Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 


treasure

 မိတ်ဆွေ။

ဆန္ဒတွေ မစောကြပါနဲ့။ စိတ်နည်းနည်းရှည်လိုက်ပါ။

မကြာခင် ပန်းတိုင်မှာ ပျော်ပျော်ပါးပါးကြီး အုတ်မြစ် ချကြတာပေါ့။

အခုတော့ စိတ်ရှည်ပါ။သည်းခံပါ။ဇွဲရှိပါ။ သင့်အချိန်တွေကို စတေးပြီး ကိုယ့်ကို နည်းနည်း အချိန်ပေးပါ။ ပထမဆုံး သင်အခုလက်ရှိအနေအထားကနေ နည်းနည်းပြင်ထိုင်လိုက်ပါ။ ဟုတ်ကဲ့ ။ လူကြီးမင်း အရင်ဆုံး နည်းနည်းပြင်ထိုင်ပေးပါ။ အမြင်တော်သွားစေချင်လို့ ကျေးဇူးပြုပြီး ပြင်ထိုင်ပေးပါ။ ဒုတိယ အနေနဲ့ သက်သာအနေအထားနဲ့ ပြောင်းထိုင်ပေးပါ။ ဘာကိုမဆို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတဲ့လူတစ်ယောက်အဖို့ ကိုယ့်ကိုယ်ကို သက်တောင့်သက်သာ ဖြစ်အောင် အရင်ဆုံးပြင်ဆင်သလို လူကြီးမင်းလည်း ပြင်ဆင်လိုက်ပါ။ ဟုတ်ကဲ့။ သိပ်မလှုပ်ပါနဲ့။ ခေါင်းမလှည့်ပါနဲ့။ မျက်လုံးမကစားပါနဲ့။ နားရွတ်မခတ်နဲ့လေ။ နှာချေလို့မဖြစ်ဘူးနော်။ သမ်းဝေဖို့တော့ မစဉ်းစားကြေး။ အဲ သက်သာအနေအထားမှာ နေပေးဖို့ မေတ္တာရပ်ခံနေကြောင်းပါ လူကြီးမင်းခင်ဗျား။ သက်ပြင်း မရှိုက်ပဲ နားထောင်ပေးပါ။

 

တတိယတစ်ချက်ကတော့ သင့်လက်ထဲမှာ ခဲတံတစ်ချောင်းရှိနေပါစေ။ ခဲဖျက်မပါတဲ့ခဲတံတစ်ချောင်းကို ကိုင်ထားပါ။ ဟုတ်ကဲ့ သက်တောင့်သက်သာအနေအထားမှာ ဖြစ်ပါစေ။ ရှေ့တိုးမလာပါနဲ့။ ခဲတံကို ခြေဆုံး ခေါင်းဆုံးကြည့်မနေပါနဲ့။ သင့်အနေနဲ့ ခဲတံအကြောင်း သိဖို့မလိုပါဘူး။

 

ပြီးရင် အဆင်သင့်ဖြစ်ပြီပေါ့နော်။ ဟုတ်ကဲ့။ သင့်အနေနဲ့ ဒီဝတ္တု ဆုံးခန်းတိုင်အောင် ပါဝင်ကစားသွားမယ်လို့ ခံဝန်လက်မှတ်ထိုးဖို့ အချိန်ကျလာပါပြီ။ လူကြီးမင်းသည်းခံပါ။ စိတ်ရှည်ပါ။ သင့်လက်မှတ်ကို စတေးပြီး ကိုယ်ဝေမယ့်လက်မှတ်ကို စောင့်မျှော်ပါ။

 

စာဖတ်မည်ဟု စထိုင်လိုက်စဉ်ကတည်းက သူ့ကိုယ်သူ သက်တောင့်သက်သာဖြစ်အောင် ပြင်ဆင်ထားပြီးပါလျက် ၀တ္တု အစက သူ့ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ရုံးဆင်း၊ ကျောင်းဆင်းချိန်မှာ ဘတ်စ်ကား စီးမိခိုက် အကူကားသမားက ကားစီးနည်းလမ်းညွှန်ကို ဂါထာမန်းသကဲ့သို့ လေသံမျိုးဖြင့် သူ့ကိုသက်တောင့်သက်သာဖြစ်အောင်နေပါဟု ပြောကာမှ သူ့မှာ သက်သောင့်သက်သာနေသည့် အနေအထားဆိုသည်မှာ အဘယ်နည်း ဟု အပြေးအလွား စဉ်းစားနေရသည်။ ကျန် လမ်းညွန်ချက်များကို အက်ဖ်အမ်ရေဒီယိုများတွင် သတင်းဖတ်သကဲ့သို့ ဖတ်သွားခြင်းအား စိတ်ရှည်သည်းခံခိုင်းခြင်းက သဘာဝကျလှသည်။

 

သည်ဝတ္ထုကို ဖတ်ဖို့ ကိုယ့်အချိန်တွေကို စတေးရမည့်အကြောင်း မူလကပင် ရိုးတိုးရိပ်တိပ်သိရှိပြီး မို့ သူ့ကို အချိန်ပေးဖို့ တောင်းဆိုချက်ကို မလိုက်လျောနိုင်စရာ မရှိပေ။ သည့်တိုင် သူသည် သည်းမခံနိုင်သော ၊ စိတ်မရှည်တော့သော ၊ ဇွဲ မရှိနိင်သော သူတစ်ယောက်ဖြစ်ကြောင်း အထပ်ထပ်သတိပေးနေခြင်းကပင် သူ့ကို သည့်ထက်ထပ်ပြီး စိတ်မရှည်ချင်တော့အောင် တွန်းပို့နေသည်။ နောက် ဘာဆက်ဖြစ်မည်နည်း ဟု သိချင်စိတ်ကို သူကောင်းကောင်း မထိန်းထားနိင်ကြောင်းရိပ်မိသည်ထင့်။ သူ့ကို ချည်ပြီးတုပ်ပြီး လုပ်စားရန် လက်မှတ်ထိုးခိုင်းနေပြန်ပြီ။ သည်ဝတ္ထုကလည်း လက်မှတ်တွေဘာတွေ ဝေဦးမည်ဟုဆို၏။ ကံစမ်းမဲဟု အမည်နာမ မပြုထားပုံပေါက်လျှင် ပေါက်မဲဗလာ သို့မဟုတ် သင်ကံကောင်းပါစေဟု ရေးထိုးထားမည့် လက်မှတ်မျိုး ဝေလေမည်လား။ မည်သို့ပင်ဖြစ်စေ ဆက်ဖတ်မှ ဝေမည့်လက်မှတ်ကိုရမည်ဟု ရိပ်မိနေမှတော့ ခံဝန်ထိုးရပေတော့မည်။ ကိုင်း။

 

ဖားကန့်ရွှေတောထဲက အလုပ်သမားတဲတန်းလျားတစ်ခုထဲမှာ ၊ ဒီမောဆိုမြို့နယ်က အိမ်တစ်လုံးထဲမှာ ၊ ဘားအံတည်းခိုခန်းတစ်ခု၏ အခန်းတစ်ခုထဲမှာ၊ ဟားခါးက လက်ဖက်ရည်ဆိုင် တစ်ဆိုင်ထဲမှာ၊ မော်လမြိုင်ကမ်းနားလမ်းက ဆိုက်ကားဂိတ်တစ်ခုမှာ၊ ရန်ကုန်တက္ကသိုလ် တောင်ငူဆိုင်နားက စားသောက်တန်း တစ်ခုထဲမှာ၊ သံတွဲက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ၊  တောင်ကြီးက လူငယ်စာဖတ်သင်း ရုံးခန်းထဲမှာ။ လူကြီးမင်း ရှစ်ဦးက ဒီဝတ္ထုကို တပြိုင်နက်ထဲ ဖတ်နေကြလေပြီ။ ၀တ္ထုကို ဆက်ဖတ်မည်ဟု ခံဝန်လက်မှတ်ထိုးလိုက်သည်နှင့် တပြိုင်နက် လေလှိုင်းများမှ တစ်ဆင့် သူတို့ရှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မသိကျိုးကျွံစွာ အသိအမှတ်ပြုပြီးသား ဖြစ်သွားကြပြီ။ သူတို့ရောက်နေသည့် နေရာခြင်းမတူညီသကဲ့သို့ ပုဂ္ဂလိက အရည်အသွေးများမတူညီကြသော်လည်း သူတို့အသီးသီး၏ လက်ထဲတွင် ခဲဖျက်မပါသော ခဲတံတစ်ချောင်းစီရောက်နေကြပြီဖြစ်သည်။

 

သင့်ခံဝန်လက်မှတ်အတွက် သင့်ကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး နည်းနည်းပြန်ပြင်ထိုင်လိုက်ပါ။ သည်ဝတ္ထုကို အကျေအလည်နားလည်ဖို့ အတွက် သင့်အနေနဲ့ အခုအချိန်ကစပြီး ပေးထားချက်တွေကို ချရေးထားဖို့ လိုပါမယ်။  လိုက်ရေးဖို့ အဆင်သင့်ဖြစ်ပြီလား ခင်ဗျာ။  မယ်။  လိုက်ရေးဖို့ အဆင်သင့်ဖြစ်ပြီလား ခင်ဗျာ။ ဟုတ်ကဲ့ ။ သင့်ဘက်က သုံးကြိမ် သုံးခါတိုင်တိုင် အဆင်သင့်ဖြစ်ပြီလို့ ၀န်ခံတဲအတွက် ကိုယ့်ဘက်က ၀တ္ထုရဲ့ အခင်းအကျင်းကို စတင်ကျေညာပါမယ်။ သည်နေရာမှာ သင့်ကို သတိပေးချင်တာက ကိုယ်ပြောသွားတဲ့ ၀တ္ထုရဲ့ ပေးထားချက်တွေကို ၏ သည် ၍ မလွဲ အားလုံးလိုက်မှတ်ဖို့ မလိုဘူး ဆိုတာပါပဲ။ ဒါပေမယ့် သင့်မှတ်သားချက်လွဲမှားသွားရင် သင်ဟာ သည်ဝတ္ထုရဲ့ အဖြေကို ရအောင် သင့်တော်တဲ့ လုပ်ဆောင်ချက် အစစ်အမှန်မျိုး ပြုလုပ်နိုင်ဖို့ ခက်ခဲမယ်ဆိုတာပါ။ ဒါကြောင့် သည်ပေးထားချက်တွေကို သေသေချာချာ ဂရုစိုက်နားထောင်ပြီးမှ လိုရင်းဖြစ်မယ့် အချက်တွေကိုပဲ လိုက်ရေးမှတ်ထားစေချင်ပါတယ်။ သည်ဝတ္ထုက သင့်မှတ်ဉာဏ်ကို စမ်းသပ်မယ့် အမျိုးအစားမဟုတ်သလို သင့်မျက်ရည်ကိုချူမယ့် အမျိုးအစားလည်း မဟုတ်တဲ့အတွက် နောက်ဆုံးအမေးရဲ့ အဖြေကို ပုံတူကူးချဖို့ တွေးရန် မလိုကြောင်းနဲ့ ပုံစံခွက် တွေးတော့မှုတွေနဲ့ အတူ ရင်ကွဲပက်လက်ဖြစ်ဖို့ ခြေလှမ်းပြင်နေတဲ့ အတွေးမျိုးလည်း ရှိရန် မလိုကြောင်း ပဏာမ ပြောကြားလိုပါတယ်။ ကဲ ပေးထားချက်တွေကို လိုက်မှတ်မှာဖို့ အဆင်သင့်ဖြစ်ပြီလား ခင်ဗျာ။ အဆင်သင့်ဖြစ်ပြီလား ခင်ဗျာ။ အဆင်သင့်ဖြစ်ပြီလား ခင်ဗျာ။

