်တုတ်လှုပ်တုတ်နှင့် ဖြစ်နေဖို့ မရှိကြောင်း၊ ထမင်းတလုပ် တုတ်တချက်ပေးထားသော ကျောင်းဆရာလခများကြောင့် ဆရာကောင်းများ မလာကြသဖြင့် တပည့်တို့မှာ ကလေကချေ ဖြစ်သွားသည်မှာ များကြောင်း၊ တိုင်းရင်းသားကျောင်းများ ပေါ်ကတည်းက တစ်နှစ်လျှင် ကျောင်းသားနှစ်ဆယ်ခန့် လေလွင့်သွားလျှင် ဆယ့်ငါးနှစ်အတွက် ကျောင်းသားသုံးရာခန့် အလကားဖြစ်သွားကြောင်း၊ တကျောင်းသုံးရာဆိုလျှင် နေရှင်နယ်ကျောင်းပေါင်း နှစ်ဆယ်ခန့်အတွက် ခြောက်ထောင်ဖြစ်ရကြောင်းများကို လျှောက်၍ ပြောပြီးသည်၏ အဆုံး၌

“အမယ်လေး ငါ့လူရာ။ အခု ဆယ့်ငါးနှစ်အတွင်း တက်လူခြောက်ထောင်လောက် ဆုံးပါးသွားတာပေါ့” ဟု စကားကို ချုပ်လိုက်သည်။

“မင်းက ဒီလိုချည်း တဖက်သတ် မယူနဲ့လေ။ အမျိုးသားကျောင်းတွေပေါ်လို့ ကောင်းတာတွေ ရှိပါသေးတယ်။”

“မရှိဘူးလို့ ငါမဆိုလို။ ရှိလို့တော့ ဘာထူးသလဲ။ မင်းက မျိုးချစ်စိတ်ဟာ တိုင်းရင်းသားကျောင်းက ဖြစ်တယ်။ မျိုးချစ်ပုဂ္ဂိုလ်တွေရှိလို့ တိုင်းပြည်ကြီးပွားတယ် ဆိုချင်တယ် မဟုတ်လား။ ကဲ ဒီည မျိုးချစ်စိတ်ရှိလို့ ပရိသတ်တွေ အားပေးကြတာလား။ အငြိမ့်ကြည့်ချင်လို့ လာကြတာလားဆိုတာ သိကြရအောင် ပွဲဖျက်ပြမယ်။”

“ဒီလိုတော့ မလုပ်ပါနဲ့။ တောင်းပန်ပါရစေ။”

+ + + + +

အထက်ပါ စကားအတိုင်း ထွဋ်ဖတ် ကြိမ်းဝါးလိုက်သော်လည်း တကယ်တမ်းကျလျှင် ထွဋ်ဖတ် လုပ်လိမ့်မည် မဟုတ်ဟု တွေးမိသည်။ သို့သော် ယခု အငြိမ့်စလေလျှင် ထွဋ်ဖတ်နှင့် အာပြဲမကလေးတို့ ခေါင်းချင်းရိုက်နေသည်ကို တွေ့ရသော် အတော်ပင် စိုးရိမ် ခြောက်ခြားမိသည်။

သို့ရာတွင် ထွဋ်ဖတ်နှင့် အာပြဲမလေးတို့၏ အမူအရာမှာ နေရှင်နယ်ဒေး သီချင်းအသွားလို မျိုးချစ်စိတ်နဲ့ ပိုးချင်ပန်းချင် ဖြစ်၍ နေလေသောကြောင့် စိတ်ထဲတွင် အတော်အေးသွားမိ ပြန်သည်။ ကျွန်ုပ်ကား ငါ့လူ တယ်စွံပါကလား ဟု နှုတ်က ဖွင့်၍ ချီးမွမ်းမိပါလျက်နှင့်ပင် နေနှင့်ဦးဟ ဟူသော မနာလိုစိတ်ကလေးများလည်း ပေါ်ပေါက် မိသေးသည်။