 

ဝတ္ထု တစ်ပုဒ် ဖတ်ရန် ဂျီသြမေတြီ ပုစ္ဆာတစ်ပုဒ် တွက်သကဲ့သို့ ပေးထားချက်များကို မှတ်ထားခြင်း အဖြေထွက်နိုင်ရန် သင့်တော်မည့် လုပ်ဆောင်ချက်များကို စဉ်းစားခြင်း၊ ညီမျှခြင်းများ ဖန်တီးတည်ဆောက်ကာ အဖြေရှာခြင်းတို့ လိုအပ်လိမ့်မည်ဟု သူမည်သည့်အခါကမျှ မတွေးခဲ့ဖူးသဖြင့် ယခုဝတ္ထု ဖတ်ရသည်မှာ အတော်ကြီးကသိကအောင့်ဖြစ်ရသည်ကို ၀န်ခံရပေမည်။ သူက စိတ်မျက်စိထဲမှာ မြင်ဖူးနေကျ ပြည်တွင်းပြည်ပ ရုပ်ရှင်သရုပ်ဆောင် ၊ အဆိုတော် မော်ဒယ်လ်များကို အစားထိုး မြင်ယောင်နိင်မည့်ဇာတ်ကောင်များ  ပါဝင်ပြီး အကြမ်းစားရသမျိုးဖြင့် သူ့ကို အလဲထိုးမည့် ၀တ္ထုမျိုး ကို မျှော်လင့်ထားခဲ့လေသည်။ သူ့ဘက်က မျက်စိအကြည့်ကို ဘယ်မှညာသို့ ရွေ့လျားရင်း ၊ အထက်မှ အောက်သို့ ရွေ့လျားရင်း ပုံရိပ်တုများကို စိတ်မျက်စိမှာ မြင်ယောင်ကာ သူတို့နောက် သက်သောင့်သက်သာ လိုက်ပါသွားနိင်မည့် ၀တ္တုမျိုး ကိုသာ အသားကျခဲ့သည်လေ။ သည်ကဲ့သို့ ၀တ္ထုမျိုး အတွက် သူသည် မည်သည့် အားထုတ်မှုမျိုးကိုမှ ကြီးကြီးမားမား ပြုရန် မလိုအပ်ဘဲ စာပေ၀ါသနာရှင် တစ်ဦးဖြစ်နိုင်ခဲ့သည်မှာ ကံကြီးလေစွ ဟု ယခုအချိန်တွင် အောက်မေ့မိလာတော့သည်။ သို့သော် အချိန်တိုအတွင်း အငိုက်မိကာ မိမိလက်ထဲရှိ ခဲဖျက် မပါသော ခဲတံဖြင့် ပေါ့ပေါ့တန်တန် လွယ်လင့်တကူ ထိုးခဲ့မိသော ခံဝန်လက်မှတ်ကြောင့် သူ့မှာ စားလည်းရူး၊ ဆုပ်လည်း စူး ဖြစ်ရတော့မည်လား။

 

လူကြီးမင်း ရှစ်ဦးကား နေရာဒေသ ရှစ်ခု ၌ အကြံအိုက် စွာ ဖြင့် မပါမှန်းသိသည့် ခဲဖျက်ကို ယောင်ယမ်းရှာနေကြလေသည်။ အချိန်အတန်ငယ် အတွင်း  လူကြီးမင်း အချို့မှာ ဖြစ်ချင်ရာဖြစ် မောင်ဘချစ် မျက်နှာပေးမျိုး ဖြစ်လာသော်လည်း အချို့မှာမူ ဖြစ်ကြောင်းရယ်တဲ့ ကုန်စင် ဟု နတ်သံနှော ချင်စိတ်များဖြင့် ညှိုးနွမ်းလာလေတော့သည်။ သူတို့ အချင်းချင်းမှာမူ လေလှိုင်းမှ တစ်ဆင့် မည်သူက မောင်ဘချစ် ၊ မည်သူက မောင်ဘနတ်ဟု ရိပ်စားမိနေကြပြန်သည်။ သို့ဖြင့် သည်ဝတ္ထု သည် နေရာရှစ်နေရာမှ လူရှစ်ဦးကို တစ်ပြိုင်နက် အဝေးထိန်း ခလုတ်ဖြင့် ထိန်းချုပ် ထားလိုက်နိုင်သည်။

 

ကဲ သင့်တို့ အားလုံး အဆင်သင့်ဖြစ်ပြီလို့ သုံးကြိမ်သုံးခါ ၀န်ခံတဲ့အတွက် ဒီဝတ္ထုရဲ့ လမ်းညွှန်မြေပုံကို အခုက စတင်ဝေပေးပါမယ်။ ဒီမြေပုံက ရတနာအညွှန်းလိုပဲ  အင်မတန် အသုံးဝင်တာကို လူကြီးမင်းတွေ တွေ့ရမှာပါ။ လူကြီးမင်းတို့ ကြည့်ခဲ့ဖူးတဲ့ ဖြစ်ရပ်မှန် ခရီးကြမ်း ပြိုင်ပွဲတချို့မှာတော့ ပြိုင်ပွဲဝင်က နှစ်ယောက်တစ်တွဲစီ တွဲပြီး ပြိုင်ပွဲ စမယ့် တာထွက်နေရာကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာကြရကာ ပန်းတိုင်နေရာကို လျှို့ဝှက်ထားတာပါ။ အဲ့ဒီနောက် အစီအစဉ်မှာ ပထမဆုံး စခန်းထောက် နေရာဘယ်နေရာလဲ ဆိုတာ အိတ်ပိတ်စာအိတ်တစ်အိတ်စီ ထဲမှာ ရေးပေးထားပြီး ပြိုင်ပွဲ ၀င် အသီးသီးကို သွားခိုင်းပါတယ်။ မရောက်ဖူးသေးတဲ့ နေရာဒေသတစ်ခု အိတ်ပိတ်စာအိတ်ထဲက လိပ်စာရှိရာကို အချိန်တိုတိုအတွင်း အရောက်သွားရတာ တကယ့် စိန်ခေါ်မှုတစ်ခုပါ။ ဘာသာစကား အခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကို  ကိုယ့်ကိုယ်ပိုင် ဖြတ်ထိုးဉာဏ်နဲ့ တကွ စွမ်းရည်များစွာကို အသုံးပြုပြီး ကျန်တဲ့ပြိုင်ပွဲဝင် စုံတွဲတွေ ထက်သာအောင် ကြိုးစားကြရပါတယ်။ ဒီနေရာမှာ ပြိုင်ပွဲဝင်အချင်းချင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အသုံးဝင်ပါတယ်။ ဒီလိုနဲ့ စခန်းထောက်တစ်နေရာ ရောက်ရင်  အဆင်သင့် စောင့်နေသူတွေဆီက အိတ်ပိတ် စာအိတ်သစ်တစ်ခုထဲမှာ ထည့်ထားတဲ့ နောက်တစ်နေရာရဲ့ လိပ်စာနဲ့ လုပ်ငန်းဆောင်တာတွေကို ရယူကာ နောက်ထပ် စခန်းထောက် တွေဆီကို သွားကြရပါတယ်။ နောက်ဆုံး ပန်းတိုင်ကို အလျင်ဦးဆုံး ရောက်အောင် သွားနိင်ကာ ညွှန်ကြားချက်ထဲက အတိုင်း လုပ်ငန်းဆောင်တာ တစ်ခုကို အလျင်ဆုံး ဆောင်ရွက်နိင်တဲ့ ပြိုင်ပွဲဝင် စုံတွဲဟာ အမေရိကန်ဒေါ်လာတစ်သန်းလောက်အထိ များပြားတဲ့ဆုကြေးတွေကို ရကြပါတယ်။ ဒါကြောင့် ပြိုင်ပွဲဝင်အားလုံးဟာ ဓါးတောင်ကိုပဲ ကျော်ရ ကျော်ရ၊ မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ ၊ သီတာခုနစ်တန်ကိုပဲ ကူးရကူးရ၊ တိရစ္ဆာန်ခေါင်း ဓားစက်များ အောက်ကနေပဲ လျှိုရလျှိုရ ရှိသမျှ ဇွဲတွေ၊ ကိုယ်ခံအားတွေ ၊ ၀မ်းစာတွေကို ထုတ်သုံးပြီး ဒီပြိုင်ပွဲကို ၀င်ကာ ရတနာသိုက် ဆုလာဘ်ကြီးရအောင် ကြိုးစားကြရပါတယ်။ အဲ့ဒီပြိုင်ပွဲမျိုးရဲ့ အသက်က စခန်းထောက်နေရာများ အတွက် လမ်းညွှန်စာအိတ်နဲ့ မြေပုံပါ ။ လျှို့ဝှက်ချက်ကတော့ လိပ်စာတစ်ခုရထားရင် အဲ့ဒီနေရာကို ဘယ်လိုရောက်အောင် သွားမလဲ ဆိုတာနဲ့ ဘယ်လောက်ပိုမြန်သွားအောင် ဘယ်လိုလုပ်ပြီး သွားမလဲ ဆိုတောပေါ့။ အခုဝတ္ထုမှာတော့ လမ်းစခန်းထောက်များရဲ့ လိပ်စာကို လျှို့ဝှက်ထားမှာ မဟုတ်သလို အလွန်လွယ်ကူတဲ့ လိပ်စာများလည်း ဖြစ်နေမှာပါ။ လူကြီးမင်းများ သဘောကျပါရဲ့လား ခင်ဗျာ ။ သဘောကျပါရဲ့လား ခင်ဗျာ ။ သဘောကျပါရဲ့လား ခင်ဗျာ ။

 

သူက ပေးထားချက်များကို မမှားအောင်နှင့်မလွတ်သွားအောင်  လိုက်မှတ်လိုက်မည်ဟု အားခဲထားသော်လည်း ယခုထိ မည်သည့်ပေးထားချက်ကိုမျှ သူ ရှာမတွေ့သေးချေ။ အခြားပြိုင်ပွဲ တစ်ခုအကြောင်းကိုသာ ဖွင့်ဆိုရှင်းပြနေခြင်းဖြစ်ပြီး ရင်ခုန် လှုပ်ရှားစရာဟူ၍လည်း မတွေ့ရသေးချေ။ သည်လိုနှင့် သည်ဝတ္ထုသည် မိုးလုံးပြည့်လမ်းညွှန်ချက်များချည်း စီတန်းရွတ်ဖတ် သရဇ္ဈာယ်ကာ အဆုံးမှာတော့ ဒိုင်ကပဲ အားလုံးကို ၀ါးသွားမည့်ဇာတ်မျိုး ဖြစ်လေမလားဟု သူပူပင်စပြုလာသည်။ သို့သော် ရတနာသိုက် ပန်းတိုင်အတွက် လိုအပ်မည့် စခန်းထောက်များနှင့် လမ်းညွှန်မြေပုံများကို လျှို့ဝှက်မထားဆိုသည့်အတွက် သူ အနည်းငယ်စိတ်အေးမိသည်။တစ်ခုပဲ တွေးစရာရှိသည်။ မည်သည့်အရာမှ အလကားမရနိင်ဆိုသည့် အရင်းရှင်စီးပွားရေး မူဝါဒအရ စခန်းထောက်လိပ်စာ များနှင့် လမ်းညွှန်မြေပုံကို အများသိအောင်ဖြန့်ဝေထားသည့်အတွက် သူတို့ စာဖတ်သူဘက်မှ တစ်စုံတစ်ခုတော့ အမှန်တကယ် ပေးဆပ်ရလိမ့်မည်ဟု သူထင်သည်။ သူသည် သူ့ဘာသာ မသိတသိဖြင့်ပင် မည်သူ့ကိုမျှ စိတ်သေလက်ချ ယုံကြည်တတ်ခြင်း အလေ့အထ မရှိတော့ချေ။ ဤသည်လည်း စာမျက်နှာများပေါ် ခြေချဖန်များလာရာမှ ဖြစ်ပေါ်လာသော စိတ်အလေ့အကျင့် တစ်မျိုးဖြစ်မည်ဟု သူထင်လေသည်။ စာတွေ့နှင့် လက်တွေ့သည် အလင်းနှင့်အမှောင် ၊သူကြွယ်နှင့် သူဖုန်းစားကဲ့သို့ ဆန့်ကျင်ဖက် သဘောဆောင်ကြောင်း မျက်ဝါးထင်ထင် ကြုံရကြားဖန်များလာသည်နှင့်အမျှ စာမျက်နှာ များနှင့် ဝေါဟာရများအပေါ် ယုံကြည်ကိုးစားစိတ် တို့သည် ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ဈာန်လျောလာလေတော့သည်။ သည်တော့ အခမဲ့ရရှိမည့် မြေပုံနှင့်လိပ်စာများကို ရသည့်တိုင် သူတို့ စာဖတ်သူများဘက်က ပဉ္စလက်နည်းပညာများ၊ ဂမ္ဘီရနည်းပညာများ ၊ စုန်းသရဲနတ်ဝိဇ္ဇာ  ဇော်ဂျီ တပသီနည်းပညာများနှင့် အွန်လိုင်းအင်တာနက် ကေဘယ်လ် ၀ိုင်ဖိုင်နည်း ပညာများကို အသုံးချနိင်မှသာ သည်ရတနာသိုက်ကို ဖွင့်နိင်မည်ဟု သူတွေးထင်လာမိသည်။ သူတတ်ထားသမျှနည်းပညာ စုစုပေါင်းက မြန်မာ-အင်္ဂလိပ်နှစ်ဘာသာကို စာလုံးပေါင်း ၊ အသံထွက်နှင့် အနက် မှန်ကန်အောင်  ဖတ်တတ်ခြင်း နည်းပညာသာ ဖြစ်လေတော့ သူ့အနေဖြင့် ရတနာသိုက်ကို ဖွင့်နိင်ပါမည်လားဟု သံသယရှိလာပြန်သည်။ မည်သို့ပင်ဖြစ်စေ လမ်းညွန်မြေပုံနှင့် စခန်းထောက်လိပ်စာများကို အခမဲ့ရမှာအထိတော့ဖြင့် စိတ်ဝင်စားစရာပင်ဖြစ်သည်။ သည်ဝတ္ထုကို သည်စာရေးဆရာနှင့်အတူ လိုက်ပါ ဖတ်ရှုတာမျိုးမလုပ်ဘဲ စာမျက်နှာ မှတ် ကတ်ပြားလေးဖြင့် ဖြစ်စေ၊ စာရွက်ထိပ်ကို ခေါက်ထားခြင်း ဖြင့်ဖြစ်စေ၊ အခြားနည်းပေါင်းများစွာဖြင့် ဖြစ်စေ ခေတ္တရပ်နားထားသည့် နည်းပညာကို ကျွန်းကျင်သူပီပီ လိပ်စာနှင့်မြေပုံရပြီးမှ တစ်ခေါက်ပြန်ဖတ်လည်း ရနိင်သည်ဟု တွေးကာ သူ့အမေးကို တုံ့ပြန်ဖို့ အားယူလိုက်သည်။ ဟုတ်ကဲ့။ သဘောကျပါတယ် ခင်ဗျား ။ ဟုတ်ကဲ့ ဆိုသည့်အဖြေကို အသားကျနေသည့်အသံက ဟုတ်ကဲ့ ကို ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ဖြင့်ပြောလိုက်နိုင်သည်။ အမှန်တော့ စာရေးဆရာ၏ အမေးကို ပြန်ဖြေလိုက်နိင်သည့်အတွက် ဘ၀င်ကျစိတ်ထက် သူ့နှုတ်မှ ထွက်သွားသည့် ဟုတ်ကဲ့ကို ကိုယ့်ဘာသာ သဘောကျစိတ်က ပိုနေလေသည်။

 

နေရာ ဒေသအသီးသီးမှ စောင့်စားဖတ်ရှုနေကြသော လူကြီးမင်းအသီးသီးမှာလည်း လေလှိုင်းကြားမှ ရောက်ရှိလာသော အာရုံခံ သိအရ သည်ဝတ္ထုကိုဆက်လက်ဖတ်ရှုရန်မှ တစ်ပါး အခြားရွေးစရာ လမ်းရှိ၊ မရှိ ဥာဏ်မီသမျှ  တွေးတော အဖြေရှာကြရတော့သည်။ ထိုအခါ လမ်းညွန်မြေပုံ၊ စခန်းထောက် လိပ်စာများနှင့်တကွ ရတနာသိုက်အကြောင်းပြောမည့် သူဟူ၍ မတွေ့ကြရဘဲ ရတနာသိုက်ကောင်းကြောင်းမျှသာ ပြောနိင်ပြီး စခန်းထောက်မလိုဘဲ ကော်ဇောပျံနှင့်ပဲ သွားရတော့ မယောင် မရေရာသည့် လမ်းညွှန်များကိုသာ ကြားသိနေကြရလေသည်။ ထို့ကြောင့် သည်ဝတ္ထုကို ဆက်ဖတ်ရုံမှ တစ်ပါး အခြားမရှိတော့ ဟု သဘောပေါက်ကြသည့်အားလျော်စွာ ပုတ်သင်ညိုများကဲ့သို့ တစ်ဦးကိုတစ်ဦးမြင်စရာမလို တိုင်ပင်စရာမလိုမူဘဲ ခေါင်းတဆတ်ဆတ်ညိတ်ခြင်းအမှုကို ကျင့်သားရစွာ ပြုမူကြလေသည်။

 