သို့ရာတွင် အငြိမ့်စင်နှင့် နီးနီးနေရာမရသော မျိုးချစ်အမျိုးသမီးတစ်စုတို့မှာ ကြွက်စီကြွက်စီနှင့် “သည်ဆရာကိုက ဓမ္မစကြာအသင်းသူတွေကို မျက်နှာလိုက်တာကလားအေ့။ တို့ စောစောက ရှေ့မှာခင်းထားတာ ဒီ သဘော့ဖျာစုတ်ပေါ့။ အခုတော့ လူထိုင်စရာတောင် မရှိဘူး” စသည်ဖြင့် ဇာတိမာန်တွေ ရစ်၍ နေသည်ကို ဖျောင်းဖျတောင်းပန်နေရလေသောကြောင့် ထွဋ်ဖတ်နှင့် အာပြဲမလေးတို့ စခန်းသွားနေသည်ကို ကြားကနေ၍ ချောက်တွန်းလိုသော်လည်း ကျွန်ုပ်မှာ မတွန်းနိုင် ရှိခဲ့လေသည်။

ရွှေပွဲလာသူတို့လည်း စုံချေပြီ။ တခဲနက်သော ပရိသတ်ကြီးကို ထိန်း၍မှ ရပါမည်လား ဟုပင် စိုးရိမ် မိတော့သည်။ ပွဲမ၀င်မီ အပြင်က ကျင်းပနေသော ကျောင်းသားတို့၏ တီးဝိုင်းသံ မှာလည်း ပရိသတ်နားထဲတွင် ငြီး၍ လာပေပြီ။ ထို့နောက် အငြိမ့်ထွက်ရန် တေးပျိုးလျက် နံမတူနှင့် ကြေးမောင်းခေါ်သော လူပြက်နှစ်ယောက် ထွက်၍ လာလေ၏။ သူတို့ ပျော်၍ ပြက် ကလက်ကြပြီးသော် နေရှင်နယ်ဒေး မဟန်တင်ခေါ် မင်းသမီးကလေး ထွက်၍လာ၏။ ဆယ့်နှစ်နှစ် အရွယ်မျှ ရှိသောကြောင့် အာသွက် လျှာသွက်နှင့် ပြက်ရဲ ကလက်ရဲ ဖြစ်ရကား အထူးသဖြင့် ပွဲကျလေတော့သည်။ အငြိမ့်ငှားဆရာ ကိုသောင်းဖေမှာ ပြုံးပြုံး ပြုံးပြုံးနှင့်။ ၎င်းနောက် နေပါစီလှရင်၏ ညီမ အလံတူမသန်းတင် ထွက်လာပြန်၏။ အငြိမ့်သမတို့ ဘာဝ ကိုကိုတို့ မမတို့ ဟူသော ပလီစိချောက်ချက်တွေကို ပြော၍ သီချင်းတပုဒ်ကို ရေလဲနှင့် ဆိုပြီးသော် လက်ကလေး တချက် နှစ်ချက် မြှောက်ပြီးလျှင် ၀င်သွားလေတော့သည်။

ခဏတာမျှကြာလျှင် ကမ္ဘာဦးသူတို့ နေမင်းကို တောင့်တနေစဉ် အရှေ့ပြုပ္ပာမှ နေမင်းကြီး ဘွားကနဲ ပေါ်လာသလို အာပြဲမကလေးသည် ဆိုင်းနောက်မှ ၀င်းကနဲ ပေါ်ပေါက်လာရေရာ တဖျောင်းဖျောင်းသော လက်ခုပ်သံတို့မှာ ဘ၀ဂ်လျှံ၍ သွားလေသတည်း။

အမေရိကန် နေထိမခံတဲ့ ဒေ၀ီစံ အာပြဲမကလေး၏ ၀ိုင်းသော မျက်နှာ၊ ကောသော့ မျက်တောင်၊ ပေါ်သော နှာတံတို့ကို အဘယ် ပရိသတ်သည် မမက်ဘဲ နေနိုင်ပါအံ့နည်း။

စင်းသော မျက်စိ ပြူး၍ လာလေပြီ။ ငိုက်သော မျက်စိ တရေးနိုးပြီ။ မှေးသော မျက်တောင်လည်း ကျယ်လာချေပြီ။ တခဲနက်သော ပရိသတ်၏ စူးစိုက်သော မျက်စိတို့မှ အရှိန်ပြင်းသော ရောင်ခြည်တို့သည် အငြိမ့်သမဆီသို့ တပြိုက်နက် တချက်တည်း ထိုး၍ နေသည်ကား အာပြဲမကလေးသာလျှင် နှင်းဆီပန်းကလေး ဖြစ်ပါလျှင် နွမ်းလျ၍ သွားစရာ အကြောင်း ရှိချေမည်။