လူကြီးမင်းတို့က သဘောကျတယ်လို့ သုံးကြိမ်သုံးခါ တိတိအတည်ပြုတဲ့အတွက် အခုကစပြီး စခန်းထောက်လိပ်စာတွေကို ကြေညာပေးပါမယ်။ ဒါဟာ သင်တို့အတွက် ပေးထားချက်လည်း ဖြစ်တာမို့ မိမိတို့ လက်ဝယ်ရှိနေတဲ့ခဲတံတွေကို အသင့်ပြင်ထားဖို့ သတိပေးလိုပါတယ်။ ပထမဆုံး စခန်းထောက်ကတော့ အနီးဆုံးစာအုပ်စင် ဖြစ်ပါတယ် ခင်ဗျား။ သည်လိပ်စာအတွက် ပြည်သူ့စာကြည့်တိုက်ဖြစ်ဖြစ် ၊ စာအုပ်အငှားဆိုင်ဖြစ်ဖြစ် ၊ ကိုယ်ပိုင် စာအုပ်စင်ဖြစ်ဖြစ် အကျုံးဝင်ပါတယ်။ နိင်ငံနဲ့  တဝှမ်း ဘယ်နေရာမျိုးက ဘယ်စာအုပ်စင်မျိုးကို မဆို ရတနာသိုက် လမ်းကြောင်းရဲ့ ပထမဆုံး စခန်းထောက် အဖြစ်သတ် မှတ်ထားတာမို့ သင်တို့ အနေနဲ့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အနီးစပ်ဆုံး စာအုပ်စင်ကို ရှာပြီး အရောက်သွားစေချင်ပါတယ်။ သည်နေရာမှာ သတိပေးချင်တာက သင်ရှာတွေ့တဲ့စာအုပ်စင်ဟာ သင့်ရဲ့အနီးဆုံးနေရာမှာ အမှန်တကယ် ရှိရမှာဖြစ်ပါတယ်။ ဒုတိယ စခန်းထောက်ကတော့ အပါးဆုံးမဂ္ဂဇင်း စာအုပ် ဖြစ်ပါတယ် ခင်ဗျား။ သည်လိပ်စာအတွက်လည်း ဒုတိယကမ္ဘာစစ် မဖြစ်မီက မဂ္ဂဇင်း စာအုပ်ဖြစ်ဖြစ် ၊ သည်နေ့ခေတ် မဂ္ဂဇင်း စာအုပ်ဖြစ်ဖြစ်အကျုံးဝင်ပါတယ်။ သမိုင်းတလျှောက် ဘယ်ခေတ်က စာအုပ်ဖြစ်ဖြစ် ရတနာသိုက်လမ်းကြောင်းရဲ့ ဒုတိယစခန်းထောက် အဖြစ်သတ်မှတ်ထားတာမို့ သင်တို့အနေနဲ့ ဘယ်လိုနည်းမျိုးနဲ့ဖြစ်ဖြစ် အပါးဆုံး မဂ္ဂဇင်း စာအုပ်တစ်အုပ်ကို ရှာစေချင်ပါတယ်။ သည်နေရာမှာ သတိပေးချင်တာက သင်ရှာတွေ့တဲ့ မဂ္ဂဇင်းစာအုပ်ဟာ အမှန်တကယ် စာမျက်နှာအနည်းဆုံး အပါးလျားဆုံး ဖြစ်ရမှာပါ။ အခုထိ သင်တို့အားလုံး သဘောပေါက်ကြပါရဲ့လား ခင်ဗျား။ သဘောပေါက်ကြပါရဲ့လား ခင်ဗျား။ သဘောပေါက်ကြပါရဲ့လား ခင်ဗျား။

 

သူက ဘာမှ မစဉ်းစားဘဲ ခေါင်းကိုသွက်သွက်ညိတ်ဖို့ ပြင်လိုက်ပြီးမှ တွေဝေသွားသည်။ အနီးဆုံးစာအုပ်စင် ၊ အပါးဆုံးမဂ္ဂဇင်း စာအုပ် ။ သည်လိပ်စာ ။ အင်းသည်အရာတွေကို စခန်းထောက်လိပ်စာဟု သူက မမြင်မိ။ သို့ဆိုလျှင် စာရေးဆရာက မည်သည့်အတွက်ကြောင့် သည်အရာတွေကို ရတနာသိုက်၏ စခန်းထောက်ဟု ဆိုသနည်း။ သည်အရာတွေဟာ ပထ၀ီနှင့် သမိုင်းကိုလည်းကျေညက်စရာမလို၊ အင်တာနက်နှင့်အွန်လိုင်းလည်း သိစရာမရှိ ၊ဂျီပီအက်စ်ခေါ် စကားပြောလျှပ်စစ်မြေပုံနှင့် လက်ကိုင်ဖုန်းကိုလည်း သုံးတတ်စရာမလိုဘဲ ရောက်အောင်သွားနိင်သည့် အရာများ ဖြစ်နေသည် မဟုတ်လား။ သို့ဆိုလျှင် စာရေးဆရာ တရွတ်တိုက် ဆွဲခေါ်လာသော သည်ရတနာသိုက်လမ်းကြောင်းသည် မည်သည့်အထူး တလည် ပြုပြင်စီရင်မှုမျိုးမှ မရှိသည့် လမ်းရိုးဟောင်းတစ်ခုသာ ဖြစ်နေပြီး သည်မျှရိုးစင်းပြီး အနက်ထင်ရှားကာ လင်းလက်သော အနာဂတ်ဟူ၍ မထင်ရှားသည့် ရတနာသိုက်လမ်းညွှန်ကို သူက မည်သည့်အကြောင်းကြောင့်များ စိုက်စိုက်ပါအောင် လိုက်ဖို့ပြင်နေမိသနည်း။ သူက သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်မိသည်။ သို့သော် တစ်ဖက်မှာက သည်မျှ လွယ်ကူရိုးစင်းသော စခန်းထောက်မှ အတိုင်း လိုက်သွားရုံဖြင့် ရတနာသိုက် လမ်းဆုံးတစ်ခုကို သူက အလိုက်သင့် ရောက်သွားနေသည်ဆိုတော့ မည်သည့် အကြောင်းကြောင့်များ မိမိကိုယ်မိမိ စိတ်ဝမ်းကွဲနေပါအံ့နည်း။ သူ့အတွက် စိတ်ဝင်စားစရာက ရတနာသိုက်လမ်းဆုံးသာ ဖြစ်သည်။ လမ်းတလျှောက် စခန်းထောက်များကို မည်သည့်အားထုတ်မှုမျိုးမှ မပါဘဲ  စာရေးဆရာ၏ပေးထားချက်ကို နားထောင်ရုံဖြင့် သိသွားမည်မှာ သေချာနေမှတော့ သည်တစ်လမ်းလုံးမှာ စိတ်ဝင်စားစရာသည် လမ်းခုလတ် စခန်းထောက်များ မဟုတ်မူဘဲ လမ်းဆုံးနိဂုံးသာ ဖြစ်ပေမည်။ သည်တော့ ပေးထားချက်များနောက် စိုက်စိုက်ပါအောင် မလိုက်တော့ဟု ဆုံးဖြတ်လိုက်သည်နှင့် သူက လမ်းပြင်ထုတ်ခံလိုက်ရမှာသာ အဖတ်တင်သွားမည်။ နောက်ကြာလှ စခန်းထောက်သစ် လေး၊ ငါးခုပေါ့။ စခန်းထောက်တွေကလည်းသိပ်ခက်ခက်ခဲခဲ ပညာရပ်တွေ သုံးပြီး ရှာဖွေရမှာမျိုး ဟုတ်ပုံလည်း မရ။ သည်တော့ ထွေလီကာလီ စဉ်းစားမနေတော့ဘဲ သဘောပေါက်ပါသည်ဟု ပြန်ဖြေဖို့သာ ဆုံး ဖြတ်လိုက်မိသည်။

 

နေရာအသီးသီးမှ လူကြီးမင်းအားလုံးလည်း သူတို့၏ အာရုံခံသိများကိုပင် သူတို့ ဇဝေဇ၀ါ ဖြစ်စ ပြုလာသည်။ ရတနာသိုက်လမ်းဆုံးအတွက် စခန်းထောက် တွေ ကြည့်ရသည်မှာ ယေဘုယျဆန်လွန်းနေသည်။ လမ်းဆုံး ရတနာသိုက်အတွက် သဲလွန်စဆိုသည်မှာ ယခုကဲ့သို့ယေဘုယျဆန်နေလျင် အဆုံးသတ်သည် မည်သည့်အရာ ဖြစ်နိုင်နေသလည်း။ တော်တောင်လျိုမြောင် အထပ်ထပ်နှင့် သဲထိတ်ရင်ဖို စွန့်စားခန်းများအဆုံးမှာ စိတ်လှုပ်ရှားစရာ အကြောင်းအရာ တစ်ခုခုက ကြိုဆိုမနေဘဲ မောင်ပိုနှင့် ကျားနေရာလေးမှာ မထားသည့် ပိုနေမြဲ၊ ကျားနေမြဲ ဇာတ်နိဂုံးမျိုးက ရပ်စောင့်နေမည်ဆိုလျှင် သူတို့၏ အချိန်များ၊ ဦးနှောက်အတွေးလှိုင်းများ၊ လေလှိုင်းတစ်ဆင့်ခံ အာရုံသိများကို ရင်းနှီးမြှပ်နှံထားသမျှတွေ အချည်းနှီး ဖြစ်သွားနိင်နေပြီကော။ အနီးဆုံး စာအုပ်စင် ၊ အပါးဆုံး မဂ္ဂဇင်း စာအုပ်ဆိုသည့်အရာများ ကဲ့သို့ မည်သည့်နည်းပညာ၏ အကူအညီမျှမလိုဘဲ ရှာဖွေနိင်သည့် စခန်းထောက်များကို ရှာနေရသဖြင့်လည်း သူတို့မှာ လက်ရှိဘ၀၏ ဆက်သွယ်မှု ဧရိယာပြင်ပရောက် ခံစားချက်များကို လျစ်လျုရှုနေနိုင်ကြသည်။ သည်တော့ ယျေဘုယျဆန်လွန်းသည့် လမ်းညွှန်မြေပုံ အညွှန်းကပင် သူတို့ဘ၀နှင့် စပ်ဟပ်နေသယောင် ဖြစ်သည်။ သည့်ထက်တိကျသည့် လမ်းညွှန်ချက်များဆိုလျှင် သူတို့သည် လမ်းခုလတ်မှာပင် ကိုယ်လွတ် ရှောင်ခွာကြရမည့်ကိန်း ဖြစ်နေပြီ။ ဆိုပါစို့။ ရန်ကုန်မြို့ အနောက်ပိုင်းရှိ ရည်ညွှန်းစာအုပ်များအပါအ၀င် ရှားပါး အဖိုးတန် စာအုပ်များကို ရွေ့လျားစာအုပ်စင်များဖြင့် ထိန်းသိမ်းထားသော စာကြည့်တိုက်တစ်ခု၏ မြေအောက်နှစ်လွှာမှ အမှတ်စဉ် ၀၂၆၇ ဟု ရေးထိုးထားသော စာအုပ်စင်နှင့် ၎င်းစာအုပ်စင်၏ တတိယ အဆင့်ယာအစွန်မှ ဆယ်အုပ်မြောက်ဖြစ်ပြီး စာမျက်နှာ ၁၆၈ မျက်နှာ ပါဝင်သည့် ကတ်ထူဖုံး မဂ္ဂဇင်းဆိုတာမျိုး လမ်းညွှန်ပေးလိုက်လျှင် သူတို့အတွက် ကြီးစွာသော စိန်ခေါ်မှုတစ်ရပ် ဖြစ်သွားနိုင်သည် မဟုတ်လား။ သည်တော့ သူတို့အားလုံးက အနီးစပ်ဆုံးနှင့် အပါးဆုံးလမ်းကိုပဲ ရွေးဖို့ ဆုံးဖြတ်လိုက်ကြသည်။ သဘောပေါက်ပါသည် ခင်ဗျား။

 

သင်တို့ သဘောပေါက်တယ် ဆိုတာ သိရလို့ လှိုက်လှဲစွာ ၀မ်းသာပါတယ်။ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ အောင်မြင်နိင်မယ်ဆိုတဲ့အတိုင်း လူကြီးမင်းအားလုံးက အခုလို ပူးပေါင်းဆောင်ရွက်လာတာကို နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ ပေးထားချက်တွေကို ဆက်လက်ကြေညာ ပါတယ်။ တတိယစခန်းထောက်ကတော့ အတိုဆုံးဝတ္ထု ကို ရှာဖို့ပါပဲ။ သင်တို့ ရွေးချယ်ထားတဲ့ အပါးဆုံးမဂ္ဂဇင်းစာအုပ်ထဲက အတိုဆုံးဝတ္ထုကိုရှာရာ သတိထားဖို့ ကတော့ ကိုယ်ရွေးထားတဲ့ မဂ္ဂဇင်းစာအုပ်ကို အသေအချာ ဖတ်ထားဖို့ပဲ ဖြစ်ပါတယ်။ မဂ္ဂဇင်းမှာပါတဲ့ အရေးအသားတွေအတွက် အယ်ဒီတာတွေ သတ်မှတ်ခွဲခြားထားသော ၀တ္ထု၊ ဆောင်းပါး ၊ စာတမ်းဆိုတာတွေ အားလုံးကို ဖတ်ပြီးမှ ကိုယ့်အတွက် ၀တ္ထုလို့ ယူဆရတဲ့ အရေးအသား အားလုံးထဲက အတိုဆုံး တစ်ပုဒ်ကို ရွေးပေးဖို့ ဖြစ်ပါတယ်။

 

သင်တို့ ရွေးချယ်လိုက်တဲ့ ၀တ္ထုဟာ အယ်ဒီတာများ သတ်မှတ်ထားတဲ့ စာတမ်းဖြစ်ကောင်းဖြစ်နေမှာ ပါ။ ဒါကို ဂရုမစိုက်ပါနဲ့။ ကိုယ့်ရင်ထဲမှာ ၀တ္ထုလို့ သေချာနေရင် ဘယ် အရေးအသားမျိုးကိုမဆို ၀တ္ထုလို့ သတ်မှတ်ရွှေးချယ်ဖို့ပါပဲ။ စတုတ္ထစခန်းထောက်က အကျစ်လျစ်ဆုံး ၀ါကျ ဖြစ်ပါတယ်။ သတိထားပါ မိတ်ဆွေ ။အကျစ်လျစ်ဆုံး ၀ါကျဆိုတာ အတိုဆုံးဝါကျ မဟုတ်ပါ။ သည်လောက်ဆိုရင် သင်တို့အတွက် ရတနာသိုက်လမ်းညွန်မြေပုံမှာ သင်တို့ ကိုယ်တိုင်ရဲ့ အဆုံးအဖြတ်ဟာ ဘယ်လောက် အရေးပါတာကို ရိပ်မိကြပြီ ဖြစ်ပါမယ်။ သင်တို့ ခဲတံတွေကို အကောင်းဆုံး အသုံးပြုပြီး အတိုဆုံးဝတ္ထု ရဲ့ အကျစ်လျစ်ဆုံးဝါကျတွေကို စေ့စေ့စပ်စပ်ရှာနိုင်မှ ရတနာသိုက် လမ်းဆုံးဖြစ်တဲ့ ၀တ္ထုနိဂုံးကို ရှာဖွေတွေးရှိ နိင်မှာပါ။ စာအုပ်စင်နဲ့ မဂ္ဂဇင်းကစပြီး ကိုယ့်စိတ်ကြိုက် ရွေးခဲ့ကြတာဖြစ်တဲ့အတွက်  အခုလက်ရှိ အနေအထားအရ ကိုယ့်စိတ်ကြိုက်ဖြစ်တဲ့ ၀တ္ထုနဲ့ ၀ါကျကို ရှာဖွေရာမှာ လည်း သိပ္ပံနဲ့ နည်းပညာ အကူအညီလိုမယ် မထင်ပါဘူး။ ဒါကြောင့် ဒီဝတ္ထုရဲ့ နိဂုံးကို ချည်းကပ်ရာမှာ လူကြီးမင်းအားလုံးရဲ့ တီထွင်ဉာဏ်၊ ဆုံးဖြတ်နိင်စွမ်းနဲ့ စိတ်ရှည်သည်းခံမှုတွေ လိုအပ်နေတာ သိပ်သေချာနေပါပြီ။ ဒီပေးထားချက်တွေကို လိုက်မှတ်နေကြတာမို့သင်တို့အားလုံးအနေနဲ့ ကိုယ်ဘာလုပ်ခဲ့တယ် ဆိုတာရော၊ ဘာလုပ်တော့မယ် ဆိုတာကိုပါ ကောင်းကောင်းရိပ်မိနေရောပေါ့။ ဘယ်သူမှန်ပြီး ဘယ်သူမှားတယ် လို့အချင်းချင်း အဖြေတိုက် ငြင်းခုန်ဖို့လည်း မကြိုးစားကြပါနဲ့။ စိတ်ရှည်ပါ။သည်းခံပါ။ ဇွဲရှိပါ မိတ်ဆွေ။ သင်တို့ အားလုံးက သီးခြားနေရာတွေမှာ သီးခြားဆီ ရွေးချယ်လာခဲ့ကြမို့ အခုလို လမ်းခုလတ်မှာ တစ်သံတည်းထွက်အောင် အဖြေတိုက်ရွေးချယ်မှု လုပ်ဖို့ ဆိုတာလည်း သိပ်ကို နောက်ကျနေပါပြီ။ သင်တို့ကို အကောင်းဆုံး အကြံပေးချင်တာကတော့ ကိုယ့်ရွေးချယ်မှုအပေါ်မှာ အပြည့်အ၀ ယုံကြည်ဖို့ပါပဲ။ သည်နေရာမှာ ထပ်သတိပေးချင်တာက မိတ်ဆွေတို့အနေနဲ့ အခုစခန်းထောက်ကို ရောက်ချိန်မှာ သည်ပြိုင်ပွဲကို ကျောခိုင်းသွားလို့ မရနိင်တော့ဘူးဆိုတာပါပဲ။ မိတ်ဆွေ။ နည်းနည်း ပြင်ထိုင်လိုက်ပါ။ သက်သောင့်သက်သာ အနေအထားမှာ ရှိနေပါစေ။ သိပ်မလှုပ်ပါနဲ့။ ခေါင်းမလှည့်ပါနဲ့။ မျက်လုံးမကစားပါနဲ့။ နားရွက်မခတ်နဲ့လေ။ နှာချေလို့ မဖြစ်ဘူးနော်။ သမ်းဝေဖို့တော့ မစဉ်းစားကြေး။ အဲသက်သာအနေအထားမှာ နေပေးဖို့ မေတ္တာရပ်ခံနေကြောင်းပါ လူကြီးမင်းခင်ဗျား။ သက်ပြင်း မရှိုက်ပဲ နားထောင်ပေးပါ။ အခုချိန်ကစပြီး လူကြီးမင်းတို့ရဲ့ သဘောတူညီမှုကို မေးမြန်းပြီး ဆန္ဒသဘောထား တောင်းခံ သွားတော့မှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက် မတုန်လှုပ်ပါနဲ့။ လမ်းဆုံးကို မကြာခင် ရောက်တော့မှာပါ။ သက်သောင့်သက်သာနဲ့ အသာတကြည် ဖြစ်ရင် မိတ်ဆွေရော ကိုယ်ပါ အကျိုးရှိမှာပါ။ ပေါက်ပါတယ်နော်။

 