မျက်နှာကလေးတော့ မြင်ရပြီ။ အသံကလေးကို ကြားစမ်းပါရစေဦး။

အာပြဲမကလေးသည် မိမိ၏ ကွမ်းဝါးထားသော ပါးစပ်ကို နေရောင်အဟတ်တွင် အာ၍လာသော ပဒုမ္မာ ရွှေကြာချပ်ကလေးနှင့်တူအောင် မပွင့်တပွင့် ဖွင့်လိုက်သည်။

“သြော် ရွှေပွဲလာ ပရိသတ်တို့က ကျွန်မကို မျှော်လှပြီဆိုပါတော့ ဦးလေးကြေးမောင်းဆင့်”

ရှင့် အစား ဆင့် ဟု မပီကလာထွက်လာသော အသံသည်ပင်လျှင် တစ်မျိုးယဉ်လှသည်ဟု ပရိသတ်က ထင်လေသလား မသိ။ တိတ်ဆိတ်ခြင်းကြီး တိတ်ဆိတ်လှဘိ၏။

“အေး အေး မျှော်လှပြီ ပေါ့ကွယ်။ ယခုလို အမျိုးသားအောင်ပွဲနေ့မှာ ဟောဒီက အမျိုးသားကျောင်းသားကလေးတွေနဲ့ ပရံပရ ချဖူးသော ရေစက်၊ ပန္နက်ဖူးသော သစ္စာကြောင့် တွေ့ရပြန်ပေါ့ကွယ်။”

“သြော် ဟိုဘက်က ဦးလေးနံမတူ မှတ်တယ်ဆင့်”

"အေးဟေ့ ဘာတုန်းကွဲ့ ငါ့တူမရဲ့။ ပျော်ရဲ့မဟုတ်လား။ ပျော်ပျော်နေ သေခဲတဲ့။ ပရိသတ် စွဲသွားအောင် ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲလို့ လဲပြီး သေပေ့စေ။ အသုံးတော် ခံလိုက်စမ်း ဟေ့။”

ပရိသတ်မှာ ၀ါးကနဲ နေလေ၏။ တိန်နောင် တိန်နောင် မြည်သော ဆိုင်းသံကလေးက အုပ်လိုက်သည်။

လူပြက်နှင့် မင်းသမီးတို့ အချီအချ စကားပြောနေစဉ် ဆိုင်းဆရာတို့က တီးလုံးညှိကြ၏။ သို့ရာတွင် ဦးဖိုးစိန် ကြံစည်၍ တီထွင်လိုက်သော စိန်ကြံတူရိယာမှာ ကွိန်ကွိန် ကွန်ကွန်နှင့် ဘာသံမျှ မကြားရအောင် ဖြစ်၍ နေလေသည်။ ပတ္တလားဆရာနှင့် ဟွန်းတယောဆရာတို့ ဘယ်သံနှင့် ညာသံ စစ်ခင်း၍ နေကြသည်မှာ အရှုံးအနိုင်မရှိ။ သရေပွဲဖြစ်၍ နေဘိ၏။ စခွန့်ကြီးမှာလည်း ဗိန်းပတ် ဗိန်းပတ်နှင့် ကော်ရင်ဂျီ ဇာတ်သွင်းနေသလား မသိရ။ နှဲဆရာမှာ တချက် တချက် လေပြတ်၍ အသွားတွင် စပါးစိုက်ပျိုးပြီးသည့်နောက် အနားယူနေသော လယ်သမား၏ နှဲမှုတ်ကျင့်သည့်နည်းကို အတုခိုး၍ နေလေသည်။