သူဇောချွေးပြန်စပြုလာသည်။ သူက ယေဘုယျဆန်လွန်း သည့် စခန်းထောက် လမ်းညွှန်ချက်များကို လျှော့တွက်ပြီး မျောလိုက်နေခဲ့ရာမှ အတိုဆုံး ၀တ္ထုကို ရောက်လာချိန်တွင် အတန်အသင့် ဦးနှောက်စားနှင့်စပြုလာသည်။ သူနားလည် လက်ခံ ထားသည့် သတ္ထု ဆိုသည်နှင့် အယ်ဒီတာမင်းများ နားလည်လက်ခံ ထားသော ၀တ္ထု ဆိုသည်မှာ ထပ်တူကျရန်မလိုသည့် သဘော လမ်းညွှန်ချက်ကြောင့် သူအတောင်လေးေ၀၀ါးသွားသည်။ သူက ၀တ္ထုဆိုသည်ကို မည်ကဲ့သို့ လက်ခံထားခဲ့သနည်း။ ဂျီသြမေတြီ ပုစ္ဆာတစ်ပုဒ် ပေးထားချက်နည်းလေ၊ လုပ်ဆောင်ချက်ကို ခက်ခက်ခဲခဲ လုပ်ရလေ ဖြစ်ကာ အဖြေထွက်ဖို့လည်း အတော်ကြီး မလွယ်ကူဟု အထက်တန်းကျောင်းသား အတွေ့အကြုံ ကို ပြန်မှတ်မိသည်။ သို့သော် အတိုဆုံး ဆိုသည့် နာမ၀ိသေသန ကိုအားကိုးကာ စာမျက်နှာ အနည်းဆုံး အရေးအသားတစ်ခုကို မျက်စိစုံမှိတ် ရွေးချယ်ပစ်လိုက်သည်။ သည့်နောက်မှာတော့ နောက်စခန်းထောက်တစ်ခုကို ရောက်လာခဲ့ပြီ။ စတုတ္ထ စခန်းထောက် ဖြစ်သည့် အကျစ်လစ်ဆုံး ၀ါကျ ကို ရောက်လာသည့်အခါမှာတော့ သူ့မှာ ရွေးချယ်စရာ များများစားစားမကျန်တော့ ကြောင်း သဘောပေါက်စ ပြုလာတော့သည်။ လေလှိုင်းအာရုံခံသိအရ အနယ်နယ် အရပ်ရပ်မှ ပြိုင်ပွဲဝင်များကို လှမ်းပြီး ညှိနှိုင်း တိုင်ပင်လိုစိတ်က ဖျတ်ခနဲပေါ်လာသေးသည်။ လက်ကိုင်ဖုန်းကို အားကိုးတကြီး ကောက်ကိုင်လိုက်သေးသည်။ ရုပ်ရှင်ထဲမှာလို ဖုန်းထဲကနေ အကြံပေးနိုင်မည့် အားပေးသူလေးများ အဆင်သင့် စောင့်နေလေမလား။ သို့သော် စာရေးဆရာ၏ သတိပေးသံက လက်ဦးမှု ရယူသွားသည်။ စာအုပ်စင်နှင့် မဂ္ဂဇင်းက စပြီး သူ့တစ်ကိုယ်တော် ရွေးချယ်ခဲ့သည်မို့ မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ အဖြေတိုက်၍ မရနိုင်ဟု သဘောပေါက်မိရသည်။ ခိုးချလို့တော့ ရနိင်ဦးမည်လား။ စာသင်ခန်း ထဲမှ အတွေ့အကြုံများသည် သည်နေရာမှာ အသုံးမ၀င်တော့ပါလား။ ကိုယ့်ရွေးချယ်မှု အပေါ်မှာ အပြည့်အ၀ ယုံကြည်ပေးပါတဲ့။ သူ့ဘ၀ တစ်လျှောက်လုံး ရွေးချယ်မှုဟူ၍ များများစားစား မလုပ်ဖြစ်ခဲ့ဘဲ မိသားစုနှင့် တာဝန်ရှိသူများ၏ ရွေးချယ်မှုများ အတိုင်းသာ သူ့ဘ၀ကို ဖြတ်သန်းနေခဲ့ခြင်းများအတွက် ပထမဆုံးအကြိမ် နောင်တ ရလာပြန်သည်။ သည်လိုနောင်တရလာလျှင် ပြုမှုနေကျအတိုင်း နောက်ကြောင်းပြန်တာဖြစ်စေ၊ ရှေ့မဆက်တော့တာ ဖြစ်စေ ပြောင်းလုပ်ရန်စဉ်းစားနေချိန်မှာ စာရေးဆရာက နောက်တစ်ကြိမ် လက်ဦးမှုရယူသွားပြန်သည်။ သည်စခန်းထောက်ကို ရောက်ပြီ ဆိုလျှင် သည်ကစားပွဲထဲကနေ ထွက်ခွာသွားခွင့် မရှိတော့ပြီတဲ့။ သည့်အပြင် သူ့ဆန္ဒ သဘောထားကိုလည်း တောင်းတော့မည် မဟုတ်ဘဲ သူ့ဘက်ကသာ အသာတကြည် ဖြစ်ရန်လိုမည်တဲ့။ ကျွန်တော်ကရော ဘာများတတ်နိင်ဦးမည်နည်းဟု  ကိုးကားရမည်လား ၊ အကြောင်းကြောင်းသော အကြောင်းကြောင်းများကို အကြောင်းပြုပြီး သကာလဟု သံယောင်လိုက်ရမည်လား သူမဝေခွဲနိင်တော့။ ရိုးစင်းသည့် ရွှေးချယ်မှုများကို မသိကျိုးကျွံ လုပ်ဆောင်ခွင့်များ အဆုံးမှာ ယခုကဲ့သို့ ပြတ်သားသည့် လမ်းညွှန်ချက်များဖြင့် ရေစက်ဆုံရမည်ဟု သူက သိမှ မသိတတ်နိင်ခဲ့ရယ်ပြီပဲလေ။ သူက အငြင်းဝါကျတွေကို မည်သည့်အချိန်မျိုးမှာမှ ယဉ်ပါးခဲ့ဖူးသူ မဟုတ်ပြန်သည်မို့ သက်သောင့်သက်သာဖြစ်အောင်အသာ တကြည်လိုက်ဖို့သာ စိတ်ပိုင်းဖြတ်လိုက်မိသည်။

 

နေရာ အသီးသီးမှ လူကြီးမင်းအားလုံးလည်း လေလှိုင်းမှ တစ်ဆင့်သိရသည့် အာရုံခံသိအရ ၎င်းတို့၏ အဝေးရောက်ပြိုင်ပွဲ ၀င်တစ်ဦးမှ ရွေးချယ်မှုအကျပ်အတည်းကို အသာ တကြည်ပြီးဆုံး စေလိုက်ကြောင်း မှတ်မှတ်ထင်ထင် သတိထားမိကြပြန်သည်။ သူတို့အသီးသီးမှာလည်း ပြဿနာကိုယ်စီနှင့် ဖြစ်နေကြသည်။ တစ်ဦးက ပထမဆုံးရွေးချယ်မှုဖြစ်သည့် အနီးဆုံးစာအုပ်စင်ကို ရွေးချယ်စဉ်က ၀ဲယာနှစ်ဖက် တူညီသော အကွာအဝေးတွင် ရှိနေသော စာအုပ်စင်နှစ်ခုအနက်မှ စာအုပ်ပိုများသော စာအုပ်စင်ကို ရွေးချယ်မိရာ ထိုစင်မှာ ရှေးဟောင်း မဂ္ဂဇင်းပေါင်းချုပ်များထားသော စင်ဖြစ်နေသည်။ ထိုစင်မှာ အပါးဆုံးမဂ္ဂဇင်း စာအုပ်ကို ရွေးရာတွင် စာမျက်နှာပေါင်းရှစ်ရာကျော် ရှိသည့် ပေါင်းချုပ်ကြီး တစ်အုပ်ကိုသာ အပါးဆုံးအဖြစ် ချေးမများဘဲရွေးခဲ့ရလေသည။် ထို့ကြောင့် အတိုဆုံး ၀တ္ထုကို ရွေးရာတွင် ထို ပေါင်းချုပ်ကြီးထဲမှာ ပါသော ၀တ္ထုများအနက် စာမျက်နှာ ရှစ်မျက်နှာခန့်ရှည်သည့် ၀တ္ထုကိုသာ အတိုဆုံးအဖြစ် ရွေးနိင်ခဲ့သည်။ ထို့ကြောင့် အကျစ်လျစ်ဆုံး ၀ါကျအတွက် ထိုဝတ္ထုကို အစအဆုံးဖတ်ပြီး ၀ါကျတစ်ကြောင်းချင်းကို စိစစ်ဖတ်ရှုရာတွင် ကြီးစွာသော ပင်ပန်းမှုကို ရင်ဆိုင်ရလေတော့သည်။ ထို့တူ အခြားသူများမှာလည်း ၎င်းတို့၏ မူလ ဘူတ ရွေးချယ်မှုအားနည်းချက်များကြောင့်ပင် နှောင်းပိုင်းရွေးချယ်မှုများမှာ ဆက်တိုက်ဆိုသကဲ့သို့ ခက်ခဲပင်ပန်းလာရကား သည်လမ်းကို ဆက်လျှောက်သင့် ၊ မသင့် သုံးသပ်လိုလာကြလေသည်။ သို့သော် ဆိုခဲ့ပြီးသည့်အတိုင်းလမ်းညွှန်ချက် အသစ်က ပေါ်ထွက်လာရာမရုန်းသာတော့ပြီမို့ ပြုံးကာသာ ဆက်လျှောက်ရန် တပြိုင်တည်း သီးခြားစီ ဆုံးဖြတ်အတည် ပြုလိုက်တော့သည်။

 

မိတ်ဆွေတို့အားလုံးရဲ့ အသာတကြည် ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုပါတယ်။ အဲ့ဒီအတွက် ထိုက်ထိုက်တန်တန် တုံ့ပြန်တဲ့ အနေနဲ့ မိတ်ဆွေတို့အားလုံးကို ကိုယ်က လက်မှတ်လေးတွေ ဝေပါတယ်။ ဒါပေမဲ့ ကိုယ်ဝေမယ့် လက်မှတ်မှာ အမှတ်အသားရယ်လို့ တစ်စုံတရာပါမှာ မဟုတ်တဲ့အတွက်က တစ်ကြောင်း မိတ်ဆွေတို့ ကကိုယ့်လက်တစ်ကမ်းမှာ စုဝေးရောက်ရှိနေတာ မဟုတ်ဘဲ မြန်မာပြည်တနံတလျားမှာ ရောက်နေတာကြောင့် တစ်ကြောင်းတို့ကြောင့် ကိုယ့်အနေနဲ့ မိတ်ဆွေတို့ကို ဗလာလက်မှတ် တစ်စောင်စီ ကိုယ်တိုင်ကိုယ်ကျ ပေးဝေသွားမှာတော့ မဟုတ်ပါဘူး။ ဗလာလက်မှတ်မို့ မိတ်ဆွေတို့နဲ့ လက်တစ်ကမ်းမှာ ရှိတဲ့ လက်တစ်ဝါးအရွယ် ဗလာစာရွက် အပိုင်းအစတစ်ခုခုကိုပဲကိုယ်က ပေးဝေတဲ့ လက်မှတ် အဖြစ်အသိအမှတ်ပြုပေးလိုက်ကြပါ။ လက်တစ်ဝါး အရွယ် ဗလာစာရွက် အပိုင်းအစဖြစ်ရင် ရပါပြီ။ အရောင်တွေ ဘာတွေ မလိုသလို အနားကို ကတ်ကြေး၊ ဓား၊ ပေတံတွေနဲ့ ပိုင်းဖြတ်ပေးစရာလည်း မလိုပါဘူး ခင်ဗျား။

 