လူပြက်နှစ်ဦးတို့မှာလည်း ပွဲဦးမကမီ ပျော်တော်ဆက်၍ နေကြသော်လည်း ၎င်းတို့ ပြက်သမျှ ပြက်လုံးတို့မှာ စင်အောက်သို့ ကျ၍ ကျ၍ သွားပြီးလျှင် ရှေ့တန်းရှိ လူပျိုကာလသားတို့၏ ပါးစပ်တွင်ပင် ဆုံး၍ နေချေပြီ။ လောကတံထွာ လူပြက်က ပြက်၍ ပရိသတ်က ရယ်ရသည်ကို ပရိသတ် ပြက်သမျှ ကြေးမောင်းနှင့် နံမတူတို့နှစ်ဦးတည်း ကိုယ်စားလှယ်ခံ၍ ရယ်နေကြရလေတော့သည်။

ပရိသတ်မှာလည်း လှုပ်ချင်ရှားချင် ဖြစ်၍ လာ၏။ ရိုးတိုးရွတ ရှိလာ၏။

သို့ရာတွင် အာပြဲမကလေး၏ ညံစာစာဖြစ်သော (ညောင်နာနာလည်း ဟူ၏။) မပီသလို ပီသလို အသံကလေးမှာ ခြင်းလုံးသမား ခြင်းထိန်းသလို မယိမ်းအောင် ထိန်းလိုက်၏။

“သြော်၊ ယခု ကျွန်မတို့ရဲ့ အမျိုးသားနေ့ ၁၅ ကြိမ်မြောက် အောင်ပွဲကြီးကိုဆင့်။ မြန်မာများ၏ လွတ်လပ်ရေးကို မျိုးချစ်စိတ်နဲ့ ဆောင်ကြဉ်းတဲ့ ပွဲကြီးကိုဆင့်။ အဲသလို အောင်ပွဲနေ့မှာ ကုသိုလ်ကံ ထူးချွန်ပြီး ကျွန်မ လာကရတာ ဦးလေးနံမတူရဲ့။ ကျွန်မဖြင့်လေ” ဟုစကားကို စကားဖြင့် အဆုံးသတ်ရမည့် အစား ပုဝါစကလေးကို လက်ကလေးနှစ်ဖက်ဖြင့် သိမ်းရင်း ရင်တွင်အပ်၍ မေးကလေးကို ၀ဲကာ လက်ဟန်ခြေဟန်ကလေးဖြင့် အဆုံးသတ်လိုက်သည်တွင် ပရိသတ်မှာ ဘ၀င်ခွေ့၍ သွားလေသည်။

“အဲ ယခုလို လာပြီးကရတာ ၀မ်းသာလွန်းလို့ ဤအောင်ပွဲကို ကြီးကြပ်တဲ့ ကျွန်မရဲ့ အသက်သခင် ပြီစီဒင်မင်း ဦးဘိုးလူတို့၊ ဆရာထွန်းတို့၊ ဆရာထင်တို့”

ကျောင်းသားတို့၏ လက်ခုပ်သံ တဖျောင်းဖျောင်းနှင့် ဘာကို နားထောင်ရမှန်းမသိ ဖြစ်သွားပြီးသည်၏ နောက်ကာလ၌

“အားကြီး ကျေးဇူးတင်ပါတယ်ဆင့်။ အဲ ယခုလို အောင်ပွဲသဘင်ခံရာ ဒေသဖြစ်တဲ့ ကျွန်မတို့ ရွှေဂုံမြို့ကြီးမှာ” ဟူ၍ အငြိမ့်သမက ထပ်၍ ကွန့်လိုက်သည်နှင့် တပြိုက်နက် စိန်ကြံတူရိယာနှင့် အုပ်၍မှ မရနိုင်အောင် ပွဲမှာ လှုပ်ရှားသွားလေ၏။ ကျွန်တော်မှာ မျက်စိမျက်ဆံ ပြူးမိလေသည်။

ဓမ္မစကြာအသင်းသူဆိုသည်မှာ ကျွန်ုပ်တို့ကဲ့သို့ လူသားမျှသာ ဖြစ်လေရကား အိမ်ထောင်ခြင်း၊ သားမွေးခြင်းတို့မှ မကင်းပေ။ သို့ဖြစ်လေရကား တဦးသော အသင်းသူမှာ ကလေးကို အိမ်ကလူနှင့် ထားပစ်ခဲ့ရသဖြင့် နောက်ဆံတငင်ငင်နှင့် ဖြစ်နေဆဲတွင် ကလေးငိုနေသည်ဟု သတင်းရလေရကား အဖော်တို့အား လက်ကုပ်ပြီးလျှင် ခပ်သုတ်သုတ် ထလိုက်လေ၏။

တယောက်ကစ တရာဆိုသလို တယောက်ထသဖြင့် တဖျာလုံး ပါသွားလေသည်။

“တကထဲတော်၊ အငြိမ့်ငှားပါဆိုတာ ဘာများ ငှားလာသလဲ မသိဘူး။”

“အမယ်လေး၊ ကျွန်မတို့ ရွှေဂုံမြို့ကြီးတဲ့။ ဖြစ်မှ ဖြစ်ရလေတော်။ ပုလု ညောင်ဝိုင်းဆိုရင် တော်သေးရဲ့။”

“ကဲ၊ ဖျာကိုလိပ်ဟေ့။ ပြန်မယ်၊ ပြန်မယ်။ သင်းတို့ကျောင်းက ဆယ်တန်း ဘယ်အောင်နိုင်မလဲ။ အငြိမ့်ချည်း တခြိမ့်ခြိမ့် ခံနေတာကလား။”

ပွဲဦးက လှုပ်ချင်ရှားချင်နေကြသော လူထုကြီးမှာ လှုပ်ပါများ၍ ရှားသွားလေပြီ။

အငြိမ့်ကို ဆိုင်းအုပ်၍ မရတော့ပြီ။ ကွိန်ကွန်နှင့် မြည်သော စိန်ကြံတူရိယာမှာ အိမ်ပြန်ပါဟု အတွင်သား နှင်၍ နေလေသတည်း။ နံမတူနှင့် ကြေးမောင်းတို့မှာ ပါးစပ် အဟောင်းသားဖြစ်၍ နေလေသည်။ အာပြဲမကလေးမူကား မချိသွားဖြဲကလေးနှင့် သနားစရာ။

ထိုညတွင် လရောင် မလင်းတလင်း၊ ငွေနှင်း မပက်တပက်တွင် တချက်တချက် ကြားရသော ဆိုင်းသံနှင့်အတူ လူပြက် ပြက်သည်ကို မရယ်ချင်ဘဲ ရယ်ရင်း ဖျာသိမ်းပြီးမှ ပတ်စာခွာရသည့် ဘ၀ရောက်အောင် အချိန်ဖြုန်းခဲ့ရလေသည်။

+ + + + +

နောက်တစ်နေ့ နေ့လည် တနာရီတွင်မှ ကျွန်ုပ် အိပ်ရာက နိုး၏။ နိုးလျှင်နိုးချင်း မျက်စိကို ဖြဲ၍ ကြည့်လိုက်ရာ လောကကြီးတခုလုံးကို ရွံရှာလှသော မျက်နှာထားဖြင့် ပြူတင်းပေါက်ဝမှ မျှော်ငေးလျက် အဆုံးမထင်သော မိုးကောင်းကင်ကို ကြည့်ရင်း လူပျံတံဆိပ်ဆေးလိပ်ကို ပါးစောင်တွင် ခဲ၍နေသော ထွဋ်ဖတ်ကို ပထမ မြင်ရလေသည်။

ထွဋ်ဖတ်သည် ကျွန်တော်နိုးလာသည်ကို လှမ်း၍ မကြည့်ဘဲ “ဘယ့်နှယ်လဲဟေ့။ အငြိမ့်လာကြည့်တဲ့လူတွေဟာ မျိုးချစ်စိတ်နဲ့ လာကြည့်တာလား။ ပျော်ချင်ပါးချင်တဲ့ စိတ်သက်သက်နဲ့ပဲ လာကြည့်တာလား” ဟုမေးလိုက်၏။

ဤသည်တွင်မှ ကျွန်ုပ်၏ အမြင်၌ ညက အငြိမ့်ပွဲ ပျက်ရသည့် အကြောင်းရင်းသည် ဘွင်းဘွင်းကြီး ပေါ်လာလေ၏။

“ဒါဖြင့် မင့်ဉာဏ်ချည့်ပဲ မဟုတ်လား” ဟု ကျွန်ုပ်သည် ဒေါသနှင့် ငေါက်ဆတ်ဆတ် မေးလိုက်၏။