ဟုတ်ကဲ့ ။ အဲ့ဒီ လက်တစ်ဝါးစားအရွယ် ဗလာ စာရွက် အပိုင်းအစရပြီ ဆိုရင် စခန်းထောက်ငါးကို ဖြတ်သန်းပြီးပြီလို့ မှတ်ယူနိင်ပါပြီခင်ဗျား။ ဟုတ်ကဲ့ ။ မယုံမရှိပါနဲ့။ မိမိကိုယ်ကို ယုံကြည်မှု အပြည့်အ၀ ရှိကြပါ။ သင်ဟာ စခန်းထောက်ငါး အရောက်မှာ သင့်လက်ထဲ လက်တစ်ဝါး အရွယ် ဗလာစာရွက် တစ်ရွက်ရှိနေပြီဆိုရင် လမ်းမှန်ပေါ် ရောက်နေပြီလို့ ယုံကြည်နိင်ပါပြီ။ စခန်းထောက် ခြောက်ကတော့ နည်းနည်း ရှုပ်ထွေးသွားနိင်တာမို့ သေသေချာချာနားထောင် ပေးဖို့လိုပါမယ်။ သင်ရွေးချယ်ထားတဲ့ အကျစ်လျစ်ဆုံးဝါကျကို လက်တစ်ဝါးစာအရွယ် ဗလာစာရွက်ထဲမှာ ကူးရေးလိုက်ပါ။ ပြီး ရင် ၀ါကျတစ်ခုလုံးရဲ့ အနှစ်အဖြစ်ဆုံး ကတ္တား ၊ကံ နဲ့ကြိယာတွေကို စကားဆက်၊ နာမ၀ိသေသန ၊ ကြိယာဝိသေသန ၊၀ိဘတ် ၊ နေရာပြပုဒ် ၊ အချိန်ပြပုဒ် စတာတွေ မပါဘဲ လုံးတီးရွေးထုတ်လိုက်ပါ။ ဒီအလုပ်ကို သတိထားပြီး လုပ်စေချင်ပါတယ်။ စခန်းထောက်ခြောက်ပြီးရင် ရှေ့မှာ  ရတနာသိုက်လမ်းဆုံး ဖြစ်တဲ့ ၀တ္ထုနိဂုံးကို ရောက်တော့မှာလေ။ စိတ်ကူးမလွဲပါနဲ့ ။ ဒီအချိန်မှာ သင်တို့အားလုံးအတွေးတွေကို ရွေပေါ်ထိုးဖို့ လိုနေပါပြီ။ ၀ါကျကို ရွေပေါ်ထိုးပြီးရင် သင့်လက်ထဲမှာ လုံးတီး ကတ္တား၊ ကံနဲ့ ကြိယာတွေ ကျန်ပါမယ် ။ အသေအချာမှတ်သားထားပါ။ မကြာခင် သင်ဟာသော့တံ ဝေါဟာရတစ်ခုကို ဖန်တီးရတော့မယ်။ ရတနာ သိုက်လမ်းဆုံးဟာ သော့တံဝေါဟာရနဲ့ ဖွင့်မှ ပွင့်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ပေးထားချက်တွေမှာ သင့်ရဲ့လုပ်ဆောင်ချက်နဲ့ ရွေးချယ်မှုတွေ ပူးပေါင်းခြင်း အားဖြင့် သင်တို့မျှော်မှန်းတဲ့ ပန်းတိုင်နိဂုံးကိုရောက်ရှိသွားတော့မှာပါ။

 

သူက ရယ်ချင်စိတ်ကို ဖုံးဖိ ထားလိုက်မိသည်။ ဖြစ်ရလေ။ စာရေးဆရာမှ အခမဲ့ ဝေပေးလိုက်သည့် လက်မှတ်ဆိုသည်မှာ လက်တစ်ဝါးစာအရွယ်ရှိသော ဗလာ စာရွက်ဖြစ်နေပြီး ထိုစာရွက်ကို စာရေးဆရာကိုယ်တိုင်က ပေးဝေခြင်း မဟုတ်ဘဲ သူတို့ကိုယ်တိုင် ရှာဖွေဖြတ်တောက် ယူရခြင်းသာ ဖြစ်နေပြန်သည်။ ဈေးကွက်စီးပွားရေးခေတ်မှာ ကိုယ့်အတွက် အခမဲ့လက်မှတ်ကို ကိုယ့်ဘာသာရှာဖွေ ယူရသည်ကိုပင် ကျေးဇူးရှင်က မကင်း။ လူကြီးမင်း၏ အသာတကြည် ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ပါသည်ဟု အပြောခံရသည့်တိုင် စခန်းထောက်လမ်းညွန်အစီအစဉ်ကို စာရေးဆရာလူကြီးမင်းက နှုတ်တိုက်ချပေးခဲ့ခြင်းမို့ သူတို့ပြိုင်ပွဲဝင်တွေကပင် ကျေးဇူးကြွေးတင်နေသေးသယောင်။ အရေးထဲမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါဟု လမ်းညွှန်တာကိုခံလိုက်ရပြန်သည်။ အမှန်က သည်လမ်းကို ဆက်လျှောက်နေရခြင်းမှာ ယုံကြည်မှုအချို့ အားနည်းပျက်ပြယ်စပြုနေပြီကို သူ့ဘာသာသူ သိလာနေသည်။ သို့သော် ဗလာစာရွက် စခန်းထောက်ပြီးလျှင် လုံးတီးကတ္တား၊ ကံနှင့် ကြိယာစခန်းထောက် ၊ ပြီးလျှင် ရတနာသိုက် လမ်းဆုံး ရောက်ပြီဟု စာရေးဆရာက ချော့လုံးတွေနှင့် မြှူနေပြီမို့ သူကလည်း မထူးဇတ်မှာ လက်ပစ်ကူးလိုက်ဖို့ပဲ ဆုံးဖြတ် ရပေဦးတော့မည်။ သည်အချိန်မှာ မဏိမေခလာလည်း ပေါ်လာမည် မထင် ။ သည်တော့ သူစွမ်းသမျှ အားမာန်၊ ဇွဲလုံးလများ အကူအညီဖြင့်သာ ကျောက်ဖျာပန်းတိုင် အရောက် လက်ခမောင်း မခတ်စတမ်း ၊ လက်ပန်းမကျစတမ်းကူးခတ်သွားရန်သာ ရှိတော့သည်။ ကဲ အလှည့်ကျတော့ မနွဲ့ ကြစတမ်းပေါ့။

 

နေရာအသီးသီးမှ လူကြီးမင်းအသီးသီးမှာလည်း မိမိတို့ ကိုယ်တိုင်ရှာဖွေ ရယူရမည့် ဗလာသက်သက် လက်မှတ်စာရွက် အား စာရေးဆရာ၏ မဟာရွှေဉာဏ်တော်မှ အသီးအပွင့်အဖြစ် ကျေးဇူးတရားမကင်းစွာ လက်ခံရမည့်အရေးကို စေ့စေ့တွေးလေတိုင်း ခိုးလိုးခုလုဖြစ်နေကြလေသည်။ သို့သော် မကြာမီ ပန်းတိုင်ရွှေပြည်ကို ဆိုက်ရောက်တော့မည့်အကြောင်း ဗိန်းဗောင်းသံ တစည်စည်ကြောင့် သည်လမ်းညွှန်ချက် ၀င်္ကပါမှ တစ်မိနစ်၊ တစ်စက္ကန့် ဆောလျှင်စွာ ထွက်ခွာနိင်ခွင့် ရပါစေတော့ ဟု ကြီးစွာသော အာသီသ ပြုလျက် လမ်းဆက်လျှောက်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ သူတို့ထဲမှ အများစုမှာ ဗလာလက်မှတ်အပေါ် အစာမကြေကြသော်လည်း အချို့ကမူ ၀ါကျလက်သမား ဖြစ်မည့်အစား ၀ါကျအဖျက်သမားဖြစ်သွားစေသည့် လုံးတီးကတ္တား ၊ ကံနှင့် ကြိယာ ရှာဖွေရေး လမ်းညွှန်ချက်ကို ပို ဘ၀င်မကျကြပေ။ သို့သော် ကြားဖူးနားဝ ရှိထားသည့် ဗဟုသုတများအရ လျှပ်စစ်ချောစာခေတ်တွင် လူတစ်ဦးချင်းစီ၌ မိမိကိုယ်ပိုင် သော့တံဝေါဟာရ ဟူ၍ ရှိကြသည့် အစဉ်အလာကို စမ်းသပ်လိုကြသည့်အတွက် ၀ါကျ အဖျက်သမားဘ၀ကို ခံယူရန် ရဲစွမ်းသတ္တိများမွေးမြူလိုက်ကြလေတော့သည်။

 