“ဒါပေါ့ကွ၊ ဆိုင်းသမားတွေကို အပေါက်မတည့်အောင် တီးခိုင်း။ အာပြဲမကလေးကို စည်းဝါးမကိုက်အောင် ဆိုခိုင်း။ လူပြက်တွေကို တလွဲပြက်ခိုင်း။ အဲသလို လုပ်ထားလိုက်တော့”

“ကဲ ထွဋ်ဖတ်။ မင်း ဒီမှာ ကြာကြာနေဖို့ မတော်ဘူးထင်တယ်။”

“ငါ ဒီနေ့ နေ၀င်တဲ့အထိ ဒီမှာ နေမယ်လို့တောင် စိတ်မကူးဘူး။ ငါ့ အိပ်ရာလိပ်နဲ့ သေတ္တာကို ကြည့်လိုက်စမ်း”

ထွဋ်ဖတ် လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်ရာ အိပ်ရာလိပ်နှင့် သေတ္တာမှာ အဆင်သင့် ပြင်ထားသည်ကို တွေ့ရ၏။ ကျွန်ုပ်လည်း စိတ်လိုက်မာန်ပါနှင့် သူငယ်ချင်းကို နှင်မိသဖြင့် များစွာ စိတ်မကောင်း ဖြစ်မိ၏။

“အလကား ပြောတာပါ ထွဋ်ဖတ်ရာ။ မင်း ဒီမှာ ဘယ်လောက်နေနေ၊ ငါ ဘယ်လိုမှ သဘောမထားပါဘူး။”

“ငါသိတယ် သူငယ်ချင်း။ မင်းကို ဘယ်လိုအောက်မေ့လို့မှ ငါဆင်းသွားရတာ မဟုတ်ဘူး။ ငါ ကြာကြာမနေနိုင်ဘူး။ ပြန်မယ်။”

ကျွန်ုပ်လည်း တွေဝေ နေဘိမိ၏။ ထွဋ်ဖတ်ကား ကျွန်ုပ်နှင့် စကားပြောနေသော်လည်း ကျွန်ုပ်ဖက်သို့ တချက်မျှ လှည့်မကြည့်။ ညာဖက်နှုတ်ခမ်းကလေးမှာ စိတ်နာပြုံး ပြုံးလျက်။ ကျွန်ုပ်ကိုများ စိတ်နာနေသလား မသိ။ သို့သော် မဟုတ်နိုင်တန်ရာ။

“ဟား ဟား ဟား။ မျိုးချစ်တဲ့။ အမျိုးချစ်တဲ့ ပုဂ္ဂိုလ်တစု ညက ပွဲမကောင်းလို့ မင်းကို ဆဲသွားလိုက်ကြတာကွာ။ ထွဋ်ဖတ်တို့ကတော့ အမျိုးချစ်တာကိုလဲ မယုံပေါင်။ သမီးရည်းစား ချစ်တယ်ဆိုတာလဲ မယုံ။ အမိနှင့်သား၊ သားနှင့်အဖ၊ နှမနှင့်မောင် ချစ်တယ်ဆိုတာလဲ မယုံ။ ဒါ တို့ပြေ၊ တို့မြေ ဆိုတာလဲ ဝေလာဝေး။ ဇာတိသွေး ဇာတိမာန်ဆိုတာလဲ ရယ်ချင်။ ၀ံသာနုဆိုတာလဲ အယုံအကြည် မရှိ။ ဟား ဟား ထွဋ်ဖတ် လိမ္မာလာပြီ။ သထုံကျောင်းဆောင်တုန်းက ထွဋ်ဖတ် မဟုတ်တော့ဘူး။ ထွဋ်ဖတ်လေ ထွဋ်ဖတ်ကိုသာ ထွဋ်ဖတ် ချစ်လိုက်တော့မယ်။ ဟား ဟား ဟား။”

ထိုနေ့ တညနေလုံး ထွဋ်ဖတ်သည် ဆိတ်ဆိတ်နေ၏။ အထိန်းမရှိသော ချည်ခင်ပမာဖြစ်သော ၎င်း၏ လွတ်လပ်သောစိတ်ကို လွှတ်ထားဟန်တူ၏။ ထိုနေ့ တညနေလုံး ကျွန်ုပ်သည် ထွဋ်ဖတ်အား မပြန်ရန် အတန်တန် တောင်းပန်၏။ အကြိမ်ကြိမ်တား၏။ ချော့ချော့မော့မော့ ပြော၏။ သို့ရာတွင် မရတော့ချေ။ နောက်ဆုံးသော် သင်္ဘောဆိပ်သို့ လိုက်ပို့ရလေတော့သည်။

သင်္ဘောဆိပ်၌ ထွဋ်ဖတ်၏ လောကကြီးကို အယုံအကြည် မရှိသော မဲ့ပြုံးကလေးကို ဤအကြိမ် နောက်ဆုံး မြင်လိုက်ရပါသေးသည်။

ဒုတိယညတွင် မကျေနပ်သော မျိုးချစ်ပုဂ္ဂိုလ်တစ်စုသည် ပွဲမကောင်းလျှင် ခဲစာကျွေးရန် လူတကိုယ် အုတ်တချပ်ကျ ကိုင်ဆောင်လာလိမ့်မည် ဟူသော သတင်းကို သန့်သန့် ကြားရလေသည်။

ကျွန်ုပ်လည်း ကြံကြီးစည်ရာ ၀မ်းသာမိ၏။ စိတ်ထဲ၌ အတော်ပဲဟု ကျိတ်၍ တွေးလိုက်မိသေး၏။ အကြောင်းသော်တမူကား လူတကိုယ် အုတ်တချပ်ရမည် ဆိုလျှင် တံခါးမရှိသော ကျောင်းရေအိမ်ကလေးအတွက် အတော်ပင် ဖူလုံပေပြီ။ သို့ရာတွင် လာမည်ဘေးကို အဝေးက ရှောင်သောအားဖြင့် တပည့်များအား မှာတန်သရွေ့ မှာခဲ့ပြီးလျှင် စောစော အိမ်ပြန်လာခဲ့၏။

နံနက်မိုးသောက်သော် မင်းသမီးတို့မှာ ထိုညက အဖတ်ဆည်မရအောင် ထွဋ်ဖတ် လုပ်သွားသောကြောင့် စိတ်အနာကြီးနာပြီးလျှင် သေရောကြေရော ကကြသဖြင့် ပရိသတ်တို့ များစွာ ပီတိ သောမနဿ ဖြစ်ကြောင်း ကြားရလေသည်။

ကျွန်ုပ်လည်း ယင်းသို့ဖြစ်လျှင် ပွဲလာသူတို့ ယူဆောင်လာသော အုတ်ချပ်များမှာ သတိလစ်၍ ကျန်ရစ်ခဲ့ပေဦးမည် ဟူသောဇောဖြင့် ကျောင်းသို့ အလျင်အမြန်သွားပြီးသော် ဘောလုံးကွင်း တလျှောက် လိုက်လံကြည့်ရှု၏။

“ဘာရှာသလဲ ဆရာ” ဟု အငြိမ့်သမများကို စောင့်ရှောက်ရန် တာဝန်ကျရောက်နေသူ တပည့်ကျော် မောင်ခင်မောင်က ဆီး၍ မေး၏။

“ညက လူတစု အုတ်တချပ် ကိုယ်စီနဲ့ ပွဲလာကြည့်တယ်ကွ။”

“ဟာ၊ မရှာနဲ့တော့ ဆရာရေ့။ အဲဒီလူတွေ ခဲနဲ့ပေါက်ဖို့ ယူလာတဲ့ အုတ်ခဲတွေကို လက်ပေါ်က ချရမှန်းတောင် သတိမရဘဲ ပွဲကျသွားလိုက်တာ၊ သူတို့လဲပြန်ရော အုတ်ခဲတွေလဲ သူတို့နဲ့ အတူပြန်ပါသွားရော့။”

ဟာလာဟင်းလျက်ရှိသော အိမ်သာကလေးကို မြင်မိတိုင်း နောက်ဆုံးည အာပြဲမကလေး အစွမ်းကုန် ကပြသွားသည်ကို ကျွန်ုပ်မှာ မကျေမချမ်း ဖြစ်မိပြန်လေသည်။

 
မောင်ထင် 
 
၁၉၃၅ ခုနှစ်