မိတ်ဆွေတို့ ။ စိတ်ရှည်ပါ။ သည်းခံပါ။ ဇွဲရှိပါ။ မကြာခင် ပန်းတိုင်မှာ ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချ ကြတော့မှာ ။ ရတနာသိုက်လမ်းဆုံး ဖြစ်တဲ့ ၀တ္ထု နိဂုံး ဟာ သင်တို့ မျှော်လင့်ထားတာထက် ပို၍ ၊ သာ၍ ၊ လွန်၍ ပဉ္စလက် ဆန်စွာ လှတပတ ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ ယခုနောက်ဆုံး စခန်းထောက်ဟာ လမ်းညွှန်ချက်အားလုံး ရဲ့အသက်ဖြစ်တာမို့ သင်တို့လုပ်ရမယ့် လုပ်ဆောင်ချက်ဟာလည်း အသက်တမျှ အရေးကြီးတာ ကိုသတိထားကြစေချင်ပါတယ်။ ရတနာသိုက် ရှာကြ တဲ့ပုံပြင်ပေါင်းများစွာမှာ ရတနာ လမ်းညွှန်မြေပုံအတိုင်း သွားနေကြတဲ့ ခရီးစဉ်တစ်လျှောက် စည်းလုံးညီညွတ်စွာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရှိခဲ့ကြပေမယ့် လမ်းဆုံးပန်းတိုင်ရောက်လို့ ရတနာသိုက်လည်း တွေ့ရော သေနတ်ချင်း ယှဉ်ပစ်၊ နောက်ကျောဓါးနဲ့ထိုး ၊ လက်သီးချင်း နပန်းသတ် ဆိုတာမျိုး ဖြစ်ကာ ကြမ်းကြုတ်ရက်စက်နိင်ဆုံး သူ တစ်ယောက်ယောက်ကပဲ အနိုင် ရသွားတာမျိုး၊ဒါမှမဟုတ် အားလုံးသေကုန်လို့ ရတနာသိုက်က ဒီအတိုင်း ငုတ်တုတ် ကျန်ခဲ့တာမျိုး ဖြစ်တတ်ကြတာကို သတိပေးလိုပါတယ်။ ဒီဖြစ်စဉ်မျိုး မဖြစ်ရအောင်  အထူးစီစဉ်ပေးထားတဲ့ အကြောင်းလည်း ပြောချင်ပါတယ်။ မိတ်ဆွေတို့ကြားမှာ လူချင်းခင်မင်ရင်းနှီးမှုက နဂိုကထဲက မရှိခဲ့ကြသလို နောက်ကျောဓါးနဲ့ ထိုးရလောက်အောင်လည်း လက်တစ်ကမ်းမှာ မရှိတဲ့အတွက်  ဒီလိုအဖြစ်ဆိုးမျိုးပေါ်ပေါက်စရာ မရှိပါဘူး။ နောက်တစ်ခုက သင်တို့ရဲ့ သော့တံ ဝေါဟာရ ရှစ်ခုမှာ တစ်ခုနဲ့ တစ်ခု ဘယ်လိုနည်းနဲ့မှ ထပ်တူ မကျနိင်တာကို သဘောပေါက်ကြမှာပါ။ အဲ့ဒီအတွက် ၀တ္ထု နိဂုံးရတနာသိုက် ကို ဖွင့်နိင်မယ့် သော့တံဝေါဟာရဟာ တစ်ခုတည်း ရှိနေမယ်လို့ မယူဆကြစေချင်ပါဘူး။ မိတ်ဆွေတို့ အသီးသီး အတွက် ၀တ္ထု နိဂုံးဟာ အမျိုးမျိုး ကွဲ ပြားဆန်းကြယ်နေမှာမို့ ကိုယ့်ရွေးချယ်မှု သမိုင်းအရ ပိုင်ဆိုင်လာကြတဲ့ မိမိတစ်ဦးတည်း မူပိုင် သော့တံဝေါဟာရကသာ တိကျ မှန်ကန် သင့်လျော်မယ်ဆိုရင် မီးခံသေတ္တာ တံခါး ပွင့်သွားသလို၊ လျှပ်စစ်ချောစာပွင့်သွားသလို ခုန်ပေါက်ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ဒါကြောင့် မိတ်ဆွေတို့ အချင်းချင်း ကြားမှာ မျက်နှာနာစရာ ၊ မျက်နှာမကြည့်ချင်စရာ ၊ မျက်နှာ ပျက်စရာ ၊ မျက်နှာဖွက်စရာ အဖြစ်မျိုးတွေ ဘယ်လိုနည်းနဲ့မှ ဖြစ်မလာဘဲ မိမိတို့ရဲ့ ကိုယ်ပိုင်နိဂုံး အသီးသီးနဲ့ ပျော်ရွှင်စွာ ဇာတ်သိမ်းကြလေသတည်းရယ် လို့ ဖြစ်လာကြရမှာပါ။ ဒီလို ဖြစ်အောင် ကြံစည် စိတ်ကူးပြီး လမ်းညွှန်ပေးခဲ့တယ် ဆိုတာကိုလည်း သဘောပေါက်ကြစေချင်ပါတယ်။ ယခု မကြာခင်မှာ လမ်းညွှန်ချက်နဲ့ ပေးထားချက်များ ရွှတ်ဖတ်သရဇ္ဈယ်ခြင်းအမှု ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ သင်တို့ အသီးအသီးအနေနဲ့ သော့တံဝေါဟာရများနဲ့ ၀တ္ထုနိဂုံး တံခါးကို ဖွင့်နိင်ကြပါပြီ။ သင်တို့ အဲ့ဒီလို ကြိုးစားနေတဲ့ အချိန်မှာ လမ်းညွှန်ချက် ထပ်မံပေးစရာ မလိုတော့တဲ့ အတွက် အခု စကား အပြီးမှာ နောက်ထပ် ဘယ်လိုလမ်းညွှန်ချက်များကို ကြားနိင်ခွင့် ရကြမှာ မဟုတ်ကြောင်း ပြောကြားရင်း နိဂုံးချုပ် နှုတ်ဆက်လိုက်ပါတယ်။ သင်တို့အားလုံး ကံကောင်းကြပါစေ။

 

သူက နောက်ဆုံး လက်ကျန် လုံးတီးကတ္တား၊ ကံနှင့် ကြိယာ တို့ကို အသေအချာကြည့်ရင်း မည်သည့်နည်းဖြင့် တံခါး မှန်သမျှ ပွင့်စေမည့် မာစတာသော့တံဝေါဟာရ တစ်ခုကို ဖန်တီး ရပေမည်နည်းဟု ခေါင်းခြောက်မတတ်တွေးတောနေမိသည်။ စာရေးဆရာ  ပြောသွားသည့် နောက်ဆုံးလမ်းညွှန်ချက်အရ နေရာအသီးသီးမှ တပြိုင်နက် ပြိုင်ပွဲ ၀င်နေကြသူများနှင့် တိုင်ပင်ရန်လည်း မလိုအပ်ဟု သဘောပေါက်နေပြီ ဖြစ်သဖြင့် သွေးအေးအေးဖြင့် ပင် သော့တံ ဝေါဟာရကောင်းတစ်ခုကို ရွေးချယ် နေလိုက်သည်။ သည်တစ်ဆင့်ပြီးလျှင်တော့သူ့အတွက် နိဂုံး သည် မဝေးတော့။ သူသည် လမ်းညွှန်ချက်များကို စိတ်ပျက် ငြီးငွေ့ခဲ့သူပီပီ နောက်ထပ် လမ်းညွှန်ချက်များကို မကြားရတော့ဘဲ ၀တ္ထုနိဂုံးအတွက် မိမိ၏ သော့တံ ရွေးချယ်မှုသက်သက် ဖြင့်ပင် အလင်းတံခါး ဖွင့်နိုင်တော့မည်ဟု ယုံကြည်ကာ ခဲတံကို လေတွင် ၀င့်ချီလိုက်သည်။ လာလေရော့။ ကိုယ်ပိုင် သော့တံဝေါဟာရ။

 

နေရာအသီးသီးမှ လူကြီးမင်းအသီးသီးတို့လည်း စာရေး ဆရာ၏ လမ်းညွှန်ချက်လက်မှ လွတ်မြောက်သွားပြီဟု ပျော်ရွှင်သောစိတ်များဖြင့် မိမိတို့ပိုင် လျှို့ဝှက်သော့တံ ဝေါဟာရများကို ရွေးချယ်ရန် အင်တိုက်အားတိုက်ဖြစ်လာကြသည်။ မည်သို့ပင် ဖြစ်စေ သူတို့ အားလုံးအတွက် ဆန်းကြယ် ထွေပြား ပဟေဠိများဖြင့် ပြည့်နှက်နေသော ၀တ္ထု နိဂုံး အသီးသီးသည် တစ်နေရာရာ တွင် အဆင်သင့် ရှိနေသည်ဟူသော ယုံကြည်ချက်ကပင် သူတို့ အသီးသီးအား  တက်ကြွ ရွှင်လန်းစေလေသည်။ အဆုံးမတော့ သူတို့၏ ရွေးချယ်မှုသမိုင်းသည် မကြာမီ ရတနာသိုက်ကို အရောက်ပို့ပေးပေတော့မည်။

 

မိတ်ဆွေတို့ အားလုံးခင်ဗျား။ ကျွန်တော်က စာရေးဆရာ ရဲ့မိတ်ဆွေပါ ။ ရတနာသိုက်ဖြစ်တဲ့ ၀တ္ထုနိဂုံး အတွက် သော့တံဝေါဟာရ ရွေးချယ်ကြဖို့ လမ်းညွှန်ပြီးချိန်ကပြီး ကျွန်တော့်မိတ်ဆွေ စာရေးဆရာဟာသူ့ရဲ့ ၀တ္ထု တစ်ပုဒ်အတွက် သူ့ရဲ့ စွက်ဖက်ပိုင်ခွင့် သက်တမ်း ကုန်ဆုံးသွားပြီမို့ ဘယ်လိုအသံမှ ၀င်ပြောလို့ မရတော့ပါဘူး။ စာဖတ်သူများဖက်ကလည်း သူတို့ ကိုယ်ပိုင် လျှို့ဝှက် သော့တံဝေါဟာရ အသီးသီးနဲ့ ၀တ္ထုနိဂုံးကို ဖွင့်ကြည့်ကြရာမှာ ဘယ်သူကမှ မှန်ကန်အောင် မဖွင့်နိင်ခဲ့ကြပါဘူး စာရေးဆရာ အပါအ၀င် သူတို့ အားလုံးမေ့လျော့ သွားတာတစ်ခုကတော့ သူတို့ ရွေးချယ်ထားတဲ့ သော့တံဝေါဟာရအသီးသီး ကို ၀တ္ထုနိဂုံး တံခါးများက ပြန်လည်ရွေးချယ်စီစစ်ပြီး မဆီလျော် ဘူးလို့ ယူဆရင် တံခါးဖွင့်ပေးခွင့် ငြင်းဆန်နိုင်တယ် ဆိုတာပါပဲ။ ဒီလိုနဲ့ သတ်မှတ်အချိန်အတိုင်းအတာ တစ်ခုအတွင်း မှာ ဘယ်စာဖတ်သူကမှ စာရေးဆရာရဲ့ ၀တ္ထုနိဂုံး အသီးသီးကို ဖွင့်မဖတ်နိင်တဲ့ အတွက် ၇တနာသိုက် ဖြစ်တဲ့ နိဂုံးများဟာ ဆီလျော်ရာ သော့တံဝေါဟာရအသီးသီးကို စောင့်မျှော်နေသေးကြောင်း ကျွန်တော်က ၀င်ပြောလိုပါတယ်။ မိတ်ဆွေတို့ အားလုံးအနေနဲ့ နိဂုံးကို မဖတ်နိုင်တဲ့အတွက် ကျွန်တော့် မိတ်ဆွေ စာရေးဆရာအပါအ၀င် သင်တို့ အားလုံးနဲ့ အတူ ထပ်တူ ထပ်မျှ ၀မ်းနည်းကြေကွဲ ရပါကြောင်း။

သူရဂါမိက